အခန်း (၁၀၀-၁၀၂)
Vol. 7 Ch. 100-102
အခန်း(၁၀၀)
“ ဟွန့်… မင်းတို့ပြောမလား… ဒါမှမဟုတ် အကြောက်တရားက ဘယ်လိုမျိုးလဲ မင်းတို့ကို ငါသင်ပေးရမလား ”
သူ့အရှေ့မှ ကျင့်ကြံသူငါးယောက်က တုံ့ဆိုင်းနေကြောင်း စက်ကရာ မြင်သောအခါ အေးတိအေးစက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မထူးမခြားနား ပြောသည်။
“ ဒီဘုရင်ရဲ့ လက်အောက်မှာ မြွေထောင်သောင်းချီ ရှိတယ်… မင်းတို့ ငါ့စကားကို နားမထောင်ရင် မင်းတို့ကို မြွေအုပ်ထဲ ပစ်လွှတ်ပစ်မယ်… မြွေထောင်သောင်းချီရဲ့ အကိုက်ခံရတာ ဘယ်လိုမျိုးလဲ မင်းတို့ကို ခံစားစေမယ် ”
ယင်းကို ကြားသောအခါ သူတို့ငါးယောက်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
“ ဒီဘုရင်ဆီမှာ လင်းတထောင်ချီ ရှိတယ်… မင်းတို့ကို တောင်နံရံပေါ်မှာ ချိတ်ဆွဲထားပြီး နေ့စဉ်နေ့တိုင်း လင်းတတွေကို မင်းတို့ရဲ့ အသွေးအသားတွေကို အရှင်လတ်လတ် ထိုးဆိတ်စားသောက်စေမယ် ”
“ အရှင်… ရပါပြီ ”
ယင်းကို ကြားသောအခါ လူငယ်က ထိတ်လန့်ချောက်ချားသွားပြီး အမြန်ပြောသည်။ အကယ်၍ သူသာ သီရှိထျန်ပြောသည့်အတိုင်း ထိုအပြစ်ဒဏ်နှစ်ခုကို အမှန်တကယ် ခံစားရလျှင် သူက သေသည်ထက် ပိုပြီးဆိုးဝါးသော အတွေ့အကြုံကို ခံစားရလိမ့်မည်။ သို့သော်လည်း သူက အလွယ်တကူ သဘောတူရန် ဆန္ဒမရှိပေ။ သူက ပြတ်သားသော အကြည့်ဖြင့် ပြောသည်။
“ အရှင်… မင်းကို ငါပြောပြနိုင်ပါတယ်… ဒါပေမဲ့ ငါတို့သိထားတာအားလုံး မင်းကို ပြောပြီးသွားရင် ငါတို့ကို လွှတ်ပေးမယ်လို့ မင်းကတိပေးရမယ် ”
“ ဟွန့် ”
သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သူထုတ်လွှတ်ထားသော ဖိအားက ပိုပြီးပြင်းထန်လာသည်။ သူ၏ နဖူးပေါ်ဝယ် ခရမ်းရောင်ဘုရင်စာလုံးက ထွန်းလင်းတောက်ပလာပြီး တအိအိလှုပ်သွားသည်။ ဤသည်မှာ ယင်းက သူ၏ နဖူးပေါ်မှ အချိန်မရွေး ခုန်ထွက်လာတော့မည့်အလားပင်။ အကန့်အသတ်မဲ့သော ဖိအားက ဘုရင်စာလုံးထံမှ ပေါ်လျှိုးလာသည်။ သူ့အရှေ့မှ ကျင့်ကြံသူငါးယောက်ပေါ်သို့ ကျရောက်သွားသော ဖိအားက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျှသာ မဟုတ်ပေ။ ကြီးမားသော ခြိမ်းခြောက်မှုက သူတို့၏ စိတ်ဝိညာဉ်ပေါ်ကိုလည်း တိုက်ရိုက် သက်ရောက်သွားသည်။
ခရမ်းရောင်ဘုရင်စာလုံး၏ ခြိမ်းခြောက်မှုအောက်မှာ သူ့အရှေ့မှ ကျင့်ကြံသူငါးယောက်သည် သူတို့၏ မောက်မာထောင်လွှားမှုကို ဆုံးရှုံးသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ သို့တိုင် လူငယ်ကျင့်ကြံသူသည် အံတင်းတင်းကြိတ်၍ စကားပြောရန် ငြင်းဆန်နေဆဲပင်။
ယင်းက ထူးဆန်းသောအရာ မဟုတ်ပေ။ ယင်းက လူ့သဘာဝဖြစ်သည်။ အကယ်၍ သူ့မှာ အသက်အာမခံချက်မရှိလျှင် သူက သေချာပေါက် အသက်ဆုံးရှုံးသွားလိမ့်မည်။ သူက သေချာပေါက် အသက်သေဆုံးတော့မည်ဆိုမှတော့ မည်သို့ကြောင့် မသေခင် တစ်ဖက်လူကို အကျိုးအမြတ်ပေးရမည်နည်း။
ယင်းက သူတို့၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သော အရေးကြီးအခိုက်အတန့်ဖြစ်ကြောင်း ကျင့်ကြံသူငါးယောက်စလုံး သိကြသည်။ ထို့ကြောင့် သူတို့က အားအကုန်သုံး၍ တောင့်ခံထားကြသည်။
အဘယ့်ကြောင့်ဆိုသော် မိစ္ဆာသားရဲများဆီမှာ မြင့်မားသော အသိဉာဏ်ရှိလျှင်ပင် ၎င်းတို့က လိုက်လျောညီထွေနေရန် မည်သို့လုပ်ဆောင်သင့်ကြောင်း မသိကြပေ။ ထို့ကြောင့် မိစ္ဆာသားရဲများသည် ကတိပေးပြီးသည်နှင့် ကတိအတိုင်း လုပ်ဆောင်ကြလိမ့်မည်။ အရေအတွက်နည်းပါးသော မိစ္ဆာသားရဲများသာလျှင် သူတို့၏ စကားကို ပြန်ရုပ်သိမ်းကြလိမ့်မည်။ အကယ်၍ ယခုအချိန်မှာ သူတို့သာ သီရှီထျန်ထံမှ ကတိကို ရရှိမည်ဆိုလျှင် သူတို့က အသက်ချမ်းသာရာရသွားလိမ့်မည်။
ထိုသို့သေခြင်းရှင်ခြင်းအခြေအနေမှာ သူတို့၏ ခန္ဓာကိုယ်ထဲ၌ ပုန်းကွယ်နေသော စွမ်းအားက နိုးထလာသည်။ သူတို့က သီရှီထျန်၏ ဖိအားအောက်မှာ အံတင်းတင်းကြိတ်၍ အတင်းအကျပ် တောင့်ခံနေကြသည်။
“ ဟွန့် ”
ယင်းကို သီရှီထျန်မြင်သောအခါ အတိတ်ဘဝတွင် လူသားတစ်ယောက်ဖြစ်ခဲ့ဖူးသော သူ၏ အတွေ့အကြုံများအရ သူ့အရှေ့မှ လူငါးယောက်၏ အတွေးများကို မည်သို့ကြောင့် သူမသိဘဲနေမည်နည်း။
သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး တစ်ခဏကြာ တိတ်ဆိတ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ လေထုက အနည်းငယ် ပိုတင်းကျပ်လာသည့်အခါ သူက ပြောသည်။
“ ကောင်းပြီ… မင်းတို့ရဲ့ အဖြေက ငါ့ကို စိတ်ကျေနပ်စေမယ်ဆိုရင် မင်းတို့ကို ဒီကနေ လွှတ်ပေးမယ်လို့ ငါကတိပေးတယ် ”
“ ကောင်းပြီ… ငါပြောမယ် ”
ယင်းကို လူငယ်ကျင့်ကြံသူကြားသောအခါ သူ၏ ဂနာမငြိမ် ခုန်ပေါက်နေသော နှလုံးက နောက်ဆုံးမှာ ငြိမ်ကျသွားသည်။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူသိထားသမျှအားလုံးကို ပြောသည်။ မှန်ပေသည်။ ယင်းတို့က ဝိညာဉ်သံလိုက်အိမ်မြှောင်၊ လီမိသားစုနှင့် အပြင်မှာ ပျံ့နှံ့နေသော ကောလဟာလများ ဖြစ်ကြသည်။
သူတို့စကားကို နားထောင်ပြီးနောက် သီရှီထျန်က နှလုံးတင်းကျပ်မှုကို ခံစားမိသွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
‘ ဒီတော့… ကျားရဲတောင်တန်းဒေသထဲမှာ မမျှော်လင့်ဘဲ ငါရခဲ့တဲ့ သံလိုက်အိမ်မြှောင်က ဝိညာဉ်သံလိုက်အိမ်မြှောင်ပေါ့… အဲ့ဒါက မိုးမြေကြားက ဝိညာဉ်ရတနာတွေကို ရှာဖွေပေးနိုင်တယ်… တောင်ပိုင်းမြေရိုင်းဒေသထဲ ကျင့်ကြံသူတွေအများကြီး ရောက်လာတာ မထူးဆန်းတော့ပါဘူး… ပြီးတော့ အဲ့ဒီကောလဟာလတွေက လီမိသားစုဆီကနေ ပျံ့သွားတာဖြစ်မယ် ’
ယင်းတို့ကို နားထောင်ပြီးနောက် သီရှီထျန်သည် ရှုပ်ထွေးနေသော သတင်းအချက်အလက်များကို ပြန်ချိတ်ဆက်လိုက်သည်။ သူ၏ အသိပညာကြောင့် ယင်းတို့ထံမှ အရေးကြီးသော အချက်အလက်အများကြီးကို ရှာတွေ့သည်။ ထိုကောလဟာလများ၏ နောက်ကွယ်မှ လူက ဝိညာဉ်သံလိုက်အိမ်မြှောင်ကိုသာမက သူ့ကိုလည်း ပစ်မှတ်ထားနေကြောင်း သီရှီထျန် ခံစားမိသွားသည်။ ထို့ပြင် ဤတစ်ကြိမ်မှာ အရေအတွက်များပြားသော ကျင့်ကြံသူများက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အစုအဖွဲ့လိုက် ဝင်ရောက်လာကြသည်။ မကြာမီ တောင်ပိုင်းမြေရိုင်းဒေသက ဖရိုဖရဲဖြစ်လာတော့မည်မှာ သံသယရှိရန် မလိုပေ။
“ အရှင်… ငါသိထားတဲ့ အရာအားလုံးကို ပြောပြီးပါပြီ… အခု… ”
လူငယ်ကျင့်ကြံသူက သီရှီထျန်ကို မျှော်လင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ တခြားကျင့်ကြံသူလေးယောက်သည်လည်း ထို့အတူပင်။ ယင်း၏ ဆိုလိုရင်းက ထင်ရှားသည်။ သူတို့က သီရှီထျန်ကို သူ့စကားအတိုင်း ကတိတည်စေချင်သည်။
“ ဟွန့်… မင်းတို့တွေ ဒီကနေ အမြန်ထွက်သွားကြစမ်း ”
သီရှီထျန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အသံသည် မိုးခြိမ်းသံပမာ ဘေးပတ်ဝန်းကျင်သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ထိုအသံကို ကြားလိုက်သည်နှင့် သူတို့အပေါ် သက်ရောက်နေသော ဖိအားက ချက်ချင်း လွင့်ပြယ်သွားကြောင်း ကျင့်ကြံသူငါးယောက်က ခံစားမိသွားကြသည်။ သူတို့သည် နှစ်ခါစဉ်းစားမနေဘဲ အမြန်မတ်တတ်ရပ်၍ မြောက်ဘက်အရပ်သို့ အမြန်ဆုံးအလျင်ဖြင့် ထွက်ပြေးကြသည်။ သူတို့က ယုန်တစ်ကောင်ထက်ပင် ပိုလျင်မြန်ကြသည်။
သို့သော်လည်း အကယ်၍ သူတို့သာ အနောက်လှည့်၍ ကြည့်မည်ဆိုလျှင် သီရှီထျန်၏ မျက်လုံးထဲမှာ မထူးမခြားနား အရိပ်အယောင်နှင့် သရော်လှောင်ပြောင်သော အရိပ်အယောင်ရှိကြောင်း မြင်ရလိမ့်မည်။
ကျင့်ကြံသူငါးယောက်က သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြောင်း သီရှီထျန် မြင်ပြီးနောက် သူက ဘေးသို့ လှည့်လိုက်ပြီး ယင်းခုန်းနှင့် စုစုကို ကြည့်လိုက်သည်။
သူက လေးနက်စွာ ပြောသည်။
“ မင်းတို့နှစ်ယောက် အခုချက်ချင်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ပြန်သွားပြီး ချီဟောင်နဲ့ တခြားလူတွေကို ဒီအတောအတွင်း ချိုင့်ဝှမ်းအပြင်ကို မထွက်သွားကြဖို့ အကြောင်းကြားပါ… မကြာခင် ငါပြန်လာခဲ့မယ် ”
သီရှီထျန်သည် စကားဆုံးသည်နှင့် နေရာမှ ပျောက်ကွယ်သွားသည်။ သူက မီတာတစ်ရာ အကွာအဝေးမှာ ပြန်ပေါ်လာသည်။ ယခု သူသွားနေသော ဦးတည်ရာသည် အစောနက ကျင့်ကြံသူငါးယောက် ထွက်ပြေးသွားခဲ့သော မြောက်ပိုင်းအရပ် ဖြစ်သည်။
“ ဟူး… နောက်ဆုံးတော့ ငါတို့အသက်ရှင်ပြီ… စောစောက အရမ်းကြောက်စရာကောင်းတာပဲ… ကျားအရှိန်အဝါနဲ့တင် ငါအသက်ရှူကျပ်ပြီး သေလုနီးပါးဖြစ်ခဲ့တယ် ”
နှစ်မိုင်အကွာအဝေးထိ ပြေးပြီးနောက် ကျင့်ကြံသူငါးယောက်က ရပ်လိုက်ကြပြီး တစ်ခဏ အနားယူလိုက်ကြသည်။ သူတို့ထဲ၌ အဖိုးအိုက စိုးရိမ်ကြောက်လန့်စွာ ပြောသည်။ သူ၏ မျက်လုံးထဲမှာ ပျော်ရွှင်သော အရိပ်အယောင်ရှိသည်။ သူတို့က အသက်ကပ်ဘေးမှ လက်မလေးတင် လွတ်မြောက်လာခဲ့လေရာ စိတ်သက်သာရာရသွားကြပြီး ပျော်ရွှင်သွားကြသည်။
“ အင်း… ငါဆို သေးထွက်ကျလုနီးပါးပဲ… မိစ္ဆာသားရဲတွေက အရမ်းကြောက်စရာကောင်းတာပဲ ”
ဆွဲဆောင်မှုပြင်းသော အမျိုးသမီးက သူ၏ ဖွင့်ထွားသော ရင်ဘက်ကို ပုတ်လိုက်ပြီး ပြောသည်။ သူ၏ ချောမောလှပသော မျက်နှာက ယခု လူသေကောင်ပမာ ဖြူဖျော့နေသည်။
သို့သော် သူက ဆက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်စဉ် သူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။ ထိတ်လန့်ချောက်ချားမှုနှင့် အကူအညီမဲ့မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယင်းကို တခြားလူများ မြင်သွားသောအခါ သူတို့က ဇဝေဇဝါဖြစ်သွားကြပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိသွားကြသည်။
ကံမကောင်းစွာပင် သူတို့၏ တုံ့ပြန်မှုက အလွန်နှေးကွေးသည်။
သူတို့၏ ဘေးတွင် မဟူရာလခြမ်းကွေးဓားငါးလက်က တိတ်တဆိတ် ထွက်ပေါ်လာကြသည်။ ဓားအလင်းရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်နှင့် ဦးခေါင်းငါးခုက လေထဲသို့ တစ်ချိန်တည်း မြှောက်တတ်သွားကြသည်။ နီဆွေးသော သွေးသည် ပြတ်တောက်သွားသော သူတို့၏ လည်ပင်းထံမှ ရေပန်းသဖွယ် ပန်းထွက်လာသည်။ ရန်သူများကို သတ်ဖြတ်ပြီးနောက် မဟူရာလခြမ်းကွေးဓားငါးလက်က အနောက်သို့ ချက်ချင်း ပြန်ဆုတ်သွားကြသည်။
“ ဟွန့်… မင်းတို့ကို ငါ့မျက်စိအရှေ့ကနေ လွှတ်ပေးဖို့ပဲ ငါကတိပေးခဲ့တာ… မင်းတို့က ငါ့ရဲ့ လက်အောက်ငယ်သားတွေအပြင် ငါ့ကိုပါ ဖမ်းဆီးချင်တယ်… မင်းတို့ကို ငါမသတ်ရင် ငါ့ရင်ထဲက ဒေါသကို ဘယ်လိုဖြေဖျောက်နိုင်မှာလဲ ”
ထိုနေရာနှင့် မနီးမဝေးတွင် ကျားနက်တစ်ကောင်က ရပ်နေသည်။ သူက ဦးခေါင်းပြတ်အလောင်းငါးလောင်းကို မထူးမခြားနား ကြည့်နေသည်။
အစောနက သူသည် ထိုကျင့်ကြံသူငါးယောက်ကို အမှန်တကယ် လှည့်စားခဲ့သည်။ သူက သူတို့ကို လွှတ်ပေးမည်ဟုသာ ပြောခဲ့သည်။ လွှတ်ပေးပြီးနောက် သူတို့ကို မသတ်ဘူးဟု သူမပြောခဲ့ပေ။ ထိုအချိန်တုန်းက ကျင့်ကြံသူငါးယောက်သည် သီရှီထျန်၏ အရှိန်အဝါကြောင့် တုန်လှုပ်ချောက်ချားနေကြသည်။ ထို့ကြောင့် သူတို့က ဤသို့ဖြစ်လာနိုင်သည်ဟု မတွေးမိခဲ့ကြချေ။
သီရှီထျန်သည် သူတို့နောက်သို့ လိုက်မီသွားပြီးနောက် မိစ္ဆာမြူနှင်းဓားသွားများဖြင့် သူတို့ကို တိတ်တဆိတ် သုတ်သင်လိုက်သည်။
“ အမ် ”
သီရှီထျန်က သူတို့ထံမှ သိုလှောင်အိတ်များနှင့် တခြားပစ္စည်းများကို သိမ်းယူတော့မည့်အချိန် ရုတ်တရက် အံ့ဩသွားသည်။
သီရှီထျန်က မည်သို့ကြောင့် အံ့ဩသွားသနည်း။
အကြောင်းအရင်းမှာ သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက ရုတ်တရက် ပြောင်းလဲသွားကြောင်း သူခံစားမိသွားသောကြောင့်ပင်။
သူ၏ နဖူးပေါ်တွင် ခရမ်းရောင်မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းထားသော ဘုရင်စာလုံး ရှိသည်။ ယင်းက ခရမ်းရောင်မီးတောက်တစ်ခုနှင့် ဆင်တူသည်။ ဤအခိုက်အတန့်မှာ ခရမ်းရောင်ဘုရင်စာလုံးသည် ယခင်က တစ်ခါမှမဖြစ်စဖူး အပြင်းအထန် တုန်ယင်လာသည်။ ဤသည်မှာ ဘုရင်စာလုံးက သူ၏ နဖူးပေါ်မှ ခုန်ထွက်သွားတော့မည့်အလားပင်။
လျှို့ဝှက်ဆန်းကြယ်သော ခြိမ်းခြောက်မှုအရှိန်အဝါက သူ၏ ဘုရင်စာလုံးထံမှ အဆက်မပြတ် ထုတ်လွှတ်နေသည်။ ယင်းက ဝိညာဉ်လှုပ်ခတ်စေမည့် စွမ်းအားဖြစ်သည်။
အချင်းမီတာတစ်ရာကျယ်ဝန်းသော ဧရိယာသည် လျှို့ဝှက်ဆန်းကြယ်သော ခြိမ်းခြောက်မှုအရှိန်အဝါဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ ကောင်းကင်နှင့် မြေကြီးက ဖရိုဖရဲဖြစ်သွားသည်။ ထိုဧရိယာထဲတွင် မည်သည့်သက်ရှိဖြစ်ပါစေ သူတို့၏ ဝိညာဉ်က အပြင်းအထန် တုန်ယင်သွားသည်။ သူတို့က လုံးဝ မလှုပ်ရှားဝံ့ကြတော့ချေ။
ဤသည်မှာ နည်းနည်းလေး လှုပ်ရှားလိုက်လျှင်ပင် အန္တရာယ်ကပ်ဘေးက သူတို့ထံသို့ ကျရောက်လာတော့မည့်အလားပင်။ ဘေးပတ်ဝန်းကျင်သည် သုသာန်တစပြင်ပမာ တိတ်ဆိတ်ခြောက်ကပ်သွားသည်။
“ ရွှီး ”
ထိုအခိုက်အတန့်မှာ ခရမ်းရောင်ဘုရင်စာလုံးက မီးတောက်တစ်ခုနှယ် အကြိမ်ရေအနည်းငယ် လှုပ်သွားပြီး ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
ခရမ်းရောင်အလင်းသည် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါနှင့်အတူ အချင်းမီတာတစ်ရာကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ခရမ်းရောင်အလင်းက အစောနက သေဆုံးသွားခဲ့သော ကျင့်ကြံသူငါးယောက်၏ အလောင်းများကို ဖုံးလွှမ်းသွားသည်။
“ အဲ့ဒါက… ”
သီရှီထျန်သည် သူ့အရှေ့မှ အပြောင်းအလဲကို အံ့ဩစွာ ကြည့်လိုက်သည်။ ခရမ်းရောင်အလင်း၏ ဖုံးလွှမ်းမှုအောက်မှာ ဝေဝါးသော ပုံရိပ်ငါးခုသည် အလောင်းများထဲမှ ထွက်ပေါ်လာကြသည်။ ထိုပုံရိပ်ငါးခုသည် သူတို့မသေဆုံးခင်ကနှင့် တစ်ပုံစံတည်း တူညီကြသည်။
သို့သော်လည်း လူသေများကို ပြန်အသက်မသွင်းနိုင်ကြောင်း သီရှီထျန် သိသည်။ အထူးသဖြင့် ထိုလူများကို သူကိုယ်တိုင် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုပုံရိပ်များက သက်ရှိများမဟုတ်ပေ။ သူတို့က သက်ရှိများမဟုတ်လေရာ မည်သည့်အရာဖြစ်ကြောင်း ထင်ရှားပေသည်။
ဝိညာဉ်… ။
သူတို့က သေဆုံးသွားကြသော ကျင့်ကြံသူငါးယောက်၏ ဝိညာဉ်များ ဖြစ်ကြသည်။
ခရမ်းရောင်အလင်းအောက်မှာ ဝိညာဉ်ငါးကောင်က ကြောက်လန့်တုန်ယင်သွားကြသည်။ သူတို့က အဆက်မပြတ် ရုန်းကန်ကြသည်။ သူတို့က စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး ခရမ်းရောင်အလင်းအောက်မှ လွတ်မြောက်ရန် ထွက်ပြေးကြသည်။
“ မိစ္ဆာကျား… မင်းကတိမတည်ဘူး… မင်း ငါတို့ကို လွှတ်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ မင်းရဲ့ စကားကို ပြန်ရုပ်သိမ်းသွားတယ်… မင်း အသေဆိုးနဲ့ သေရမယ် ”
“ ဒီခရမ်းရောင်အလင်းက ဘာကြီးလဲ… ငါတို့ကို အမြန်လွှတ်ပေးစမ်း ”
ဝိညာဉ်ငါးကောင်သည် အဆက်မပြတ် အော်ဟစ်နေကြသည်။ သီရှီထျန်က သူတို့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက သူ့အရှေ့မှ အံ့ဖွယ်အဖြစ်အပျက်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးသည် တခြားကျားများနှင့် ကွဲပြားခြားနားသည်။ ယင်းကို အစောကြီးကတည်းက သူသိထားသည်။ သို့သော် သူ၏ ဘုရင်စာလုံးထဲမှာ ထိုသို့စွမ်းရည်တစ်ခု ရှိနေမည်ဟု သူမမျှော်လင့်ထားပေ။
အခန်း(၁၀၁)
“ အား ”
ခရမ်းရောင်ဘုရင်စာလုံးမှ ပျံသန်းထွက်လာသော ခရမ်းရောင်အလင်းသည် ဝိညာဉ်ငါးကောင်၏ ဦးခေါင်းပေါ်တွင် သေးငယ်သော ခရမ်းရောင်ချည်မျှင်များအဖြစ် ပြောင်းလဲသွားကြသည်။ ချည်မျှင်များသည် ဝိညာဉ်ငါးကောင်ကို ရစ်ပတ်ချည်နှောင်လိုက်ကြသည်။
ဝိညာဉ်ငါးကောင်က မည်သို့ရုန်းကန်ပါစေ ခရမ်းရောင်ချည်မျှင်များ၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ကြပေ။ ထို့ပြင် ခရမ်းရောင်ချည်မျှင်များက ဆွဲယူခံလိုက်ရသည်။ ထို့ကြောင့် ဝိညာဉ်ငါးကောင်သည် ခရမ်းရောင်ဘုရင်စာလုံးနားသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။
ဘုရင်စာလုံးထံမှ ထုတ်လွှတ်လိုက်သော ခရမ်းရောင်အလင်းက မည်သည့်အရာဖြစ်ကြောင်း မည်သူမှ မသိပေ။ သို့သော် ဝိညာဉ်ငါးကောင်သည် ထိုခရမ်းရောင်အလင်းကို လုံးဝ မခုခံနိုင်ကြပေ။ ဘုရင်စာလုံးနားသို့ နီးကပ်သွားသည့်အခါ ထူးဆန်းသော အပြောင်းအလဲများက သူတို့အပေါ်မှာ ဖြစ်ပေါ်လာသည်။
သူတို့က အံ့ဖွယ်ကိစ္စကို မြင်သွားကြသည်။
သူတို့၏ ခန္ဓာကိုယ်အရွယ်အစားနှင့် တစ်ထပ်တည်း တူညီသော ဝိညာဉ်ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်စွာ စတင်ကျုံ့သွားသည်။ ဘုရင်စာလုံးနားသို့ ပိုပြီးနီးကပ်သွားလေ ခန္ဓာကိုယ်ကျုံ့မှုက ပိုပြီးမြန်ဆန်လာလေ ဖြစ်သည်။ မကြာမီ ဘုရင်စာလုံးအရှေ့သို့ သူတို့ရောက်ရှိသွားသည့်အခါ သူတို့က လက်မအရွယ်အစားအထိ ကျုံ့သွားကြသည်။
ခရမ်းရောင်ဘုရင်စာလုံးသည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာပြီး သူ့အရှေ့မှ ဝိညာဉ်ငါးကောင်ကို ချက်ချင်း ဝါးမျိုလိုက်သည်။
နောက်အခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော ခရမ်းရောင်အလင်းက ဘုရင်စာလုံးထဲသို့ ချက်ချင်း ပြန်ဝင်ရောက်သွားသည်။ ထို့နောက် အရာအားလုံးက မူလအခြေအနေဆီသို့ ပြန်ရောက်သွားသည်။ ဤသည်မှာ အစောနက မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။
“ အဲ့ဒါက… ”
သီရှီထျန်၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ ယခု သူ၏ သူနဖူးပေါ်မှ ဘုရင်စာလုံးက မူလအခြေအနေဆီသို့ ပြန်ရောက်သွားသည်။ သို့သော်လည်း ယခင်နှင့် မတူညီသည်မှာ သူ၏ ဘုရင်စာလုံးထဲမှာ တစ်စုံတစ်ခု အပိုရှိလာကြောင်း ရှင်းလင်းစွာ သူခံစားမိသွားသည်။
ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက သူ၏ ဘုရင်စာလုံးထဲမှာ ရွေ့လျားစီးဆင်းနေသည်။
သူ၏ မျက်လုံးထဲမှာ လေးနက်သောအကြည့် ထွက်ပေါ်လာသည်။ အတိတ်ဘဝတွင် သူကြားခဲ့ဖူးသော ရှေးခေတ်စကားစုတစ်ခုက သူ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ကျားကို အဖော်ပြုခြင်း ”
ထိုစကားစုကို သူကြားခဲ့စဉ်က ယင်း၏ အဓိပ္ပာယ်ကို သေချာနားမလည်ခဲ့ပေ။ ထို့ကြောင့် သူက ယင်း၏ အဓိပ္ပာယ်ကို ရှေးခေတ်စာအုပ်များထဲမှာ လိုက်လံရှာဖွေခဲ့သည်။
ထို့ကြောင့် ထိုစကားစု၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ သူမှတ်မိနေခြင်းပင်။
ဒဏ္ဍာရီများထဲမှာ ဖော်ပြထားသည်မှာ “ ကျားကို အဖော်ပြုခြင်း ”ဟူသော စကားစုထဲမှ “ ချီ ”ဟူသော စကားလုံးသည် ချီတစ္ဆေကို ရည်ညွှန်းသည်။ ရှေးခေတ်တွင် ကျားများ၏ သတ်စားခံလိုက်ရသော လူများသည် သေဆုံးသွားပြီးနောက် ချီတစ္ဆေများ ဖြစ်လာကြလိမ့်မည်။ ချီတစ္ဆေများသည် ကျား၏ ကျေးကျွန်များ ဖြစ်ကြသည်။ “ ကျားကို အဖော်ပြုခြင်း ”သည် ချီတစ္ဆေများ၏ အမှုထမ်းခြင်းကို ရည်ညွှန်းသည်။
“ တိုက်ပင်းကွမ်ကျီ ”၏ အခန်းလေးရာ့သုံးဆယ်တွင် ဤသို့ မှတ်တမ်းတစ်ခု ရှိသည်။
“ ကျားအစားခံရလိုက်ရတဲ့ လူတွေက ကျားရဲ့ ကျေးကျွန်တွေ ဖြစ်လာကြတယ် ”
ယင်းက ချီတစ္ဆေကို ရည်ညွှန်းသည်။
စုန့်စွန်းကွမ်ရှင်း ရေးသားခဲ့သော “ စူးယန်ဝမ်ရဲ့ မြောက်ပိုင်းအိမ်မက် ”၏ အခန်းလေးတွင် ကျားနှင့်ပတ်သက်သော မှတ်တမ်းတစ်ခုရှိသည်။
“ ကျားအစားခံလိုက်ရတဲ့ လူတွေနဲ့ ရေနစ်သေဆုံးသွားကြတဲ့ လူတွေက ချီတစ္ဆေတွေ ဖြစ်လာကြတယ်… သူတို့က နောင်ဘဝဆီ မကူးနိုင်ကြဘူး ”
ချီတစ္ဆေများသည် ကျား၏ အခိုင်းအစေများ ဖြစ်ကြသည်။ ကျားများသည် ချီတစ္ဆေများကို သူတို့၏ အရှေ့မှ လျှောက်စေပြီး ပုန်းကွယ်နေသော ထောင်ချောက်များကို ရှာဖွေကြသည်။ တစ်စုံတစ်ယောက်သည် ကျားတစ်ကောင်နှင့် တွေ့ဆုံသည့်အခါ အလိုအလျောက် ရပ်တန့်သွားလိမ့်မည်။ သူက လုံးဝ လှုပ်ရှားနိုင်တော့မည် မဟုတ်ချေ။ ယင်းက ချီတစ္ဆေ၏ လုပ်ဆောင်မှု ဖြစ်သည်။
အတိုချုပ်ဆိုရသော် ချီတစ္ဆေသည် ကျား၏ သတ်ဖြတ်ခံရပြီးနောက် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ကြသော ဝိညာဉ်များကို ဆိုလိုသည်။ သူတို့က ကျား၏ ဘေးတွင် အမြဲတမ်း ရှိနေပြီး ကျား၏ ထိန်းချုပ်မှုကို ခံကြရလိမ့်မည်။
အတိတ်တွင် သီရှီထျန်သည် ယင်းက ရှေးဟောင်းဒဏ္ဍာရီတစ်ပုဒ်မျှသာ ဖြစ်သည်ဟု တွေးထင်ခဲ့သည်။ ယင်းက အစစ်အမှန် မဟုတ်ပေ။ သို့သော်လည်း ယခု သူ၏ နဖူးပေါ်မှ ဘုရင်စာလုံး၏ ရုတ်တရက် အပြောင်းအလဲကို သူမြင်တွေ့သွားသောအခါ ထိုဖြစ်နိုင်ခြေကို စဉ်းစားမိသွားသည်။
“ မဟုတ်မှ အဲ့ဒါက နိုးထလာတဲ့ ငါ့ရဲ့ မွေးရာပါသဘာဝစွမ်းရည်လား ”
မွေးရာပါသဘာဝစွမ်းရည်ရှိသော ဝိညာဉ်သားရဲများကို သူမနာလိုမဖြစ်ကြောင်း ပြောလျှင် လိမ်ညာရာကျလိမ့်မည်။ စက်ကရာသည် သူ့ကိုယ်ပိုင် မွေးရာပါသဘာဝစွမ်းရည်ကို နိုးထနိုင်ရန် မျှော်လင့်နေသည်။
ချီဟောင်ဆီမှာ မွေးရာပါသဘာဝစွမ်းရည်ရှိကြောင်း သူမြင်တွေ့ခဲ့သည်။ သူက မီးတောက်များကို နှာခေါင်းမှတဆင့် မှုတ်ထုတ်နိုင်သည်။ ထိုစွမ်းရည်က အလွန်သန်မာသည်။ ထို့ကြောင့်ပင် ချီဟောင်သည် မိစ္ဆာသားရဲမဖြစ်သေးသော်လည်း မသေမျိုးကျင့်ကြံသူများနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။ သူ့ထက် အားနည်းသော ရန်သူများသည် သူ၏ မီးတောက်အောက်မှာ ပြာဖြစ်သွားလိမ့်မည်။
ယင်းက သူ့ဘဝတစ်လျှောက်လုံး သူ့ကို လိုက်လံအဖော်ပြုပေးနေမည့် စွမ်းရည်ဖြစ်သည်။ သူပိုပြီးသန်မာလာသည်နှင့်အမျှ မွေးရာပါသဘာဝစွမ်းရည်က ပိုပြီးအစွမ်းထက်လာလိမ့်မည်။ ထို့ကြောင့် မွေးရာပါသဘာဝစွမ်းရည်မှာ ကြီးမားသော အလားအလာ ရှိသည်။
သို့သော်လည်း သူသည် မနာလိုဖြစ်ရုံမှတပါး တခြားဘာမှမတတ်နိုင်ပေ။ မွေးရာပါသဘာဝစွမ်းရည် နိုးထခြင်း မနိုးထခြင်းသည် ယေဘုယျအားဖြင့် သူတို့အပေါ်မှာ မမူတည်ပေ။ ယင်းက ကံတရားပေါ်မှာ အဓိကမူတည်သည်။ တစ်ခါတစ်ရံမှာ မွေးရာပါသဘာဝစွမ်းရည်က သူ့အလိုအလျောက် နိုးထလာလိမ့်မည်။ မွေးရာပါသဘာဝစွမ်းရည် နိုးထသော လုပ်ငန်းစဉ်ကို မည်သူမှ သေချာမသိကြပေ။ ထိုအကြောင်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေအမျိုးမျိုး ရှိသည်။
မိစ္ဆာသားရဲအဖြစ် သူအဆင့်ချိုးဖြတ်သွားစဉ်မှာ သီရှီထျန်သည် သူ့ကိုယ်သူ ဂရုတစိုက် သေချာစစ်ဆေးကြည့်ခဲ့သည်။ သူ့ဆီမှာ မည်သည့်မွေးရာပါသဘာဝရစွမ်းရည်မှ မနိုးထလာကြောင်း သူရှာတွေ့သွားသည်။ သို့သော် ယခု ကြည့်ရသည်မှာ သူ၏ မွေးရာပါသဘာဝစွမ်းရည်က သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံး ဖြစ်နေသည်။
သူ၏ ခရမ်းရောင်ဘုရင်စာလုံးသည် သေဆုံးသွားသော အလောင်းများထံမှ ဝိညာဉ်ကို ဝါးမျိုနိုင်သော ထူးခြားစွမ်းရည်အား ပိုင်ဆိုင်ထားသည်။ ထိုစွမ်းရည်ကြောင့် သူက “ ကျားကို အဖော်ပြုခြင်း ”ဟူသော ရှေးခေတ်စကားစုကို စဉ်းစားမိသွားသည်။
တစ်ခဏတွေးတောပြီးနောက် သီရှီထျန်သည် မွေးရာပါသဘာဝစွမ်းရည်ကို အမှန်တကယ် သူနိုးထနိုင်ခဲ့ခြင်းဟုတ်မဟုတ် သိချင်လာသည်။ သူက မသေမျိုးကျင့်ကြံသူငါးယောက်ထံမှ သိုလှောင်အိတ်များကိုပင် ဂရုမစိုက်တော့ပေ။ သူက နေရာမှာ ရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူက မိစ္ဆာအာရုံကို သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးဆီသို့ စေလွှတ်လိုက်သည်။
“ ဟမ်… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
စက်ကရာသည် သူ၏ မိစ္ဆာအာရုံဖြင့် စူးစမ်းလိုက်သည့်အခါ ရုတ်တရက် နှလုံးတုန်သွားသည်။ သူက အံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် ထူးဆန်းသော တစ်စုံတစ်ခုကို သူရှာတွေ့သွားသည်။ ဤခန္ဓာကိုယ်သည် သူ့အပိုင်ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို သူ၏ မိစ္ဆာအာရုံဖြင့် အလွယ်တကူ စူးစမ်းလေ့လာနိုင်သည်။ သို့သော်လည်း သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးကို သူစူးစမ်းလိုက်သည့်အခါ မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ခုကို သူရှာတွေ့သွားသည်။
သူ၏ ခရမ်းရောင်ဘုရင်စာလုံးထဲမှာ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်မျိုး အမှန်တကယ် ရှိသည်။ သူ၏ ဘုရင်စာလုံးထဲမှာ ထူးဆန်းသော နယ်မြေလွတ်တစ်ခု ရှိသည်။ နယ်မြေလွတ်သည် အတော်အသင့် ကျယ်ပြောသည်။ နယ်မြေလွတ်ထဲတွင် ခရမ်းရောင်အရည်ဖြင့် ပြည့်လျှံနေသည်။ ခရမ်းရောင်အရည်က နယ်မြေလွတ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထို့ကြောင့် ယင်းကို ရေကန်ဟု ခေါ်လျှင် ပိုပြီးသင့်တော်လိမ့်မည်။
ခရမ်းရောင်ရေကန်ထဲတွင် အစောနက ဝါးမျိုခံလိုက်ရသော မသေမျိုးကျင့်ကြံသူငါးယောက်၏ ဝိညာဉ်များကို သူမြင်တွေ့သွားသည်။
ဝိညာဉ်ငါးကောင်သည် ရေကန်ထဲမှာ အဆက်မပြတ် ရုန်းကန်နေကြပြီး ရေကန်အပြင်သို့ ထွက်ရန် ကြိုးစားနေကြသည်။
သို့သော်လည်း မည်မျှ သူတို့ကြိုးစားနေပါစေ ရေကန်အပြင်သို့ သူတို့မထွက်နိုင်ကြချေ။
ခရမ်းရောင်ရေကန်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုး ကိန်းအောင်းနေဟန် ရသည်။ ယင်းက မသေမျိုးကျင့်ကြံသူငါးယောက်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်သွားနေသည်။ ထိုစွမ်းအားက ခရမ်းရောင်ရေကန်ထဲမှ ဝိညာဉ်ငါးကောင်ကို အမြစ်ဖြတ်သုတ်သင်ပစ်ချင်နေဟန် ရ၏။ ယင်းက အလွန်ထူးဆန်းသည်။
သို့သော် နောက်ထပ် ထူးခြားချက်တစ်ခု ရှိသေးသည်။ သူသည် ဝိညာဉ်များကို စုပ်ယူရန် သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်အမှတ်အသားကို အသုံးပြုနိုင်သည်။ သို့သော် ထိုမျှသာဖြစ်၏။ သူ့ဆီမှာ အံ့ဖွယ်ကောင်းသော နောက်ထပ် မည်သည့်စွမ်းရည်မှ မရှိပေ။
“ ထူးဆန်းတယ်… ခရမ်းရောင်ဘုရင်စာလုံးရဲ့ အစွမ်းက ဒီလောက်ပဲ မဖြစ်နိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း ငါခံစားမိတယ်… သူ့မှာ ကြီးမားတဲ့ အလားအလာနဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းရည်တွေ ထပ်ရှိသေးတယ်… ဒါပေမဲ့ အဲ့ဒါကို ငါအာရုံပဲ ခံနိုင်တယ်… ဘယ်လိုအသုံးပြုရမလဲဆိုတာ ငါမသိဘူး ”
သီရှီထျန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူနိုးထခဲ့သော မွေးရာပါသဘာဝစွမ်းရည်က မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း ယင်းက ကျင့်ကြံသူများ၏ ဝိညာဉ်ကိုပင် စုပ်ယူဝါးမျိုနိုင်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုမွေးရာပါသဘာဝစွမ်းရည်က မည်သို့မှ သာမန်မဖြစ်နိုင်ပေ။
သို့သော်လည်း မွေးရာပါသဘာဝစွမ်းရည်ကို ဂရုတစိုက် စစ်ဆေးလေ့လာရန် လောလောဆယ် သူအချိန်မပေးနိုင်သေးပေ။ ထို့ကြောင့် ခရမ်းဘုရင်စာလုံးကို ယာယီစစ်ဆေးကြည့်ပြီးနောက် သူ၏ မိစ္ဆာအာရုံကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက မှိတ်ထားသော မျက်လုံးကို အမြန်ပြန်ဖွင့်လိုက်သည်။
သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ကျောက်၍ အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။ သူက မသေမျိုးကျင့်ကြံသူငါးယောက်၏ အလောင်းများအနားသို့ မြန်ဆန်စွာ ဆင်းသက်သွားသည်။ သူ၏ အကြည့်က သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်များပေါ်သို့ ကျရောက်သွားသည်။ သူက သိုလှောင်အိတ်များကို ဆွဲဖြုတ်လိုက်ပြီး ယင်းတို့ကို သူ့ကိုယ်ပိုင်သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက အလောင်းများ၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးရှာဖွေလိုက်သည်။ နောက်ဆုံးမှာ အေးစက်စက်အကြည့်က စက်ကရာ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက အလောင်းငါးလောင်းကို ကြည့်နေရင်း သူ့ဘာသာ တွေးတောလိုက်သည်။
“ မသေမျိုးကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်က သာမန်တိရိစ္ဆာန်တွေထက် စွမ်းအင်အနှစ်သာရ ပိုများပြားတယ်… ဒီဟာတွေကို အလဟဿမဖြစ်စေရဘူး ”
အတိတ်မှာ သူသည် လူသားစားခဲ့ဖူးသည်။ ထို့ကြောင့် လူသားထပ်စားရန် သူ့အတွက် ဝန်မလေးတော့ပေ။ မည်သို့ဖြစ်ပါစေ သူတို့က အသက်ဆုံးရှုံးပြီးသော အလောင်းများ ဖြစ်ကြသည်။ ရှုထောင့်တစ်ခုမှကြည့်လျှင် သူတို့က အသက်ဝိညာဉ်မရှိသော ရုပ်အခွံလွတ်များသာ ဖြစ်ကြသည်။ သူတို့ကို သူမစားလျှင်ပင် ငှက်များနှင့် သားရဲတိရိစ္ဆာန်များက သူတို့ကို စားသောက်ကြလိမ့်မည်။ ယခုအချိန်က သူ၏ ခွန်အားကို အမြန်ဆုံး တိုးမြှင့်ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေရမည့်အချိန် ဖြစ်သည်။
ထို့ကြောင့် သူ၏ ခွန်အားကို တိုးမြှင့်ပေးနိုင်မည့် ဤသို့အခွင့်အရေးကောင်းကို သူလက်လွှတ်မခံနိုင်ပေ။
ယင်းကို စဉ်းစားလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က ချက်ချင်း တုန်ယင်သွားသည်။ မိစ္ဆာအရှိန်အဝါက သူ၏ မွေးညင်းပေါက်အားလုံးထံမှ အမြန်ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ သူ၏ ကျားခန္ဓာကိုယ်က အဆမတန် ကြီးမားသွားသည်။
ပေနှစ်ဆယ်…
ပေသုံးဆယ်…
ပေလေးဆယ်…
ပေငါးဆယ်…
သီရှီထျန်၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မြန်ဆန်စွာ ကြီးထွားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ပေငါးဆယ်မြင့်မားသော ဧရာမကျားတစ်ကောင် ဖြစ်လာသည်။ ကြီးကျယ်မြင့်မြတ်သော သားရဲအရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်မှ လေထုက ချက်ချင်း တင်းကျပ်သွားသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ ဟူး ”
သူက ကျားပါးစပ်ကို ဟလိုက်သည်။ ထိုအခိုက်အတန့်မှာ သူ၏ ကျားပါးစပ်က ဧရာမတွင်းနက်တစ်ခုပမာ ဖြစ်လာသည်။ သူ့အရှေ့မှ လေကို စုပ်သွင်းလိုက်လေရာ ကြမ်းတမ်းသော လေပြင်းမုန်တိုင်းက သူ့အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။
လေပြင်းမုန်တိုင်း၏ တိုက်ခတ်မှုကြောင့် အလောင်းငါးလောင်းက လေထဲသို့ တစ်ပြိုင်နက် မြှောက်တတ်သွားကြသည်။ ထို့နောက် ယင်းတို့က သီရှီထျန်၏ လေစုပ်သွင်းမှုကြောင့် သူ၏ ပါးစပ်ထဲသို့ တစ်လောင်းပြီးတစ်လောင်း ဝင်သွားကြသည်။
အခန်း(၁၀၂)
“ ဝှီး ”
သီရှီထျန်က မသေမျိုးကျင့်ကြံသူငါးယောက်၏ အလောင်းများကို သူ၏ ဝမ်းဗိုက်ထဲသို့ ဝါးမျိုလိုက်သည်နှင့်ချက်ချင်း သူ၏ မိစ္ဆာစံအိမ်ထဲမှာ တိတ်တဆိတ် လှည့်ပတ်နေသော မိစ္ဆာသန့်စင်ခြင်းမီးဖိုက ရုတ်တရက် ပြင်းထန်စွာ တုန်ယင်လာသည်။ ကျောက်စိမ်းဆေးမီးဖိုသည် အဖြူရောင်ကျောက်စိမ်းအလင်းကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော ဆွဲငင်အားက ဆေးမီးဖိုထံမှ ထွက်ပေါ်လာသည်။
ထိုဆွဲငင်အားသည် မိစ္ဆာစံအိမ်ထဲမှ ချက်ချင်း ထွက်သွားပြီး စက်ကရာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ယင်းက အစောနက စက်ကရာ ဝါးမျိုလိုက်သော အလောင်းငါးလောင်းကို ရစ်ပတ်လိုက်ပြီး အလောင်းများကို မိစ္ဆာစံအိမ်ထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားသည်။ ဆွဲငင်အား၏ ခေါ်ဆောင်မှုကြောင့် အလောင်းများက မိစ္ဆာစံအိမ်ထဲသို့ အလွယ်တကူ ဝင်ရောက်သွားကြသည်။ ထိုအခိုက်အတန့်မှာ မိစ္ဆာသန့်စင်ခြင်းမီးဖိုက ပိုပြီးသက်ဝင်လှုပ်ရှားလာသည်။ ဤသည်မှာ ယင်းက အလွန်စိတ်လှုပ်ရှားနေသည့်အလားပင်။ ဆေးမီးဖိုမှ ထုတ်လွှတ်နေသော အဖြူရောင်ကျောက်စိမ်းအလင်းက အဖြူရောင်ကြိုးများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာစံအိမ်ထဲမှာ ရွေ့လျားကခုန်နေကြသည်။
“ ခရက် ”
အသံတချို့ ထွက်ပေါ်လာသည်။
အလောင်းငါးလောင်းသည် အဖြူရောင်ကြိုးများဖြင့် ရစ်ပတ်ခံလိုက်ရပြီး မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ တိုက်ရိုက် ဆွဲခေါ်ခံသွားရသည်။
ထူးဆန်းစွာပင် အလောင်းငါးလောင်းသည် မိစ္ဆာသန့်စင်ခြင်းမီးဖိုနားသို့ ရောက်သွားသည်နှင့်ချက်ချင်း မြန်ဆန်စွာ စတင်ကျုံ့သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က လက်မအရွယ်အစားအထိ ကျုံ့သွားကြသည်။ ထို့နောက် မိစ္ဆာသန့်စင်ခြင်းမီးဖိုက သူတို့အားလုံးကို ချက်ချင်း ဝါးမျိုလိုက်သည်။
“ ဒန် ”
မိစ္ဆာစံအိမ်ထဲတွင် ထွန်းလင်းတောက်ပသော ဆေးမီးဖိုအဖုံးက မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး ဆေးမီးဖိုပေါ်သို့ ပြုတ်ကျသွားသည်။ နောက်အခိုက်အတန့်မှာ ဆေးမီးဖိုက ထွန်းလင်းတောက်ပလာသည်။
ဆေးမီးဖို၏ လှည့်ပတ်မှုအလျင်သည်လည်း ရုတ်တရက် ပိုမြန်ဆန်သွားသည်။ ယင်းက တစ်ပတ်ပြီးတစ်ပတ် မြန်ဆန်စွာ လှည့်ပတ်သွားသည်။ ဆေးမီးဖိုက အမြန်လှည့်ပတ်နေစဉ် ထွန်းလင်းတောက်ပသော အဖြူရောင်ကျောက်စိမ်းအလင်းက မိစ္ဆာစံအိမ်ထဲမှာ ပျံ့နှံ့သွားသည်။ ဤသည်မှာ နဂါးငွေ့တန်းတစ်ခုက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ ဘေးပတ်ဝန်းကျင်မှာ စီးဆင်းနေသည့်အလားပင်။ ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။
“ ဒီတော့… မိစ္ဆာသန့်စင်ခြင်းမီးဖိုမှာ ဒီလိုစွမ်းရည်လည်း ရှိတယ်ပေါ့… အဲ့ဒါက မိုးမြေကြားက ဝိညာဉ်စွမ်းအားနဲ့ နေနဲ့လရဲ့ အနှစ်သာရကို သန့်စင်ပေးနိုင်ရုံတင်မဟုတ်ဘဲ သက်ရှိခန္ဓာကိုယ်ထဲက စွမ်းအင်အနှစ်သာရကိုလည်း မိစ္ဆာချီအဖြစ် သန့်စင်ပေးနိုင်တယ်… တကယ်အံ့ဩစရာပဲ… ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်လို့ တကယ်ပဲ ခေါ်ထိုက်ပါပေတယ်… ရှေးခေတ်ကာလတုန်းက မိစ္ဆာမျိုးနွယ်စုရဲ့ အထွတ်အထိပ်အခြေအနေမှာတောင် ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်တဲ့ မိစ္ဆာသားရဲတွေက အနည်းစုပဲရှိတာ မထူးဆန်းတော့ပါဘူး ”
သီရှီထျန်သည် သူ၏ မိစ္ဆာအာရုံကို မိစ္ဆာစံအိမ်ထဲသို့ စေလွှတ်၍ ဖြစ်စဉ်အားလုံးကို အသေးစိတ် ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုက မသေမျိုးကျင့်ကြံသူများ၏ အလောင်းများကို ဝါးမျိုလိုက်ကြောင်း သီရှီထျန် မြင်သွားသောအခါ သူက မအံ့ဩသွားပေ။ ယင်းအစား သူက ဝမ်းသာပျော်ရွှင်သွားသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုက အလောင်းများကို အဆက်မပြတ် သန့်စင်ပေးနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။ ကျောက်စိမ်းဆေးမီးဖိုသည် အလောင်းများ၏ အသွေးအသားများနှင့် အရိုးများကို သန့်စင်သော စွမ်းအင်အနှစ်သာရအဖြစ် သန့်စင်ချင်သည်။
အကယ်၍ သီရှီထျန်က ပုံမှန်နည်းလမ်းကို အသုံးပြု၍ ထိုအလောင်းများအား သန့်စင်မည်ဆိုလျှင် သူက အလောင်းများထံမှ စွမ်းအင်အနှစ်သာရကို ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သာ စုပ်ယူနိုင်လိမ့်မည်။
သို့သော်လည်း မိစ္ဆာသန့်စင်ခြင်းမီးဖိုက အလောင်းများထဲမှ စွမ်းအင်အားလုံးကို သန့်စင်ပေးနေသည်။ ယင်းက တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံစွာ သန့်စင်ပေးခြင်း ဖြစ်သည်။ ထို့ပြင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက သန့်စင်လိုက်သော စွမ်းအင်အနှစ်သာရက ပိုပြီးသန့်စင်သည်။
ထိုရှာဖွေတွေ့ရှိမှုက သူ၏ အနာဂတ် ကျင့်ကြံခြင်းကို အချိန်အများကြီး သက်သာစေလိမ့်မည်။
အချိန်တစ်ခဏကြာ စစ်ဆေးလေ့လာပြီးနောက် သူက မိစ္ဆာအာရုံကို ပြန်ရုပ်လိုက်သည်။ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် သူ့ဘာသာ အလုပ်လုပ်နိုင်သည်။
သီရှီထျန်သည် မျက်လုံးပြန်ဖွင့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူ၏ ဧရာမကျားခန္ဓာကိုယ်က သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန်ကျုံ့သွားသည်။
အစောနက ဤနေရာမှာ ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုက အတော်လေး ကြီးမားသည်။ ထို့ကြောင့် သီရှီထျန်သည် ဤနေရာမှာ အချိန်ကြာကြာ မနေဝံ့ချေ။ သူက အနောက်လှည့်လိုက်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်သွားသည်။ ဤတစ်ကြိမ်တွင် သူက သတင်းအချက်အလက်တချို့ ရရှိသွားသည်။ ချိုင့်ဝှမ်းဆီသို့ သူပြန်သွားပြီး ယင်းကို သေချာဂရုတစိုက် သုံးသပ်ရမည်။
အမှန်တကယ်ပင် ဤတစ်ကြိမ် ရိတ်သိမ်းမှုက အတော်လေး ကြီးမားသည်။ ပထမဆုံးအကျိုးအမြတ်မှာ ဝိညာဉ်သံလိုက်အိမ်မြှောင်၏ အသုံးဝင်ပုံကို မသေမျိုးကျင့်ကြံသူငါးယောက်ထံမှ သူကြားသိခဲ့ရသည်။ ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ လတ်တလောအပြောင်းအလဲများ၊ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံး၏ တမူထူးခြားချက်နှင့် မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ နောက်ထပ် စွမ်းရည်တစ်မျိုးကိုလည်း သူရှာတွေ့သွားသည်။
ယင်းတို့အားလုံးက သူနှင့်သက်ဆိုင်နေသည်။ ထို့ကြောင့် သူက ယင်းတို့ကို လျစ်လျူမရှုနိုင်ပေ။
ထို့ပြင် အစောနက သူသည် မသေမျိုးကျင့်ကြံသူငါးယောက်ထံမှ သိုလှောင်အိတ်များကို လုယက်ခဲ့သည်။ ထိုကျင့်ကြံသူများသည် ချီသန့်စင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူများသာဖြစ်သော်လည်း သူတို့၏ သိုလှောင်အိတ်များထဲမှာ ပစ္စည်းကောင်းတချို့ ရှိနေနိုင်သည်။
သီရှီထျန်သည် မိစ္ဆာသားရဲတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် သူ့ဆီမှာ မသေမျိုးကျင့်ကြံခြင်းလောကနှင့်သက်ဆိုင်သော မည်သည့်ပစ္စည်းကောင်းမှ မရှိပေ။ ထို့ကြောင့် သူက ကျင့်ကြံသူများနှင့်ပတ်သက်သော ပစ္စည်းများကို အလွန်စိတ်ဝင်စားသည်။
အတိတ်၌ ကျားရဲတောင်တန်းဒေသထဲမှာ သူနေထိုင်ခဲ့စဉ်က မန္တန်များအကြောင်း ရေးသားထားသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို သူရရှိခဲ့သည်။ မန္တန်အားလုံးက အဆင့်နိမ့်မန္တန်များသာ ဖြစ်သော်လည်း အကယ်၍ သူသာ မန္တန်အားလုံးကို တတ်ကျွမ်းသွားမည်ဆိုလျှင် သူ၏ စွမ်းအားက သိသိသာသာ မြင့်တတ်သွားလိမ့်မည်။ ထို့ကြောင့် သူက မသေမျိုးကျင့်ကြံခြင်းလောကမှ ပစ္စည်းများကို အရေးကြီးသော ပစ်မှတ်အဖြစ် သဘောထားသည်။
မည်သို့ဖြစ်ပါစေ ယခု သူက အလွန်ဆင်းရဲမွဲတေနေသည် မဟုတ်ပါလော။ ထို့ကြောင့် အဆင့်နိမ့်သော ပစ္စည်းများသည်ပင် သူ့အတွက် အလွန်တန်ဖိုးကြီးမားသည်။
သီရှီထျန်သည် တောအုပ်ထဲမှာ ရွေ့လျားနေရင်း မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ မြန်ဆန်စွာ ပြန်သွားသည်။
… … …
“ ကျွီ… ကျွီ ”
မြေအောက်ထဲတွင် ကြွက်ဘုရင်၏ ညာလက်ရုံးတစ်ဆူဖြစ်သော ဧရာမကြွက်သည် မြေအောက်ဥမင်လှိုဏ်ခေါင်းထဲမှာ အမြန်ပြေးနေသည်။ သူက လမ်းတစ်လျှောက်တွင် မရပ်နားဘဲ အမြန်ပြေးနေသည်။ မကြာမီ သူက အရွယ်အစားကြီးမားသော လှိုဏ်ဂူတစ်ခုထဲသို့ ခုန်ဝင်သွားသည်။ လှိုဏ်ဂူထဲတွင် ကြွက်ဘုရင်သည် သူ၏ ပလ္လင်ပေါ်မှာ လဲလျောင်းနေသည်။ သူက နှစ်ချိုက်စွာ အိပ်မောကျနေသည်။ ရံဖန်ရံခါ သံမဏိကဲ့သို့ မာကျောသော သူ၏ နှုတ်ခမ်းမွှေးများက တုန်ယင်သွားသည်။
“ အရှင်မင်းကြီး… သတင်းကောင်း… သတင်းကောင်း… ”
ဧရာမကြွက်သည် ကြွက်ဘုရင်၏ ပလ္လင်အရှေ့သို့ ရောက်သွားသည်နှင့်ချက်ချင်း ကျယ်လောင်စွာ အော်လိုက်သည်။ အလွန်ကျယ်ပြောသော လှိုဏ်ဂူထဲတွင် သူ၏ အော်သံက လွန်စွာ စူးရှကျယ်လောင်၏။
“ ကျွီ ”
ကြွက်ဘုရင်သည် အော်သံကြောင့် နိုးလာသည်။ ရှင်းလင်းစွာပင် သူက စိတ်အခြေအနေမကောင်းနေပေ။ သူမျက်လုံးဖွင့်လိုက်သည့်အခိုက် ရောင်ခြည်တန်းနှစ်ခုက ပျံသန်းထွက်သွားသည်။ ရောင်ခြည်တန်းနှစ်ခုသည် ဧရာမကြွက်ဆီသို့ ရောက်ရန် တစ်လက်မခန့်သာ ဝေးကွာတော့သည့်အချိန် ရပ်တန့်သွားပြီး အနောက်ပြန်ဆုတ်သွားကာ ကြွက်ဘုရင်၏ မျက်လုံးထဲသို့ ပြန်ဝင်သွားသည်။
သို့တိုင် ဧရာမကြွက်သည် သေးထွက်ကျလုနီးပါး ကြောက်လန့်သွားပြီး နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားသည်။ သူ၏ မျက်လုံးထဲမှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။
“ ဟွန့်… နောက်တစ်ခါ ငါအိပ်ပျော်နေတဲ့အချိန် မင်းငါ့ကို လာနှိုးရင် ငါမင်းကို သတ်ပစ်မယ် ”
ကြွက်ဘုရင်သည် သူ့အရှေ့မှ ဧရာမကြွက်ကို ကြည့်လိုက်သည်။ စိတ်မပျော်ရွှင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီးလျှင် သူက ပြောသည်။
“ ပြောစမ်း… သတင်းကောင်းက ဘာလဲ ”
လတ်တလောတွင် ကြွက်ဘုရင်သည် စိတ်အခြေအနေမကောင်းနေပေ။ အစတွင် သူသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ စိတ်လှုပ်ရှားစွာ သွားရောက်ခဲ့သည်။ သူက သီရှီထျန်ကို တစ်ကြိမ်တည်းဖြင့် ဝါးမျိုချင်ပြီး မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲချင်သည်။ နတ်ဘုရားအလင်း၏ ကာကွယ်ပေးမှုအောက်မှာ သီရှီထျန်ကို သူအနိုင်ယူနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ရလဒ်က သူ၏ မျှော်လင့်ထားမှုနှင့် လုံးဝ ခြားနားနေသည်။ သူက သီရှီထျန်ကို မဝါးမျိုနိုင်ခဲ့သည့်အပြင် သူ၏ ကြွက်စစ်သည်တော်တစ်သန်းက ချိုင့်ဝှမ်းထဲမှာ အသတ်ခံလိုက်ကြရသည်။ ယင်းက သူပျိုးထောင်ထားသော ကြွက်မျိုးနွယ်စု၏ အင်အားကို ကြီးကြီးမားမား အထိနာစေသည်။
ကြွက်များသည် သဘာဝအားဖြင့် ကြောက်စိတ်ကြီးကြသည်။ ကြွက်ဘုရင်သည် သီရှီထျန်၏ လက်ထဲမှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ မြေကြီးထဲမှာ တွင်းတူးနိုင်သော သူ၏ စွမ်းရည်ကြောင့်မဟုတ်လျှင် ထိုနေ့မှာ သူအသက်ဆုံးရှုံးသွားနိုင်သည်။ ထိုအဖြစ်အပျက်က သူ့အပေါ်မှာ နက်ရှိုင်းသောအမြင် ကျန်ရစ်စေသည်။ ထို့ကြောင့် သူသည် အကြွင်းမဲ့ခွန်အားကို မပိုင်ဆိုင်ထားလျှင် သို့မဟုတ် မိစ္ဆာသားရဲအဖြစ် ဆင့်ကဲမပြောင်းလဲရသေးလျှင် သီရှီထျန်ဆီသို့ နောက်တစ်ကြိမ် သူသွားဝံ့လိမ့်မည် မဟုတ်ချေ။
ဤအတောအတွင်းမှာ ကြွက်ဘုရင်သည် သီရှီထျန်၏ လက်စားပြန်ချေမှုကို စိုးရိမ်သောကြောင့် မြေအောက်လှိုဏ်ဂူထဲမှ အပြင်မထွက်ဝံ့ချေ။ ထို့ကြောင့် သူက ဤရက်များမှာ အစာစားခြင်း၊ အိပ်စက်ခြင်းနှင့် နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို နေ့စဉ် လုပ်ဆောင်ခဲ့သည်။
“ အရှင်မင်းကြီး… အဲ့ဒါက တကယ့် သတင်းကောင်းပါ ”
ဧရာမကြွက်သည် စိတ်ပြန်ငြိမ်သွားပြီးနောက် စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်ပြီး အလျင်စလို ပြောသည်။
“ အရှင်မင်းကြီး… အရှင် ဒီထက်ပိုပြီး သန်မာချင်တယ်လို့ မပြောခဲ့ဘူးလား… အဲ့ဒီလို ပိုပြီးသန်မာလာဖို့အတွက် အရှင်နဲ့ အဆင့်တူညီတဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို စားရမယ်… ဒါမှမဟုတ်ရင် ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နိုင်ပြီး စကားပြောနိုင်တဲ့ မွန်းစတားကို စားရမယ်… အဲ့ဒီခြေနှစ်ချောင်းမွန်းစတားကို စားလိုက်ရင် အရှင့်ရဲ့ စွမ်းအားက အများကြီး တိုးတတ်သွားလိမ့်မယ် ”
“ ဘာခြေနှစ်ချောင်းမွန်းစတားလဲ… အဲ့ဒီကောင်ကို လူသားလို့ ခေါ်တယ် ”
ယင်းကို ကြွက်ဘုရင်ကြားသောအခါ သူက ဧရာမကြွက်ကို မျက်လုံးလှန်ကြည့်လိုက်သည်။ သူက ပြောသည်။
“ ဘာလို့ မင်းက လူသားတွေအကြောင်း ပြောနေတာလဲ… သူတို့က ရင်ဆိုင်ရမလွယ်ကူဘူး… သူတို့က မီးဘောလုံးတွေကို ထုတ်လွှတ်နိုင်ပြီး မိုးကြိုးတွေကို ဆင့်ခေါ်နိုင်ကြတယ်… အခုကတည်းက ငါမင်းကို သတိပေးထားမယ်… လူသားတွေကို သွားပြီး ရန်မပြုမိစေနဲ့ ”
တခြားကြွက်များက ထိုအကြောင်းကို မသိထားနိုင်သော်လည်း ကြွက်ဘုရင်က လူသားများအကြောင်း မည်သို့မသိဘဲနေမည်နည်း။ အထူးသဖြင့် တောင်တန်းဒေသထဲမှ မိစ္ဆာသားရဲများက ခေါ်ဆိုကြသော မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီသည် အံ့ဖွယ်ကောင်းသော မှော်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ မသေမျိုးကျင့်ကြံသူတစ်ယောက်က ပြဿနာမဟုတ်သော်လည်း မသေမျိုးကျင့်ကြံသူလေးငါးယောက်က အုပ်စုဖွဲ့လိုက်သည့်အခါ မိစ္ဆာသားရဲများသည်ပင် သူတို့၏ လက်ထဲမှာ အသက်အန္တရာယ်ကြုံရနိုင်သည်။ ထို့ကြောင့် ကြွက်ဘုရင်သည် မသေမျိုးကျင့်ကြံသူများကို ဝေးဝေးမှ ရှောင်ရှားခဲ့သည်။
“ အရှင်မင်းကြီး… ဒီငယ်သားက ကြွက်ညီအကိုတွေကို ခေါ်ပြီး အနီးနားဝန်းကျင်မှာ ကင်းထောက်ခဲ့ပါတယ်… ကျုပ်တို့တွေ ကင်းထောက်နေရင်း အရှင်မင်းကြီးပြောတဲ့ လူသားကို အမှတ်မထင် ရှာတွေ့ခဲ့ကြပါတယ်… အဲ့ဒီခန္ဓာကိုယ်က အရှင်မင်းကြီးအတွက် အသုံးဝင်လောက်မယ်လို့ ကျုပ်ထင်လို့ သူ့ကို မြေအောက်ဆီ ဆွဲခေါ်လာဖို့ ကြွက်ညီအကိုတွေကို မှာကြားခဲ့ပါတယ် ”
ဧရာမကြွက်က စိတ်လှုပ်ရှားစွာ ပြောသည်။
သူက မကြာသေးမီတွင် မြေအောက်ထဲမှာ လှည့်ပတ်စစ်ဆေးကြည့်ခဲ့သည်။ ထို့နောက် သူက ခါတိုင်းကဲ့သို့ အပြင်လောကမှ အခြေအနေကို စူးစမ်းရန် အပြင်သို့ ခေါင်းထုတ်၍ ကြည့်လိုက်သည်။ ကံအကြောင်းတိုက်ဆိုင်စွာပင် အပြင်သို့ သူကြည့်လိုက်သည့်အခိုက် မသေမျိုးကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို သူရှာတွေ့သွားသည်။ ထိုခန္ဓာကိုယ်ကို သူရှာတွေ့သွားသည့်အချိန် တစ်ဖက်လူဆီမှာ အသက်မရှိတော့ပေ။ ထို့နောက် သူက ကြွက်ဘုရင်ပြောခဲ့ဖူးသော ခြေနှစ်ချောင်းမွန်းစတားအကြောင်း ပြန်သတိရသွားသည်။ ထိုခန္ဓာကိုယ်ကို ကြွက်ဘုရင်ဆီသို့ သူဆက်သလျှင် ဆုလာဘ်များရရှိနိုင်ကြောင်း ရုတ်တရက် တွေးမိသောကြောင့် မသေမျိုးကျင့်ကြံသူအလောင်းကို မြေအောက်ဆီသို့ သူခေါ်ဆောင်လာသည်။
“ ဘာပြောတယ် ”
ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ မသေမျိုးကျင့်ကြံသူများ၏ အသွေးအသားကို စားသောက်လျှင် စွမ်းအားကြီးကြီးမားမား တိုးမြှင့်သွားနိုင်ကြောင်း ဤတောင်တန်းဒေသ၏ မိစ္ဆာသားရဲများထံမှ သူကြားဖူးသည်။ ယင်းက ဝိညာဉ်သားရဲများကို စားသောက်ခြင်းထက် လုံးဝ မလျော့ပေ။
“ ကောင်းတယ်… ဧရာမကြွက်… ဒီတစ်ကြိမ် မင်းလုပ်တာ ကောင်းတယ်… ဒီဘုရင်က မင်းကို ဆုလာဘ်ချီးမြှင့်မယ်… မင်း နတ်ဘုရားအလင်းအောက်မှာ ရက်သုံးဆယ်ကြာအောင် နှစ်ခြင်းမင်္ဂလာခံယူခွင့်ရရှိမယ် ”
ကြွက်ဘုရင်သည် အစက စိတ်ဓာတ်ကျနေရာမှ ပြန်လည်စိတ်ဓာတ်တတ်ကြွသွားသည်။ သူက စိတ်လှုပ်ရှားစွာ ပြောသည်။
“ မသေမျိုးကျင့်ကြံသူရဲ့ အသွေးအသားကို စားပြီး နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူမယ်ဆိုရင် ဒီဘုရင်က သေချာပေါက် မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်… ငါ မိစ္ဆာသားရဲဖြစ်လာတဲ့အခါ အဲ့ဒီကျားနက်ကို ပြန်လက်စားချေမယ် ”
ကြွက်ဘုရင်သည် အဆင့်ချိုးဖြတ်ရန် မျှော်လင့်ချက်အလင်းရောင်ကို ပြန်ရှာတွေ့သွားသောကြောင့် အလွန်စိတ်လှုပ်ရှားသွားသည်။
… … …