← Chapters

မင်းသားငယ် ပိုင်ပုအိုက်

Vol. 4 Ch. 35

မင်းသားငယ် ပိုင်ပုအိုက်

Vol. 4 Ch. 35

"ချစ်သူရှိခဲ့တာလား..."

လီနန်ခယ့်က စားပွဲကိုတဒေါက်ဒေါက်ခေါက်ရင်း ရေရွတ်သည်။

ထို့နောက် စာရွက်နှင့်ခဲတံကိုထုတ်ကာ စာလုံးအနည်းငယ်ချရေးပြီး ထပ်မေးသည်။

"အစ်မဝမ်၊ လင်မိသားစုနဲ့ပက်သက်တဲ့ အတင်းအဖျင်းတချို့ ဒီရက်ထဲကြားမိသေးလား။ ကောလဟလပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်"

"သခင်လေးလီက လိုချင်တာကိုဘယ်မှာရှာရမယ်မှန်း ကောင်းကောင်းသိတာပဲ"

ဝမ်ဟူသဲ့ကပြုံးလျက်ဆိုသည်။ အရိပ်အမြွက်တစ်ခုကိုပေးနေသော စကားလုံးများ။

လီနန်ခယ့် ခပ်ဖျော့ဖျော့ပြုံး၏။

"ဒီလိုနေရာမှာ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေက ကောင်းကင်ကကြယ်တာရာတွေထက်တောင် များလှသေးမဟုတ်လား။ ဧကရာဇ်မင်းရဲ့ အပါးတော်မြဲ အရိပ်သက်တော်စောင့်တွေတောင် မမလေးတို့ ခေါင်းအုံးပေါ်ကရလာတဲ့ လျှို့ဝှက်စကားတွေလောက် အသိမစုံနိုင်ဘူးထင်ရဲ့"

"အမယ် ဒါကချီးကျူးတာလား ကဲ့ရဲ့တာလားတော်"

ဝမ်ဟူသဲ့က စူအောင့်အောင့်ပုံစံလုပ်ကာ ဆိုသည်။

လီနန်ခယ့်က အမြန်ဖြေလာ၏။ "သေချာပေါက် ချီးကျူးစကားပေါ့ အစ်မရယ်"

ဝမ်ဟူသဲ့က ဝါးခနဲရယ်ချလိုက်ပြီး တစ်ချိန်လုံးတိတ်ဆိတ်စွာ နားစိုက်ထောင်နေသော လိန်ရှင်းနန်ကို တစ်ချက်လှမ်းကြည့်ပြီးမှ ဖြည်းညင်းစွာဆိုသည်။

"လင်မိသားစုက အတင်းအဖျင်းဆိုရင် လွန်ခဲ့တဲ့တစ်လလောက်ဖြစ်သွားတဲ့ ကြင်ယာတော်မင်းသမီးကိစ္စတော့ ရှိခဲ့တယ်"

ကြင်ယာတော်မင်းသမီး ကိစ္စ။

လီနန်ခယ့်နှင့် လိန်ရှင်းနန်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဝမ်ဟူသဲ့က လက်ဖက်ရည်တစ်ငုံသောက်ပြီးမှ ခပ်ဖြည်းဖြည်းပြောပြလာသည်။

"လွန်ခဲ့တဲ့တစ်လလောက်က အန်းဖိန်မင်းသားရဲ့ သားအငယ်ဆုံးလေးက အပြင်လောကမှာ ခရီးလှည့်လည်ရင်း တုန်းချီခရိုင်ကို ရောက်လာခဲ့တယ်။ အဲ့ဒီနောက် လင်မိသားစုသမီးကြီးနဲ့ဆုံခဲ့ရတာပေါ့"

"ဒီလေလွင့်နေတဲ့ မင်းသားငယ်လေးက လင်မိသားစုရဲ့ သမီးကြီးကို တကယ်စွဲလမ်းသွားခဲ့တာ၊ သူ့နောက်ကို တကောက်ကောက်လိုက်ပြီး သူ့ကို ကြင်ယာတော်အဖြစ် တင်မြှောက်လက်ထပ်ချင်တယ်လို့တောင် အော်ဟစ်နေခဲ့တာ။ လင်အိမ်တော်ရှေ့မှာတောင် သူက ဒီမိန်းကလေးကလွဲရင် တခြားဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့ ကျိန်ဆိုခဲ့သေးတယ်"

"ပိုင်ပုအိုက်ကလား"

လိန်ရှင်းနန်က မျက်ခုံးတို့ မသိမသာတွန့်ချိုးလျက် မေးလာသည်။

"ဘယ်ကပိုင်ပုအိုက်လဲ"

လီနန်ခယ့်၏ အူလည်လည်အမူအရာကိုမြင်သော် လိန်ရှင်းနန်က စိတ်ရှည်လက်ရှည်ရှင်းပြလာသည်။

လက်ရှိ အငြိမ်းစားဧကရာဇ် ပိုင်ယောင်ချွမ်တွင် ပိုင်ယောင်မင်အမည်ရှိ အန်းဖိန်မင်းသားဟုခေါ်တွင်သည့် နောင်တော်တစ်ပါးရှိခဲ့သည်။

ထိုမင်းသားသည် ငယ်နုစဥ်အခါက ထျန်းဝူဧကရာဇ် ပိုင်ယောင်ချွမ်နှင့်အတူ တောင်ပိုင်းမြောက်ပိုင်း နယ်တကြောတွင် တိုက်ပွဲများအတူဆင်နွှဲကာ စစ်ရေးအောင်မြင်မှုများစွာ ရရှိထားသူဖြစ်၏။

နိုင်ငံတော်အာဏာ တည်ငြိမ်လာပြီး တိုင်းပြည်အင်အား တိုးတက်လာသည်နှင့်အမျှ အန်းဖိန်မင်းသားသည် ထျန်းဝူဧကရာဇ်ထံမှ သံသယအပွားမခံရစေရန်နှင့် နောက်ကွယ်မှကြိုးကိုင်လိုမှုများကို ရှောင်ရှားရန်အတွက် အာဏာအားလုံးကို ပြန်လည်အပ်နှင်းကာ အိမ်တော်တွင်သာ အေးအေးဆေးဆေး အနားယူနေထိုင်ခဲ့လေသည်။

ထျန်းဝူဧကရာဇ် ထူးဆန်းသော မေ့မြောခြင်းဝေဒနာကို ခံစားလာရပြီးနောက် ပြည်သူအများက အန်းဖိန်မင်းသားမှ ထီးနန်လက်လွှဲယူဖို့ မျှော်လင့်ခဲ့ကြသည်။

သို့သော် ထိုမင်းသားသည်ကား ထီးနန်းကို မျက်စောင်းပင်လှည့်မထိုးခဲ့။

ထိုသူသည် စားချင်သည့်အချိန်စား၊ ကစားချင်သည့်အချိန်ကစား၊ အိပ်ချင်သည့်အချိန်အိပ်ကာ နိုင်ငံရေးရာများနှင့် နန်းတွင်းအရှုပ်အထွေးများကြား ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ လွတ်လွတ်ကင်းကင်း နေထိုင်ခဲ့သည်။

အိမ်တော်တွင်လည်း ဇနီးမယား ‌‌မောင်းမမိဿန်များ ရေတွက်မရအောင် ပေါများလှချည့်။

သို့သော် ကောလဟလများကိုတော့ ရှောင်လွှဲလို့မရခဲ့။ အထူးသဖြင့် ရင်ခွင်ပိုက်ဧကရာဇ်ငယ် နန်းတက်ပြီးနောက်ပိုင်းတွင် ပိုင်ယောင်မင်ပုန်ကန်လေတော့မည်ဟူသော သတင်းအစအနများက တစ်စတစ်စ များပြားလာခဲ့သည်။

ထို မင်းသားငယ်ပိုင်ပုအိုက်ဆိုသူမှာ အန်းဖိန်မင်းသား မူးမူးနှင့်ပေါင်းသင်းခဲ့သော အစေခံတစ်ဦး၏သားငယ်မျှသာဖြစ်ရာ မိသားစုတွင်း နေရာမရလှပေ။

မိခင်ဖြစ်သူ သေဆုံးပြီးနောက်တွင် မင်းသားငယ်မှာ ဂရုစိုက်သူမရှိသည့်အဆုံး ပြည့်တန်ဆာရုံများတွင်သာ အချိန်ကုန်တေလေနေခဲ့တော့၏။

တဖြည်းဖြည်းနှင့် စည်းမဲ့ကမ်းမဲ့ အကျင့်ပျက်လူငယ်တစ်ယောက်ထက် မပိုတော့။

အမှန်တော့ အစပထမတွင် မင်းသားငယ်၏မွေးနာမည်သည် ပိုင်ယန့်ယန်ဟုဖြစ်သော်လည်း ကြီးပြင်းလာပြီးနောက် ထိုနာမည်သည် ရိုးစင်းလှချည့်ဟု ခံစားရသဖြင့် သူ့ကိုယ်သူ ပိုင်ပုအိုက်ဟု ပြောင်းလဲမှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ပွဲသဘင်တစ်ခုတွင် "ဒီကမ္ဘာပေါ်က မိန်းမတွေဆိုတာ အပျော်ရှာဖို့သက်သက်ပဲ၊ ချစ်ပေးဖို့မထိုက်တန်ဘူး" ဟုပင် ပြောခဲ့ဖူသည်။

အချစ်မပါဘဲ ပိုင်ဆိုင်လိုခြင်းသက်သက်သည် လူ‌ပွေလူရှုပ်တစ်ယောက်၏စိတ်ထားသာပင်။

သို့သော် အချို့ကမူ မင်းသားငယ်သည် ငယ်စဉ်ကတည်းက မိဘမေတ္တာမရရှိခဲ့သည်ကို မိမိကိုယ်ကို လှောင်ပြောင်သည့်အနေဖြင့် ဤအမည်ကို မှည့်ခေါ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။ အမှန်တရားကိုတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။

(ပိုင်ပုအိုက်ဆိုတာ အချစ်ကိုမလိုလားသူ လို့ အဓိပ္ပာယ်ရပါတယ်တဲ့ /ဇွန်)

အန်းဖိန်မင်းသားကိုယ်တိုင်ကလည်း သားအရင်းဖြစ်သူ အမည်ပြောင်းသည့်ကိစ္စကို စိတ်တောင်မဝင်စားခဲ့ပေ။

"အဲ့လိုကိစ္စတွေ ရှိခဲ့မယ်လို့ ထင်မထားခဲ့ဘူး"

ထိုဇာတ်ကြောရှည်ကြီး၏ လီနန်ခယ့်၏စိတ်ထဲမှ မြူအုပ်ကြီးကို အနည်းငယ်ရှင်းလင်းပေးသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ဝမ်ဟူသဲ့ကို ဆက်မေးလိုက်သည်။

"နောက်တော့ ဘာဆက်ဖြစ်သလဲ"

"နောက်တော့လား"

ဝမ်ဟူသဲ့က ပြုံးသည်။

"နောက်တော့ မင်းသားငယ်လေးက သူ့အဖေကိုရအောင်စည်းရုံးမယ်လို့ကြွေးကြော်ပြီး နန်းမြို့တော်ဆီပြန်သွားခဲ့တယ်။ အဖေဆီက ခွင့်ပြုချက်ရရင် လင်မိသားစုရဲ့သမီးကြီးကို လာရောက်တောင်းရမ်းမယ်ပေါ့။ လင်မိသားစုလည်း သတင်းကောင်းမျှော်ရင်း ကျန်ရစ်ခဲ့ကြတယ်"

လိန်ရှင်းနန်က ကူကယ်ရာမဲ့စွာ ခေါင်းကိုခါရမ်းလိုက်သည်။

"သူဌေးကြီးလင် သူ့သမီးဂုဏ်သတင်းထိခိုက်မှာကို ဘာတွေဒီလောက်ကြောက်နေရသလဲ တွေးနေတာ။ အခုတော့နားလည်ပြီ။ ပိုင်ပုအိုက်ဆိုတဲ့လူက လုံးဝယုံကြည်စရာမှမရှိတာကို"

ဝမ်ဟူသဲ့က ဆိုသည်။

"ယုံရသည်ဖြစ်စေ မယုံရသည်ဖြစ်စေ၊ သူတို့မှာ‌မျှော်လင့်ချက်တော့ရှိနေသေးတယ်လေ၊ နောက်ပြီး လင်မိသားစုရဲ့သမီးကြီးကလည်း တကယ်ဆွဲဆောင်မှုရှိတဲ့ အလှလေးတစ်ယောက်မဟုတ်လား"

"အရာရှိလိန်ကိုတော့ မယှဥ်နိုင်ပေမဲ့ သူကလည်း ယောက်ျားတွေစွဲလမ်းနှစ်ခြိုက်သွားနိုင်တဲ့ မိန်းကလေးမျိုးပဲ။ ဒီမင်းသားငယ်လည်း သူနဲ့တွေ့မှ တကယ်ချစ်မိသွားပြီး လူသိရှင်ကြား လာရောက်တောင်းရမ်းလက်ထပ်လိမ့်မလား ဘယ်သူသိနိုင်မလဲနော်"

"သမီးတစ်ယောက်အနေနဲ့ အဆင့်အတန်းရော ကြွယ်ဝမှုပါရှိတဲ့မိသားစုတစ်ခုကို တွယ်ကပ်နိုင်ဖို့မလွယ်ဘူးလေ။ အခွင့်အလမ်းရလာတုန်းမှာ အလွတ်မခံတာအကောင်းဆုံးပဲ။ ဟုတ်တယ်မလား"

လိန်ရှင်းနန်က မထောက်ခံကြောင်း ‌ပြောလိုက်ချင်သော်လည်း တစ်ဖက်လူ၏အလုပ်ကို သတိရမိသဖြင့် ဆက်မငြင်းခုံနေတော့။

လီနန်ခယ့်က လက်ဖက်ရည်ခွက်ထဲ ဝဲလည်လှည့်နေသော လက်ဖက်ရွက်လေးကို ငေးကြောင်ကြောင်ကြည့်နေရင်း သူ့ခေါင်းထဲရှိသဲလွန်စများကို တစ်ချက်ချင်းခွဲခြမ်းစိပ်ဖြာကြည့်နေသည်။

ထို့နောက် တိုးတိုးရေရွတ်၏။

"အခွင့်အလမ်းရှိတုန်း လက်လွတ်မခံဘဲ ဖမ်းဆွဲထားရမယ်တဲ့လား"

All Chapters