← Chapters

အထက်လူကြီးက အမာခံပရိတ်သတ်လေးအဖြစ်

Vol. 4 Ch. 37

အထက်လူကြီးက အမာခံပရိတ်သတ်လေးအဖြစ်

Vol. 4 Ch. 37

နောက်တစ်ရက် မနက်စောစောတွင်။

မနေ့ညက အမှုကိစ္စတစ်ခုလုံးကို အပြန်ပြန်အလှန်လှန် တွေးတောဆင်ခြင်နေခဲ့သဖြင့် လီနန်ခယ့်သည် ပုံမှန်ထက် များစွာနောက်ကျပြီး နိုးလာခဲ့၏။

ကောင်းကင်ကြီးမှာ ငါးဗိုက်သားပြင်လို ဖြူညစ်ညစ်အရောင်မှ ကြည်လင်တောက်ပသော ကောင်းကင်ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် မနက်ခင်းနေရောင်နုနုသည် သစ်ပင်သစ်ကိုင်းများကြားမှ ဖြတ်သန်းဖောက်ထွင်းကာ သူ့ကိုယ်ပေါ်သို့ အနွေးဓာတ်များဖြန့်ကျက်လျက် ပေါ့ပါးလန်းဆန်းစေသည်။

မနက်စာမှာလည်း ပြင်ပြီးဆင်ပြီးသား အသင့်ပင်။

ထုံးစံအတိုင်း ကျောက်ကပ်အားဖြည့် အစားအသောက်များသာဖြစ်သည်။

ခြံဝင်းထဲရှိ လော့ချန်းချိုးမှာ ရိုးရှင်းဖြူလွသော အဖြူရောင်ဝတ်စုံနှင့် ရေကန်နံဘေးငုတ်တုတ်ထိုင်ကာ ခင်ပွန်းဖြစ်သူ၏အဝတ်များအား လျှော်ဖွပ်သန့်စင်နေသည်။

ဖိနပ်များနှင့်ခြေအိတ်များ စိုစွတ်မည်စိုးသောကြောင့်လားမသိ၊ လော့ချန်းချိုးသည် ခြေဗလာသက်သက်လေးဖြင့် စကတ်စကိုသိမ်းစု၍ ထိုင်နေခဲ့သည်။ လီနန်ခယ့်ဘက်မှကြလျှင် သူမ၏ နူးညံ့သွယ်လျသော ခြေသလုံးလေးများနှင့် သေးငယ်လုံးဝန်းကာ ကျောက်စိမ်းသားလေးအလားဖြူဝင်းသည့် ခြေချောင်းကလေးများကို မြင်တွေ့နေရသည်မှာ အလွန်ပင်မျက်စိပသာဒဖြစ်လှကာ မလွှဲတမ်းငေးကြည့်ချင်စဖွယ်။

"ဒီလောက်အစောကြီး အဝတ်တွေလျှော်နေပြီလား"

လီနန်ခယ့်က ပျင်းကြောဆန့်ရင်း နွေးထွေးသောနေမင်းကိုမျက်နှာမူကာ အားရပါးရသမ်းဝေသည်။

သူ့အမျိုးသမီးသည် အဝတ်လျှော်ရာတွင် အထူးပြုလုပ်ထားသောဆပ်ပြာတစ်မျိုးကို အသုံးပြုတတ်၏။

၎င်းမှာ ခေတ်သစ်အဝတ်လျှော်ဆပ်ပြာမှုန့်များနှင့် မတူဘဲ ဝက်ပန်ကရိယကို အမှုန့်ဖြစ်အောင်ကြိတ်ချေပြီးမှ ပဲမှုန့်နှင့်အမွှေးနံ့သာများထည့်ထားသော ဆပ်ပြာတစ်မျိုးပင်။

၎င်းကို ပဲစေ့ဆပ်ပြာဟုလည်း ခေါ်ကြသည်။

လော့ချန်းချိုးက သူ့ကိုလှည့်ကြည့်ပြီး ပြုံးပြလာသည်။

"ယောက်ျားဒီနေ့အိပ်ရာထတာ နည်းနည်းနောက်ကျတယ်နော်၊ ညကအရမ်းနောက်ကျမှအိပ်ရာဝင်တာများလား။ ကျန်းမာရေးအတွက်မကောင်းဘူးရှင့်"

"မင်းရော ညနောက်ကျမှအိပ်ပြီး အစောကြီးထတတ်တာပဲမဟုတ်လား" လီနန်ခယ့်က ပြန်ချေပလိုက်သည်။

"မတူဘူးလေ"

လော့ချန်းချိုးက ဆံမျှင်စတချို့ကို နားရွက်နောက်သို့သပ်တင်လိုက်ပြီး သိမ်သိမ်မွေ့မွေ့လေး ဆိုလာသည်။

"ရှင့်ဇနီးက ငယ်ကတည်းကဒီလိုပဲနေလာတော့ အသားကျနေပါပြီ"

"ကိုယ်မင်းကို ကူလျှော်ပေးမယ်"

လီနန်ခယ့်က သူမဘေးတွင်အတူထိုင်ချကာ အဝတ်များကိုကူညီလျှော်ဖွပ်ပေးဖို့ပြင်သော်လည်း အမျိုးသမီးက ခပ်မြန်မြန်ပင် ငြင်းပယ်လာ၏။

"ယောက်ျားရယ်"

လော့ချန်းချိုးက ခင်ပွန်းဖြစ်သူကို ကူကယ်ရာမဲ့ဟန်ဖြင့် ခပ်နောက်နောက်ကြည့်ကာ အသံမြူးမြူးလေးဖြင့် စနောက်လာသည်။

"တခြားယောက်ျားတွေဖြင့် အိမ်မှုကိစ္စဆို ရှောင်ချင်ကြလွန်းလို့။ ရှင့်ကျမှ မီးဖိုထဲလည်းကူတယ်၊ အဝတ်လည်းလျှော်ကူချင်သေးသတဲ့။ ဘေးလူတွေလှောင်ပြောင်ကြမှာ မကြောက်ဘူးလား"

လီနန်ခယ့်က မကျေမနပ်တုံ့ပြန်လာသည်။

"ဒါက ဘာလှောင်စရာရှိနေလို့လဲ။ လင်မယားချင်းချင်း ကူညီသင့်တာကူညီရမှာပေါ့။ မောင်တထမ်းမယ်တရွက် ဆိုတဲ့စကားပုံ မကြားဖူးဘူးလား။ နှစ်ယောက်အတူမျှလုပ်တော့ အလုပ်တွေမြန်မြန်ပြီးတာပေါ့။ အိမ်မှုကိစ္စရော အိပ်...အိပ်ရာကိစ္စရော..."

အမျိုးသမီး၏ ဆောင်းဦးရေပြင်လို ကြည်လင်သောမျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းကာ နှုတ်ခမ်းတစ်ဖက်ပင့်တက်သွားသည်။ လီနန်ခယ့်အသံမှာတော့ စကားအဆုံးတွင် တိမ်ဝင်ကွယ်ပျောက်သွားလျက်။

အကြောင်းရင်းမှာ စကားတစ်ဝက်တွင် ဇနီးသည်က လက်ရိုက်တုတ်ကို ကောက်ကိုင်လိုက်သောကြောင့်။

"အိပ်ရာထဲရော ဘာဖြစ်လဲ ဆက်ပြောလေ"

အမျိုးသမီးက တခြမ်းစောင်းအပြုံးဖြင့် မေးလာသည်။

"အဲ့ဒါ...ဪ ဟုတ်သားပဲ။ ဒီနေ့အစ်မလိန်ကို အမှုကိစ္စတစ်ခုကူညီရဦးမှာ ကိုယ်မေ့နေတာ။ ဒါဆို ကိုယ်အခုပဲသွားပြီး—"

"အရင်စားသွားပါဦး"

"ဟုတ်ကဲ့ မိန်းမ"

လီနန်ခယ့် အိမ်ထဲသို့ ခပ်သုတ်သုတ်ပြန်ဝင်သွားသည်။

သုတ်ခြေတင်ပြေးထွက်သွားသော ခင်ပွန်း၏နောက်ကျောကိုကြည့်ရင်း လော့ချန်းချိုးရယ်မချဘဲမနေနိုင်တော့ပေ။ ပုလဲစီထားသည့်နှယ် ညီညာသောသွားတန်းလေးများက အောက်နှုတ်ခမ်းကိုဖိကိုက်လျက် သူမခပ်တိုးတိုးရေရွတ်မိသည်။

"ငါ့ယောက်ျားက တယ်လည်းချစ်စရာကောင်းပါလား"

...

ညကင်းလှည့်တပ်ဖွဲ့၏ ရုံးတော်မှာ အစောင့်အကြပ်များ တင်းကျပ်စွာဝန်းရံချထားလျက်။

လီနန်ခယ့် အပြင်ဂိတ်တံခါးသို့အရောက်တွင် အစောင့်များထံမှတားဆီးခြင်းခံလိုက်ရသည်။ လိန်ရှင်းနန်၏အကူဖြစ်ကြောင်း ပြောရုံနှင့်ပင်မလုံလောက်၊ ထိုစကားကို အထက်သို့တင်ပြပြီးမှ သူ့အား ဂိတ်ဖြတ်ခွင့်ပေးမည်ဖြစ်သည်။

လီနန်ခယ့်လည်း နားလည်မှုရှိစွာပင် ဂိတ်အပြင်၌ ငြိမ်ငြိမ်လေးစောင့်နေလိုက်သည်။

ထိုအချိန်တွင် သံမဏိသည် နံဘေးရှိရုံးတော်တစ်ခုထဲမှ ဗြစ်တောက်ဗြစ်တောက် ဆဲဆိုရင်း ထွက်လာသည်။ ပုံမှန် ယဉ်ကျေးခန့်ထည်သောပုံစံနှင့် လုံးဝမတူ။ ဘာကြောင့်များ ဤမျှဒေါခွီးလာရသည်မသိ။

"လောင်လီပါလား"

လီနန်ခယ့်ကိုမြင်တော့ သံမဏိမျက်လုံးများ လက်ခနဲဖြစ်သွားသည်။

လီနန်ခယ့်ကို သူ၏တင်းကျပ်သောအထက်လူကြီးကိုယ်တိုင် တလေးတစားဆက်ဆံသည်အားမြင်ပြီးနောက် သူကိုယ်တိုင်လည်း မနှစ်မြို့မလိုလားဟန် မပြရဲတော့ဘဲ စကားစဖို့ အနားသို့ခင်မင်စွာ ချဥ်းကပ်သွားလိုက်သည်။

"အရာရှိမင်းကတော့ ယဥ်ကျေးနေပြန်ပါပြီ။ ကျွန်တော့်ကို ရှောင်လီလို့ပဲခေါ်ပါဗျာ"

လီနန်ခယ့်က အရိုအသေပြုရင်းဆိုသည်။

သံမဏိက လက်ထဲမှခေါက်ယပ်တောင်ကို ရွှစ်ခနဲဖွင့်လိုက်ပြီး မပျော်မရွှင်ဆိုသည်။

"ဘယ်လိုစကားမျိုးပြောလိုက်တာပါလိမ့်။ အစ်မလိန်ကိုယ်တိုင်က ခင်ဗျားကို လူရင်းလိုသဘောထားဆက်ဆံနေတာကို ကျုပ်သံမဏိနဲ့ကျမှ ဒီလိုခပ်စိမ်းစိမ်းနေရမတဲ့လား။ အခုကစပြီး ညီအစ်ကိုလိုနေကြတာပေါ့။ အခက်အခဲတစ်ခုခုရှိရင် အချိန်မရွေးလာခဲ့ဗျာ။"

"တကယ်လား"

လီနန်ခယ့်မှာ ရင်ထဲထိသွားရသည်။

သံမဏိက သူ့ရင်ဘတ်သူ ပြင်းပြင်းပုတ်၏။

"ရွှေထက်တောင်စစ်တဲ့စကားပါ။ ကျုပ်ကတိစကားက နာမည်အတိုင်း သံမဏိလိုခိုင်ပါတယ်"

"ဒါဆိုကျွန်တော့်ကို ပိုက်ဆံလေးနည်းနည်းချေးလို့ရမလား"

လီနန်ခယ့်က လက်နှစ်ဖက်ကိုပွတ်ရင်း အလွန်အမင်းအရှက်သည်းနေဟန်ဖြင့် ပြောလာသည်။

“...”

သံမဏိက သက်ပြင်းချကာ သူ့ပုခုံးကိုလာပုတ်သည်။

"ပိုက်ဆံကအဲ့လောက်အရေးမကြီးဘူး။ အဓိကက ညီအစ်ကိုအချင်းချင်း ငွေရေးကြေးရေးစကားတွေပြောရတာ ရင်နာစရာကောင်းလွန်းလို့ပါကွာ။ မင်းအတွက် မီးနဲ့ရေကိုကျော်ဖြတ်ပေးမဲ့ ညီနောင်ကောင်းတစ်ယောက် မဆုံးရှုံးချင်ဘူးမလား"

"ဒါပေမဲ့ ညီအစ်ကိုတွေလိုဆက်ဆံရေးဆိုမှတော့ ကျွန်တော့်အထင်—"

"ဒါပေါ့။ ဒါနဲ့ အစ်မလိန်ကမင်းကိုစောင့်နေတာ ကြာလှရှိပြီပဲ။ မြန်မြန်သွားလိုက်။ မင်းနောက်ကျရင်း ဟိုကစိတ်ဆိုးနေလိမ့်မယ်။ ငါတို့အထက်လူကြီးက ဒေါသထွက်လွယ်တယ်နော"

သံမဏိက လီနန်ခယ့်လက်မောင်းကိုဆွဲကာ အတွင်းဂိတ်ကိုဖြတ်၍ ခေါ်ဆောင်သွားလေသည်။

ဤတစ်ကြိမ်တွင်တော့ မည်သည့်အစောင့်ရဲမက်မှ သူ့ကိုတားဆီးမလာ။

သံမဏိစကားမှန်ပေသည်။ လိန်ရှင်းနန် ဒေါသထွက်နေလေပြီ။

သို့သော် လီနန်ခယ့်နောက်ကျလို့ ဒေါသထွက်ခြင်းမဟုတ်ဘဲ ကောကန်းနှင့်အခြားသူများကြောင့်သာ။

"အဲ့မိန်းကလေးကို တစ်ယောက်တည်းလွှတ်မထားပါနဲ့လို့ ငါဘယ်နှခါပြောခဲ့သလဲ။ တစ်ယောက်တည်းလွှတ်မထားနဲ့လို့။ ဒီစကားလေးတစ်ခွန်းတောင် မလိုက်နာနိုင်ကြဘူးလား"

လိန်ရှင်းနန်၏ မျက်နှာလှလှမှာ အေးစက်တင်းမာကာ သွယ်လျသောလက်များကာ ထိုင်ခုံနောက်မီကို တင်းတင်းဆုပ်ကိုင်ထားသည်မှာ အားပြင်းလှသဖြင့် လက်ဆစ်များပင် အဖြူရောင်သမ်းလျက်။ ထိုထိုင်ခုံကို အချိန်မရွေး ဆွဲဆတ်လွှင့်ပစ်တော့မလိုပင်။

"ခေါင်းထဲမှာဦးနှောက်တွေအစား သံတုံးတွေများရှိနေသလား။ မင်းတို့ဦးနှောက်တွေကို အပေါင်ဆိုင်မှာထားခဲ့ကြတာလား"

ကောကန်းမှာတော့ မတရားစွပ်စွဲခံရသလို ခံစားနေရသည်။

"ကျွန်တော်ရှာဖို့ရောက်သွားတော့ ယုန်မလေးမုန့်ကမရှိတော့ဘူးလေ။ ကျွန်တော်ဘာများတတ်နိုင်မှာလဲ။"

သူ့နောက်မှငယ်သားတစ်ဦးက အရဲကိုး၍ရှင်းပြလာသည်။

"မိန်းကလေးမုန့်က သူ့ဘာသာအပေါ့အပါးသွားဦးမယ်ဆိုပြီး ပျောက်သွားတာပါပဲ။ ငယ်သားတွေလည်း သူတစ်ယောက်တည်းသွားချင်လောက်တယ်ထင်လို့ ခဏလွှတ်ပေးလိုက်မိတာပါ။ ကျွန်တော်တစ်ချိန်လုံးရှာကြည့်နေ..."

"ဟုတ်ပြီ ဟုတ်ပြီ။ လူများများသာထပ်ပေါင်းပြီး လိုက်ရှာကြတော့"

လိန်ရှင်းနန်က လက်တစ်ဖက်ဝှေ့ယမ်းပြကာ စိတ်မရှည်စွာဆိုသည်။

ထိုမိန်းကလေးက အတော်မြောက်ကြွမြောက်ကြွနိုင်လွန်းလှသည်။ သူမကိုယ်တိုင်လည်း ထိန်းလို့မနိုင်။ နောက်တစ်ခေါက်တော့ ထိုမိန်းကလေးကို သင်ခန်းစာကောင်းကောင်းပေးကာ စည်းကမ်းတင်းကျပ်ထားရမည်ဟု တွေးနေလိုက်သည်။

မရတဲ့အဆုံး တင်ပါးကို ကြိမ်ဒဏ်ပါပေးသင့်ပေးရမှာပေါ့။

"ခေါင်းဆောင်ရှန်က ဘာပြောလိုက်လဲ" လိန်ရှင်းနန်က သံမဏိကိုမေးသည်။

သံမဏိက မကျေမနပ်ပြောလာ၏။

"ဝမ်မိသားစုက ဝမ်ယင်းယင်းသေဆုံးမှုရဲ့ တရားခံလူသတ်သမားကိုမြန်မြန်ရှာဖို့ သူ့ကိုဖိအားပေးနေကြတုန်းပဲ။ ခေါင်းဆောင်ရှန် ဒီနှစ်ရက်လုံး တော်တော်စိတ်လောနေပုံပေါ်တယ်။ ခုနကကကျွန်တော့်ကို ဒူးဖက်မတတ်တောင်းပန်နေတာ၊ ဒီကိစ္စကို မြန်မြန်ဖြေရှင်းပေးဖို့"

အဲ့ဒီဝမ်မိသားစုကလည်း သူတို့ရဲ့ အရာရှိဆွေမျိုးတွေအားကိုးနဲ့ ဖြေရှင်းချက်တစ်ခုခုမှမပေးနိုင်ရင် အထက်လူကြီးတွေဆီမှာ တိုင်တန်းမယ်ဆိုပြီး ခြိမ်းခြောက်နေကြတာ။ ကျွန်တော် နည်းနည်းဆူပူလိုက်တော့မှ ငြိမ်သွားကြတယ်"

"သူတို့လောနေတာလည်း အပြစ်ပြောလို့မရဘူး။ သမီးအကြီးဆုံးမှ ဖြစ်သွားတာကိုး"

လိန်ရှင်းနန်က နားထင်ကိုနာနာပွတ်ရင်း သက်ပြင်းတစ်ချက်ချသည်။ ခပ်တင်းတင်းအကြည့်က လီနန်ခယ့်ဆီအရောက်တွင်တော့ ဖျော့တော့သိမ်မွေ့သွားသယောင်။

"မိုးနီရေရောင်းနေတဲ့ ဆေးဆိုင်ကိုတော့ ရှာတွေ့ပြီးပြီ။ ကျန်းဆေးဆိုင်တဲ့၊ ဆိုင်ကနေ မိုးနီရေပါတဲ့ ဆေးဝါးပစ္စည်းအတော်များများ သိမ်းဆည်းရခဲ့တယ်။ ဒီအကြောင်းကို တိမ်တိုက်မြို့တော်ဆီ သတင်းပို့လိုက်ပြီး ထပ်ပြီးစုံစမ်းဖို့လည်းစီစဥ်ထားတယ်။ နောက်ပြီးတော့..."

လိန်ရှင်းနန်က စားပွဲထက်မှစာလိပ်တစ်လိပ်ယူပြီး လက်ကမ်းပေးသည်။

"ကျွန်မဆိုင်ရှင်ကိုစစ်မေးလိုက်တော့ သူအဘိုးချင်ကို ခရုနီဆေးပင်တွေရောင်းခဲ့မိတယ်လို့ ဝန်ခံလာတယ်"

"နောက်ပြီး ပညာသင်ဝမ်ရောလာဝယ်သေးလားမေးတော့ ရှစ်လပိုင်းငါးရက်နေ့ ညနေမှာပဲ ပညာသင်ဝမ်ကိုယ်တိုင်သူ့ဆီရောက်လာပြီး ဝယ်သွားပါသေးတယ်လို့ အမှန်အတိုင်းဝန်ခံလာတယ်"

လီနန်ခယ့်က တင်ပြချက်စာလိပ်ကိုယူကာ ဂရုတစိုက်ဖတ်ရှုနေသည်။

ညကင်းလှည့်တပ်ဖွဲ့၏ စစ်မေးနည်းများမှာ အရိပ်သက်တော်စောင့်များကဲ့သို့ အကြမ်းနည်းမသုံး၊ ရက်စက်ကြောက်မက်ဖွယ် မကောင်းပေသည့် သာမန်လူများအတွက် သူတို့ကိုမျက်နှာချင်းဆိုင် လိမ်ညာလှည့်စားဖို့ရာတော့ ခက်ခဲပေမည်။

ဆေးဆိုင်ပိုင်ရှင်၏ ဝန်ခံချက်များမှာလည်း ယုံကြည်စိတ်ချရဖွယ်ရှိသည်။

သို့သော် ထွက်ဆိုချက်တစ်ခုကိုမြင်လိုက်အပြီး လီနန်ခယ့် ဇဝေဇဝါဖြင့်မော့ကြည့်လိုက်သည်။

"သူကအဘိုးချင်ကို ဆေးတစ်အိတ်ပဲရောင်းခဲ့တာလား"

သံမဏိကခပ်မဲ့မဲ့ဖြေသည်။

"အဲ့ဒီကုန်သည်ပွဲစားတွေက ခေါင်းတော့မာသလားမမေးနဲ့။ အရင်ကမိခဲ့သမျှလူတွေလည်း သူတို့တစ်ထုပ်ပဲရောင်းလိုက်မိတာပါလို့ ညာကြတာချည်းပဲ။ သူတို့ဘယ်လောက်ပမာဏရောင်းခဲ့သလဲဆိုတာ သူတို့အမှတ်မိဆုံးပေါ့"

လီနန်ခယ့်လည်း တစ်ခဏမျှတွေးတောနေပြီး ဘာမေးခွန်းမှထပ်မထုတ်တော့။ ဖတ်ပြီးနောက် စာလိပ်ကို ပြန်ကမ်းပေးလိုက်သည်။

"ဝမ်မိသားစုဆီ သွားကြတာပေါ့"

...

ဤတစ်ကြိမ်တွင်လည်း လိန်ရှင်းနန်နှင့်လီနန်ခယ့်သာ အတူသွားခဲ့ကြသည်။

လမ်းတွင် လိန်ရှင်းနန်က ပညာသင်ဝမ်နှင့်ပက်သက်ပြီး မနေ့ညက သူမစုံစမ်းရရှိခဲ့သော အသေးစိတ်အချက်အလက်များကို ပြန်လည်ရှင်းပြလာသည်။

"ပညာသင်ဝမ်ရဲ့နာမည်ရင်းက ဝမ်ရှောင်းဖန်တဲ့။ မိသားစုရဲ့ ဒုတိယသားပဲ။ လက်ရှိတော့ အသက်၂၄နှစ်၊ လွန်ခဲ့တဲ့၂နှစ်က ရှို့ချိုင်စာမေးပွဲကိုအောင်ထားတာ။ တော်တော်လေးတော့နာမည်ကြီးတယ်"

"နောက်ပြီး ကျားခြောက်ကောင်ဂိုဏ်းမှာလည်း ကျင့်ကြံခဲ့ဖူးတာကြောင့် ခပ်ပျော့ပျော့ပညာသင်ကျောင်းသားတော့မဟုတ်ဘူး။ ကျင့်စဥ်အဆင့်ကသာမန်ပဲဆိုပေမဲ့ မိုးနီကို အစားအသောက်ထဲခိုးထည့်ဖို့ကတော့ သူ့အတွက်ခက်ခဲနေတဲ့ကိစ္စမဟုတ်ဘူး"

ကျင့်စဥ်အဆင့်ကသာမန်ပဲ ဆိုကာမှ လီနန်ခယ့်စိတ်အေးသွားခဲ့ရသည်။

တစ်ဖက်လူက ထူးချွန်ထက်မြက်နေပါက သူတို့နှစ်ယောက်တည်းနှင့် ကိုင်တွယ်နိုင်လောက်မည်မဟုတ်။

အမွှေးတိုင်တစ်ဝက်ထွန်းစာလောက် အချိန်တွင် သူတို့နှစ်ဦး ဝမ်အိမ်တော်အဝင်တံခါးရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ကြသည်။

ဟောင်းနွမ်းနေသော အနီရောင်ဂိတ်တံခါးကြီးနှင့် ဘေးတစ်ဖက်စီရှိ ကျောက်သားခြင်္သေ့ကြီးများကို ကြည့်ကာ လီနန်ခယ့်၏အမူအရာမှာ အလွန်တည်ကြည်နေခဲ့သည်။

"ဒီပညာသင်ဝမ်က အမှုရဲ့ အခက်ခဲဆုံးအစိတ်အပိုင်း ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ တကယ်ကို သတိထားရမယ်"

"ရှင်ပါလာတာပဲ။ သူပြေးမလွတ်ပါဘူး"

လိန်ရှင်းနန်က မျက်တောင်ရှည်ရှည်ကော့ကော့ကြီးများကို တဖျတ်ဖျတ်ခတ်ရင်း ထိုယောက်ျား၏ယုံကြည်မှုကို ဆတိုးမြှင့်တင်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီးမှာ လီနန်ခယ့်၏ အမာခံပရိတ်သတ် မိန်းမငယ်လေးတစ်ဦးနှယ်။

လီနန်ခယ့်က ခေါင်းအသာယမ်းလိုက်သည်။

"ကျွန်တော့်အတွေ့အကြုံနဲ့ အာရုံခံစားမှုအရ အထင်အမြင်ထုတ်ကြည့်ရရင် ဒီပညာသင်ဝမ်က သေချာပေါက် ကြောက်စရာကောင်းပြီး ယှဥ်ရမလွယ်တဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်လိမ့်မယ်။ ဒီအရှုပ်ကို ကျွန်တော်တို့ဖြည်မချနိုင်ရင် အမှုကိုဆက်စုံစမ်းဖို့လည်း ခက်ခဲသွားပြီ"

"တိုတိုပြောရရင် အခုလုပ်မဲ့စစ်မေးမှုက တော်တော်ကိုခက်ခဲလိမ့်မယ်။ လက်ထဲမှာ သက်သေအထောက်အထားပါလာရင်တောင် စိန်ခေါ်မှုတွေကြုံရဦးမှာပဲ။ ကျွန်တော့်အာရုံက ဘယ်တော့မှမလွဲဘူး"

"အဲ့လောက် ကြောက်စရာကောင်းသလား"

ထိုအမျိုးသား၏ သေချာတိကျနေသောလေသံကြောင့် လိန်ရှင်းနန်လည်း ပေါ့ပေါ့တန်တန်သဘောမထားနိုင်တော့ဘဲ စိုးရိမ်စိတ်များလာသည်။

ပညာသင်ဝမ်သည်လည်း သာမန်ပညာသင်သားတစ်ယောက်တော့ ဟုတ်မည့်ပုံမပေါ်။

စိန်ခေါ်မှုအစစ်အမှန်ကား စတင်လေပြီ။

လီနန်ခယ့်သည် မျက်လုံးများကိုမှေးပိတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ရင်ကိုကော့၍ ရှေ့သို့ဆက်လက်ချီတက်သည်။

"သွားကြတာပေါ့။ ကျွမ်းကျင်သူတွေရဲ့ မျက်နှာချင်းဆိုင်တိုက်ပွဲ ဘယ်လောက်ပြင်းထန်သလဲဆိုတာ ကျွန်တော်ခင်ဗျားကိုပြပေးမယ်"

အမျိုးသားသည် အရှိန်အဝါကို အစွမ်းကုန်ထုတ်လွှတ်လိုက်သကဲ့သို့ ရင်ကိုကော့ ခေါင်းကိုမော့ထားသည့်ဟန်မှာ တိုက်ပွဲဝင်သူရဲကောင်းတစ်ယောက်၏ဝိညာဥ်ကို မြင်ယောင်ခံစားရစေသည်။

ဖြောင့်မတ်ရှည်လျားသော ကျောပြင်ကျယ်ကိုကြည့်ရင်း လိန်ရှင်းနန်၏မျက်လုံးများထဲ အလင်းစူးစူးတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

"ကျွန်မတော့ ရှင့်ကိုယုံတယ်"

ဒေါက် ဒေါက်

လီနန်ခယ့် ဂိတ်တံခါးကိုခေါက်လိုက်သည်။

ဂိတ်တံခါး၏ သက်တမ်းမှာ နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်ရာ ဆေးသားများကွာကျနေပြီး အနည်းငယ်ကြမ်းတမ်းဟောင်းနွမ်းသော အထိအတွေ့ကို ခံစားရနိုင်သည်။

ခဏအကြာတွင် တံခါးရွက်များ ဖြည်းဖြည်းချင်းပွင့်ဟလာသည်။

တံခါးကိုဖွင့်ပေးသူမှာ လရောင်ကဲ့သို့ ဖြူစင်သောဝတ်ရုံနှင့် လူငယ်လေးတစ်ဦးဖြစ်ပြီး ချောမောပြေပြစ်သောအသွင်အပြင်၊ ထက်မြက်သောအငွေ့အသက်ရှိ၏။

"ကျွန်မတို့က ညကင်းလှည့်တပ်ဖွဲ့က တာဝန်ရှိသူတွေပါ။ ဝမ်ရှောင်းဖန်ကိုတွေ့ဖို့လာတာပါ"

လိန်ရှင်းနန်က ခါးထက်မှတံဆိပ်ပြားကို ပြလိုက်သည်။

လူငယ်လေးက သူတို့ကိုတစ်ခဏမျှစိုက်ကြည့်နေပြီးမှ ခပ်ဖြည်းဖြည်းဆိုလာသည်။

"ကျွန်တော်ကဝမ်ရှောင်းဖန်ပါ။ ကျွန်တော်လည်း ခင်ဗျားတို့အလာကိုစောင့်နေတာ"

ငါတို့အလာကို စောင့်နေတာတဲ့လား။

ဒါ ထိပ်တိုက်စိန်ခေါ်လိုက်တဲ့ တိုက်ပွဲစကားပဲမဟုတ်လား။

လီနန်ခယ့်ထံမှ အသေအချာဦးနှောက်ဆေးခံထားရသော လိန်ရှင်းနန်မှာ ထိုစကားတစ်ခွန်းနှင့်ပင် ရှေ့ရှိလူငယ်လေးထံမှ မရိုးရှင်းလှသောခံစားချက်ကို ရလိုက်မိသည်။

"ဟုတ်တယ်။ ဝမ်ယင်းယင်းကို ကျွန်တော်သတ်လိုက်တာ"

အလွန်အမင်း မောပန်းနွမ်းနယ်နေဟန်ရသောလူငယ်လေးက ခါးသီးစွာစကားဆက်လာသည်။

"ဝမ်ယင်းယင်းနဲ့လင်ကျောက်ယွဲ့ကို မိုးနီရေတိုက်ခဲ့တာလည်းကျွန်တော်ပါပဲ။ ကျွန်တော့်ကိုဖမ်းသွားကြပါတော့"

“...”

စစ်မေးမှုမစရသေးခင် တရစပ်ဝန်ခံလာသော တရားခံရှေ့ ဆွံ့အနေသော အမှုစစ်နှစ်ယောက်ကို မြင်ယောင်ကြည့်ပါလေ။

လေထုမှာ အတော်လေးအနေခက်ချင်စဖွယ်။

လိန်ရှင်းနန်က ဘေးရှိအမျိုးသားကို ဖြည်းဖြည်းချင်းလှည့်ကြည့်ကာ မပွင့်တပွင့်လေသံလေးဖြင့်ဆိုလာသည်။

"အဲ့လောက်ခက်တဲ့ပုံတော့မပေါ်ဘူး‌နော်"

လီနန်ခယ့်က ထိုစကားကို တစ်လုံးမှမကြားယောင်ပြုကာ တံခါးရွက်ကြီးကိုပွတ်သပ်ပြီး စကားတွေပြောနေခဲ့သည်။

"မာလိုက်တဲ့သစ်သားတံခါး၊ တော်တော်အရည်အသွေးကောင်းတယ်။ ငါ့အိမ်မှာလည်းတပ်ဖို့ တစ်ခုလောက်ဝယ်ရဦးမယ်"

All Chapters