← Chapters

ဒါက မင်းရဲ့ အကောင်းဆုံး တိုက်ခိုက်မှုလား (Part-2)

Vol. 62 Ch. 815

ဒါက မင်းရဲ့ အကောင်းဆုံး တိုက်ခိုက်မှုလား (Part-2)

Vol. 62 Ch. 815

သူသည် ရှောင်တိမ်းခြင်း မရှိပေ။ သူ၏ မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်များဖြင့် လောင်ကျွမ်းနေကာ အဖြူရောင် ဝတ်ရုံစသည် လေတိုက်ခတ်ခြင်းမရှိဘဲ လွှင့်ပျံနေသည်။

ကွဲပြားခြားနားသော သူတော်စင် ကိုယ်ထည်များ၏ အသွေးအသားတို့သည် ပွက်ပွက်ဆူလာပြီး ၊ ရွှေအဆင်းရှိ ရောင်ဝါများက သူ့ခန္ဓာကိုယ်အတွင်းမှ ရစ်ပတ် ထွက်ပေါ်လာသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ပင်။

အဝေးကနေ ကြည့်မည်ဆိုပါက ၊ ရွှေသတ္တုဖြင့် သွန်းလုပ်ထားသော နေမင်းကြီးသည် လူ့လောကကို ထွန်းလင်းစေကာ အရပ်ရှစ်မျက်နှာတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသလိုပင်။

“ ဟမ် !”

“ ကိုယ့်ရဲ့ အကျွမ်းကျင်ဆုံး ဓားလမ်းစဉ်ကို မသုံးဘဲ ခန္ဓာကိုယ်တစ်ခုတည်းနဲ့ ငါ့ရဲ့ လှံကို ဖျက်ဆီးဖို့ ကြံနေတာလား... ဒါ လုံးဝ မဖြစ်နိုင်တဲ့ အိပ်မက်ပဲ “

ဤမြင်ကွင်းကို မြင်လိုက်ရသော ရှောင်ဝူရှန်းသည် မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်သည်။

နတ်ဘုရားလက်နက် အမတမျှော်စင်၌ ရှိစဉ်က စူးချန်ကဲ ထုတ်ဖော်ပြသခဲ့သော အရည်အချင်းမှာ ဓားလမ်းစဉ် တစ်ခုတည်းသာ ရှိသည်။

သူ၏ ကာယစွမ်းအားနှင့် ပတ်သတ်၍ ၊ သူ့ပတ်ဝန်းကျင်ရှိ လူများမှလွဲ၍ ကျန်သူများအနေဖြင့် လုံးဝ မသိရှိကြသေးချေ။

………

“ ဒေဝလာကကို လက်သီးဖြင့် လှဲချခြင်း”

စူးချန်ကဲ၏ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ၊ အလွန် အားကောင်းသော လက်သီးတစ်ချက်သည် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဝုန်း !

ဤလက်သီးတစ်ချက်၏ စွမ်းအားသည် အလွန်ပင် တောက်ပလွန်းပြီး ၊ ကောင်းကင်ယံတွင် တောက်ပသော နေမင်းလိုပင် ၎င်း၏ တောက်ပသော အလင်းတန်းများဖြင့် မိုးကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။

အဆိုပါစွမ်းအား၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ ကောင်းကင်ပြာကြီး တစ်ခုလုံး အောက်သို့ ပြိုကျလာသည့်အလား ထင်မှတ်ရသည်။

မျက်စိရှေ့မှောက်ရှိ ဤမြင်ကွင်းသည် လူတိုင်း၏ စိတ်နှလုံးသားကို အလွန်အမင်း လှုပ်ခတ်သွားစေသည်။

ကောင်းကင်မှ ကျဆင်းလာသော နေမင်းကြီးသဖွယ် တောက်ပသော လက်သီးအလင်း.....

ကောင်းကင်ပြင်ကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသည့် မြေပြင်မှ ထိုးဖောက်ထွက်လာသော လှံအလင်း.....

ဤနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုတွင် ၊ မည်သူက အင်အားကြီး၍ မည်သူက အားနည်းမည်နည်း။

နောက်အခိုက်အတန့်တွင် ရလဒ်သည် လုံးဝ ကွဲပြားခဲ့သည်။

မှော်အတတ် နှစ်ခု ထုတ်လွှတ်လိုက်သော အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု တူညီဟန်ရသော်လည်း ၊ ယင်း၌ ပါဝင်သော အစွမ်းသတ္တိမှာ လုံးဝ ကွဲပြားခြားနားသည်။

စူးချန်ကဲ၏ လက်သီးသည် ဥက္ကာခဲနှင့် တူပြီး၊ ရှောင်ဝူရှန်း၏ လှံမှာ ကျောက်စရစ်ခဲမျှသာ ဖြစ်သည်။

စွမ်းအားနှစ်ခု ထိမိသည့် အခိုက်အတန့်မှာပင် ၊ လှံအလင်းသည် ခံနိုင်ရည် မရှိဘဲ တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

လှံအလင်းကို ဖျက်ဆီးပစ်လိုက်ရုံသာမက ထိုနတ်ဘုရားလှံသည်လည်း ရိုက်ချိုးခံလိုက်ရကာ ပြာမှုန့်များအဖြစ် မိုးကောင်းကင်အနှံ့ ပြန့်ကျဲသွားခဲ့လေသည်။

ဆက်လက်၍ ၊ လက်သီးအလင်း၏ ကြွင်းကျန်စွမ်းအားသည် လျော့ကျမသွားဘဲ ရှောင်ဝူရှန်း၏ ကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

ဘုန်း .....

သွေးအန်သံ!

ရှောင်ဝူရှန်း၏ လက်မောင်းရိုးသည် တစ်ခဏအတွင်းမှာပင် အစိတ်စိတ်အမြွှာမြွှာ ရိုက်ချိုးခံလိုက်ရပြီး ၊ သွေးများက နေရာအနှံ့ ပက်ဖြန်းကျသွားသည်။

အဆိုပါ ကြောက်ခမမ်းလိလိ စွမ်းအားသည် သူ၏ ညာလက်ကို ချိုးဖြတ်ပစ်ခဲ့ပြီးနောက်တွင် ဤမျှပင် ပျောက်ကွယ်မသွားသေးဘဲ သူ၏ ကိုယ်ခန္ဓာထဲသို့ နောက်တစ်ကြိမ် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြန်သည်။

သွေးနှင့် အသားများ ပြည့်နှက်နေသော အပိုင်းအစများသည် ကောင်းကင်အနှံ့ ပြန့်ကျဲသွားခဲ့လေသည်။

ဘုန်း!

ဤမျှ ပြင်းထန်သော စွမ်းအားအောက်တွင် ၊ သူတစ်ကိုယ်လုံးသည် အမြောက်ဆန်တစ်ခုကဲ့သို့ နောက်ပြန် ပစ်သွင်းခံလိုက်ရသည်။

အဝေးတစ်နေရာသို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ပြီး ၊ ထိုဧရိယာတစ်ဝိုက်တွင် မြေကြီးများ အက်ကွဲကာ ပြိုကျသွားခဲ့သည်။

“ ဘုရားရေ.....”

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။

သူတို့သည် စူးချန်ကဲ၏ အထူးကျွမ်းကျင်ဆုံး မဟာလမ်းစဉ်မှာ ဓားလမ်းစဉ်ဟုသာ ထင်မှတ်ခဲ့ကြသည်။

သို့သော် တဖက်လူ၏ ကာယစွမ်းအားသည် ဤမျှထိ အင်အားကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ထို့အပြင် တဖက်လူတွင် ကိုယ်ထည်ခြောက်မျိုး ပိုင်ဆိုင်ထားသည်ကို တွေးမိလိုက်ချိန်တွင် ချွေးအေးများပင် စီးကျလာသည်။

သေချာစဉ်းစားကြည့်လျှင်ဖြင့် မှန်ပေ၏။ ကိုယ်ထည် အမျိုးအစား ခြောက်မျိုးကို ပိုင်ဆိုင်ထားသော လူ့ဘီလူးတစ်ကောင်သည် ကာယစွမ်းအားတွင် မည်သို့ အားနည်းနိုင်မည်နည်း။

သို့သော် ဤအရာအားလုံးကို ရှင်းရှင်းလင်းလင်း တွေးမိသွားပြီးနောက်တွင် ၊ လူတိုင်း ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။

မိမိတို့သည် စူးချန်ကဲကို အထင်ကြီးလွန်းသည်ဟု ထင်မှတ်ခဲ့သော်လည်း ၊ သို့သော် အမှန်တကယ်တန်းတွင် သူတို့သည် စူးချန်ကဲကို အလွန် လျှော့တွက်မိခဲ့ကြောင်း နားလည်သွားခဲ့ကြသည်။

………

“ဒါက မင်း ဒီလောက်ထိ ယုံကြည်ချက်ရှိနေတဲ့ အကောင်းဆုံး တိုက်ခိုက်မှုလား”

“တကယ်ကို ညံ့လွန်းတယ်”

ထိုအချိန်တွင် စူးချန်ကဲသည် လေဟာပြင်ကို ညင်သာစွာ လျှောက်နင်းကာ ရှောင်ဝူရှန်း၏ ရှေ့မှောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။

“ဟားဟား... စူးချန်ကဲ..... မင်း စောင့်ကြည့်နေ....”

“ငါ့ ဖုန်းယွင်လှံခန်းမက.... သေတဲ့အထိ ရန်ငြိုးမကြေဘူး ....”

အပျက်အစီးများထဲတွင် လဲလျောင်းနေသော ရှောင်ဝူရှန်းသည် ဆံပင်များ ဖွာလန်ကျဲနေကာ သူ၏ ခန္ဓာကိုယ်တစ်ဝက်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီ ဖြစ်သည်။

ဖုန်းယွင်လှံခန်းမ၏ လှံနတ်ဘုရားဟု ချီးကျူးခံရသော ထိပ်တန်း တည်ရှိမှုသည် ယနေ့တွင် ဤအခြေအနေထိ ဆိုးရွားစွာ ရိုက်နက်ခံလိုက်ရသည်မှာ စဉ်းစားရန်ပင် ခက်လှသည်။

သူသည် စကားပြောရန်ပင် အလွန် ခက်ခဲနေပြီး၊ စကားလုံးတစ်လုံး ထုတ်ပြောလိုက်တိုင်း ပါးစပ်ထဲမှ သွေးများ ထိန်းမနိုင်သိမ်းမရ အန်ထွက်လာတတ်သည်။

သို့သော် စူးချန်ကဲသည် ဤအရာအတွက် ကရုဏာသက်ခြင်း အနည်းငယ်မျှပင် မရှိချေ။

စူးချန်ကဲသည် တဖက်လူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ မြှောက်တင်လိုက်သည်။

“သေတဲ့အထိ ရန်ငြိုးမကြေဘူးတဲ့လား”

“ဟား၊ မင်း မှားနေပြီ ထင်တယ်...ငါသေမှာ မဟုတ်ဘူး မင်းသေမှာ “

“မင်းတို့ ဖုန်းယွင်လှံခန်းမက ဒီမှာရှိတဲ့ လူတိုင်း သေရမှာ “

အေးစက်သော မျက်နှာထားဖြင့် ပါးစပ်ထဲမှ ထွက်ကျလာသော စူးချန်ကဲ၏ စကားလုံးများသည် ရှောင်ဝူရှန်းကို ရေခဲဂူထဲသို့ ပြုတ်ကျသွားသည့်အလား ခံစားရစေသည်။

……….

တစ်ဖက်တွင်မူ ၊

ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင် နှစ်ဦးဖြစ်သော ကျန်းယွီကျင်းနှင့် ချုးရှောင်တို့သည် ကြယ်စုသခင် ပါရမီရှင် သုံးဦး၏ နှိပ်ကွပ်ခြင်းကို ခံလိုက်ရပြီး၊ လမ်းဘေးခွေးတစ်ကောင်လိုပင် တိုက်ခိုက်နိုင်စွမ်း လုံးဝဆုံးရှုံးသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော အင်အားစုနှစ်ဖွဲ့မှ ကျင့်ကြံသူများမှာ ၎င်းတို့၏ ယုံကြည်ချက်များ ဆုံးရှုံးသွားရုံသာမက စိတ်နှလုံးသားသည်ပင် အောက်ဆုံးသို့ နစ်မြုပ်သွားခဲ့လေသည်။

စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသော ဤစကားလုံးနှစ်လုံးသာလျှင် သူတို့၏ စိတ်ထဲတွင် ဖျတ်ခနဲ့ ထွက်ပေါ်လာခဲ့သည် - သွားပြီ။

မိမိတို့၏ အဓိကခေါင်းဆောင်များသည် နှိမ်နင်းခံလိုက်ရချေပြီ။

သူတို့လို ပုစွန်ဆိတ်လေးများသည် မူလကတည်းက တဖက်လူ၏ ပြိုက်ဘက် မဟုတ်ချေ။ ယခုတွင်မူ ၊ သူတို့တွင် ခုခံဖို့ အခွင့်အရေး နည်းနည်းမျှပင် မရှိတော့ချေ။

“ချန်ကဲ ဆက်ခံသူ အသက်ချမ်းသာပေးပါ....တောင်းဆိုပါတယ် “

သတ္တိနည်းသော ကျင့်ကြံသူများသည် လက်ထဲမှ လက်နက်များကို ပစ်ချကာ စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ လှည့်ကာ ဦးညွှတ်ဒူးထောက်ကြလေသည်။

“ဒီအစီအစဉ်ကို ရှောင်ဝူရှန်းတစ်ယောက်တည်း စီစဉ်ခဲ့တာ ... ကျွန်တော်တို့ ချန်ကဲဆက်ခံသူကို ပစ်မှားဖို့ လုံးဝ ဆန္ဒမရှိခဲ့ပါဘူး”

“ဟုတ်ပါတယ် ချန်ကဲ ဆက်ခံသူ ..ဒီကိစ္စဟာ ရှောင်ဝူရှန်း ဒီအမြင်မရှိတဲ့ကောင်ကြောင့်ပါ.... ကျွန်တော်တို့နဲ့ လုံးဝ မဆိုင်ပါဘူး”

“ချန်ကဲ ဆက်ခံသူ ကျေးဇူးပြုပြီး သက်ညှာပေးပါ .... ကျွန်တော်တို့ ကျေးဇူးဆပ်ပါမယ်၊ ချန်ကဲ ဆက်ခံသူကို ဘယ်တော့မှ ဒုက္ခမရှာတော့ပါဘူး”

……..

All Chapters