← Chapters

အခန်း (၇၁၉-၇၂၀)

Vol. 52 Ch. 719-720

အခန်း (၇၁၉-၇၂၀)

Vol. 52 Ch. 719-720

အပိုင်း (၇၁၉) - သွေးမိစ္ဆာဓား

ဟန်လိသည် နန်ကုန်းဝမ်၏ စီနီယာအစ်မကြီးကို အေးအေးဆေးဆေးပင် ပြန်လည်တုံ့ပြန်လိုက်သည်။

"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ မင်း ဘာလို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲဆိုတာကတော့ အရေးကြီးတယ်။ နှလုံးသားချုပ်နှောင်ခြင်းအတားအဆီးတံဆိပ်ပြားကို ငါတို့ဆီ ပေးလိုက်ရုံပါပဲ၊ ဒါဆိုရင် မင်းကို ငါတို့ ချက်ချင်း လွှတ်ပေးမှာပါ။ သွေးမိစ္ဆာဓားနဲ့ ပတ်သက်လို့ကတော့ ငါ အဲဒါကို မသိပေမဲ့ ကြောက်စရာလို့တော့ မထင်ဘူး။ အဲဒီအပေါ်မှာ အများကြီး အားမကိုးတာ မင်းအတွက် ပိုကောင်းလိမ့်မယ်"

အေးစက်သောအမျိုးသမီးသည် ဟန်လိကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တွန့်လိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ တကယ်လို့ မင်းသာ သွေးမိစ္ဆာဓားအကြောင်း သိရင် ဒီလောက်အထိ ရဲရဲဝံ့ဝံ့ ပြောရဲမှာ မဟုတ်ဘူး။ ငါ မင်းကို အရင်သတ်ပြီးမှ ဂျူနီယာညီမလေးနန်ကုန်း စိတ်ပြောင်းမပြောင်း ကြည့်ရတာပေါ့"

ချက်ချင်းဆိုသလိုပင် သူမသည် လျှာဖျားကို ကိုက်လိုက်ပြီး သေးငယ်သော သွေးနီရောင်ဓားလေးပေါ်သို့ သွေးအနှစ်သာရ မြူခိုးအမြောက်အမြားကို မှုတ်ထုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့် မန္တာန်လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်သည်။ တောက်ပသော သွေးနီရောင်အလင်းတန်းတစ်ခုနှင့်အတူ ထိုဓားငယ်လေးသည် သုံးပေခန့်အထိ ကြီးမားလာပြီး ၎င်း၏ ယုတ်မာရက်စက်လှသော အသွင်အပြင်ကို ထုတ်ဖော်ပြသလိုက်တော့သည်။ ၎င်းမှ ထွက်ပေါ်နေသော သွေးနံ့များမှာလည်း ပိုမို ရွံရှာဖွယ်ကောင်းပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် အေးစက်သောအမျိုးသမီးသည် ထိုဓား၏ ဓားရိုးကို မဆင်မခြင် ဆုပ်ကိုင်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအား အားလုံးကို ထိုသွေးနီရောင်ဓားအတွင်းသို့ စတင်ထည့်သွင်းလိုက်ရာ ဓားကိုယ်ထည်မှာ စူးရှသော အလင်းတန်းများဖြင့် တောက်ပလာတော့သည်။

"မြန်မြန် လှုပ်ရှား။ သူမကို အရင် တိုက်ခိုက်ခွင့် မပေးနဲ့။"

နန်ကုန်းဝမ်သည် သူမ၏တည်ငြိမ်မှုများကို ထိန်းမထားနိုင်တော့ဘဲ ဟန်လိကို ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမသည် သွေးမိစ္ဆာဓား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာ သိရှိထားသဖြင့် ဟန်လိ၏ စကားအပေါ် အပြည့်အဝ ယုံကြည်မှု မရှိနိုင်ခဲ့ချေ။

သူမ၏ နတ်ဘုရားဝင်စားခြင်းအလင်းကို အပြီးသပ် စုစည်းခြင်း မပြုနိုင်သေးမီမှာပင် သူမသည် ဦးခေါင်းထက်ရှိ ကြီးမားသော အလင်းအတားအဆီးကို ညွှန်ပြလိုက်သည်။ အလင်းအမိုးခုံးမှာ တုန်ခါသွားပြီး လျင်မြန်စွာ စတင်လည်ပတ်တော့သည်။ ခဏအကြာတွင် လှပသော မြစိမ်းရောင်အလင်းတန်းတစ်ခုမှာ အေးစက်သောအမျိုးသမီးထံသို့ ချက်ချင်း ပျံသန်းသွားတော့သည်။

အေးစက်သောအမျိုးသမီးသည် ဤသည်ကို မြင်သောအခါ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး တြိဂံပုံစံ အလံလေးကို ပစ်လွှတ်လိုက်သည်။ ထိုအလံသည် သူမ၏လက်မှ ထွက်သွားသည်နှင့် ထူးဆန်းသော အစိမ်းရောင် မြူတိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ဟန့်တားလိုက်တော့သည်။

မြစိမ်းရောင်အလင်းတန်းသည် အစိမ်းရောင်မြူခိုးများကို ထိမှန်သည်နှင့် မြစိမ်းရောင်အလင်းအတွင်းမှ နဂါးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုနဂါးသည် တိုက်ပွဲတွင် အသာစီးရသွားပြီး မြူခိုးများကို ထိုးခွဲရန်အတွက် အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်သည်။ သို့သော်လည်း စွဲကပ်တတ်သော ရောဂါတစ်ခုကဲ့သို့ပင် မြူခိုးအလွှာတစ်ခုမှာ နဂါး၏ကိုယ်ပေါ်တွင် တွယ်ကပ်နေပြီး လွတ်မြောက်ခွင့် မပေးခဲ့ချေ။

နန်ကုန်းဝမ်သည် ဤမြင်ကွင်းကြောင့် မျက်နှာပျက်သွားသော်လည်း အေးစက်သောအမျိုးသမီး၏ မျက်နှာတွင်မူ ဝမ်းသာရိပ်အချို့ ပေါ်လာသည်။

ထို့နောက် အေးစက်သောအမျိုးသမီးသည် သွေးနီရောင်ဓားဖြင့် လေထုကို ပိုင်းဖြတ်လိုက်ရာ ဟန်လိ၏ ဦးခေါင်းထက်သို့ ဦးတည်သွားတော့သည်။ ဟင်းလင်းပြင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာပြီး ဆယ်ပေခန့်ကျယ်သော ဓားချီလှိုင်းတစ်ခုမှာ သူ၏ထံသို့ တိုးဝင်လာခဲ့သည်။

ထိုဓားချီမှာ သွေးကဲ့သို့ နီမြန်းနေ၏။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်ရင်း မည်သည့် အဟန့်အတားမျှမရှိဘဲ ရှေ့သို့ ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။

အေးစက်သောအမျိုးသမီးသည် သူမ၏စွမ်းအား အများစုကို အသုံးချကာ တိုက်ခိုက်ပြီးနောက် သူမ၏ မျက်နှာမှာ ခဏအတွင်း အဆမတန် နီမြန်းသွားခဲ့သည်။ ထို့နောက် အလင်းတစ်ချက် လက်သွားပြီး သွေးနီရောင်ဓားမှာ မူလ အရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။

ဓားချီသည် လေထုကို ဖြတ်သန်းသွားစဉ် အနီးနားရှိ ဝိညာဉ်ချီများမှာ မြစ်ပေါင်း တစ်ထောင် စီးဆင်းလာသကဲ့သို့ အရှိန်အဟုန်ဖြင့် ရှေ့သို့ စီးဝင်သွားကြပြီး သွေးဓားချီကို ဆွဲခေါ်ကာ ဖုံးကွယ်ထားလိုက်သည်။ ဟန်လိသည် သူ၏ခန္ဓာကိုယ်မှာ တင်းကျပ်သွားပြီး ရုတ်တရက် ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မန္တာန်များ ဖော်ဆောင်ရန်နေနေသာသာ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ချေ။ သူသည် သူ၏ထံသို့ ဖြည်းညင်းစွာ တိုးဝင်လာနေသော ဓားချီကိုသာ စိုက်ကြည့်နေနိုင်တော့သည်။

နန်ကုန်းဝမ်၏ မက်နှာမှာ ဤသည်ကို မြင်သောအခါ သေလူကဲ့သို့ ဖြူဖျော့သွားသော်လည်း သူမ၏ စီနီယာအစ်မကြီးကမူ လှောင်ပြုံးပြုံးလိုက်သည်။

၎င်းတို့နှစ်ဦးစလုံးမှာ ဟန်လိသည် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရတော့မည်ဟု ယုံကြည်နေကြသော်လည်း ဟန်လိသည် သွေးဓားချီကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ မိုးကြိုးပစ်သံများနှင့်အတူ ရွှေရောင်အလင်းတန်းများ ရူးသွပ်စွာ လက်သွားပြီးနောက် ဟန်လိ၏ ပတ်ပတ်လည်တွင် ရွှေရောင်ဖျော့ဖျော့ လျှပ်စီးပိုက်ကွန်တစ်ခု ပေါ်ပေါက်လာတော့သည်။

အေးစက်သောအမျိုးသမီးသည် ဤမြင်ကွင်းကြောင့် ကြောင်သွားရသည်။ သူမ တုံ့ပြန်ရန်ပင် အချိန်မရမီမှာပင် သွေးဓားချီသည် လျှပ်စီးပိုက်ကွန်ကို ရိုက်ခတ်လိုက်တော့သည်။

နတ်ဘုရားလျှပ်စီးနှင့် သွေးချီဓာတ်တို့ ထိပ်တိုက်တွေ့ဆုံလိုက်သဖြင့် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကြီးမားလှသော ဓားချီက ရွှေရောင်ပိုက်ကွန်ကို ဖောက်ထွက်ရန် အသည်းအသန် ကြိုးစားနေသော်လည်း သေးသွယ်သော လျှပ်စီးမျှင်များကို ပိုင်းဖြတ်နိုင်စွမ်း မရှိခဲ့ချေ။ ထိုအစား ရွှေရောင်ပိုက်ကွန်မှာ ငါးတစ်ကောင်ကို ဖမ်းယူသကဲ့သို့ ဓားချီကို တဖြည်းဖြည်း လွှမ်းခြုံသွားတော့သည်။

ထို့နောက် ဟန်လိ၏ ပတ်ပတ်လည်ရှိ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီး ပိုက်ကွန်မှာ ပျောက်ကွယ်သွားပြီး ဓားချီကို အလုံးစုံ လွှမ်းခြုံရန်အတွက် လျင်မြန်စွာ ရွှေ့လျားသွားတော့သည်။

ဟန်လိသည် လေထဲတွင် လျှပ်စီးဖြင့် ချုပ်နှောင်ခံထားရသော ဓားချီကို အံ့ဩရိပ်အချို့ဖြင့် ကြည့်လိုက်မိသည်။ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးသည် မိစ္ဆာများကို နှိမ်နင်းနိုင်စွမ်း ရှိသော်လည်း ဤဓားချီကို ထိန်းချုပ်ရန်အတွက် လျင်မြန်စွာ ကုန်ဆုံးနေပုံရသည်။ သူ၏ လျှပ်စီးစွမ်းအား သုံးပုံတစ်ပုံခန့်ကိုသာ ထုတ်မသုံးခဲ့ပါက ဤရက်စက်ကြမ်းတမ်းလှသော ဓားချီကို ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်။

တကယ်တော့ ဤသည်မှာ သူ၏ နတ်မိစ္ဆာနှိမ်နင်းခြင်းလျှပ်စီးဖြင့် အလွယ်တကူ မနှိမ်နင်းနိုင်သော မိစ္ဆာတာအို ရတနာတစ်ခုနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ဤအတိုင်း ဆက်သွားပါက သွေးဓားချီရော လျှပ်စီးများပါ ပျောက်ကွယ်သွားနိုင်ပေသည်။ ဤသည်မှာ သူ ခွင့်ပြုနိုင်သည့် ကိစ္စမဟုတ်ချေ။

ထိုသို့တွေးရင်း ဟန်လိသည် သုန်မှုန်သော မျက်နှာထားဖြင့် လက်ကို မြှောက်လိုက်ပြီး သွေးနီရောင်ဓားချီကို ထိန်းချုပ်ထားသော လျှပ်စီးပိုက်ကွန်ပေါ်သို့ လျှပ်စီးတန်း နှစ်ခုကို ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။

စွမ်းအားများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ရွှေရောင်လျှပ်စီးများသည် ဓားချီကို အနိုင်ယူနိုင်ခဲ့ပြီး လေထဲတွင် သွေးနီရောင် မြူခိုးအစအနလေး တစ်ခုသာ ကျန်ရှိတော့သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ဟန်လိက လေထဲရှိ ရွှေရောင်လျှပ်စီးကို ညွှန်ပြလိုက်၏။ ၎င်းသည် ထိုမြူခိုးများကို လုံးဝ လွှမ်းခြုံလိုက်ပြီး လက်သီးဆုပ်ခန့်ရှိသော ရွှေရောင်အလုံးလေးတစ်ခုအဖြစ် စုစည်းလိုက်တော့သည်။ ၎င်းမှာ သူ၏လက်ထဲသို့ ကျရောက်လာသည့်အခါ သူသည် သူ၏မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်သည်။

ဤမြင်ကွင်းကြောင့် အေးစက်သောအမျိုးသမီးမှာ လုံးဝ ဆွံ့အသွားပြီး သူမ၏မျက်နှာတွင် မယုံနိုင်စရာများဖြင့် ပြည့်နှက်နေတော့သည်။ နန်ကုန်းဝမ်သည်လည်း သူမ၏ပါးစပ်ဟောင်းလောင်းလေး ဟသွားသည်အထိ အံ့ဩတုန်လှုပ်သွားရသည်။

သွေးမိစ္ဆာဓား၏ အစွမ်းကုန် တိုက်ခိုက်မှုကို အချည်းနှီး ဖြစ်သွားစေသည်မှာ အမျိုးသမီးနှစ်ဦးလုံးအတွက် မယုံနိုင်စရာ ကိစ္စပင် ဖြစ်သည်။

ဤဓားသည် ကောင်းကင်တောင်ပိုင်းတွင် စတင် ပေါ်ထွက်လာကတည်းက ၎င်းသည် ရှေးဟောင်းရတနာလား သို့မဟုတ် မှော်ရတနာလား ဆိုသည်မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။ ဤဓားသည် သာမန်မှော်ရတနာများကဲ့သို့ ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားနိုင်သော်လည်း ရှေးဟောင်းရတနာများကဲ့သို့ ပိုင်ရှင်ကိုယ်တိုင် သန့်စင်ပြုပြင်ရန်မှာ မဖြစ်နိုင်ချေ။ ထိုသို့ဖြစ်လင့်ကစား ၎င်းသည် အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်လှပေသည်။

တစ်စုံတစ်ဦးက ထိုဓား၏ ဟင်းလင်းပြင် ပိုင်းဖြတ်မှုကို ကြိုတင် ရှောင်တိမ်းနိုင်ခြင်း မရှိပါက ၎င်းကို တားဆီးရန် နည်းလမ်းမရှိချေ။ ဤတိုက်ခိုက်မှုကို တားဆီးရန် အသုံးပြုသော မည်သည့် မန္တာန် သို့မဟုတ် မှော်ရတနာမဆို နှစ်ပိုင်း ပိုင်းဖြတ်ခြင်း ခံရမည်မှာ သေချာသလောက်ရှိသည်။ ဓားအသုံးပြုသူအတွက်မူ သွေးအနှစ်သာရနှင့် အသက်စွမ်းအား အမြောက်အမြားကို အသုံးမပြုပါက မိစ္ဆာချီနောက်ဆက်တွဲဒဏ်ကို သတိထားရပေမည်။

အဘယ်ကြောင့်ဆိုသော် ထိုဓားကို အသုံးပြုချိန် ကြာလာသည်နှင့်အမျှ အသုံးပြုသူ၏ မူလအနှစ်သာရမှာ မိစ္ဆာချီများဖြင့် တဖြည်းဖြည်း ညစ်ညမ်းလာသောကြောင့် ဖြစ်သည်။ အကယ်၍ မိစ္ဆာချီများ အလွန်အမင်း စုပုံလာပါက မိစ္ဆာချီနောက်ဆက်တွဲဒဏ်ကို ခံစားရမည်ဖြစ်ပြီး အသိဉာဏ်များ ပျောက်ဆုံးကာ သေဆုံးသည်အထိ ရူးသွပ်နေသော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ကောင်းကင်တောင်ပိုင်း တစ်ခုလုံးတွင် ဤကဲ့သို့သော "မိစ္ဆာလက်နက်များ" အနည်းငယ်သာ ရှိပေသည်။ ၎င်းမှာ ကြောက်ရွံ့ခြင်းနှင့် အထင်ကြီးခြင်းတို့ကို တစ်ပြိုင်တည်း ခံရသော အမည်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဟန်လိသည် သွေးဓားချီကို လူစုခွဲပြီးနောက် အမျိုးသမီးနှစ်ဦးလုံး အံ့ဩတုန်လှုပ်ရာမှ မနိုးထမီမှာပင် ဆက်လက် လှုပ်ရှားလိုက်သည်။ ပြင်းထန်သော လေတိုးသံနှင့်အတူ သူသည် သူ၏အထက်တွင် ဝဲပျံနေသော ရွှေဝါးမြိုခြင်းပိုးတောင်မာများကို အမိန့်ပေးလိုက်ရာ ၎င်းတို့သည် အော်မြည်သံပေးကာ ခန်းမအတွင်းသို့ ပိုမို ပျံ့နှံ့သွားပြီး အေးစက်သောအမျိုးသမီးထံသို့ ဦးတည် တိုက်ခိုက်လာ၏။

ဟန်လိ၏ လှုပ်ရှားမှုက အေးစက်သောအမျိုးသမီးကို သူမ၏ ငေးမောမှုအတွင်းမှ နိုးထလာစေသည်။ ဒေါသနှင့် ထိတ်လန့်မှုများကြားမှ သူမသည် ပါးစပ်ကို ဖွင့်လိုက်ပြီး သေးငယ်သော ငွေရောင်ဓားလေးတစ်လက်ကို မှုတ်ထုတ်လိုက်ကာ သူမ၏လက်များဖြင့် မန္တာန်လက်ကွက်တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။ ငွေရောင်ဓားမှာ တောက်ပစွာ လက်သွားပြီး မျက်စိကျိန်းလောက်သော ငွေရောင်အလင်း အတားအဆီးတစ်ခုကို ဖန်တီးလိုက်တော့သည်။

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ငွေရောင်ဓားမှာ တုန်ခါသွားပြီး အတားအဆီးအတွင်းမှ တိုးဝင်လာသော ရွှေရောင်ပိုးတောင်မာ အုပ်စုကြီးထံသို့ ဓားအလင်းမျှင်များ ထောင်နှင့်ချီ၍ ပစ်လွှတ်လိုက်တော့သည်။

"ဓားအလင်းမျှင်တွေလား။"

ဟန်လိသည် မျက်မှောင်ကြုတ်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ နန်ကုန်းဝမ်၏ စီနီယာအစ်မကြီးမှာ မူလက ဓားကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်ကိုး။ သူမတွင် ဓားအမျိုးအစား မှော်ရတနာများစွာ ရှိနေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

နောက်တစ်ခဏတွင် ငွေရောင်မျှင်များသည် ရွှေရောင်အင်းဆက်တိမ်တိုက်ကို ထိမှန်သွားတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မရေမတွက်နိုင်သော ရွှေရောင်အခွံများသည် ကောင်းကင်မှ ကျဆင်းလာပြီး အင်းဆက်အုပ်စုကြီးမှာ အတော်လေး ကျဲသွားခဲ့သည်။ ငွေရောင်ဓားမျှင်များ ထိမှန်သည့် နေရာတိုင်းတွင် ပိုးတောင်မာတိမ်တိုက်ကြီးအတွင်း၌ အပေါက်များ ဖြစ်ပေါ်နေခဲ့သည်။

ဟန်လိမှာ စိတ်မချမ်းမသာ ဖြစ်သွားရ၏။ သူ အသေအချာ ဂရုစိုက် ပြုစုပျိုးထောင်ထားခဲ့သော ရွှေဝါးမြိုခြင်းပိုးတောင်မာများမှာ အခုထိ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူးလား။

အေးစက်သောအမျိုးသမီးမှာမူ တိုက်ခိုက်မှုရလဒ်ကြောင့် စိတ်သက်သာရာ ရသွားသည်။ နောက်ထပ် တိုက်ခိုက်မှု အနည်းငယ်သာ ထပ်လုပ်လိုက်ပါက ဤထူးဆန်းသော အင်းဆက်အုပ်စုကြီးကို လုံးဝ သုတ်သင်နိုင်လိမ့်မည်ဟု သူမ ထင်လိုက်သည်။ ၎င်းတို့ကို ကြောက်နေရန် မလိုသည့်ပုံပင်။

သို့သော်လည်း ဟန်လိ၏ စိတ်ပျက်မှုမှာ မကြာမီမှာပင် ဝမ်းသာမှုအဖြစ် ပြောင်းလဲသွားသည်။ တိုက်ခိုက်မှုကြောင့် ပြုတ်ကျသွားသော ပိုးတောင်မာများမှာ ပြန်လည် လှုပ်ရှားလာကြခြင်းကြောင့်ပင်။ စူးရှသောအော်သံနှင့်အတူ ၎င်းတို့သည် ပြန်လည် ပျံသန်းလာကြပြီး ကျန်ရှိသော ပိုးတောင်မာများနှင့်အတူ အေးစက်သောအမျိုးသမီးထံသို့ ဆက်လက် တိုးဝင်သွားကြတော့သည်။

ထိုအခိုက်အတန့်တွင် အစိမ်းရောင်မြူခိုးများအတွင်းမှ ဖီးနစ်ငှက်၏ အော်မြည်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နေမင်းတစ်ထောင်၏ အရောင်အဝါများကဲ့သို့ တောက်ပသော အလင်းတန်းများမှာ မြူခိုးများကို သန့်စင်စွာ ဖယ်ရှားလိုက်ကာ အတွင်းမှ နီနီရဲရဲ ဟင်္သာငှက်လမင်းတစ်စင်းကို ထုတ်ဖော်ပြသလိုက်တော့သည်။ ထိုလမင်းမှာ အလင်းတန်းများဖြင့် ဝင်းလက်နေပြီး အေးစက်သောအမျိုးသမီး၏ အတားအဆီးထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

အေးစက်သောအမျိုးသမီး၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ ရုတ်တရက် အလင်းအတားအဆီးမှာ သူမ၏ပတ်ပတ်လည်တွင် လည်ပတ်သွားပြီး သူမ၏ခန္ဓာကိုယ်မှာ အနက်နှင့်အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမအတွင်းမှ ထွက်ပြေးရန် ကြိုးစားလိုက်တော့သည်။

ဤတိုက်ခိုက်မှုများအပြီးတွင် ထိုအမျိုးသမီးသည် ဟန်လိနှင့်နန်ကုန်းဝမ်တို့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရန် အင်မတန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားလေ၏။ ထို့ကြောင့် သူမသည် ဂူဗိမာန်အတွင်းမှ ထွက်ပြေးကာ စစ်ကူများ ခေါ်ယူပြီးမှ ၎င်းတို့နှစ်ဦးကို ပြန်လည် ဖမ်းဆီးရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ဟန်လိနှင့်နန်ကုန်းဝမ်တို့မှာ အင်မတန် အစွမ်းထက်လှသည် မှန်သော်လည်း လမျက်နှာဖုံးဂိုဏ်း၏ များပြားလှသော တပည့်တပန်းများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူမ ဤနေရာကနေ အပြင်ဘက်သို့ ရောက်သွားသည်နှင့် လမျက်နှာဖုံးဂိုဏ်း၏ ဂိုဏ်းစောင့်အစီအရင်များကို အသက်သွင်းကာ သူတို့နှစ်ဦးမှာ အတွင်း၌ ပိတ်လှောင်ထားခြင်း ခံရနိုင်သည် မဟုတ်ပါလား။

အပိုင်း (၇၂၀) - နောက်ထပ် လက်စွပ်တစ်ကွင်း

နန်ကုန်းဝမ်၏ ဟင်္သာငှက်လမင်းမှာ သူမစီနီယာအစ်မကြီးကို လိုက်လံဖမ်းဆီးရာတွင် အနည်းငယ် နှေးကွေးနေသဖြင့် စီနီယာအစ်မကြီးအတွက် မျက်နှာကျက်ဆီသို့ ပျံတက်ကာ လွတ်မြောက်ဖို့အတွက် တိုက်ခိုက်ရန် အခွင့်အရေး ရသွားတော့သည်။

တိုးညင်းသော လေတိုးသံတစ်သံနှင့်အတူ မျက်နှာကျက်မှ အနီရောင်အလင်းတန်းတစ်ခု လက်သွားသော်လည်း ပျက်စီးသွားခြင်း မရှိဘဲ ကျောက်တုံးအစအန အနည်းငယ်သာ ပြုတ်ကျလာခဲ့သည်။

အေးစက်သောအမျိုးသမီးမှာ အံ့အားသင့်သွားရသည်။ ဘာဖြစ်သွားသည်ကို သူမ သဘောမပေါက်မီမှာပင် မျက်နှာကျက်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး အနက်ရောင်၊ ရွှေရောင်နှင့် ငွေရောင်ရှိသော ပိုးတောင်မာ အုပ်စုကြီးများမှာ ထိုအတွင်းမှ ထွက်ပေါ်လာတော့သည်။ ၎င်းတို့သည် တဝီဝီ မြည်ဟီးရင်း အခန်း၏ အလယ်တွင် လျင်မြန်စွာ စုစည်းလိုက်ကြပြီး သုံးရောင်ခြယ် ဒိုင်းလွှာကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။

အေးစက်သောအမျိုးသမီးသည် ထိတ်လန့်သွားလေပြီ။ သူမ ဘာမျှ မစဉ်းစားနိုင်တော့ဘဲ လက်ဝှေ့ယမ်းလိုက်ရာ သူမ၏ လက်ချောင်းများကြားတွင် ငွေရောင်မန္တာန်အဆောင်တစ်ခု ပေါ်လာတော့သည်။

နန်ကုန်းဝမ်သည် ဤသည်ကို မြင်သောအခါ သူမစီနီယာအစ်မကြီး ဘာလုပ်တော့မည်ကို အလိုလို သိရှိလိုက်သည်။ သူမ၏ မျက်နှာမှာ ချက်ချင်း သုန်မှုန်သွားပြီး နတ်ဘုရားဝင်စားခြင်းအလင်းကို အသုံးမပြုတော့ဘဲ သူမ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သေးငယ်သော အနီရောင်အလံလေး တစ်ခုမှာ သူမ၏လက်ထဲတွင် ပေါ်လာပြီး ၎င်းကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်တော့သည်။

အေးစက်သောအမျိုးသမီးသည် လက်ကို ဝှေ့ယမ်းကာ သူမလက်ထဲရှိ မန္တာန်အဆောင်ကို အသက်သွင်းလိုက်သည်။ မန္တာန်အဆောင်သည် ဝါရောင်အလင်းလုံးတစ်ခုအတွင်း လွှမ်းခြုံခံရလျက် သူမ၏လက်မှ ပျံထွက်သွားပြီး ကြယ်တံခွန်တစ်ခုနှယ် မျက်နှာကျက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ ဝါရောင်အလင်းတန်းမှာ ကြီးမားလှသော ဒိုင်းလွှာကို ဘာမှမရှိသည့်အလား ဖြတ်ကျော်သွားပြီး ခန်းမ၏ မျက်နှာကျက်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် နန်ကုန်းဝမ်သည် မန္တာန်ရွတ်ဆိုခြင်းကို အပြီးသတ်လိုက်ပြီး သူမဂူဗိမာန်ရှိ လျှို့ဝှက်အတားအဆီးများကို အသက်သွင်းလိုက်တော့သည်။ ခန်းမတစ်ခုလုံးသည် အနီရောင်အလင်းတန်းများဖြင့် တောက်ပလာပြီး မျက်နှာကျက်အပါအဝင် မျက်နှာပြင် အားလုံးမှာ မျက်စိကျိန်းလောက်သော အလင်းအတားအဆီးတစ်ခုဖြင့် ဝိုင်းရံခြင်း ခံလိုက်ရသည်။

အေးစက်သောအမျိုးသမီး ပစ်လွှတ်လိုက်သော ကြယ်တံခွန်၏ မွေးရာပါရန်သူတော်အလား ထိုအလင်းတန်းမှာ အလင်းအတားအဆီးနှင့် ထိမှန်သည်နှင့်တစ်ပြိုင်နက် လုံးဝ ရပ်တန့်သွားပြီး ၎င်းအပေါ်တွင် တံဆိပ်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။ ထို့နောက် ကျယ်ပြန့်လှသော အနီရောင်အလင်းများ စုစည်းလာပြီး ၎င်းကို ပတ်ပတ်လည် လွှမ်းခြုံလိုက်တော့သည်။

နန်ကုန်းဝမ်၏ စီနီယာအစ်မကြီးမှာ ဤရုတ်တရက် အပြောင်းအလဲကြောင့် အံ့အားသင့်သွားရသော်လည်း အတွေ့အကြုံရင့်ကျက်သော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ဤသည်မှာ မည်သည့်အတားအဆီးဖြစ်မှန်း ချက်ချင်း သိရှိလိုက်သည်။ သူမသည် သုန်မှုန်သော မျက်နှာထားဖြင့် လက်ချောင်းကို တောက်လိုက်ရာ သူမ၏လက်မှ အရိုးကွဲမတတ် အေးစက်လှသော အဖြူရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ပိတ်မိနေသော မန္တာန်အဆောင်ကို တစ်ပတ်ဝဲပျံလိုက်ပြီး ၎င်းကို ချုပ်နှောင်ထားသော အနီရောင်အလင်းများကို လျင်မြန်စွာ တစစီ ခွဲထုတ်ပစ်လိုက်သည်။

အေးစက်သောအမျိုးသမီးမှာ ထိုရလဒ်ကြောင့် ဝမ်းသာသွား၏။ အဝါရောင်အလင်းတစ်ချက် လက်သွားပြီးနောက် သူမသည် တစစီခွဲထုတ်ခံလိုက်ရသော အနီရောင်အလင်းတန်းများကြားရှိ ဟာကွက်မှတစ်ဆင့် မျက်နှာကျက်ဆီသို့ ချက်ချင်း ပျံတက်လိုက်တော့သည်။

သို့သော် သူမ ထိုဟာကွက်၏ တစ်ဝက်ခန့်သို့ ရောက်ရှိချိန်မှာပင် ခရမ်းရောင်အလင်းတန်းတစ်ခုမှာ သူမ၏ရှေ့၌ ရုတ်တရက် လက်သွားတော့သည်။ တစ်စုံတစ်ခုမှာ သူမကို ရုတ်တရက် လွှမ်းခြုံလိုက်ပြီး ခန်းမမျက်နှာကျက်ဆီမှ အတင်းအကျပ် ဆွဲချလိုက်တော့သည်။

တိုးညင်းသော ရယ်မောသံတစ်ခုနှင့်အတူ အဖြူရောင်ပုံရိပ်တစ်ခု ဝိုးတဝါး ပေါ်လာလာသည်။ ထိုပုံရိပ်မှာ အဖြူရောင်ဝတ်စုံဝတ် မိန်းမပျိုလေးတစ်ဦး ဖြစ်နေတော့သည်။ ငွေရောင်လသည် မျက်နှာကျက်မှ ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်ပြီး သူမ၏လက်ထဲတွင် ဖောက်ထွင်းမြင်ရသော ခရမ်းရောင်ကြိုးမျှင် တစ်ခုကို ကိုင်ထားသည်။ ခရမ်းရောင်ကြိုးမျှင်၏ အခြားတစ်ဖက်မှာမူ အေးစက်သောအမျိုးသမီး၏ ခန္ဓာကိုယ်ထံသို့ တိုက်ရိုက် ဦးတည်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် နန်ကုန်းဝမ်၏ စီနီယာအစ်မကြီးသည် သူမ၏ခန္ဓာကိုယ်မှာ တောက်ပနေသော ခရမ်းရောင်ကြိုးမျှင်များဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်တစ်ခုအတွင်း လွှမ်းခြုံခံထားရမှန်း သိလိုက်ရသည်။ ထိုကြိုးမျှင်များမှာ မျက်စိဖြင့် ကြည့်လျှင်ပင် မြင်နိုင်ရုံမျှသာ ရှိပေသည်။

အေးစက်သောအမျိုးသမီးသည် ထိတ်လန့်တကြားဖြင့် သူမ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ အနက်နှင့်အဖြူရောင် ဓားချီပေါင်း ဆယ်ဂဏန်းခန့် ထွက်ပေါ်လာတော့သည်။ သူမသည် ပါးစပ်မှ ထူထပ်လှသော အစိမ်းရောင်မီးတောက်များကို ထိုခရမ်းရောင်ပိုက်ကွန်ပေါ်သို့ မှုတ်ထုတ်လိုက်တော့သည်။

ပိုက်ကွန်မှ ခရမ်းရောင်အလင်းတန်းများ ပိုမိုတောက်ပလာခဲ့သည်။ သို့သော် အစိမ်းရောင်မီးတောက်ဖြစ်စေ၊ အနက်နှင့်အဖြူရောင် ဓားချီဖြစ်စေ ထိုခရမ်းရောင်ကြိုးမျှင်များကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြချေ။

အေးစက်သောအမျိုးသမီးမှာ ဤမြင်ကွင်းကြောင့် တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမသည် လျှို့ဝှက်အတားအဆီးတစ်ခုကို အသုံးပြုရန်အတွက် သူမ၏ အသက်စွမ်းအား အမြောက်အမြားကို အသုံးချရန် ဆုံးဖြတ်လိုက်စဉ်မှာပင် ငွေရောင်လသည် ပြုံးလိုက်ပြီး ခရမ်းရောင်ကြိုးမျှင်ကို ဆွဲလိုက်ကာ "ချုပ်နှောင်စမ်း" ဟု အမိန့်ပေးလိုက်တော့သည်။

မူလက လျော့ရဲနေသော ပိုက်ကွန်မှာ ချက်ချင်း တင်းကျပ်သွားပြီး အေးစက်သောအမျိုးသမီးကို လုံးဝ ချုပ်နှောင်လိုက်သဖြင့် သူမမှာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

ထိုအမျိုးသမီး၏ မျက်နှာမှာ သွေးရောင်လွှမ်းသွားသည်။ သူမ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိကတည်းက အမြဲတမ်း ရိုသေလေးစားခြင်း ခံခဲ့ရသူ ဖြစ်သည်။ သူမသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ၊ အထူးသဖြင့် သူမ စဦးစိတ်ဝိညာဉ်အလယ်အဆင့်သို့ ရောက်ပြီးကတည်းကပင်။ ရှက်ဒေါသများဖြင့် သူမ၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အရိပ်အယောင်များ ပေါ်လာပြီး သူမ၏ တစ်ကိုယ်လုံးမှာ အံ့မခန်းလှသော အလင်းတန်းများဖြင့် တောက်ပလာတော့သည်။ ခေတ္တမျှအတွင်း ထိုအလင်းတန်းမှာ နှစ်ဆခန့် ကြီးမားလာပြီး မှိန်ပျပျ သွေးနီရောင်များပင် ပါဝင်လာခဲ့သည်။

ငွေရောင်လသည် ဤသည်ကို မြင်သောအခါ သူမ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး အခြေအနေ မကောင်းမှန်း သိရှိလိုက်သည်။ သို့သော် သူမသည် ခရမ်းရောင်တိမ်တိုက်ကြိုးကို အမိန့်ပေးကာ ကျောက်စိမ်းနေမင်းမီးတောက် အားလုံးကို ထုတ်လွှတ်ရန် ပြင်လိုက်စဉ်မှာပင် နန်ကုန်းဝမ်သည် သူမထံသို့ အသံလွှင့်လိုက်သည်။

"သူ့ကို အန္တရာယ်မပေးနဲ့။ သူ့ကို ငါ့ဆီပဲ လွှဲထားလိုက်"

ထိုသို့ ပြောပြီးသည်နှင့် သူမ၏ ဟင်္သာငှက်လမင်းသည် အောက်ခြေမှ ပျံတက်လာပြီး အေးစက်သောအမျိုးသမီးကို လွှမ်းခြုံလိုက်တော့သည်။

လမင်းသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး မကြာမီမှာပင် လှိုင်းထလာကာ ခန်းမတစ်ခုလုံးတွင် လမင်း၏ ပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

ဟန်လိသည် အောက်မှနေ၍ ဝဲပျံနေသော လမင်းကို စိုက်ကြည့်နေစဉ် သူ၏စိတ်မှာ လုံးဝ လှုပ်ခတ်သွားပြီး သူ၏ အာရုံစူးစိုက်မှုများ ပျက်ပြားသွားသည်ကို အံ့ဩစွာ သိလိုက်ရသည်။ အေးစက်သောအမျိုးသမီးက နန်ကုန်းဝမ်၏နတ်ဘုရားဝင်စားခြင်းအလင်းကို ဘာကြောင့် ဤမျှ ကြောက်ရွံ့နေရသလဲ ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

နန်းကုန်းဝမ်က လမင်းကို ရေနွေးအိုးတစ်ချက်စာခန့် အချိန်ကြာအောင် လည်ပတ်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်တော့သည်။ သူမ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြူဖျော့နေခဲ့သည်။

ထို့နောက် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်္သာငှက်လမင်းသည် တိုးညင်းသော ပေါက်ကွဲသံတစ်ခုနှင့်အတူ ကြယ်တာရာ အစက်အပြောက်များအဖြစ် ပျံ့နှံ့သွားတော့သည်။ သူမစီနီယာအစ်မကြီးမှာ လေထဲတွင် ဝဲပျံလျက် ပြန်လည် ပေါ်ထွက်လာပြီး ခရမ်းရောင်တိမ်တိုက်ကြိုး၏ ချုပ်နှောင်မှုကို ခံထားရဆဲ ဖြစ်သည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများမှာ လုံးဝ တည်ငြိမ်သွားပြီး သူမသည် မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုဖြင့် သတိမေ့နေခဲ့သည်။

"ဒါက ဘာဖြစ်တာလဲ။"

ဟန်လိသည် ဇဝေဇဝါဖြင့် မေးလိုက်သည်။

နန်ကုန်းဝမ်သည် သူမ၏ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်လည် ပေါ်လာပြီး ပြုံး၍ ပြောလိုက်သည်။

"ကျွန်မရဲ့ နတ်ဘုရားဝင်စားခြင်းအလင်းမှာ ပိတ်မိနေတဲ့သူတွေဟာ သူတို့ရဲ့ စဦးစိတ်ဝိညာဉ်ကို ထုတ်ဖော်နိုင်ရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတတ်မှာ အင်မတန် ပြင်းထန်တဲ့ စိတ်လှည့်စားမှု အာနိသင်လည်း ရှိပါတယ်။ ကျွန်မစီနီယာအစ်မကြီးရဲ့ စိတ်ဟာ ခေတ္တမျှအထိ ဒီနတ်ဘုရားအလင်းထဲမှာ ပျောက်ဆုံးနေမှာပါ။ ဒီနည်းလမ်းနဲ့ပဲ သူမကို အသက်ချမ်းသာပေးလို့ ရမှာပေါ့"

ဟန်လိသည် သူ၏နှာခေါင်းကို ပွတ်ရင်း မတတ်သာသည့်အလား ဆိုလိုက်သည်။ "မင်းစီနီယာအစ်မကြီးက ဒါကို ဘာလို့ ဒီလောက်အထိ ကြောက်နေရတာလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒါက စဦးစိတ်ဝိညာဉ်ကိုတောင် ထွက်ပေါ်မလာအောင် တားဆီးနိုင်တာကိုး။ ဒါပေမဲ့ သူမကို အသက်ချမ်းသာပေးဖို့ မလိုဘူးဆိုရင်တော့ ဒီလောက်အထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး။ သေစေနိုင်တဲ့ နည်းလမ်းတွေက ပိုပြီးတော့ လွယ်ကူမှာပါ"

နန်ကုန်းဝမ်သည် သက်ပြင်းချကာ ပြောလိုက်သည်။

"ဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖြစ်တဲ့ ကျွန်မစီနီယာအစ်မကြီးကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မ ရှင့်နောက်ကို လိုက်သွားမှာဆိုတော့ လမျက်နှာဖုံးဂိုဏ်း၏ အင်အားက အထိုက်အလျောက် လျော့နည်းသွားမှာပဲ။ တကယ်လို့ သူမကိုပါ သတ်လိုက်မယ်ဆိုရင် ဂိုဏ်းဟာ လုံးဝ ဒုက္ခ ရောက်သွားလိမ့်မယ်။ အရင်က လမျက်နှာဖုံးဂိုဏ်းမဟာအကြီးအကဲက ကျွန်မအပေါ် ကျေးဇူးအများကြီး ရှိဖူးတယ်။ ဂိုဏ်းအတွက် ကျွန်မကိုယ်ကျွန်မ မစတေးနိုင်ပေမဲ့ ဂိုဏ်းကို ပျက်စီးသွားအောင်တော့ ကျွန်မ မလုပ်နိုင်ဘူး"

ဟန်လိသည် ခါးသီးစွာ ပြုံး၍ ပြော၏။

"ဒါပေမဲ့ မင်းစီနီယာအစ်မကြီးကတော့ မင်းကို တိုက်ခိုက်ပြီး ချုပ်နှောင်တုန်းက ညှာတာခဲ့ပုံမရဘူးနော်"

"အဲဒါက အရေးမကြီးပါဘူး။ ကျွန်မ သူမရဲ့ အသက်ကို ချမ်းသာပေးလိုက်ပြီဆိုတော့ ဂိုဏ်းရဲ့ အရင်သခင်ကြီးအပေါ် ထားရှိတဲ့ ကျေးဇူးတွေကို ဆပ်ပြီးသား ဖြစ်သွားပါပြီ။ ရှင့်နောက်ကို လိုက်သွားတဲ့အခါမှာလည်း ကျွန်မ စိတ်အေးလက်အေး ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ခုနက တိုက်ပွဲကတော့ တကယ်ကို အန္တရာယ်များခဲ့ပါတယ်။ စီနီယာအစ်မကြီးမှာ သွေးမိစ္ဆာဓား လိုမျိုး ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ မိစ္ဆာလက်နက် ရှိနေမှန်း ကျွန်မ တကယ် မသိခဲ့ဘူး။ ဒါက ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်ပေါ်လာလုနီးပါးပဲ။ တကယ်လို့ ကျွန်မသာ ဒါကို စောစော သိခဲ့ရင်…"

နန်ကုန်းဝမ်၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး သူမက တောင်းပန်တိုးလျှိုးသော အမူအရာကို ပြသလိုက်သည်။

သို့သော်လည်း ဟန်လိသည် ပြုံးရုံသာ ပြုံးပြပြီး အနည်းငယ်မျှပင် ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

-"ဘာမှ မဟုတ်ပါဘူး။ သွေးမိစ္ဆာဓားက ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို မထိခိုက်နိုင်ခဲ့ဘူး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် အတားအဆီးတံဆိပ်ပြားကို မြန်မြန်ယူပြီး ဒီကနေ ထွက်သွားကြရအောင်"

နန်ကုန်းဝမ်သည် ခေါင်းညိတ်ပြလိုက်သည်။ ငွေရောင်လသည် လိမ္မာယဉ်ကျေးစွာဖြင့် သူမ၏လက်ကို လှုပ်ယမ်းလိုက်ရာ အေးစက်သောအမျိုးသမီးထံမှ ခရမ်းရောင်တိမ်တိုက်ကြိုးကို ဖယ်ရှားလိုက်တော့သည်။

နန်ကုန်းဝမ်သည် ရှေ့သို့ လှမ်းတက်လိုက်ပြီး သူမစီနီယာအစ်မကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအချို့ကို ပိတ်ဆို့လိုက်ကာ အတားအဆီးအချို့ကို ထပ်မံ ချမှတ်လိုက်သည်။ ထို့နောက် သူမသည် ထိုအမျိုးသမီး၏ ခါးရှိ အစိမ်းရင့်ရောင် သိုလှောင်အိတ်ကို လှမ်းယူကာ ဖွင့်လိုက်တော့သည်။ တောက်ပသော အလင်းတစ်ချက် လက်သွားပြီးနောက် ကြမ်းပြင်ပေါ်တွင် ပစ္စည်းအပုံလိုက် ပေါ်လာတော့သည်။

ဟန်လိသည် ဤသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် အနားသို့ လှမ်းလျှောက်သွားလိုက်သည်။

နှလုံးသားချုပ်နှောင်ခြင်းအတားအဆီးတံဆိပ်ပြားကို ရှာဖွေရန်မှာ အင်မတန် လွယ်ကူလှပေသည်။ နန်ကုန်းဝမ်သည် ၎င်းကို ပြုံးလျက် ချက်ချင်းပင် ယူလိုက်သည်။

ဟန်လိသည် ထိုပစ္စည်းပုံကို အမြန် ဝေ့ကြည့်လိုက်ရာမှ သေးငယ်ပြီး လက်ရာပြောင်မြောက်သော လက်စွပ်လေး တစ်ကွင်းကို ရုတ်တရက် လှမ်းယူလိုက်သည်။ ၎င်းမှာ လုံးဝ မှောင်မည်းနေပြီး အလင်းရောင်ပင် မရှိချေ။ ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုပစ္စည်းကို မျက်လုံးအနားသို့ ယူကာ အသေအချာ စစ်ဆေးနေခဲ့သည်။

နန်ကုန်းဝမ်သည် အံ့ဩတကြီးဖြင့် ပြော၏။

"အဲဒါနဲ့ ဘာလုပ်မလို့လဲ။ အဲဒါက သာမန်မှော်ပစ္စည်းတစ်မျိုးပဲ မဟုတ်လား…"

ဟန်လိက ရယ်မောလိုက်ပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်လိုက်သည်။ သေတ္တာမှာ အပြာရောင်အလင်းတစ်ချက်နှင့်အတူ ပွင့်သွားပြီး အတွင်း၌ အတိအကျ တူညီသော အမှောင်လက်စွပ် တစ်ကွင်း ပေါ်လာတော့သည်။

"ဟမ်။"

နန်ကုန်းဝမ် မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

ဟန်လိသည် လက်စွပ်နှစ်ကွင်းလုံးကို ပူးကပ်ကြည့်လိုက်ရာ ၎င်းတို့နှစ်ခုလုံးမှာ ဝိညာဉ်ချီဓာတ် လုံးဝ ကင်းမဲ့နေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့နောက် သူသည် လက်စွပ်နှစ်ကွင်းလုံးကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။

နန်ကုန်းဝမ်သည် ချိုသာစွာသာ ပြုံးနေ၏။ သူမက အတွေးများနေပြီး ဘာမှ ထပ်မပြောတော့ချေ။ ထို့နောက် သူမသည် ပစ္စည်းပုံကြီးကို ထပ်မံ အာရုံမစိုက်တော့ဘဲ သူမစီနီယာအစ်မကြီးထံသို့ လျှောက်သွားလိုက်သည်။ သူမ၏လက်မှ အနီရောင်အလင်းတန်းများ လက်သွားပြီးနောက် နန်ကုန်းဝမ်သည် သူမစီနီယာအစ်မကြီး၏ ဦးခေါင်းကို အသာအသာ တို့ထိလိုက်၏။ ထို့နောက်တွင် သူမမှာ မျက်လုံးမှတ်ကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဟန်လိက ထိုအဖြစ်အပျက်ကို မြင်သည့်အခါ အသာအယာပြုံး၍ သူမနားသို့ လျှောက်လှမ်းလာသည်။

ယင်းနောက် နန်ကုန်းဝမ်သည် မျက်လုံးပြန်ဖွင့်ပြီး လက်ကို မြှောက်လိုက်ရာ သူမ၏လက်ထဲတွင် သွေးမိစ္ဆာဓား ပေါ်လာတော့သည်။

နန်ကုန်းဝမ်သည် ထိုဓားကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ဟန်လိ ထံသို့ လှမ်းပေးလိုက်ရင် ပြောလိုက်သည်။

"ဒီမိစ္ဆာလက်နက်က အင်မတန် အစွမ်းထက်သလို ကျွန်မတို့အတွက်လည်း ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ၊ ဒါကြောင့် ကျွန်မတို့နဲ့အတူ ယူသွားတာက အကောင်းဆုံးပါပဲ။ ကျွန်မကတော့ ဒါကို အသုံးမပြုနိုင်ပေမဲ့ ရှင်ကတော့ ရှင့်ရဲ့ ရွှေရောင်လျှပ်စီးတွေနဲ့ ဒီရတနာကို ထိန်းချုပ်ထားနိုင်တာပဲ။ ရှင်ပဲ လက်ဝယ်သိမ်းထားလိုက်ပါ။”

All Chapters