အခန်း (၇၂၁-၇၂၂)
Vol. 52 Ch. 721-722
အပိုင်း (၇၂၁) - မိုးမျှော်ကောင်းကင်မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း
ဟန်လိသည် သွေးမိစ္ဆာဓားနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိသော်လည်း ၎င်း၏ မိစ္ဆာချီနောက်ဆက်တွဲဒဏ်ကိုမူ ကောင်းစွာနားလည်ထားသည်။ သူသည် နန်ကုန်းဝမ်ကို ဤကဲ့သို့ အန္တရာယ်ရှိသော မိစ္ဆာလက်နက်မျိုးအား အသုံးပြုစေလိုခြင်း မရှိသဖြင့် ၎င်းကို ချက်ချင်းပင် သိမ်းဆည်းလိုက်တော့သည်။
အလင်းဟန့်တားခြင်းကြေးမုံနှင့် အခြားသော ရတနာများကိုမူ နန်ကုန်းဝမ်သည် ယူဆောင်ရန် ရည်ရွယ်ချက် မရှိချေ။ သူမသည် သူမစီနီယာအစ်မကြီးအတွက် မျက်နှာသာ အနည်းငယ် ပေးလိုပုံရသည်။ သည့်အပြင် အလင်းဟန့်တားခြင်းကြေးမုံကို သူမ၏စီနီယာအစ်မဖြစ်သူနှင့် တွဲမြင်လေ့ ရှိသောကြောင့် အကယ်၍ အခြားတစ်စုံတစ်ယောက်ကသာ ၎င်းရတနာကို လက်ဝယ်ရှိနေကြောင်း သိသွားပါက ပြဿနာများ တက်လာနိုင်ပေသည်။
ထိုအခိုက်အတန့်တွင် နန်ကုန်းဝမ်သည် သူမလက်ထဲရှိ အတားအဆီးမန္တာန်အဆောင်ကို ကိုင်ထားပြီး အသာအယာ ဖိညှစ်လိုက်သည်။ အနီရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ၎င်းသည် နက်မှောင်သောချည်မျှင်တန်းတစ်ခုကို ထုတ်လွှတ်ကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ချုပ်နှောင်မှုမှ လွတ်မြောက်သွားသဖြင့် စိတ်အားတက်ကြွသွားသော နန်ကုန်းဝမ်သည် ချိုသာစွာ ပြုံးလျက် ဆို၏။
"နှလုံးသားချုပ်နှောင်ခြင်းအတားအဆီးကတော့ ပြေပျောက်သွားပါပြီ။ ဒါပေမဲ့ ကျွန်မတို့ မထွက်ခွာခင်မှာ စီနီယာအစ်မကြီးအတွက် သတင်းစကားတစ်ခုတော့ ချန်ထားခဲ့ရမယ်"
ဟန်လိသည် သူမကို ကန့်ကွက်ခြင်း မရှိခဲ့ချေ။ ထို့နောက် နန်ကုန်းဝမ်သည် အဖြူရောင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ သူမ၏ နဖူးပေါ်သို့ ကျော့ရှင်းစွာ တင်လိုက်သည်။ ကျောက်စိမ်းပေလွှာမှာ အလင်းတန်းများဖြင့် လက်သွားပြီးနောက် နန်ကုန်းဝမ်က စိတ်ဝိညာဉ်အာရုံဖြင့် ပေလွှာအတွင်းသို့ သတင်းစကားများ စတင် ရေးထွင်းလိုက်တော့သည်။
ရေနွေးတစ်အိုးကျက်စာခန့် အချိန်ကြာပြီးနောက် သူမသည် ထိုကျောက်စိမ်းပေလွှာကို ကြမ်းပြင်ပေါ်ရှိ ကျန်ရှိသော ပစ္စည်းပုံပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူမသည် ထိုပစ္စည်းများအားလုံးကို စီနီယာအစ်မကြီးဖြစ်သူ၏ သိုလှောင်အိတ်အတွင်းသို့ ပြန်ထည့်ပေးလိုက်ပြီး အိတ်ကို သူမ၏ခါးတွင် ပြန်လည် ချိတ်တွဲပေးလိုက်တော့သည်။
နန်ကုန်းဝမ်သည် ရှက်ကိုးရှက်ကန်း အမူအရာလေးဖြင့် ဟန်လိကို ကြည့်ကာ ပြုံးလျက် ပြော၏။ "သွားကြရအောင်။ စီနီယာအစ်မကြီးကတော့ ကျွန်မရဲ့ နတ်ဘုရားဝင်စားခြင်းအလင်းရဲ့ အာနိသင်အောက်မှာ ရှိနေတုန်းပဲ။ သူမ အသိပြန်ဝင်လာဖို့ အနည်းဆုံး တစ်ရက်ထက်မက အချိန်ယူရလိမ့်မယ်"
နန်ကုန်းဝမ်၏ နူးညံ့ညင်သာသော အမူအရာကို မြင်လိုက်ရသည့်အခါ ဟန်လိ၏ နှလုံးသားမှာ လှုပ်ရှားသွားရသည်။ သူသည် သူမကို သူ၏အနားသို့ ညင်သာစွာ ဆွဲခေါ်လိုက်ပြီး ၎င်းတို့နှစ်ဦးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမအတွင်းမှ ပျံထွက်သွားကြတော့သည်။
...
ပေ့လျန်ပြည်နယ်၏ နယ်စပ်ရှိ အမည်မသိ တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် နန်ကုန်းဝမ်သည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်၌ ရပ်နေပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ရှင့်စကားက ဘာကို ဆိုလိုတာလဲ။ ဘာလို့ ကျွန်မကိုပဲ မျောလွင့်တိမ်တိုက်ဂိုဏ်းဆီ အရင်သွားခိုင်းရတာလဲ"
ဟန်လိသည် နန်ကုန်းဝမ်နှင့် ပုခုံးချင်းယှဉ်လျက် ရပ်နေခဲ့သည်။ သူက ဖြည်းညင်းစွာ ဆို၏။ "ငါ့ရဲ့ ကိုယ်လုပ်တော်နဲ့ ငါ့ရဲ့ စီနီယာအစ်ကိုလုတို့က အကြောင်းရင်း တစ်စုံတစ်ရာကြောင့် မိုးမျှော်ကောင်းကင်မြို့တော်မှာ ကျန်နေခဲ့ကြတုန်းပဲ။ ဒါက မောက်လန်တွေရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါထင်တယ်။ သူတို့နှစ်ယောက်လုံးက ငါနဲ့ ပတ်သက်နေတာဆိုတော့ ငါ့ဘာသာငါ ပြန်သွားလို့ မဖြစ်ဘူး။ သူတို့ အခြေအနေကို ငါသွားကြည့်ရမယ်"
နန်ကုန်းဝမ်သည် ဟန်လိကို မကျေမနပ်သော အမူအရာဖြင့် ကြည့်ကာ ပြော၏။ "အဲဒီလိုဆိုရင်လည်း ကျွန်မ ရှင့်နဲ့အတူ လိုက်ခဲ့မယ်လေ။ ဘာလို့ ကျွန်မတစ်ယောက်တည်း ထွက်သွားရမှာလဲ"
"ဝမ်အာ။ မင်းက လမျက်နှာဖုံးဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးပဲလေ။ ကိုးပြည်ထောင်စုမှာ မင်းကို မှတ်မိနိုင်တဲ့ အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီး ရှိလိမ့်မယ်။ ငါ မင်းကို ရုပ်ဖျက်ပညာရပ်ကို သင်ပေးထားတယ်ဆိုပေမဲ့ မင်းထက် ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့သူတွေက မင်းရဲ့ ရုပ်ဖျက်မှုကို သိမြင်သွားနိုင်တဲ့ အခွင့်အရေး ရှိနေသေးတယ်။ မင်း အရင်ဆုံး မျောလွင့်တိမ်တိုက်ဂိုဏ်းဆီ ဦးတည်သွားတာက အကောင်းဆုံးပါပဲ"
နန်ကုန်းဝမ်သည် သဘောမတူချင်ပုံပင်။ သူမက စိုးရိမ်တကြီးဖြင့် ဆို၏။
"ဒါပေမဲ့ ရှင်က ကျွန်မတို့ လမျက်နှာဖုံးဂိုဏ်းနဲ့ စိတ်အလျင်ဂိုဏ်းကို ရန်စထားပြီးပြီလေ။ ရှင် မိုးမျှော်ကောင်းကင်မြို့တော်ဆီ ပြန်သွားမှာကို ကျွန်မ စိတ်မအေးနိုင်ဘူး"
ဟန်လိသည် တခစ်ခစ် ရယ်မောလိုက်ပြီး ပြော၏။ "စိတ်မပူပါနဲ့။ ငါ ဘာတွေ လုပ်နိုင်လဲဆိုတာ မင်း မြင်ပြီးသားပဲ မဟုတ်လား။ ကောင်းကင်တောင်ပိုင်းမှာ ငါ့ထက် ကျင့်ကြံမှုအဆင့် မြင့်တဲ့သူတွေ အများကြီး ရှိကောင်းရှိနိုင်ပေမဲ့ ငါ့ကို ပိတ်မိအောင် ဖမ်းပြီး သတ်နိုင်တဲ့သူကတော့ လက်ချိုးရေလို့ ရပါတယ်။ ဒါ့အပြင် ငါက မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ။ အခုချိန်မှာ မောက်လန်တွေရဲ့ ကျူးကျော်မှုက ကိုးပြည်ထောင်စုအပေါ် အကြီးအကျယ် ကျရောက်နေတာဆိုတော့ သူတို့ ငါ့ကို ရန်စရဲမှာ မဟုတ်ပါဘူး။ ပြီးတော့ မင်းစီနီယာအစ်မကြီးကလည်း မင်းရဲ့ ပျောက်ဆုံးမှုကို ဆင်ခြေပေးဖို့အတွက် မင်းအကြံပေးထားတဲ့အတိုင်း လုပ်ဆောင်လိမ့်မယ်လို့ ငါထင်တယ်။ မဟုတ်ရင် သူမနဲ့ ဝေဝူယာတို့ရဲ့ ဆက်ဆံရေးက ပိုဆိုးသွားလိမ့်မယ်။ စိုးရိမ်စရာ ဘာမှ မရှိပါဘူး"
"ရှင်က ဒီလောက်အထိ အတင်းအကျပ် ဖြစ်နေမှတော့ ကျွန်မ မတားတော့ပါဘူး၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်ပါ။ ရှင် ပိုပြီး ဘေးကင်းအောင်လို့ ဒီရတနာကို ရှင့်ကို ပေးထားခဲ့မယ်။" နန်ကုန်းဝမ်သည် ဟန်လိ စိတ်ပိုင်းဖြတ်ပြီးမှန်း သိလိုက်သဖြင့် ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထို့နောက် သူမသည် ပန်းထိုးထားသော ပုဝါလေးတစ်ထည်ကို ဟန်လိ ထံသို့ အေးဆေးစွာ ကမ်းပေးလိုက်သည်။
ဟန်လိသည် ထိုပုဝါလေးထံမှ ထူးဆန်းသော ဝိညာဉ်ချီဓာတ်ကို ခံစားလိုက်ရသဖြင့် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒါက ဘာလဲ"
နန်ကုန်းဝမ်သည် နွေးထွေးစွာ ရှင်းပြလိုက်၏။ "ဒါက ကျွန်မ ခရီးသွားနေတုန်းက တိုက်တိုက်ဆိုင်ဆိုင် ရခဲ့တဲ့ အမည်မသိ ရှေးဟောင်းရတနာတစ်ခုပါ။ ဒါကို သုံးရတာ အရမ်း အဆင်ပြေရုံတင်မကဘဲ ရှင့်ရဲ့ စိတ်ကူးအတိုင်း လှုပ်ရှားနိုင်စွမ်း ရှိပါတယ်။ ရှင့်ရဲ့ ခရီးလမ်းမှာ အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်တယ်။ ဒါလေး ရှင့်အနားမှာ ရှိနေရင် ကျွန်မ စိတ်အေးရတာပေါ့"
ဟန်လိသည် တိတ်ဆိတ်သွားပြီး နန်ကုန်းဝမ်၏ တောက်ပနေသော မျက်ဝန်းများကို အချိန်အတော်ကြာ စိုက်ကြည့်နေမိရာ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူသည် ထိုရတနာကို ပြုံးလျက် ယူဆောင်လိုက်ပြီး အသေအချာ သိမ်းဆည်းလိုက်တော့သည်။
နန်ကုန်းဝမ်သည် ဤသည်ကို မြင်သောအခါ သူမ၏ မျက်နှာတွင်လည်း ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ပေါ်လာသည်။ မကြာမီမှာပင် တစ်စုံတစ်ခုကို သတိရသွားပြီး သူမသည် တောက်ပနေသော အနီရောင် ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို ထုတ်လိုက်ကာ ပြော၏။ "ဒီ မီးတားကျောက်မျက်က ကျွန်မ အမြဲဆောင်ထားလေ့ရှိတဲ့ အမှတ်အသားတစ်ခုပါ။ ကျွန်မက ပြင်ပကိစ္စတွေမှာ ပါဝင်ရမှာကို ဝါသနာမပါပေမဲ့ တစ်ခါတုန်းက စိတ်ကူးပေါက်လို့ အမည်ခံတပည့်အချို့ကို လက်ခံခဲ့ဖူးတယ်။ သူတို့က ကျွန်မကို သူတို့ရဲ့ ဆရာအဖြစ် သတ်မှတ်ထားကြပေမဲ့ သူတို့က လမျက်နှာဖုံးဂိုဏ်းက တပည့်တွေ မဟုတ်ကြဘူး။ အခုချိန်မှာ သူတို့ထဲက နှစ်ယောက်က မိုးမျှော်ကောင်းကင်မြို့တော်မှာ ဆိုင်တစ်ဆိုင် ဖွင့်ထားကြတယ်။ အကယ်၍ ရှင် အကူအညီ လိုအပ်လာရင် ဒီအမှတ်အသားကို သူတို့ဆီ ပေးလိုက်ပါ၊ သူတို့ ရှင့်ရဲ့ အမိန့်တွေကို လိုက်နာကြလိမ့်မယ်" သူမသည် ထိုတပည့်နှစ်ဦး၏ အမည်ကို တိုးညင်းစွာ ပြောပြလိုက်သည်။
ဟန်လိသည် နွေးထွေးမှုနှင့် သံယောဇဉ်များကို ခံစားလိုက်ရပြီး ထိုအမည်များကို သူ၏ စိတ်ထဲတွင် အသေအချာ မှတ်သားထားလိုက်တော့သည်။
အခြားသူတစ်ဦး၏ စိုးရိမ်ပူပန်မှုကို သူ မခံစားရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
...
တစ်လအကြာတွင် ဟန်လိသည် မိုးမျှော်ကောင်းကင်မြို့တော် အပြင်ဘက်ရှိ တောရိုင်းနယ်မြေသို့ ရောက်ရှိလာခဲ့သည်။ သူသည် ကြီးမားလှသော မြို့တော်ကြီးကို အဝေးမှနေ၍ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်မိသည်။
သူနှင့် နန်ကုန်းဝမ်တို့ မတတ်သာဘဲ လမ်းခွဲခဲ့ကြပြီးနောက် သူသည် ယွီပြည်နယ်ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ လမ်းခရီးတွင် သူတွေ့ခဲ့သော ကျင့်ကြံသူအချို့၏ ပြောစကားအရ ဖုန်းယွမ်ပြည်နယ်နှင့် ယွီပြည်နယ်တို့၏ နယ်စပ်တွင် စစ်ပွဲများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
ရလဒ်မှာ ကိုးပြည်ထောင်စု၏ ပင်မအင်အားစုများသည် သုံးကြိမ်ဆက်တိုက် အကြီးအကျယ် ရှုံးနိမ့်ခဲ့ကြရခြင်းပင်။ သူတို့သည် အရေးပါသော မဟာဗျူဟာမြောက် နေရာများကို ခက်ခက်ခဲခဲ ကာကွယ်ရန်အတွက် ကြီးမားလှသော မန္တာန်အစီအရင်များကိုသာ အားကိုးနေကြရသည်။ ကိုးပြည်ထောင်စုသည် အခြေအနေ ဆိုးရွားစွာ ရှုံးနိမ့်နေခဲ့သည်။ ဟန်လိသည် ဤသည်ကို ကြားရသောအခါ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ကံမကောင်းစွာဖြင့် မည်သူမျှ အသေးစိတ် အချက်အလက်များကို မသိကြသလို ဤကဲ့သို့ အကြီးအကျယ် ရှုံးနိမ့်ရသည့် အကြောင်းရင်းကိုလည်း မသိကြချေ။ သူသည် သူ၏ ခရီးလမ်းကိုသာ ဆက်လက် လျှောက်လှမ်းခဲ့သည်။
သူ ယွီပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင်မူ ပိုမို အသေးစိတ်ကျသော သတင်းများကို ရရှိခဲ့သည်။ မောက်လန် မန္တာန်စစ်သည်များသည် ကြီးမားလှသော ရိုင်းစိုင်းသည့် သားရဲကြီးအချို့ကို ရှာဖွေတွေ့ရှိထားပုံရသည်။ ကိုးပြည်ထောင်စုသည် ထိုတိုက်ခိုက်မှုကြောင့် မပြင်ဆင်နိုင်ဘဲ ဖြစ်ခဲ့ရပြီး ထပ်ခါတလဲလဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ ဟန်လိကို အကြီးအကျယ် အံ့ဩသွားစေခဲ့ပြီး သူသည် မိုးမျှော်ကောင်းကင်မြို့တော်ဆီသို့ အမြန်ဆုံး ခရီးနှင်လာခဲ့ခြင်း ဖြစ်သည်။
မိုးမျှော်ကောင်းကင်မြို့တော်သည် လေကြောင်းပျံသန်းမှု ပိတ်ပင်ချက်များကို ဖယ်ရှားထားသော်လည်း မဟာအလင်းကွယ်ပျောက်ခြင်း အစီအရင်၏ အတားအဆီး အများစုကိုမူ အသက်သွင်းထားခဲ့ပြီ ဖြစ်သည်။ ထူးဆန်းပြီး ခံစားရရုံမျှသာ ရှိသော လှုပ်ခတ်မှုများမှာ လေထုထဲတွင် ပြည့်နှက်နေသည်။ မြို့အတွင်းရှိ ကျင့်ကြံသူများသည် စစ်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်ပုံရသည်။
ဟန်လိသည် တစ်ချက်ကြည့်လိုက်ပြီးနောက် မြို့၏ အရှေ့ဘက် တံခါးဝဆီသို့ တည်ငြိမ်စွာ ပျံသန်းသွားတော့သည်။
တံခါးဝတွင် ကျင့်ကြံသူ ရှစ်ဦး ကင်းစောင့်နေကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲ တစ်ဦးမှလွဲ၍ ကျန်ရှိသောသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဟန်လိ ချဉ်းကပ်လာသည်ကို မြင်သောအခါ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမှာ သူ့ကို စစ်ဆေးရန် ကြံရွယ်လိုက်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်အာရုံမှာ ဟန်လိကို ဖြတ်ကျော်သွားသည်နှင့် သူ၏ မျက်နှာတွင် အကြီးအကျယ် ထိတ်လန့်သွားသော အမူအရာ ပေါ်ပေါက်လာတော့သည်။
ဟန်လိ၏ ကိုယ်ပေါ်မှ အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ထိုအဘိုးအိုမှာ သူ့ကို ရိုသေစွာ ဂါရဝပြုလျက် ဆို၏။ "စီနီယာကို ကြိုဆိုပါတယ်။ စီနီယာက မဟာမိတ်စာချုပ်အစည်းအဝေးကို တက်ရောက်ဖို့ ရောက်လာတာလား။ စီနီယာ့ရဲ့ အမည်ကို မေးခွန်းထုတ်ခွင့် ပြုပါဗျာ။ စည်းကမ်းချက်တွေအရ ကျွန်တော့်အနေနဲ့ စီနီယာ့ရဲ့ အမည်ကို မှတ်တမ်းတင်ရမှာမို့လို့ပါ"
ဟန်လိသည် စိတ်လှုပ်ရှားသွားပြီး အမူအရာကင်းမဲ့စွာ မေးလိုက်သည်။ "မဟာမိတ်စာချုပ်အစည်းအဝေး ဟုတ်လား။ ဒါက ဘယ်လို အစည်းအဝေးလဲ"
ခဏမျှ အံ့ဩသွားပြီးနောက် အဘိုးအိုက မေး၏။ "စီနီယာက မဟာမိတ်စာချုပ်အစည်းအဝေးကို တက်ရောက်ဖို့ လာတာ မဟုတ်ဘူးလား။ စီနီယာက တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလို့လား"
"မဟုတ်ဘူး။ ငါက ကောင်းကင်တာအိုမဟာမိတ်က ကျင့်ကြံသူ တစ်ယောက်ပါ"
အဘိုးအိုက အသေအချာ ရှင်းပြလိုက်သည်။ "မောက်လန်တွေရဲ့ ပြင်းထန်လှတဲ့ ကျူးကျော်မှုကြောင့် ကျွန်တော်တို့ ကိုးပြည်ထောင်စုအနေနဲ့ သူတို့ကို ဟန့်တားဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် တခြားအင်အားစုတွေနဲ့ မဟာမိတ်စာချုပ်အစည်းအဝေးကို ကျင်းပနေတာပါ။ စီနီယာက ကောင်းကင်တာအိုမဟာမိတ်က ကျင့်ကြံသူ ဖြစ်နေမှတော့ စီနီယာ့ရဲ့ အမည်နဲ့ ဂိုဏ်းကို ပြောပြပေးရုံနဲ့ မြို့ထဲကို ဝင်လို့ရပါတယ်"
ဟန်လိ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး ဆို၏။
"ငါက မျောလွင့်တိမ်တိုက်ဂိုဏ်းက ဟန်လိပါ"
သူသည် စိတ်ထဲ၌ အလိုမကျ ဖြစ်နေမိ၏။ ဤခရီးမှာ သူထင်ထားသလောက် ရိုးရှင်းပုံရမနေပေ။
အဘိုးအိုမှာမူ ဟန်လိ၏ အမည်ကို စစ်ဆေးရန် အနည်းငယ်မျှပင် ရည်ရွယ်ချက် မရှိဘဲ ဘေးသို့ အလျင်အမြန် ဖယ်ပေးလိုက်ပြီး ဟန်လိကို မြို့အတွင်းသို့ ဝင်ခွင့်ပြုလိုက်တော့သည်။
ဟန်လိသည် ခေါင်းညိတ်ပြလိုက်ပြီး မြို့အတွင်းသို့ တည်ငြိမ်စွာ ဝင်လာခဲ့သည်။
ကုန်စည်ဖလှယ်ပွဲ ကျင်းပစဉ်ကနှင့် နှိုင်းယှဉ်ပါက မိုးမျှော်ကောင်းကင်မြို့တော်၏ လမ်းမများပေါ်တွင် ကျင့်ကြံသူ အရေအတွက်မှာ အတော်လေး နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းတို့အားလုံးမှာ စိုးရိမ်ပူပန်နေသော မျက်နှာထားများ ရှိနေကြသည်။ စစ်ပွဲ ရှုံးနိမ့်နေသည့် သတင်းများမှာ သူတို့ထံသို့ ရောက်ရှိထားပြီ ဖြစ်ပုံရသည်။
ဟန်လိသည် သူ၏ ယခင် နေအိမ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ အကယ်၍ မူပိုင်လင်းနှင့် စီနီယာအစ်ကိုလုတို့ မြို့မှ ထွက်မသွားသေးဘူးဆိုလျှင် ထိုနေရာတွင် ရှိနေရပေမည်။
မကြာမီမှာပင် ဟန်လိသည် ထိုအဆောက်အအုံရှေ့သို့ ရောက်ရှိလာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အငွေ့အသက်များကို ရှာဖွေလိုက်သည်။ ဒုတိယထပ်တွင် အားနည်းသော ဝိညာဉ်ချီ လှုပ်ခတ်မှုတစ်ခုကို သူ တွေ့ရှိလိုက်ရသည်။ ၎င်းမှာ မူပိုင်လင်း ဖြစ်ရပေမည်။
ဟန်လိသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အတားအဆီးများကို တိတ်ဆိတ်စွာ ဖွင့်ကာ အဆောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
မူပိုင်လင်းသည် သူ့ကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရဖြစ်သွားပြီး ဆို၏။
"သခင်။ သခင် ပြန်လာပြီပဲ"
အပိုင်း (၇၂၂) အထွဋ်အမြတ်ကောင်းကင်ဂိုဏ်း
ဟန်လိသည် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။
“ဘာလို့ နင်နဲ့ စီနီယာအစ်ကိုလုတို့က ငါတို့ တိုင်ပင်ထားတဲ့အတိုင်း ထွက်မသွားကြတာလဲ… ငါသာ ပြန်မလာနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ…”
ထို့နောက် သူက မူပိုင်လင်းကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဒါပေမဲ့ နင်က ကျင့်ကြံမှု အဟန့်အတားကို ဒီလောက်မြန်မြန် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး… အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်…”
မူပိုင်လင်းက ပြန်ဖြေလိုက်သည်။ စိတ်လှုပ်ရှား တက်ကြွစွာ ပြန်ဖြေလိုက်သဖြင့် သူမ၏အလှတရားမှာ ပိုကြွသွားသည်။
“သခင် ပေးထားတဲ့ ဆေးလုံးတွေကြောင့် လွန်ခဲ့တဲ့ လဝက်လောက်က တိုက်တိုက်ဆိုင်ဆိုင် အဆင့်တက်လှမ်းနိုင်ခဲ့တာပါ… မဟုတ်ရင်တော့ ဒီလောက်အထိ ဖြစ်လာမှာ မဟုတ်ပါဘူး…”
ဟန်လိသည် သူ၏စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရသဖြင့် သူ၏နှာခေါင်းကို ပွတ်သပ်ကာ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။ ၎င်းနောက် သူက ဂရုမစိုက်ဟန်ဖြင့် မေး၏။
“နင်နဲ့ စီနီယာအစ်ကိုလုနှင့်အတူ မိုးမျှော်ကောင်းကင်မြို့တော်မှာ အချိန်အကြာကြီး နေနေရတာက မန္တာန်စစ်သည်တွေ ကိစ္စကြောင့်လား…”
မူပိုင်လင်းသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသေအချာ ပြော၏။ “သခင် ခန့်မှန်းထားတဲ့အတိုင်းပါပဲ… စီနီယာအစ်ကိုလုနှင့် ကျွန်မက ကုန်စည်ဖလှယ်ပွဲ အပြီးမှာ ပြန်ဖို့ စီစဉ်ထားတာပါ… ဒါပေမဲ့ ကုန်စည်ဖလှယ်ပွဲ မပြီးခင်မှာပဲ မောက်လန်တွေ ကျူးကျော်လာတဲ့ သတင်းက ပျံ့နှံ့သွားခဲ့တယ်… သူက ကောင်းကင်တာအိုမဟာမိတ်ရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတော့ တခြားအင်အားစုတွေနဲ့ အစီအစဉ်တွေ ဆွေးနွေးဖို့အတွက် ဒီမှာ မတတ်သာဘဲ နေခဲ့ရတာပါ… ဒါကြောင့် ကျွန်မပါ ကျန်နေခဲ့ရတာပေါ့…”
“ဒါဆိုရင်တော့ နင့်ကို ငါ အပြစ်မတင်ပါဘူး… ဒါနဲ့ စီနီယာအစ်ကိုလု ဘယ်မှာလဲ”
ဟန်လိသည် စကားပြောနေရင်း ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့မျက်နှာအမူအရာမှာ တစ်မျိုးဖြစ်သွား၏။ မူပိုင်လင်းသည် ထိုသို့ ရုတ်တရက် ရပ်တန့်သွားမှုကြောင့် အံ့အားသင့်သွားရသည်။ ဟန်လိ ဘာကို ဆိုလိုမှန်း သူမ သဘောမပေါက်မီမှာပင် အဆောက်အအုံ အပြင်ဘက်မှ လူငယ်တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“တာအိုမိတ်ဆွေမူ… အထဲမှာ ရှိလား… ကျွန်တော် ပိုင်ရှုကျွင်ပါ… မိတ်ဆွေနဲ့ ဆွေးနွေးစရာလေး တစ်ခု ရှိလို့ပါ…”
ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အပြင်သို့ ဝေ့ကြည့်လိုက်ရာ အတားအဆီးများ အပြင်ဘက်တွင် ရပ်နေသော ပညာတတ် ရုပ်ရည်ရှိသည့် အမြုတေဖွဲ့စည်းခြင်းအဆင့် လူငယ်တစ်ဦးကို တွေ့ရှိလိုက်ရသည်။ ၎င်းနောက် သူက စဉ်းစားဟန်ဖြင့် မေး၏။
“ဒါက ဘယ်သူလဲ… မင်းမှာ သူငယ်ချင်းတွေ ရှိနေတာပဲ…”
ထိုအမျိုးသား၏ အသံကို ကြားလိုက်ရသည်နှင့် မူပိုင်လင်း၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားတော့သည်။ သူမက အလျင်အမြန် ရှင်းပြ၏။
“သခင်… ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့… ဒီလူက အထွဋ်အမြတ်ကောင်းကင်ဂိုဏ်းက အကြီးအကဲ တစ်ယောက်ရဲ့ တပည့်ပါ… လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ဖူးပြီး အဲဒီကတည်းက သူက ကျွန်မကို အဆက်မပြတ် နှောက်ယှက်နေတာပါ… ကျွန်မက သခင်ရဲ့ ကိုယ်လုပ်တော် ဖြစ်ကြောင်း ပြောပြထားပေမဲ့လည်း သူကတော့ ဆက်ပြီး နှောက်ယှက်နေတုန်းပါပဲ… ကျွန်မ သူ့ကို အခုပဲ မောင်းထုတ်လိုက်ပါ့မယ်…”
ဟန်လိသည် မျက်ခုံးပင့်ကာ မေး၏။
“ဒီလိုလား… ဒါကို စီနီယာအစ်ကိုလု သိလား…”
ဟန်လိ အမျက်မထွက်သည်ကို သိလိုက်ရသဖြင့် မူပိုင်လင်းသည် စိတ်အေးသွားပြီး သက်ပြင်းချလျက် ပြော၏။
“ဒီကိစ္စကို စီနီယာအစ်ကိုလုကို ပြောပြပြီးပါပြီ… ဒါပေမဲ့ သူက အဲ့ဒီအထွဋ်အမြတ်ကောင်းကင်ဂိုဏ်းက အကြီးအကဲကို သိနေပုံရပါတယ်။ သူက အဲဒီလူကို ကြောက်နေသလိုတောင် ရှိနေတာ… လောလောဆယ်တော့ သူက ကျွန်မကိုပဲ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ လွှတ်ထားခဲ့တာပါ… ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် သခင် ပြန်လာမှာကို သူ စောင့်နေခဲ့တာ…”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဟန်လိသည် အေးစက်စွာ ပြုံးလျက် ဆို၏။
“အိုး… အထွဋ်အမြတ်ကောင်းကင်ဂိုဏ်းဆိုတာ လမ်းမှန်တာအိုမဟာမိတ်ရဲ့ အင်အားကြီး ဂိုဏ်းလေးဂိုဏ်းထဲက တစ်ခု မဟုတ်လား… ဒါကြောင့်လည်း စီနီယာအစ်ကိုလုက ဒီကိစ္စကို ကိုင်တွယ်ရာမှာ သတိထားနေတာ ဖြစ်ရမယ်… ဒါပေမဲ့ ဒီအဆင့်နိမ့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကတော့ ဒီလောက်အထိ မဆင်မခြင် လုပ်ရဲအောင် သတ္တိကောင်းလှချေလား… ငါ့နောက်ကို လိုက်ခဲ့… ဒီဂျူနီယာက ဘာလုပ်ချင်နေတာလဲဆိုတာ ကြည့်ရအောင်…”
မူပိုင်လင်းသည် ရိုသေစွာ ပြန်ဖြေ၏။
“အမိန့်အတိုင်းပါ သခင်…”
ထိုအခိုက်အတန့်တွင် ဟန်လိသည် ဘာစကားမျှမဆိုဘဲ အောက်ထပ်သို့ ဆင်းသွားပြီး မူပိုင်လင်းသည်လည်း နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။
“တာအိုမိတ်ဆွေမူ… မင်း နောက်ဆုံးတော့— ဟမ်… ဒီစီနီယာက…”
ပိုင်ရှုကျွင်း ဆိုသည့် လူငယ်သည် အဆောက်အအုံအတွင်းမှ တစ်စုံတစ်ဦး ထွက်လာသည်ကို မြင်သောအခါ သူသဘောကျနေသည့် အမျိုးသမီး ဖြစ်လိမ့်မည်ဟု အစက ထင်မှတ်ထားခဲ့သည်။ သို့သော် နက်နဲလှသော ကျင့်ကြံမှုအဆင့်ရှိသည့် ဟန်လိကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။
ထိုအချိန်တွင် မူပိုင်လင်းသည် ဟန်လိ၏ နောက်မှ လိုက်ပါလာပြီး သူ၏ အနောက်တွင် ကပ်လျက် ရပ်လိုက်သည်။ ထိုလူငယ်သည် ဤသည်ကို မြင်သောအခါ သူ၏ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားတော့သည်။ ဟန်လိ၏ မျက်နှာမှာ သုန်မှုန်သွားပြီး ထိုလူငယ်ကို ပြတ်သားစွာ မေး၏။ “မင်းက အထွဋ်အမြတ်ကောင်းကင်ဂိုဏ်းက တပည့်လား…”
သည်လူငယ်က ပါးနပ်သူတစ်ယောက်ပင်။ ဟန်လိ ကဲ့သို့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရပါသော်လည်း ခဏအတွင်းမှာပင် တည်ငြိမ်မှုများကို ပြန်လည် ရယူနိုင်ခဲ့သည်။ ထို့နောက် သူက ယဉ်ကျေးသော လေသံဖြင့် ပြန်လည်ဖြေကြား၏။
“ဟုတ်ပါတယ်… ဒီဂျူနီယာက အထွဋ်အမြတ်ကောင်းကင်ဂိုဏ်း အကြီးအကဲလူရဲ့ တပည့်ပါ… စီနီယာက စီနီယာဟန် လားခင်ဗျာ…”
ဟန်လိသည် လေသံမာမာဖြင့် မေးလိုက်၏။
“ပြောစမ်း… မင်း ဒီကို ဘာကိစ္စနဲ့ လားတာလဲ… ဘာလို့ ငါ့ရဲ့ ကိုယ်လုပ်တော်ကို အဆုံးမရှိ လိုက်နှောက်ယှက်နေရတာလဲ… ဒီလိုမျိုး ဦးနှောက်မရှိတဲ့ အလုပ်ကို လုပ်နေတာက တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်…”
ပိုင်ရှုကျွင်းသည် ပြုံးလိုက်ပြီး ပါးနပ်စွာ ပြော၏။
“စီနီယာက တကယ်ပဲ ဉာဏ်ပညာ ကြီးမားလှပါတယ်… တကယ်တော့ ကျွန်တော့်ရဲ့ ဆရာက စီနီယာ့ကို တွေ့ချင်နေတာပါ… ဒါပေမဲ့ စီနီယာဟန်ရဲ့ သတင်းကို မရတာကြောင့် ဒီဂျူနီယာက ဒီလို လုပ်ခဲ့ရခြင်း ဖြစ်ပါတယ်… ဒါပေမဲ့ ကျွန်တော်ကတော့ တာအိုမိတ်ဆွေမူကို တကယ်ပဲ စွဲလန်းနေတာပါ… တကယ်လို့ စီနီယာ့ဘက်ကနေ ကျွန်တော့်ကို ခွင့်ပြုပေးမယ်ဆိုရင် စီနီယာ့ရဲ့ ကျေးဇူးကို ဘယ်လိုမှ ဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး…”
ဟန်လိက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ဘူး ဟုတ်လား… မင်းရဲ့ ကျေးဇူးက ဘာအသုံးကျမှာလဲ… ယောင်ယမ်းပြီး အိပ်မက်မက်မနေနဲ့… ငါ့မှာ ကိုယ့်ရဲ့ ကိုယ်လုပ်တော်ကို တခြားသူကို ပေးတဲ့ အကျင့်မရှိဘူး… ငါက မင်းတို့ အထွဋ်အမြတ်ကောင်းကင်ဂိုဏ်းနှင့်လည်း ဘာမှ မသက်ဆိုင်ဘူး… မင်းတို့က ငါ့ကို လာရှာရတဲ့အကြောင်းရင်းကို ပြောစမ်းပါ…”
ဟန်လိက ထိုသို့ပြောပြီး ထူးဆန်းစွာပြုံး၏။ သူ့ထံမှ အစွမ်းထက်လှသော စိတ်ဝိညာဉ်ဖိအားများ ထွက်ပေါ်လာလေပြီ။ ပိုင်ရှုကျွင်းသည် အကြီးအကျယ် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ကြီးမားလှသော တောင်ကြီးတစ်လုံး၏ ဖိအားကို ခံစားနေရသည့်အလား သူ၏ ခြေထောက်များမှာ ခေါက်သွားပြီး ဒူးတစ်ဖက် ထောက်လျက် လဲကျသွားတော့သည်။ သူသည် အသည်းအသန် ခုခံရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် တုန်ခါနေပြီး ဒူးများမှာ မတည်မငြိမ် ဖြစ်နေဆဲပင်။
သူ ဒူးထောက်နေစဉ်မှာပင် ပိုင်ရှုကျွင်း၏ ရှေ့၌ အဖြူရောင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာတော့သည်။ သူက ပိုင်ရှုကျွင်း၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်ရာ ထိုဖိအားများမှာ ရုတ်တရက် ပြေပျောက်သွားပြီး သူ ပြန်လည် မတ်တတ်ရပ်နိုင်ခဲ့သည်။
ထိုအဖြူရောင် ပုံရိပ်မှာ ဆံပင်ဖြူဖြူနှင့် ဖော်ရွေသော မျက်နှာရှိသည့် အဖြူရောင် ဝတ်ရုံဝတ် အဘိုးအို တစ်ဦး ဖြစ်သည်။ ဟန်လိက တစ်ဖက်သူ၏ကျင့်ကြံမှုကို စစ်ဆေးနေစဉ်မှာပင် ထိုအဘိုးအိုက သူ့ကို ပြုံး၍ ပြောလာသည်။
“တာအိုမိတ်ဆွေဟန်… ကျေးဇူးပြုပြီး အမျက်မထွက်ပါနဲ့… ငါ့ရဲ့ တပည့်က ငါ့ရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေတာပါ… မဟုတ်ရင် ငါ မင်းကို ဘယ်လို တွေ့နိုင်ပါ့မလဲ…”
ဟန်လိသည် ထိုအဘိုးအိုကို မြင်လိုက်ရသည့်အခါ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိအားများမှာ ပျောက်ကွယ်သွားပြီး သူ၏ အမူအရာမှာလည်း ဘာမှ မဖြစ်ခဲ့သည့်အလား ပြန်လည် တည်ငြိမ်သွားတော့သည်။ သူက မေး၏။
“စီနီယာက ဘယ်သူလဲ… ဘာလို့ ငါ့ကို တွေ့ချင်နေရတာလဲ… ငါ မှတ်မိသလောက်ဆိုရင် ဒါဟာ စီနီယာတို့ ဂိုဏ်းနဲ့ ငါ ပထမဆုံးအကြိမ် ပတ်သက်ဖူးတာပဲ…”
ထိုအဘိုးအိုက ရယ်မောလျက် ဆို၏။
“ဟဲဟဲ… ဒီအဘိုးကြီးရဲ့နာမည်က လူဝေယင်းပါ… အထွဋ်အမြတ်ကောင်းကင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပေါ့… ငါ ဘာလို့ မင်းကို တွေ့ချင်ရတာလဲ ဆိုတာကတော့ ဒီနေရာမှာ ပြောဖို့ အဆင်မပြေဘူး… တကယ်လို့ တတာအိုမိတ်ဆွေက သိချင်တယ်ဆိုရင် ဒီည နှောင်းပိုင်းမှာ ဆုံကြရအောင်… အဲဒီအချိန်ကျရင် တာအိုမိတ်ဆွေ အသေးစိတ်ကို သိရမှာပါ…”
ထိုသို့ပြောကာ သူက အနည်းငယ်မျှပင် အမျက်မထွက်ဘဲ သူ ကြိုတင် ပြင်ဆင်ထားသည့် အစိမ်းရောင် ကျောက်စိမ်းပေလွှာတစ်ခုကို ဟန်လိ ထံသို့ ပစ်ပေးလိုက်သည်။ ဟန်လိသည် အမူအရာကင်းမဲ့စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် မြူခိုးများဖြင့် ထိုကျောက်စိမ်းပေလွှာကို ဖမ်းယူလိုက်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကို ပေလွှာအတွင်းသို့ ထည့်သွင်းကြည့်လိုက်သည့်အခါ နေရာတစ်ခု၏ အသေးစိတ် အချက်အလက်များကို တွေ့ရှိလိုက်ရသဖြင့် တစ်ခုခု ထပ်မေးရန် ပြင်လိုက်သော်လည်း သူ ခေါင်းမော့လိုက်သည့် အချိန်တွင် ထိုအဘိုးအိုမှာ သူ့ကို နှုတ်ဆက်ပြီး ပိုင်ရှုကျွင်းကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဟန်လိသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသူမှာ အတော်လေး လျှို့ဝှက်ချက်များပုံရသည်။ သူတို့က ဟန်လိ တစ်ချိန်လုံး မိုးမျှော်ကောင်းကင်မြို့တော်မှာ ပုန်းအောင်းနေခဲ့သည်ဟု အထင်လွဲနေကြပုံရသည်။ သူက သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဤကိစ္စမှာ တစ်ခုခုတော့ မရှင်းမလင်း ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ထိုကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ပြီး မူပိုင်လင်းကို အဆောင်အတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
ဟန်လိသည် အဆောင်အတွင်းသို့ ရောက်ပြီးနောက် အေးဆေးစွာ မေး၏။
“စီနီယာအစ်ကိုလု အခု ဘယ်မှာလဲ…”
မူပိုင်လင်းသည် ပြန်လည်ဖြေကြား၏။
“စစ်ပွဲ အခြေအနေက ဆိုးရွားနေတယ်လို့ ကြားရတာကြောင့် စီနီယာအစ်ကိုလုက တခြားအင်အားစုတွေနဲ့ တန်ပြန်တိုက်စစ် အစီအစဉ်တွေ ဆွေးနွေးဖို့ သွားပါတယ်…”
ဟန်လိသည် စိတ်ဝင်တစား မေး၏။
“သူတို့ ဘယ်နေရာမှာ ဆွေးနွေးနေကြတာလဲ…”
“မိုးမျှော်ကောင်းကင်မြို့တော်၏ တရားဝင်ခန်းမဆောင်မှာ ပါ… အင်အားကြီး အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်နေတဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေပဲ တက်ရောက်ခွင့်ရှိတယ်လို့ ကြားပါတယ်… သခင် သွားကြည့်ချင်လို့လား…”
ဟန်လိသည် မြို့၏ အလယ်ဗဟိုတွင် ရှိပြီး အတားအဆီးများစွာဖြင့် ဖုံးအုပ်ထားသော ကြီးမားလှသည့် နန်းတော်ခန်းမကြီးကို သတိရသွားမိသည်။ သူက ပြောလိုက်သည်။
“ကောင်းပြီ… ငါလည်း မန္တာန်စစ်သည်တွေရဲ့ ကိစ္စကို ဘယ်လို ကိုင်တွယ်နေလဲဆိုတာ သိချင်နေတာ… ဒီမှာပဲ စောင့်နေ၊ အကြောင်းပြချက် မရှိဘဲ အပြင်မထွက်နဲ့…”
သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏ စီနီယာအစ်ကိုလု ရှိရာသို့ ထွက်ခွာခဲ့တော့သည်။ တရားဝင်ခန်းမဆောင်သည် မြို့၏ အလယ်ဗဟိုတွင် တည်ရှိသော အင်မတန် မြင့်မားသည့် အဆောက်အအုံဖြစ်ပြီး အလွန်ပင် သိသာထင်ရှားလှသည်။ ကိုးပြည်ထောင်စု၏ ရှင်သန်ရပ်တည်ရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များမှလွဲ၍ ၎င်းကို အသုံးပြုခဲလှသည်။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက အပစ်အခတ် ရပ်စဲခဲ့ပြီး မကြာသေးမီက ပြန်လည် ကျူးကျော်လာကြသော မောက်လန်များကြောင့် ကိုးပြည်ထောင်စု၏ အထက်ပိုင်း ပုဂ္ဂိုလ်များသည် ဤခန်းမကို ဖွင့်လှစ်ကာ အခြားအင်အားစုများမှ ကျင့်ကြံသူများနှင့် တွေ့ဆုံရန် တွန့်ဆုတ်မနေခဲ့ကြချေ။ ဘာပဲဖြစ်ဖြစ် မောက်လန် မန္တာန်စစ်သည်တွေ၏ ပြင်းထန်လှသော ကျူးကျော်မှုကို ကိုးပြည်ထောင်စု တစ်ခုတည်းက ခုခံရန်မှာ အင်မတန် ခက်ခဲလှပေလိမ့်မည်။
ဟန်လိ တရားဝင်ခန်းမဆောင် ရှေ့သို့ ရောက်ရှိချိန်တွင် အရှေ့တွင် ရပ်နေသော ကင်းစောင့်တစ်ဦးမှာ ဟန်လိ၏ ကျင့်ကြံမှုအဆင့်ကို သတိပြုမိသွားပြီး အမည်မေးကာ သူ၏ အထက်လူကြီးထံသို့ သတင်းပို့လိုက်သည်။ မကြာမီမှာပင် ဟန်လိကို ဝင်ရောက်ခွင့်ပြုလိုက်ပြီး ကျင့်ကြံသူတစ်ဦးက သူ့ကို တရားဝင်ခန်းမဆောင် အတွင်းသို့ ရိုသေစွာ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
အစည်းအဝေးတွင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အများအပြား ရှိနေသည်ဟု မဆိုနိုင်ဘဲ ဆယ်ဂဏန်းခန့်သာ ရှိသဖြင့် ဟန်လိ ထင်ထားသည်ထက် များစွာ လျော့နည်းနေခဲ့သည်။ သို့သော်လည်း မိုးမျှော်ကောင်းကင်မြို့တော်မှာ စုဝေးနေကြသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အရေအတွက်မှာ များပြားလှသော်လည်း တစ်ဦးချင်းစီ ကိုယ်တိုင် တက်ရောက်ရန် မလိုအပ်မှန်း ဟန်လိ နားလည်လိုက်သည်။ ၎င်းတို့သည် ၎င်းတို့ အင်အားစု၏ ကိုယ်စားလှယ်များကိုသာ လွှတ်ထားကြခြင်း ဖြစ်သည်။
စီနီယာအစ်ကိုလုကတော့ ဘယ်ဘက်ခြမ်းရှိ ကုလားထိုင်တစ်ခုတွင် ထိုင်နေသည်။ သူသည် ဟန်လိကို မြင်လိုက်ရသည့်အခါ ပြုံးပြ၏။ သူ၏ ဘေးတွင် ကပ်လျက် ထိုင်နေသူမှာ မီးနဂါးငယ်အဘိုးအိုပင် ဖြစ်သည်။ သည်နှစ်ယောက်ကလွဲ၍ အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ယောက်ကိုသာ ဟန်လိ သိ၏။ အခြားသူများကိုမူ သူ မရင်းနှီးပေ။ ဤအဝါရောင်ဝတ်ရုံဝတ် အဘိုးအိုမှာ အဝါရောင်မေပယ်တောင်ကြးမှ ဘိုးဘေးလင်းဟူပင်။