← Chapters

ကောင်လေး... ငါ မင်းကို သဘောကျတယ်

Vol. 34 Ch. 331

ကောင်လေး... ငါ မင်းကို သဘောကျတယ်

Vol. 34 Ch. 331

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။

ဤလူလတ်ပိုင်းကျင့်ကြံသူ၏ စေတနာကို သူ အမှန်တကယ် ခံစားမိသည်။

ထို့ကြောင့် သူ ငြင်းဆန်ရန် မရည်ရွယ်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ခရီးစဉ်တစ်ခုကို လူများများ အတူတကွ သွားနိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေ၏။

သို့သော် နံဘေးတွင် ရပ်နေသော နျန်နျန်ကမူ နှုတ်ခမ်းဆူကာ လူလတ်ပိုင်းကျင့်ကြံသူ၏ နောက်မှနေ၍ ကျုံးချင်အား စူးစူးဝါးဝါး ကြည့်နေခဲ့သည်။ ကျုံးချင်ကို သူမတို့နှင့်အတူ မလိုက်စေလိုကြောင်း သိသာထင်ရှားသည်။

ဤခရီးသွားကြောင့် သူမ၏စီနီယာဦးလေးက သူမခေါင်းကို ခေါက်ခဲ့သည် မဟုတ်လော....

ကျုံးချင်သည် အသက်အနည်းငယ်သာ ရှိသေးသော ကလေးတစ်ယောက်နှင့် အငြင်းပွားရလောက်အောင် စိတ်သဘောထား သေးသိမ်သူ တစ်ယောက် မဟုတ်ချေ။

ထိုအစား သူက ကလေးမလေးကို စိတ်ဝင်တစား ကြည့်လိုက်ပြီးနောက် ပြုံးကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"ဒါဆိုရင်လည်း ကျန်တဲ့ ခရီးစဉ်အတွက် ကျင့်ကြံသူရောင်းရင်းနှစ်ယောက်ကို ဒုက္ခပေးရတော့မယ်..."

သူက "နှစ်ယောက်" ဟူသော စကားလုံးကို တမင်သက်သက် အလေးပေး၍ ပြောဆိုခဲ့သည်။

ထိုအချိန်၌ ကောင်မလေးသည် ချက်ချင်းဆိုသလိုပင် ခါးမတ်သွားပြီး သူမ၏ဗိုက်ရွှဲရွှဲလေး ရှေ့သို့ ထွက်လာခဲ့သည်။

သူမ၏သဘောထားသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားကာ ပြောဆိုလိုက်၏။

"အင်း... အဲဒီလိုဆိုရင်လည်း ဒီမိန်းမပျိုလေးက နင့်ကို လှေပေါ် တက်ခွင့်ပြုလိုက်မယ်..."

လူလတ်ပိုင်း ကျင့်ကြံသူက အားရပါးရ ရယ်မောပြီး မိတ်ဆက်ပေးလိုက်၏။

"ငါတို့ကိုယ် ငါတို့ တရားဝင် မိတ်ဆက်ပါရစေ... ငါတို့က ချင်းဖုန်းကျောင်းတော်ကပါ... ငါ့နာမည်က အိုးကျီရှူပါ... ဒါကတော့ နျန်နျန်တဲ့... ငါတို့ ချင်းဖုန်းကျောင်းတော်ရဲ့ရတနာလေးပေါ့..."

အိုးကျီရှူက ကောင်မလေး၏ခေါင်းကို ပွတ်သပ်ပေးရင်း ပြောဆိုသည်။

သို့သော် ကောင်မလေးသည် အိုးကျီရှူက သူမ၏ခေါင်းကို အစောပိုင်းက ခေါက်ခဲ့ခြင်းအတွက် စိတ်ဆိုးနေဆဲ ဖြစ်ကြောင်း သိသာထင်ရှားသည်။

သူမက ဒေါသတကြီး ခေါင်းခါယမ်းပြီး အခန်းတွင်းသို့ ဝင်သွားပေ၏။

ကျုံးချင်ကလည်း မိတ်ဆက်လိုက်သည်။

"ကျွန်တော်က ကျုံးချင်ပါ..."

ကျုံးချင်သည် စကားအများကြီး မပြောခဲ့သည့်အပြင် အိုးကျီရှူကလည်း အလွန်အမင်း ယဉ်ကျေးမနေခဲ့ချေ။

ကျုံးချင်ကို လွတ်လွတ်လပ်လပ် နေရန် အချက်ပြပြီးနောက် သူသည် သူ၏ရတနာလေးကို ချော့မော့ရန် အခန်းတွင်းသို့ စိတ်မပါ့တပါ ဝင်သွားခဲ့သည်။

သူ လှည့်ထွက်သွားချိန်တွင် အိုးကျီရှူ၏ ကျောဘက်၌ ချိတ်ဆွဲထားသော နက်နဲသိမ်မွေ့သည့် သံမဏိဓားတစ်လက်ကို ကျုံးချင်က နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။

ထိုဓားသည် မရှည်လျားသော်လည်း အလွန် ကျယ်ပြန့်ပြီး အိုးကျီရှူ၏ ကျောပြင်နှင့် တပြေးညီလုနီးပါး ဖြစ်နေသည်။ ထိုသံမဏိဓားသည် ရှေးဟောင်းဆန်ပြီး လေးလံကာ သာမန်ထက် အနည်းငယ် သာလွန်ထူးကဲနေပုံ ရသည်။

ကျုံးချင်သည် ကုန်းပတ်ပေါ်တွင် မှီကာ အဝေးရှိ အဆုံးမဲ့ ဖရိုဖရဲနတ်ဆိုးပင်လယ်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ပင်လယ်ပြင်သည် တည်ငြိမ်နေပြီး အဝေးရှိ အရာအားလုံးမှာ နေဝင်ဆည်းဆာက ဖန်တီးထားသော ထူထပ်သည့် အနီရောင်မြူနှင်းများကြားတွင် ပုန်းကွယ်နေခဲ့သည်။

ကျုံးချင်၏ ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံမှုဖြင့်ပင် တာအိုများ ပါဝင်နေသော ထိုမြူနှင်းများ၏ အနက်ရှိုင်းဆုံး အပိုင်းကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။

ဤဖရိုဖရဲနတ်ဆိုးပင်လယ်မှာ အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းလှသည်။

မကြာမီမှာပင် ဓားများ လွယ်ထားကြသော တခြားကျင့်ကြံသူအနည်းငယ်သည်လည်း လှေငယ်လေးပေါ်သို့ တက်လာကြ၏။ သူတို့သည်လည်း ချင်းဖုန်းကျောင်းတော်မှ ဖြစ်ကြောင်း သိသာထင်ရှားသည်။

ထိုလူနှစ်ယောက်၏ခန္ဓာကိုယ်သည် တောင့်တင်းသန်မာပြီး လှေပေါ်သို့ရောက်သည်နှင့် အော်ဟစ်လိုက်ကြသည်။

"ဘာတွေ ဖြစ်နေတာလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါဦး... ဘယ်သူက ငါတို့ရဲ့ နျန်နျန်ကို ငိုအောင် လုပ်တာလဲ... အိုးကျီရှူ... မင်းလို လူယုတ်မာက ကလေးကို ဒီလို ဂရုစိုက်ရသလား..."

အိုးကျီရှူ၏ အသံက အတွင်းမှ ပဲ့တင်ထပ်လာပြီးနောက် ကောင်မလေး နျန်နျန်၏ရယ်သံကလည်း ထွက်ပေါ်လာခဲ့သည်။

"အမ်... စီနီယာ... မဟုတ်ဘူး... မဟုတ်ပါဘူး..."

အခန်းတွင်း၌ ပုံရိပ်အနည်းငယ် ဟိုဟိုဒီဒီလှုပ်ရှားနေပြီး ဓားအချင်းချင်း ရိုက်ခတ်သံတချို့ ထွက်ပေါ်လာခဲ့သည်။

ကျုံးချင်က နံဘေးဘက်သို့ မှီလိုက်ပြီး အနည်းငယ် တွန့်ကွေးနေခဲ့သော သူ၏မျက်ခုံးများ ယခုအချိန်၌ လုံးလုံးလျားလျား ပြေလျော့သွားခဲ့လေပြီ။

ကျင့်ကြံခြင်း လောကသည် အမြဲတစေ အကြံအစည်များဖြင့် ပြည့်နှက်နေတတ်ပြီး ဆန့်ကျင်ဘက်အနေဖြင့် ဤကဲ့သို့ မြင်ကွင်းမျိုးကို တွေ့ရခဲသည်။

လောက၏ ကောင်းကင်ဧကရာဇ် တစ်ပါးဖြစ်စေ သာမန်လူ တစ်ဦးဖြစ်စေ လူတိုင်းတွင် ကိုယ်ပိုင် ထူးခြားသော ကမ္ဘာလေးများ ရှိကြသည်။

မကြာမီမှာပင် သူတို့ စီးနင်းလာသော လှေငယ်လေးသည် ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပေ၏။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ခါးတွင် ဝိုင်အရက်ဘူးတစ်ဘူး ချိတ်ဆွဲထားကာ ထင်ရှားသော လက်ဆစ်များဖြင့် အခန်းအပြင်ဘက်ရှိ ကုန်းပတ်လက်ရန်းကို ဆုပ်ကိုင်ထားသော ကျုံးချင်က အဝေးသို့ ပျင်းရိစွာ ကြည့်နေခဲ့သည်။

သူ ထိုနေရာတွင် အေးအေးဆေးဆေး ရပ်နေစဉ် သူ့ကို မြင်သူတိုင်းက ခန့်ညားသည်ဟုပြောဆိုကြပေလိမ့်မည်။

ဤကဲ့သို့ မြောက်ပိုင်းဒေသ အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်လေးတစ်ဦးနှင့် တူသော လူငယ်လေးတစ်ဦးသည် မကြာသေးမီက မြောက်ပိုင်းဒေသတစ်ခုလုံးကို ဆူပူအုံကြွစေခဲ့ပြီး ထိပ်သီးအင်အားစုကြီးလေးစုထဲမှ နှစ်ခုကို ဖျက်ဆီးပစ်ကာ တစ်ခုကို လက်နက်ချစေပြီး တစ်ခုကို ဒဏ်ရာရစေခဲ့သော နတ်ဆိုးနန်းတော်၏သခင် ဖြစ်လိမ့်မည်ဟု ဤလောကရှိ မည်သူကမျှ ယုံကြည်မည် မဟုတ်ချေ။

မုတ်ဆိတ်မွှေးစုတ်ဖွားနှင့် ချင်းဖုန်းကျောင်းတော်ကျင့်ကြံသူ တစ်ဦး အခန်းထဲမှ ထွက်လာပြီး အော်ဟစ်လိုက်သည်။

"ဟေး... ကောင်လေး..."

ဤလူသည် အရပ်မြင့်သော အိုးကျီရှူထက်ပင် ခေါင်းတစ်လုံးခန့် ပိုမြင့်သည်။

မုတ်ဆိတ်မွှေးနှင့်ကျင့်ကြံသူ၏ အမူအယာသည် ဖော်ရွေမှုမရှိဘဲ သူက ပြင်းထန်စွာ ဆူပူလိုက်၏။

"မင်းက ဘယ်ဂိုဏ်းက ဒါမှမဟုတ် ဘယ်အင်အားစုကလဲ... ခုဏက မင်းကို လှေထိုးသားတစ်ယောက်လို့ ငါ ထင်နေတာ... ဒါပေမဲ့ မင်းက ငါ့ရဲ့တုံးအတဲ့ ဂျူနီယာညီလေး ကြုံရာတင်ခေါ်လာတဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူက သိမှာလဲ... ငါတို့ ဘယ်သွားနေလဲဆိုတာ မင်း သိရဲ့လား... ဒီခရီးစဉ်မှာ ငါတို့နောက်ကို လိုက်လာတာ မင်းမှာ ဘာရည်ရွယ်ချက် ရှိလို့လဲ..."

ကျုံးချင်က လှည့်ကြည့်လိုက်ရာ ကောင်မလေး နျန်နျန်နှင့်အိုးကျီရှူတို့လည်း ထွက်လာကြပြီး တခြားချင်းဖုန်းကျောင်းတော် ကျင့်ကြံသူနှစ်ဦးက သူတို့၏နောက်မှ ကပ်လျက်လိုက်ပါလာကြသည်ကို မြင်တွေ့မိသည်။

အိုးကျီရှူ၏ ဟောင်းနွမ်းနေသော အဖြူရောင် တာအို ဝတ်ရုံပေါ်တွင် ယခုအချိန်၌ ကြီးမားသော ခြေရာကြီးနှစ်ခု ရှိနေပေ၏။

သူက နှုတ်ခမ်းကို တွန့်လိုက်ပြီး ယခုအချိန်တွင် သူ အမှန်တကယ် စကားမပြောနိုင်ကြောင်း အချက်ပြလိုက်သည်။

သို့သော် မမျှော်လင့်ဘဲ ကောင်မလေး နျန်နျန်က ရှေ့သို့ ထွက်လာပြီး ကျုံးချင်ကို ကာကွယ်ပေးကာ တောင့်တင်းသန်မာသော ကျင့်ကြံသူကို တားဆီးရင်း ပြောဆိုလိုက်၏။

"ဆရာ... သူက နျန်နျန် စောင့်ရှောက်ထားတဲ့ လူပဲ... သူ့ကို လက်ဖျားနဲ့တောင် မထိရဘူးနော်..."

တောင့်တင်းသန်မာသော လူကြီးက သူ၏မျက်နှာကို တည်ထားလိုက်သည်။

တခြား လူတစ်ယောက်က ဤအရာကို မြင်ချိန်တွင် ရုန်းကန်နေသော နျန်နျန်ကို အလျင်အမြန် ချီပိုးကာ ခေါ်ဆောင်သွားသည်။

ကျုံးချင်က လူထွားကြီးကို အကဲခတ်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ကျုံးချင်ပါ... ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး... ဘယ်အင်အားစုကမှလည်း မဟုတ်ဘူး... ကျွန်တော့်မှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး... တစ်ခုတည်းသော ရည်ရွယ်ချက်က အလယ်ပိုင်းဒေသကို သွားဖို့ပဲ... တာအိုရောင်းရင်းတို့နဲ့အတူသွားလို့ရရင် သွားမယ်လေ... တကယ်လို့ မင်းတို့က သဘောမတူဘူးဆိုရင်လည်း..."

လူထွားကြီးက လှောင်ပြောင်လိုက်၏။

"ဒါဆို မင်းကို ငါ အပြင်လွှင့်ပစ်လိုက်ရင်ကော ဘယ်လိုလဲ..."

မီးခိုးရောင် တာအိုဝတ်ရုံအောက်တွင် ဖောင်းကြွနေသော သူ၏ကြွက်သားများသည် လိမ့်တက်နေပုံရပြီး ကျုံးချင်ကို လှေပေါ်မှ လွှင့်ပစ်ရန် ပြေးဝင်လာတော့မည့်အလားပင်။

ဤလူမှာ ချင်းဖုန်းကျောင်းတော် အဖွဲ့ဝင်များအနက် အမြင့်ဆုံးကျင့်ကြံဆင့် ရှိသူဖြစ်ကြောင်း သိသာထင်ရှားပြီး ရွှေအမြုတေနယ်ပယ် အထွတ်အထိပ်အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထိုစကားကို ကြားချိန်၌ ကျုံးချင်၏မျက်ခုံးများ တွန့်ကွေးသွားပေ၏။

ထို့နောက် သူက သင်္ဘော ဦးတည်သွားနေသော ဖရိုဖရဲနတ်ဆိုးပင်လယ်၏ ထူထပ်သော မြူခိုးများဆီသို့ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့..."

ထိုစကားကို ကြားသည်နှင့် တပြိုင်နက် လူထွားကြီးက လှောင်ပြောင်လိုက်သည်။

"ကောင်းပြီ ကောင်လေး... မင်းက ငါ အကြောင်းပြချက်ပဲပေးပြီး မင်းကို တကယ်ကြီး လွှင့်မပစ်ဘူးလို့ တွက်ထားပြီး ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာပေါ့ ...ဟုတ်လား..."

သူ စကားပြောဆိုနေစဉ်မှာပင် ခြေလှမ်း နှစ်လှမ်းလှမ်းလိုက်ပြီး ကျုံးချင်၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

သူက ဆက်လက်၍ ပြောဆိုလိုက်၏။

"ဒီလို လုပ်ကြစို့... မင်းနဲ့ ငါနဲ့ တစ်ပွဲ ယှဉ်ကြမယ်... တကယ်လို့ မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို သုံးကွက် တောင့်ခံနိုင်ရင် မင်းကို ငါတို့ ခေါ်သွားမယ်... တကယ်လို့ တောင့်ခံမထားနိုင်ဘူးဆိုရင်တော့ မင်းဘာသာမင်း ခုန်ချသွားတော့..."

ကျုံးချင်က တိတ်ဆိတ်စွာဖြင့် ရှေ့သို့ခြေတစ်လှမ်း တက်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်လိုက်သည်။

လူထွားကြီး၏ စူးရှတောက်ပသောမျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။

"ကောင်းပြီ ကောင်လေး... မင်းက သတ္တိရှိသားပဲ..."

သူ၏စကားများ အဆုံးသတ်သွားသည်နှင့် တပြိုင်နက် သူက လူခေါင်းတစ်လုံးစာခန့် ကြီးမားသော လက်ကြီးနှစ်ဖက်ကို ဆန့်တန်းကာ ကျုံးချင်၏မျက်နှာထံဦးတည်ပြီး ရိုက်နှက်လိုက်၏။

ပြပွဲကောင်းကို ကြည့်ရှုရင်း လှေ၏ နောက်ပိုင်းတွင် မတ်တတ်ရပ်နေကြသော လှေထိုးသားအနည်းငယ်သည် သူတို့၏စိုးရိမ်ပူပန်မှုများကို အောင့်အည်းမထားနိုင်ခဲ့ကြချေ။ ဤရိုးအသော သခင်လေးသည် ရိုက်သတ်ခံရတော့မည်လော။

ကျုံးချင်၏ခန္ဓာကိုယ် အနည်းငယ်လှုပ်ရှားသွားပြီး ထိုလက်ဝါးရိုက်ချက်ကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းလိုက်သည်။

ဤ လွဲချော်သွားသော လက်ဝါးရိုက်ချက်က ထိုလူထွားကြီးကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်။

"ကောင်းပြီလေ ကောင်လေး... မင်းမှာ လှုပ်ရှားမှုနည်းစနစ်အချို့ ရှိနေတာပဲ..."

လူထွားကြီးက ချက်ချင်းဆိုသလိုပင် သူ၏ လက်ဝါးကို လက်သီးအဖြစ်ပြောင်းလဲကာ ထပ်မံ၍ ထိုးနှက်လိုက်၏။

ကျုံးချင်က ခပ်ဖျော့ဖျော့အပြုံးဖြင့် သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။

လူထွားကြီးက အော်ငေါက်လေသည်။

"မင်း ရှောင်လို့ မရဘူး..."

တောင့်တင်းပြီး နှေးကွေးပုံရသော သူ၏ ခန္ဓာကိုယ်သည် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်အလား လှုပ်ရှားသွားပြီး ကျုံးချင်ထံသို့ ချက်ချင်းချဉ်းကပ်သွားခဲ့သည်။

သူ၏လက်သီးဖြင့် ကျုံးချင်၏ ကျောဘက်သို့ ထိုးနှက်လိုက်သည်။ ဤလျင်မြန်သော တိုက်ခိုက်မှုကြောင့် ကျုံးချင်တွင် ရှောင်တိမ်းရန်နေရာ လုံးဝ မရှိတော့ကြောင်း သိသာထင်ရှားသည်။

လှေနောက်ပိုင်းရှိ လှေထိုးသားအနည်းငယ်က မျက်လုံးမှိတ်လိုက်ကြပြီး ကောင်မလေး နျန်နျန်သည်လည်း မအော်ဘဲ မနေနိုင်တော့ချေ။

"ဆရာ... ရပ်လိုက်ပါတော့..."

သို့သော် ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်၏အမူအယာသည် တည်ငြိမ်နေဆဲပင်။ ထိုအစား သူသည် လက်ဝါးကို မြှောက်ကာ ထိုလူ၏လက်သီးကို ဖြည်းညှင်းစွာ ဆီးကြိုလိုက်သည်။

"ဝုန်း..."

ခပ်အုပ်အုပ်အသံနှင့်အတူ ချီများက လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့သည်။ နှစ်ယောက်လုံးသည် အထိအခိုက် မရှိခဲ့ချေ။

ကျုံးချင်၏မျက်နှာအမူအယာသည် ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်ပေ၏။ လူထွားကြီး၏မျက်နှာတွင်မူ အံ့အားသင့်မှုများ ပြည့်နှက်နေပြီး ရေရွတ်လိုက်သည်။

"ကောင်းပြီလေ ကောင်လေး... ငါ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံကို တောင့်ခံနိုင်ပြီး အထိအခိုက် မရှိဘူးဆိုတော့ မင်းရဲ့ ခွန်အားက ငါ့ရဲ့ တစ်ဝက်လောက် ရှိပုံရတယ်... ငါ မင်းကို အထင်သေးမိသွားတာပဲ..."

ကျုံးချင်ကို အထင်သေးမိခြင်းမှာ သူ၏ အမှား မဟုတ်ချေ။ ကျုံးချင်၏ ရုပ်ရည်နှင့် အရိုးသက်တမ်းတို့ကြောင့် သူ၏ကျင့်ကြံဆင့်သည် အလွန်မြင့်မားနေလိမ့်မည်ဟု လူများ တွေးတောကြည့်ရန် ခက်ခဲနေခြင်းသာ ဖြစ်ပေ၏။

သူ စကားပြောနေစဉ်မှာပင် သူ၏ ကြီးမားသော လက်ကို မြှောက်ကာ ကျုံးချင်၏ပခုံးကို ခပ်နာနာလေး ပုတ်လိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

ထိုအသံမှာ ကြည်လင်ပြတ်သားနေခဲ့သည်။

ထို့နောက် သူက အားရပါးရ ရယ်မောကာ ပြောဆိုလိုက်သည်။

"ကောင်းပြီလေ ကောင်လေး... ငါ မင်းကို သဘောကျတယ်..."

All Chapters