← Chapters

အမှန်တရားကို ထိုးဖောက်မြင်နိုင်ခြင်း

Vol. 34 Ch. 334

အမှန်တရားကို ထိုးဖောက်မြင်နိုင်ခြင်း

Vol. 34 Ch. 334

ဟူရှန်းက သတိပြန်ဝင်လာပြီး သူ၏မျက်နှာကို အုပ်ကာ ဒေါသတကြီး ဆဲရေးလိုက်၏။

"နောက်တစ်ခါ ဒီလိုကိစ္စမျိုး ဖြစ်လာရင် ငါ့ကို အကျိုးအကြောင်း သေချာပြောပြစမ်း... ဘယ်သူ့ကမှ ငါ့ကို လက်မပါနဲ့..."

အိုးကျီရှူက လျှူရှန်းနှင့် ဖိုရှန်းတို့ကို နောက်ထပ် အကြိမ်အနည်းငယ် ရိုက်လိုက်ရင်း တုံ့ပြန်ပြောဆိုလိုက်သည်။

"စီနီယာ... ငါက မင်းကို ရိုက်ချင်တယ်လို့ ထင်နေတာလား..."

ဟူရှန်းက အံ့ကြိတ်ကာ ပါးရိုက်နေသော အခြေအနေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း စီနီယာအစ်ကို သုံးယောက်လုံး နိုးကြားလာခဲ့ကြသည်။

ချင်းဖုန်းကျောင်းတော်မှ လူလေးယောက်သည် ကျုံးချင်ထံသို့ သူတို့၏ အကြည့်များကို တပြိုင်နက်တည်း လှည့်လိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်နှင့် နျန်နျန်တို့သည် လေထဲတွင် မျောလွင့်နေသော ရေစက်အားလုံးကို မြေပြင်ပေါ်သို့ တောက်ချပြီးသွားခဲ့လေပြီ။

နျန်နျန်၏ ကျစ်ဆံမြီးနှစ်ဖက်သည် လူးလွန့်နေပြီး သူမ ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။ သူတို့နှစ်ယောက် ယှဉ်ပြိုင်နေကြကြောင်း သိသာထင်ရှားသည်။

ဟူရှန်းက သက်ပြင်းချလိုက်၏။

"စီနီယာ... ကြည့်ပါဦး... ဒီနှစ်ယောက်က ဘယ်လောက်တောင် တည်ငြိမ်နေလဲဆိုတာ..."

ကျုံးချင် တည်ငြိမ်နေသည်မှာ မှန်သော်လည်း ဤအချိန်အထိ ရောက်နေသဖြင့် သူက အနည်းငယ် လွတ်လပ်ပေါ့ပါးလွန်းနေသည်။

သူ့ထံတွင် စွမ်းအားအနည်းငယ် ရှိနေလျှင်ပင် သူသည် မဆင်မခြင် ပြုမူတတ်သော လူငယ် တစ်ဦးပင်။

ဟူရှန်းက နောက်လှည့်ပြီး မိုးကြိုးတာအိုနည်းစနစ်ကို ချက်ချင်းအသုံးပြုလိုက်ရာ လျှူရှန်းနှင့် ဖိုရှန်းတို့က အနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာပြီး အိုးကျီရှူကလည်း သူ၏ လက်ချောင်းများကို ချိတ်ဆက်ကာ ပူးပေါင်းလိုက်၏။

ထိုလူလေးယောက်သည် အရှေ့ အနောက် တောင်နှင့် မြောက်ဘက်တို့တွင် မတ်တတ်ရပ်နေကြပြီး ကောင်းကင်နှင့်မြေပြင် နက်နဲသိမ်မွေ့ ဝင်္ကပါကို ဖွဲ့စည်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဓားရှည်လေးလက်က မိုးကြိုးများနှင့်အတူ ကန့်လန့်ဖြတ် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်၏တိတ်ဆိတ်မှုသည် နောက်ဆုံးတွင် ပြောင်းလဲသွားပေ၏။

ကျယ်ပြန့်သော သွေးနီရောင် ကောင်းကင်ကြီးတွင် ကောင်းကင်ဘုံမိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။

ယခင်က မျိုးဗီဇပြောင်း ပင်လယ်မြွေမျိုးနွယ်စုကို ရင်ဆိုင်ခဲ့ရချိန်ကထက် များစွာပို၍ပြင်းထန်သော မိုးကြိုးတစ်လှိုင်းက မိုးကောင်းကင်ယံတွင် ပေါက်ကွဲသွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ယခင်က မလှုပ်မယှက် ရှိနေခဲ့သော နဂါးဘုရင်သည် ရုတ်တရက် ခေါင်းမော့ပြီး ကောင်းကင်ယံတွင် ဖြစ်တည်နေသော မိုးကြိုးများကို တစ်ချက်ကြည့်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမိုးကြိုးများ ပျောက်ကွယ်သွားခဲ့သည်။

ဟူရှန်းက ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။

"ဒါက... ဒါက နဂါးဘုရင်ဆီက လာတဲ့ ဥပဒေသ ဖိနှိပ်မှုပဲ... ဥပဒေသတွေ အားလုံးကို နဂါးဘုရင်က သတ်မှတ်ထားတာ... အသုံးမဝင်ဘူး..."

တိုက်ခိုက်လိုစိတ်များ ပြန်လည်ရရှိကာစ ဖြစ်သော ထိုလူသုံးယောက်မှာ ဤအရာကို တွေးတောမိပြီး ထပ်မံ၍ လဲကျသွားလုနီးပါးပင်။

ဤတစ်ကြိမ်တွင် အိုးကျီရှူပင်လျှင် စိတ်ဓာတ်ကျသွားခဲ့သည်။

မှတ်တမ်းများတွင် ဖော်ပြထားသော နဂါးဘုရင်မှလွဲ၍ တခြားမည်သူက ဥပဒေသများကို ထိန်းချုပ်နိုင်မည်နည်း။

နဂါးဘုရင်က မျက်လုံးတစ်ဖက်ဖြင့် မိုးကြိုးများကို ကြည့်လိုက်ပြီး ကျန်မျက်လုံးဖြင့် လူများအားလုံးကို ထပ်မံ၍ ကြည့်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လူများအားလုံး အသက်ရှူမွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။

အစောပိုင်းက လှေငယ်လေး၏အပြင်ဘက်ရှိ အရာအားလုံး အစိုင်အခဲအဖြစ် ပြောင်းလဲသွားခဲ့သည်ဆိုလျှင် ယခုအချိန်၌ လူတိုင်း ခံစားနေရသည်မှာ ပတ်ဝန်းကျင်ရှိ လေထုက တဖြည်းဖြည်း အစိုင်အခဲအဖြစ် ပြောင်းလဲလာခြင်းပင်။

သူတို့သည် အသက်ရှူရန်ပင် ခက်ခဲနေခဲ့ပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အဟွတ် အဟွတ် အဟွတ်.."

လှေနောက်ပိုင်းရှိ လှေထိုးသားအနည်းငယ်အပြင် ကျွမ်းကျင်သော လှေထိုးသားခေါင်းဆောင်အိုကြီးလည်း ကုန်းပတ်ပေါ်သို့ လဲကျသွားသည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ ဟူရှန်းက သူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ နျန်နျန်ကို ထပ်မံ၍ ကြည့်လိုက်သည်။

ဟူရှန်းက ပြောဆိုလိုက်၏။

"နျန်နျန်... မင်းအတွက် ဆရာ စိတ်မကောင်းပါဘူး..."

အိုးကျီရှူကလည်း နျန်နျန်အတွက်သာမက ကျုံးချင်အတွက်လည်း စိတ်မကောင်း ဖြစ်သွားခဲ့သည်။

အကယ်၍ သူ့ထံ၌ တခြားလူများကို ကူညီလိုစိတ်သာ မရှိခဲ့လျှင် ဤလူငယ်လေးသည် ဤဘေးဒုက္ခနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။

ကံတရားများ ယှက်နွှယ်နေပြီး သူသည် တခြားလူတစ်ယောက်ကို အမှန်တကယ် ဒုက္ခပေးမိသွားလေပြီ။

သို့သော် သူတို့သည် နျန်နျန်နှင့်ကျုံးချင်ကို ကြည့်လိုက်ချိန်၌ သူတို့အားလုံး မှင်တက်သွားကြ၏။

နျန်နျန်က ကျုံးချင်၏ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းလာရင်း ပါးစပ်ကိုအုပ်ကာ သူ့အား ရယ်စရာ စကားများ ပြောနေပြီး ရယ်မောလိုက်သည်။

"ဟီးဟီးဟီး... ဟီးဟီးဟီး..."

သူမ၏ လှပသော ပန်းရောင် မျက်နှာလေးတွင် ထိခိုက်ခံရသည့် အရိပ်အယောင် လုံးဝမရှိခဲ့ချေ။

ကျုံးချင်က သူနှင့်အတူ ယူဆောင်လာသော ဝိုင်အရက်ဘူးကိုပင် ထုတ်ယူလိုက်ပြီး အစိုင်အခဲအဖြစ် ပြောင်းလဲသွားသော ရေစက်များကို ဘူးထဲသို့ အေးအေးဆေးဆေး ထည့်နေသည်။

သူတို့နှစ်ယောက်သည် အတူတကွ အလုပ်လုပ်နေကြပြီး ကျုံးချင်က ဝိုင်အရက်ဘူးကို ကိုင်ထားကာ နျန်နျန်က သူမ၏လက်လေးများဖြင့် ရေစက်များကို ကိုင်ထားပေးခဲ့သည်။

သူတို့သည် လွန်စွာအလေးအနက်ထား၍ လုပ်ဆောင်နေကြ၏။

တခြားလူများအားလုံး ဆွံ့အသွားကြသည်။

ဘာတွေ ဖြစ်နေတာလဲ....

နျန်နျန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးမြန်းလိုက်သည်။

"ဟေး... အစ်ကို ကျုံးချင်... ငါ့ရဲ့ စီနီယာတွေ ဘာဖြစ်သွားတာလဲ..."

ကျုံးချင်က နောက်သို့လှမ်းကြည့်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"ညီအစ်ကိုတို့... ကျွန်တော်က နဂါးဘုရင်ကို တစ်ခါမှ မမြင်ဖူးပေမဲ့... မေးပါရစေ... နဂါးဘုရင်ရဲ့ ကိုယ်ပေါ်မှာ ဒီအရာ ရှိနိုင်ပါ့မလား..."

လူများအားလုံး မှင်တက်သွားပြီး နဂါးဘုရင် ရှိနေသော နက်ရှိုင်းသည့် ပင်လယ်ပြင်ဆီသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ သူတို့၏ အမြင်အာရုံသည် အလွန်ကောင်းမွန်ပေ၏။

သူတို့ ဂရုတစိုက်ကြည့်လိုက်ချိန်၌ သဲလွန်စ တစ်ခုကို ချက်ချင်းရှာတွေ့သွားကြသည်။

နဂါးဘုရင်၏ ကြီးမားသော ပုံရိပ်အောက်တွင် ပင်လယ်ပြင်က ဖုံးကွယ်ထားသော ဒေါင်လိုက် ကြီးထွားနေသည့် အရိပ်မည်းတစိတ်တပိုင်း ထွက်ပေါ်လာခဲ့သည်။

ချင်းဖုန်းကျောင်းတော်မှ လူလေးယောက်၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ပင်လယ်အနီးတွင် နေထိုင်သူများ ဖြစ်သဖြင့် ဤအရာမှာ ဆူးတောင်တစ်ခုဖြစ်ကြောင်း သူတို့ ချက်ချင်းမှတ်မိလိုက်ကြ၏။

ဆူးတောင်... ဆူးတောင်တွေ... နဂါးဘုရင်က ဆူးတောင်တွေကို ဘယ်က ရလာမည်နည်း...

ဤသည်မှာ ပင်လယ်ထဲရှိ စိတ်ဝိညာဉ် မကောင်းဆိုးဝါးတစ်ကောင်၏ လက်ချက် ဖြစ်ကြောင်း သိသာထင်ရှားသည်။

ဤအရာကို သဘောပေါက်သွားသည့် အချိန်မှာပင် သူတို့ ပတ်ဝန်းကျင်ရှိ ရပ်တန့်နေသော လေထု ချက်ချင်းချောမွေ့သွားပြီး ချင်းဖုန်းကျောင်းတော်မှ လူလေးယောက်သား လွတ်လပ်စွာ အသက်ရှူနိုင်သွားကြသည်။

ကျုံးချင်နှင့်နျန်နျန်တို့သည် မည်သည်ကြောင့် ဤတာအို၏လွှမ်းမိုးမှုကို မခံရသနည်းဆိုသည်ကို အိုးကျီရှူနှင့်တခြားသူများ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားကြသည်။

အကြောင်းအရင်းမှာ အစမှ အဆုံးတိုင်အောင် ဤသတ္တဝါမှာ နဂါးဘုရင်ဖြစ်သည်ဟု သူတို့နှစ်ယောက်သား တစ်ကြိမ်တစ်ခါမျှ မယုံကြည်ခဲ့သောကြောင့်ပင်။

သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ တိတ်ဆိတ် ငြိမ်သက်မှုသည် တာအိုဖိနှိပ်မှု မဟုတ်ဘဲ အခြေခံအားဖြင့် ထင်ယောင်ထင်မှားဖြစ်ခြင်း တစ်ခုသာ ဖြစ်ပေ၏။

အိုးကျီရှူက လက်မထောင်ပြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ကျုံးချင်... ကျေးဇူးပဲ..."

ထို့နောက် သူ၏ခေါင်းကို တိမ်းစောင်းကာ ဟူရှန်းကို မျက်စောင်းထိုးလိုက်သည်။

အကယ်၍ သူကသာ ကျုံးချင်ကို ခေါ်မလာခဲ့လျှင် ဤတစ်ကြိမ်တွင် သူတို့ ဤနေရာ၌ အဆုံးသတ်သွားမည်ဖြစ်ကြောင်း သူ ပြောလိုသည်မှာ သိသာထင်ရှားသည်။

ကျုံးချင်အပေါ် ထားရှိသော သူတို့၏ အကြည့်များမှာလည်း ပြောင်းလဲသွားပေ၏။ ဤလူငယ်လေးသည် ဤကဲ့သို့ အခြေအနေမျိုးတွင် တည်ငြိမ်စွာ နေနိုင်ပြီး လေ့လာစောင့်ကြည့်ရာတွင်လည်း ကျွမ်းကျင်ကာ အကျပ်အတည်းများစွာကို မြင်ဖူးသော အတွေ့အကြုံရှိသည့် သူတို့ထက်ပင် ပို၍တည်ငြိမ်နေခဲ့သည်။

သို့သော် အမှန်အားဖြင့် ကျုံးချင်သည် ဤနဂါးဘုရင်ကို အသေးစိတ် လေ့လာကြည့်ရှုခဲ့ခြင်း လုံးဝမရှိချေ။

သူ၏ ကောင်းကင်ဘုံ မျက်လုံးက ဤနဂါးဘုရင်၏ အစစ်အမှန် သဘာဝနှင့် ကျင့်ကြံဆင့်နယ်ပယ်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်မြင်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။

ကျုံးချင်သည် အစောပိုင်းက ပင်လယ်မြွေ မျိုးနွယ်စုထက် ဤနဂါးဘုရင်ဆိုသည့် အရာကို ပို၍ပင် စိတ်မဝင်စားခဲ့ချေ။

ဟူရှန်းသည် ထင်ယောင်ထင်မှားဖြစ်ခြင်းမှ ရုန်းထွက်နိုင်ခဲ့ပြီးနောက် လှေနောက်ပိုင်းရှိ လှေထိုးသားခေါင်းဆောင်နှင့်လှေထိုးသားများကို အလျင်အမြန်ကြည့်ကာ အော်ဟစ်လိုက်သည်။

"အားလုံးပဲ... ဒါက နဂါးဘုရင် မဟုတ်ဘူး... မင်းတို့ရဲ့ တာအိုနှလုံးသားကို မထိခိုက်စေနဲ့..."

အိုမင်းသော လှေထိုးသားခေါင်းဆောင်ကြီးသည် နာကျင်စွာ ဒူးထောက်နေပြီး အသက်ရှူအောင့်ထားရသဖြင့် သူ၏မျက်နှာ ပြာနှမ်းနေလေပြီ၏ သူ၏ယင်သုံးပါးနယ်ပယ် ကျင့်ကြံမှုအရှိန်အဝါသည်လည်း ယိုယွင်းစပြုလာပြီး သူက တီးတိုးရေရွတ်လိုက်သည်။

"နဂါးဘုရင်... ကျွန်တော်တို့ မှားမှန်း သိပါပြီ... ကျွန်တော်တို့ မှားမှန်း သိပါပြီ..."

နောက်ထပ်အချိန်တခဏတွင် သူနှင့် လှေထိုးသားတချို့သည် မြေပြင်ပေါ်သို့ လဲကျသွားကြ၏။

သူတို့အားလုံး သေဆုံးသွားကြလေပြီ။

သို့သော် ယခုအချိန်တွင် ကျန်ရစ်သူများ၏ အမြင်အရ မည်သည့် တာအိုဖိနှိပ်မှုမျိုး ရှိနေသနည်း...

လေထုက ချောမွေ့စွာ စီးဆင်းနေသည် မဟုတ်လော...

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် အကြောက်လွန်ပြီး သေဆုံးသွားခဲ့ကြခြင်း ဖြစ်ပေ၏။

ကျုံးချင်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။ သူသည် ကူညီချင်ခဲ့သော်လည်း ဤကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ခြင်းမျိုးတွင် သူတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် ထွက်မလာနိုင်ခဲ့ပါက အသုံးဝင်မည် မဟုတ်ချေ။

အကယ်၍ သူသာ အတင်းအကြပ် ဝင်ရောက် စွက်ဖက်မည်ဆိုလျှင် ဤလူများ၏ စိတ်ဝိညာဉ်များသည်လည်း ပုံရိပ်ယောင်များထဲတွင် ပြန့်ကျဲသွားပေမည်။

ထိုအချိန်ကျလျှင် သူတို့သည် သေဆုံးရသည်ထက် ပို၍ဆိုးရွားပေလိမ့်မည်။

အိုးကျီရှူက ရုတ်တရက် နားလည်သဘောပေါက်သွားပြီး အော်ဟစ်လိုက်၏။

"ငါ သိပြီ... ဒါက ညှို့ငင်ခြင်းသားရဲပဲ..."

"ဆရာက ငါတို့ကို ဖတ်ခွင့်မပေးတဲ့ သူ့ကုတင်အောက်က စာအုပ်တွေထဲမှာ ဒီလိုသားရဲမျိုးအကြောင်း မှတ်တမ်းတင်ထားတာ ရှိတယ်..."

"ညှို့ငင်ခြင်းသားရဲတွေက လောကမှာ ရှားပါးပြီးတော့ ဘယ်အရာအဖြစ်မဆို ပြောင်းလဲနိုင်တယ်..."

"ဒါက စိတ်ဝိညာဉ် မကောင်းဆိုးဝါး တစ်ကောင်ပဲ..."

အိုးကျီရှူက ထိုစာအုပ်များကို ပျင်းစရာကောင်းသော အချိန်များတွင် ဖတ်ရှုရန် ဖျော်ဖြေရေး ရုပ်ပြစာအုပ်များအဖြစ်သာ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုချိန်၌ အိုးကျီရှူက ထိုအရာများကို ပြန်လည်၍ အမှတ်ရလာပြီး ရုတ်တရက် နားလည်သွားခဲ့သည်။

သူတို့၏ရှေ့ရှိ ဤညှို့ငင်ခြင်းသားရဲသည် လွန်စွာ အစွမ်းထက်ပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ကိုပင် ငြိမ်သက်သွားစေနိုင်ရာ သူ၏စွမ်းရည်မှာ အမှန်တကယ်ကို သာမန်ထက် လွန်ကဲလှသည်။

ဟူရှန်းက အားတက်သွားပြီး အော်ဟစ်လိုက်၏။

"ဆူးတောင်တွေပါတဲ့ နဂါးဘုရင်ဆိုတာ စိတ်ဝိညာဉ် မကောင်းဆိုးဝါးတစ်ကောင်ထက် မပိုဘူး..."

"ငါ့ရဲ့နောက်ကို လိုက်ခဲ့... သူ့ကို နှိမ်နင်းမယ်..."

ဥပဒေသ ကန့်သတ်ချက်များ မရှိသရွေ့ သူ၏ ရှေ့ရှိ ရန်သူသည် မည်မျှထိ ရက်စက်ကြမ်းတမ်းနေစေကာမူ သူ အနည်းငယ်မျှ ကြောက်ရွံ့မည် မဟုတ်ချေ။

ဟူရှန်းက ထပ်မံ၍ ပြောဆိုလိုက်သည်။

"ကျုံးချင်... မင်းရဲ့ စူးရှတဲ့ အမြင်အာရုံကြောင့် ကျေးဇူးပဲ ကောင်လေး..."

"အခုကစပြီး ငါတို့ရဲ့နောက်မှာ ပုန်းနေ..."

"နျန်နျန်ကိုပဲ စောင့်ကြည့်ထားပေး..."

ဟူရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးများ ထွက်ပေါ်လာပြီး နက်နဲသိမ်မွေ့ချီ များ လျှင်မြန်စွာ လောင်ကျွမ်းသွားပေ၏။

သူ၏အမြင်အရ ကျုံးချင်သည် ပုံမှန်မဟုတ်မှုများကို ထွင်းဖောက်မြင်နိုင်ခြင်းဖြင့် ကြီးမားသော အကျိုးပြုမှုကို အမှန်တကယ် လုပ်ဆောင်ပေးခဲ့သည်။

သို့သော် အစစ်အမှန် တိုက်ခိုက်ရေးနှင့် ပတ်သက်လာလျှင် သူတို့သုံးယောက်ကသာ လုပ်ဆောင်ရပေမည်။

All Chapters