မှတ်မိသွားခြင်း
Vol. 34 Ch. 338
အခင်းဖြစ်ပွားရာနေရာရှိ အခြေအနေသည် မျက်စိတစ်မှိတ်အတွင်း တင်းမာသွားခဲ့ပေ၏။
နံဘေးမှကြည့်နေသူများက သူတို့အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။
တစ်စုံတစ်ယောက်က မှတ်ချက်ချလိုက်သည်။
"တစ်ဖက်လူတွေထဲမှာ ယင်သုံးပါးနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ရှိနေတာက တကယ့်ကို အံ့အားသင့်စရာကောင်းတယ်လို့ ငါ ပြောရမယ်..."
တခြားတစ်ယောက်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ လဲ့ဟိုင်မြို့ရဲ့ ရက်စက်ကြမ်းကြုတ်ကျားခုနစ်ကောင်က ဘယ်လိုလုပ် ဖြေရှင်းရ လွယ်ကူမှာလဲ... သူတို့က လဲ့ဟိုင်မြို့မှာ အချိန်အတော်ကြာအောင် အသတ်မခံရဘဲ ထင်ရာစိုင်း သောင်းကျန်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်က သူတို့ရဲ့ ထူးကဲတဲ့ စွမ်းအားကို ပြသနေတာပဲလေ..."
တတိယ လူတစ်ယောက်က ထပ်မံ၍ ပြောလိုက်၏။
"တကယ်လို့ သူတို့က နှိမ့်ချပြီးတော့ လက်နက်ချဖို့ ရွေးချယ်ပြီး သူတို့ရဲ့ ရတနာတွေကို လိမ်လိမ်မာမာ ပေးအပ်ခဲ့မယ်ဆိုရင် သူတို့ အသက်ရှင်နိုင်သေးတယ်... ဒါပေမဲ့ အခု သူတို့က တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ပြီဆိုတော့ ဒါက တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင် မိုက်မဲလွန်းတာပဲ..."
တချို့လူများက ကျုံးချင်တို့အဖွဲ့၏ ကံကြမ္မာကို ကြိုတင်မြင်တွေ့နေရသည့်အလား ခေါင်းယမ်းလိုက်ကြ၏။
ထိုအချိန်မှာပင် အရက်ဆိုင်အပြင်ဘက်မှ ဩဇာပါသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဝူလျှန်ဂိုဏ်းက ကိစ္စရပ်တွေကို ကိုင်တွယ်နေတယ်... သက်ဆိုင်မှုမရှိတဲ့လူတွေ အမြန်ဆုတ်ခွာကြစမ်း..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဝူလျှန်ဂိုဏ်းသည် လဲ့ဟိုင်မြို့အတွင်း၌ အစွမ်းထက်ဆုံး အင်အားစုပင်။
ထိုဂိုဏ်း၏ ဂိုဏ်းချုပ်ကျိုးထုံသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် အရှင်သခင်တစ်ဦးဖြစ်ပြီး လဲ့ဟိုင်မြို့အတွင်းတွင်အငြင်းပွားဖွယ် မရှိသော အုပ်စိုးသူအရှင်တစ်ဦး ဖြစ်သည်။
လူအုပ်ကြီး၏ အံ့အားသင့်နေသော သို့မဟုတ် စူးစမ်းလိုသော အကြည့်များအောက်တွင် လူတစ်စုက အရက်ဆိုင်အတွင်းသို့ ဝင်ရောက်လာကြကာ အော်ဟစ်လိုက်ကြ၏။
"စီနီယာ... စီနီယာ ဘယ်မှာလဲ... စီနီယာ ရောက်လာတာကို ကျွန်တော်တို့ မသိခဲ့ဘူး... ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက သေချာမကြိုဆိုနိုင်ခဲ့တဲ့အတွက် စီနီယာက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."
သူတို့ကို ဦးဆောင်လာသူမှာ ခုနစ်ပေမြင့်ပြီး တောင့်တင်းသန်မာသော လူလတ်ပိုင်းကြီးတစ်ဦးပင်။
သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အရှိန်အဝါမှာ ချောက်နက်ကြီးတစ်ခုအလား ကျယ်ပြန့်ပြီး နက်ရှိုင်းလှသည်။
သူ၏ အားကောင်းသော ခြေလှမ်းများနှင့်အတူ သူသည် ကြီးမားလှသော ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့ပေ၏။
ထိုအရာမှာ အစွမ်းထက်သူ တစ်ဦး၏ဖိအားဖြစ်ပြီး အဆင့်မြင့်သူတစ်ဦး၏အရှိန်အဝါ ဖြစ်သည်။
သို့သော် သူ၏အဖွင့်စကားများမှာ သူ၏ ဩဇာအာဏာရှိသော ဟန်ပန်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
သူ၏မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ဂါရဝပြုရန် ရောက်လာသည့်အလားပင်။
ထိုအရာက လူများကို စူးစမ်းချင်စိတ် ဖြစ်ပေါ်စေခဲ့ပေ၏။
ဝူလျှန်ဂိုဏ်းက ဤကဲ့သို့ ပုံစံမျိုးကို ပြသရလောက်အောင် မည်သူက တန်ဖိုးရှိနေသနည်း။
မည်သို့ပင်ဆိုစေကာမူ လဲ့ဟိုင်မြို့အတွင်းတွင် ကျိုးထုံကို အမြင့်ဆုံးအဆင့်အတန်းရှိပြီး လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည် မဟုတ်လော။
မရေမတွက်နိုင်သော လူများ၏ စူးစမ်းလိုစိတ်များနှင့် ဇဝေဇဝါဖြစ်မှုများ ကြားတွင် ကျိုးထုံက ရှေ့သို့ အလျင်အမြန် တက်လာသည်ကို မြင်တွေ့လိုက်ရပေ၏။
ထို့နောက် သူသည် ကျုံးချင်ထံသို့ တိုက်ရိုက်လျှောက်လှမ်းသွားခဲ့သည်။
"ကျိုးထုံက စီနီယာ့ကို ဂါရဝပြုပါတယ်..."
ဤမြင်ကွင်းက လူများအားလုံး၏မျက်လုံးများကို ကျွတ်ထွက်သွားလုနီးပါး ဖြစ်သွားစေပေ၏။
အထူးသဖြင့် ရှီးမန်တို့အဖွဲ့ဖြစ်ပြီး သူတို့၏ နှလုံးသားများ လေးလံသွားကာ သူတို့၏ ဦးရေပြားများ ထုံကျင်သွားပြီး သူတို့၏ မျက်နှာများ လွန်စွာဖြူရော်သွားခဲ့သည်။
သူတို့၏ မျက်လုံးထဲရှိ 'ဆူဖြိုးသော သိုး' မှာ လဲ့ဟိုင်မြို့၏ အစွမ်းထက်ဆုံး အင်အားစု ခေါင်းဆောင်ဖြစ်ပြီး လဲ့ဟိုင်မြို့၏ အစွမ်းထက်ဆုံး ကျွမ်းကျင်သူ ဖြစ်သော ကျိုးထုံ၏ မျက်လုံးထဲတွင် အမှန်တကယ်ကို စီနီယာတစ်ဦး ဖြစ်နေခဲ့ပေ၏။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
ကျိုးထုံက အသက် ဘယ်လောက် ရှိပြီလဲ...
ကျုံးချင်က အသက် ဘယ်လောက် ရှိပြီလဲ...
သူ လူမှားသွားတာ များလား...
ကျုံးချင်က အသစ်ရောက်လာသော အဖွဲ့ကို ကြည့်လိုက်ပြီး ယနေ့သည် အမှန်တကယ်ကို စည်ကားလှကြောင်း တွေးတောကာ သက်ပြင်းချလိုက်သည်။
ထို့ပြင် သူ့ထံတွင်လည်း သံသယတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက လျစ်လျူရှုထားသော လေသံဖြင့် မေးမြန်းလိုက်၏။
"ငါ မင်းတို့ထဲက ဘယ်သူ့ကိုမှ မသိပါဘူး... မင်းတို့ လူမှားနေတာ မဟုတ်ဘူးလား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှီးမန်တို့အဖွဲ့က အသက်ပြန်ရှင်လာသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။
ဟုတ်တာပေါ့...
ဒီလောက် ငယ်ရွယ်တဲ့ ကောင်လေးက လဲ့ဟိုင်မြို့ရဲ့ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူ ကျိုးထုံကို ဘယ်လိုလုပ် သိနိုင်မှာလဲ...
ကျိုးထုံ အမှားတစ်ခု လုပ်မိတာ ထင်ရှားတယ်...
သို့သော် နောက်တခဏတွင် ကျိုးထုံ၏စကားများက ရှီးမန်၏ ယခင်က ပြေလျော့သွားသော အာရုံကြောများကို ချက်ချင်းပင် ပြန်လည်၍ တင်းမာသွားစေခဲ့ပေ၏။
ကျိုးထုံက အနေရခက်သော အမူအရာဖြင့် ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။
"စီနီယာ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... ကျွန်တော့်လို နိမ့်ကျတဲ့သူတစ်ယောက်က စီနီယာရဲ့ လေးစားရတဲ့ မျက်လုံးတွေထဲ မဝင်နိုင်သလို စီနီယာ မှတ်မိခံရဖို့လည်း မတန်ပါဘူး... ဒါပေမဲ့ နတ်ဆိုးမြို့တော် ခရီးစဉ်အတွင်း စီနီယာရဲ့ ကျက်သရေရှိတဲ့ ပုံစံကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
ထိုစကားကို ကြားချိန်၌ ကျုံးချင်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"အော်... ဒီလိုကိုး..."
ဤလူသည် သူ့ကို မည်သို့ သိသနည်းဆိုသည်ကို သူ စူးစမ်းချင်ခဲ့သော်လည်း ဤလူကလည်း နတ်ဆိုးမြို့တော်သို့ သွားခဲ့ဖူးကြောင်း ထင်ရှားသွားခဲ့သည်။
သူသည် လူသူအများရှေ့သို့ ထွက်လေ့ မရှိသော်လည်း လူများကို ဘယ်သောအခါမျှ မရှောင်ရှားခဲ့သဖြင့် လူအနည်းစုက သူ့ကို မှတ်မိနိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။
ကျိုးထုံသည် မြှောက်ပင့်ဖားယားသော အပြုံးတစ်ခုကို ပြုံးထားဆဲပင်။
နတ်ဆိုးမြို့တော်ကို တွေးမိချိန်၌ သူ၏စိတ်နှလုံးသားတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခင် နတ်ဆိုးမြို့တော်သို့ ခရီးစဉ်အတွင်း လဲ့ဟိုင်မြို့၏ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူ ဖြစ်သော သူသည် လုယက်ပစ္စည်းများမှ ဝေစုတစ်စုကို ရယူချင်ခဲ့ပေ၏။
ထိုအချိန်က နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့်အတူ ရှိနေသော ကျုံးချင်ကို သူ အဝေးမှ မြင်တွေ့ခဲ့ရသည်။
ထိုအချိန်က နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက ကျုံးချင်အား 'သခင်' ဟု ခေါ်ဆိုသည်ကို ကြားခဲ့သော်လည်း သူ သိပ်မတွေးခဲ့မိချေ။
နောက်ပိုင်း၌...
နတ်ဆိုးနန်းတော် နာမည်ကြီးလာခဲ့သည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အမြင့်ဆုံး အင်အားစုတစ်ခု၏ နန်းတော်သခင်ဆယ့်နှစ်ယောက် ဖြစ်လာခဲ့ကြ၏။
ထိုအချိန်ကျမှသာ ဤလူငယ်လေးမှာ အမှန်တကယ် မည်သူဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
သူသည် အမှန်တကယ်ကို မကြာသေးမီက မြောက်ပိုင်းဒေသတွင် နာမည်ကျော်ကြားလာပြီး သာမန်ထက် သာလွန်ထူးကဲလာခဲ့သော နတ်ဆိုးနန်းတော်၏ အစစ်အမှန် အရှင်သခင်ပင်။
ဤရှာဖွေတွေ့ရှိမှုက သူ့ကို အလွန် ကြောက်ရွံ့သွားစေခဲ့သဖြင့် နတ်ဆိုးမြို့တော်မှ ပြန်ရောက်ပြီးနောက် ရက်အနည်းငယ်ကြာသည်အထိ သူ အိပ်မပျော်နိုင်ခဲ့ချေ။
ထို့နောက် ယနေ့ ကျုံးချင် ဆင်းသက်လာချိန်တွင်ညှို့ငင်ခြင်းသားရဲ ထွက်ပေါ်လာမှုကြောင့် ဖြစ်ပေါ်လာသော ဆူပူအုံကြွမှုကို လဲ့ဟိုင်မြို့တွင် ကင်းလှည့်နေသော ကျိုးထုံက မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပေ၏။
ရုတ်တရက် လဲ့ဟိုင်မြို့၏ အစွမ်းထက်ဆုံး ကျွမ်းကျင်သူဟု လူသိများသော ဤလူမှာ ဒူးတုန်သွားသည်အထိပင် ကြောက်လန့်သွားခဲ့သည်။
သူသည် အချိန်မဆွဲရဲဘဲ ဂိုဏ်းသို့ ချက်ချင်းပြန်ကာ လူများကို စုစည်းပြီး ဤလေးစားရသော ပုဂ္ဂိုလ်အား ဖိတ်ခေါ်ကာ အမြင့်ဆုံးသော လေးစားမှုဖြင့် ဆက်ဆံရန် ရည်ရွယ်ခဲ့သည်။
ဤပုဂ္ဂိုလ် စိတ်ကျေနပ်မှသာ သူ ထွက်ခွာသွားရပေမည်။
ထိုသို့မဟုတ်ပါက မြို့ထဲရှိ လူများ၏စရိုက်သဘာဝကို သူ သိထားသည်။
အကယ်၍ ဤလေးစားရသော ပုဂ္ဂိုလ်သာ အလိုမကျဖြစ်ပြီး ဒေါသအလျောက် လဲ့ဟိုင်မြို့ကို ရှင်းလင်းပစ်မည်ဆိုပါက...
အကယ်၍ သူ၏ဝူလျှန်ဂိုဏ်းသာ မထိုက်တန်သော ဘေးဒုက္ခတစ်ခုကို ခံစားရပြီး ကြားညပ်သွားမည်ဆိုပါက...
သူ အတိုင်းအတာ မရှိအောင် အမှန်တကယ် နောင်တရမိပေမည်။
နတ်ဆိုးနန်းတော်သခင်၏ စွမ်းအားဖြင့် လဲ့ဟိုင်မြို့ကို အလွယ်တကူ ချေမှုန်းနိုင်ကြောင်း သူ လုံးဝသံသယမဝင်ခဲ့ချေ။
ထို့နောက် လူတိုင်း အစပိုင်းက မြင်တွေ့ခဲ့ရသော မြင်ကွင်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေ၏။
သို့သော် သူ၏စကားများက အခြားသူများအပေါ် မည်သို့သော ထိတ်လန့်တုန်လှုပ်မှုမျိုး ယူဆောင်လာခဲ့သည်ကို ကျိုးထုံ မသိခဲ့ချေ။
မူလက မျှော်လင့်ချက် အနည်းငယ် ထားရှိခဲ့ကြသော ရှီးမန်တို့အဖွဲ့သည် ဒူးများတုန်သွားသည်အထိ ထတ်လန့်သွားကြသည်။
သူတို့အားလုံး အထိန်းအကွပ်မဲ့စွာ တုန်ယင်နေခဲ့ကြသည်။
သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ထင်ဟပ်လာခဲ့လေပြီ။
ကျိုးထုံ...
သူ တကယ်ကြီး လူမှားတာ မဟုတ်ဘူးပဲ..
ထို့ပြင် သူ ပြောခဲ့သော စကားများမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
လဲ့ဟိုင်မြို့၏ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူနှင့် ဝူလျှန်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော ကျိုးထုံက တစ်ဖက်လူ၏မှတ်မိခံရမှုနှင့် မတန်ဟု အမှန်တကယ် ပြောဆိုနေပေ၏။
အိုး ဘုရားရေ...
ဒါက တစ်ဖက်လူက ကျိုးထုံတောင်မှ ဦးညွှတ်ရမယ့် တည်ရှိမှုတစ်ခု ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်လား...
ပြီးတော့ ငါတို့က အဲဒီလို လူမျိုးကို တကယ်ကြီး သွားပြီး ပြဿနာ ရှာခဲ့မိတယ်။
မျက်စိတစ်မှိတ်အတွင်း ရှီးမန်တို့လူစုသည် သူတို့၏နှလုံးသားများ တုန်ယင်နေသည်ကို ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားများမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ အအေးလှိုင်းတစ်ခု စီးဆင်းသွားခဲ့သည်။
သူတို့၏ခန္ဓာကိုယ်များ လုံးလုံးလျားလျား အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် 'ဘုန်း' ခနဲ အသံနှင့်အတူ....
လဲ့ဟိုင်မြို့၏ ရက်စက်ကြမ်းကြုတ်ကျားခုနစ်ကောင် ဟု လူသိများသော သူတို့သည် ကျုံးချင်၏ရှေ့တွင် ခွေးများအလား ဒူးထောက်လိုက်ကြ၏။
ထိုလူများသည် ကြက်သွန်ဖြူ ထောင်းနေသကဲ့သို့ အကြိမ်ကြိမ် ဦးတိုက်ကာ တောင်းပန်လိုက်ကြသည်။
"စီ... စီနီယာ... ကျွန်တော်တို့ မှားသွားပါပြီ... ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ..."
သူတို့၏မျက်နှာများပေါ်မှ ချွေးစေးများ စီးကျနေကာ သူတို့၏အမူအယာများ ကြောက်ရွံ့မှုကြောင့် ပျက်ယွင်းနေခဲ့သည်။
ဤအခြေအနေက ကျိုးထုံ၏အမူအယာကို တင်းမာခက်ထန်သွားစေခဲ့သည်။
အခြေအနေသည် အနည်းငယ် ပုံမှန် မဟုတ်ကြောင်းကို သူ ယခင်ကတည်းက ခံစားမိခဲ့ပြီး ဖြစ်သည်။
ယခု သူတို့၏အပြုအမူကို မြင်တွေ့ချိန်၌ သူတို့သည် ကျုံးချင်ကို ဆိုးရွားစွာ စော်ကားခဲ့ကြောင်း သူ မည်သို့ နားမလည်ဘဲ နေမည်နည်း။
ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်နှလုံးသားထဲ၌ ဒေါသနှင့်စိုးရိမ်ပူပန်မှု နှစ်မျိုးလုံးဖြင့် ပြည့်နှက်သွားပေ၏။
သူ ဤမျှထိ အလျင်စလို ပြေးလာရသည့် အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်က ကျုံးချင်ကို စော်ကားမိပြီး စိတ်အလိုမကျမှုကို ဖြစ်ပေါ်စေကာ လူသတ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမည်ကို သူ ကြောက်ရွံ့သောကြောင့် မဟုတ်လော...
ဤမျှ အချိန်တိုလေးအတွင်းတွင် ဤကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသော တည်ရှိမှုကို စော်ကားမိသည့် မဆင်မခြင် ပြုမူသော လူယုတ်မာ တစ်ယောက် ရှိလာလိမ့်မည်ဟု သူ လုံးဝမျှော်မလင့်ထားခဲ့ချေ။
ကံကောင်းစွာဖြင့် ဤသည်မှာ နောက်ပြန်လှည့်၍ မရနိုင်သော အခြေအနေသို့ မရောက်သေးပေ။
သူက တီးတိုးပြောဆိုလိုက်၏။
"စီနီယာ... ဒီနေရာရဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ ဒီခွေးလိုကောင်တွေက စီနီယာရဲ့ စိတ်အခြေအနေကို အနှောင့်အယှက် ပေးမိအောင် လုပ်မိတာ ကျွန်တော့်ရဲ့ အမှားပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာ... ဒီဂျူနီယာက အခုပဲ ဒီနေရာကို သန့်ရှင်းသွားအောင် သူတို့ကို ကိုင်တွယ်ရှင်းလင်းလိုက်ပါ့မယ်..."
လူယုတ်မာတစ်စုကို ရှင်းလင်းပေးရန် ရှေ့ထွက်လာမည့်သူ ရှိနေသဖြင့် ကျုံးချင်က သူကိုယ်တိုင် လုပ်ဆောင်ရန် ပျင်းရိနေခဲ့သည်။
သူက လျစ်လျူရှုသည့်အမူအယာဖြင့် ဝိုင်အရက်တစ်ငုံ သောက်လိုက်ပြီး ပြောဆိုသည်။
"မင်းပဲ ရှင်းလိုက်တော့..."
ဤစကားတစ်ခွန်းက ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ရှီးမန်တို့အဖွဲ့၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိုက်လေပြီ။
ကျုံးချင်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်...
ကျိုးထုံက ချက်ချင်းလှုပ်ရှားလိုက်သည်။ ရှီးမန်တို့လူစုအတွက် သူ့ထံတွင် ကောင်းမွန်သော အမူအရာ မရှိချေ။
သူ၏မျက်နှာသည် မိုးရွာကျလာတော့မည့် ကောင်းကင်အလား မည်းမှောင်နေပေ၏။
"လာကြစမ်း... ဒီလူတွေကို ဆွဲထုတ်သွားပြီး အပိုင်းပိုင်း ခုတ်ထစ်လိုက်... ပြီးရင် သူတို့ရဲ့ အလောင်းတွေကို ခွေးကျွေးဖို့ အပြင်ကို ပစ်ထုတ်လိုက်စမ်း..."
ရုတ်ချည်းဆိုသလိုပင် အကြီးအကဲတချို့က ရှေ့သို့ထွက်လာကြသည်။
သူတို့သည် ထိုလူစုကို လျှင်မြန်သောအမြန်နှုန်းဖြင့် ဖမ်းဆီးလိုက်ကြသည်။
ယင်သုံးပါးနယ်ပယ် တတိယအဆင့် ကျင့်ကြံမှုမှာ လဲ့ဟိုင်မြို့၏အစွမ်းထက်ဆုံး အင်အားစု ရှေ့တွင် လှိုင်းဂယက်လေးတစ်ခုမျှပင် မဖြစ်ပေါ်စေနိုင်ခဲ့ချေ။
ရှီးမန်တို့အဖွဲ့သည် သူတို့၏ ကံကြမ္မာကို တွေးမိချိန်တွင် သူတို့၏မျက်နှာများ စိမ်းဖန့်သွားသည်အထိ ထိတ်လန့်သွားကြပြီး ဆက်လက်၍ အသနားခံနေကြသည်။
"စီနီယာ... စီနီယာ... ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ..."
သို့သော် သူတို့သည် ကျုံးချင်ကို ရန်စလိုက်ချိန်တွင် သူတို့ကိုယ်သူတို့ သေမင်း လမ်းကြောင်းပေါ်သို့ တင်လိုက်ပြီး ဖြစ်ပေ၏။
ထိုကဲ့သို့ လူများကို အသက်ရှင်ခွင့် ပေးခြင်းမှာ ကျုံးချင် ကိုယ်တိုင်အတွက် အကြီးမားဆုံး ရက်စက်မှု ဖြစ်ပေလိမ့်မည်။
ကျုံးချင်၏ရှေ့တွင် သူတို့၏စွမ်းအားသည် အရေးမပါလှသော်လည်း...
သူတို့သည် ရွံရှာဖွယ် ကောင်းလှပေ၏။