← Chapters

ပင်လယ်သားရဲ

Vol. 34 Ch. 332

ပင်လယ်သားရဲ

Vol. 34 Ch. 332

ဟူရှန်းက ကျုံးချင်၏ပခုံးကို ပုတ်ရင်း သူတို့ကို မိတ်ဆက်ပေးရန် နောက်သို့လှည့်ကာ ပြောဆိုလိုက်၏။

"စောစောက ဖြစ်ခဲ့တာတွေကို စိတ်ထဲမထားနဲ့... လူတစ်ယောက်ကို ခရီးကြုံ ခေါ်မသွားချင်လို့ မဟုတ်ဘူး... ငါ့ရဲ့လှေပေါ်မှာ ကံဆိုးပြီး အသုံးမကျတဲ့ကောင်တွေ မရှိစေချင်လို့ပါ... အခုကစပြီး ငါတို့ အတူတူ ခရီးသွားကြတာပေါ့... ငါ့ကို ဟူရှန်းလို့ပဲ ခေါ်ပါ... ဟိုနှစ်ယောက်က ဖိုရှန်းနဲ့ လျှူရှန်းတဲ့..."

ကျုံးချင်ကလည်း ပြုံးလိုက်သည်။

အစပိုင်းက ဟူရှန်းသည် သူ့ကို အမှန်တကယ် တိုက်ခိုက်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့သော် သူတို့ အမှန်တကယ် စတင်တိုက်ခိုက်ချိန်တွင် ဟူရှန်းထံ၌ သူ့ကို ထိခိုက်စေလိုသော ရည်ရွယ်ချက် မရှိကြောင်းနှင့် လှုပ်ရှားမှု ပြုလုပ်ရာတွင် ခွန်အားများကို သိသိသာသာ ဖိနှိပ်ထားခဲ့ကြောင်း သူ နားလည်သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် ကျုံးချင်သည် ဤှကိစ္စကို စိတ်ထဲ မထားခဲ့ချေ။

တစ်ချိန်တည်းမှာပင် သူက ကောင်မလေး နျန်နျန်၏ ဘေးတွင် ရပ်နေသော အရပ်ရှည်ရှည် ကျင့်ကြံသူနှစ်ဦးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

ဤလူသုံးယောက်သည် ရုပ်ရည်ချင်း ဆင်တူပြီး နာမည်များလည်း ဆင်တူကြ၏။ သူတို့သည် ညီအစ်ကိုများ ဖြစ်နေနိုင်သည်။ ထို့ကြောင့် အိုးကျီရှူသည် သူတို့၏ရှေ့တွင် မောက်မာစွာ မပြုမူရဲခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။ တစ်ယောက်နှင့် သုံးယောက် ယှဉ်ရမည်ဖြစ်ရာ သူ အနိုင်ရနိုင်မည် မဟုတ်ချေ။

ဟူရှန်းက ဆက်လက်၍ ပြောဆိုလိုက်၏။

"ဒီတစ်ယောက်ကိုတော့ မိတ်ဆက်ပေးဖို့ မလိုတော့ဘူးမလား... သူက ချင်းဖုန်းကျောင်းတော်ရဲ့ တန်ဖိုးထားရတဲ့ ရတနာလေး နျန်နျန်လေ..."

နောက်ထပ် မိတ်ဆက်ပေးမှု တစ်ခု ပြီးဆုံးသွားပြီးနောက် မျက်လုံးဝိုင်းလေးများဖြင့် နျန်နျန်က ကျုံးချင်ထံသို့ ပြေးလာကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဝိုး... နင်က ဒီလောက်ထိ အစွမ်းထက်မယ်လို့ ငါ မယုံနိုင်ဘူး... ငါ့ရဲ့ဆရာနဲ့တောင် တိုက်ကွက်တွေ ဖလှယ်နိုင်တယ်... နောက်ပိုင်း နင် အားတဲ့အချိန်ကျရင် ငါ့ကို တိုက်ကွက်နည်းနည်းလောက် သင်ပေးပါလား... ငါ့ရဲ့ သရေစာမုန့်တွေ အကုန်လုံး နင့်ကို ပေးမယ်လေ..."

သူမ စကားပြောနေစဉ် သူမ၏နုနယ်သော လက်ကလေးက ကျုံးချင်၏ အဝတ်အစားများကို ဆွဲထားပြီး သူမ၏မျက်လုံးများထဲတွင် ပြင်းပြသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

သူတို့၏နံဘေးတွင် ရပ်နေသော အိုးကျီရှူက သူ၏လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်ကားပြီး ပခုံးတွန့်လိုက်သည်။ ကလေးမလေးတစ်ယောက်ကို သူ ဘာမှမလုပ်နိုင်ကြောင်း ကျုံးချင်ကို အချက်ပြလိုက်ခြင်း ဖြစ်ပေ၏။

ဟူရှန်းက ကျုံးချင်ကို စူးစိုက်ကြည့်ပြီး ပြောဆိုသည်။

"ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ကောင်းတာပဲ... တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာ ကောင်းတယ်... ဒါပေမဲ့ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ အချိန်တိုလေးက မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို ချေမှုန်းခဲ့တဲ့ ပိုင်လင်းဆိုတာလည်း ဒီညီငယ်လေးနဲ့ အသက်အရွယ် အတူတူလောက်ပဲ ရှိပုံရတယ်..."

ကျုံးချင်က ပြုံးလိုက်ပြီး သူ၏နှာခေါင်းကို မပွတ်သပ်ဘဲ မနေနိုင်ခဲ့ချေ။

ဟူရှန်းက ဆက်လက်၍ ပြောဆိုလိုက်၏။

"စိတ်ဓာတ် မကျပါနဲ့... မင်းက ပိုင်လင်းလောက် မတော်ရင်တောင် မင်းလည်း အလားအလာရှိတယ်လို့ အခုလေးတင် ငါ ပြောခဲ့တယ် မဟုတ်လား... ပြောရမယ်ဆိုရင် သူက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ စပြီးသန်မာလာခဲ့တာ... သူရဲ့ အတောင်ပံတွေ အပြည့်အဝ မစုံသေးတဲ့ အချိန်မှာ အဲ့ဒီနှစ်က ငါ ခရီးထွက်နေတုန်း သူနဲ့ တိုက်ကွက်နည်းနည်းလောက် ဖလှယ်ဖြစ်ခဲ့တယ်... အဲဒီအချိန်က သူ့ရဲ့ ခွန်အားက အခု မင်းရဲ့ ခွန်အားနဲ့ အတူတူလောက်ပဲ... ငါတို့က တိုက်ကွက်သုံးရာလောက် အပြန်အလှန် လေ့ကျင့်ဖြစ်ခဲ့ပြီးတော့ ငါက ပွတ်ကာသီကာလေး အနိုင်ရခဲ့တာ... ဒါပေမဲ့ မကြာသေးခင်က နတ်ဆိုးမြို့တော်မှာ သူ့ကို ပြန်တွေ့တဲ့အချိန်ကျတော့ သူ့ရဲ့တိုးတက်မှုက အရမ်းမြန်လွန်းတယ်... ငါ သူ့ရဲ့တိုက်ခိုက်မှုကို အကွက် တစ်ရာလောက်ပဲ တောင့်ခံနိုင်တော့တယ်... ဒါကြောင့် မင်းရဲ့ အနာဂတ်ကလည်း မျှော်လင့်ချက် ရှိပါသေးတယ်..."

အိုးကျီရှူက ဝင်ရောက်ပြောဆိုသည်။

"အမ်... စီနီယာ... အစစ်အမှန်နတ်ဆိုးအမွေအနှစ် ပေါ်လာတုန်းက စီနီယာ ငါတို့ကို အဲ့ဒီကို ခေါ်သွားခဲ့တယ်ဆိုတာတော့ အမှန်ပဲ... ဒါပေမဲ့ ငါတို့က နတ်ဆိုးမြို့တော်ရဲ တံခါးကိုတောင် မဝင်နိုင်ဘဲ ပထမဆုံးဝင်္ကပါမှာတင် တစ်လလောက် ပိတ်မိနေခဲ့ပြီးမှ ထွက်လာနိုင်ခဲ့တာလေ..."

အိုးကျီရှူ၏စကား မဆုံးမီမှာပင် ဟူရှန်း၏ ကျောဘက်ရှိ ကြေးနီရောင်ဓားက တိုက်ရိုက်လွှဲယမ်းလာခဲ့သည်။

"ဟေး... ဟေး... ဟေး... ဟေး..."

လှေငယ်လေးပေါ်တွင် ဟူရှန်းက အိုးကျီရှူကို လိုက်ဖမ်းနေပြီး လျှူရှန်းနှင့်ဖိုရှန်းတို့က ဝင်ရောက် ဖျန်ဖြေပေးရန် ကြိုးစားရင်း အနီးကပ် လိုက်ပါလာကြသည်။ လူကြီးနှစ်ယောက် လိုက်တမ်းပြေးတမ်း လုပ်နေသည်ကို ကျုံးချင်ကြည့်ရင်း ရယ်ချင်စိတ်ကို အောင့်မထားနိုင်ခဲ့ချေ။

ထိုအချိန်မှာပင် လှေနောက်ပိုင်းရှိ လှေထိုးသားတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။

"ကျစ်... ငါတို့က ပင်လယ်သားရဲ မျိုးနွယ်စုနဲ့ တိုးနေပြီ... မင်းတို့အားလုံး တိတ်တိတ်နေကြတော့... ပင်လယ်မျိုးနွယ်စုရဲ့ မျက်လုံးကို တည့်တည့် မကြည့်ကြနဲ့..."

ကျုံးချင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး နျန်နျန်က လျှပ်ပြက်သည့်အလား ပြေးလာခဲ့သည်။

နျန်နျန်က ခြေဖျားထောက်ကာ ကျုံးချင်၏ မျက်လုံးများကို ဖုံးအုပ်ရန် လက်လှမ်းလိုက်ပြီး ပြောဆိုသည်။

"ကံဆိုးတာပဲ... ကံဆိုးလိုက်တာ... မျက်လုံးကို မြန်မြန်မှိတ်ပြီး နင့်ရဲ့ နက်နဲသိမ်မွေ့ချီတွေကို ထိန်းချုပ်ထား... လုံးဝမယိုစိမ့်စေနဲ့... နင့်ရဲ့ စွမ်းအားက ငါ့ထက် နည်းနည်းလေး ပိုသာပေမဲ့ ဒီမိန်းမပျိုလေးက နင့်ထက် ပင်လယ်ခရီးစဉ် အတွေ့အကြုံ ပိုများတယ်... ဒါကြောင့် နင်က ငါ့စကားကို နားထောင်ရမယ်... တကယ်လို့ နင်က ငါ့ရဲ့စကားကို နားမထောင်ရင် ပင်လယ်သားရဲတွေရဲ့ ဖမ်းဆီးတာကို ခံရလိမ့်မယ်..."

ဖရိုဖရဲနတ်ဆိုးပင်လယ်တွင် ပင်လယ်သားရဲများကို ရင်ဆိုင်ရန် စံသတ်မှတ်ထားသော နည်းလမ်းမှာ အသေကောင်အဖြစ် ဟန်ဆောင်ခြင်းနှင့် နက်နဲသိမ်မွေ့ချီများ စီးဆင်းမှုကို ရပ်တန့်ထားခြင်း ဖြစ်ပေ၏။

ကောင်မလေးသည် ခေါင်းငုံ့ထားကာ သူမ အမြဲတစေ ဆော့ကစားတတ်သော ကျစ်ဆံမြီး နှစ်ဖက်မှာ ယခုအချိန်၌ အထက်သို့ မြင့်မားစွာ ထောင်တက်နေပြီး သူမကိုကြည့်ရသည်မှာ လွန်စွာအလေးအနက်ထားနေပုံ ရသည်။

ကျုံးချင်က နျန်နျန်၏လုပ်ရပ်အတိုင်း လိုက်လုပ်ကာ သူမနှင့်အတူ ကုန်းပတ်ပေါ်တွင် ထိုင်ချလိုက်သည်။

အိုးကျီရှူနှင့် ဟူရှန်းတို့ညီအစ်ကိုများလည်း သူတို့၏ လိုက်တမ်းပြေးတမ်းလုပ်နေခြင်းကို ရပ်တန့်လိုက်ကြပြီး သူတို့တစ်ဦးစီက သူတို့၏ ဓားများကို ရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားကြသည်။ သူတို့သည် ကုန်းပတ်ပေါ်တွင် ပလ္လင်ခွေ ထိုင်ချလိုက်ကြပြီး သူတို့၏နက်နဲသိမ်မွေ့ချီများကို ပိတ်ဆို့ထားကာ မျက်လွှာချထားလိုက်ကြသည်။ လူများအားလုံး၏ လှုပ်ရှားမှုများအရ သူတို့သည် ဤအရာများ အားလုံးနှင့် လွန်စွာရင်းနှီးကျွမ်းဝင်နေပုံရသည်။

သူတို့သည် တစ်စုံတစ်ခုသော တည်ရှိမှု၏ ရှာဖွေတွေ့ရှိခြင်းကို ခံရမည့် အခွင့်အရေး လျော့နည်းသွားစေရန် သူတို့၏နက်နဲသိမ်မွေ့ချီများကို ပိတ်ဆို့ရန် ရည်ရွယ်ထားကြခြင်း ဖြစ်ပေ၏။

ရုတ်တရက် လှေငယ်လေးအတွင်းတွင် နက်ရှိုင်းသော တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားခဲ့သည်။ သို့သော် ကျုံးချင်က ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ သူသည် မျက်လွှာချထားသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံက အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

သူ၏ရှေ့ရှိ ဖရိုဖရဲနတ်ဆိုးပင်လယ်သည် အသွင်အပြင် ပြောင်းလဲသွားခဲ့လေပြီ။

အဆုံးမဲ့ဟုထင်ရသော အနီရောင်မြူခိုးများထဲတွင် ကြီးမားသော ပုံရိပ်ယောင် အဆောက်အအုံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ယောင် အဆောက်အအုံ ပေါ်လာသည့် အချိန်မှစ၍ လှေငယ်လေးနှင့် အမြဲတစေ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားပေ၏။ အကယ်၍ လှေသည် ရေကိုခွဲကာ သွားနေခြင်းသာ မဟုတ်ပါက လှေရပ်တန့်နေသည်ဟုပင် တစ်စုံတစ်ယောက်က ထင်မှတ်သွားနိုင်သည်။

ပတ်ဝန်းကျင်သည် အဆုံးမဲ့ပင်လယ်ပြင် ဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ဤမြင့်မားသော အဆောက်အအုံကြီးသည် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော မျှော်စင်မြင့်ကြီး တစ်ခု သို့မဟုတ် ကြယ်စင်မြစ်တစ်ခုနှင့် တူညီနေသည်။

ထို့ထက်ပို၍ ထူးဆန်းသည်မှာ ထိုအဆောက်အအုံ၏ ပုံရိပ်ယောင်အတွင်းတွင် မရေမတွက်နိုင်သည့် အလင်းအစက်အပြောက်များ အဆက်မပြတ် တလက်လက် တောက်ပနေခြင်းပင်။ ဂရုတစိုက်ကြည့်လိုက်ချိန်၌ ထိုအရာများသည် အမှန်အားဖြင့် မျက်တောင်ခတ်နေသော တစ္ဆေမျက်လုံးများ ဖြစ်နေခဲ့သည်။

သူ၏ရှေ့ရှိ မြင်ကွင်း၏ ထူးဆန်းမှုက ကျုံးချင်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ဤဖရိုဖရဲနတ်ဆိုးပင်လယ်ရှိ ပင်လယ်သားရဲ တချို့က ဤမျှထိ ခမ်းနားသော မြင်ကွင်းကို အမှန်တကယ် ဖန်တီးနိုင်သလော...

သူသည် ဤပင်လယ်သားရဲများကို အထင်သေးမိခဲ့ပုံ ရပေ၏။

ဟူရှန်းက အော်ဟစ်လိုက်သည်။ သူ၏လေသံကို နှိမ့်ထားသော်လည်း သူ၏စိုးရိမ်ပူပန်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

"အိုးကျီရှူ..."

ထိုအသံနှင့်အတူ အိုးကျီရှူသည် ကုန်းပတ်ပေါ်မှ မတ်တတ်ထရပ်ပြီး သူ၏ဓားကို ပခုံးပေါ်တွင် တင်ထားသည်။

အိုးကျီရှူသည် ညှို့ငင်ခံထားရပုံ ရပေ၏။ ဓားရှည်ကြီးကို တစ်ချက်လွှဲယမ်းလိုက်မှုနှင့်အတူ ကြီးမားသော ဓားသွားက သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ တွန်းပို့လိုက်ပြီး ကုန်းပတ်၏အရှေ့ဘက်မှ ကြောက်မက်ဖွယ် လေဟာနယ်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ သူသည် သူတို့၏ရှေ့ရှိ ထို ထူးဆန်းသော လေဟာနယ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားတော့ပေမည်။

ဟူရှန်းက အော်ဟစ်လိုက်၏။

"ကျစ်... ဒီကောင် ညှို့ငင်ခံရပြီ... အိုးကျီရှူကို ညှို့ငင်နိုင်တဲ့ ပင်လယ်သားရဲက အနည်းဆုံးတော့ ယင်သုံးပါးနယ်ပယ်မှာ ရှိရမယ်..."

ဟူရှန်းက ပြေးထွက်သွားပြီး သူ၏ဓားကို လှံတစ်စင်းအလား ပစ်လွှတ်လိုက်သည်။

ဒေါင်...

ထိုဓားသည် အိုးကျီရှူ၏ဓာကို ထိမှန်သွားသဖြင့် သတ္တုအချင်းချင်း ရိုက်ခတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဟူရှန်းသည် အိုးကျီရှူကို ဒဏ်ရာရသွားစေနိုင်မည့် အန္တရာယ်ကို စွန့်စားကာ ပြင်ပ စွမ်းအားဖြင့် သူ့ကို တိုက်ရိုက်တားဆီးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေ၏။ သို့သော် ထိုသို့ ပြုလုပ်သော်လည်း အိုးကျီရှူသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ရုံဖြင့် ဟူရှန်း ပစ်လွှတ်လိုက်သော ဓားကို ချက်ချင်း လမ်းလွဲသွားစေခဲ့သည်။

ဝှစ်...

ထိုဓားသည် သင်္ဘောပေါ်မှ လွင့်ထွက်သွားပြီး အရှေ့ဘက်ရှိ ထူထပ်သော မြူခိုးများ၏ လေဟာနယ်ထဲသို့ ထိုးစိုက်သွားကာ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

ထူထပ်သော မြူခိုးများထဲရှိ မရေမတွက်နိုင်သော တစ္ဆေမျက်လုံးများက တပြိုင်နက်တည်း မျက်တောင်ခတ်လိုက်ကြသည်။

ဟူရှန်းက ဆဲရေးလိုက်၏။

"ဒါက မျိုးဗီဇပြောင်း ပင်လယ်မြွေ မျိုးနွယ်စုပဲ... နျန်နျန်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်... ပြီးတော့ ကျုံးချင်ကိုလည်း စောင့်ကြည့်ထား... သူ့ကို ဟိုဟိုဒီဒီ လျှောက်မသွားစေနဲ့..."

လျှူရှန်းနှင့် ဖိုရှန်းတို့လည်း ခုန်ထွက်လာကာ အိုးကျီရှူကို တားဆီးရန် သူတို့၏ဓားများကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် အခန်း၏အပြင်ဘက်ရှိ လှေထိုးသားကလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သည်။

မရေမတွက်နိုင်သော လှေများသည် မြောက်ပိုင်းဒေသဆိပ်ကမ်းမှ နေ့စဉ်ထွက်ခွာလေ့ရှိပြီး ပင်လယ်သားရဲများ သို့မဟုတ် နတ်ဆိုးမျိုးနွယ်စုများနှင့် ကြုံတွေ့ရခြင်းမှာ မဆန်းလှချေ။ အထူးသဖြင့် လွန်ခဲ့သော နှစ်တစ်ထောင် အတွင်း မြောက်ပိုင်းဒေသ၌ လူသားမျိုးနွယ်၏ စွမ်းအားများ ကြီးထွားလာမှုနှင့်အတူ လဲ့ဟိုင်တောင်ကြား အတွင်းတွင် ပင်လယ်သားရဲများ ရံဖန်ရံခါ ပေါ်လာလျှင်ပင် သူတို့သည် ဤမျှထိ ကြီးမားသော ဆူပူအုံကြွမှုကို တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်စေခဲ့ဖူးချေ။ ထိုသို့မဟုတ်ပါက ယနေ့ခေတ်ကာလတွင် မြောက်ပိုင်းဒေသဆိပ်ကမ်း၌ ရေကြောင်းသွားလာမှုများ ဤမျှထိ ပေါများနေမည် မဟုတ်ပေ။

ဒါပေမဲ့ ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ...

နျန်နျန်သည် အလွန်ကြောက်ရွံ့နေပေ၏။ အကယ်၍ အိုးကျီရှူသာ လှေထဲမှ ခုန်ထွက်သွားမည်ဆိုပါက သူသည် လွင့်ထွက်သွားသော ဓားကဲ့သို့ အလားတူ ကံကြမ္မာမျိုးနှင့် မလွဲမသွေ ကြုံတွေ့ရမည်ကို သူမလည်း မြင်နိုင်သည်။ သူမ၏ များစွာသော ဂျူနီယာ ဦးလေးများထဲတွင် သူမ အနှစ်သက်ဆုံးမှာ ထူးဆန်းသော အိုးကျီရှူပင်။

ဟူရှန်းတို့အားလုံး ဟိန်းဟောက်လိုက်ကြသည်။

"မိုးကြိုး တာအို..."

ထို့နောက် လူစုခွဲလိုက်ကာ သူတို့၏ လက်ဟန်သင်္ကေတများက အဆက်မပြတ် ချိတ်ဆက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပုံရိပ်ယောင် ကောင်းကင်မိုးကြိုးသုံးစင်းက လေဟာနယ်ထဲသို့ ပျံ့လွင့်သွားခဲ့သည်။

နျန်နျန်သည် စိတ်လှုပ်ရှားလာပြီး သူမ၏လက်များကမူ ကျုံးချင်၏မျက်လုံးများကို ဖုံးအုပ်ထားဆဲဖြစ်ကာ အော်ဟစ်လိုက်၏။

"ဒါက ငါတို့ ချင်းဖုန်းကျောင်းတော်ရဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ... ယင်သုံးပါးနယ်ပယ် ပင်လယ်သားရဲတွေကို ဖြေရှင်းဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."

ကျုံးချင်၏ နတ်ဘုရားစိတ်အာရုံက ထွက်ပေါ်လာပြီးနောက် သူ၏မျက်လုံးများကို အမြဲတသေ ဖုံးအုပ်ထားသော်လည်း သူ၏ ပတ်ဝန်းကျင်ကို သိမြင်နိုင်စွမ်းမှာ အလွန် ရှင်းလင်းနေဆဲပင်။

ဟူရှန်းညီအစ်ကိုများ ဆင့်ခေါ်လိုက်သော ကောင်းကင်မိုးကြိုးသုံးစင်းသည် ထူထပ်သော မြူခိုးများထဲရှိ ပုံရိပ်ယောင်အဆောက်အအုံနှင့် ဆင်တူသည်။ ကောင်းကင်မိုးကြိုးသည် အစစ်အမှန် မိုးကြိုး မဟုတ်သလို မြင့်မားသော အဆောက်အအုံကြီးမှာလည်း ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတစ်ခု မဟုတ်ချေ။

ကောင်းကင်မိုးကြိုးက ထိုပုံရိပ်ယောင် အဆောက်အအုံကို ချေမှုန်းပစ်နိုင်သရွေ့ ညှို့ငင်မှုကို ဖန်တီးနေသော ပင်လယ်သားရဲသည် သူ၏အခြေခံအုတ်မြစ်ကို ဆုံးရှုံးသွားပေမည်။ ယခုအချိန်အထိ အခြေအနေမှာ ထိန်းချုပ်၍ ရနိုင်သေးပုံ ပေါ်လွင်နေသည်။

ကျုံးချင်က ငြိမ်ငြိမ်ထိုင်နေရန် ရွေးချယ်လိုက်ပြီး သူ၏မျက်လုံးများကို ဖုံးအုပ်ထားသော နျန်နျန်၏လက်များမှတဆင့် သူမ၏ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုကို စီးဆင်းသွားစေခဲ့သည်။

ဝုန်း... ဝုန်း... ဝုန်း...

မိုးကြိုးသုံးစင်းက အိုးကျီရှူ၏အပေါ်မှ ဖြတ်ကျော်သွားပြီး လေဟာနယ်ထဲတွင် ပေါက်ကွဲသွားပေ၏။ လေဟာနယ် အဆောက်အအုံထဲရှိ မရေမတွက်နိုင်သော မျက်လုံးများ တပြိုင်နက် ကျဉ်းမြောင်းသွားပြီး တရှူးရှူးမြည်သံများ တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ အနီရောင်မြူခိုးထုကြီးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

လှေ၏အစွန်းသို့ ရောက်ရှိနေပြီး အပြင်သို့ ပြေးထွက်ရန် လုပ်နေသော အိုးကျီရှူသည်လည်း ဤအခိုက်အတန့်တွင် အသိစိတ် ပြန်လည် ကြည်လင်လာခဲ့ပြီး ယိမ်းယိုင်ကာ ကုန်းပတ်ပေါ်သို့ လဲကျသွားခဲ့သည်။

နျန်နျန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ဝမ်းသာအားရဖြင့် သူမ၏လက်နှစ်ဖက်ကို မြှောက်ကာ ကျုံးချင်ကို ကြွားလုံးထုတ်ရန် သူမ၏လက်သီးဆုပ်လေးများကို ဝှေ့ယမ်းပြလိုက်၏။

"ပြီးသွားပြီ... အဲဒါကို မြင်လား... ဒါက ငါတို့ ချင်းဖုန်းကျောင်းတော်ရဲ့ အစစ်အမှန် ခွန်အားပဲ..."

ဝုန်း...

ပုံရိပ်ယောင် အဆောက်အအုံ ပေါက်ကွဲသွားမှုနှင့်အတူ မရေမတွက်နိုင်သော မကောင်းဆိုးဝါး မျက်လုံးများ တပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ရေလှိုင်းပုတ်သံများ ဆက်တိုက်ထွက်ပေါ်လာကာ မရေမတွက်နိုင်သော ပင်လယ်မြွေများ ရေထဲသို့ ကျဆင်းသွားခဲ့သည်။

ဟူရှန်းက ရှေ့သို့တက်လာပြီး ကုန်းပတ်ပေါ်မှ အိုးကျီရှူကို ဆွဲထူကာ ပါးနှစ်ချက်ရိုက်ပြီး အော်ဟစ်လိုက်၏။

"အိုးကျီရှူ... သေချင်းဆိုး... ဘိုးဘေးဆရာသခင်က လက်ဆင့်ကမ်းပေးခဲ့တဲ့ ဒီမိုးကြိုးတာအိုနည်းစနစ်သာ မရှိရင် ဒီနေ့ မင်းရဲ့အလောင်းကို ငါ ကောက်ရတော့မှာ..."

အိုးကျီရှူက တွေဝေမိန်းမောနေဆဲဖြစ်ကာ ပြန်ပြောလိုက်သည်။

"ငါ... ဘာတွေ ဖြစ်သွားမှန်း ငါ မသိဘူး... ငါ မျက်လုံးမဖွင့်ခဲ့တာ သေချာတယ်..."

ဟူရှန်းက ဆူပူကြိမ်းမောင်းလေသည်။

"မင်း မျက်လုံး မဖွင့်ဘဲနဲ့ အဲ့ဒီအကောင်ရဲ့ ညှို့ငင်တာကို ခံရတယ်ပေါ့... ဟမ့်... မင်း အဲ့ဒီလို ပြောလိုက်တာက ချင်းဖုန်းကျောင်းတော်ကို အရှက်ခွဲနေတာပဲ..."

ဤအချိန်အခိုက်အတန့်တွင် လှေနောက်ပိုင်းရှိ လှေထိုးသားက မတ်တတ်ထရပ်ပြီး သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။ သူ၏အသံတွင် အလွန်အမင်း ကြောက်ရွံ့မှုများ တုန်ရီမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး အော်ဟစ်လိုက်သည်။

"နဂါး... နဂါးဘုရင် ရောက်လာပြီ..."

ထိုအသံနှင့်အတူ မိုးကောင်းကင်ရှိ လမင်းကြီးအလား ကြီးမားသော မျက်လုံးနှစ်လုံးက အမှောင်ကျနေသော ပင်လယ်ပြင်ပေါ်တွင် လင်းလက်လာခဲ့သည်။ ကန့်လန့်ဖြတ်ပုံစံများ ပါရှိသော ထိုအမည်းရောင်သူငယ်အိမ်များက လှေငယ်လေးပေါ်ရှိ လူများအားလုံးကို တန်းတန်းမတ်မတ် စိုက်ကြည့်နေသည်။

All Chapters