← Chapters

စိတ်ဝင်စားစရာကောင်းတာပဲ

Vol. 34 Ch. 333

စိတ်ဝင်စားစရာကောင်းတာပဲ

Vol. 34 Ch. 333

နျန်နျန်က အော်ဟစ်လိုက်၏။

"အား... အမလေး... ဒါကြီးက ဘာကြီးလဲ..."

သူမ၏နုနယ်သော လက်လေးများဖြင့် သူမ၏မျက်လုံးများကို ဖုံးအုပ်ထားသည်။

သူမသည် သူမ၏ခြေရင်းတွင် ပုံထားသော ရွက်ဖျင်စထဲသို့ ခေါင်းစိုက်ကာ တိုးဝင်သွားပေ၏။

ဘုန်း...

ထိုအချိန်မှာပင် သူတို့၏အနောက်မှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဟူရှန်း၏ ပေါင်တစ်ထောင်လေးလံသော ဓားသည် ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားပြီး သူ၏ မျက်လုံးများ ရီဝေဝေဖြစ်နေသည်။ သူ၏နံဘေးရှိ ညီအစ်ကိုနှစ်ယောက်ဖြစ်သော လျှူရှန်းနှင့်ဖိုရှန်းတို့၏မျက်လုံးများသည်လည်း ထပ်တူထပ်မျှပင်။

ထိုလူသုံးယောက်သည် သူတို့၏စိတ်ဝိညာဉ်များ လုယူခြင်းခံလိုက်ရသည့်အလား နေရာတွင်ပင် ကြက်သေသေကာ အမြစ်တွယ်နေခဲ့ကြသည်။

သို့သော် အမှန်အားဖြင့် ထိုဧရာမသတ္တဝါကြီး၏ရှေ့တွင် ထိုလူသုံးယောက်သည် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံ့နေကြခြင်း ဖြစ်ပေ၏။

သူတို့က ထိုဧရာမသတ္တဝါကြီးကို ချက်ချင်းမှတ်မိလိုက်ကြသည်။ ဤသည်မှာ အမှန်တကယ်ကိုပင် နဂါးဘုရင်တစ်ပါး ဖြစ်နေသည်။

နဂါးဘုရင်...

ဤသည်မှာ လောကကြီး၏ ဥပဒေသများကို ကျော်လွန်သော တည်ရှိမှုတစ်ခုပင်။

ရှေးဟောင်းအချိန်ကာလများတွင် နဂါးဘုရင်များသည် လောကရှိ အရာအားလုံးကို ခြေမွှဖျက်ဆီးခဲ့ကြသည်။ အရေအတွက် အနည်းငယ်မျှသောရှိသော ပြိုင်ဘက်ကင်း လူသားမျိုးနွယ် အစွမ်းထက်ကျင့်ကြံသူများကသာ သူတို့ကို ယှဉ်ပြိုင်နိုင်ခဲ့ကြ၏။

အချိန်ကာလ ကြာမြင့်သည်အထိ လောကပေါင်းစုံကို နဂါးဘုရင်များက ထိန်းချုပ်ထားခဲ့ကြသည်။

နှောင်းပိုင်းကာလတွင် ကောင်းကင်တာအိုမှ ပြန်လည်ဝင်စားခြင်းဖြစ်စဉ်ကို ဖြတ်သန်းပြီး ကောင်းကင်ဧကရာဇ်များ ပေါ်ထွက်မလာခဲ့ပါက ဤလောကကြီးသည် နဂါးဘုရင်များ၏ အုပ်စိုးမှုအောက်တွင်သာ ရှိနေဆဲ ဖြစ်လောက်ပေသည်။

ဟူရှန်းနှင့်တခြားလူနှစ်ယောက်တို့ ဤမျှထိ ပြင်းထန်စွာ တုံ့ပြန်ရခြင်းမှာ ချင်းဖုန်းကျောင်းတော်တွင် ရှေးဟောင်းစာပေကျမ်းဂန်များ မရေမတွက်နိုင်အောင် ရှိနေပြီး ဤဖုံးကွယ်နေသော သမိုင်းကြောင်းများမှာ သူတို့၏လောကအမြင်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ယခင်ကတည်းက ပါဝင်နေခဲ့သောကြောင့်ပင်။

ယခုအချိန်၌ လူသားမျိုးနွယ်ကို နှစ်ပေါင်းသောင်းနှင့်ချီ၍ ဖိနှိပ်ခဲ့သော နဂါးဘုရင် ပြန်ပေါ်လာသည်ကို မြင်တွေ့ချိန်၌...

သူတို့ထံတွင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့် ရှိနေသည်ကို မဆိုထားနှင့် သူတို့၏နယ်ပယ် ပို၍နက်ရှိုင်းနေမည်ဆိုလျှင်ပင် သူတို့၏သွေးမျိုးဆက်ထဲတွင် နက်ရှိုင်းစွာ စွဲဝင်နေသော ဤကြောက်ရွံ့မှုကို သူတို့ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

ဟူရှန်းက ရေရွတ်လိုက်သည်။

"စာအုပ်တွေထဲမှာ ရေးထားတာတွေ အားလုံးက အမှန်တွေပဲလား... နဂါးဘုရင်က လုံးဝပျောက်ကွယ်သွားတာ မဟုတ်ဘဲ လောကပေါင်းစုံရဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ပုန်းအောင်းနေတာလား... နဂါးဘုရင် ပေါ်လာတာနဲ့ ဒီလောကရဲ့ ဥပဒေသတွေ ပြောင်းပြန်ဖြစ်သွားလိမ့်မယ်... လူသားမျိုးနွယ်က နဂါးဘုရင်ရဲ့ လက်အောက်ခံတွေ ပြန်ဖြစ်သွားတော့မယ်..."

ဟူရှန်းက သူ၏မျက်စိရှေ့တွင် သွေးစွန်းသော ပင်လယ်ပြင်နှင့် အသားတုံးများဖြင့် ပြည့်နှက်နေသော တောအုပ်တစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။ ဤသည်မှာ နဂါးဘုရင် အုပ်စိုးသော လောကပေါင်းစုံပင်။

ဟူရှန်းတို့ ညီအစ်ကိုသုံးယောက်လုံး ကုန်းပတ်ပေါ်သို့ လဲကျသွားကြသည်။

သူတို့၏စိတ်ဝိညာဉ်များသည် ဝါးမြိုခြင်းခံလိုက်ရသည့်အလား ဖြစ်နေသည်။ သူတို့ထံ၌ တိုက်ခိုက်လိုစိတ်များ လုံးလုံးလျားလျား ပျောက်ဆုံးသွားခဲ့လေပြီ။

အဝေးတွင်မူ အမည်းရောင် ကန့်လန့်ဖြတ် သူငယ်အိမ်များက မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် လေပြင်းတစ်ရပ် တိုက်ခတ်လာခဲ့သည်။

ယခင်က တည်ငြိမ်နေသော ပင်လယ်ပြင်သည် ချက်ချင်းဆိုသလိုပင် လှိုင်းထန်လာပြီး လှိုင်းလုံးများ မြင့်တက်လာသည်နှင့်အမျှ နဂါး၏ခေါင်းပိုင်း ပို၍ထွက်ပေါ်လာခဲ့သည်။

ကြေးနီရောင်အကြေးခွံများက ရှေးဟောင်း ကာလ၏ခမ်းနားထည်ဝါမှုကို သယ်ဆောင်လာသကဲ့သို့ လှိုင်းဂယက်အလွှာများဖြင့် တောက်ပနေသည်။

ဟူး...

ကြီးမားသော နဂါးမျက်လုံးများအောက်တွင် အရိုးဆူးအကြေးခွံများဖြင့် ဖုံးလွှမ်းနေသော နဂါးခေါင်းကြီးက သူ၏နှာခေါင်းမှနေ၍ ထူထပ်ပြီး နောက်ကျိနေသော ချီအခိုးအငွေ့များကို မှုတ်ထုတ်လိုက်၏။

ထိုအရာက လှိုင်းလုံးများနှင့်အတူ ချက်ချင်းဆိုသလိုပင် ရိုက်ခတ်လာပြီး လှေငယ်လေးကို မှောက်လုနီးပါး ဖြစ်သွားစေခဲ့သည်။

ရုန်းရင်းဆန်ခတ်မှုများကြားတွင် လှေထိုးသားအနည်းငယ်သည် ကုန်းပတ်ပေါ်တွင် ဒူးထောက်ကာ ပင်လယ်ပြင်ပေါ်ရှိ နဂါးခေါင်းကြီးကို အကြိမ်ကြိမ် ဦးတိုက်နေကြလေပြီ။

သူတို့က အော်ဟစ်လိုက်ကြသည်။

"နဂါးဘုရင်... ကျွန်တော်တို့ရဲ့ သခင်... ကျွန်တော်တို့က ပြစ်မှားဖို့ မရည်ရွယ်ပါဘူး... သခင်ကြီးကို ကျွန်တော်တို့က အနှောင့်အယှက် ပေးမိပါပြီ..."

လှေထိုးသားများက ကုန်းပတ်ပေါ်တွင် ဒူးထောက်ကာ ဆုတောင်းနေကြပြီး ယခင်က ပဲ့ပိုင်းတွင် တည်ငြိမ်စွာ ထိုင်နေခဲ့သော အသက်အရွယ်ကြီးရင့်သည့် လှေထိုးသားခေါင်းဆောင်ကြီးပင် နောက်ဆုံးတွင် လှုပ်ရှားလိုက်၏။

အစောပိုင်းက ပင်လယ်သားရဲများ ပေါ်လာပြီး လူတိုင်းကို ညှို့ငင်ခဲ့ချိန်တွင်ပင် အိုမင်းနေသော လှေထိုးသားခေါင်းဆောင်ကြီးကမူ အလွန်တည်ငြိမ်နေခဲ့ကြောင်း သိထားသင့်သည်။

လှေထိုးသားခေါင်းဆောင်ကြီးက အော်ဟစ်လိုက်၏။

"မြန်မြန်... အရူးတွေလို ရပ်မနေကြနဲ့... နက်နဲသိမ်မွေ့ချီကျောက်တုံးတွေကို ထိန်းချုပ်ခန်းထဲ ပစ်ထည့်ပြီး အရှိန်နှုန်းကို မြှင့်လိုက်... နဂါးဘုရင် ဒေါသမထွက်ခင် နောက်လှည့်ပြီး ဆိပ်ကမ်းကို ပြန်ကြမယ်..."

ထိုအချိန်တွင် ကျုံးချင်က ခေါင်းငုံ့ကာ ရွက်ဖျင်စထဲသို့ တိုးဝင်နေသော နျန်နျန်၏ခါးကိုကိုင်ပြီး လက်တစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။

နျန်နျန်က အော်ဟစ်လိုက်သည်။

"ဒါက အိပ်မက်တစ်ခုပဲ မဟုတ်လား... ဒါက အိပ်မက်တစ်ခုပဲ မဟုတ်လား..."

သူမသည် ချင်းဖုန်းကျောင်းတော်၏ များပြားသော ရှေးဟောင်းစာပေများကို ဖတ်ရှုရန် အချိန်မရခဲ့သဖြင့် သူမ၏ဆရာနှင့် စီနီယာဦးလေးများကဲ့သို့ စိုးရိမ်ထိတ်လန့်နေခြင်း မရှိခဲ့ချေ။

ဟူရှန်းကမူ လုံးလုံးလျားလျား မျှော်လင့်ချက် ကင်းမဲ့နေသည်။ ဤအချိန်အခိုက်အတန့်တွင် ဤအဆုံးမဲ့ပင်လယ်ပြင်ပေါ်၌ သူတို့၏ လှေငယ်လေးနှင့် လှေပေါ်ရှိ လူအနည်းငယ်မှလွဲ၍ တခြားအရာအားလုံး အကြွင်းမဲ့ တိတ်ဆိတ်ငြိမ်သက်သွားကြောင်း သူ တွေ့ရှိလိုက်ရသည်။

ကောင်းကင်ရှိ လမင်းကြီးမှ ဖြာကျနေသော ကြယ်ရောင်များအောက်တွင် မရေမတွက်နိုင်သော ရေမှုန်ရေမွှားများ လေထဲတွင် တွဲလောင်း ဆိုင်းငံ့နေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ပင်လယ်ပြင်တပြင်လုံး အစိုင်အခဲအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

လှေထိုးသားတစ်ယောက်က အော်ဟစ်လိုက်သည်။

"ခေါင်းဆောင်... လှော်လို့ မရတော့ဘူး... လှေက မရွေ့တော့ဘူး..."

လှေထိုးသားအနည်းငယ်က အောက်ထပ်ရှိ ထိန်းချုပ်ခန်းထဲသို့ နက်နဲသိမ်မွေ့ချီကျောက်တုံးများကို အားထုတ်၍ ပစ်ထည့်လိုက်သော်လည်း သူတို့ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ချိန်၌...

လှေအပြင်ဘက်တွင် အဆက်မပြတ် လည်ပတ်နေသော ဒလက်သည် ရွှံ့ထဲတွင် ပိတ်မိနေပုံ ရပေ၏။

ကြည်လင်သော ပင်လယ်ရေသည် မယုံနိုင်လောက်အောင် စေးကပ်သွားခဲ့ပြီး လည်ပတ်နေသော လှေဒလက်၏အရှိန် နှေးကွေးသွားကာ ရွေ့လျားမှု ပိုနှေးသွားသည်။

အချိန်တခဏအကြာတွင် ဒလက်သည် လုံးဝရပ်တန့်သွားပြီး ပင်လယ်ရေ၏ပိတ်လှောင်မှုကို ခံလိုက်ရကာ မလှုပ်မယှက် ဖြစ်သွားခဲ့သည်။

မျိုးဗီဇပြောင်း ပင်လယ်မြွေမျိုးနွယ်စု၏ ညှို့ငင်ခြင်းကို အစောပိုင်းကခံခဲ့ရသော အိုးကျီရှူသည် ပြန်လည်၍သတိဝင်လာခဲ့ပေ၏။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် အဝေးရှိ မြင်ကွင်းကို မြင်လိုက်ရသဖြင့် သူ နောက်တစ်ကြိမ် မူးမေ့လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် ဟူရှန်းတို့ညီအစ်ကိုသုံးယောက်နှင့် နှိုင်းယှဉ်ပါက အိုးကျီရှူသည် ပို၍လွတ်လပ်ပေါ့ပါးသူ ဖြစ်ပြီး ကျောင်းတော်အတွင်းရှိ အမျိုးမျိုးသော မှတ်တမ်းများနှင့် ရှေးဟောင်း စာပေများကို သိပ်မယုံကြည်လှချေ။

စိတ်ကိုတည်ငြိမ်အောင်ထားရန် အချိန်ခဏယူပြီးနောက် သူသည် အသက်ရှင်သန်ရန် နည်းလမ်း ရှာဖွေရန် ပတ်ဝန်းကျင် မြင်ကွင်းကို တက်ကြွစွာ စတင်လေ့လာလိုက်၏။

သူ လှည့်ကြည့်လိုက်ပြီး အချိန်တခဏအကြာတွင် ဆဲရေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အိုးကျီရှူက မေးမြန်းလိုက်၏။

"ညီအစ်ကို... မင်း ဘာလုပ်နေတာလဲ..."

အိုးကျီရှူသည် ကျုံးချင်က လှေနံဘေးသို့ လျှောက်လှမ်းသွားနေသည်ကို မြင်တွေ့လိုက်ရသည်။

နျန်နျန်ကို ပွေ့ချီထားသော ကျုံးချင်ထံ၌ ပုံမှန် အမူအယာ ရှိနေခဲ့သည်။ သူက နဂါးဘုရင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ လေထဲတွင် တွဲလောင်းဆိုင်းငံနေသော ရေစက်တချို့ကို လှမ်းဖမ်းလိုက်၏။

ထို့နောက် ကျုံးချင်က ပြောဆိုသည်။

"အိုး... စိတ်ဝင်စားစရာပဲ..."

လက်ချောင်းတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကျုံးချင်က ရေစက်များကို တောက်ထုတ်လိုက်သည်။

ရေစက်များက ပင်လယ်ပြင်ပေါ်သို့ ပြန်လည် ကျဆင်းသွားပြီး ပင်လယ်ရေနှင့် ပေါင်းစပ်သွားသည်။

ကျုံးချင်သည် ပျော်စရာတစ်ခုခုကို ရှာတွေ့သွားပုံ ရပေ၏။ လှိုင်းများရိုက်ခတ်ပြီးနောက် လေထဲတွင် တွဲလောင်းဆိုင်းငံ့နေသော ကြီးမားသည့် ရေစက်များကို သူက အမှန်တကယ်ကိုပင် တစ်ခုပြီးတစ်ခု ပြန်လည်၍ တောက်ထုတ်နေခဲ့သည်။

ဤသည်မှာ ကလေးတစ်ယောက် ဆော့ကစားနေသည့်အလားပင်။ ဤကဲ့သို့ ပတ်ဝန်းကျင် မြင်ကွင်းမျိုးတွင် ကျုံးချင်၏လုပ်ရပ်များမှာ ထိုဧရာမနဂါးဘုရင်ထက်ပင် ပို၍ထူးဆန်းနေခဲ့သည်။

နျန်နျန်က သူမ၏ခေါင်းလေးကို ပြူထုတ်ကာ သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် ကျုံးချင်၏ လက်ချောင်းများကို စူးစိုက်ကြည့်ရင်း မေးမြန်းလိုက်၏။

"ဟင့်အင်း... မဖြစ်နိုင်ဘူး... ဒါက ဒီလောက်တောင် ပျော်စရာ ကောင်းတာလား..."

လေထဲတွင် တွဲလောင်းဆိုင်းငံ့နေသော ရေစက်များကို ကျုံးချင်က တစ်ခုပြီးတစ်ခု တောက်ထုတ်လိုက်ရာ ရေစက်တစ်စက်က နျန်နျန်၏ မျက်ခုံးပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုအရာက ဝှစ်ခနဲအသံနှင့်အတူ သူမကို ပွတ်တိုက်သွားပြီးနောက် နောက်တစ်ကြိမ် တောက်ထုတ်ခြင်းခံလိုက်ရပေ၏။

နျန်နျန်၏မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားပြီး သူမ၏လက်လေးကို ဆန့်တန်းကာ ရေစက် တစ်စက်ကို ဖိညှစ်လိုက်သည်။

ဗြန်းခနဲအသံနှင့်အတူ ရေစက် ပေါက်ကွဲသွားသည်။

မည်သို့ပင်ဆိုစေကာမူ နျန်နျန်သည် အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ်သာ ရှိနေသေးသည်။ ဤအချိန်အခိုက်အတန့်တွင် သူမသည် လက်ရှိ အခြေအနေကို လျစ်လျူရှုထားပြီး သူမ၏ မျက်လုံးများက ဤနက်နဲသိမ်မွေ့ချီပါဝင်သော ရေစက်များကိုသာ မြင်တွေ့နေရတော့သည်။

တခြားတစ်ဖက်တွင် အိုးကျီရှူက သူ၏ပေါင်ကို ရိုက်ကာ ထိုမြင်ကွင်းကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။

ဒီအရာကို ကစားလို့ ရတာလား...

ယခုအချိန်၌ မည်သူ့ကိုမျှ အားကိုး၍ မရတော့ချေ။

အိုးကျီရှူက အံ့ကြိတ်ကာ ထထိုင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်တွင် လဲကျနေသော ဟူရှန်းတို့သုံးယောက်ထံသို့ အပြေးသွားလိုက်၏။

သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး...

ဖြန်း...

သူက ဟူရှန်း၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

ဟူရှန်းက မော့ကြည့်လိုက်၏။ ဤအခိုက်အတန့်တွင် သူသည် ယခင်က အိုးကျီရှူ ညှို့ငင်ခံရချိန်ကထက်ပင် ပို၍တွေဝေမိန်းမောနေခဲ့သည်။

လျှူရှန်းနှင့်ဖိုရှန်းတို့သည် ပို၍ပင် ဆိုးရွားနေပေ၏။

အထူးသဖြင့် ဖိုရှန်းပင်။ သူသည် သူနှင့်အတူ အမြဲသယ်ဆောင်လာလေ့ရှိသော နေ့စဉ်မှတ်တမ်းစာအုပ်ကို ဖွင့်ထားပြီး သူ၏နောက်ဆုံး အခိုက်အတန့်များတွင် သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို မှတ်တမ်းတင်ရန် ရည်ရွယ်ထားခဲ့သည်။

ဤသည်မှာ သူ အရှုံးပေးလိုက်ခြင်းပင်။

ဖြန်း... ဖြန်း... ဖြန်း... ဖြန်း... ဖြန်း... ဖြန်း...

အိုးကျီရှူက သူ၏လက်ကို ကျယ်ကျယ် ပြန့်ပြန့် လွှဲယမ်းကာ ဟူရှန်း၏မျက်နှာကို အကြိမ်ကြိမ် ရိုက်ချလိုက်၏။

ဟူရှန်းကမျက်တောင်ခတ်ကာ အိုးကျီရှူကိုပင် မကြည့်ဘဲ တီးတိုးရေရွတ်လိုက်သည်။

"ပြီးပြီ... နဂါးဘုရင် ပေါ်လာပြီ... အရာအားလုံး ပြီးဆုံးသွားပြီ..."

အိုးကျီရှူက အံ့ကြိတ်ပြီး ပြောဆိုသည်။

"သေရမယ့် အချိန် မရောက်သေးဘူး... အရှုံးပေးစရာ မလိုဘူး... စာအုပ်တွေထဲမှာ ရေးထားတာတွေက အမှန် ဖြစ်ချင်မှ ဖြစ်မှာ... တကယ်လို့ ငါတို့က ပတ်ဝန်းကျင်က ပင်လယ်ရေအတားအဆီးကို ချိုးဖျက်နိုင်ရင် ငါတို့ ထွက်သွားလို့ ရနိုင်တယ်..."

သို့သော် ဟူရှန်းကမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ထားဆဲပင်။

ဤစီနီယာအစ်ကိုများက ကျောင်းတော် အတွင်းရှိ မှတ်တမ်းများကို မည်မျှထိ ယုံကြည်ကြောင်း အိုးကျီရှူက ကောင်းစွာသိရှိထားသည်။

သို့သော် ယခုအချိန်၌ အကယ်၍ သူတို့ အမြန်မလှုပ်ရှားပါက အချိန်နှောင်းသွားပေလိမ့်မည်။

ဤလှေငယ်လေးမှာ ပတ်ဝန်းကျင်ရှိ အစိုင်အခဲအဖြစ် ပြောင်းလဲသွားသော ရေများကြောင့် ဤနေရာတွင် ပိတ်မိနေကြောင်း သိသာထင်ရှားသည်။ သို့သော် သူ ဂရုတစိုက်ကြည့်လိုက်ချိန်၌ နဂါးဘုရင်နှင့် ခြေလှမ်းအနည်းငယ် ပို၍နီးကပ်လာကြောင်း သိသာထင်ရှားသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက လှေငယ်လေးသည် နဂါးဘုရင်၏ နံဘေးပတ်ဝန်းကျင်ရှိ ကြီးမားသော နက်နဲသိမ်မွေ့ချီ နှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် သေချာပေါက် ဆုတ်ဖြဲခံရပေမည်။

အိုးကျီရှူက အော်ဟစ်လိုက်သည်။

"မင်းရဲ့တပည့် နျန်နျန် အကြောင်းကို စဉ်းစားကြည့်အုံး... သူက အသက် ဘယ်လောက် ရှိသေးလို့လဲ... တကယ်လို့ နျန်နျန်သာ ပြန်မသွားနိုင်ရင်... မင်း အောက်ကို ရောက်တဲ့အချိန်မှာ သူ့ရဲ့ အဖေကို ဘယ်လို ရှင်းပြမလဲ... နျန်နျန်ကို မရဏလောကဆီ ခေါ်သွားပြီး သူကို မစောင့်ရှောက်နိုင်ခဲ့လို့ သူ့ရဲ့အဖေကိုယ်တိုင် စောင့်ရှောက်ဖို့ ခေါ်လာခဲ့တာပါလို့ မင်းက ပြောမလို့လား..."

ထိုစကားများကို ကြားချိန်၌ နောက်ဆုံးတွင် ဟူရှန်းက တုံ့ပြန်လာခဲ့သည်။

သူက ရေစက်များဖြင့် ကစားနေသော နျန်နျန်လေးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြန်လည်၍ တောက်လောင်လာခဲ့သည်။

All Chapters