← Chapters

ကြမ်းတမ်းသော ဓလေ့ထုံးစံများ

Vol. 34 Ch. 336

ကြမ်းတမ်းသော ဓလေ့ထုံးစံများ

Vol. 34 Ch. 336

ပင်လယ်ပြင်အထက်တွင် လှိုင်းများ တဝုန်းဝုန်းထနေခဲ့သည်။

လူများအားလုံးသည် ခန္ဓာကိုယ် တောင့်တင်းစေခြင်း မန္တန်တစ်ခု၏ လွှမ်းမိုးခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး သူတို့သည် ကုန်းပတ်ပေါ်တွင် ဒူးထောက်ကာ အသနားခံနေသော နတ်ဆိုးသားရဲထံသို့ စိုက်ကြည့်နေကြသည်။

သူတို့တစ်ဦးချင်းစီ၏ စိတ်နှလုံးသားထဲတွင် အဆုံးမဲ့လှိုင်းလုံးကြီးများ ရိုက်ခတ်နေခဲ့သည်။

ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူများသည် မည်မျှထိ အစွမ်းထက်သနည်း...

မြောက်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်မည်ဆိုပါက သူတို့ကို ထိပ်သီးပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်သည်။

ထိုသို့ဆိုသည့်တိုင် ဤကဲ့သို့ တည်ရှိမှုက ယခုအချိန်၌ ကျုံးချင်၏ လက်ချောင်းတစ်ချောင်းအောက်တွင် ဒူးထောက်ကာ အသနားခံနေပေ၏။

ဤသည်မှာ အမှန်တကယ်ကို သူတို့၏လောကအမြင်အား ပြောင်းပြန်လှန်ပစ်လိုက်ပြီး သူတို့၏နားလည်မှုကို ချိုးဖျက်လိုက်ခြင်းပင်။

နတ်ဆိုးသားရဲက အသနားခံလိုက်သည်။

"စီနီယာ... စီနီယာ... ကျွန်တော် မှားသွားပါပြီ... ကျွန်တော့်ရဲ့ သနားစရာကောင်းတဲ့ အသက်လေးကို ချမ်းသာပေးပါ..."

သူက ကြက်သွန်ဖြူ ထောင်းနေသကဲ့သို့ အကြိမ်ကြိမ် ဦးတိုက်အရိုအသေပြုနေခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏ စိတ်ဝိညာဉ်သည်လည်း တုန်ရီနေပေ၏။

ဤအချိန်အခိုက်အတန့်တွင် အကယ်၍ သူသာ အသနားမခံလျှင် သူ အပိုင်းပိုင်းအစစ ဖြစ်သွားမည်ကို သူ ရှင်းလင်းစွာ သိမြင်လိုက်သည်။

ဤသည်မှာ ပုံကြီးချဲ့ထားသော အပိုင်းပိုင်းအစစ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားကာ ဘာမှမရှိတော့သည့် အခြေအနေသို့ပင် ရောက်ရှိသွားပေမည်။

သို့သော် တစ်ချိန်တည်းမှာပင်....

ထိုနတ်ဆိုးသားရဲ ပြောဆိုလိုက်သော စကားလုံး တစ်လုံးချင်းစီနှင့်အတူ လူများအားလုံး၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုများ ပို၍နက်ရှိုင်းလာခဲ့သည်။

ကျုံးချင်အပေါ် ထားရှိသော လူများအားလုံး၏ အကြည့်များ လုံးလုံးလျားလျား ပြောင်းလဲသွားပေ၏။

ဤလူသည် ပထမဆုံး တွေ့ဆုံချိန်ကတည်းက သူတို့ကို အဆက်မပြတ် တုန်လှုပ်သွားစေခဲ့ပုံရသည်။

သို့သော် ယခင်က သူတို့၏ထိတ်လန့်တုန်လှုပ်မှုများအားလုံး ပေါင်းလိုက်လျှင်ပင် ဤတစ်ကြိမ်လောက် မပြင်းထန်ခဲ့ချေ။

ယန်သုံးပါးနယ်ပယ် ပထမအဆင့်ရှိ နတ်ဆိုး တစ်ကောင်ကို ဒူးထောက်ကာ အသနားခံစေနိုင်သော တည်ရှိမှုတစ်ခုမှာ အားနည်းသူတစ်ယောက် မဟုတ်နိုင်ချေ။

ဤသည်မှာ တစ်ဖက်လူသည် အနည်းဆုံးအနေဖြင့် ယန်သုံးပါးနယ်ပယ် ပထမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ဆိုလိုသည်။

ဖြစ်နိုင်သည်မှာ သူသည် ယန်သုံးပါးနယ်ပယ် ပထမအဆင့်ရှိ ထိပ်သီးတည်ရှိမှုတစ်ခုပင်။

ဟူရှန်း၏မျက်နှာ ဖြူရော်သွားခဲ့သည်။

ယခင်က ကျုံးချင်အား သူ ပေါ့ပေါ့ဆဆ စမ်းသပ်စစ်ဆေးခဲ့သည်ကို ပြန်တွေးမိပြီး သူ၏စိတ်နှလုံးသား တုန်ရီသွားပေ၏။

ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူသည် သူ့အပေါ် အငြိုးအတေးမထားခဲ့ချေ။

ထိုသို့မဟုတ်ပါက သူ သေနေလောက်လေပြီ။

အိုးကျီရှု အဆက်မပြတ် ခေါင်းမူးဝေနေခဲ့သည်။

သူ ကြင်နာစွာ ဖိတ်ခေါ်ခဲ့သော ခရီးသွားသည် အမှန်အားဖြင့် ယန်သုံးပါးနယ်ပယ် အထွတ်အထိပ် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူလည်း မျှော်လင့်မထားခဲ့ချေ။

အဓိက အချက်မှာ ထိုလူငယ်၏အသက် အလွန်ငယ်ရွယ်နေခြင်းပင်။

သူသည် ပိုင်လင်းကဲ့သို့ တခြား ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နေနိုင်သည်။

နျန်နျန်က သူမ၏လက်လေးများဖြင့် သူမ၏ပါးစပ်ကို ဖုံးအုပ်လိုက်၏။

သူမ၏ ရတနာတစ်ပွင့်အလား တောက်ပသော မျက်လုံးများထဲတွင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤမျှထိ ကြင်နာပြီး ဖော်ရွေသော အစ်ကိုကြီးသည် အမှန်အားဖြင့် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။

သို့သော် မကြာမီမှာပင် သူမ ပြန်လည်၍ စိတ်လှုပ်ရှားလာခဲ့သည်။

ဤသည်မှာ သူမသည်လည်း ကြီးမြတ်သော ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သိကျွမ်းသည်ဟု ဆိုလိုခြင်း မဟုတ်လော...

တစ်ဖက်လူသည် သူမ၏ဆရာထက်ပင် ပို၍အစွမ်းထက်နေပေ၏။

အကယ်၍ သူမသာ ဤအတွေ့အကြုံနှင့်အတူ ပြန်သွားမည်ဆိုပါက သူမ၏သူငယ်ချင်းလေးများကို တစ်နှစ်... မဟုတ်သေး... ဆယ်နှစ်လောက်ပင် ကြွားလုံးထုတ်နိုင်ပေလိမ့်မည်။

လူများအားလုံး အံ့အားသင့် တုန်လှုပ်နေစဉ်တွင်...

ကျုံးချင်က သူ၏ရှေ့ရှိ နတ်ဆိုးသားရဲကိုကြည့်ပြီး လျစ်လျူရှုထားသောအသံဖြင့် ပြောဆိုသည်။

"မင်းကို မသတ်ဖို့ အကြောင်းပြချက်တစ်ခု ပေးစမ်း..."

အသနားခံနေသော နတ်ဆိုးသားရဲသည် အစပထမ၌ မှင်တက်သွားပေ၏။

ထို့နောက် သူ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

တစ်ဖက်လူက ဤသို့ မေးလာသဖြင့် သူ၏တန်ဖိုးကို သူ ပြသနိုင်သရွေ့ အသက်ရှင်ခွင့် ရပေမည်။

နတ်ဆိုးသားရဲက အော်ဟစ်လိုက်သည်။

"စီနီယာ... ကျွန်တော်က အညံ့ခံဖို့ ဆန္ဒရှိပါတယ်... စီနီယာ့ကို ပင်လယ်ပြင်ကိုဖြတ်သန်းပြီး ခေါ်သွားပေးနိုင်ပါတယ်..."

"ကျွန်တော့်ကို အသက်ရှင်ခွင့် ပေးတာက အသုံးဝင်ပါတယ်... အရမ်းအသုံးဝင်ပါတယ်..."

ထိုစကားများက ကျုံးချင်၏အတွေးများကို လှုပ်ရှားသွားစေခဲ့သည်။

ကျုံးချင်က ပြောဆိုသည်။

"ဒါဆိုရင်လည်း ငါ့ကို ပင်လယ်ဖြတ်ပြီး ခေါ်သွားပေးစမ်း..."

နတ်ဆိုးသားရဲက တုံ့ပြန်အဖြေပေးလိုက်၏။

"ဟုတ်ကဲ့ပါ သခင်ကြီး..."

နတ်ဆိုးသားရဲက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်နိုင်ပြီး သူ၏အသက်သည် နောက်ဆုံး၌ ကယ်တင်ခြင်း ခံလိုက်ရလေပြီ။

သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်။

ထို့နောက် သူသည် သူ၏နဂါးဘုရင် ဓမ္မခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ၏ကြီးမားသော ခန္ဓာကိုယ်သည် တောင်ကြီး တစ်လုံးအလား ဖြစ်နေပေ၏။

အမှန်တကယ်ကိုပင် ဤကဲ့သို့ ခန္ဓာကိုယ်မျိုးသည် လူအများအား အလွန်ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ပင်လယ်ထဲသို့ ဝင်ရောက်သွားသော နတ်ဆိုးသားရဲသည် ထွက်ပြေးရန် အတွေးများပင် မတွေးရဲတော့ချေ။

မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက သူတို့၏ အတိုချုံး အပြန်အလှန် တိုက်ခိုက်မှုအတွင်း၌ တခြားသူများ မသိနိုင်သော်လည်း....

ကျုံးချင်၏ ထိတ်လန့်ဖွယ်ကောင်းပုံကို သူ အမှန်တကယ် ခံစားခဲ့ရသည်။

ဤသည်မှာ သူ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော တည်ရှိမှုတစ်ခုပင်။

ကျုံးချင်၏နည်းလမ်းများကို တွေးမိချိန်၌ သူ၏စိတ်အတွင်းမှ ကြောက်ရွံ့မှုမှာ သုံးဆတိုးလာခဲ့ပြီး တုန်ရီသောအသံဖြင့် ပြောဆိုလိုက်၏။

"စီနီယာ... ကျေးဇူးပြုပြီး တက်ပါ..."

ဤသည်မှာ အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် မည်သို့ နေထိုင်ရမည်ကို သိသော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ကြောင်း သိသာထင်ရှားသည်။

ကျုံးချင်သည် နတ်ဆိုးသားရဲ၏ ကျောပေါ်သို့ တက်လိုက်ပြီး ချင်းဖုန်းကျောင်းတော်အဖွဲ့ကို ကြည့်လိုက်သည်။

သူက ပြောဆိုသည်။

"ခုဏက ငါ့ကို မင်းတို့က စေတနာအပြည့်နဲ့ ဖိတ်ခေါ်ခဲ့လို့ ငါက လှေပေါ် တက်ပြီး မင်းတို့နဲ့အတူတူ ခရီးသွားခွင့် ရခဲ့တယ်..."

"အခု ကျေးဇူးဆပ်တဲ့ အနေနဲ့ တာအိုရောင်းရင်းတို့ကို ငါနဲ့အတူ ခရီးသွားဖို့ ဖိတ်ခေါ်ပါတယ်... ဘယ်လို သဘောရလဲ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူများအားလုံး သိသိသာသာ စိတ်လှုပ်ရှားသွားကြ၏။

လှေ၏အရှိန်မှာ နှေးကွေးပြီး ခရီးစဉ်ကလည်း ရှည်လျားသည်။

ပင်လယ်ပြင်တွင် အမျိုးမျိုးသော အန္တရာယ်များလည်း ရှိနေသည်။

သို့သော် အကယ်၍ သူတို့သာ ကျုံးချင်နှင့်အတူ ခရီးသွားမည်ဆိုပါက...

ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် သူတို့အတွက် များစွာပို၍ လုံခြုံပေလိမ့်မည်။

ထို့ပြင် ခရီးသွားသည့် အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာပေမည်။

လူထွားကြီးဟူရှန်းက လက်များကို ပွတ်သပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပြည့်နှက်နေကာ ပြောဆိုလိုက်သည်။

"စီနီယာ... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ မောက်မာရဲမှာလဲ..."

ကျင့်ကြံခြင်း လောကတွင် အစွမ်းထက်သူကိုသာ လေးစားကြပြီး ကျုံးချင်သည် သူ့ထက် ငယ်ရွယ်သော်လည်း နတ်ဆိုးသားရဲကို နှိမ်နင်းနိုင်ခဲ့ခြင်းကြောင့် စီနီယာဟု ခေါ်ဆိုရန် ထိုက်တန်ပေ၏။

ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။

"ဆုံတွေ့ရတာက ကံတရားပဲလေ...ငါ သိတဲ့ ဟူရှန်းက ပွင့်လင်းတဲ့ လူတစ်ယောက်ပါ... အခုကျမှ ဘာလို့ ဒီလောက်တောင် တွန့်ဆုတ်နေရတာလဲ...ဒါက မင်းရဲ့ ပုံမှန်စရိုက် မဟုတ်ပါဘူး..."

ကျုံးချင်၏နောက်ပြောင်မှုကို ကြားသောအခါ ဟူရှန်း၏မျက်နှာပေါ်တွင် အနေရခက်မှုတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူသည်လည်း ထိုသို့ မဖြစ်ချင်ခဲ့ချေ။

ကျုံးချင်၏စွမ်းအားသည် ဤမျှထိ ကြီးမားနေမည်ဟု မည်သူက သိမည်နည်း...

ဤမျှထိ အစွမ်းထက်သော လူတစ်ယောက်၏ရှေ့တွင် ရှိနေရသဖြင့် သူ အနည်းငယ် သက်သောင့်သက်သာ ဖြစ်မနေခြင်းကို ရှောင်လွှဲ၍ မရနိုင်ချေ။

သို့သော် သူသည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားပေ၏။

ကျုံးချင်သည် ပေါ့ပေါ့ပါးပါး နေတတ်သူတစ်ဦးပင်

ထိုကြောင့် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ဖိအားများ ပေးနေရန် မလိုပေ။

ထိုသို့ တွေးလိုက်ပြီး သူက လက်ပူးဆုပ်ကာ ပြောဆိုလိုက်သည်။

"စီနီယာက ဒီလောက်ထိ သဘောထားကြီးစွာနဲ့ ဖိတ်ခေါ်နေမှတော့ တကယ်လို့ ကျွန်တော်တို့က ငြင်းလိုက်ရင် အရမ်းကို ကျေးဇူးမသိတတ်ရာ ကျသွားမှာပေါ့..."

သူ စကားပြောနေစဉ်မှာပင် ရှေ့သို့တိုက်ရိုက် ခြေလှမ်းလှမ်းလိုက်ပြီး နဂါးဘုရင်၏ကျောပေါ်သို့ အရင်ဆုံး တက်သွားခဲ့သည်။

နျန်နျန်ကို ပွေ့ချီထားသော အိုးကျီရှူက ဖိုရှန်း လျှူရှန်းတို့နှင့်အတူ အနောက်မှ ကပ်လျက်လိုက်ပါသွားပေ၏။

နတ်ဆိုးသားရဲ၏ ဖားယားသော အသံက သင့်လျော်သောအချိန်တွင် ထွက်ပေါ်လာခဲ့သည်။

"သခင်ကြီး... မြဲမြဲ ကိုင်ထားပါ... ကျွန်တော် ထွက်တော့မယ်..."

သူ စကားပြောဆိုနေစဉ်မှာပင် သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား မျက်စိတစ်မှိတ်အတွင်း ပျံ့လွင့်သွားခဲ့သည်။

သူ၏ ကြီးမားသော ခန္ဓာကိုယ်က ပေတစ်ထောင်ခန့် မြင့်မားသော လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ဤသည်က လှေတစ်စင်းထက် အဆပေါင်းများစွာ ပို၍မြန်ဆန်သည်။

နျန်နျန်က အော်ဟစ်လိုက်သည်။

"ဝိုး..."

"အရမ်း မြန်တာပဲ..."

သူမ၏ နုနယ်သော ကလေးအသံလေးက ပင်လယ်ပြင်ထက်တွင် ပဲ့တင်ထပ်သွားသည်။

ဤသည်က ခြောက်သွေ့ပြီး ငြီးငွေ့ဖွယ် ကောင်းသော ခရီးစဉ်အတွင်းသို့ ကွဲပြားခြားနားသော တက်ကြွမှု တစ်မျိုးကို ထည့်သွင်းပေးလိုက်သည်။

ညှို့ငင်ခြင်းသားရဲသည် ဖရိုဖရဲနတ်ဆိုးပင်လယ်တွင် ထင်ရာစိုင်းသောင်းကျန်းနိုင်စွမ်းရှိသော သတ္တဝါတစ်ကောင် အမှန်တကယ် ဖြစ်နေပေ၏။

သူ၏ထွက်ပေါ်လာမှုက ကျုံးချင်အတွက် ခရီးသွားချိန် အမြောက်အများကို သက်သာသွားစေခဲ့သည်။

နေ့တစ်ဝက်မျှ အချိန်တိုလေး အတွင်းမှာပင် သူသည် မိုင်ပေါင်းသောင်းနှင့်ချီသော ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ လဲ့ဟိုင်တောင်ကြားသို့ ရောက်ရှိသွားခဲ့လေပြီ။

လဲ့ဟိုင်တောင်ကြားသည် ကျွန်းတစ်ကျွန်း ဖြစ်ပြီး ပင်လယ်၏အရပ်လေးမျက်နှာကို ချိတ်ဆက်ပေးထားသည်။

ဤသည်က မိုင်ပေါင်းသောင်းနှင့်ချီ ကျယ်ဝန်းသော ပင်လယ်ဧရိယာအတွက် အရေးကြီးသော ထောက်ပံ့ရေးစခန်းနှင့် ကုန်သွယ်ရေးနေရာတစ်ခုလည်း ဖြစ်သည်။

ကမ်းပေါ်သို့ မဆင်းသက်မီမှာပင် အရပ်လေးမျက်နှာမှ စုစည်းလာကြသော လှေသင်္ဘော အုပ်စုကြီးများကို မြင်တွေ့နိုင်သည်။

ပင်လယ်ပြင်တွင် ရှိနေစဉ်မှာပင် ကျွန်းပေါ်မှ စည်ကားပြီး ဆူညံနေသော လောကီလူသားများ၏အငွေ့အသက်များ ပျံ့လွင့်လာသည်ကို ကြားနိုင်သည်။

ထို့ပြင် ဤနေရာသည် အိုးကျီရှူနှင့်တခြားသူများ၏ ခရီးပန်းတိုင်ပင်။

သေချာသည်မှာ ဤနေရာသည် ကျုံးချင် အလယ်ပိုင်းဒေသသို့ သွားရာလမ်းတွင် မဖြစ်မနေ ရပ်နားရမည့် နေရာတစ်ခုလည်း ဖြစ်ပေ၏။

လူများအားလုံး ကျွန်းပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြသည်။

နတ်ဆိုးသားရဲ၏ထွက်ပေါ်လာမှုက ကျွန်းပေါ်၌ ရုန်းရင်းဆန်ခတ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် မည်သူမျှ ရိုင်းစိုင်းစွာ လာရောက် ပြဿနာရှာဝံ့ခြင်း မရှိချေ။

ဤကဲ့သို့သော ထိတ်လန့်ဖွယ်ကောင်းသည့် နတ်ဆိုးသားရဲမျိုးကို စီးနင်းနိုင်သူမှာ သာမန်လူ တစ်ယောက် မဖြစ်နိုင်ကြောင်း ခြေဖျားဖြင့် တွေးကြည့်လျှင်ပင် သိနိုင်သည်။

ထို့နောက် ကျုံးချင်နှင့် တခြားသူများ ကမ်းပေါ်သို့ တက်သွားကြစဉ်တွင်...

နတ်ဆိုးသားရဲက လူသားအသွင် ပြောင်းလဲပြီး အနောက်မှနေ၍ သတိကြီးစွာထားကာ လိုက်ပါသွားပေ၏။

သူက အစေခံလေးတစ်ယောက်နှင့် တူနေပေသည်။

ဤမြင်ကွင်းက အိုးကျီရှူနှင့်တခြားသူများကို အကြိမ်ကြိမ် အံ့အားသင့်မိန်းမောသွားစေခဲ့သည်။

ယန်သုံးပါးနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ကို ဤမျှထိ လွယ်ကူစွာ ယဉ်ပါးအောင် လုပ်နိုင်ကြောင်းကို သူတို့ မည်သည်ကြောင့် မသိခဲ့ရသနည်း....

သေချာသည်မှာ ကျုံးချင်၏ လက်ချောင်းက ထိုနတ်ဆိုးသားရဲ၏စိတ်ဝိညာဉ်ကို မည်မျှထိ တုန်လှုပ်သွားစေခဲ့ကြောင်းကို သူတို့ မသိခဲ့ကြခြင်းသာ ဖြစ်ပေ၏။

ဆိပ်ကမ်းသို့ ရောက်ရှိသွားချိန်၌....

အလွန် စည်ကားသော မြို့တစ်မြို့ကို သူတို့၏ရှေ့တွင် မြင်တွေ့နိုင်သည်။

လမ်းများပေါ်တွင် လူများ အဝင်အထွက် ရှိနေပြီး လမ်းဘေးတလျှောက်တွင် တည်းခိုခန်းများနှင့် ဆိုင်များ တန်းစီနေခဲ့သည်။

စိတ်ဝိညာဉ်ပစ္စည်းများနှင့် အဖိုးတန် ဆေးဝါးများကို ရောင်းဝယ်ရန် ဆိုင်များ ဖွင့်ထားသော လေလွင့်ကျင့်ကြံသူတချို့လည်း ရှိနေခဲ့သည်။

ကျယ်ပြန့်သော ကုန်းမြေကြီးနှင့် နှိုင်းယှဉ်ပါက ပင်လယ်ဧရိယာအတွင်းရှိ သယံဇာတများက အနည်းငယ်ပို၍ ပေါကြွယ်ဝသည်။

နက်ရှိုင်းသော ပင်လယ်ပြင်က အမျိုးမျိုးသော ကောင်းကင်နှင့်မြေပြင် ရတနာများကို ပြုစုပျိုးထောင်ပေးပြီး အမျိုးမျိုးသော လျှို့ဝှက်နယ်မြေများနှင့် ကောင်းကင်ဘုံလှိုဏ်ဂူများလည်း ပါဝင်နေပေ၏။

ဖရိုဖရဲနတ်ဆိုးပင်လယ်တွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသော်လည်း ဤသည်က ရတနာများကို ရှာဖွေရန် ရတနာမုဆိုးများ အဆက်မပြတ် လာရောက်ခြင်းကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

ထို့ပြင် ဤနေရာသည် ကုန်သွယ်ရေး အချက်အချာ နေရာတစ်ခုပင်။

ဤနေရာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် စည်ကားပြီး ဖွံ့ဖြိုးတိုးတက်နေသည်။

ဤအခိုက်အတန့်တွင် နျန်နျန်ကို ပွေ့ချီထားသော အိုးကျီရှူက ကျုံးချင်၏ရှေ့သို့ ရောက်လာပြီး မေးမြန်းလိုက်၏။

"စီနီယာ... လမ်းတလျှောက်လုံး စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့မှာ ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်း မရှိပါဘူး... ရှေ့က ထျန်ရှန်းမျှော်စင်မှာ စီနီယာ့ကို အရက်လေး တစ်ခွက်လောက် တိုက်ခွင့်ပြုပြီး ကျွန်တော်တို့ကို ဂုဏ်ပြုပေးဖို့ ဆန္ဒရှိလား..."

ကျုံးချင်က ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ..."

နေရာသစ်တစ်ခုသို့ ရောက်ရှိတိုင်း ကျုံးချင်က ဒေသထွက်အရက်ကို မြည်းစမ်းကြည့်ချင်ခဲ့သည်။

သူတို့သည် မြောက်ပိုင်းဒေသမှ အတူတကွ ခရီးထွက်လာခဲ့ပြီး အရက်သောက်ဖော်များ ရှိလာသဖြင့် ကျုံးချင်က ငြင်းဆန်မည် မဟုတ်ချေ။

All Chapters