← Chapters

အမြင့်ဆုံး စံသတ်မှတ်ချက်

Vol. 34 Ch. 339

အမြင့်ဆုံး စံသတ်မှတ်ချက်

Vol. 34 Ch. 339

မကြာမီမှာပင်...

ထျန်ရှန်းမျှော်စင်၏ အပြင်ဘက်တွင် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးမှသာ အော်ဟစ်သံများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

သူတို့သည် လင်းချီဟူသော ဓားချက်တစ်ထောင် ခုတ်ပိုင်းခံရခြင်းဖြင့် သေဆုံးရပြီး အမှန်တကယ်ပင် ဓားချက်တစ်ချက်မျှ လျော့နည်းသွားခြင်း မရှိခဲ့ချေ။

သူတို့ သေဆုံးသွားပြီးနောက် အလောင်း အပြည့်အစုံပင် မရရှိခဲ့ကြချေ။ သူတို့ကို ခွေးကျွေးရမည်ဟု ဂိုဏ်းချုပ်က ပြောထားသဖြင့် သူတို့ကို ကြက်များမှ ထိုးဆိတ်ခြင်းခံရမည် မဟုတ်ပေ။

စားသောက်ဆိုင် အတွင်း၌ လင်းချီပြစ်ဒဏ်၏ မြင်ကွင်းကြောင့် လူများအားလုံး မှင်တက်သွားခဲ့ကြ၏။

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

"လဲ့ဟိုင်မြို့ကို ကြီးစိုးခဲ့တဲ့ ရက်စက်ကြမ်းကြုတ်ကျားခုနစ်ကောင်က ဒီလို အဆုံးသတ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ..."

သူက ကျုံးချင်၏ပုံရိပ်ကို ရိုသေလေးစားစွာ ကြည့်နေခဲ့သည်။

လူအများသည် ကြောက်ရွံ့မှု အရိပ်အယောင်များကို ပြသနေကြ၏။

အစောပိုင်းက ရှီးမန်တို့အဖွဲ့ လှုပ်ရှားလိုက်စဉ်တွင် တချို့လူများသည် ဤကဲ့သို့ ဆူဖြိုးသော သိုးတစ်ကောင်ကို အလုခံလိုက်ရသဖြင့် နောင်တပင် ရနေခဲ့သည်။

သို့သော် ယခုအချိန်၌ သူတို့ လွန်စွာကျေးဇူးတင်နေကြလေပြီ။ ကံကောင်းထောက်မစွာဖြင့် အရင်ဆုံး လှုပ်ရှားခဲ့သူများမှာ လဲ့ဟိုင်မြို့၏ ရက်စက်ကြမ်းကြုတ်ကျားခုနစ်ကောင်ပင်။

ထိုသို့မဟုတ်ပါက ဓားချက်တစ်ထောင်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံရကာ သေဆုံးပြီးနောက် ခွေးအုပ်၏စားသောက်ခြင်းကို ခံရမည့်သူများမှာ သူတို့ ဖြစ်သွားနိုင်သည်။

ကျုံးချင်၏နောက်ရှိ ညှို့ငင်ခြင်းသားရဲ၏ ကိုယ်နေဟန်ထားမှာ ပို၍ညွတ်ကုန်းသွားပေ၏။

ရှီးမန်တို့အဖွဲ့၏ ကံကြမ္မာက သူ့ကိုယ်သူ သတိရသွားစေခဲ့သည်။

အဖွဲ့နှစ်ဖွဲ့လုံးက ကျုံးချင်ကို စော်ကားခဲ့ကြခြင်း ဖြစ်ပြီး အခြေအနေများမှာ လွန်စွာဆင်တူနေခဲ့သည်။

ကံကောင်းစွာဖြင့် သူက အနည်းငယ်ပို၍ ကံကောင်းခဲ့ကာ အညံ့ခံရန် အခွင့်အရေးတစ်ခု ရရှိခဲ့သည်။

ထိုသို့မဟုတ်ပါက သူ၏အလောင်းသည် ယခုအချိန်တွင် အေးစက်နေလောက်လေပြီ။

အချိန်တခဏအတွင်း သူ၏စိတ် အလွန်အမင်း ရှုပ်ထွေးနေခဲ့ပေ၏။

သူ့ကို အသက်ရှင်ခွင့် ပေးခဲ့သည့်အတွက် ကျုံးချင်အပေါ် နက်ရှိုင်းသော ကျေးဇူးတင်မှုများပင် ခံစားလိုက်ရသည်။

လူတွေက နှိုင်းယှဉ်ရမှာကို ကြောက်ကြတယ် မဟုတ်လား....

ထိုနှိုင်းယှဉ်ချက်နှင့်အတူ ကွာခြားချက်မှာ ရှင်းလင်းသွားခဲ့လေပြီ။

ကျုံးချင်နှင့် စားပွဲတစ်လုံးတည်း အတူထိုင်နေသော ချင်းဖုန်းကျောင်းတော်မှ တပည့်များကမူ ရှီးမန်တို့အဖွဲ့၏ သေဆုံးမှုကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ကြချေ။

အကြောင်းအရင်းမှာ ကျုံးချင် လှုပ်ရှားချင်သရွေ့ ထိုလူတချို့တွင် အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိကြောင်း သူတို့ သိထားသောကြောင့်ပင်။

တခြားအရာများကို ဘေးဖယ်ထားလိုက်လျှင် ကျုံးချင်၏နောက်ရှိ နတ်ဆိုးပင်လျှင် သူတို့ ယှဉ်ပြိုင်နိုင်သော သူတစ်ယောက် မဟုတ်ချေ။

သူတို့ကို အမှန်တကယ် အံ့အားသွားစေခဲ့သည်မှာ ကျုံးချင်အပေါ်ထားရှိသော ဝူလျှန်ဂိုဏ်းချုပ်၏သဘောထားပင်။

ဝူလျှန်ဂိုဏ်းသည် လဲ့ဟိုင်မြို့ကို နှစ်ပေါင်း သောင်းနှင့်ချီ၍ လွှမ်းမိုးအုပ်ချုပ်ထားခဲ့သည်။

ဂိုဏ်းချုပ်ကျိုးထုံ၏ ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။

ထိုသို့ဆိုသည့်တိုင် ထိုကဲ့သို့ တည်ရှိမှုက ကျုံးချင်အပေါ် အမှန်တကယ်ပင် ဤမျှထိ ရိုသေလေးစားမှု ရှိနေခဲ့ပေ၏။

မူလက သူတို့သည် ကျုံးချင်အား ယန်သုံးပါးနယ်ပယ် ပထမအဆင့်မှ အရှင်သခင်တစ်ဦးသာ ဖြစ်နိုင်ခြေအများဆုံးဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ယခုအချိန်၌ သူတို့သည် ကျုံးချင်၏စွမ်းအားကို လျှော့တွက်ကာ သူ့ကို အထင်သေးခဲ့မိကြောင်း သိသာထင်ရှားသည်။

တစ်ဖက်လူသည် သူတို့ စိတ်ကူးထားသည်ထက် များစွာပို၍ ထိတ်လန့်ဖွယ်ကောင်းလှ၏။

ရှီးမန်တို့အဖွဲ့၏ ထွက်ပေါ်လာမှုမှာ ဟာသပြက်လုံးတစ်ခုနှင့် ပို၍တူညီနေသည်။

ဟာသပြက်လုံး အဆုံးသတ်ပြီးသွားပြီးနောက် ကျန်ရစ်ခဲ့သည်မှာ ပေါ့ပေါ့ပါးပါး စကားပြောဆိုရန်အတွက် နောက်ထပ်ခေါင်းစဉ်တစ်ခုပင်။

ထိုနေရာတွင် ဝူလျှန်ဂိုဏ်းမှ လူများက ရှီးမန်တို့အဖွဲ့ကို ကွပ်မျက်ပြီးနောက်...

ဂိုဏ်းချုပ်ကျိုးထုံက ကျုံးချင်အား ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"စီနီယာ... အဲ့ဒီ ခွေးလို ကောင်တွေက သေသင့်ပါတယ်... သူတို့ အခု အပြစ်ပေးခံလိုက်ရပါပြီ... ဝူလျှန်ဂိုဏ်းက အိမ်ရှင်တစ်ယောက်အနေနဲ့ တာဝန်တွေကို ကျေပွန်နိုင်အောင် စီနီယာက နေရာရွှေ့ပြောင့်ဖို့ ဆန္ဒရှိမလားလို့ သိချင်မိတယ်..."

ကျုံးချင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

သူသည် အလယ်ပိုင်းဒေသသို့ သွားမည် ဖြစ်သော်လည်း ယေဘုယျ ဦးတည်ချက်ကိုသာ သူ သိထားပြီး တိကျသော လမ်းကြောင်းကို ရှင်းလင်းစွာ မသိသေးချေ။

ဝူလျှန်ဂိုဏ်းသည် ဒေသခံအင်အားစုကြီးတစ်စုဖြစ်ပြီး ဤနေရာတွင် နှစ်ပေါင်းများစွာ အခြေချလာခဲ့ရာ ထိုအကြောင်းကို သူတို့ ပို၍သိရှိနေပေမည်။

တညတာအနားယူပြီး လမ်းကြောင်းမေးမြန်းရန်အတွက် ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုပင်။

ထိုသို့တွေးတောမိသဖြင့် သူက ချက်ချင်းခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"ဒါဆိုရင်တော့ မင်းကို ဒုက္ခပေးရတော့မယ်... ဒါပေမဲ့ ငါနဲ့အတူ အဖော်တွေလည်း ပါလာတယ်... သူတို့လည်း အတူတူလိုက်ခဲ့ပြီး မင်းကို ခဏလောက် ဒုက္ခပေးလို့ ရမလား..."

ကျိုးထုံက အလျှင်အမြန် ပြောဆိုသည်။

"သူတို့က စီနီယာရဲ့ သူငယ်ချင်းတွေ ဖြစ်နေမှတော့ ကျွန်တော်တို့ ဝူလျှန်ဂိုဏ်းက သူတို့ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်..."

သူ စကားပြောနေစဉ်မှာပင် အိုးကျီရှူတို့လူစုဘက်သို့လှည့်ကာ ပြောဆိုလိုက်သည်။

"ကျေးဇူးပြုပြီးတော့ ဝူလျှန်ဂိုဏ်းမှာ ဧည့်သည်တွေအဖြစ် လာရောက်ဖို့ ဆန္ဒရှိမလားဆိုတာ သိချင်ပါတယ်..."

ထိုစကားများက အိုးကျီရှုတို့လူစုကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့ပေ၏။

အကယ်၍ ပုံမှန်အခြေအနေမျိုးတွင် ဆိုပါက...

ဝူလျှန်ဂိုဏ်းကဲ့သို့ အဆင့်အတန်း၌ရှိသော ဂိုဏ်းတစ်ဂိုဏ်းသည် သူတို့ကို ဧည့်သည်များအဖြစ် ဖိတ်ခေါ်ရန် နေနေသာသာ သေချာကြည့်မည်ပင် မဟုတ်ချေ။

သို့သော် ယခုအချိန်၌ ဂိုဏ်းချုပ်ကိုယ်တိုင်က သူတို့ကို ဧည့်သည်များအဖြစ် ဖိတ်ခေါ်နေသဖြင့် ထိုအချက်က သူတို့ကို အနည်းငယ် ဖားယားခံရသကဲ့သို့ ခံစားရစေခဲ့သည်။

အိုးကျီရှူက အလျင်အမြန် တုံ့ပြန်လိုက်သည်။

"ဂိုဏ်းချုပ်က အရမ်း သဘောကောင်းလွန်းနေပြီ... ဂိုဏ်းချုပ်ရဲ့ ဖိတ်ကြားမှုကို ခံရတာ ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာပါပဲ..."

ယဉ်ကျေးပျူငှာသော စကားများကို ပြောဆိုပြီးနောက် သူတို့အဖွဲ့သည် ဝူလျှန်ဂိုဏ်းသို့ ဦးတည်၍ ထွက်ခွာသွားကြ၏။

ဝူလျှန်ဂိုဏ်းတစ်ဂိုဏ်းလုံး ဆုတ်ခွာသွားသည်နှင့်အမျှ ထျန်ရှန်းမျှော်စင်တွင် မူလက စားသောက်နေသူများအားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။

သူတို့ တတ်နိုင်သည့်အရာဟူ၍ မရှိခဲ့ချေ။ ဝူလျှန်ဂိုဏ်း၏ရှေ့တွင် ရှိနေရမှုမှာ သူတို့အတွက် မွန်းကြပ်စေခဲ့သည်။

သူတို့ အသက်ပြင်းပြင်း မရှုရဲသည်အထိပင်။

ထို့ပြင် တချို့လူများက ကျုံးချင်တို့အဖွဲ့ကို ယခင်က လှောင်ပြောင်ခဲ့ဖူးကြသည်။

ရှီးမန်တို့အဖွဲ့၏ သေဆုံးမှုက သူတို့၏ စိတ်နှလုံးသားများကို အကြီးအကျယ် တုန်ရီသွားစေခဲ့သည်။

သူတို့သည် လက်စားချေရန် ပစ်မှတ်ထားခံရမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူက သူတို့ကို အနှောင့်အယှက် မပေးခဲ့ချေ။

အချိန်တခဏအတွင်း၌ တချို့လူများသည် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယနေ့ ဖြစ်ရပ်က သူတို့အတွက် 'ပြဿနာသည် ပါးစပ်မှ လာသည်' ဟူသော သတိပေးချက်တစ်ခုလည်း ဖြစ်စေခဲ့သည်။

ထို့နောက် ထိုနေ့မှစ၍ လဲ့ဟိုင်မြို့တွင် သတိထားတတ်သူ အများအပြား ပေါ်လာကြောင်း တစ်စုံတစ်ယောက်က အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ပေ၏။

လူစိမ်းများတွေ့လျှင် သူတို့သည် ဘိုးဘေးများအထိ သေချာစွာ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ဘဲ လွယ်လင့်တကူ နှုတ်ဆက်တော့မည် မဟုတ်ချေ။

မြို့၏ စည်းကမ်းရှိမှု အရည်အသွေးမှာ တစ်ဆင့်မြင့်တက်သွားခဲ့ပေ၏။

ရှီးမန်တို့အဖွဲ့သည် သူတို့၏သေဆုံးမှုက လဲ့ဟိုင်မြို့၏အရည်အသွေးကို မြှင့်တင်ပေးရာတွင် အထောက်အကူ ဖြစ်စေခဲ့ကြောင်းကို လုံးဝ မျှော်လင့်ထားမည် မဟုတ်ချေ။

အကယ်၍ သူတို့သာ တမလွန်တွင် ထိုကိစ္စကို သိရှိမည်ဆိုပါက သူတို့သည် နှစ်သိမ့်မှု ရရှိမည်လော သို့မဟုတ် ဝမ်းနည်း ပူဆွေးမည်လောကို မည်သူမျှ သိမည် မဟုတ်ချေ။

...

ဝူလျှန်ဂိုဏ်းချုပ် ကျိုးထုံသည် သူ၏ငယ်သားများနှင့်အတူ ဂိုဏ်းသို့ ပြန်ရောက်လာသည်နှင့် သူက ကြီးကျယ်ခမ်းနားသော ညစာစားပွဲတစ်ခုကို ပြင်ဆင်ရန် ချက်ချင်းအမိန့်ပေးလိုက်၏။

ထိုညစာစားပွဲကို အမြင့်ဆုံး စံသတ်မှတ်ချက်များဖြင့် ပြင်ဆင်ရပေမည်။

အမှန်တိုင်းပြောရလျှင် ကျိုးထုံ၏ အစီအစဉ်များကို လူများအားလုံး နားလည်နိုင်ခြင်း မရှိချေ။

အနည်းဆုံးအနေဖြင့် သူ၏အမိန့်များကို လက်ခံရရှိခဲ့သော သူ၏အကြီးဆုံးတပည့်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပေ၏။

သူက သူ့လောက်ပင် အသက်မကြီးသေးသော ကျုံးချင်ကို ကြည့်ကာ သံသယဖြင့် မေးမြန်းလိုက်သည်။

"ဆရာ... ဒီအစ်ကိုကြီးက ဘယ်သူလဲ... ဂိုဏ်းရဲ့ အမြင့်ဆုံး စံသတ်မှတ်ချက် ညစာစားပွဲကို အသုံးပြုတာက အရမ်းဖြုန်းတီးရာ မကျလွန်းဘူးလား..."

သူသည် ကျုံးချင်အပေါ် ကန့်ကွက်စရာ တစ်ခုခု ရှိနေ၍ မဟုတ်ချေ။

ဝူလျှန်ဂိုဏ်း၏ အမြင့်ဆုံး စံသတ်မှတ်ချက် ညစာစားပွဲမှာ နဂါးနှင့်ဖီးနစ်အက ညစာစားပွဲပင်။

တည်ခင်းဧည့်ခံရန် ရွေးချယ်ထားသော ပါဝင်ပစ္စည်းများအားလုံးမှာ ထိပ်တန်းအဆင့်များ ဖြစ်သည်။

ကောင်းကင်တွင် ပျံသန်းနေသော အရာများ မြေပြင်ပေါ်တွင် ပြေးလွှားနေသော အရာများနှင့် ရေထဲတွင် ကူးခတ်နေသော အရာများ...

ပါဝင်ပစ္စည်းများသည် လတ်ဆတ်ရုံသာမက အစွမ်းထက်သော ထူးဆန်းသည့် သားရဲများထံမှလည်း ယူဆောင်လာရပေမည်။

တချို့မှာ ရှားပါးပြီး တန်ဖိုးဖြတ်၍ မရသော ဆေးဖက်ဝင် ရတနာများပင်။

ထိုအဆင့်အတန်းရှိသော ညစာစားပွဲတစ်ခုကို ဝူလျှန်ဂိုဏ်း အရွယ်အစား ရှိသော ဂိုဏ်းတစ်ဂိုဏ်း အတွက်ပင်လျှင် ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပနိုင်သည်။

ထိုအရာကို အလွန်အမင်း ဂုဏ်သရေရှိသော ဧည့်သည်တော်များကို ဧည့်ခံရန် အမြဲတစေ အသုံးပြုလေ့ ရှိပေ၏။

ထိုသို့မဟုတ်ပါက တချို့သော လျှို့ဝှက်မိသားစုများကို ဧည့်ခံရန်ပင်။

ယခုအချိန်၌ သူ၏ ဆရာက ထိုညစာစားပွဲကို ကျုံးချင်အား ဧည့်ခံရန် အမှန်တကယ် အသုံးပြုချင်နေသဖြင့် သူ့ကို ဇဝေဇဝါ ဖြစ်စေပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

သို့သော် ကျိုးထုံသည် သူ၏ သံသယများကို မဖြေကြားခဲ့ချေ။

ထိုအစား သူက ကျယ်လောင်သော အသံဖြင့် ဒေါသတကြီး ဆူပူလိုက်၏။

"ရိုင်းစိုင်းလိုက်တာ... မင်းရဲ့ အဆင့်အတန်းက ဘာလဲ...စီနီယာရဲ့ အဆင့်အတန်းက ဘာလဲ... သူ့ကို မင်းက ဘယ်လိုလုပ်ပြီးတော့ အစ်ကိုကြီးလို့ ခေါ်ရဲတာလဲ... ထပ်မပြောနဲ့တော့... မြန်မြန် သွားပြီးပြင်ဆင်စမ်း..."

ထိုစကား အဆုံးသတ်သွားချိန်တွင် သူက ကျုံးချင်ကို ကြည့်ကာ ဖားယားပြီး တောင်းပန်သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော့်ရဲ့တပည့်က ယဉ်ကျေးမှုကိုမသိဘဲ စီနီယာ့ကို စော်ကားမိသွားပါတယ်... စီနီယာက သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ရပါတယ်..."

ထိုအမူအယာက ကျိုးထုံ၏ အကြီးဆုံးတပည့်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

သူ၏မှတ်ဉာဏ်ထဲတွင် သူ၏ ဆရာ ထိုသို့ ပြုမူသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ယခင်က သူ၏ ဆရာသည် လျှို့ဝှက်မိသားစုများ သို့မဟုတ် မြောက်ပိုင်းဒေသ၏ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် ဆက်ဆံရာတွင် ဖော်ရွေသော အမူအယာကိုသာ ပြသခဲ့သည်။

သို့သော် ယခုအချိန်၌ သူ့ဆရာ၏ မျက်နှာပေါ်တွင် ဖားယားမှုနှင့် နှိမ့်ချမှုမှုများကို အမှန်တကယ် မြင်တွေ့နေရသည်။

ထိုလူငယ်လေးသည် သူ့ထက်ပင် ပို၍ငယ်ရွယ်ပုံ ရပေ၏။ သူ၏ဆရာထံမှ ယခုကဲ့သို့ ဆက်ဆံခံရလောက်အောင် မည်သည့်အကြောင်းအရင်းမျိုး ရှိနေသနည်း။

တစ်ဖက်လူတွင် ထိတ်လန့်ဖွယ် နောက်ခံ တစ်ခုခု ရှိနေနိုင်သလော..

အချိန်တခဏအတွင်း သူ၏စိတ်နှလုံးသား တုန်ရီသွားခဲ့သည်။

သူသည် သူ၏စိတ်ကို ထပ်မံ၍ လွင့်မျောခွင့် မပြုရဲတော့ချေ။

ထိုကြောင့် ညစာစားပွဲ ပြင်ဆင်ရန်အတွက် လူများကို စီစဉ်ပေးရန် သူ အလျှင်အမြန် ထွက်ခွာသွားခဲ့သည်။

All Chapters