အခန်း (၅၇၄-၅၇၆)
Vol. 39 Ch. 574-576
အပိုင်း ၅၇၄ - ဒီဗိုင်းစွမ်းအင် ကိုယ်ပွားဖြင့် အရပ်မျက်နှာ အားလုံးတို့အား ထိတ်လန့်စေခြင်း
ရွှီယန်သည် အလယ်တွင် အဝိုင်းခံရခြင်းအတွက် ဂရုစိုက်ခြင်း လုံးဝမရှိပေ။ သိုင်းတစ်ထောင်ခန်းမ၏ ရည်ရွယ်ချက်ကို သူနားလည်၏။ ထို့ကြောင့် တစ်ယောက်ချင်းစီ စိန်ခေါ်နေမည့်အစား အကုန်လုံးကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းက ပိုမိုကောင်းမွန်ပါသည်။
သူသည် သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်တို့ကို လုံးဝအနိုင်ယူရန် ဆုံးဖြတ်ထားခဲ့၏။ ဒီတစ်ကြိမ်တွင် သူတို့၏ ပါရမီရှင်များကို ဖိအားပေးကာ ထွက်လာအောင် မစွမ်းဆောင်နိုင်ဟု ယုံကြည်ခြင်းမရှိပေ။
ဒီတိုက်ပွဲအပြီးတွင် လင်းနယ်မြေသို့ ခရီးလှည့်လည်ကာ လောကကြီးနှင့် စကြာဝဠာကြီးကို ပိုမိုနားလည်အောင် ပြုလုပ်မည် ဖြစ်၏။ ပါရမီရှင်များ၏ နောက်ဆုံးတိုက်ပွဲအတွက် စောင့်စားမည်ဖြစ်သည်။
ထို့ကြောင့် သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံး ပုဂ္ဂိုလ်များက ပါဝင်လှုပ်ရှားလာမည် ဆိုလျှင်တောင် ဂရုမစိုက်ပါ။
"မင်းတို့အရင် စတိုက်ကြ... ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့အသက်တွေက သိုင်းတစ်ထောင်ခန်းမအတွက် ဘာတန်ဖိုးမှ မရှိဘူး.."
ရွှီယန်က ထူးမခြားနားစွာ ပြုံးကာပြော၏။
"ရွှီယန်... မင်းရဲ့ရန်တိုက်မှုက မအောင်မြင်ဘူး... ဒီနေ့မှာ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သရေအတွက် ငါတို့ မင်းကိုတိုက်ခိုက်မယ်။ ငါတို့တွေ သေသွားလည်း ဂုဏ်ရှိရှိပဲသေမယ်.."
ပါရမီရှင်တစ်ယောက်က အေးစက်စွာပြောသည်။
"မဟုတ်ဘူး..."
ရွှီယန်က ခေါင်းကိုရမ်းကာ ပြော၏။
"မင်းတို့အတွက် ဂုဏ်ယူစရာသေခြင်းက သိုင်းတစ်ထောင်ခန်းမအတွက် တိုက်ခိုက်ရလို့ မဟုတ်ဘူး။ ငါ့လက်ထဲမှာ သေရလို့သာ ဖြစ်တယ်။ မင်းတို့က လင်းနယ်မြေရဲ့ သိုင်းပညာအထွတ်အထိပ်ကို ငါတက်လှမ်းတဲ့အချိန်မှာ နင်းတုံးတွေ ဖြစ်လာနိုင်ကြတယ်။ ဒါ့ကြောင့် အမှန်တကယ်ကို... မင်းတို့ရဲ့သေဆုံးမှုက ဂုဏ်ရှိတယ်လို့ ဆိုနိုင်တယ်.."
"ဒန်း.."
လူအုပ်စုမှာ ဒေါသဖြင့် အစိမ်းရောင် ပြောင်းသွားကြ၏။
"လာပြန်ပြီ... ရွှီယန်က တကယ့်ကို အမြဲတမ်း မောက်မာနေတာပဲ.."
ချွေဟွားယွီမှာ လေးစားစွာဖြင့် သက်ပြင်းချမိသည်။ ရှိနေကြသည့် သိုင်းသမားများ အားလုံးမှာလည်း ပြောစရာစကား မဲ့သွားကြ၏။ ရွှီယန်က မောက်မာမှုကို နောက်ထပ်တစ်ဖန် ထပ်မံ မြင်တွေ့ခဲ့ရလေသည်။
ရွှီယန်က ထူးမခြားနားစွာ ပြုံးသည်။
"ငါ့ရဲ့နာမည် ဓားနတ်ဘုရားရွှီယန်က လောကရဲ့ အဆုံးသတ်အထိ ပဲ့တင်ထပ်သွားလိမ့်မယ်။ အဲ့ဒီ့အချိန်မှာ ငါ့ရဲ့ မြင့်တက်မှုအတွက် ခြေနင်းကျောက်တုံးတွေ ဖြစ်ခဲ့တဲ့ မင်းတို့ကလည်း ပုံပြင်ထဲမှာ ပါဝင်ကြလိမ့်မယ်.."
"အနှိုင်းမဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခြေနင်းကျောက်တုံးဖြစ်လာရတာ သိုင်းလောကရဲ့ သမိုင်းတစ်လျှောက်မှာ မင်းတို့ရဲ့နာမည်တွေ ကျန်ရစ်နေစေလိမ့်မယ်။ မရေမတွက်နိုင်တဲ့ ခေတ်ပေါင်းများစွာ ကုန်ဆုံးပြီးတဲ့တိုင်အောင် မင်းတို့တွေက ငါဓားနတ်ဘုရားရဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်နေဦးမှာပဲ.."
"သိုင်းလောကရဲ့သမိုင်းမှာ မင်းတို့က ငါဓားနတ်ဘုရားရဲ့ လက်ထဲမှာ တောက်ပစွာ သေဆုံးခဲ့ရတဲ့အတွက် မှတ်တမ်းအတင်ခံရလိမ့်မယ်.."
အားလုံးမှာ တိတ်ဆိတ်သွားကြ၏...
ရှိနေကြသည့် သိုင်းသမားအားလုံးသည် မှင်သက်ကုန်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော လွန်ကျူးလှသည့် စကားဖြစ်သနည်း။
"အရမ်း ကြီးဆိုးလွန်းတယ်... ရွှီယန် သူ့ကိုယ်သူ သိုင်းတစ်ထောင်ခန်းမဆီကနေ အသက်ရှင်ရက် ထွက်ခွာလို့ရမှာ မဟုတ်ဘူးလို့ တစ်ချက်တောင် မတွေးမိဘူးလား.."
"လောကကြီးမှာ အရူးသွပ်ဆုံးလူကို ပြောပါဆိုရင် ရွှီယန်သာ နံပါတ်နှစ်ဆို နံပါတ်တစ်ရှိမှာ မဟုတ်တော့ဘူး.."
"ဘုရားရေ... ငါတော့ အရမ်းကိုကြိုက်နေမိပြီ... နောက်ထပ် နှစ်ပေါင်းရာဂဏန်း အနည်းငယ်လောက် ကြာပြီးတဲ့အခါ ပြန်လည်မွေးဖွားလို့ရရင် ကောင်းမယ်.."
ကြောင်တောင်နေပြီးနောက် သိုင်းသမားများသည် တစ်ယောက်နှင့်တစ်ယောက် စတင် တီးတိုးပြောကြ၏။
ထန်းကျီမှာ လုံးဝ ငိုင်တိုင်နေပါသည်။ ရွှီယန်သည် ယခုမျှအထိ မောက်မာလွန်းသည်လား။
"ငါတို့ မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို တော်တော်လေးမောက်မာနေပြီလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ရွှီယန်နဲ့နှိုင်းယှဉ်ရင် သူကတကယ့်ကို နှိမ့်ချတာပဲ.."
ယရုံမှာလည်း မျက်မှောင်ကျုံ့နေပြီး ခဏတာအတွင်း ရွှီယန်ကို မည်ကဲ့သို့ သုံးသပ်ချက်ပြုရမည်အား မသေချာစွာ ရှိနေပါသည်။
ရွှီယန်ကို ဝန်းရံနေကြသည့် လူငါးယောက်တို့သည် လုံးဝဒေါသတို့ ပေါက်ကွဲထွက်လာခဲ့၏။ တစ်ဖက်လူသည် သူတို့ကို သူ၏ ခြေနင်းကျောက်တုံး ဖြစ်ရခြင်းအတွက် ဂုဏ်ယူစရာကောင်းလှသည်ဟု ပြောနေသည်လား။
"ရွှီယန်... မင်းကသေသင့်တဲ့ကောင်... ဒီနေ့မှာ ငါတို့မင်းကိုသတ်မယ်.."
ငါးယောက်စလုံးသည် လုံးဝအိန္ဒြေတို့ ပျက်ပြားကုန်ကြ၏။ မည်မျှ မောက်မာသည့်လူ ဖြစ်သနည်း။ ပါးစပ်ဖွင့်သည်နှင့် သူတို့ကို ခြေနင်းကျောက်တုံးများအဖြစ် သတ်မှတ်ထားလေသည်။
"တိုက်ကြ.."
"ဘုန်း.."
ငါးယောက်စလုံးသည် လှုပ်ရှားမှု ပြုကြ၏။ ပြင်းထန်သည့် တိုက်ခိုက်မှုများက အရပ်မျက်နှာ အားလုံးတို့ဆီမှ ရွှီယန်ဆီသို့ ပြေးဝင်သွားသည်။ သူ၏ ဆုတ်ခွာရာလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထား၏။
ဓားအလင်းတစ်ခု မြင့်တက်လာပြီး တောင်နှင့်မြစ်တို့ ပေါ်လာခဲ့သည်။ ရွှီယန်ကို ဗဟိုပြုကာ အရပ်မျက်နှာအားလုံးတို့ဆီသို့ ပျံ့နှံ့သွား၏။ တိုက်ခိုက်မှုအားလုံးတို့သည် တောင်နှင့်မြစ်အတွင်းတွင် ပြိုကွဲကြရသည်။
ထိုမြင်ကွင်းက ကြည့်နေကြသည့် လူအားလုံးတို့ကို သွေးဆူစွာ ခံစားရစေ၏။
"သေလိုက်တော့.."
ယခုအချိန်၌ တိုက်ခိုက်ခဲ့သူ ငါးယောက်တို့လည်း သူတို့၏ သတ်ဖြတ်ခြင်းဆန္ဒများကို အသုံးမပြုပါက ရွှီယန်ကို မည်သည့်ထိခိုက်မှုမှ ဖြစ်စေနိုင်မည် မဟုတ်ကြောင်းကို နားလည်လိုက်ကြသည်။
တစ်ဖက်လူ၏ ခွန်အားသည် စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေ၏။ ထို့အပြင် ရွှီယန်သည် မည်မျှအသက်ကြီးသေးလို့နည်း။ သူတို့အားလုံးထက်ပင် များစွာ ပိုမိုငယ်ရွယ်သည်။
ဤသည်မှာ မည်ကဲ့သို့သော မကောင်းဆိုးဝါး ဖြစ်သနည်း။ ဒီအချိန်၌ သူတို့အားလုံးသည် သိုင်းတစ်ထောင်ခန်းမ၏ စစ်မှန်သည့် ပါရမီရှင်ပင်လျှင် ရွှီယန်နှင့် နှိုင်းယှဉ်နိုင်မည်လားဟု စတင် သံသယဝင်လာခဲ့သည်။
"ဘုန်း.."
လျှပ်တပြက်အတွင်း သွေးဆာလောင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထွက်ပေါ်လာခဲ့ပြီး ငါးယောက်လုံး၏ ဆန္ဒအားလုံး ရွှီယန်ဆီသို့ ဦးတည်သွားသည်။ သူ၏ ရှောင်ရှားရန် လမ်းကြောင်းအားလုံးတို့ကို ပိတ်ဆို့လိုက်၏။
အသက်ကိုစတေးခြင်း သတ်ဖြတ်ခြင်း တိုက်ကွက်ကို အသုံးပြုပြီးနောက် ငါးယောက်သားသည် ပြူးကျယ်သော မျက်လုံးများဖြင့် မည်ကဲ့သို့ ရွှီယန်သေဆုံးသွားမည်ကို ကြည့်ရှု့နေကြသည်။
သို့ရာတွင် ထိုအချိန်၌ တောင်နှင့်မြစ်တို့ ပေါ်လာသည်ကို တွေ့လိုက်ရဟန် တူ၏။ သူတို့သည် တောင်နှင့်မြစ်အတွင်းတွင် ရှိနေပြီး ရွှီယန်မှာတော့ အပြင်ဘက်တွင် ရှိနေပါသည်။
"မဟုတ်ဘူး.."
ရွှီယန်မှာ တောင်နှင့်မြစ်ကို ထိန်းချုပ်သည့် သခင်ဖြစ်သည်။
ထိုအချိန်အတွင်းတွင် အသက်ဓာတ်လောင်ကျွမ်းခြင်း သတ်ဖြတ်ခြင်းဆန္ဒသည် ဆက်တိုက် ငြိမ်းသတ်ခြင်းခံနေရသည်။ လှုပ်ခါနေသည့် တောင်နှင့်မြစ်အတွင်းတွင် ညင်သာသည့် ဓားအလင်းတစ်ခုက လေညှင်းနှင့်အတူ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ဆက်တိုက် ဆေးကြောသွားခဲ့၏။
"အုန်း.."
တိုက်ပွဲပြင်မှာ လှုပ်ခါလာပြီး အားလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။ လူငါးယောက်တို့၏ ခန္ဓာကိုယ်များသည် ပြိုလဲကာ ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။
ရွှီယန်မှာတော့ တည်ငြိမ်စွာနှင့် သက်တောင့်သက်သာဖြင့်သာ ဂုဏ်ယူစွာ ရပ်နေပါသည်။ သူ၏လက်ထဲရှိ ဓားမှာ တောက်ပစွာ လင်းလက်နေ၏။
လေညှင်းတစ်ခုက တိုက်ပွဲပြင်ဝန်းကျင်အား တိုက်ခတ်သွားသည်။ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒ ငါးခုတို့မှာ ပျောက်ကွယ်သွားခဲ့၏။
'ဒါက ဘယ်လိုဓားတာအိုမျိုးလဲ... ပုံရိပ်ယောင်လား... ဒါက မှော်အတတ်တစ်ခုလား..'
တိတ်ဆိတ်နေပြီးနောက် တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။ မည်ကဲ့သို့သော သိုင်းပညာမျိုးသည် တောင်နှင့်မြစ်တို့ကို ပေါ်လာစေနိုင်သနည်း။
လျှပ်တပြက်အတွင်းတွင် ရွှီယန်ကို ဝိုင်းထားသည်ဟု ထင်ရသည့် ပါရမီရှင်ငါးယောက်တို့သည် တောင်နှင့်မြစ်အတွင်းရှိ လူငါးယောက်တို့ ဖြစ်လာခဲ့၏။ ရွှီယန်မှာတော့ တောင်နှင့်မြစ်၏သခင် ဖြစ်နေလေသည်။
ဓားဆန္ဒက အကောင်အထည်မဲ့ကာ ပတ်ဝန်းကျင်တွင် စိမ့်ဝင်နေ၏။ ရွှီယန်သည် နေရာတွင် ဂုဏ်ယူစွာရပ်နေပြီး အစအဆုံး တိုက်ပွဲပြင်မှာ သူ၏ ဓားဆန္ဒအတွင်း၌သာ ရှိနေပါသည်။
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်နှင့် အကြီးအကဲအားလုံးတို့မှာ အလွန် ညှို့မှိုင်းနေကြသည်။ ရွှီယန်သည် သူတို့၏ မျှော်လင့်ထားမှုကို အကြိမ်ကြိမ် ကျော်လွန်ခဲ့၏။
အစက ငါးယောက်သား၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် ရွှီယန်အား အနိုင်ရခြင်း မရှိလျှင်တောင် ဒဏ်ရာအချို့ ရရှိစေမည်ဟု တွေးထင်ထားခဲ့၏။ သို့မဟုတ် အခြေအနေဆိုးရွားသွားမည်ဟု တွေးထင်ထားခဲ့၏။
သို့ရာတွင် ရွှီယန်မှာ တည်ငြိမ်စွာနှင့် အေးဆေးစွာသာ ရှိနေပါသည်။ ပါရမီရှင်ငါးယောက်တို့ကို သတ်ဖြတ်ရသည်မှာ ယင်ကောင်တစ်ကောင်အား ရိုက်သတ်လိုက်ရသကဲ့သို့ လွယ်ကူ၏။
ထို့အပြင် သူတို့သည် ရွှီယန်၏ အကန့်အသတ်ကို မမြင်နိုင်သေးပေ။ တစ်ဖက်လူသည် ခွန်အားအားလုံးအား အသုံးပြုပြီးပြီလား ဟူသည်မှာ ပြောရခက်လှ၏။
"ခန်းမအရှင်... သိုင်းတစ်ထောင်ခန်းမရဲ့ ကျွန်တော်တို့ ပါရမီရှင်ကို လှုပ်ရှားခိုင်းရအောင်.."
ဆေဘာသခင်အကြီးအကဲက မဲမှောင်သော မျက်နှာဖြင့် ပြောသည်။
သိုင်းတစ်ထောင်အရှင်သခင်က ခေါင်းငြိမ့်၏။
"ဝူယွမ်ကို အဆင်သင့်ပြင်ခိုင်းလိုက်။ အခုဆိုရင် သူ အကြွင်းမဲ့ ရေခဲဆေဘာဓားကို ထိန်းချုပ်နိုင်နေပြီးပြီ။ ပထမဆုံးအကွက်မှာတင် ခွန်အားအားလုံးကို အသုံးပြုခိုင်းလိုက်။ ရွှီယန် ဒဏ်ရာမရဘူးလို့ ငါမယုံဘူး.."
ဆေဘာသခင်အကြီးအကဲက သဘောတူစွာ ခေါင်းငြိမ့်၏။
ဝူယွမ်သည် သိုင်းတစ်ထောင်ခန်းမ၏ လူသိများကျော်ကြားသည့် ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ ဒီဗိုင်းကိရိယာဖြစ်သည့် အကြွင်းမဲ့ ရေခဲဆေဘာကို အသက်သွင်းနိုင်၏။ သူသည် ရွှီယန်ကို ရင်ဆိုင်ရန်အတွက် သိုင်းတစ်ထောင်ခန်းမက ပြင်ဆင်ထားသည့် အသန်မာဆုံး ပါရမီရှင်လည်း ဖြစ်သည်။
အဓိကပါရမီရှင် ငါးယောက်တို့မှာတော့ သူတို့၏ ကိုယ်ထင်ပြရမည့် အချိန် မရောက်သေးပေ။ သူတို့သည် အလွယ်တကူ လှုပ်ရှားမှုပြုမည် မဟုတ်ပါ။
အပိုင်း ၅၇၅ - ဒီဗိုင်းစွမ်းအင် ကိုယ်ပွားဖြင့် အရပ်မျက်နှာအားလုံးတို့အား ထိတ်လန့်စေခြင်း(၂)
သိုင်းတစ်ထောင်ခန်းမမှ မည်သူမှ ရှေ့ကိုတက်ကာ စိန်ခေါ်ခြင်း မပြုရသေးခင်တွင်... ရွှီယန်က လေထဲတွင် ဂုဏ်ယူစွာရပ်ရင်းမှ သိုင်းတစ်ထောင်ခန်းမဆီသို့ အေးစက်စွာ ကြည့်သည်။
"သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေ ဘယ်နားမှာလဲ.."
သူက နှာခေါင်းရှုံ့သည်။
"ဒီကောင်တွေ အားလုံးက သတ္တိမရှိတဲ့ ငကြောက်တွေလား... တိုက်ခိုက်ဖို့ အရမ်းကို ကြောက်နေကြတာလား.."
"သေမှာကြောက်နေတယ်ဆိုရင် အနိုင်အရှုံးပွဲပဲ တိုက်ခိုက်လို့ ရတယ်လေ။ သေခြင်းရှင်ခြင်း မလုပ်တော့ဘူး။ ငါရွှီယန်က သတ်ဖြတ်တာကို ခုံမင်တဲ့လူတစ်ယောက် မဟုတ်ဘူး.."
ခဏတာရပ်တန့်နေပြီးနောက် သူက ဆက်လက်ပြောသည်။
"တကယ်လို့ ငါ့ကိုတစ်ယောက်တည်းနဲ့ အနိုင်ယူဖို့ယုံကြည်ချက် မရှိရင်လည်း တစ်ခါတည်း ငါးယောက်စီလာလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါရွှီယန်က ဒီလောကကြီးမှာ အနှိုင်းမဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ မင်းတို့ကိုအခွင့်အရေးပေးဖို့က ငါ့ရဲ့ သဘောထား ကြီးမြတ်မှုလည်းဖြစ်တယ်.."
သိုင်းသမား အားလုံးတို့သည် သိုင်းတစ်ထောင်ခန်းမဆီသို့ ခေါင်းလှည့်ကြည့်မိကြ၏။ ထည်ဝါလှသည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုသည် မိမိ၏ တံခါးဝရှေ့တွင်ပင် စိန်ခေါ်မှုကို ခံခဲ့ရ၏။
ဂိုဏ်းရှိပါရမီရှင်များအား ရှေ့သို့တက်ကာ လက်ခံခိုင်းခြင်းမပြုပဲ လက်အောက်ခံ အဖွဲ့အစည်းများမှ လူများကိုစေလွှတ်ရန်လည်း ထိုပါရမီရှင် အားလုံးတို့မှာ ရှုံးနိမ့်ပြီးဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်တို့လည်းပဲ မထွက်လာတော့ပေဘူးလား။ သို့မဟုတ် ရွှီယန်ပြောခဲ့သလိုပင် သူတို့သည် ငကြောက်များလေလား။
"ရွှီယန်... မင်းက ကိုယ့်သေလမ်းကို ကိုယ့်ရှာနေတာပဲ... ဒါဆိုလည်း မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်.."
အကြီးအကဲတစ်ယောက်က အေးစက်စွာပြောသည်။
"ငါးယောက်ပဲလား..."
ဒီတစ်ကြိမ်တွင် တိုက်ခိုက်မှုပြုမည့် လူငါးယောက်တို့သည် သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်များ ဖြစ်ကြပြီး နိုင်ငံ၃နိုင်ငံ၊ မိသားစု၈ခုနှင့် ဂိုဏ်း၇ခုတို့မှ ပါရမီရှင်များထက် များစွာ သာလွန်ကြသည်။
ပုံရိပ်ငါးခုတို့သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးမှ ထွက်ခွာလာကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် ခြားနားသည့် သိုင်းပညာများဖြစ်သည့် ဆေဘာ၊ လက်သီး၊ လှံ၊ လှံပုဆိန်နှင့် ပုဆိန်တို့ကို အသုံးပြုကြသည်။
သူတို့သည် ဓားပညာကို တမင် ရှောင်ရှားထားကြ၏။ ရှင်းလင်းစွာပင် သိုင်းတစ်ထောင်ခန်းမ သည်လည်း သူတို့၏ ဓားပညာသည် ရွှီယန်ထက် နိမ့်ကျသည်ဟု ယူဆထားပါသည်။ ရွှီယန်၏ မှော်ဆန်လှသည့် ဓားပညာအပေါ် ကြောက်ရွံ့နေကြ၏။
"အရမ်း စွမ်းအားကြီးလွန်းတယ်.."
သူတို့ငါးယောက် ပေါ်လာသည်နှင့် သိုင်းသမားများ အားလုံးသည် မနေနိုင်ဘဲ ကြီးစွာ အံ့ဩသွားကြ၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များ၏ ခွန်အားလေလား။
ငါးယောက်တစ်ယောက် တိုက်ခိုက်ကြမည်ဖြစ်ရာ သိုင်းတစ်ထောင်ခန်းမ၏ ဂုဏ်သိက္ခာသည် အနည်းငယ်ညှိုးနွမ်းသွားလျှင်တောင် သူတို့၏ ပါရမီရှင်များသည် နိုင်ငံ၃နိုင်ငံ၊ ဂိုဏ်း၇ခု၊ မိသားစုကြီး၈ခုမှ ပါရမီရှင်များထက် များစွာ ပိုမိုသန်မာကြောင်းကို လက်ခံရပေလိမ့်မည်။
ကြီးမားသည့် အငွေ့အသက် ကျယ်ပြောသည့် အရှိန်အဝါနှင့် စွမ်းအင်ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသည့် စွမ်းအားကြီးမားသည့် ခွန်အားသည် ပြီးခဲ့တုန်းက ငါးယောက်ထက် များစွာ ပိုမိုသာလွန်၏။
တစ်ယောက်ချင်းစီတိုင်းသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြသည်။ ထို့အပြင် ခြားနားသည့် သိုင်းပညာငါးခုကို ပေါင်းစပ်ထားခြင်းက သူတို့၏ တိုက်ခိုက်မှုစွမ်းအားကို ပိုမိုကာပင် သန်မာစေပြီး ရင်ဆိုင်ရခက်ခဲအောင် ဖြစ်စေသည်။
"ရွှီယန်... မင်းကတကယ်ပဲ သန်မာတယ်... ဒါကြောင့်မို့လို့ ငါတို့တွေ တစ်ယောက်ချင်းစီတိုင်းဆိုရင် ဘယ်သူမှ မင်းရဲ့ပြိုင်ဖက် မဟုတ်ဘူး။ ဒါပေမယ့် ငါးယောက်လုံးကို ရင်ဆိုင်ချင်တာက မင်းရဲ့သေလမ်းကို မင်းရှာတာပဲ.."
ဆေဘာကို ကိုင်စွဲထားသည့် လူငယ်က အေးစက်စွာကြည့်သည်။ ငါးယောက်သည် ပြန့်ကွဲသွားခြင်းမရှိဘဲ အဲ့ဒီ့အစား စုစည်းနေ၏။ သူတို့၏ စွမ်းအင်များမှာ ပေါင်းစပ်နေပြီး ပူးပေါင်းတိုက်ခိုက်မှု သိုင်းပညာတစ်မျိုးကို ကျင့်ကြံထားဟန် ရသည်။
ရွှီယန်က ငါးယောက်သားကို မျက်မှောင်ကျုံ့စွာကြည့်သည်။ အနည်းငယ်စိတ်ပျက်စွာ ခံစားလိုက်ရ၏။ ကြည့်ရသည်မှာ သိုင်းတစ်ထောင်ခန်းမသည် သူတို့၏ စစ်မှန်သည့် ပါရမီရှင်များကို ထိန်ချန်ထားသေးသည့်ဟန် ရှိသည်။
အဘယ်ကြောင့် စစ်မှန်သည့် ပါရမီရှင်များကို ထုတ်လွှတ်တိုက်ခိုက်ခိုင်းခြင်း မပြုသည်ကို နားမလည်နိုင်ဘဲ ရှိနေ၏။
ပြောကြသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များအားလုံးသည် စိတ်ဝိဉာဉ်ခန္ဓာများအား ပိုင်ဆိုင်ထားကြ၏။ သို့ပေမယ့် ဒီငါးယောက်အတွင်းတွင်တော့ မည်သူမှ စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိပေ။ ဆိုလိုသည်မှာ သူတို့သည် သိုင်းတစ်ထောင်ခန်းမ၏ အဓိကပါရမီရှင်များ မဟုတ်ကြပါ။
စိတ်ဝိဉာဉ်ခန္ဓာများ၏ စွမ်းအားသည် ခြားနားကြပေမယ့် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိသည့် ပါရမီရှင်တစ်ယောက်ကို မည်ကဲ့သို့ ထိပ်တန်းပါရမီရှင်ဟု ယူဆနိုင်မည်နည်း။
"ကြည့်ရတာ... ငါ သိုင်းတစ်ထောင်ခန်းမ အပေါ်ကို ဖိအားအချို့ ထပ်ပေးဖို့လိုသေးတယ်.."
ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"စစ်မှန်တဲ့ ပါရမီရှင်တွေဆိုတာ အဆင့်တူအတွင်းမှာ ပြိုင်ဖက်ကင်းတယ်... တစ်ယောက်တည်းနဲ့ အယောက်တစ်သောင်းကို တိုက်ခိုက်နိုင်တယ်ဆိုတာ ပုံမှန်ပဲ။ မင်းတို့ငါးယောက်လောက်ဆို ပြောစရာတောင် မလိုဘူး.."
ရွှီယန်က အသာပြောသည်။ သူသည် ဆရာဖြစ်သူ၏ စကားကို မှတ်မိ၏။ အဆင့်တူအတွင်းတွင် လူအယောက်တစ်သောင်းကို တိုက်ခိုက်နိုင်သည်မှာလည်း ပုံမှန်သာ ဖြစ်သည်။
သူသည် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိပေမယ့် သူ၏ပန်းတိုင်မှာ အဆင့်တူအတွင်းတွင် လူအယောက်တစ်ထောင်ကို အနိုင်ယူရန် ဖြစ်သည်။
သိုင်းသမားများမှာ ရွှီယန်၏ မောက်မာမူအတွက် နေသားကျလုနီးပါး ရှိနေပြီ ဖြစ်ပေမယ့် ဒီအချိန်၌ အားလုံးမျက်စံလှည့်မိကြသည်။ အဆင့်တူအတွင်းတွင် လူတစ်ယောက်သည် ပြိုင်ဖက်ကင်းစွာ နေနိုင်မည်ကို နားလည်နိုင်သေးသည်။ သို့ပေမယ့် အဆင့်တူသည့် အယောက်တစ်သောင်းကို အနိုင်ယူနိုင်မည်မှာတော့ လုံးဝ မဖြစ်နိုင်ပေ။
ပါရမီရှင်တစ်ယောက်သည် အလွန့်အလွန် စွမ်းအားကြီးမားနေလျှင်တောင် သူ၏ တစ်ယောက်တည်းခွန်အားနှင့် အဆင့်တူသည့် အယောက်တစ်သောင်းကို ရင်ဆိုင်တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။
တစ်သောင်းကို မဆိုထားနှင့် တစ်ရာကို တိုက်ခိုက်ရန်ပင် ဖြစ်နိုင်ခြင်း မရှိပေ။ ဤသည်မှာ အဆင့်တူအတွင်း တိုက်ခိုက်ခြင်း ဖြစ်၏။ ခွန်အားအဆင့် မြင့်မားသည့်လူက အခြားသူများကို တိုက်ခိုက်ရန် မိမိ၏ခွန်အားကို ဖိနှိပ့်ထားခြင်း မဟုတ်ပေ။
ထို့အပြင် အဆင့်တူအတွင်းတွင် ပါရမီရှင်များစွာတို့လည်း ရှိ၏။ သူတို့အနေနှင့် အနည်းငယ်အားနည်းလျှင်တောင် ပါရမီရှင်များ ဖြစ်နေသေးသည်။ တစ်ယောက် သို့မဟုတ် လူအနည်းငယ်ကို အနိုင်ယူနိုင်တာ ဖြစ်နိုင်လျှင်တောင် ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာကို အနိုင်ယူရန် လုံးဝမဖြစ်နိုင်ပေ။
အယောက်တသောင်းဆိုလျှင် စိတ်ကူးကြည့်ဖို့ပင် ဝေးသေး၏။
"ဒီလောက် မောက်မာတဲ့လူ..."
ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်မှာ ပြောစရာစကား မဲ့နေ၏။
"ငါရွှီယန်က ဘယ်တော့မှ မမောက်မာဘူး... ငါ့ကိုမောက်မာတယ်လို့ ထင်တာ.. မင်းတို့တွေက ရေတွင်းထဲကဖားတွေ မို့လို့ပဲ။ အဲ့ဒါကြောင့်မို့လို့ စစ်မှန်တဲ့သိုင်းပညာကို နားမလည်ကြဘူး။ ဒီနေ့မှာ ငါမင်းတို့ကို စစ်မှန်တဲ့သိုင်းပညာ ဘာလဲလို့ ပြပေးမယ်.."
ရွှီယန်က ဂုဏ်ယူစွာ ပြုံးသည်။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးနောက် သူ၏ ဒီဗိုင်းခန္ဓာအား စုစည်းနိုင်ခဲ့၏။ ယနေ့တွင် ဒီလူများကို သိုင်းပညာ၏ စစ်မှန်သည့် အနှစ်သာရဟူသည့်အား ပြပေးလိုက်ပေမည်။ သိုင်းတစ်ထောင်ခန်းမကို ပိုမိုဖိအားပေးမည် ဖြစ်၏။
လူအုပ်မှာ ထုံထိုင်းနေပြီး ဖြစ်သည်။
"ရွှီယန်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ... စကားတစ်ခွန်းထက် တစ်ခွန်းက ပိုပြီးတော့ ကြွားဝါလာခဲ့တယ်။ ငါအခုနားလည်ပြီ... စစ်မှန်တဲ့ မောက်မာမှုဆိုတာ လွန်ကျူးတဲ့စကားလုံးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်ပြောနိုင်ခြင်းပဲ။ ဥပမာအားဖြင့် ငါတို့ကို စစ်မှန်တဲ့သိုင်းပညာကို မြင်တွေ့ရစေမယ်ဆိုတော့ သူဆိုလိုတာက ငါတို့ကျင့်ကြံတဲ့ သိုင်းပညာတွေအားလုံးက အတုတွေလို့ မဟုတ်ဘူးလား.."
"အား... မင်းပြောတာမှန်တယ်..."
"ငါ့မှာလည်း သူ့လိုမျိုး ပါရမီနဲ့စွမ်းအားသာရှိရင် သူထက်ထောင်ပိုပြီးတော့ ရူးသွပ်ဦးမယ်.."
"တော်စမ်းပါ.. မင်းမှာသာဒီလိုမျိုး ပါရမီမျိုး၊ ခွန်အားမျိုးရှိရင် မင်းလိုခွေးကောင်က စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ နောက်လိုက်ခွေးဖြစ်ပြီးတာ ကြာနေပြီ.."
"မင်းက သေချင်နေတာပဲ.."
သိုင်းသမားများမှာ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေရင်းမှ စကားများပွဲအချို့ပင် ဖြစ်ပေါ်လာခဲ့၏။
"ရွှီယန်... ငါတို့က သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေပဲ.. ဒါကြောင့်မလို့ မင်းကို မမျှမတ မလုပ်ချင်ဘူး... မင်းမှာပထမဆုံး တိုက်ခိုက်မှုပြုဖို့အတွက် အခွင့်အရေးရှိတယ်.."
ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်က အေးစက်စွာပြောသည်။ သူတို့၏ အငွေ့အသက်များက ပေါင်းစပ်သွားပြီး စွမ်းအင်များက ဆက်သွယ်နေ၏။ သိုင်းအတတ် ငါးခုတို့အား ပူးပေါင်းကာ ငါးယောက်လုံး၏ တိုက်ခိုက်မှုနှင့် ခုခံမှု စွမ်းအားအားလုံးကို စုစည်း၏။
သူတို့သည် တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်လျှင် ရွှီယန်၏ ပြိုင်ဖက်မဟုတ်ဟု သိကြ၏။ သို့ပေမယ့်အတူတူ ပူးပေါင်းတိုက်ခိုက်လျှင်တော့ အခြေအနေက ခြားနားသွားမည် ဖြစ်သည်။
ငါးယောက်သား၏ အရှိန်အဝါကို ကြည့်ကာ ရွှီယန်က မနေနိုင်ဘဲ သုံးသပ်သည်။
"ပူးပေါင်းတိုက်ခိုက်မှုလား... စိတ်ဝိဉာဉ်နယ်မြေရဲ့ သိုင်းပညာမှာ အခင်းအကျင်းတွေ မရှိဘူး။ အခင်းအကျင်းရဲ့ သဘောတရားတွေကိုလည်း မသိကြဘူး.."
"ငါသာ ငါ့ကိုယ်ငါ အသွင်ငါးခုအဖြစ် ခွဲထုတ်ပြီး ဒီဗိုင်းအနှစ်သာရ ကိုယ့်ပွားတွေနဲ့ ဓားအခင်းအကျင်းတစ်ခုကို ဖွဲ့စည်းလိုက်ရင်ရော။ အဲ့လိုဆိုရင် ဘယ်လိုစွမ်းအားမျိုး ထွက်လာနိုင်မလဲ... ဒါက စမ်းကြည့်သင့်တယ်.."
ရွှီယန်သည် စိတ်ကူးတစ်ခု ရလာခဲ့၏။ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်ငါးယောက်တို့သည် သူ့ကို တိုက်ခိုက်ရန်အတွက် ပူးပေါင်းတိုက်ခိုက်မှုတစ်ခုအား ခင်းကျင်းနေပါသည်။
ထိုသို့ဆိုပါက သူကလည်း ဒီဗိုင်းအနှစ်သာရကို အသုံးပြုကာ ကိုယ်ပွားလေးခုတို့ကို ခွဲထုတ်မည် ဖြစ်သည်။ ဒီလူများကို သိုင်းပညာ၏ အနှစ်သာရအား ဉာဏ်အလင်းရစေမည် ဖြစ်သည်။
ဓားအခင်းအကျင်း၏ စွမ်းအားသည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုထက် များစွာ သာလွန်နေမှာဖြစ်၏။
"ပူးပေါင်းတိုက်ခိုက်မှုလား... မင်းတို့ဟာတွေက ကလေးကစားတာထက် မပိုပါဘူး... ဒီနေ့မှာ မင်းတို့ ဂုဏ်သတင်းကြီးမားပါတယ်ဆိုတဲ့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းကို စစ်မှန်တဲ့ အခင်းအကျင်းတာအိုက ဘာလဲလို့ ငါပြပေးလိုက်မယ်။ ဓားအခင်းအကျင်းရဲ့ စွမ်းအားကို ခံစားကြည့်လိုက်ဦး.."
"ဂရုတစိုက်ကြည့်ကြ မျက်တောင်မခတ်နဲ့..ဟားဟားဟား..."
ကျယ်လောင်သော ရယ်သံတစ်ခုနှင့်အတူ ရွှီယန်၏ ခန္ဓာကိုယ်သည် တောက်ပစွာ လင်းလက်လာခဲ့၏။
လျှပ်တပြက်အတွင်း နောက်ထပ် ပုံရိပ်လေးခုတို့ ထွက်ပေါ်လာကာ ခြားနားသည့် အရပ်မျက်နှာများဆီသို့ ပျံ့နှံ့သွားသည်။
အစပိုင်းတွင် တိုက်ပွဲပြင်ပေါ်၌ ရွှီယန်တစ်ယောက်သာ ရှိနေ၏။ သို့ပေမယ့် ဒီအချိန်တွင်တော့ ရွှီယန်ငါးယောက်တို့ ဖြစ်လာခဲ့၏။
အားလုံးသည် တိတ်ဆိတ်သွားခဲ့သည်။ ကွင်းပြင်တစ်ခုလုံးသည် အပ်သံပင် မကြားရပေ။
ဤသည်မှာ မည်ကဲ့သို့သော သိုင်းပညာဖြစ်သနည်း။ လောကကြီးတွင် ယခုမျှ ဆန်းကြယ်လှသည့် အတတ်ပညာမျိုး ရှိနေသည်လား။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲများမှာ ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် စိတ်ဝိဉာဉ်နယ်မြေ၏ ထိပ်တန်းတည်ရှိမှုများ ဖြစ်ကြပြီး အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း၏ ဦးဆောင်သူများ ဖြစ်သည်။
ရှည်လျားသည့် အမွေအနှစ်ကို ဆက်ခံကာ သိုင်းပညာလျှို့ဝှက်အတတ်များစွာကို သိရှိ၏။ သို့ရာတွင် ရှေ့ရှိမြင်ကွင်းက အားလုံးကို ပြောစရာစကား မဲ့သွားစေခဲ့သည်။
ရွှီယန်သည် ဘယ်လိုလုပ်ပြီး ငါးယောက်ဖြစ်လာခဲ့သနည်း။ လူတစ်ယောက်သည် ဘယ်လိုလုပ်ပြီး နောက်ထပ်လေးယောက်အဖြစ် ပိုင်းခြားနိုင်သနည်း။
သိုင်းပညာတွင် ထိုကဲ့သို့သော မှော်ဆန်သည့် အတတ်မျိုး မရှိပေ။
ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်လုံးများထဲတွင် မသိသာသည့် စိုးရိမ်မှုတစ်ခု ပေါ်လာခဲ့သည်။ သူတို့ကိုယ်သူတို့ပင် သတိမထားမိသည်မှာ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားတစ်ခု ပေါ်ထွန်းလာခြင်း ဖြစ်၏။
"ရွှီယန်က သေရမယ်.."
သိုင်းတစ်ထောင်အရှင်သခင်က ခက်ထန်စွာ ပြောသည်။ သူ၏လေသံက သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နက်နေ၏။
"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ.."
သိုင်းသမားအားလုံးတို့မှာ မှင်သက်နေကြပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်နေ၏။ မျက်တောင်ခတ်ခြင်းပင် မရှိပေ။
"ရွှီယန်တော့ အန္တရာယ်ကျရောက်ပြီ.."
ထန်းကျီ၏မျက်နှာက မဲမှောင်သွားသည်။ ဒီဗိုင်းကိရိယာကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်းက ပုဆိန်ကို အဆင်သင့်ပြင်ထား၏။
ရွှီယန်သည် ယခုမျှသော မှော်ဆန်လှသည့် သိုင်းပညာကိုပြသခဲ့ရာ သိုင်းတစ်ထောင်ခန်းမမှာ ဒီအတိုင်းနေမည်မဟုတ်ပေ။ သူတို့သည် အရာအားလုံးကို အသုံးပြုကာ ရွှီယန်ကို သတ်ဖြတ်မည်ဖြစ်၏။
"ဒါက ကြောက်ဖို့ကောင်းလွန်းတယ်... အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်... ရွှီယန်သာ မသေဘူးဆိုရင် လင်းနယ်မြေက သိုင်းသမားအားလုံး သူ့ကို ဦးညွှတ်ကြရလိမ့်မယ်။ သေချာပေါက် ထိပါးလို့မဖြစ်ဘူး.."
"သွေးနတ်ဆိုးက သုံးကြိမ်တိုင်အောင် ကျဆုံးပြီးတဲ့အထိ ပြန်လည်မြင့်တက်နိုင်ခဲ့တယ်။ ရွှီယန်ကတော့ သူ့ထက်တောင် ပိုကြောက်စရာကောင်းပြီး ပိုနတ်ဆိုးဆန်တယ်။ ရင်ဆိုင်ဖို့ ပိုခက်ခဲမှာ.."
"မဟုတ်ဘူး... ယွီလင့်စံအိမ်က အဘိုးကြီးကို ငါသေသေချာချာပြောရမယ်... ရွှီယန်ကို ထိပါးလို့ မဖြစ်ဘူး။ မဟုတ်ရင် အခြေအနေတွေ ဆိုးရွားကုန်လိမ့်မယ်.."
ချွေဟွားယွီက ကိုယ့်ကိုယ်ကိုယ် ရေရွတ်ရင်းက နဖူးရှိချွေးစေးများကို သုတ်သည်။ သူ၏စိတ်ထဲတွင် ရွှီယန်၏ လုရှင်ထင်းအား စိန်ခေါ်သည့်တိုက်ပွဲ၌ ကြောင်ကြီးပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည့်လူ၏ ပုံရိပ်က ပေါ်လာခဲ့၏။
လက်တစ်ဝှေ့နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားက သက်ဆင်းလာခဲ့သည်။ မည်မျှ ထည်ဝါလိုက်သနည်း။
ယခုအချိန်၌ ရွှီယန်က ယခုကဲ့သို့ မှော်ဆန်လှသည့် သိုင်းပညာတစ်ခုကို ထုတ်ဖော်ပြသလာခဲ့၏။ ထိုသို့ဆိုပါက ကြောင်ပေါ်ရှိ ထိုပုဂ္ဂိုလ်သည် သူ၏ဆရာ ဖြစ်ရာ မည်မျှပင် ကြောက်စရာကောင်းလိုက်မည်နည်း။
ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့သို့ လာရောက်ကာ စိန်ခေါ်ရဲလေသည်။ ဤသည်မှာ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ရဲစွမ်းသတ္တိတို့အပြင် အကြီးမားဆုံးယုံကြည်ချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူဆီမှ လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ဘယ်လို... ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ငါးယောက် ဖြစ်သွားတာလဲ.."
ယရုံမှာလည်း ပြောစရာစကား မဲ့လောက်အောင် အံ့သြနေပါသည်။ ထိုက်မြှောင်ဂိုဏ်းသည် အမွေအနှစ်တို့အလွန်ရှည်လျားကာ သိုင်းတစ်ထောင်ခန်းမပင် နားမလည်သည့် သိုင်းလောက၏ လျှို့ဝှက်ချက်များနှင့် သိုင်းပညာများကို သိရှိ၏။
သို့ပေမယ့် ယခုမျှ ဆန်းကြယ်လှသည့် သိုင်းပညာတစ်ခု လောကကြီးတွင် ရှိနေမည်ဟု မကြားဖူးပေ။
"ရွှီယန်ရဲ့ ဆရာက ဘယ်သူလဲ။ သူက အနှိုင်းမဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လား... သူက တကယ်ပဲ ကြောက်ဖို့ကောင်းတာလား.."
ဒီအချိန်၌ ယရုံသည် ရွှီယန်၏ဆရာမှာ စစ်မှန်သည့် အနှိုင်းမဲ့သူတစ်ယောက်ဟု စတင် ယုံကြည်လာခဲ့၏။
李 望舒:
အပိုင်း ၅၇၆ - နှလုံးသားဓားအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခြင်း၊ ဒီဗိုင်းကိရိယာ၏ စွမ်းအား
ကြည့်ရှု့နေသူ အားလုံးတို့မှာ ထိတ်လန့်သွားကြသည်။ ပါဝင်ဆင်နွှဲသူများမှာ ပိုမိုကာပင် အံ့ဩနေပြီး ပြောစရာစကား မဲ့ကုန်ကြ၏။
ဒီအချိန်၌ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်ငါးယောက်တို့သည် မျက်လုံးများ ပြူးကျယ်စွာ ပွင့်ဟနေပြီး မျက်နှာ၌ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေကြသည်။
ရွှီယန်၏ ပုံရိပ်လေးခုတို့သည် ရုတ်တရက် ပေါ်လာခဲ့ပြီး အရပ်မျက်နှာလေးခု၌ နေရာယူထားသည်။ သူတို့သည် သင်္ကေတ တစ်မျိုးမျိုးကို ဖွဲ့စည်းထားပုံပေါ်ပြီး အချို့နက်ရှိုင်းသည့် လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ဆက်နွှယ်နေပုံ ရှိသည်။
အစပိုင်းတွင် သူတို့သည် ငါးယောက်တစ်ယောက် ရင်ဆိုင်ရ၍ အားသာချက် ရခဲ့၏။ သို့ပေမယ့် မျက်စိတစ်မှိတ် အတွင်းတွင် တစ်ယောက်တစ်ယောက် ဖြစ်သွားခဲ့လေပြီလား။ ထို့အပြင် ရန်သူငါးယောက်တို့မှာ ရွှီယန်ငါးယောက် ဖြစ်သည်။
"မင်း မင်း မင်း..."
ဆေဘာကို ကိုင်စွဲထားသည့် လူငယ်မှာ စကားမပြောနိုင်ဘဲ ဖြစ်နေ၏။
"ဒါက လှည့်ကွက်အသေးလေးပါ... ဘာလို့ ဒီလောက်တောင် ဖြစ်သွားတာလဲ.."
ရွှီယန်တို့ငါးယောက်က တစ်ပြိုင်နက် ပြောလိုက်ကြ၏။
ဤသည်မှာ လှည့်ကွက်လေးတစ်ခု လေလား။
ရွှီယန်သည် စကားတစ်ခွန်း ပြောပြီးနောက် ခဏတာရပ်တန့်သွားရ၏။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ဒီဗိုင်းကိုယ်ပွား အတတ်ကို အသုံးပြုခြင်းဖြစ်ရာ အနည်းငယ် အကြမ်းထည်နိုင်သေးသည်။
ထို့ကြောင့် စကားပြောလိုက်သည်နှင့် ကိုယ်ပွားအားလုံးကလည်း တစ်ပြိုင်နက် လိုက်လံ ပြောကြားကြ၏။ အတွေးတစ်ချက်နှင့်အတူ ထိန်းချုပ်ပြီး ဆက်လက်ပြောသည်။
"အရမ်းကြီးအံ့ဩနေဖို့ မလိုပါဘူး... ဒါက သိုင်းပညာရဲ့ ဆန်းကြယ်မှုတစ်ခုလေးပဲ။ ကြည့်ရတာ ငါးယောက်ရှိပုံပေါ်ပေမယ့် တကယ့်တကယ်က ငါတစ်ယောက်တည်း ရှိတာ။ အခြားလေးယောက်က ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားတွေပဲ.."
ရွှီယန်က ထူးမခြားနားစွာ ပြောသည်။ ဤသည်မှာ ဒီ ရေတွင်းထဲမှ ဖားသူငယ်များ၏ အမြင်များကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရမည့် အချိန်ဖြစ်၏။
ဒီတစ်ကြိမ်တွင် စကားပြောလိုက်ချိန်၌ သူ၏ အဓိကခန္ဓာသာ ပြောခဲ့ပြီး ကိုယ်ပွားလေးခုလုံးမှာ တိတ်ဆိတ်စွာသာ ရှိနေပါသည်။
"ဒီနေ့မှာ... ငါရွှီယန် ဒီနေရာမှာ သိုင်းတစ်ထောင်ခန်းမကို... ကိုယ့်ကိုယ်ကိုယ် အဆင့်လွန်ဂိုဏ်းတစ်ခုလို့ သမုတ်ထားတဲ့ ဂိုဏ်းတစ်ခုကို.. သိုင်းပညာရဲ့ ဆန်းကြယ်မှုတွေကို မြင်တွေ့ခွင့်ရစေမယ်။ အဲ့ဒီ့အခါမှ သူတို့ကိုယ်သူတို့ အမြင်အရမ်းကျဥ်းနေပြီး သူတို့ရဲ့ ပါရမီရှင်တွေကို အရမ်းကြီး တော်ဝင်ဆန်တယ်လို့ ထင်နေတဲ့အတွေးတွေကို ဖြေဖျောက်နိုင်မှာ။ ငါ့ရဲ့မျက်လုံးထဲမှာ သူတို့က ဘာမှမဟုတ်ဘူး.."
ကိုယ်ပွားတစ်ခုက အသာပြော၏။
"တိုက်ခိုက်ရအောင်... ဒီနေ့မှာ ဓားအခင်းအကျင်းက ဘာလဲဆိုတာကို မင်းတို့တွေ သိကြရလိမ့်မယ်.."
နောက်ထပ်ရွှီယန်၏ ကိုယ်ပွားတစ်ခုက ထပ်ပေါင်းပြောသည်။
လူတိုင်းမှာ ကြောင်တောင်သွားကြ၏။
ဆေဘာကို ကိုင်စွဲထားသည့် လူငယ်က အသက်ကိုနက်ရှိုင်းစွာရှူပြီး တုန်ခါနေသည့် နှလုံးသားကို အတင်းတည်ငြိမ်စေလိုက်သည်။ အံကိုကြိတ်ကာ အော်၏။
"သတ်ကြ.."
ဒီတိုက်ပွဲသည် ရှောင်လွှဲလို့မရပေ။ ရွှီယန်က ယခုမျှ အံ့သြစရာကောင်းလှသည့် ပညာရပ်တို့ကို ထုတ်ပြလာလျှင်တောင် သူတို့အတွက် ဆုတ်ခွာရန် အကြောင်းပြချက် မရှိပါ။
"ဒါက ငါတို့ကို လှည့်ဖြားချင်တာကလွဲပြီး ဘာမှမဟုတ်ဘူး... မင်းအခြားလူတွေကိုပဲ အရူးလုပ်ရင် လုပ်လို့ရမယ်။ မင်းရဲ့ သနားစရာကောင်းတဲ့ ပုံရိပ်ယောင်လေးနဲ့ ငါတို့ကို လိမ်ညာလို့မရဘူး.."
လှံကိုကိုင်စွဲထားသည့် လူငယ်က ဒေါသတကြီး အော်လိုက်ပြီးနောက် သူ၏လှံဖြင့် ထိုးစိုက်လိုက်၏။
"အသေအချာပဲ... လူကိုလာပြီးတော့ ပုံရိပ်ယောင်အတတ်နဲ့ လှည့်ဖြားနေတယ် ရယ်စရာပဲ.."
သံလက်အိတ်ကို ဝတ်ဆင်ထားသည့် လူငယ်ကလည်း ဝင်ရောက်ပြောကြားသည်။ သူတို့သည် ဤသည်မှာ ပုံရိပ်ယောင် မဟုတ်ကြောင်းကို သိကြပေမယ့် ကိုယ့်ကိုယ်ကိုယ်လှည့်ဖြားကာသာ စိတ်အခြေအနေများကို မြှင့်တင်ရသည်။ နှလုံးသားထဲရှိ ပုန်းအောင်းနေသည့် အကြောက်တရားကို ဖယ်ထုတ်ရပေမည်။
"ဒါဆို ဒါက ပုံရိပ်ယောင်ပေါ့... ဒါပေမယ့် ဒီပုံရိပ်ယောင်တွေက အရမ်းစွမ်းအားကြီးတာပဲ.."
"ငါတောင် တော်တော်လန့်သွားတယ်... တကယ်ကို ဆန်းကြယ်တဲ့ ပညာရပ်တစ်ခုလို့ ထင်သွားတာ.."
ရှိနေကြသည့် သိုင်းသမားအားလုံးမှာ ထိုစကားကို ကြားရပြီးနောက် စိတ်သက်သာရာ ရသွားကြ၏။ ဖြစ်နိုင်သည်မှာ သူတို့သည် အနည်းငယ် အလှမ်းကွာနေသဖြင့် ပုံရိပ်ယောင်တစ်ခု ဖြစ်သည်ကို နားမလည်ခြင်း ဖြစ်ပေလိမ့်မည်။
လူပေါင်းများစွာတို့သည် ဤသည်မှာ ပုံရိပ်ယောင်မဟုတ်ဟု ခံစားနေရပေမယ့် မည်သူမှ ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ မျက်မှောင်ကျုံ့ကာသာ တိတ်ဆိတ်နေကြ၏။
သိုင်းတစ်ထောင်အရှင်သခင်နှင့် အခြားအကြီးအကဲများမှာ မျက်မှောင်ကျုံ့သွားသည်။ ဤသည်မှာ ပုံရိပ်ယောင်လေလား။ ပုံရိပ်ယောင်ဆိုလျှင်တောင် ယခုမျှအထိ လှည့်ဖြားနိုင်ရာ အမှန်တကယ်ကို အံ့သြဖို့ကောင်းနေဆဲဖြစ်သည်။
"ပုံရိပ်ယောင်ပဲ ဖြစ်လောက်မှာမလား... ဒီလိုမျိုးဆန်းကြယ်တဲ့ ပညာရပ်တွေကို ငါတစ်ခါမှ မကြားဖူးဘူး.."
အကြီးအကဲတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်စွာဖြင့်ပြော၏။ အခြားလူများမှာ တိတ်ဆိတ်နေပါသည်။
"ဘုန်း.."
"ပုံရိပ်ယောင်လား.."
ရွှီယန်က အသာပြုံးကာ လှောင်ပြောင်စွာ ကြည့်သည်။
"မင်းတို့အားလုံး စပြီးတော့ တိုက်သင့်တယ်... ဒါမှမဟုတ်ရင် လှုပ်ရှားဖို့အခွင့်အရေး ရမှာ မဟုတ်တော့ဘူး.."
သူက ထူးမခြားနားစွာ ပြော၏။
"သတ်ကြ.."
ငါးယောက်သားသည် လှုပ်ရှားမှုပြုလိုက်သည်နှင့် စွမ်းအင်များက ပေါင်းစပ်ကာ သိုင်းပညာများက လိုက်ဖက်ညီစွာဖြင့် တိုက်ခိုက်မှုငါးခုတို့ ထွက်ပေါ်လာခဲ့၏။
သူတို့၏ အသွင်အပြင်များသည် ညီညာနေကာ နေရာယူထားသည်မှာ ပြီးပြည့်စုံ၏။ ပြီးနောက် ဒုတိယတိုက်ခိုက်မှုက နီးကပ်စွာ လိုက်ပါလာခဲ့သည်။ ထိုပူးပေါင်းတိုက်ခိုက်မှု အတတ်သည် အမှန်တကယ်ကို ထူးခြားမှုရှိ၏။
"ဘုန်း.."
"ပူးပေါင်းတိုက်ခိုက်မှု အတတ်လေးပါပဲ... ဘာမှ မဟုတ်ဘူး.."
ရွှီယန်ကရယ်ကာ ကိုယ်ပွားတစ်ခုက ဓားတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။
နောက်ထပ် ကိုယ်ပွားတစ်ခု၏ ဓားအလင်းမှာလည်း မိုးကြိုးပစ်ချက်တစ်ခုသဖွယ် ကျဆင်းလာခဲ့သည်။ သူ၏ ပုံရိပ်များက နေရာများပြောင်းလဲနေပြီး ဓားချက်များက ထက်မြစွာ ကူးလူးကာ တိုက်ပွဲပြင်တွင် ဖြတ်သန်းသွားလာနေသည်။
"ဒါက ဓားအခင်းအကျင်းပဲ... သေသေချာချာကြည့်ကြ.."
ဓားအလင်းငါးခုတို့သည် အခြား သိုင်းသမားများနားလည်ရန် ခက်ခဲသည့် သင်္ကေတနှင့် စည်းမျဉ်းများအတိုင်း ကန့်လန့်ဖြတ်သွားသည်။
လျှပ်တစ်ပြက်အတွင်းတွင် သူတို့၏ ဓားအလင်းမှာ ပိုမိုကြမ်းကြုတ်လာသည်ဟုသာ ခံစားလိုက်ရ၏။ ဆုတ်ခွာရန် လမ်းကြောင်းအားလုံးတို့ကို ပိတ်ဆို့ကာ လေဟာနယ်အားလုံးတို့ကို တားမြစ်ထားသည်။
ကြက်ခြေခတ် ပျံသွားနေသည့် ဓားအလင်းသာရှိ၏။ ဓားအလင်းတိုင်းသည် ခြားနားသည့် သတ်ဖြတ်ခြင်းနည်းလမ်းတစ်ခုကို သယ်ဆောင်ထားသည်။
ဤသည်မှာ လူငါးယောက်က ဓားတာအို အမျိုးအစားငါးခုတို့ကို အသုံးပြုနေသည့်ဟန် ရှိ၏။ ထက်မြသည့် ဓားချက်တစ်ချက်ဖြင့် ဓားအလင်းတို့ လက်သွားပြီး ပုံရိပ်များက နေရာပြောင်းသွားသည်။ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကို ဖျက်ဆီးကာ သူတို့၏ ပူးပေါင်းထားသည့် အရှိန်အဝါကို လျှပ်တပြက်အတွင်း ပြိုလဲသွားစေသည်။
ဤနည်းအားဖြင့် အခြေအနေသည် ရွှီယန်က သူတို့ငါးယောက်ကို ဝန်းရံထားသကဲ့သို့ ဖြစ်လာခဲ့၏။ သူတို့ငါးယောက်က ရွှီယန်ကို ဝန်းရံထားခြင်း မဟုတ်တော့ပေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ကြည့်နေသူအားလုံးတို့မှာ မှင်သက်သွားကြသည်။ ရှေ့ရှိမြင်ကွင်းကို ကြည့်ကာ သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်ငါးယောက်တို့က ရွှီယန်ကို တိုက်ခိုက်နေခြင်း မဟုတ်ကြောင်းအား တွေ့လိုက်ရသည်။
သူတို့သည် ရွှီယန်ငါးယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းသာ ဖြစ်၏။ ရှင်းလင်းစွာပင် နှစ်ဖက်လုံးတွင် လူငါးယောက်တို့ ရှိနေ၏။ သို့ပေမယ့် သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်များမှာ ရွှီယန်၏ တိုက်ခိုက်မှုအောက်တွင် ကျရောက်နေပုံ ပေါ်သည်။
ဤသည်မှာ ဓားအခင်းအကျင်းလေလား။ မည်မျှ အံ့သြစရာကောင်းကာ နက်ရှိုင်းသည့် ပညာရပ် ဖြစ်သနည်း။
"သိုင်းတစ်ထောင်ခန်းမက ပါရမီရှင်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုက အရမ်းကို ချိနဲ့လွန်းတယ်... မဟုတ်ဘူး.. စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှု အတတ်တွေအားလုံးက ဓားအခင်းအကျင်းအောက်မှာ ချိနဲ့သွားတာ.."
"ဒါတောင်မှ ရွှီယန်က လျှို့ဝှက်အတက်ပညာ တစ်ခုနဲ့ ကိုယ့်ကိုယ်ကိုယ်ကိုယ်ခွဲပြီး ဓားအခင်းအကျင်းကို ပြသခဲ့တာပဲ.."
"တကယ်လို့ ခြားနားတဲ့ လူငါးယောက်သာ ဒါကို အသုံးပြုလာခဲ့ရင်ရော.."
ချွေဟွားယွီမှာ နှလုံးသားထဲတွင် တုန်ခါနေမိ၏။ ဒီဓားအခင်းအကျင်း အတတ်သည် ရှင်းလင်းစွာပင် ... စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပူးပေါင်းတိုက်ခိုက်မှုအတတ် အားလုံးတို့ကို နင်းချေနိုင်လေသည်။
ယရုံမှာ မျက်မှောင်ကျုံ့သွား၏။ ဒီအချိန်၌ သူမသည် ရွှီယန်၏ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာဖြစ်သူနှင့် ပတ်သက်ပြီး ပိုမိုကာပင် သိရှိလိုလာခဲ့၏။
"ဖြစ်နိုင်တာက ရွှီယန်ရဲ့ဆရာက ကောင်းကင်အရှင် တစ်ယောက်များလား။ ဒဏ္ဍာရီဆန်တဲ့ ကောင်းကင်အရှင်တောင်မှ ဒီလို အံ့သြစရာကောင်းတဲ့ ပညာတွေ မရှိလောက်ဘူး.."
ယရုံမှာ အလွန်အံ့ဩနေ၏။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး ဓားအခင်းအကျင်း၏ နက်နဲမှုတို့သည် ဆက်လက် ပေါ်ပေါက်လာခဲ့သည်။ သိုင်းတစ်ထောင်ခန်းမမှ ပါရမီရှင် ငါးယောက်တို့သည် ပူးပေါင်းတိုက်ခိုက်မှု တစ်ခုကိုပင် ထုတ်လွှတ်၍ မရနိုင်အောင် ရှိနေ၏။
ထို့အပြင် သူတို့အားလုံးသည် ရန်သူ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်းဖြင့် အားအင်ကုန်ခမ်းနေကြပြီး အန္တရာယ်အတွင်းသို့ အချိန်မရွေး ဝင်ရောက်သွားတော့မည့်နှယ် ရှိသည်။