← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း။ ၂၈၅

သူသည် ကွင်းပြင်အလယ်သို့ လျှောက်လှမ်းသွားပြီး အသက်ကို ပြင်းပြင်းရှူကာ ငြိမ်သက်စွာ ရပ်လိုက်သည်။ ထို့နောက် လက်ဝါးနှစ်ဖက်ဖြင့် ရှုပ်ထွေးသော လက်ဟန်များကို စတင်ပြုလုပ်

ရင်း တစ်ပြိုင်နက်တည်းမှာပင် မိုးဂါထာကို ရွတ်ဆိုတော့သည်။

ခဏအကြာတွင်...

ကွင်းပြင်အတွင်း၌ အေးစိမ့်စိမ့် အငွေ့အသက်ကလေးတစ်ခု ပေါ်လာသော်လည်း ယခင်ကထက် များစွာ ပိုမိုအားနည်းလှသည်။ အသေအချာ အာရုံမစိုက်ပါက သတိထားမိရန်ပင် ခက်ခဲလှသည်။ ထို့နောက်တွင်မူ မည်သည့်ထူးခြားမှုမျှ ထပ်မံဖြစ်ပေါ်မလာတော့ဘဲ ဝမ်ဝင်ပိုင်သည် ဂါထာအသက်သွင်းရာတွင် သိသိသာသာ ကျရှုံးသွားခဲ့သည်။

အကြီးအကဲဟယ်သည် ၎င်းကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ။ ထို့နောက် သူသည် ယို့ချင်းယီနှင့် ဝမ်ဝင်ပိုင်တို့ပြီးလျှင် ဝိညာဉ်အမြစ် အကောင်းဆုံးဖြစ်သည့် ရုံရွှယ်ကျန့်ကို ညွှန်ပြကာ "မင်း တစ်ချက် စမ်းကြည့်လိုက်ဦး" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ရုံရွှယ်ကျန့်က တည်ငြိမ်စွာ ဦးညွှတ်လိုက်သည်။

သူသည် အရပ်ရှည်ပြီး ပိန်သွယ်ကာ အတော်အတန် ချောမောသော ရုပ်ရည်ရှိသည်။ သူ၏ မျက်လုံးများမှာ မကြီးသော်လည်း အလွန်ပြတ်သားသော အကြည့်များ ရှိနေပြီး လုံယီ၏ ယခင်ဘဝက သိခဲ့ဖူးသော ထူးချွန်ကျောင်းသားတစ်ဦးနှင့်ပင် ဆင်တူနေသည်။

သူသည် ပထမဦးစွာ လက်ဝါးနှစ်ဖက်ကို စိလိုက်ပြီး မမြင်ရသော ကြိုးမျှင်များကို ခါးပတ်နေသကဲ့သို့ သူ၏ လက်ချောင်းများမှာ ကခုန်နေတော့သည်။ သူ၏ ဂါထာရွတ်ဆိုသံမှာလည်း မြန်ဆန်ပြီး အားပါလှသည်။ နောက်တစ်ခဏတွင် အေးမြသော လေပြေတစ်ခု တိုက်ခတ်လာပြီး စိုစွတ်ထိုင်းမှိုင်းသော အငွေ့အသက်တစ်ခု ပါဝင်လာပုံပင်။

ရုံရွှယ်ကျန့်သည်လည်း ဂါထာကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့သော်လည်း သူ၏ ကြိုးပမ်းမှုမှာ ဝမ်ဝင်ပိုင်ထက် ပိုမိုပြည့်စုံသည်မှာ သိသာလှသည်။ ပါရမီအရှိဆုံးဖြစ်သည့် ယို့ချင်းယီနှင့်ပင် ရင်ဘောင်တန်းနိုင်သည့် အဆင့်ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါ ဝမ်ဝင်ပိုင်၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်မကောင်း ဖြစ်သွားတော့သည်။ အကြီးအကဲဟယ်က ခေါင်းညိတ်ပြကာ "မင်းရဲ့ နားလည်သဘောပေါက်မှုက ကောင်းတယ်။ မင်းရဲ့ ဝိညာဉ်အမြစ်က အနည်းငယ် လိုအပ်ချက်ရှိပေမဲ့ ဝီရိယရှိခြင်းက ညံ့ဖျင်းမှုကို အစားထိုးပေးနိုင်ပါတယ်။ နောင်တစ်ချိန်မှာ တခြားသူတွေကို ကျော်တက်နိုင်တဲ့ အခွင့်အရေးတွေ ရှိလာနိုင်တယ်။

ပါရမီတစ်ခုတည်းကိုပဲ အားကိုးနေလို့ကတော့ ခရီးအဝေးကြီး မရောက်နိုင်ဘူး။ မဟုတ်ရင် ဂိုဏ်းအနေနဲ့ အရင်းအမြစ်အားလုံးကို အလယ်အလတ်နဲ့ အဆင့်မြင့် ဝိညာဉ်အမြစ်ရှိတဲ့သူတွေအတွက်ပဲ ဘာလို့ စုပုံပေးမနေတော့မှာလဲ"

"သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ရုံရွှယ်ကျန့်က မောက်မာခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်ရာ လူအများစုမှာ ဤဂိုဏ်းတူတပည့်ကို ပထမဆုံးအကြိမ်အဖြစ် သတိထားမိသွားကြသည်။

အကြီးအကဲဟယ်၏ လူပုံအလယ်တွင် တစ်နည်းတစ်ဖုံ ဝေဖန်လိုက်သည့် စကားကို ကြားပြီးနောက် ဝမ်ဝင်ပိုင်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။

သူသည် အကြီးအကဲကို မချေပရဲသဖြင့် ရင်ထဲတွင် အောင့်အည်းနေသော ဒေါသများကိုသာ တစ်နည်းနည်းဖြင့် ဖွင့်ထုတ်ပစ်ချင်နေသည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏ ဝိညာဉ်အလောင်းကို လုယူသွားခဲ့သော အဆင့်နိမ့် ဝိညာဉ်အမြစ်ပိုင်ရှင်ကို အမှတ်မထင် တွေ့လိုက်ရသဖြင့် ဝမ်ဝင်ပိုင်၏ မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် ထိုသူကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဒီညီအစ်ကိုက အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ရှိတာဆိုပေမဲ့ သူ့ရဲ့ နားလည်သဘောပေါက်မှုကတော့ ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲဗျ”

သူ လက်ညှိုးထိုးပြလိုက်သူမှာ လုံယီပင်။

ရောက်ရှိနေသူအားလုံးသည် စူးစမ်းလိုသော အကြည့်များဖြင့် လုံယီထံသို့ လှည့်ကြည့်လိုက်ကြသည်။

“ဩော်... ဟုတ်လား”

အကြီးအကဲဟယ်သည်လည်း လုံယီကို သတိပြုမိသွားသည်။ သူ၏ မျက်လုံးများထဲတွင် အနီရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ ပေါ်လာပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

“ဒီလောက်ထိပြင်းထန်တဲ့ သွေးစွမ်းအင်ပါလား... မင်းက ကိုယ်ခံပညာရှင်ကနေ ကျင့်ကြံသူဘက်ကို ကူးပြောင်းလာတာလား”

“ကျွန်တော် ငယ်စဉ်ကတည်းက ကိုယ်ခံပညာကို လေ့လာခဲ့တာပါ။ ဒါပေမဲ့ ကိုယ်ခံပညာမှာ အတားအဆီးတစ်ခုကို တွေ့ခဲ့ရလို့ပါ။ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်ကတော့ အဆုံးအစမရှိ ကျယ်ပြန့်လှပါတယ်”

လုံယီက ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။

“ဒါပေါ့...”

အကြီးအကဲဟယ်က တဆက်တည်း ခေါင်းညိတ်ရင်း ပြောသည်။

“ကိုယ်ခံပညာဆိုတာ လမ်းစဉ်အသေးစားလေးတစ်ခုပဲ။ အထွတ်အထိပ်ရောက်နေတဲ့ ကိုယ်ခံပညာရှင်တစ်ယောက်တောင်မှ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အနီးကပ်တိုက်ခိုက်မှသာ ခြိမ်းခြောက်နိုင်တာ။ ဒါ့အပြင် ကိုယ်ခံပညာက သက်တမ်းကို ရှည်ကြာစေဖို့ ခက်ခဲသလို မသေမျိုးအဆင့်ကိုလည်း မရောက်နိုင်ဘူး။ အဲ့ဒါက အကြီးမားဆုံး အားနည်းချက်ပဲ"

“ဒါနဲ့... မင်း မိုးခေါ်အတတ်ကို ဘယ်လောက်အထိ လေ့လာပြီးပြီလဲ”

အကြီးအကဲဟယ်က မေးလိုက်သည်။

“ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ချင်ပါတယ်”

လုံယီက ပြောလိုက်သည်။

သူသည် စွမ်းဆောင်ရည်ပြမျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ပြီးခဲ့သည့်ရက်များအတွင်း အကြီးအကဲဟယ်၏ သင်ကြားမှုကြောင့် မှော်အတတ်ကဏ္ဍတွင် အသစ်တစ်ခု ပေါ်လာခဲ့သည်။

[မိုးခေါ်အတတ် (အခြေခံမရသေး ၀/၂၀)]

သူသည် စွမ်းအင်မှတ် ၂၀ အသုံးပြုကာ ၎င်းကို စတင်အသက်သွင်းလိုက်သည်။

[မိုးခေါ်အတတ် (အခြေခံမရသေး ၀/၂၀) → မိုးခေါ်အတတ် (အခြေခံရရှိ ၀/၆၀)]

ထို့နောက် စွမ်းအင်မှတ် ၆၀ ထပ်မံအသုံးပြုကာ ပိုမိုမြှင့်တင်လိုက်ပြန်သည်။

[မိုးခေါ်အတတ် (အခြေခံရရှိ ၀/၆၀) → မိုးခေါ်အတတ် (ကျွမ်းကျင် ၀/၂၀၀)]

မိုးခေါ်အတတ်ကို အသက်သွင်းရန် လိုအပ်သော ထိုးထွင်းသိမြင်မှုများနှင့် နည်းစနစ်အမျိုးမျိုးသည် လုံယီ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာတော့သည်။ ၎င်းသည် ဝါရင့်ကျင့်ကြံသူတစ်ဦးကဲ့သို့ ဤဂါထာကို နှစ်ပေါင်းများစွာ လေ့လာထားသကဲ့သို့ ကျွမ်းကျင်သွားစေသည်။

လုံယီသည် သူ၏လက်ကို မြှောက်လိုက်ပြီး မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်အဟုန်ဖြင့် လက်ဟန်များကို ပြုလုပ်ကာ မိုးဂါထာကို ရွတ်ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း အချိန်အတော်ကြာ စုဆောင်းထားရသော ဝိညာဉ်စွမ်းအား အနည်းငယ်မှာလည်း တဖြည်းဖြည်း လျော့နည်းသွားတော့သည်။

ပထမဦးစွာ အရပ်မျက်နှာအနှံ့မှ အေးမြသော လေပြေနုကလေးတစ်ခု တိုက်ခတ်လာသည်။ လူတိုင်း၏ ခေါင်းပေါ်တွင် အဖြူရောင် တိမ်တိုက်ချီအစုအဝေးလေးတစ်ခု စုရုံးလာပြီးနောက် ထိုတိမ်တိုက်မှာ ကျဲပါးသော မိုးစက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲကာ အောက်သို့ ကြွေကျလာတော့သည်။

အခင်းအကျင်းတွင် ရှိနေသူတိုင်း သူတို့၏ ဦးခေါင်းပေါ်သို့ မိုးစက်အချို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်ခန့်အကြာတွင် အဖြူရောင်တိမ်တိုက်မှာ ပျောက်ကွယ်သွားပြီး မိုးစက်များလည်း ပျောက်ဆုံးသွားခဲ့သည်။

လုံယီ၏ စုစုပေါင်း ဝိညာဉ်စွမ်းအား ပမာဏမှာ အလွန်နည်းပါးလွန်းလှသဖြင့် အရိုးရှင်းဆုံးဖြစ်သော မိုးခေါ်အတတ်ကိုပင် ကြာရှည်စွာ မထိန်းထားနိုင်ခဲ့ပေ။ သို့သော်လည်း နားလည်တတ်ကျွမ်းသူများအတွက်မူ ဤမြင်ကွင်းမှာ လုံးဝကွဲပြားခြားနားသော အဓိပ္ပာယ်ရှိနေသည်။

“အသက်ရှူပုံက တည်ငြိမ်တယ် လက်ဟန်တွေကလည်း တိကျတယ် တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းတယ်”

အကြီးအကဲဟယ်က ချီးကျူးလိုက်သည်။

“ဆယ်ရက်အတွင်းမှာ အခြေခံအကျဆုံး မိုးခေါ်အတတ်ကိုတောင် ဒီလောက်အထိ နားလည်

သဘောပေါက်သွားဖို့ဆိုတာ တော်တော်လေး ရှားပါးတယ်။ ငါ့ဘဝတစ်လျှောက်မှာတောင် ဒီလိုလူမျိုးကို တွေ့ရခဲတယ်”

“ကောင်းတယ်... အရမ်းကောင်းတယ် မင်းရဲ့ နားလည်သဘောပေါက်မှုက ထူးကဲတယ်။ ဝိညာဉ်အမြစ်မှာ အနည်းငယ် အားနည်းချက်ရှိတယ်ဆိုပေမဲ့ ဝီရိယရှိခြင်းက ထိုက်တန်တဲ့အကျိုးကို ပေးတယ် ဆိုသလိုပဲ နောင်တစ်ချိန်မှာ မင်းအနေနဲ့ မြင့်မြတ်တဲ့လမ်းစဉ်ကို ထိတွေ့နိုင်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ”

“ကံတရားက မင်းကို ငါ့ရှေ့ကို ပို့ပေးခဲ့တာဆိုတော့ ငါ့အနေနဲ့ မင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးလိုက်တာပေါ့”

အကြီးအကဲဟယ်သည် သူ၏ ဝတ်စုံလက်အင်္ကျီကို ဝေ့ယမ်းလိုက်ရာ သုံးလက်မခန့် မြင့်သော လည်ပင်းရှည် ကျောက်စိမ်းဖြူ ပုလင်းနှစ်လုံးသည် လုံယီ၏ ရှေ့တွင် ပေါ်လာသည်။ ပုလင်းများမှာ သစ်သားအနီရောင် ဆို့များဖြင့် ပိတ်ထားသည်။

“ဒါတွေက ချီစုပ်ယူဆေးပြားတွေပဲ။ ငါ့ဆီမှာ ဒီပုလင်းနှစ်လုံး ရှိနေတာနဲ့ အတော်ပဲပေါ့”

အကြီးအကဲဟယ်က လုံယီကို ဆေးလုံးများဖြင့် ဆုချသည်ကို မြင်လိုက်ရသောအခါ ရောက်ရှိနေသူအားလုံးမှာ တုန်လှုပ်အံ့သြသွားကြသည်။ တစ်စုံတစ်ယောက်က တိုးတက်စွာ ရေရွတ်

လိုက်သည်။

“ချီစုပ်ယူဆေးပြားတွေက ဘေးထွက်ဆိုးကျိုး လုံးဝနီးပါး မရှိဘူး။ ဆေးတစ်လုံးသောက်တာက နှစ်ရက်စာ အပြင်းအထန် ကျင့်ကြံတာနဲ့ ညီမျှတယ်။ ပုံမှန်အားဖြင့် နှစ်ရက်မှာ တစ်လုံးသောက်ရပြီး ပုလင်းတစ်လုံးမှာ ဆေးလုံး ဆယ်လုံးလောက် ပါတတ်တယ်”

ဤရှင်းပြချက်ကို ကြားလိုက်ရသောအခါ အခြားသူများမှာ ပို၍ပင် မနာလိုဖြစ်သွားကြတော့သည်။

ဝမ်ဝင်ပိုင်ဆိုလျှင် ပိုဆိုးသည်။ သူ၏မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေပြီး ဤရလဒ်မှာ သူအလိုရှိသော ရလဒ်မဟုတ်ပေ။

လုံယီ၏ မှော်အတတ်ပြသမှုကို မြင်တွေ့ပြီးနောက် အကြီးအကဲဟယ်သည် အခြားသူများကို ဆက်လက်စမ်းသပ်ခိုင်းရန် စိတ်ဝင်စားမှု လျော့နည်းသွားပုံရပြီး ယနေ့သင်ခန်းစာကို မကြာမီပင် အဆုံးသတ်လိုက်တော့သည်။

အကြီးအကဲ ထွက်ခွာသွားပြီးနောက် လုံယီသည် ဝမ်ဝင်ပိုင်ရှိရာသို့ လှည့်ကြည့်ကာ ကျယ်

လောင်စွာ ရယ်မောလိုက်သည်။

"ညီလေးဝမ်ရဲ့ ထောက်ခံမှုကြောင့် အကြီးအကဲရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာ ကျေးဇူးတင်ပါတယ်ကွာ။ ငါ့ရဲ့ ဝိညာဉ်အမြစ်က အားနည်းနေတော့ ဒါကို ပြန်ဖြည့်ဖို့ ဒီဆေးလုံးတွေက အတော်လေး လိုအပ်နေတာ။ မဟုတ်ရင်တော့ မင်းကို နှစ်လုံးလောက် ခွဲပေးဦးမှာပါ"

ဝမ်ဝင်ပိုင်သည် လုံယီကို လူကြားထဲ အရှက်ကွဲစေချင်ခဲ့သော်လည်း ရလဒ်မှာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ လုံယီကလည်း သူ့ကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ်မရှိပေ။

ဝမ်ဝင်ပိုင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။

"သိပ်ပြီးတော့ မာန်တက်မနေနဲ့ ချီစုပ်ယူဆေးပြား နှစ်ပုလင်းဆိုတာ ငါ့အတွက်တော့ ပုံမှန်စားနေကျ သကြားလုံးတွေလိုပဲ"

ပြောပြီးသည်နှင့် ဝမ်ဝင်ပိုင်သည် လှည့်ထွက်သွားတော့သည်။

"ညီလေးဝမ်... အဲ့ဒီဆေးတွေကို မင်းရဲ့ မြက်ခြောက်အလောင်းကိုလည်း ကျွေးလိုက်သေးလား အခုဆို သူ လမ်းလျှောက်နိုင်နေပြီ ထင်တယ်နော်"

လုံယီက ရယ်မောရင်း လှမ်းမေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ဝင်ပိုင်မှာ ခြေလှမ်းများပင် တုန်ရင်သွားခဲ့သည်။ သူ၏ မွေးရာပါ ဝိညာဉ်အလောင်းကို လုယူခံလိုက်ရခြင်းမှာ သူ အမုန်းဆုံးသော အရာဖြစ်သည်။ လုံယီသည် စကားတစ်ခွန်းတည်းဖြင့် သူ၏ အနာဟောင်းကို ဆွလိုက်ခြင်းပင်။ သူသည် လုံယီကို မုန်းတီးစွာ တစ်ချက်ကြည့်ပြီး ဒေါသတကြီး ထွက်ခွာသွားတော့သည်။

လုံယီနှင့် ဝမ်ဝင်ပိုင်တို့၏ ထိပ်တိုက်တွေ့မှုအပြီးတွင် အခြားသူများလည်း လူစုကွဲသွားကြသည်။ လုံယီသည် တပည့်တောင်ထိပ်သို့ ပြန်ရန် ပြင်ဆင်နေစဉ် တစ်စုံတစ်ယောက်က သူ့နောက်သို့ တကောက်ကောက် လိုက်လာသည်ကို သတိပြုမိလိုက်သည်။ ၎င်းမှာ အလယ်အလတ်တန်းစား ဝိညာဉ်အမြစ်ပိုင်ရှင် ရုံရွှယ်ကျန့်ပင်။

"ညီအစ်ကိုရုံ... ဘာကိစ္စရှိလို့လဲ"

"ညီအစ်ကိုလုံ... ကျွန်တော့်ကို မိုးခေါ်အတတ်နဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးစေချင်လို့ပါ"

ရုံရွှယ်ကျန့်က အနည်းငယ် အားနာဟန်ဖြင့် ပြောလိုက်သည်။

"ဒါက ကိစ္စအသေးအမွှားလေးပါ အားမနာဘဲ မေးနိုင်ပါတယ်"

လုံယီက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ဒီနေ့ ကျွန်တော် မိုးခေါ်အတတ်ကို အသက်သွင်းတဲ့အခါ ဝိညာဉ်စွမ်းအား စီးဆင်းမှုမှာ အနည်းငယ် ပိတ်ဆို့နေသလို ခံစားရတယ်။ အဲ့ဒါကြောင့် အောင်မြင်အောင် မလုပ်နိုင်တာလားလို့..."

ရုံရွှယ်ကျန့်က သူ၏ သံသယကို အလေးအနက် တင်ပြလာသည်။

"ညီအစ်ကိုရုံ... နောက်တစ်ခေါက်လောက် ပြန်လုပ်ပြပါလား"

လုံယီက အကြံပြုလိုက်သည်။

ထိုနေရာမှာပင် သူတို့နှစ်ဦးသည် မှော်အတတ်ဆိုင်ရာ နည်းစနစ်များကို စတင်နှီးနှောကြတော့သည်။ လုံယီ၏ စိတ်ထဲတွင် မိုးခေါ်အတတ်နှင့် ပတ်သက်သော အတွေ့အကြုံများစွာ ရှိနေသဖြင့် ရုံရွှယ်ကျန့်၏ အားနည်းချက်များကို လွယ်ကူစွာ ထောက်ပြနိုင်ခဲ့သည်။

ပထမအချက်မှာ မိုးဂါထာနှင့် လက်ဟန်များမှာ လုံလောက်စွာ မကျွမ်းကျင်သေးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ဝိညာဉ်စွမ်းအား ထုတ်လွှတ်မှုမှာ နှေးကွေးလွန်းနေခြင်းပင်။

အခန်း။ ၂၈၆

ခဏမျှ ဆွေးနွေးနှီးနှောပြီးနောက် ရုံရွှယ်ကျန့်သည် သူ၏နဖူးကို ရုတ်တရက် လက်ဝါးဖြင့် ရိုက်လိုက်ရင်း "ကျွန်တော် နားလည်သွားပြီ ကျေးဇူးတင်ပါတယ် ညီအစ်ကိုလုံ" ဟု ပြောကာ တစ်စုံတစ်ခုကို လက်တွေ့စမ်းသပ်ရန် အလောတကြီး လှည့်ထွက်သွားတော့သည်။

"ပါရမီရှင်တွေရဲ့ ကမ္ဘာကိုတော့ ငါလည်း နားမလည်နိုင်တော့ဘူး"

လုံယီက ရေရွတ်လိုက်မိသည်။

ရုံရွှယ်ကျန့်သည် သူ့ကဲ့သို့ အဖြတ်လမ်းမှ လိုက်သူမဟုတ်ပေ။ သူသည် သူ့ဘာသာ လေ့လာအားထုတ်ရုံမျှဖြင့် မိုးခေါ်အတတ်ကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်ခြင်းမှာ တကယ့်ကို အံ့မခန်းဖွယ် ထိုးထွင်းသိမြင်မှုပင်။

တပည့်တောင်ထိပ်သို့ ပြန်ရောက်သောအခါ တောင်ခါးပန်းရှိ လိုဏ်ဂူအိမ်အဝင်ဝတွင် ရင်းနှီးသော ပုံရိပ်တစ်ခုက စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပင် ဖြစ်သော်လည်း မျက်နှာမှာ ဖြူဖျော့ကာ မျက်လုံးများမှာ အရောင်အဝါကင်းမဲ့လျက် စိတ်ဓာတ်ကျနေပုံရသည်။ သူကား လုံယီနှင့်အတူ တောင်ပေါ်သို့ တက်လာခဲ့သည့် စူးယွီပင်။

လုံယီကို မြင်လိုက်သည်နှင့် စူးယွီ၏ မျက်လုံးများ ဝင်းလက်သွားသည်။

"ညီအစ်ကိုလုံ"

"ဘာကိစ္စရှိလို့လဲ"

လုံယီက မေးလိုက်သည်။

တစ်ဖက်လူသည် အရေးမကြီးပါက သူ့ထံသို့ လာမည်မဟုတ်ဘဲ အကူအညီတစ်ခုခု တောင်းခံရန်ရှိကြောင်း သူ ရိပ်မိပြီးသားဖြစ်သည်။ စူးယွီသည် စကားစရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ဘာပြောရမှန်းမသိဘဲ ဝေခွဲမရဖြစ်နေပုံရသည်။

"ဟို... ညီအစ်ကိုလုံ ဒီလိုပါ... မင်းပေးခဲ့တဲ့ စိတ်သန့်စင်ဆေးနဲ့ မြူစင်ဆေးတွေကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းက ချီကို ခံစားသိရှိနိုင်ဖို့ အတော်လေး တိုးတက်လာခဲ့တယ်... ဒါပေမဲ့ မနေ့ကပဲ ဆေးတွေက ကုန်သွားတယ်ဗျာ။ အဲ့ဒီ အရေးကြီးတဲ့အချိန်ကျမှ ဆေးကုန်သွားတာဆိုတော့ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ"

"ငါ့မှာ အပိုဆေးတွေ မရှိတော့ဘူး ရှိသမျှ မင်းကို အကုန်ပေးလိုက်ပြီပဲ"

လုံယီက ပြောလိုက်သည်။

"အဲဒါကိုတော့ ငါသိပါတယ် ညီအစ်ကိုလုံက တကယ့်ကို သဘောထားကြီးတဲ့သူပါ"

စူးယွီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဆက်ပြောသည်။

"ချီကို ခံစားသိရှိနိုင်ဖို့ဆိုတာ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်တယ်လေ။ တောင်အောက်ခြေက ဝိညာဉ်စွမ်းအားတွေက အရမ်းအားနည်းတော့ ငါ့ရဲ့တိုးတက်မှုကို အများကြီး နှောင့်နှေးစေတယ်။

ညီအစ်ကိုလုံကလည်း ချီသန့်စင်ခြင်းကို စတင်နေပြီဆိုတော့ ဘယ်နေရာမှာ နေနေ အရေးမကြီးတော့ဘူးမဟုတ်လား။ ငါ့ကို တောင်ခါးပန်းက မင်းရဲ့နေရာမှာ ရက်အနည်းငယ်လောက် ပေးနေပါလား။ ငါ ချီကို ခံစားသိရှိနိုင်တာနဲ့ အဲ့ဒီနေရာကို ချက်ချင်း ပြန်ပေးပါ့မယ်"

“မင်းကို ငါ့နေရာ ပေးလိုက်ရင် ငါက ဘယ်မှာ သွားနေရမှာလဲ”

လုံယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါ့နေရာမှာ သွားနေလေ”

စူးယွီက လက်ဝါးချင်း ပွတ်သပ်ရင်း ပြုံးလျက် ဖြေသည်။ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။

လုံယီသည် တစ်ချက်ကြည့်ရုံနှင့်ပင် တစ်ဖက်လူ၏ အကြံကို ရိပ်မိလိုက်သည်။ စူးယွီသည် ချီကို ခံစားသိရှိနိုင်သွားလျှင်ပင် ဤလိုဏ်ဂူကို ပြန်ပေးမည်မဟုတ်ဘဲ အပြီးအပိုင် သိမ်းပိုက်ရန် ကြံစည်နေခြင်းပင်။

ဒါတင်မကသေးဘူး... တကယ်လို့ သူက ပြန်ပေးချင်တယ်ဆိုရင်တောင် ဒီလို ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေတဲ့နေရာကို စွန့်လွှတ်ပြီး ဘာမှမရှိတဲ့အပြင် ပိုးမွှားတွေပဲ ထူထပ်နေတဲ့ တောင်ခြေကနေရာကို ဘာလို့ သွားရမှာလဲ။

သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထိုမျှအထိ ရင်းနှီးသည်မဟုတ်ပေ။

ပြီးခဲ့သည့်အကြိမ်က လုံယီအနေဖြင့် သူအသုံးမပြုတော့သော ဆေးလုံးအားလုံးကို ပေးခဲ့ခြင်းမှာပင် အတော်လေး ရက်ရောလွန်းလှပြီ ဖြစ်သည်။

“စိတ်မရှိပါနဲ့ ဒီလိုဏ်ဂူက ညီမလေးယို့က ငါ့အတွက် ရှာပေးထားတာ။ ငါ့မှာ ဒါကို စီမံပိုင်ခွင့်မရှိဘူး” လုံယီက ခေါင်းခါကာ ငြင်းဆို လိုက်သည်။

“မင်း တကယ်နေချင်ရင် ညီမလေးယို့ကို သွားမေးကြည့်ပါ။ ဒါမှမဟုတ် မင်းမှာ အရည်အချင်းရှိရင် ကိုယ့်ဘာသာကိုယ် တစ်နေရာ ရှာယူပေါ့”

ဤစကားကို ကြားလိုက်ရသောအခါ စူးယွီ၏ မျက်လုံးများမှာ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤမျှ ရိုးရှင်းသော အကူအညီလေးကိုပင် တစ်ဖက်လူက မကူညီချင်ဘူးဟု သူ ထင်မှတ်မထားပုံရသည်။

“ညီအစ်ကိုလုံ... သုံးလပြည့်ဖို့ တစ်လပဲ ကျန်တော့တာလေ။ အဲ့ဒီအချိန်အထိ ငါ ချီကို ခံစားမသိရှိနိုင်သေးရင် အထုပ်အပိုးပြင်ပြီး အိမ်ပြန်ရတော့မှာ။ ငါ့ကို ဒီလောက်အထိ သနားစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ တွေ့ချင်လို့လား”

စူးယွီက ပြာပြာသလဲ ပြောလာသည်။

“ငါက မင်းရဲ့ လိုဏ်ဂူကို ယူပြီး ပြန်မပေးတော့မှာ မဟုတ်ပါဘူး။ ခဏတဖြုတ် အလဲအလှယ်

လုပ်ရုံတင်ပါ။ မင်းဘက်က နည်းနည်းလေး အရှုံးခံပြီး ငါ့ကို ကူညီပေးပါလား ဟင်”

“မရဘူး”

“လုံယီ... မင်း”

စူးယွီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ ပေါ်လာသည်

“ဘာပဲဖြစ်ဖြစ် ငါတို့က တစ်နေရာတည်းက လာကြတာလေ။ မင်းက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ငါ့ရဲ့ မသေမျိုးကျင့်ကြံခြင်း ရည်မှန်းချက်ကြီး အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာ။ ငါ့အတွက် မင်းရဲ့...”

စကားမဆုံးခင်မှာပင် လုံယီသည် လှည့်ထွက်ကာ လိုဏ်ဂူထဲသို့ လျှောက်သွားတော့သည်။ တစ်ဖက်လူ၏ အဓိပ္ပာယ်မရှိသော စကားများကို သူ ဆက်လက်နားမထောင်လိုတော့ပေ။ စူးယွီသည် လုံယီကို တားဆီးရန် နောက်က လိုက်လာခဲ့သည်။

ဒုန်း... ဒုန်း... ဒုန်း

ဖြူဖျော့သော အသားအရေရှိပြီး အရပ်ရှည်သည့် လုံအာသည် လိုဏ်ဂူအဝင်ဝမှ အလျင်အမြန် ထွက်ပေါ်လာပြီး စူးယွီ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ ပယင်းရောင်နှင့် သွေးနီရောင် ရောယှက်နေသော မျက်ဝန်းအစုံဖြင့် မည်သည့်ခံစားချက်မျှမပါဘဲ တစ်ဖက်လူကို စိုက်ကြည့်နေတော့သည်။

စူးယွီသည် လူသားနှင့်မတူတော့သည်မှာ ထင်ရှားလှသော လုံအာကို ကြည့်ကာ နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာသည်။ ဤအချိန်ရောက်မှသာ လုံယီနှင့် သူသည် ကမ္ဘာနှစ်ခုမှ လူသားများ ဖြစ်သွားပြီဆိုသည်ကို သူ သဘောပေါက်သွားတော့သည်။

“တောက်... မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ်၊ နောက်တစ်ဖက်မှာ အနှစ်သုံးဆယ်ပဲ... မင်း စောင့်နေလိုက်”

စူးယွီသည် မကျေမနပ်ဖြစ်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သော်လည်း သူ၏ လေသံထဲတွင် မုန်းတီးမှုများမှာ အထင်းသားပင်။

သူဖြစ်ချင်သလို ဖြစ်မလာနိုင်တော့မှန်း သိသွားသဖြင့် တောင်ခြေသို့သာ ပြန်သွားရတော့သည်။ ထိုသူ၏ ကျောပြင်ကို ကြည့်ရင်း လုံယီသည် ညဘက်တွင် သူ့ကို ဒုက္ခပေးရမလားဟု စဉ်းစားနေမိသည်။

စူးယွီ၏ အသံမှာ တိုးလှသော်လည်း လုံယီ၏ ထူးကဲသော အကြားအာရုံမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ အတိုင်းသား ကြားလိုက်ရသည်။ သူသည် တစ်နေ့တွင် လယ်သမားနှင့် မြွေပုံပြင်ထဲကလို အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထားလိုက်ပါတော့... ဒါက မထိုက်တန်ဘူး။

ဂိုဏ်း၏ စည်းကမ်းချက်အရ တပည့်အချင်းချင်း အကျိုးမဲ့အောင် မပြုလုပ်ရဘဲ ချိုးဖောက်ပါက ဂိုဏ်းမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။ စူးယွီကို ဒုက္ခပေးလျှင် ဂိုဏ်းမှ ပညာရှင်များ သိသွားမလားဆိုသည်ကို လုံယီ မသေချာပေ။ ထို့ကြောင့် သူသည် ထိုအတွေးကို လက်လွှတ်လိုက်သည်။

“အဲ့ဒီလူက စိတ်ဓာတ်မကောင်းဘူး”

ယို့ချင်းယီသည် လုံယီ၏ ဘေးသို့ ရောက်လာပြီး မှတ်ချက်ပေးလိုက်သည်။

သူမ၏ လိုဏ်ဂူမှာ လုံယီ၏ ဘေးနားမှာပင် ရှိသဖြင့် ဖြစ်ပျက်သမျှကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ယို့ချင်းယီ၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခုသည် ထောက်... ထောက်ဟု အသံမြည်ကာ ထော့နဲ့ထော့နဲ့ဖြင့် လိုက်ပါလာသည်။

ဆံပင်နှင့် မုတ်ဆိတ်မပါဘဲ မျက်ခုံးနှစ်ခုကို ရေးဆွဲထားကာ မျက်လုံးများကို တင်းတင်းစိထားပြီး အရေပြားမှာ ဖြူဖျော့နေသည်။ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်မှာ အနည်းငယ် မို့မောက်နေသော ထိုအရာမှာ သူမ၏ အမျိုးသမီးအလောင်းပင်။

“မင်းရဲ့ မွေးရာပါ ဝိညာဉ်အလောင်းက လမ်းလျှောက်အလောင်းအဆင့်ကို ရောက်သွားပြီလား”

လုံယီက အံ့သြတကြီး မေးလိုက်သည်။

တပည့်သစ်များကို အစပိုင်းတွင် မလှုပ်ရှားနိုင်သော ကိုယ့်၏ သခင်ကသာ သယ်ယူပို့ဆောင်ပေးရသော မြက်ခြောက်အလောင်းများကိုသာ ခွဲဝေပေးထားခြင်း ဖြစ်သည်။

မြက်ခြောက်အလောင်းအဆင့်ပြီးနောက် အလောင်းထိန်းချုပ်သူ၏ ညွှန်ကြားမှုအောက်တွင် လမ်းလျှောက်နိုင်သော အဆင့်ကို လမ်းလျှောက်အလောင်းဟု ခေါ်ကြသည်။

အကယ်၍ လမ်းလျှောက်အလောင်းသည် ရိုးရှင်းသော အသိဉာဏ်များ ဖွံ့ဖြိုးလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားလာနိုင်ပါက ဝိညာဉ်အလောင်းဖြစ်လာတော့သည်။ ထို့နောက်တွင်မူ သံအလောင်း၊ ကြေးအလောင်း၊ ငွေအလောင်း စသည်ဖြင့် အဆင့်ဆင့် ကွဲပြားသော အသွင်ပြောင်းလဲမှုများ ရှိကြသည်။

ယို့ချင်းယီ ပထမဆုံးရတဲ့ အလောင်းက မြက်ခြောက်အလောင်း အဆင့်ပဲ ရှိတာလေ။ ဒါပေမဲ့ ရက်နည်းနည်းလေးအတွင်းမှာတင် လမ်းလျှောက်အလောင်းအဆင့်အထိ ရောက်သွားလိမ့်

မယ်လို့ ဘယ်သူက ထင်မှာလဲ။

“ညီအစ်ကိုလုံနဲ့ မတူတာကတော့ ကျွန်မရဲ့ မွေးရာပါ ဝိညာဉ်အလောင်းက အစကတည်းက ဝိညာဉ်အလောင်းအဆင့်ပါပဲ”

ယို့ချင်းယီက အေးစက်စွာ ပြန်လည်ဖြေကြားသည်။

“ပြီးခဲ့တဲ့အကြိမ်က ညီမလေးယို့က ကျွန်တော့်အတွက် ဝိညာဉ်ဆင့်ကဲပန်းရှာပေးခဲ့တာကို အခုထိ သေသေချာချာ ကျေးဇူးမတင်ရသေးဘူး...”

“ညီအစ်ကိုလုံက ကျွန်မအသက်ကို ကယ်ခဲ့တာပဲ။ ဒါက ကျွန်မရဲ့ တာဝန်ပါ”

လုံယီ စကားမဆုံးခင်မှာပင် ယို့ချင်းယီက ဤစကားကို ဖြတ်ပြောကာ သူမ၏ နေရာသို့ ပြန်သွားတော့သည်။ သူမသည် လုံယီနှင့် ဆက်လက်စကားပြောရမည်ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးသွားသည့်အလားပင်။

“ငါက အဲ့လောက်တောင် ရှက်ဖို့ကောင်းနေလို့လား”

လုံယီမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

သူသည် တောင်ထိပ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး လိုဏ်ဂူပြောင်းရန် စိတ်ကူးမိသွားသည်။ အမှန်အတိုင်းပြောရလျှင် တောင်ပေါ်ရှိ လိုဏ်ဂူအားလုံးမှာ ဂိုဏ်း၏ ပိုင်ဆိုင်မှုများသာ ဖြစ်သည်။ အစောပိုင်းကမူ ထိုမြက်ဝါးနေသော လူငယ်က လိုဏ်ဂူများကို လက်ဝါးကြီးအုပ်ထားသဖြင့် စိတ်ကြိုက်မနေနိုင်ခဲ့ပေ။

တောင်ထိပ်နှင့် နီးကပ်လေလေ ဝိညာဉ်စွမ်းအားများ ပိုမိုကြွယ်ဝလေလေ ဖြစ်သည်။ သူ၏ ဝိညာဉ်အမြစ်ကန့်သတ်ချက်ကြောင့် တောင်ထိပ်တွင် နေထိုင်ခြင်းက သူ၏ကျင့်ကြံမှုကို သိသိသာသာ မြန်ဆန်စေမည်မဟုတ်သော်လည်း ကျင့်ကြံရမည့်အချိန်ကို လျှော့ချပေးနိုင်သဖြင့် စွမ်းအင်မှတ်စုဆောင်းရန် အချိန်ပိုထွက်လာမည်ဖြစ်သည်။

နောက်ရက်အနည်းငယ်နေရင် လိုဏ်ဂူပြောင်းရမယ်ဟု လုံယီ တွေးလိုက်သည်။

သူသည် ယနေ့ အကြီးအကဲဟယ် ပေးလိုက်သော ဆေးပုလင်းကို ထုတ်ယူကာ သစ်သားဆို့ကို ဖွင့်ပြီး အဖြူရောင်ဆေးလုံးလေးတစ်လုံးကို လောင်းချလိုက်သည်။ ဆေးလုံးမှ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်နေပြီး လုံယီသည် ၎င်းကို ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်ရာ သူ၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။

ချီစုပ်ယူဆေးပြားသည် သန့်စင်သော ဝိညာဉ်စွမ်းအား အမြောက်အမြားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။ ထူးကဲယင်ကျင့်စဉ်လည်ပတ်မှုက သူ၏ ခန္ဓာကိုယ်အတွင်း မဖွံ့ဖြိုးသေးသော ယင်သွေးကြောအစိတ်အပိုင်းအချို့ကို ပွင့်သွားစေရန် ကူညီပေးခဲ့သည်။

ကျင့်ကြံသူ၏ နယ်ပယ်မှာလည်း ပြောင်းလဲသွားခဲ့သည်။

[ချီသန့်စင်ခြင်း အဆင့် ၀ (၂၆/၆၀၀) → ချီသန့်စင်ခြင်း အဆင့် ၀ (၂၈/၆၀၀)]

ဆေးတစ်လုံးက နှစ်ရက်စာ အပြင်းအထန် ကျင့်ကြံတာနဲ့ ညီမျှတာပဲ။

လုံယီသည် ဂိုဏ်းတူတပည့်များ၏ ရှင်းပြချက်ကို မတွေးဘဲ မနေနိုင်တော့ပေ။

All Chapters