လုပ်ငန်းပြီးမြောက်ခြင်း
Vol. 21 Ch. 284
ဘုန်း
ချီစွမ်းအင်လှည့်ပတ်သည့် လမ်းကြောင်းများ ပိတ်ဆို့ခံရပြီးသည့်နောက်တွင် မီးလျှံနဂါးသည် မြေပြင်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာလေသည်။ ကြီးမားလှသည့် အားကြောင့် ယင်းပြုတ်ကျရာနေရာတွင် ဧရာမချိုင့်တွင်းတစ်ခု ဖြစ်ပေါ်လာသည်။
“မင်း ခုနကတုန်းက အရှင်မင်းကြီးဆိုပြီးတော့ ပြောခဲ့တယ်။ အဲဒါ ထာဝရမိစ္ဆာကို ဆိုလိုတာလား။”
အန်လင်းသည် မိစ္ဆာနဂါး၏ လည်ပင်းပေါ်တွင် မတ်တတ်ရပ်နေလေသည်။ သူ၏ မိစ္ဆာရှင်းဓားမှာလည်း ယင်း၏မေးအောက်တွင် ရှိနေပြီး အလွန်အထက်စီးဆန်စွာဖြင့် အမိန့်ပေးသည့်ဟန်ဖြင့် ဆိုနေခြင်းဖြစ်သည်။
မိစ္ဆာနဂါးသည် အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ “ငါ့ဆီကနေ ဘာတစ်ခုမှ သိရမယ်လို့ ထင်မနေနဲ့။”
“အဲလိုလား။ ဒါဆိုလည်း သေပေါ့ကွာ။” အန်လင်း၏ မိစ္ဆာရှင်းဓားမှ ခြယ်လှယ်နိုင်စွမ်းရှိသည့် အနက်ရောင်အလင်းများ တောက်ပစွာ ထွက်ပေါ်လာသည်။
“အားးးး မသတ်ပါနဲ့။ ပြောပြပါ့မယ်။ ဟုတ်ပြီလား။ အရှင်မင်းကြီးဆိုတာ မွန်မြတ်မိစ္ဆာကျွန်းရဲ့ ထာဝရမိစ္ဆာကိုပြောတာ ဟုတ်ပါတယ်။” မိစ္ဆာနဂါးသည် ယင်း၏လည်ပင်းအား ပြန်ဆွဲယူလိုက်သည်။ သူ၏အနောက်မှ သတ်ဖြတ်လိုစိတ်ဆန္ဒများအား ရှင်းလင်းစွာ ခံစားမိနေသည်။
များပြားလှစွာသော မိစ္ဆာအင်ပါယာများ အကြားတွင် ဤနဂါးသည် မည်သည်ကြောင့် အမြန်ဆန်ဆုံး ဖြစ်နေရသနည်း။ အကြောင်းမှာ ထွက်ပြေးခြင်းသည် ယင်း၏အသက်အား ကယ်ဆယ်ပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုနဂါး အမြန်ဆုံး ဖြစ်ရခြင်းမှာ သတ္တိအနည်းဆုံးနှင့် သေခြင်းတရားအား အကြောက်ဆုံး ဖြစ်သည့်အတွက်ကြောင့်ပင်။
“အဲဒီတော့ ပုလဲလေးတွေကို ဖမ်းရတာက ထာဝရမိစ္ဆာကို ပြန်အသက်သွင်းဖို့အတွက်ပေါ့ ဟုတ်လား။ အဲတော့ မွန်မြတ်မိစ္ဆာကျွန်းရဲ့ တည်နေရာကို မင်းသိရမယ်။ ဟုတ်တယ် ဟုတ်။ ငါ့ရဲ့ ကျေးကျွန်အဖြစ် ချုပ်ဆိုလိုက်ပြီး အဲဒီနေရာကို ခေါ်သွားပေးစမ်း။”
မိစ္ဆာနဂါး တိတ်ဆိတ်စွာဖြင့် ရှိနေသည်။
အန်လင်း၏ဓားမှ အနက်ရောင်အလင်းများ တောက်ပစွာ ထွက်ပေါ်လာပြန်သည်။ “အဲဒါက မင်းရဲ့အဖြေပေါ့။ ဒါဆိုလည်း တာ့တာပေါ့ကွာ။”
“အားးးးးးးးးး မသတ်ပါနဲ့။ ကောင်းပါပြီ။ ကျေးကျွန်အဖြစ် ချုပ်ဆိုပါ့မယ်။” မိစ္ဆာနဂါးသည် ယင်း၏ခန္ဓာကိုယ်အား ပြန်ကျုံ့လိုက်သည်။ ထိုသို့ပြောရင်း ယင်း၏မျက်နှာတွင် ရှက်ရွံ့မှုတို့ ထင်ဟပ်နေကာ အံတင်းတင်းကြိတ်ထားလေသည်။
အန်လင်း ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်ချောင်းထိပ်တွင် သွေးစက်တစ်စက် ပေါ်ထွက်လာသည်။ လက်သင်္ကေတများစွာ ပြုလုပ်လိုက်ပြီးနောက် အစီအရင်တစ်ခုလည်း ရေးဆွဲလိုက်သည်။ အဆုံးတွင် သူ၏ သွေးအဆီအနှစ်အား မိစ္ဆာနဂါး၏ ဦးခေါင်းပေါ်သို့ ကျဆင်းစေပြီး စိမ့်ဝင်သွားစေသည်။ “မငြင်းဆန်နဲ့။”
ကျေးကျွန်အဖြစ် ချုပ်ဆိုခြင်းသည် သားရဲအဖြစ် ချုပ်ဆိုခြင်းနှင့် ကွဲပြားလေသည်။ ကျေးကျွန်အဖြစ် ချုပ်ဆိုလိုက်မည် ဆိုလျှင် သခင်ဖြစ်သူ အန်လင်းသည် သူ၏ ကျေးကျွန်အား ဖိအားပေးကာ စေခိုင်းနိုင်သည်။ ကျေးကျွန်သည် သခင်ဖြစ်သူ၏ မည်သည့်တောင်းဆိုချက်ကိုမဆို ငြင်းဆန်ခွင့် မရှိချေ။ သို့တည်းမဟုတ်လျှင် သခင်ဖြစ်သူသည် ချုပ်ဆိုခြင်းစွမ်းအားကို အသုံးပြုကာ အစေခံအား တိုက်ရိုက်သတ်ဖြတ်နိုင်သည်။ ထို့ကြောင့် ကျေးကျွန်အဖြစ် ချုပ်ဆိုခြင်းမှာ လွန်စွာမမျှတချေ။ အသက်ရှင်သန်လိုလျှင် မိစ္ဆာနဂါးသည် မည်သို့ဆိုစေ ကျေးကျွန်အဖြစ် ချုပ်ဆိုရပေမည် ဖြစ်သည်။
မမြင်နိုင်သည့် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို အာရုံခံမိပြီး မိစ္ဆာနဂါး၏ သေခြင်းနှင့်ရှင်ခြင်းအား ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ခံစားမိပြီးသည့်နောက်တွင် အန်လင်းသည် ကျေနပ်ပီတိဖြစ်စွာဖြင့် မိစ္ဆာနဂါး၏ လည်ပင်းပေါ်သို့ ခုန်တက်လိုက်သည်။ ယင်း၏ဦးခေါင်းအား ပုတ်လိုက်ပြီးနောက် “ငါ့နောက်ကို လိုက်မယ်ဆိုရင် အသားကောင်းကောင်း စားရလိမ့်မယ်ကွ။”
မိစ္ဆာနဂါး : “…”
ထိုအချိန်မှာပင် တပိုင်နှင့် ရှောင်ချိုးတို့သည်လည်း အလျင်စလို ပြေးလာကြသည်။ အန်ကောနှင့် မိစ္ဆာနဂါးတို့ အရှင်သခင်နှင့် ကျေးကျွန်အဖြစ် ချုပ်ဆိုထားပြီး ဖြစ်သည်ကို မြင်တွေ့လိုက်သည့်အခါ အကြီးအကျယ် အံ့အားသင့်သွားကြလေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့် ကျေးကျွန်တစ်ဦး ရှိနေခြင်းမှာ မည်မျှလောက် အထင်ကြီးလောက်ဖွယ်ရာ ဖြစ်သည်ကို ပြောပြရန်ပင် မလိုချေ။
“နဂါးလေးရေ.. အခုကစပြီး ကောကို ပိုင်ကောလို့ ခေါ်နော်။ ဝုတ်” တပိုင်သည် မိစ္ဆာနဂါးအား တည်ကြည်စွာဖြင့် ပြောလေသည်။
မိစ္ဆာနဂါး ရှုံ့မဲ့သွားလေသည်။ လခွမ်းဟေ့ အဆင့်အတန်းမြင့် နဂါးတစ်ကောင်က ခွေးတွေရဲ့ အနိုင်ကျင့်တာ ခံနေရပြီလား။
အန်လင်းမှာ အဓိပ္ပါယ်မရှိသည့် အရာများ ပြောဆိုကာဖြင့် အချိန်မဖြုန်းလို။ မိစ္ဆာနဂါးအား သိုလှောင်ပုတီးစေ့အတွင်းရှိ ပုလဲလုံးလေးများအား လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။ ထို့နောက်တွင် သိုလှောင်ပုတီးစေ့အား သိမ်းယူလိုက်ပြီးနောက် မိစ္ဆာနဂါးအား မွန်မြတ်မိစ္ဆာကျွန်း ရှိရာသို့ လမ်းပြစေသည်။
…
အဖြူရောင်မြူခိုးများ ထူထပ်စွာ လွှမ်းခြုံထားသည့် ပင်လယ်တစ်နေရာတွင် အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာ ဖြစ်သည့် မိစ္ဆာလိပ်ပြာနှင့် မိစ္ဆာဝက်ဝံဖြူတို့သည် ကျွန်းတစ်ကျွန်း၏ ဗဟိုချက်မတွင် မတ်တတ်ရပ်ကာဖြင့် ရှိကြသည်။ သူတို့သည် မီးလျှံနဂါး ပြန်လည်ရောက်ရှိလာမည်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။
“မီးလျှံနဂါး အောင်မြင်လိမ့်မယ်လို့ မင်းထင်လား။” မိစ္ဆာဝက်ဝံဖြူမှ မသက်မသာဖြစ်စွာ မေးလေသည်။
“ဟွန့်.. ဒါက အင်ပါယာအဆင့်ရှိတဲ့ ပင်လယ်မိစ္ဆာလေ။” မိစ္ဆာလိပ်ပြာ အေးစက်စွာ ဆိုလေသည်။ “ပုလဲ ၁၀၀၀၀ လောက်တောင် မဖမ်းနိုင်ဘူး ဆိုရင်လည်း လုံးဝကို မျက်နှာပျက်စရာ ဖြစ်လိမ့်မယ်။”
မိစ္ဆာဝက်ဝံဖြူ ခေါင်းကုတ်လိုက်သည်။ “ဒါပေမဲ့လည်း မင်းတို့ မအောင်မြင်ခဲ့ဘူးလေ။ အဲတုန်းက မိစ္ဆာအင်ပါယာ ၅ ဦးတောင်လေ။”
မိစ္ဆာလိပ်ပြာ : “အဲတုန်းက အတော်လေး ကံဆိုးနေလို့ပါဆို။”
“မီးလျှံနဂါးလည်း အဲလို ကြောက်ဖို့ကောင်းတဲ့ ကံတရားနဲ့ ကြုံရလိမ့်မယ်လို့ မင်းထင်လား။” မိစ္ဆာဝက်ဝံဖြူမှာ အတော်လေး စိုးရိမ်မိနေဆဲဖြစ်သည်။
မိစ္ဆာလိပ်ပြာ : “မင့်သောက်ပေါက်ကို ပိတ်ထားလိုက်စမ်း။”
ထို့နောက်တွင် အလွန်ရင်းနှီးသည့် အော်ရာတစ်ခုကို အာရုံခံမိလိုက်သည်။
မိစ္ဆာလိပ်ပြာ ပြုံးလိုက်သည်။ “တွေ့လား.. မီးလျှံနဂါးက လုံလုံခြုံခြုံပဲ ပြန်ရောက်လာပြီ။”
မိစ္ဆာဝက်ဝံဖြူ မော့ကြည့်လိုက်သည်။ အဖြူရောင်မြူခိုးထု အလယ်မှ ဧရာမပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
မိစ္ဆာနဂါးအား နှုတ်ဆက်ရန် ရည်ရွယ်စည်မှာပင် အံ့အားသင့်မှုကြောင့် အေးခဲသွားလေသည်။ နဂါး၏ ကျောပေါ်ရှိ ပုံရိပ်များအား ကြည့်လိုက်သည်။ “ဒါက.. မီးလျှံနဂါးရဲ့ ကျောပေါ်မှာ တခြားသူတွေလည်း ရှိနေပုံပဲနော်။”
“ဟမ်..” မိစ္ဆာလိပ်ပြာ ခေါင်းမော့ကာဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ “ငလူးဟေ့.. ဟိုကောင်တွေဟ”
မိစ္ဆာဝက်ဝံဖြူ တုန်လှုပ်သွားသည်။ “ဘာတွေပြောနေတာလဲ။ သူတို့က ဘယ်သူတွေလဲ။”
ဝက်ဝံသည် မိစ္ဆာလိပ်ပြာအား လှည့်ကြည့်လိုက်သည်။ သို့သော်လည်း အဝေးသို့ ရောက်ရှိနေပြီးဖြစ်သည့် ထိုလိပ်ပြာ၏ နောက်ကျောကိုသာလျှင် မြင်တွေ့လိုက်ရသည်။
မိစ္ဆာဝက်ဝံဖြူ : “သောက်ကျိုးနည်းမှ စောင့်ပါဦးဟ။”
အင်ပါယာအဆင့်ရှိ ပင်လယ်မိစ္ဆာနှစ်ကောင် ထွက်ပြေးလေပြီ။
သို့သော်လည်း တောင်ပံခြောက်ခုနဂါးအင်ပါယာ၏ အမြန်နှုန်းအား ယှဉ်နိုင်စွမ်း မရှိကြချေ။ သူတို့နှစ်ဦးအား အချိန်တိုလေး အတွင်းမှာပင် ဖမ်းမိခဲ့သည်။
“မင်းက အရှင်မင်းကြီးရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ရန်သူဆီမှာ အညံ့ခံရဲတယ်ပေါ့ နဂါးအင်ပါယာ။” မိစ္ဆာလိပ်ပြာ အော်ဟစ်လိုက်သည်။ ယင်းမှာ မယုံကြည်နိုင်လောက်အောင် ဒေါသတကြီး ဖြစ်နေလေသည်။
“အရှက်မဲ့လိုက်တာ” မိစ္ဆာဝက်ဝံဖြူ ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။
သို့သော်လည်း သူတို့အား မီးတောက်မီးလျှံများမှ ဆီးကြိုနှုတ်ဆက်လေသည်။
ဝုန်း
ဝက်ဝံနှင့် လိပ်ပြာထံ ရဲရဲနီသည့် မီးတောက်များ ပန်းထွက်သွားသည်။
မိစ္ဆာဝက်ဝံဖြူသည် သူ၏လက်ဖဝါးများကို လွှဲယမ်းလိုက်သည်။ ကြီးမားများပြားလှသော စွမ်းအင်များသည် မီးတောက်များအား ပယ်ရှားပစ်လိုက်နိုင်သည်။
ထိုအချိန်တိုလေးအတွင်းမှာပင် ဂမ်ဒမ်နှစ်ရုပ်သည် မိစ္ဆာဝက်ဝံဖြူထံ ပြေးဝင်ကာဖြင့် စတင်တိုက်ခိုက်လေသည်။
မိစ္ဆာနဂါးမှာလည်း ရပ်တံ့ခြင်းမရှိဘဲ မိစ္ဆာလိပ်ပြာထံသို့ တဟုန်ထိုး ပျံသန်းသွားလေသည်။
မိစ္ဆာအင်ပါယာနှစ်ဦး နီးကပ်လာသည့်အခါ မိစ္ဆာနဂါး၊ ရှောင်ချိုးနှင့် တပိုင်တို့အားလုံး မိစ္ဆာလိပ်ပြာအား စတင် တိုက်ခိုက်ကြသည်။
ရှောင်ချိုးတို့ ဝိုင်းထားစဉ် အန်လင်းသည် ယင်းအား အခွင့်အရေးအဖြစ် အသုံးချကာ သူ၏ ကျားအရိပ်အား အသုံးပြု၍ မိစ္ဆာလိပ်ပြာအား နှစ်ပိုင်း ပိုင်းဖြတ်လိုက်လေသည်။
အန်လင်း၏ ဓားစွမ်းရည်အား မြင်တွေ့ပြီးသည့်နောက်တွင် မိစ္ဆာနဂါး၏မျက်လုံးများ ပြူးထွက်လာသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင်မှ အသိပြန်ကပ်လေသည်။ အာ့ကြောင့် မိစ္ဆာလိပ်ပြာက ကြောက်လန့်နေတာကိုး။ ဒီကြောက်မက်ဖွယ်ခုတ်ချက်ကနေ လွတ်မြောက်အောင်တောင် မစွမ်းဆောင်နိုင်ခဲ့ဘူးပဲ။
တိုက်ပွဲသို့ ပြန်လာသည့်အခါတွင် မိစ္ဆာဝက်ဝံဖြူအား မြင်တွေ့လိုက်ရသည်။
ထိုအချိန်တွင် မိစ္ဆာဝက်ဝံဖြူမှာ ကင်ပြီးသားဘဝသို့ ပြောင်းလဲနှင့်ပြီး ဖြစ်သည်။ သို့သော်လည်း စားကောင်းမည့်ဟန်မရှိ။
အန်လင်းတို့သည် မိစ္ဆာဝက်ဝံဖြူအား စားသောက်ခြင်းမပြုကြချေ။ အန်လင်းသည် ဂမ်ဒမ်များကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် မွန်မြတ်မိစ္ဆာကျွန်းထံသို့ ဦးတည်လိုက်ကြသည်။
ကျွန်းတစ်ခုလုံးအား လွှမ်းခြုံထားလျက်ရှိသည့် စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံဝင်္ကပါမှာ အသက်ဝင်နေဆဲပင် ဖြစ်သည်။ ဤဆိုးဝါးကာ သွေးဆာလောင်နေသည့် ကျွန်းပေါ်တွင် အဖြူရောင် ပန်းသုံးပွင့်သည် သန့်စင်သည့် အလင်းရောင်များ တောက်ပလျက်နှင့် ပတ်ဝန်းကျင်လေထုအား သန့်စင်ပေးနေလေသည်။
“ဒါက နတ်ဆေးပင်ဖြူလား။ သုံးပွင့်တောင် ရှိနေမယ်လို့ ထင်မထားဘူး။ မင်းတို့စိုက်ထားတာလား။” အန်လင်း၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ ထင်ဟပ်လာသည်။
မိစ္ဆာနဂါး ရှုံ့မဲ့လာသည်။ “ဒါတွေက အရှင်မင်းကြီးကို ဆင့်ခေါ်ဖို့အတွက် ပြင်ဆင်ထားတာပါ။” စိတ်မချမ်းမြေ့စွာဖြင့် ဖြေလေသည်။ “ဒီ နတ်ဆေးပင်ဖြူ သုံးပွင့်ကို ပျိုးထောင်ဖို့အတွက် နှစ် ၃၀၀၀ အချိန်ယူခဲ့ရတယ်။”
“အိုးးး အဲလိုလား။ ဒါဆိုလည်း ဝမ်းမြောက်စွာ လက်ခံလိုက်ပါ့မယ်။” အန်လင်း အေးဆေးစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ထိုဆေးပင် အားလုံးအား ခူးယူကာ သူ၏ သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်သည်။
မိစ္ဆာနဂါး၏ ရင်ဘတ်ထဲ တင်းကြပ်လာလေသည်။ ကျုပ်တို့က အရှင်မင်းကြီးအတွက် ပြင်ဆင်ထားတာဗျ။ ခင်ဗျားအတွက်မဟုတ်ဘူး။ ဝမ်းမြောက်စွာ လက်ခံပါမယ်ဆိုတာကကော ဘာသောက်အဓိပ္ပါယ်လဲ။
“တခြားအဖိုးတန်တာလေးတွေကော မရှိဘူးလား။” အန်လင်း ရွှင်မြူးစွာဖြင့် မေးလိုက်သည်။
လိုအပ်သည့် ပစ္စည်းများအား စုဆောင်းပြီး ဖြစ်သည်ကြောင့် သူ့စိတ်ထဲရှိ ဝန်ထုပ်ကြီး လျော့ကျသွားသလို ခံစားနေမိသည်။
မိစ္ဆာနဂါး ခေါင်းယမ်းလိုက်သည်။ “ဘာမှမရှိတော့ပါဘူး။ ဒီမြေကြီးက စိတ်ဝိညာဉ်သစ်ပင်တွေအတွက် မသင့်တော်ဘူးလေ။”
အန်လင်း ခေါင်းညိတ်လိုက်သည်။ ကုန်းမြေတစ်ခွင် အဆက်မပြတ် လည့်ပတ်နေသည့် သွေးများကို ကြည့်ကာဖြင့် လေးတွဲစွာ သက်ပြင်းချလိုက်မိသည်။ “စတေးခံလိုက်ရတဲ့ အသက်ပေါင်း ၉၀၀၀၀ အတွက် စိတ်မကောင်းဖြစ်စရာပဲ။ သူတို့ရဲ့ သွေးတွေကို အညှာအတာမဲ့ စုပ်ထုတ်ခံနေရတာ။”
ရုတ်တရက်ဆိုသလို မိစ္ဆာနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်မှုများ လွှမ်းခြုံလာသည်။ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီးနောက် ညှိုးငယ်သည့်အသွင်ဖြင့် တိတ်ဆိတ်စွာ ရှိနေလေသည်။
“တင်းတောင်”
အန်လင်း၏ စိတ်ထဲတွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာလေသည်။
အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်လာမိသည်။ နောက်ဆုံးတော့ သောက်စနစ်က ဂြိုလ်ကြွလာပြီပဲ..။ ထို့နောက်တွင် တုံ့ဆိုင်းစွာဖြင့် စနစ်အား ဖွင့်ကြည့်လိုက်သည်။
“လက်ခံသူသည် မွန်မြတ်မိစ္ဆာကျွန်းပေါ်၌ ရောက်ရှိနေကြောင်း ထောက်လှမ်းမိပါသည်။ ထို့အတွက်ကြောင့် အထူးတာဝန်တစ်ခု ထမ်းဆောင်ရန် ပေးအပ်လိုက်သည်။”
“ထာဝရမိစ္ဆာအား သတ်ဖြတ်ကာ ထာဝရနှလုံးကို ဖြတ်ဆီးပစ်ရမည်။”
“အောင်မြင်ပါက မိုးကြိုးလျှပ်စီးအနှစ်သာရ ကျင့်ကြံခြင်းနည်းစနစ်၏ အဆင့် ၂ ကို ရရှိပါမည်။”
“ကျရှုံးပါက နတ်လျှပ်စီးဖြင့် နှစ်နာရီကြာ ပစ်ခတ်ခံရမည် ဖြစ်သည်။”
“မှတ်ချက်။ ။ ငြင်းပယ်ခွင့် မရှိ။”
***