သူ့နာမည် အန်လင်းတဲ့
Vol. 21 Ch. 285
စနစ်၏ အထူးတာဝန်အား မြင်တွေ့လိုက်ရသည့်အခါ အန်လင်း အလွန်ပျော်ရွှင်သွားမိသည်။
နတ်လျှပ်စီး ပစ်ခတ်ခံရမည်တဲ့လား။ လုံးဝမကြောက်ချေ။
ထို့အပြင် အောင်မြင်သွားမည်ဆိုလျှင် ဆုလာဘ်မှာ ကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည်။ ဤကဲ့သို့သော တာဝန်မျိုး ထမ်းဆောင်ရန် လွန်စွာဆန္ဒရှိလှသည်။
“ထာဝရမိစ္ဆာကို သတ်ရမယ်ပေါ့။ ဒါပေမဲ့ ရှန့်ယင်က ထာဝရမိစ္ဆာကို ဒီကျွန်းပေါ်မှာ လုံးဝ ချုပ်နှောင်ထားခဲ့တာ မဟုတ်ဘူးလား။”
“မင်းတို့က စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံဝင်္ကပါကို အောင်အောင်မြင်မြင် မခင်းကျင်းနိုင်ခဲ့ဘူးလေ။ အဲဒါတောင် ထာဝရမိစ္ဆာက ချုပ်နှောင်မှုတွေကို ချိုးဖြတ်နိုင်ဦးမှာလား။” အန်လင်း စူးစူးစမ်းစမ်း မေးလိုက်သည်။
စနစ်၏ သတ်မှတ်ချက်ကြောင့် အန်လင်း အတော်လေး နားမလည်နိုင်ဘဲ ရှိနေရသည်။ ထို့ကြောင့် မိစ္ဆာနဂါးထံသို့လှည့်ကာ မေးမြန်းရခြင်းဖြစ်သည်။
မိစ္ဆာနဂါး ခေါင်းညိတ်လိုက်သည်။ “ရှန့်ယင်ရဲ့ အစီအရင်တွေက အရမ်းကို အိုဟောင်းနေပြီလေ။ အခုဆိုရင် အတော်လေး အားနည်းပြီး ယိုယွင်းနေလောက်ပြီပေါ့။ ကျွန်တော်တို့ စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံ ဝင်္ကပါကို ခင်းကျင်းရတာက ထာဝရမိစ္ဆာ ပြန်လည်နိုးထတဲ့အခါမှာ ချောချောမွေ့မွေ့ဖြစ်ပြီး သူ့ရဲ့ခွန်အားတွေ လျင်လျင်မြန်မြန် ပြန်ပြည့်လာအောင်လို့လေ။ ဒီဝင်္ကပါ မရှိရင်တောင် ထာဝရမိစ္ဆာက ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအားတွေကို စုပ်ယူပြီး ယန်ကြယ်စင်တွေ ဖြောင့်တန်းသွားတဲ့ အချိန်ကျ အစီအရင်ကို ချိုးဖြတ်နိုင်မှာပဲ။”
“အခုအချိန်မှာ ကျွန်တော်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံ ဝင်္ကပါကို လုံးဝ ဖျက်ဆီးပစ်ဖို့ပဲ။ ဒီနည်းနဲ့ ထာဝရမိစ္ဆာ နိုးထလာတဲ့အချိန်ကျရင် စွမ်းအင်အရင်းအမြစ်ကို ဖြတ်တောက်ပစ်နိုင်မယ်။ အဲဒီအချိန်မှာ သူအရမ်းအားနည်းနေလိမ့်မယ်။ ကျွန်တော်တို့အနိုင်ယူဖို့အတွက် အကောင်းဆုံးအချိန်ပဲ။”
ယခုအခါတွင် မိစ္ဆာနဂါးမှာ အန်လင်းနှင့် တစ်လှေတည်း စီးနေရပြီ ဖြစ်သည့်အတွက် မည်သည့် အကြောင်းအရာကိုမျှ ဖုံးကွယ်မထားတော့ချေ။
“ထာဝရမိစ္ဆာကို ဘယ်မှာချုပ်ထားတာလဲ။” အန်လင်း စိတ်ဝင်တစား မေးလိုက်သည်။ “ချုပ်နှောင်ထားခံရတာကို အခွင့်ကောင်းယူပြီး တိုက်ရိုက်သတ်လိုက်လို့ မရဘူးလား။”
ရှန့်ယင်သည် ထာဝရမိစ္ဆာအား ခရမ်းရောင်တောင်အတွင်း၌ ချုပ်နှောင်ထားသည်ကို အမှတ်ရလိုက်သည်။ သို့သော်လည်း ထိုတောင်အား မည်သည့်နေရာတွင်မျှ မတွေ့ရချေ။
မိစ္ဆာနဂါး ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ “ထာဝရမိစ္ဆာနဲ့ ခရမ်းမြူတောင်က ကမ္ဘာမြေကြီးနဲ့ ပေါင်းစပ်သွားတာ အတော်လေးကြာခဲ့ပြီးလေ။ အခု ဒီကျွန်းလေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ။ အဲဒါက ယန်ကြယ်စင်တွေရဲ့ စွမ်းအားကို စုပ်ယူနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။”
အန်လင်း ကျွန်းအား လှည့်ပတ်ကြည့်လိုက်ပြီး မျက်ခုံးတွန့်သွားသည်။ “ထာဝရမိစ္ဆာကို မလွှတ်နိုင်ဘူးဆိုရင် ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူးပဲ။ အစီအရင်ကို သူကိုယ်တိုင် ချိုးဖြတ်ပြီး ထွက်လာမှ ငါတို့ သတ်နိုင်မှာပေါ့။”
“ယန်ကြယ်စင်တန်းညှိဖို့အတွက် ၃ ရက် လိုနေသေးတယ်။” မိစ္ဆာနဂါးမှ ဆိုသည်။
အန်လင်း ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ အဲဒါဆိုလည်း ဒီသုံးရက်အတွင်း ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ကြတာပေါ့။”
…
ထိုအခိုက်အတံ့မှာပင် အရှေ့ပင်လယ်၏ နက်ရှိုင်းလှသည့် အောက်ခြေ တစ်နေရာတွင် အလွန်စည်ပင်ဝပြောလှသည့် မြို့တစ်ခုရှိသည်။ ထိုမြို့သည် နေ့အချိန်အလား တောက်ပထိန်လင်းလျက် ရှိသည်။ အဆုံးမဲ့သည့် အမှောင်ထုအလယ်တွင် ထိန်ထိန်ညီးသည့် ပုလဲလုံးတစ်လုံး တည်ရှိနေသကဲ့သို့ပင်။
ထိုမြို့အား နဂါးမြို့တော်ဟု ခေါ်ပြီး လူဦးရေမှာ သန်းရာချီအောင် ရှိလေသည်။ မြို့ခံအများစုမှာ နဂါးမျိုးနွယ်စုဝင်များ ဖြစ်ကြပြီး အရှေ့ပင်လယ်၏ အမျိုးမျိုးသော မျိုးနွယ်စုများမှ လာရောက်အခြေချ နေထိုင်ကြသူများလည်း ရှိကြသည်။ ထို့ကြောင့် အလွန်ပွင့်လင်းပြီး လူမျိုးစုံ လာရောက်အခြေချသည့် မြို့ကြီးလည်းဖြစ်သည်။
အရှေ့ပင်လယ်၏ နံပါတ်တစ် အင်အားစုဖြစ်သော နဂါးမင်းပိုင်နက်သည် နဂါးမြို့တော်၏အထက်တွင် တည်ရှိသည်။
နဂါးမြို့တော်သည် အရှေ့ပင်လယ်၏ အတောက်ပဆုံး ပုလဲတစ်လုံး ဖြစ်မည်ဆိုလျှင် နဂါးမင်းပိုင်နက်သည် ထိုပုလဲ၏ထိပ်ရှိ အရောင်အသွေးဖြာထွက်နေသော ရတနာတစ်ပါး ဖြစ်လိမ့်မည်ဟု ဆိုကြသည်။
နဂါးမင်းပိုင်နက်ရှိ နန်းတော်များမှာ လွန်စွာခမ်းနားလှသည်။ နန်းတော်တစ်ခုချင်းစီတိုင်းမှာ အရင်းအမြစ်များစွာ သုံးစွဲထားပုံရသည်။ ကြမ်းပြင်ရှိ ကျောက်ချပ်ပြားများမှာလည်း အနုစိတ်ပြုလုပ်ထားလေသည်။
ယင်းမှာ နဂါးမျိုးနွယ်စုဝင်များ၏ အနုပညာခံစားမှုစံနှုန်း ဖြစ်နိုင်သည်။ နဂါးမျိုးနွယ်စုတွင် ရတနာများ စုဆောင်ပြသည့် ဝါသနာလည်း ရှိလေသည်။
လက်ရှိအချိန်တွင် အထွတ်အထိပ် နဂါးမင်းကြီးသည် အဓိကနန်းတော်၏ ပုလ္လင်ထက်တွင် ထိုင်လျက်ရှိသည်။ သူ၏မျက်နှာတွင် ဒေါသတို့ ထင်ဟပ်နေပြီး သူ၏အရှေ့ ကြမ်းပြင်တွင် ဒူးထောက်လျက် ရှိနေသည့် အမျိုးသမီးအား ကြည့်နေလေသည်။
မူးမတ်များနှင့် တော်ဝန်မျိုးနွယ်စုတို့သည် နန်းတော်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မတ်တတ်ရပ်ကာဖြင့် ရှိနေကြသည်။ အချို့မှာ သနားဂရုဏာသက်သည့် အကြည့်၊ အချို့မှာ နားမလည်နိုင်သည့်အကြည့် စသည်တို့ဖြင့် ကြည့်နေကြလေသည်။ အခြားသူ၏ ကံဆိုးမှုအား ဝမ်းမြောက်စွာဖြင့် ကြည့်နေကြသူများပင်လျင် ရှိနေလေသည်။
အဓိကနန်းတော်အတွင်းရှိ လေထုမှာ အလေးအနက်ရှိနေကာ ဖိအားများ ဖြစ်ပေါ်လာပြီး မွန်းကြပ်လာစေသည်။
သို့သော်လည်း အားလုံး၏အလယ်တွင် ဒူးထောက်လျက်သား ရှိနေသည့် အမျိုးသမီးမှာ တည်ကြည်စွာဖြင့် ရှိနေပြီး အလေးမထားဟန်ဖြင့် ရှိလေသည်။
နဂါးမင်း၏ အမူအရာမှာ အဆိုပါဒူးထောက်နေသည့် အမျိုးသမီးထံမှ ထို့ထက်ပို့ မျှော်လင့်ထားသည့်ဟန် ဖော်ပြထားလေသည်။ “မယ်မင်းရဲ့ အရည်အချင်းတွေက နဂါးမင်းပိုင်နက်မှာရှိတဲ့ လူငယ်မျိုးဆက်ကို ဖိနှိပ်ထားနိုင်တယ်။ မယ်မင်းရဲ့ သွေးမျိုးဆက်ကလည်း အသန့်စင်ဆုံးပဲ။ အဲဒီအပြင်ကို တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိနိုင်ဖို့ အကောင်းဆုံးသော အခွင့်အရေးရှိတဲ့ ပါရမီရှင်လည်းဖြစ်တယ်။”
“မယ်မင်းက ပုလဲလူမျိုးတွေရဲ့ မြို့နဲ့ ထူးဆန်းတဲ့ လူသားကျင့်ကြံသူကို ကယ်တင်ဖို့အတွက် သွေးမျိုးဆက်ကို စတေးပစ်ဖို့အတွက် ရွေးချယ်ခဲ့တယ်ပေါ့။”
“မယ်မင်းအနေနဲ့ ရန်သူကို အနိုင်မယူနိုင်ဘူး ဆိုရင်တောင် ဘယ်လိုထွက်ပြေးရမလဲဆိုတာ မသိဘူးလား။ ပုလဲမြို့တစ်မြို့ကို မေ့ထားလိုက်စမ်းပါ။ ပုလဲနိုင်ငံတော် တစ်ခုလုံး ဖျက်ဆီးခံရရင်တောင် မယ်မင်းရဲ့ သွေးမျိုးဆက်ကို ထိခိုက်ခံရလောက်အောင် ထိုက်တန်မှုမရှိဘူး။”
“ရူးနှမ်းလွန်းတယ်။ မယုံကြည်နိုင်လောက်အောင် ရူးနှမ်းလွန်းတယ်။”
နဂါးမင်းမှာ စကားပြောဆိုနေရင်း ဒေါသထွက်လာသည့်အတွက် အနည်းငယ် တုန်ယင်နေလေသည်။ သူ၏ အလားအလာ အကောင်းဆုံးသော ကလေးငယ်မှာ သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ဖျက်ဆီးပစ်လိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။
နဂါးမင်းပိုင်နက်၏ အဆင့်မြင့်အရာရှိကြီးများ ရှေ့မှောက်တွင်ပင် သူ၏ ဒေါသအား ချုပ်ထိန်းနိုင်စွမ်း မရှိတော့ချေ။
အမျိုးသမီးသည် သူမ၏ခေါင်းကို အနည်းငယ်ငုံ့ကာဖြင့် နူးညံ့အေးစက်သည့် လေသံဖြင့် ပြောလေသည်။ “ပေလျန်က ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ ရွေးချယ်ခဲ့ခြင်းပါ။ ပေလျန်က အရာအားလုံးကို တာဝန်ခံဖို့ ဆန္ဒရှိပါတယ်။”
“တာဝန်ခံမယ် ဟုတ်လား။ နဂါးမင်းပိုင်နက်ရဲ့ ဂုဏ်သရေကို ပြန်လည်ထိန်းသိမ်းဖို့ မယ်မင်းကို တာဝန်ပေးအပ်ထားခဲ့တာ။ ဒီတစ်လျှောက်လုံးမှာ မယ်မင်း ကျင့်ကြံဖို့အတွက် အကောင်းဆုံးသော အရင်းအမြစ်တွေ ပေးအပ်ခဲ့တယ်။ အခုတော့ မယ်မင်းက နဂါးမင်းပိုင်နက်ရဲ့ အနာဂတ် ဂုဏ်သရေကို စွန့်လွှတ်ခဲ့တယ်။ ပြောစမ်းပါဦး ဘယ်လိုနည်းနဲ့ တာဝန်ခံမလဲ ဆိုတာ။” နဂါးမင်းမှာ တိတ်ဆိတ်လျက် ရှိနေသည့် အမျိုးသမီးအားကြည့်ကာ အလွန်ဒေါသထွက်နေမိသည်။ သူ၏လက်များမှာလည်း ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေလေသည်။
“အခုကစပြီး အောင်းရှောင်ချမ်ကို နဂါးမင်းပိုင်နက်ရဲ့ ကိုယ်စားပြုခွင့် ရုတ်သိမ်းလိုက်ပြီ။ သူမရရှိတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အားလုံး အောင်းခုန် ကို လွှဲပြောင်းပေးရမယ်။”
“ခမည်းတော်ရဲ့ ဂရုဏာအတွက် ကျေးဇူးတင်ပါတယ်။”
အနီရောင်ဆံပင်နှင့် အမျိုးသားသည် ပေလျန်၏နံဘေးသို့ လျှောက်လှမ်းလာပြီး နဂါးမင်း၏ ရှေ့တွင် ကျေးဇူးတင်စွာ ဒူးထောက်လိုက်သည်။
ထိုဆုံးဖြတ်ချက်အား ကန့်ကွက်မည့်သူ မရှိချေ။ လူတိုင်းမှာ သူတို့၏ ဦးခေါင်းများကို အနည်းငယ် ငုံ့ထားကြသည်။ ထိုဆုံးဖြတ်ချက်မှာ ထူးဆန်းခြင်း မရှိပေ။ နဂါးမင်းပိုင်နက်၏ အနာဂတ်မျှော်လင့်ချက် နှင်းအပ်ထားခြင်း ခံခဲ့ရသည့် နဂါးမင်းသမီးမှာ သူမ၏ စွမ်းအားနှင့် အဆင့်အတန်းအား ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
နဂါးမျိုးနွယ်စုဝင်များသည် သူတို့၏ သွေးမျိုးဆက်အပေါ်တွင် မှီခိုကာ ကျင့်ကြံကြသည်။ သွေးမျိုးဆက် ညစ်နွမ်းသွားမည်ဆိုလျှင် ကျန်ရှိသည့် သက်တမ်းတစ်လျှောက်တွင် သူတို့၏ ကျင့်ကြံခြင်းအခြေခံအား မြှင့်တင်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
တနည်းဆိုရသော် ပေလျန်မှာ ထပ်မံကျင့်ကြံနိုင်စွမ်း မရှိတော့သည် အားနည်းသူတစ်ဦးအဖြစ်သို့ ရောက်ရှိသွားရပြီ ဖြစ်သည်။ သူမ၏ ကံကြမ္မာအား လွယ်လင့်တကူ ခန့်မှန်းနိုင်လေသည်။ သူမအား မဟာမိတ်ဖွဲ့ လက်ထပ်ထိမ်းမြားသည့် နေရာတွင် လက်ထပ်ထိမ်းမြားသည့် ပစ္စည်းတစ်ခုအနေဖြင့်သာ ဆက်ဆံခြင်းခံရတော့မည် ဖြစ်သည်။
နဂါးမင်းသည် သူမအား ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမသည် သူမ၏ ကံကြမ္မာအား လက်ခံနှင့်ပြီး ဖြစ်ပုံရသည်။ မတုန်မလှုပ် အမူအရာဖြင့်သာ ရှိနေလေသည်။ သူမ၏ ပျော်ရွှင်မှု ဝမ်းနည်းမှုတို့အား မြင်တွေ့ရခြင်း မရှိချေ။
ပေလျန် အဓိကနန်းတော်မှ ထွက်ခွာလာပြီးနောက် ကျောက်စိမ်းရေကန်သို့ ရောက်ရှိလာခဲ့သည်။ သစ်ကိုင်းခြောက် တစ်လက်အား ခူးယူဖို့ရန် စဉ်းစားနေလေသည်။
“ညီမလေး ၁၁ က အခုလိုမျိုး ရူးနှမ်းတဲ့အရာတွေ လုပ်ခဲ့လိမ့်မယ်လို့ ကောကော မျှော်လင့်မထားခဲ့မိဘူး။” အနီရောင်ဆံပင်နှင့် အမျိုးသားသည် သနားဂရုဏာသက်ဟန်ဖြင့် လျှောက်လှမ်းလာလေသည်။
ပေလျန် ယဉ်ကျေးစွာဖြင့် မတ်တတ်ရပ်လိုက်သည်။ “ညီမ လုပ်ခဲ့တာကို ရူးသွပ်တယ် မှားယွင်းတယ်လို့ မထင်မိပါဘူး အစ်ကို ၉”
“ဟင်း.. ကောကော ပြောခဲ့ဖူးပါတယ်။ ညီမလေးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အရမ်းကို ထူးချွန်ထက်မြက် နေရင်တောင် မျှော်လင့်ထားသလောက် ဖြစ်လာမှာ မဟုတ်ဘူးလို့လေ။”
“ကောကောရဲ့ စကားတွေက မမှားခဲ့ဘူးလေ။ ဟုတ်တယ်မလား။ ပျယ်ပြယ်ခြင်းအဆင့်ကို အသာထားလိုက်ပါဦး။ ညီမလေးက ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံး အဆင့်ကိုတောင် မရောက်နိုင်တော့မှာ ကောကောစိုးရိမ်မိတယ်ကွယ်။”
အနီရောင်ဆံပင်နှင့် အမျိုးသား ခေါင်းယမ်းလိုက်သည်။ သူ၏မျက်နှာတွင် လှောင်ပြောင်လိုမှုများ ထင်ဟပ်နေလေသည်။
သူ၏ အပြုအမူများအား ထို့ထက်ပို ထိန်းမထားနိုင်တော့ချေ။ ယခင်က သူ၏ ထူးချွန်ပြောင်မြောက်မှုတို့မှာ ပေလျန်၏ အရည်အချင်းများအောက်တွင် ကြီးစွာပစ်ပယ်ခံခဲ့ရသည်။ ထို့အပြင် နဂါးမင်းပိုင်နက်သည် သူမအား အဖိုးတန်သည့် ကျင့်ကြံခြင်းအရင်းအမြစ်များအား ပေးအပ်ခဲ့သည်။ မည်သည့်အတွက်ကြောင့်နည်း။ သူမ၏ သွေးမျိုးဆက်စွမ်းအားမှာ ပို၍ သန်စွမ်းခြင်းကြောင့်များလား။
ယခုတွင်မူ ပုလဲများနှင့် လူသားကျင့်ကြံသူ တစ်ဦးအား ကယ်ဆယ်ရန်အတွက် ပေလျန်သည် သူမ၏ သွေးမျိုးဆက် သန့်စင်မှုအား စတေးပစ်ခဲ့သည်။ ဤသည်မှာ လုံးဝ လှောင်ရယ်စရာ ဖြစ်လေသည်။
“ဟီးးဟီးး ဒီညီမလေးကတော့ကွာ..” အနီရောင်ဆံပင်နှင့် အမျိုးသားသည် ဤကဲ့သို့သော လူစားမျိုးနှင့် စကားပြောဆိုရန် သဘောမကျလှပေ။ ထို့ကြောင့် အသာရယ်မော၍သာ ထွက်ခွာသွားတော့သည်။
ပေလျန် မည်သည့်စကားမျှ မဆိုချေ။ ထို့အစား သစ်ကိုင်းခြောက် တစ်ခုကိုသာ ချိုးယူလိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းရေကန်၏ နံဘေးတွင် ထိုင်ချလိုက်ပြီး ကန်ထဲရှိ ရွှေငါးများနှင့် ဆော့ကစားလေသည်။
ထိုရွှေငါးများမှာ အစုလိုက်ဖွဲ့ကာ ရေကူးနေကြခြင်းဖြစ်သည်။ သူမ၏ သစ်ကိုင်းခြောက်ဖြင့် ပုတ်လိုက်သည့်အခါတွင် လျင်မန်စွာ အစုကွဲသွားလေသည်။
ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ရွှေငါးများ ပြန်စုဝေးလာကြပြန်သည်။
သူမ၏ နူးညံ့ကာ ပတ္တများရောင် ရွှန်းစိုနေသည့် နှုတ်ခမ်းပါးများအား ဖွင့်ဟကာဖြင့် ရေကန်ဆီသို့ လေမှုတ်လိုက်လေသည်။ လှိုင်းတွန့်လေးများသည် ရွှေငါးများအား ခြောက်လှန့်လိုက်ပြန်သည်။
“၁၁ ကျဲကျဲ.. ချီဝူကို ဒီနားမှာ တွေ့လိုက်တယ်။ အဲဒီ သောက်ကောင်က ကျဲကျဲကို ဘာပြောသွားသေးလဲ။”
“ခမည်းတော်က ကျဲကျဲက အပြစ်ပေးတာ အရမ်းလွန်တာပဲ။ လူအများကြီးရဲ့ ရှေ့မှာလည်း ဆူပူလိုက်သေးတယ်။ ပြီးတော့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုလည်း ပြန်ရုပ်သိမ်းလိုက်တယ်။ ကျဲကျဲကို သမီးတစ်ယောက်လို့တောင် မြင်သေးရဲ့လား မသိဘူး။”
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် မိန်းမငယ်လေးတစ်ဦး ပေလျန်၏နံဘေးသို့ ရောက်ရှိလာကာ ဒေါသတကြီး ရေရွတ်နေလေသည်။
ပေလျန် ခေါင်းအသာယမ်းလိုက်မိသည်။ “ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်ကို ကျဲကျဲ နားလည်ပါတယ်။ ခမည်းတော်က သားသမီးတွေအပေါ်မှာ အများကြီး မျှော်လင့်ထားတာလေ။ နဂါးမင်းပိုင်နက်ကနေ တာအိုဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ အစစ်အမှန်နဂါးတစ်ကောင် ပေါ်ထွက်လာစေချင်နေတာ။ အဲဒီလိုသာဆိုရင် နဂါးမင်းပိုင်နက်က ထိုက်ချူကုန်းမြေကြီးရဲ့ အဆင့် ၁ အင်အားစု ဖြစ်လာမှာ။”
ယင်ယွီ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ “ဟုတ်တယ်။ အရှေ့ပင်လယ်နဲ့ မျိုးနွယ်စု တစ်ရာကို စုစည်းဖို့အတွက် သူက သားဖောက်တဲ့နဂါးတစ်ကောင်တော့ ဖြစ်လုနီးနီးပဲလေ။” မပျော်ရွှင်စွာဖြင့် ညည်းတွားလေသည်။ “သူ့မှာ မိန်းမတွေအများကြီးရှိပြီး ကလေးတွေကလည်း နည်းတာမဟုတ်ဘူး။ ဆွေမျိုးတွေကိုလည်း အသုံးဝင်ဝင် မဝင်ဝင် တန်းတူဆက်ဆံတယ်။ သူတော်စင်ဆီကနေ ညီမလေး ကြားတာကတော့ ကျဲကျဲကို ရှားဇီနဲ့ စေ့စပ်ပေးဖို့ စဉ်းစားနေတယ်တဲ့လေ။ ဒီအခြေအနကို အခွင့်ကောင်းယူပြီး ရှားဇီကို သူ့လက်အောက် သိမ်းသွင်းချင်နေတာ။ တကယ်ကို ဘာတွေများ စဉ်းစားနေတာလဲ မသိဘူး။”
ပေလျန်၏ သွယ်လျလျ လက်များ အနည်းငယ် တုန်ယင်လာလေသည်။ သစ်ကိုင်းခြောက်မှာလည်း ရေကန်အတွင်းသို့ ပြုတ်ကျသွားပြီး ရွှေငါးများအား အဝေးသို့ ခြောက်လှန့်လိုက်လေသည်။
ယင်ယွီ ပေလျန်အား စိုးရိမ်စွာ ကြည့်လိုက်သည်။ မည်သို့ပြောရမည်ကို သူမ မသိချေ။
ရှားဇီမှာ နဂါးမင်းပိုင်နက်၏ နတ်အစောင့်အရှောက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ ရှားဇီသည် ပေလျန်အား ချစ်မြတ်နိုးနေသူ ဖြစ်သည်။ ယခင်က ပေလျန်မှာ ခမ်းနားကြီးကျယ်ပြီး ဂုဏ်သရေရှိ နဂါးမင်းသမီးဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ ရှားဇီ၏ ချစ်ခွင့်ပန်မှုအား လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ မည်သူကမျှ ပြောဆိုရဲခြင်း မရှိကြချေ။
သို့သော်လည်း ယခုအချိန်တွင် ပေလျန်၏ အဆင့်အတန်းမှာ လျော့ကျသွားပြီးဖြစ်သည်။ ထို့ကြောင့် နဂါးမင်းသည် သူမအား စေ့စပ်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယင်ယွီသည်ပင်လျင် ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကန့်ကွက်ကာ အတော်လေး စိတ်ပျက်နေမိသည်။
ပေလျန်သည် သူမ၏ မိခင်နှင့် အနာဂတ်ကျင့်ကြံခြင်း လမ်းစဉ်အား ဆုံးရှုံးခဲ့ပြီး ဖြစ်လေသည်။ ယခုအခါတွင် သူမ၏ နောက်ဆုံးသော ပျော်ရွှင်မှု အပိုင်းအစလေးကိုပင် သူမထံမှ ဆွဲယူနေကြလေသည်။
ပေလျန် အနည်းငယ် စိတ်ထိန်းလိုက်နိုင်သည်။ သူမ၏ မျက်လုံးထဲတွင် အထီးကျန်သည့် အရိပ်အယောင်တို့ ထင်ဟပ်နေလေသည်။
စကားလမ်းကြောင်း လွှဲလိုက်ပြီး “ဟုတ်သားပဲ။ ခုနက ချီဝူကို ‘သောက်ကောင်’ လို့ ခေါ်လိုက်တယ်လေ။ ညီမလေးတို့ နှစ်ယောက်က ဆက်ဆံရေးကောင်းကြတယ် မဟုတ်ဘူးလား။”
ထိုမေးခွန်းအား ကြားသည့်ခါ ယင်ယွီ အနည်းငယ် ကြောင်အသွားမိသည်။ သူမနှင့် ချီဝူတို့ နှစ်ဦးစလုံးသည် ထိုအကြောင်းနှင့် ပတ်သက်၍ တိတ်တိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။
သူမ တိုးတိတ်နေခဲ့ခြင်းမှာ ထိုလူအား ကာကွယ်ပေးရန်ဖြစ်ပြီး ထိုလူမှာမူ သူ၏ ပုံရိပ်အား ထိန်းသိမ်းရန်အတွက် ဖြစ်လေသည်။
ယင်ယွီ ခေတ္တမျှ စဉ်းစားပြီးနောက်တွင် သူမ၏ အတွေ့အကြုံအား ပေလျန်ကို မျှဝေရန် ဆုံးဖြတ်လိုက်သည်။ “ကျဲကျဲကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ တခြားသူတွေကို ပြန်မပြောရဘူးနော်။ ဟုတ်ပြီလား။ နဂါးမင်းပိုင်နက်ရဲ့ ရှေးဟောင်းတိုက်ပွဲပြင်ကို လျှောက်ပတ်ကြည့်တုန်း ညီမလေးက မတော်တဆဖြစ်ပြီး အသင်္ချေသရဲနယ်မြေကို ဝင်ခဲ့မိတယ်လေ။ ချီဝူက ကြောက်လန့်ပြီးတော့ ညီမလေးကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးတယ်လေ။ လူသားကျင့်ကြံသူတစ်ယောက်က ညီမလေးကို လာကယ်လို့ မဟုတ်ရင် အဲဒီမှာ သေနေလောက်ပြီ။”
“အဲလိုမျိုး ဖြစ်ခဲ့တာလား။ ညီမလေးကို ကယ်ခဲ့တဲ့ လူသားကျင့်ကြံသူကကော ဘယ်သူတဲ့လဲ။ သူတို့က ညီမလေးကို ကယ်ခဲ့တာဆို။ သူတို့ကို ဒီတိုင်းထားခဲ့တာလား။”
ထိုလူသားကျင့်ကြံသူ၏ ဆိုးယုတ်လှသည့် အကျင့်စရိုက်အား ပြန်တွေးမိသည့်အခါ ယင်ယွီ၏ ရင်ဘတ်ထဲ၌ တင်းကြပ်လာလေသည်။
“ဟမ်.. သူက အန်လင်းတဲ့။ နဂါးမင်းပိုင်နက်ကိုလာပြီး ညီမလေးဆီ လာလည်မယ်လို့ ပြောသွားတယ်။ သူလာလည်ရင် ကျဲကျဲနဲ့ မိတ်ဆက်ပေးမယ်လေ။”
“သူက အန်လင်းတဲ့လား။”
ပေလျန် အနည်းငယ် ဆွံ့အသွားမိသည်။ သူမ၏ အေးစက်သည့် အသံမှာလည်း တုန်ယင်လာလေသည်။
***