← Chapters

ထာဝရမိစ္ဆာနှင့် တိုက်ခိုက်ခြင်း

Vol. 21 Ch. 286

ထာဝရမိစ္ဆာနှင့် တိုက်ခိုက်ခြင်း

Vol. 21 Ch. 286

မှောင်မိုက်သည့်ညတွင် လမင်းအား တိမ်ဖုံးနေလေသည်။

မြူခိုးများ လွင့်ပြယ်သွားပြီးသည့်နောက်တွင် ညကောင်းကင်ယံ၌ မှိတ်တုတ်မှိတ်တုတ် ကြယ်လေးများအား မြင်နေရသည်။

မွန်မြတ်မိစ္ဆာကျွန်း တစ်ခုလုံးအား လွှမ်းခြုံထားသည့် စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံဝင်္ကပါကို ဖျက်ဆီးပြီး ဖြစ်သည့်အတွက် ကျွန်းတစ်ခုလုံးတွင် သွေးခဲများနှင့် ပြည့်နေလေသည်။

မြေပြင်မှာ ခရမ်းဖျော့ဖျော့ တောက်ပလျက်ရှိပြီး ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည့် အော်ရာများ ထုတ်လွှတ်နေလေသည်။

မိစ္ဆာနဂါးသည် ကောင်းကင်ထက်တွင် စက်ဝိုင်းသဏ္ဌာန် လှည့်လည်နေလေသည်။ ယင်း၏ ခန္ဓာကိုယ် ပတ်လည်တွင် ရဲရဲနီသည့် မီးတောက်များ တောက်လောင်လျက်ရှိပြီး ကောင်းကင်တစ်ဝိုက် အလင်းရောင်ပေးလျက်ရှိသည်။

အန်လင်း၊ တပိုင်၊ ရှောင်ချိုးနှင့် ဂမ်ဒမ်များမှာ ဝဲပျံနေသည့်အုတ်ခဲနက်ပေါ်တွင် မတ်တတ်ရပ်လျက် ရှိကြလေသည်။ သူတို့၏ အမူအရာများမှာ တည်ကြည်လေးနက်စွာဖြင့် မွန်မြတ်မိစ္ဆာကျွန်းအား ငုံ့ကြည့်နေကြသည်။

ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ်တို့ ပြင်ဆင်ထားသည့် ထောင်ချောက်မှာလည်း အဆင်သင့် ဖြစ်နေလေပြီ။ ယခုအချိန်တွင် သူတို့မှာ အစီအရင်အား ချိုးဖြတ်ထွက်လာမည့် ထာဝရမိစ္ဆာအား စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

အထွတ်အထိပ် အဆင့်တွင် ထာဝရမိစ္ဆာ၏ ခွန်အားမှာ ပျက်ပြယ်ခြင်းအဆင့်ရှိ ကျင့်ကြံသူများနှင့် တူညီပေသည်။ ထိုက်ချူကုန်းမြေကြီးပေါ်ရှိ ကျင့်ကြံသူများ အတွက်ပင်လျှင် ထိုကဲ့သို့သော ခွန်အားမှာ လွန်စွာမြင့်မားသည့် အဆင့်အတန်းတွင် ရှိလေသည်။

ထိုစဉ်အချိန်က ရှန့်ယင်သည် ပျက်ပြယ်ခြင်း တစ်ပိုင်းအဆင့်ရှိ အထွတ်အထိပ် ပါရမီရှင် တစ်ဦးဖြစ်သည်။ ဝှက်ဖဲပေါင်းများစွာ အသုံးပြုပြီးသည့် နောက်၌ပင်လျှင် သူမသည် ထာဝရမိစ္ဆာအား သတ်ဖြတ်နိုင်စွမ်း မရှိခဲ့ချေ။ အဆုံးတွင် ရှန့်ယင်သည် ထာဝရမိစ္ဆာအား ခရမ်းမြူတောင်အတွင်း၌ ချိပ်ပိတ်နိုင်ရုံမျှသာ ရှိခဲ့သည်။ ထိုမှတဆင့် ထာဝရမိစ္ဆာ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို တွေ့မြင်နိုင်ပေသည်။

ယခုအခါတွင် ထာဝရမိစ္ဆာသည် နှစ်တစ်သောင်းနီးပါး ချိပ်ပိတ်ခံထားရခြင်းမှ လွတ်မြောက်နိုင်ရန် အခွင့်အရေး ရရှိလာခဲ့ပြီ ဖြစ်သည်။ ထာဝရမိစ္ဆာသည် အစီအရင်အား ချိုးဖြတ်ပြီးကာစတွင် အားအနည်းဆုံး အခြေအနေတွင် ရှိနေမည် ဖြစ်နိုင်သော်လည်း ထိုအခြေအနေသည်ပင်လျှင် မှန်းဆမရနိုင်လောက်ချေ။

ထို့ကြောင့် အန်လင်းတို့သည် ထာဝရမိစ္ဆာကို သတ်ဖြတ်နိုင်စွမ်း ရှိ၊ မရှိအား မသေချာလှချေ။

ထိုအချိန်မှာပင် ရွှေရောင်ကြယ်ကိုးခု တန်းလာသည်မှာ ကောင်းကင်ယံတွင် ‌ရွှေရောင်ဓားတစ်လက် တွဲလောင်းကျနေသကဲ့သို့ပင် ဖြစ်သည်။

ဝုန်း

ရုတ်တရက်ဆိုသလို ခရမ်းရောင်ကျွန်းမှာ အနည်းငယ် စတင်တုန်ခါလာသည်။

“အချိန်ကျပြီ။” အန်လင်းရေရွတ်လိုက်ပြီး အနည်းငယ် စိုးရိမ်နေမိသည်။

ခရမ်းရောင်ကျွန်းမှ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်အချို့သည် ကြယ်စင်များ၏စွမ်းအင်ကို နှိုးဆွလိုက်ပြီး ရွှေရောင်ကြယ် ၉ လုံးမှာ ပိုမိုကာ တောက်ပလာသည်။ ကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီးနောက် မွန်မြတ်မိစ္ဆာကျွန်းနှင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားလေသည်။

ခလွပ်

တစ်စုံတစ်ခု ကျိုးကြေသွားသကဲ့သို့ မွန်မြတ်မိစ္ဆာကျွန်း၏ ခရမ်းရောင်အလင်းမှာလည်း ရုတ်တရက် မှိန်ဖျော့လာလေသည်။ မရှေးမနှောင်းမှာပင် ကောင်းကင်ယံသို့ ခရမ်းရောင်အလင်းတန်း ထိုးတက်သွားသည်။ တိမ်တိုက်များအား ဖြတ်ကျော်ပြီးနောက် ကောင်းကင်နှင့် မြေပြင်အား ထွင်းဖောက်သွားသယောင် ဖြစ်လေသည်။

“သောက်ကျိုးနည်း။ ဒါကြီးက မဟာမိစ္ဆာဘုရင် ထွက်ပေါ်လာတော့မယ့် ပုံစံကြီး မဟုတ်လား။” အန်လင်း အံ့ဩတကြီး လျှာကိုက်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သတိအနေအထားဖြင့် ရှိနေပြီး ခရမ်းရောင် အလင်းတန်းကိုသာလျှင် မှိတ်မသုန် စိုက်ကြည့်နေလေသည်။

ခရမ်းရောင်အလင်း ပျောက်ကွယ်သွားပြီးနောက် မြေပြင်တွင် လူသားသဏ္ဌာန် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ယင်း၏ အသားအရေမှာ ခရမ်းရင့်ရောင်ဖြစ်သည်။ မျက်လုံးများမှာ နက်မှောင်ကာ လေးနက်သည့်ဟန် ရှိပြီး အဆုံးမဲ့သည့် တွင်းနက်ကြီးနှင့် တူလေသည်။ ယင်း၏ ဦးခေါင်းပေါ်တွင် ခရမ်းရောင် ရောင်ခြည်စက်ဝန်းတစ်ခု ရှိနေပြီး တလက်လက်တောက်ပနေလေသည်။

“အရှင်မင်းကြီး..” မိစ္ဆာနဂါးမှာ ထာဝရမိစ္ဆာအား ပြန်လည်နိုးထလာသည်ကို မြင်တွေ့လိုက်သည့်အခါ တုန်လှုပ်ချောက်ခြားလာလေသည်။ အံ့ဩခြင်းနှင့် ကြည်ညိုလေးစားခြင်းတို့ကို ခံစားလာမိသည်။ ယင်းမှာ အဆင့်နိမ့်ပါးသူသည် အဆင့်အတန်း မြင့်မားသူနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါမျိုးတွင် ဖြစ်ပေါ်လာတတ်သည့် သဘာဝကျလွန်းသော ခံစားချက်ပင် ဖြစ်သည်။

ထာဝရမိစ္ဆာ ခေါင်းမော့ကာဖြင့် ကောင်းကင်တွင် ပျံဝဲနေသည့် သက်ရှိများအား ကြည့်လိုက်သည်။ ယင်း၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိချေ။

“တိုက်ပွဲ စ” အန်လင်း အော်ဟစ်လိုက်သည်။ “လျှပ်စစ်သံလိုက်အမြှောက် ပစ်”

ဘုန်း

မြေကြီးအောက်တွင် မြှုပ်နှံထားသည့် လျှပ်စီးလုံးများသည် ထာဝရမိစ္ဆာ၏ ခြေဖဝါးအောက်သို့ ရွေ့လျားသွားပြီးနောက် ပေါက်ကွဲလေသည်။

လျှပ်စီးကြောင်းပေါက်ကွဲမှုသည် မြေပြင် ပေတစ်ထောင်ပတ်လည်အား စိစိညက်ညက် ကြေစေသည်။ ထိုနယ်မြေတစ်ခုလုံးမှာ လျှပ်စီးငရဲတစ်ခုအသွင် ဖြစ်လာလေသည်။

မိစ္ဆာနဂါး ပါးစပ်ဖွင့်ဟကာဖြင့် ထာဝရမိစ္ဆာအား မီးဖြင့်မှုတ်လိုက်သည်။ ထိုမီးလျှံများမှာ နတ်ဘုရားပြစ်ဒဏ်နှင့် တူလှပြီး ကုန်းမြေ၏ ကြီးမားသည့် အစိတ်အပိုင်းများအား အရည်ပျော်ကျစေသည်။

တစ်ချိန်တည်းမှာပင် ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်တို့သည်လည်း ထာဝရမိစ္ဆာအား လျှပ်စစ်အမြှောက်ဖြင့် ပစ်လိုက်ပြန်သည်။ ရှောင်ချိုး၏ မဟူရာမီးတောက်၊ တပိုင်၏ လေဓားသွားများ နှင့် အန်လင်း၏ တောင်ခွင်းလျှပ်စီးလက်သီးတို့မှာ ထာဝရမိစ္ဆာထံ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြလေသည်။

ဘုန်း

အဖျက်အဆီးစွမ်းအားများ အပြည့်ပါဝင်သည့် တိုက်ခိုက်မှုများသည် ကျွန်းတစ်ခုလုံးအား ခါယမ်းစေပြီး ပင်လယ်အား လှိုင်းထန်စေသည်။

စွမ်းအင်ပေါက်ကွဲမှုသည် ကောင်းကင်နှင့်မြေပြင်အား လင်းထင်းစကာ ညကောင်းကင်ယံတွင် အရှိန်ငြီးငြီး နေတစ်စင်း ပေါ်ထွက်လာသကဲ့သို့ပင် ဖြစ်လေသည်။

မိစ္ဆာနဂါးမှာ ထိုစုပေါင်းတိုက်ကွဲတွင်ပါဝင်သည့် အဖျက်အဆီးစွမ်းအားများကို မြင်တွေ့လိုက်ရသည့်အခါ တဆတ်ဆတ် တုန်ယင်လာလေသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့်သာ ကြုံတွေ့ရမည်ဆိုလျှင် အသက် ၁၀ သက် ပါရှိလျှင်ပင် ရှင်သန်ရန် အာမခံချက် ရှိလိမ့်မည် မဟုတ်။

ဝှစ်

လျှပ်စီးကြောင်းကဲ့သို့သော ခရမ်းရောင်အလင်းတန်းသည် မိစ္ဆာနဂါး၏ရှေ့သို့ တမဟုတ်ချင်း ရောက်ရှိလာသည်။

မိစ္ဆာနဂါး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ယင်းမှာ ထာဝရမိစ္ဆာ ဖြစ်သည်။ ဒဏ်ရာများစွာ ရရှိထားပြီး ခရမ်းရောင်သွေးများ အဆက်မပြတ် စီးကျလျက်ရှိနေသော်လည်း ကြီးကျယ်များပြားလှသည့် အော်ရာမှာ တဟုန်ထိုး တိုးတက်လာနေသည်။ ယခုအခါတွင် ယင်း၏အော်ရာမှာ အလွန်ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထာဝရမိစ္ဆာအား ခရမ်းရောင်လေစီးကြောင်းများမှ လှည့်ပတ်လျက်ရှိပြီး မျက်စိတ်တစ်မှိတ်အတွင်းမှာပင် မိစ္ဆာနဂါး၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားလေသည်။

“ဝေါင်းးးးး”

မိစ္ဆာနဂါး မချိတင်ကဲဖြစ်ကာ ညည်းညူလိုက်မိသည်။ ယင်း၏ခန္ဓာကိုယ်တွင် ဟောင်းလောင်းပေါက်တစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်တွင် သွေးများ ဖြန်းပက်သွားလေသည်။

မြန်လွန်းလှသည်။

မြန်ဆန်လွန်းလှသဖြင့် မိစ္ဆာနဂါးသည်ပင်လျင် ခုခံချိန် မရလိုက်ချေ။

ဝှစ်

ထာဝရမိစ္ဆာမှာ ရပ်တံ့ခြင်း မရှိဘဲ ခရမ်းရောင်အလင်းတန်းအား ပစ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် မိစ္ဆာနဂါး၏ ဦးခေါင်းထံသို့ ဦးတည်ကာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ဝုန်း

ခရမ်းရောင်အလင်းတန်းသည် အပြာရောင်စက်ဝန်းအား ချေဖျက်လိုက်ပြီး ခရမ်းရောင်လှိုင်းတွန့်များ ဖြစ်ပေါ်လာစေသည်။

ဂမ်ဒမ်တစ်ကောင် လှုပ်ရှားလိုက်သည်။ အိုင်းယွန်းခုခံတားဆီးအစီအရင်အား အသက်သွင်းလိုက်ပြီး ထာဝရမိစ္ဆာ၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။

ကာကွယ်ခြင်းအစီအရင် စတင်ပျက်ယွင်းသည့်အချိန်မှာပင် ကျန်ရှိသည့် ဂမ်ဒမ်သည် ထာဝရမိစ္ဆာအား ယင်း၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ထာဝရမိစ္ဆာ ကိုယ်ကို နောက်သို့ကွေးလိုက်ပြီးနောက် ထိုခုတ်ချက်အား လွယ်လင့်တကူ ရှောင်တိမ်းလိုက်လေသည်။

“ခရမ်းကြယ်စင်ရဲ့ သွေးဆက်ဉာဏ်ရည်မြင့်စက်ရုပ်လား။”

ထာဝရမိစ္ဆာ တည်ငြိမ်စွာဖြင့် ပြောသော်လည်း ယင်း၏မျက်နှာတွင် အံ့ဩမှုတို့ ထင်ဟပ်နေသည်။

ထို့နောက်တွင် ယင်း၏အကြည့်အား မိစ္ဆာနဂါးထံသို့ ပို့လိုက်သည်။ “မင်းက ငါ့ရဲ့ဆန္ဒကို ဆန့်ကျင့်ခဲ့တယ်။ ရန်သူဆီမှာ ခိုလှုံခဲ့ပြီး စိတ်ဝိညာဉ်ဆယ်မျိုးစတေးခံဝင်္ကပါကို ဖျက်ဆီးခဲ့တယ်။ အဲဒီတော့ အပြစ်ဒဏ်က သေခြင်းတရားပဲ။”

ထာဝရမိစ္ဆာ ထိုသို့ပြောရင်း ယင်း၏ဦးခေါင်းထက်ရှိ ခရမ်းရောင် ရောင်ခြည်စက်ဝန်းမှာ မူလထက် နှစ်ဆခန့် ကြီးထွားလာသည်။

ယင်း၏ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာသည်။ ယင်း၏ လက်ကောက်ဝတ် နှစ်ဖက်တွင် လက်ကောက်သဏ္ဌာန် ခရမ်းရောင်စက်ဝန်းများ စတင်ပေါ်ထွက်လာသည်။

လက်ကိုမြှောက်တင်လိုက်ပြီးနောက် လက်သီးဆုပ်လိုက်သည်။

ခရမ်းရောင်ပုံရိမ် လိမ်တွန့်သွားသည်။ ယင်း၏ လက်သီးဖြင့် အိုင်းယွန်းခုခံတားဆီးအစီအရင်အား ထိုးနှက်ချလိုက်လေသည်။

အိုင်းယွန်းခုခံတားဆီးအစီအရင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် အပြာရောင် အလင်းချပ်သည် ဖန်သားပြင်တစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကျိုးကြေပျက်စီးသွားလေသည်။

အစီအရင် ပြိုပျက်သွားပြီးသည့်နောက်တွင် ထာဝရမိစ္ဆာ၏ လက်သီးသည် မိစ္ဆာနဂါး၏ ဦးခေါင်းအား ဝင်တိုက်မိသည်။

ထိုလက်သီးတွင်ပါဝင်သည့် စွမ်းအားကြောင့် မိစ္ဆာနဂါး၏ ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

မိစ္ဆာနဂါး၏ဦးခေါင်း ချိုင့်ဝင်သွားပြီးနောက် ပါးစပ်မှ အဖြူရောင်အမြှုပ်များ ထွက်ကျလာသည်။ ထာဝရမိစ္ဆာ ထိုတိုက်ခိုက်မှုအား ထုတ်ဖော်နေစဉ်မှာပင် အဖြူရောင်အလင်းတန်းတစ်ခု အလွန်ထူးဆန်းသည့် လမ်းကြောင်းမှ ထွက်ပေါ်လာကာ ယင်း၏ လည်ပင်းအား ခုတ်ချလိုက်သည်။

ဤတစ်လျှောက်လုံး လွန်စွာတည်ငြိမ်နေခဲ့သည့် ထာဝရမိစ္ဆာ၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားပြီး အနောက်သို့ အလျင်စလို ဆုတ်လိုက်သည်။

ကောင်းကင်တွင် ခရမ်းရောင်သွေးများ နောက်တစ်ကြိမ် ပက်ဖြန်းသွားပြန်သည်။ ထာဝရမိစ္ဆာ၏ လည်ပင်းတွင် သိသာထင်ရှားသည့် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ထာဝရမိစ္ဆာ၏ နောက်ကျောဘက်တွင် မျက်နှာဖုံး တပ်ဆင်ထားသည့် မျောက်တစ်ကောင် ပေါ်ထွက်လာသည်။ ထိုမျောက်၏ ငွေတုတ်သည် လေထုအားဆုတ်ဖြဲကာဖြင့် ထာဝရမိစ္ဆာ၏ ဦးခေါင်းထံသို့ ဦးတည်လာလေသည်။

ထာဝရမိစ္ဆာ နောက်သို့လှည့်ကာဖြင့် ကြီးမားလှသည့် ငွေတုတ်ကြီးအား လက်သီးဖြင့် ထိုးခွင်းလိုက်သည်။

ဘုန်း

အလွန်များပြားသည့် စွမ်းအားဖြင့် ရှောင်ချိုးအား တိုက်မိပြီးနောက် သွေးများစီးကျကာ နောက်သို့ လွင့်ပျံသွားလေသည်။

ထိုအခိုက်အတံ့မှာပင် ကောင်းကင်နှင့်မြေပြင်သည် ရုတ်တရက်ဆိုသလို ပိန်းပိတ်အောင် နက်မှောင်လာပြီး တိတ်ဆိတ်သွားလေသည်။ အဖျက်အဆီးစွမ်းအားများ ပါဝင်နေသည့် အနက်ရောင်ဓားခုတ်ချက် တစ်ခုကိုသာလျှင် မြင်တွေ့ရလေသည်။ ထိုဓားခုတ်ချက်မှာ ထာဝရမိစ္ဆာ၏ နောက်ကျောဘက်မှ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။

ဝါယောဓားကို အသုံးပြုပြီးနောက်တွင် အန်လင်းသည် စစ်နတ်ဘုရားခုတ်ချက် ၆ ချက်မှ ဒုတိယနည်းစနစ် _ ကျားအရိပ်ကို အသုံးပြုလိုက်သည်။

အနက်ရောင်ဓားခုတ်ချက်သည် ပေတစ်ထောင်ခန့် ရှည်လျားပြီး တိတ်တဆိတ် ဆင်းသက်လာသည်။ အရာအားလုံးကို အမြစ်ဖြတ် ဝါးမျိုတော့မတတ်ပင် ရှိလေသည်။

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ခရမ်းရောင်ပုံရိပ်သည့် အဝေးသို့ တက်သုတ်ရိုက် ထွက်ပြေးလေသည်။ ယင်း၏ခန္ဓာကိုယ်မှ သွေးမြူခိုးတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်နှင့် မြေပြင်တွင် အလင်းရောင်ပြန်လည်ထွက်ပေါ်လာလေသည်။ ထာဝရမိစ္ဆာသည် အန်လင်းနှင့် မီတာတစ်ထောင်ခန့်အဝေး၌ ပြန်လည်ထွက်ပေါ်လာသည်။ ယင်း၏မျက်နှာတွင် တုန်လှုပ်ထိတ်လန့်မှုတို့ ရောယှက်ကာဖြင့် အန်လင်းအား ကြည့်လေသည်။

ထာဝရမိစ္ဆာ၏ ဦးခေါင်းမှ ခါးအထိတိုင်အောင် မနှစ်မြို့ဖွယ်ကောင်းသည့် ဟက်တက်ကွဲဒဏ်ရာတစ်ခု ရှိနေကာ ယင်း၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်လုနီးနီး ဖြစ်လေသည်။ ထိုဒဏ်ရာမှ ခရမ်းရောင်သွေးများ သွန်ကျလာပြီး မြေပြင်ပေါ်သို့ အဆက်မပြတ် တစက်စက် စီးကျနေလေသည်။

သာမန်ကျင့်ကြံသူတစ်ဦးသာ ထိုကဲ့သို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည်ဆိုလျှင် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

သို့သော်လည်း ထာဝရမိစ္ဆာအတွက်မူ ပင့်သက်ရှိုက်ရုံမျှသာ ဖြစ်လေသည်။ ယင်းသည် သတိကြီးစွာဖြင့် အန်လင်းအား ကြည့်လိုက်သည်။

“မင်းကို လျှော့တွက်မိခဲ့တာပဲ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ပဲ ရှိနေသေးတဲ့ ကျင့်ကြံသူတစ်ယောက်က အခုလို ကြောက်ဖို့ကောင်းတဲ့ ဓားခုတ်ချက်မျိုး ထုတ်ဖော်နိုင်လိမ့်မယ်လို့ ငါတကယ်ကို မျှော်လင့်မထားခဲ့ဘူး။”

ထာဝရမိစ္ဆာမှာ ယင်း၏အရှေ့တွင် ရှိနေသည့် အဆိုပါကျင့်ကြံသူကြောင့် မမျှော်လင့်ထားသောအရှုံးအား ရင်ဆိုင်ရလုနီးပါး ဖြစ်ခဲ့ရသည်ကို ဝန်ခံရပေမည်။

အန်လင်းသည်လည်း ကြောင်အနေမိသည်။ မိစ္ဆာနဂါးသည် ထာဝရမိစ္ဆာ၏ တိုက်ခိုက်မှု အပြည့်အဝကို ခံယူခဲ့ပြီး သူနှင့် ရှောင်ချိုးတို့သည် ခွန်အားအပြည့်အဝ အသုံးပြုကာဖြင့် ရုတ်တရက်တိုက်ခိုက်မှုအား ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် သက်ရှိများပင်လျှင် တမဟုတ်ချင်း သေဆုံးသွားနိုင်သည်။

သို့သော်လည်း ထာဝရမိစ္ဆာ၏ တုံ့ပြန်မှုနှုန်းမှာ ရူးသွပ်လောက်ဖွယ်ရာ ဖြစ်လေသည်။ ယင်းသည် ဝါယောဓားအား ရှောင်တိမ်းနိုင်ခဲ့ရုံသာမက ကျားအရိပ်ကိုပင်လျှင် တစ်ဝက် ရှောင်နိုင်ခဲ့သည်။

အန်လင်း သွေးဝိညာဉ်ဆေးလုံးအား အသုံးပြုလိုက်ပြီး ကုန်ဆုံးသွားသည့် စွမ်းအင်များအား ပြန်ထေလိုက်သည်။

“ဂမ်ဒမ် တစ်၊ ဂမ်ဒမ် နှစ် တက်”

ဂမ်ဒမ်များသည်  ထာဝရမိစ္ဆာအား ပြင်းထန်သည့်ဒဏ်ရာများ ပေးလိုက်ကြပြန်သည်။

ဤတစ်ကြိမ်တွင် ဂမ်ဒမ်များသည် ထာဝရမိစ္ဆာအား ရင်ဆိုင်တိုက်ခိုက်ရာတွင် ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည်။ သူတို့သည် တိုက်ကွက်များကို ပြောင်းလဲလိုက်ကြသည်။

သွေးဝိညာဉ်ဆေးလုံးအား ကုန်စင်အောင် စုပ်ယူပြီးသည့်နောက်တွင် အန်လင်းသည် စစ်နတ်ဘုရား၏ ခုတ်ချက် ၆ ချက် အသုံးပြုရာတွင် ကုန်ဆုံးခဲ့သည့် စွမ်းအင်များအား ပြန်လည်ရရှိလာပြီ ဖြစ်သည်။

“ဟီးဟီး ထာဝရမိစ္ဆာက အစွမ်းထက်နေတော့ကော ဘာဖြစ်တုန်း။ အလှည့်ကျ တိုက်ခိုက်ပြီးတော့ မောပြီး သေသွားအောင် လုပ်မှာပေါ့။”

အန်လင်း၏မျက်နှာတွင် ယုံကြည်မှုရှိသည့်ဟန်များ ပေါ်လာသည်။ သူ၏ဓားအား ကိုင်မြှောက်လိုက်ပြီးနောက် ထာဝရမိစ္ဆာထံ နောက်တစ်ဖန် ပြေးဝင်သွားပြန်သည်။

***

All Chapters