← Chapters

ပထမမျိုးဆက်စီနီယာအစ်ကိုကြီး၏ အင်တာဗျူး

Vol. 30 Ch. 314

ပထမမျိုးဆက်စီနီယာအစ်ကိုကြီး၏ အင်တာဗျူး

Vol. 30 Ch. 314

အဇူရာတိမ်သတင်းစာ အတွဲ ၃ ကထွက်ရှိလာခဲ့သည်။

လက်ရှိ အဇူရာတိမ်မြို့တွင် ရောက်ရှိနေသော ကုန်းချင်းဟန်တို့ ချက်ချင်းဆိုသလို သတင်းစာကို ကောက်ကိုင်လိုက်ကြ၏။ ပုံမှန်အတိုင်းပင် သူတို့အားလုံး နောက်ဆုံးစာမျက်နှာကို အရင်လှန်ကြည့်လိုက်ကြ၏။

အထူးသဖြင့် အမျိုးသမီးငယ်လေးများပင်။ ဒီတစ်ကြိမ်သော သတင်းစာနောက်ဖုံးတွင်ပါခွင့်ကို ဘယ်သူက ရရှိသွားလဲဆိုတာ သူတို့သိချင်နေခဲ့ကြသည်။

သို့သော် နောက်ဖုံးကိုလှန်ကြည့်လိုက်သောအခါ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ယောက်ျားကြီးတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုယောက်ျားသည် အပြာရောင်၀တ်စုံကို၀တ်ဆင်ထားပြီး မြို့ပျက်ကြီးတစ်ခု၏ မြို့ရိုးပေါ်တွင်ရပ်နေကာ အဝေးသို့ ဆွေးမြေ့နေသောအကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။ သူ့အောက်တွင်တော့ ကြောက်စရာကောင်းသော မိစ္ဆာကောင်ကြီးများရှိနေပြီး ထိုမိစ္ဆာကောင်များပတ်ပတ်လည်တွင် မိစ္ဆာစွမ်းအင်များက ရစ်သိုင်းနေခဲ့၏။

နောက်ဖုံးဖော်ပြချက်တွင် နောက်ဖုံးရှင်: ချင်းယွင်ကျိ အဇူရာတိမ်ဂိုဏ်း၏ ၃၆ယောက်မြောက် ဂိုဏ်းချုပ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဟု ဖော်ပြထားခဲ့သည်။

“အာ အဲ့တာက ဆရာသခင်ချင်းယွင်ကျိပဲ” ကုန်းချင်းဟန်နှင့်သူအဖော်များ အံ့အားသင့်သွားခဲ့ကြ၏။

ဂိုဏ်းချုပ်တောင် သတင်းစာမှာ ပါတာလား!

“ဆရာသခင်ချင်းယွင်က ချောလိုက်တာ သူသာငါ့ကိုသတိထားမိသွားခဲ့ရင်….”ကောင်မလေးတစ်ယောက် တခစ်ခစ်ရယ်ကာ စိတ်ကူးယဉ်နေခဲ့သည်။

ကုန်းချင်းဟန် ထိုမိန်းကလေးကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။

“ကျားကျား နင်ကရွှေအမြုတေအဆင့်ပဲ ရှိသေးတာလေ စိတ်ကူးယဉ်မနေနဲ့ ဟိုက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် နင့်အဆင့်နဲ့လက်လှမ်းမမှီနိုင်ဘူး ငါလေးစားအားကျတာကတော့ ကျန်းယန်ပဲ သူမဟုတ်ဘူး”

ကျားကျား စစနောက်နောက်ပြန်ပြောလိုက်သည်။

“သူက ကျန်းယန်ရဲ့ဆရာလေ အစ်မကျန်းယန်ကိုလက်ထပ်လိုက်ရင်တောင် သူသာ ညီမလေးကိုသတိထားမိသွားခဲ့ရင် အစ်မက ညီမလေးကို ဆရာကတော်လို့ ခေါ်ရမှာနော်”

“ထွီ” အခြားကောင်မလေးများလည်း ကျားကျားကိုတစ်ညီတည်း တံ‌ေတွးဝိုင်းထွေးလိုက်ကြပြီး ပထမစာမျက်နှာသို့ လှန်ကြည့်လိုက်ကြ၏။

ထိုနေရာတွင် စာလုံးမည်းများဖြင့် ရေးထားသည်မှာ

စစ်ရေးပြပွဲ: ကျွန်ုပ်တို့ဂိုဏ်း၏ ခွန်အားကိုပြသခြင်း

ပထမစာမျက်နှာတွင် သေနတ်များကိုင်ဆောင်ထားသော စစ်သည် ၁၀၀၀၀၏ ပုံလည်း ပါ၀င်နေခဲ့သည်။

ထိုစစ်တပ်ကြီးကိုကြည့်ပြီး အမျိုးသမီးများ၏အမူအရာများ လေးနက်သွားခဲ့၏။ အဇူရာတိမ်ဂိုဏ်း၏ စည်းကမ်းသေ၀ပ်လှသော စစ်တပ်ကြီးမှ ထွက်ပေါ်နေသော စွမ်းအားကို ပုံထဲမှပင် သူတို့ခံစားမိနေခဲ့သည်။

ထိုစစ်တပ်နှင့် လန်ကျားအထွတ်အမြတ်မြေက စည်းကမ်းလျော့ရဲလှသော တပည့်များကိုယှဉ်ကြည့်မိသောအခါ သူတို့ မျက်မှောင်မကြုံ့ဘဲ မနေနိုင်ခဲ့ပေ။

လေးလံနေသောနှလုံးသားများဖြင့် ဒုတိယစာမျက်နှာကို လှန်ကြည့်လိုက်သောအခါ ချင်းယွင်ကျိနှင့်အင်တာဗျူး ဟူသောစာပိုဒ်ကို တွေ့လိုက်ရ၏။

မေးမြန်းသူမှာ ကျန်းယန်ကိုယ်တိုင် ဖြစ်သည်။

အင်တာဗျူးကို ကျန်းယန်က မေးခွန်းမေးသည့် စာတစ်ကြောင်း ချင်းယွင်ကျိကပြန်ဖြေသည့် စာတစ်ကြောင်းဟူသော ပုံစံဖြင့် တည်ဆောက်ထားပြီး ဂိုဏ်၏ သမိုင်းကြောင်း ဂိုဏ်းပြိုကွဲလု ဖြစ်ခဲ့ပုံ ဂိုဏ်းက မိစ္ဆာများကိုဖိနှိပ်ခြင်း ကဲ့သို့သောအကြောင်းအရာများကို ချင်းယွင်ကျိက ပြန်ဖြေပေးထားခဲ့၏။

ထိုအင်တာဗျူးတစ်ခုလုံးကို ဖတ်ပြီးနောက် ကုန်းချင်းဟန်တို့ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

“ဆရာသခင်ချင်းယွင်ကျိက တကယ်ပဲ ဒီမျိုးဆက်ရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ပါပဲ”

“သူဒီလောက်ပေးဆပ်ခဲ့ရလိမ့်မယ်လို့ ငါစိတ်ကူးတောင်မယဉ်ခဲ့မိဖူးဘူး”

“သူကတကယ်ပဲ လေးစားအားကျစရာကောင်းတယ်နော်”

ကုန်းချင်းဟန် လေးလေးနက်နက်ခေါင်းယမ်းလိုက်ကာ

“အဇူရာတိမ်ဂိုဏ်းက ကြီးကြီးမားမားကို ခံစားခဲ့ရတာ ငါကြားတာတော့ လွန်ခဲ့တဲ့နှစ်၇၀၀တုန်းက ငါ့အဖိုးက အဇူရာတိမ်ဂိုဏ်းကိုလာပြီး မိစ္ဆာတွေကို ဖိနှိပ်ပေးခဲ့တယ်တဲ့ ဒါပေမယ့် နောက်ဆုံးတော့သူလည်း အဇူရာတိမ်ဂိုဏ်းမှာပဲ ကျဆုံးခဲ့ရတယ် ဒါမျိုးအဖြစ်အပျက်တွေက….”

ကောင်မလေးများထဲမှ တစ်ယောက်၀င်ပြောလိုက်၏။

“ဒါဆို ငါတို့တွေ အဇူရာတိမ်ဂိုဏ်းအပေါ် အကောက်ကြံနေတာက မတရားသလိုများ ဖြစ်နေမလား”

အခြားသူများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် စကားလွှဲရန်သာ ရွေးချယ်ခဲ့ကြလေသည်။

ထိုစကားပြောသောကောင်မလေးကို သူတို့အပြစ်မတင်ကြပေ။ အဇူရာတိမ်မြို့ထဲတွင် အတန်ကြာအောင်နေလာပြီးနောက် သူတို့လည်း ကိစ္စအချို့ကို သိနေခဲ့ကြချေပြီ။ ထို့ကြောင့် သူတို့အဇူရာတိမ်ဂိုဏ်းအကြောင်းသိလာလေလေ ပိုပြီး လေးစားအားကျလာကြမိလေလေပင်။

အဇူရာတိမ်ဂိုဏ်းတွင်

ကျန်းယန် လက်ထဲ သတင်းစာရောက်လာပြီးနောက် ထိုထဲတွင် သူ့ဆရာ၏အင်တာဗျူးပါ၀င်သောကြောင့် ကျန်းယန် သူ့ဆရာဆီ သတင်းစာကို ကိုယ်တိုင်သွားပို့ခဲ့၏။

ချင်းယွင်ကျိ မျက်နှာဖုံးကိုတစ်ချက်ကြည့်ပြီးနောက် လက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် အထဲက အကြောင်းအရာများကိုမြင်လိုက်သောအခါတွင်တော့ သူကြက်သီးပင်ထသွားခဲ့ရ၏။ အနည်းငယ်လည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။

“ဒါကြီးက ဘာကြီးလဲဟ” သူတီးတိုးရေရွတ်လိုက်၏။

ဒါပေါ့ သူကျန်ယန်နှင့် ထိုအကြောင်းဆွေး‌ေနွးခဲ့သော်လည်း အခုလိုကြီး ဟုတ်မနေပေ။ သူသည် မိစ္ဆာများကို သူ့သဘောနှင့်သူဖိနှိပ်ပေးခဲ့ခြင်းဖြစ်ပြီး ဘယ်သူ့အမြင်ကိုမှ ဂရုမစိုက်ခဲ့ပေ။ အခုတော့ ကျန်းယန်ရေးသားထားပုံအရ သူ့ကို သူ့ပတ်၀န်းကျင်မှလူများကို ဂရုစိုက်ကာ မိစ္ဆာများကို အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ဖိနှိပ်ပေးရင်း နောက်ဆုံးတွင် အောင်မြင်သွားသည့် သူရဲကောင်းကြီးတစ်ယောက်လို ရေးထားခဲ့သည်။

ချင်းယွင်ကျိ တိတ်ဆိတ်စွာပင်သတင်းစာကိုကျန်းယန်လက်ထဲ ပြန်ထည့်ပေးလိုက်၏။

“ငါ ၂လလောက် တံခါးပိတ်ကျင့်ကြံ‌ဦးမယ် ငါ့ကိုလာမနှောင့်ယှက်နဲ့”

သူဒီအချိန်တွင် စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ လိုပေသည်။

ထိုစဉ် ဟွာလင်းကျိလည်းသတင်းစာကိုမြင်ပြီး အလွန်စိတ်ကျေနပ်သွားခဲ့၏။ သူအသိအမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ကာ

“စီနီယာအစ်ကိုကြီးရဲ့ စိတ်ရင်းကိုအရင်ကတည်းက သိခဲ့သင့်တာ မင်းဆွဲထားတဲ့ ပန်းချီတွေကလည်း အရမ်းကောင်းတယ်”

“ပန်းချီတဲ့လား ကျွန်တော်ဆွဲထားတာ မဟုတ်ဘူး ဆရာ့ဆီကိုယ်တိုင်သွားပြီး ရိုက်ထားတာ” ကျန်းယန် နှာခေါင်းရှုံ့၍ ပြောလိုက်၏။

ဟွာလင်းကျိ အံ့ဩလွန်း၍ ငိုင်ပင်သွားခဲ့သည်။

“ဆရာဦးလေး ၅ ဆရာဦးလေးရော အင်တာဗျူးလုပ်ချင်လား” ကျန်းယန် မေးလိုက်၏။

ဟွာလင်းကျိ ထခုန်ကာ လက်ကိုဆက်တိုက်ဝေ့ယမ်းလိုက်ပြီး

“မလုပ်ဘူး မလုပ်ဘူး ငါကသာမန်လူလေးတစ်ယောက်ပါပဲ ဘာအထင်ကြီးလောက်စရာမှမရှိပါဘူး ဘာလုပ်ဖို့ အင်တာဗျူးမှာလဲ”

“ဒါဆို ကျွန်တော်ပြောထားတဲ့ဟာတွေကိုရော အဖြေရှာပြီးပြီလား” ကျန်းယန် ဖိအားပေးလိုက်သည်။

“ပြီးတော့မှာ” ဟွာလင်းကျိ အမြန်ပြန်ပြောလိုက်၏။

“ငါစီနီယာအစ်မ ၄နဲ့ဆက်သွယ်ပြီးပြီ ၀င်္ကပါကို အခြေခံအဖြစ်သုံးပြီး ကဗ္ဗည်းတွေကို သွေးကြောအဖြစ်သုံးမယ် ပြီးတော့မှာပါ ငါပြီးတာနဲ့ ဂျူနီယာညီလေး ၆ကိုရှာပြီး မင်းအတွက်သန့်စင်ပေးဖို့ ပြောလိုက်မယ် ငါ့ကိုသာလာမနှောင့်ယှက်နဲ့ မင်းနှောင့်ယှက်ရင် ငါအလုပ်ပျက်တယ်”

ကျန်းယန်မျက်လုံးများ တောက်ပသွားခဲ့သည်။

“ဒါဆို တကယ်အလုပ်ဖြစ်တာပေါ့”

ဟွာလင်းကျိ ခေါင်းနောက်ပြန်စောင်းကာ ဂုဏ်ယူစွာ ခေါင်းငြိမ့်ပြလိုက်၏။

“ဒါပေါ့ အများဆုံး ၂လအတွင်း ငါမင်းအတွက်အပြီးသတ်ပေးလို့ရတယ် ပြီးတော့ မင်းငါ့ကိုပေးထားတဲ့ အဆောင်တွေလေ ငါအဲ့တာတွေနဲ့ပတ်သက်ပြီးလည်း နည်းနည်းအောင်မြင်မှု ရထားတယ်” သူသူ့အသံကိုနှိမ့်၍ ပြောလိုက်သည်။

“ဘာအဆောင်တွေလဲ” ကျန်းယန် ပြန်မေးလိုက်၏။

“အ‌ဝါရောင်စမ်းချောင်းအဆောင်” ဟွာလင်းကျိပြောလိုက်ကာ သူ့အသံက ထူးဆန်းစွာ လေးနက်နေခဲ့သည်။

“ငါသိသွားပြီ အဲ့တာက သာမန်ကျင့်ကြံခြင်းအဆောင်မျိုးမဟုတ်ဘူးကွ အဲ့တာကကွာ…ကြောက်စရာကောင်းလွန်းတယ်”

“အဲ့ဒီအဆောင်ကို ဆွဲလို့ရလား” ကျန်းယန် လေးလေးနက်နက်ပြန်မေးလိုက်၏။

“အဲ့တာက တစ္ဆေအဆောင်တစ်မျိုးပဲ သာမန်မဟုတ်ဘူး”

ဟွာလင်းကျိ ပြန်ဖြေလိုက်သည်။

“သူ့စွမ်းအားအနည်းငယ်ကိုထုတ်သုံးဖို့ဆိုရင် ငါအနည်းဆုံးတော့ တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်နေမှရမှာ တာအိုပေါင်းစည်းခြင်းအဆင့်ဆိုရင်တောင် စွမ်းအားကုန်ထုတ်သုံးနိုင်ပါ့မလားမသိဘူး”

“အချိန်ယူလိုက်ပါဦး” ကျန်းယန် ပြုံး၍ ပြောလိုက်၏။

“အရင်ဆုံး ကျွန်တော်ပြောထားတဲ့ဟာကိုပဲ ပြီးအောင်လုပ်ပေးဦး”

“နားလည်ပါတယ်” ဟွာလင်းကျိ ခေါင်းငြိမ့်ပြလိုက်သည်။

“စကားမစပ် စီနီယာအစ်ကိုကြီးရဲ့အင်တာဗျူးကို ငါ့ကိုမိတ္တူနည်းနည်းလောက်ထပ်ပေးဦး အခြားညီအစ်ကိုတွေကိုလည်း ပြန်ပြရအောင်လေ သူတို့အားလုံးလည်း စီနီယာအစ်ကိုကြီးရဲ့စိတ်ရင်းကို သိသင့်တယ် အရေးကြီးဆုံးကတော့ကွာ သူနောက်ဆုံးတော့ အဲ့ဒီမိစ္ဆာအမှိုက်ထုပ်တွေဆီကနေ ဝေးဝေးမှာ နေနိုင်ဖို့ ငါတို့မျှော်လင့်တယ်ကွာ”

နောက်ဆုံးတွင် ထိုသူက သူတို့၏စီနီယာအစ်ကိုကြီးဖြစ်ပြီး ဆရာဟုပြောလည်း မမှားပေ။

All Chapters