← Chapters

အခန်း (၅၅-၅၆)

Vol. 5 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 5 Ch. 55-56

အခန်း ၅၅ နောက်ထပ် ဘဝတစ်ခု

"အရာခပ်သိမ်းက ယင်ဓာတ်ကို ကျောခိုင်းပြီး ယန်ဓာတ်ကို ဖက်တွယ်ထားတယ် ချီစွမ်းအင်တွေ ရောစပ်ပြီး ဟန်ချက်ညီအောင် လုပ်တယ် ချွေချုံဟယ်"

ချင်မင်က လေးနက်စွာ တွေးတောနေပြီး ထို့နောက် လက်ဖက်ရည်နှင့် ဆွတ်ကာ စားပွဲမျက်နှာပြင်ပေါ်တွင် "ချင်မင်" ဆိုသော စကားလုံး နှစ်လုံးကို ထပ်မံ ရေးသားလိုက်သည်။

ထိုဝေဝါးပြီး အပိုင်းအစ ဖြစ်နေသော မှတ်ဉာဏ်များထဲတွင် ချွေချုံဟယ် ဆိုသည်က သူ၏ နာမည် ဖြစ်သည်။

သူက စားပွဲပေါ်ရှိ စာလုံးများကို ကြည့်ရင်း တွေးလိုက်သည်။

"ဘာဖြစ်လို့ ငါက ဒီနေရာမှာ ဒုက္ခရောက်နေပြီး မှတ်မိနေတဲ့ နာမည်က ချင်မင် ဖြစ်နေရတာလဲ ဘယ်အပိုင်းက အစစ်ဖြစ်ပြီး ဘယ်အပိုင်းက အတုလဲ"

သူ အဝတ်အစားများ စုတ်ပြဲပြီး တစ်ကိုယ်လုံး သွေးများ ပေကျံကာ အလွန်အမင်း ဒုက္ခရောက်နေချိန်တွင် မိမိနာမည် ချင်မင်ဖြစ်ကြောင်း အမြဲတမ်း မှတ်မိနေခဲ့သည်။ သို့သော် ယခု ဘာကြောင့် နောက်ထပ် ဝေဝါးနေသော ဘဝတစ်ခုကို တဖြည်းဖြည်း မှတ်မိလာရသနည်း။

ချင်မင်က စဉ်းစားရင်း လေကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ သုံးရောင်ခြယ်ပန်းမှ စီးဆင်းနေသော အရောင်အသွေးစုံလင်သည့် မြူခိုးများတွင် ပြင်းထန်သော မွှေးရနံ့များ ပါဝင်နေပြီး ဤဝေဝါးသော မှတ်ဉာဏ်များ လင်းလက်လာချိန်တွင် ထိုမွှေးရနံ့များက နှာခေါင်းထဲသို့ ဝင်ရောက်လာရာ မြင်ကွင်းက ပို၍ ရင်းနှီးနေသကဲ့သို့ ခံစားလာရသည်။

မကြာမီ သူ၏ ရင်ထဲတွင် အတိတ်က အဖြစ်အပျက်တစ်ခု ပေါ်လာသည်။ ပိုးထည်အဝတ်အစားများ ဝတ်ဆင်ထားပြီး လှပသော ကျောက်စိမ်းများ ဆင်ယင်ထားသည့် လူတစ်စုက ရုပ်ရည် နုနယ်သေးသော လူငယ်လေး တစ်ဦးကို ဂရုတစိုက် ကြည့်ရှုနေကြသည်။

လူငယ်လေး၏ အရှေ့ရှိ ကျောက်စိမ်းစားပွဲပေါ်တွင် သုံးရောင်ခြယ်ပန်း တစ်ပွင့်နှင့် ပြင်းထန်သော အသက်ဓာတ်များ ပါဝင်သည့် ဆေးရည်တစ်အိုးကို တင်ထားသည်။

ချင်မင်က စဉ်းစားလိုက်သည်။ ဒီလူတွေက ဘယ်သူတွေလဲ။ အဲဒီ လူငယ်လေးကကော ဘယ်သူလဲ။ အားလုံးက အတော်လေး ရင်းနှီးနေသကဲ့သို့ ထင်ရသော်လည်း သူ စဉ်းစား၍ မရချေ။

အစပိုင်းတွင် သူ ဤဝေးလံခေါင်ဖျားသော ဒေသတွင် သတိရလာပြီးနောက် မိမိနာမည် ချင်မင်ဖြစ်ကြောင်းကို အရင်ဆုံး မှတ်မိခဲ့ပြီး နောက်ပိုင်း အကြိမ်ကြိမ် ဘဝသစ်ရလာသည်နှင့်အမျှ ပိုးထည်ကျမ်းစာနှင့် မိမိ၏ အဘိုးကိုပါ မှတ်မိလာခဲ့သည်။

"ငါလည်း အဲဒီနေရာမှာ ရှိနေတယ် ဒါပေမယ့် အဝေးကနေ အဲဒီလူငယ်လေး သုံးရောင်ခြယ်ပန်းနဲ့ အသက်ဓာတ်ပြင်းထန်တဲ့ ဆေးရည်ကို သောက်တာကို တိတ်တဆိတ် ကြည့်နေခဲ့တယ်"

ချင်မင်က ထိုမြင်ကွင်းများကို ကြည့်နေစဉ် ပတ်ဝန်းကျင်ရှိ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်မရွေး လူအားလုံးက ထိုလူငယ်လေးကို အလွန် အာရုံစိုက်နေကြသည်။

ထိုလူများ၏ နောက်ခံက သာမန် မဟုတ်ကြချေ။ အမျိုးသမီး အချို့၏ ခေါင်းပေါ်ရှိ ဆံထုံးများက အလွန် ထူးခြားပြီး ခရမ်းရောင် မြူခိုးများ စီးဆင်းနေသော ငှက်မွေးများကဲ့သို့ဖြစ်ကာ အနီရောင် တိမ်တိုက်များ ရစ်သိုင်းနေသော အလွန် လှပသည့် မက်မွန်ပန်း တစ်ပွင့်လည်း ပါဝင်သည်။

"အဲဒီလူငယ်လေးက အသက် ဆယ့်သုံးလေးနှစ်လောက်ပဲ ရှိဦးမယ် ရွှေရောင်အရွယ်ကိုလည်း မရောက်သေးဘူး ဧရာမနတ်ဘုရား လမ်းကြောင်းကိုလည်း မလိုက်ဘူး သူ ဘယ်လိုလုပ်ပြီး အချိန်မတိုင်ခင် ဘဝသစ်ယူရဲရတာလဲ ပြီးတော့ ဒီအဆင့်အထိတောင် ရောက်နေပြီ"

ချင်မင်က သံသယ ဝင်သွားသည်။ ဒါက တကယ့် ထိပ်တန်း မိသားစုကြီးများ၏ အခြေခံအုတ်မြစ်များများလား။ သာမန်လူများ မလုပ်နိုင်သော အရာများကို လုပ်နိုင်ကြသည်။

သူက ကျောက်စိမ်းသေတ္တာထဲရှိ တစ်ပေခန့် မြင့်သော သုံးရောင်ခြယ်ပန်းကို ငုံ့ကြည့်လိုက်သည်။ ကောင်းကင်အလင်းဖြင့် ပြုစုပျိုးထောင်ခံထားရသဖြင့် အကောင်းဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး တစ်ဖက်လူ၏ ပန်းကလည်း မညံ့ဘဲ အရည်အသွေးက အတူတူလောက် ဖြစ်နေသည်။

ချင်မင်က ကျောက်စိမ်းသေတ္တာထဲမှ သုံးရောင်ခြယ်ပန်းကို ထုတ်ယူကာ ကြည်လင်တောက်ပနေသော ပွင့်ချပ်များကို တစ်လွှာချင်းစီ ခူး၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

တကယ်ပင် ဤအထူးနေရာမှ ခူးယူရရှိသော လျှို့ဝှက်ဆန်းပြားသည့် ပစ္စည်းတွင် ကောင်းကင်အလင်း၏ အနှစ်သာရများ ပါဝင်နေပြီး ပါးစပ်ထဲသို့ ရောက်သည်နှင့် မီးလောင်နေသကဲ့သို့ ပူလောင်မှုကို ခံစားလိုက်ရသည်။

ချင်မင်က နာကျင်မှုကို ခံစားရသော်လည်း သည်းခံနိုင်သည်ဟု ထင်သဖြင့် နောက်ပိုင်းတွင် ဝမ်းဗိုက်ထဲ၌လည်း မီးလောင်လာပြီး ပြင်းထန်သော ကောင်းကင်အလင်းများက သူ၏ ခန္ဓာကိုယ်ထဲတွင် ပွင့်လန်းလာကာ သူ၏ ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တော့မည့်အတိုင်း ဖြစ်လာသည်။

သူ အလွန် တည်ငြိမ်စွာဖြင့် ပွင့်ချပ်များကို ဆက်လက် ခူးယူကာ ပါးစပ်ထဲသို့ သွင်း၍ အဆက်မပြတ် စားသုံးနေသည်။

ချင်မင် တစ်ကိုယ်လုံး တောက်ပနေပြီး ၎င်းက ကောင်းကင်အလင်းများ တိုက်ခိုက်နေခြင်း ဖြစ်သည်။ တစ်မျိုးက ညအမှောင်ထုကို ဖောက်ထွင်းပြီး ဝိညာဉ်တောင်ပေါ်သို့ ကျဆင်းလာသော လောကီပြင်ပမှ ကောင်းကင်အလင်း ဖြစ်ပြီး အခြားတစ်မျိုးက လူ့ခန္ဓာကိုယ် ကိုယ်တိုင်မှ ဖြစ်ပေါ်လာသော အတွင်းပိုင်း ကောင်းကင်အလင်း ဖြစ်သည်။

"တကယ်ကို နာတယ်"

သူ မရပ်တန့်ဘဲ သုံးရောင်ခြယ်ပန်း တစ်ပွင့်လုံးကို စားသုံးပြီးနောက် အရွက်များ၊ အမြစ်များကိုပါ ဝါးစား၍ မျိုချလိုက်သည်။

ခဏချင်းမှာပင် ချင်မင်၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်အလင်း နှစ်မျိုးက ပေါက်ကွဲထွက်တော့မည့် အတိုင်း ဖြစ်လာသော်လည်း သူ၏ ခန္ဓာကိုယ် သွေးသားများက အလွန် ကြံ့ခိုင်သဖြင့် ထိုပုန်ကန်မှုကို ဖိနှိပ်ထားနိုင်ခဲ့ပြီး ပူလောင်သော နာကျင်မှုများကိုသာ ဆက်တိုက် ဖြစ်ပေါ်စေကာ သူ၏ မူလစွမ်းအင်များကို တကယ်တမ်း မထိခိုက်စေခဲ့ချေ။

သူ၏ ဝမ်းဗိုက်ထဲတွင် ကောင်းကင်အလင်း နှစ်မျိုးက တစ်ခုနှင့်တစ်ခု ရစ်ပတ်နေပြီး အဆက်မပြတ် လှည့်ပတ်ကာ တစ်ခုကိုတစ်ခု လိုက်ဖမ်းရင်း စက်ဝိုင်းတစ်ခုအဖြစ် ပုံပေါ်လာပြီး နောက်ဆုံးတွင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ဝုန်းခနဲ အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်အလင်း နှစ်မျိုးက လုံးဝ ပေါင်းစပ်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူ၏ ခြေလက်အင်္ဂါ အစိတ်အပိုင်း အားလုံးဆီသို့ ပြေးဝင်သွားပြီး တစ်ကိုယ်လုံးကို ပြန်လည် သန့်စင်ပေးလိုက်သည်။

ချင်မင်၏ ကောင်းကင်အလင်း စုစုပေါင်း ပမာဏက မြင့်တက်လာပြီး အလျင်အမြန် ကျယ်ပြန့်လာသည်။

၎င်းက သူ၏ သွေးသားများနှင့် စိတ်ဝိညာဉ် ခွန်အားများကို လှုံ့ဆော်ပေးလိုက်ရာ စိတ်နှလုံး ပင်လယ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခန္ဓာကိုယ်ထဲသို့ အလင်းရောင်များ ကျဆင်းလာပြီး ကိုယ်တွင်းအင်္ဂါများနှင့် ခြေလက်များကလည်း အလားတူ တုံ့ပြန်လာကြကာ တစ်ကိုယ်လုံးတွင် ကောင်းကင်အလင်း အသစ်များ ပွင့်လန်းလာတော့သည်။

ချင်မင်က ခြံဝင်းထဲသို့ ထွက်လာပြီး ကောင်းကင်အလင်း စွမ်းအား မျိုးစုံကို ဆက်တိုက် ထုတ်ဖော်ပြသလိုက်ရာ ခန္ဓာကိုယ်ကို ဖောက်ထွက်လုနီးပါး ဖြစ်နေပြီး ယခင်ကထက် အများကြီး ပိုမို အစွမ်းထက်လာသည်။

"ပေါင်းစပ်"

သူ ထိုနေရာတွင် ရပ်ကာ ကောင်းကင်အလင်း စွမ်းအား မျိုးစုံကို စုစည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်မင်၏ မျက်စိရှေ့တွင် မြင်ကွင်းအချို့ ထပ်မံ ပေါ်လာပြီး ထိုလူငယ်လေးနှင့် ပိုးထည်အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီးများကို ထပ်မံ မြင်တွေ့လိုက်ရသည်။

"ကောင်းလိုက်တာ ချုံရွှမ်က တတိယအကြိမ် ဘဝသစ်ရပြီးနောက် ကောင်းကင်အလင်း စွမ်းအား လေးမျိုးကို ပေါင်းစပ်နိုင်ခဲ့တယ် တကယ် အံ့မခန်းပဲ"

သူတို့ထဲမှ အဆင့်အတန်း အလွန် မြင့်မားပုံရသော ဆံပင်ဖြူပြီး မျက်နှာနုနယ်သည့် အဘိုးကြီး တစ်ဦးကပင် ချီးကျူးနေသည်။

အသက် သုံးဆယ်ကျော်ခန့် အရွယ်ရှိပြီး နန်းတွင်းအဝတ်အစား ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးက ဆံထုံးကို မြင့်မြင့်ထုံးထားပြီး ရွှေရောင် အလင်းတန်းများ စီးဆင်းနေသော ငှက်မွေးကို ဆံထိုးအဖြစ် အသုံးပြုထားကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

"ကောင်းကင်အလင်း စွမ်းအား တစ်မျိုးစီက သာမန်လို ထင်ရပေမယ့် ဒါက တိမ်တိုက်ပေါ်ကို တက်လှမ်းမယ့် အစပိုင်း အဆင့်ပဲ ဒီလေးမျိုးကို ပေါင်းစပ်လိုက်တာနဲ့တင် အသုံးမကျတဲ့ အရာကို အံ့ဖွယ်အရာအဖြစ် ကနဦး ပြောင်းလဲနိုင်ပြီ"

ထိုလူငယ်လေး၏ နာမည်က ချွေချုံရွှမ် ဖြစ်ပြီး နတ်လမ်းစဉ်ကျင့်ကြံသူများ၏ ရှေးဟောင်းကျမ်းစာထဲမှ စကားလုံးများကို ယူ၍ နာမည်ပေးထားခြင်းပင် ဖြစ်သည်။

သူ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီး တဖြည်းဖြည်း တုန်ယင်နေသော်လည်း အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကောင်းကင်အလင်း စွမ်းအား လေးမျိုးကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။

အဘိုးကြီးက ပြောလိုက်သည်။

"နတ်လမ်းစဉ် ကျင့်ကြံမှု့လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ခဲ့ပေမယ့် မင်း တတိယအကြိမ် ဘဝသစ်ရပြီးတာနဲ့တင် ဒီလမ်းကြောင်းပေါ်မှာ ဒီလို အံ့မခန်း စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တယ် အကယ်၍ သတင်း ပေါက်ကြားသွားရင် ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်သွားဖို့ လုံလောက်တယ် အရမ်း ကောင်းတယ်"

အရှိန်အဝါ ကြီးမားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးကလည်း ဝင်ပြောလိုက်သည်။

"ဒီလမ်းကြောင်းက အမြင့်ဆုံး အတိုင်းအတာကို မရောက်နိုင်ဘူးလို့ ဘယ်သူ ပြောရဲလဲ ငါ မင်းအတွက် တန်ဖိုးဖြတ်လို့ မရတဲ့ လျှို့ဝှက်ကျမ်းစာ 'အာရုံခြောက်ပါး နှလုံးသားကျင့်စဉ်' ကို ရှာပေးထားတယ် ငါတို့ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေနဲ့"

ချင်မင်က တိတ်တဆိတ် ကြည့်နေသည်။ ထိုအချိန်က သူက လူအုပ်နှင့် အဝေးကြီးမှ ရပ်ကြည့်နေသော ဘေးလူတစ်ယောက် ဖြစ်လောက်သည်။

သူ အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။ ဘာဖြစ်လို့ ကိုယ့်မှာ အတုအယောင် ဘဝတစ်ခု ပိုနေသလို ဖြစ်နေရတာလဲ။

သူက တကယ်ပဲ ချင်မင်လား သို့မဟုတ် ချွေချုံဟယ်လား။

ဘာဖြစ်လို့လဲ မသိ သူ အမြဲတမ်း ချွေချုံဟယ် ဆိုသည့် ဘဝက အလွန် စိတ်ကူးယဉ်ဆန်သည်ဟု ခံစားနေရသည်။

အကယ်၍ ထိုသို့သာ မဟုတ်လျှင် ငယ်စဉ်က နားမလည်သေးသည့် အချိန်ကာလလောက်မှ မှတ်ဉာဏ်က မနက်ရှိုင်းဘဲ တစ်ချိန်က လုံးဝ မေ့ပျောက်သွားခဲ့မည် မဟုတ်ချေ။

ယခုအချိန်တွင် ချင်မင်က ကောင်းကင်အလင်း စွမ်းအား အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်နိုင်ပြီဖြစ်ရာ ယခင်ကနှင့်မတူအောင် အလွန် ကောင်းမွန်နေသည်ဟု ခံစားရပြီး ခန္ဓာကိုယ်ထဲရှိ ကောင်းကင်အလင်းများက ကြီးမားစွာ တိုးတက်လာကာ ဤမျှ ပြည့်ဝသော ကောင်းကင်အလင်းဖြင့် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်မည်ဆိုလျှင် နောက်တစ်ကြိမ်တွင် ဝိညာဉ်ပစ္စည်းများ သွားရှာစရာ မလိုဘဲ တိုက်ရိုက် ဘဝသစ်ရကာ သက်ရှိအဆင့်အတန်းကို မြှင့်တင်နိုင်လောက်မည် ဖြစ်သည်။

ချင်မင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး သဘောမတူသကဲ့သို့ ပြောလိုက်သည်။

"တတိယအကြိမ် ဘဝသစ်ရတဲ့ အဆင့်မှာ ကောင်းကင်အလင်း စွမ်းအား လေးမျိုးကို ပေါင်းစပ်နိုင်တာ အရမ်း အစွမ်းထက်ပြီလား"

သူက ကောင်းကင်အလင်း စွမ်းအား ငါးမျိုးကို ပေါင်းစပ်ထားပြီး ၎င်းတို့ထဲမှ ဖြတ်တောက်ခြင်း စွမ်းအားနှင့် ထက်မြက်ခြင်း စွမ်းအားတို့က စောစောကတည်းက သီးသန့် စွမ်းအား တစ်မျိုးတည်း မဟုတ်တော့ချေ။

ချင်မင် ထပ်မစဉ်းစားတော့ချေ။ မကြာမီ ထိုအတိတ်က ကိစ္စများကို သိလာရမည်ဟု သူ ယုံကြည်သည်။ ဝေဝါးနေသော မြင်ကွင်းများစွာက ပိုမို ရှင်းလင်းလာပြီး နောက်တစ်ကြိမ် ဘဝသစ်ရချိန်တွင် သူ့ကို အရာအားလုံး ဖော်ပြပေးလောက်မည် ဖြစ်သည်။

သူက ကျောက်ကြိတ်ဆုံဖြင့် နောက်တစ်ကြိမ် စမ်းသပ်ကြည့်ရာ လက်ချောင်းများကို အသုံးမပြုဘဲ လက်ခုံဖြင့်သာ ကောင်းကင်အလင်း စွမ်းအားကို လှည့်ပတ်လိုက်ချိန်တွင် လက်ဝါးအရွယ်ရှိသော ကြမ်းတမ်းသည့် ကျောက်တုံးကို အလွယ်တကူ ဆုတ်ဖြဲကာ စေးကပ်ရစ်ပတ် ယူဆောင်နိုင်ခဲ့သည်။

"တောင်းပန်ပါတယ် အဘိုးကြီးကြိတ်ဆုံရေ"

မကြာသေးမီက နှစ်ရက်အတွင်း သူက ခွန်အားကို ဖိနှိပ်ထားခဲ့သော်လည်း ဤကျောက်ကြိတ်ဆုံကို သူက ချိုင့်ခွက်တွေ ဖြစ်အောင် လုပ်ပစ်ခဲ့သည်။

ချင်မင်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။

"ငါ တကယ်ပဲ အစွမ်းထက်လာပြီလို့ ထင်တယ်"

သို့သော် မကြာမီ သူက မိမိကိုယ်ကို ရေအေးဖြင့် ပက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ညဦးပိုင်း မရောက်မီလေးတွင် သူက အန္တရာယ်များသော မြင်ကွင်းတစ်ခုကို ကြုံတွေ့ခဲ့ရပြီး နတ်လမ်းစဉ်ကျင့်ကြံသူများက ပျံသန်းနိုင်ကာ၊ မြူခိုးအဖြစ် ပြောင်းလဲနိုင်ပြီး၊ ကိုယ်ပျောက်နိုင်ရာ ဤတစ်ကြိမ်တွင် ကျောက်စိမ်းဖြူသံမဏိဓားသာ မရှိခဲ့လျှင် သူ အန္တရာယ်ရှိသွားလောက်မည် ဖြစ်သည်။

"ငါ ရှေးလူကြီးတွေရဲ့ လမ်းညွှန်ချက်အတိုင်း ကောင်းကင်အလင်း စွမ်းအား မျိုးစုံကို စတင် ပေါင်းစပ်နေပြီ ဒါပေမယ့် ပိုးထည်ကျမ်းစာပေါ်က ကျင့်စဉ်က နတ်လမ်းစဉ်ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်ပါ့မလား"

ချင်မင် မသေချာသော်လည်း ယခု ရွေးချယ်စရာ မရှိသဖြင့် ဆက်လက် အစွမ်းထက်လာရန်သာ ကြိုးစားရမည် ဖြစ်သည်။

ညဦးပိုင်း ကုန်ဆုံးခါနီးမှ အဘိုးကြီးလျူ ပြန်ရောက်လာသည်။ နေ့ရွှေဒင်္ဂါး ဆယ့်ငါးပြား သုံးထားရသဖြင့် သူ လုံးဝ စောစော မပြန်ချေ။ အဘိုးဝူထံတွင် ထမင်းတစ်နပ် စားပြီး ညအမှောင်ထု ပိုမို ထူထပ်လာသည်အထိ ဆက်လက် နေထိုင်ခဲ့သည်။

ချင်မင်က အလွတ်သဘော မေးလိုက်သည်။

"တောင်ကြီးထဲမှာ လေးကြိမ် ဘဝသစ်ရစေနိုင်တဲ့ ဝိညာဉ်ပစ္စည်းတွေ ဘယ်မှာရှိလဲ"

အဘိုးကြီးလျူက အလျင်အမြန် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"လေးကြိမ် မျိုးဗီဇပြောင်းထားတဲ့ သတ္တဝါတွေကို အလွယ်တကူ သွားမထိနဲ့ အားလုံးက နောက်ခံတွေ ရှိကြတယ် တောင်ထဲက အဆင့်မြင့် မျိုးဗီဇပြောင်း သားရဲတွေက စာရင်းသွင်းထားတာ သတ်လိုက်ရင် သူတို့ရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်"

ချင်မင် ချက်ချင်း နားလည်သွားသည်။ သူ တကယ်ပဲ ဒီနေရာကနေ ထွက်သွားသင့်ပြီဟု ထင်လိုက်သည်။

တောင်ထဲရှိ မြေကွဲကြောင်းကြီး အနီးတွင် ဓားပြကြီးနှစ်ဦး မျက်မှောင်ကြုတ်နေကြသည်။ ထိုလူငယ် ပြန်မလာခြင်းက တစ်ခုခု ဖြစ်သွားပြီလား။ သူတို့ အနည်းငယ် မငြိမ်မသက် ဖြစ်နေကြသည်။

ဘာပဲဖြစ်ဖြစ် ထိုမြူခိုးအဖြစ် ပြောင်းလဲနိုင်သော နတ်လမ်းစဉ်ကျင့်ကြံသူလုပ်ခဲ့သည့် ကိစ္စများ သတင်းပေါက်ကြားသွားလျှင် သူတို့ပါ ပါဝင်ပတ်သက်သွားမည် ဖြစ်သည်။

သူတို့က စောစောကတည်းက သားရဲငှက်များကို လွှတ်၍ စာပို့ကာ စီနီယာအဘိုးကြီးထံ အကြံဉာဏ် တောင်းခံထားခဲ့သည်။

နောက်ဆုံးတွင် ညအမှောင်ထု ထူထပ်လာချိန်တွင် သားရဲငှက် ပြန်ရောက်လာပြီး သူတို့နှစ်ဦး စာပြန်ရရှိခဲ့သည်။

ဓားပြကြီးတစ်ဦးက စာရွက်ကို ဖြန့်ကာ ပြောလိုက်သည်။

"စီနီယာအဘိုးကြီးက ငါတို့ကို နောက်ထပ် တစ်ရက် စောင့်ခိုင်းတယ် မနက်ဖြန်မှ သူ မပေါ်လာသေးရင် ဂရုစိုက်စရာ မလိုတော့ဘူး ဘာမှ မဖြစ်ခဲ့သလိုပဲ နေလိုက်တဲ့"

အခြား ဓားပြကြီးက မေးလိုက်သည်။

"သူက တောင်ထဲက သားရဲ ငိုကြွေးပြီး ဒီနေရာမှာ ယဇ်ပူဇော်နေတာကို အတုခိုးနေတာလားလို့ ငါတို့ သံသယရှိတာကို အဘိုးကြီးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြန်ပြောသေးလဲ"

သူ၏ အဖော်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"အဘိုးကြီး ပြောတာက သူက နတ်လမ်းစဉ် သားရဲ ဖြစ်နိုင်တယ်တဲ့"

"သူက နတ်လမ်းစဉ်ကျင့်ကြံသူမဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ သားရဲ ဖြစ်သွားရတာလဲ"

ဓားပြကြီးနှစ်ဦးက အတူတူ စုဝေးကာ ဤပြန်စာကို သေသေချာချာ ကြည့်လိုက်ကြရာ အစပိုင်းတွင် အံ့ဩသွားကြသော်လည်း နောက်ပိုင်းတွင် နားလည်သွားကာ ခေါင်းညိတ်လိုက်ကြသည်။

နက်ရှိုင်းသော တောင်များနှင့် တောအုပ်များထဲသို့ ဝင်ရောက်ကာ သေမင်းတမန် နေရာများနှင့် နီးကပ်စွာ နေထိုင်ပြီး မျိုးဗီဇပြောင်း သားရဲများအဖြစ် ပြောင်းလဲသွားသော လူများ ရှိသည်။ သဘာဝအားဖြင့် ဧရာမမြို့ကြီးများထဲသို့ ဝင်ရောက်ကာ လူ့လောက၏ စည်ကားသိုက်မြိုက်မှုနှင့် တောက်ပမှုများကို ခံစားလိုသော သားရဲများလည်း ရှိပြီး နောက်ဆုံးတွင် မြို့စားတစ်ဦး ဖြစ်လာနိုင်ခြေ လုံးဝ မရှိသည်တော့ မဟုတ်ချေ။ လောကီအညစ်အကြေးများနှင့် ကင်းစင်ကာ နတ်လမ်းစဉ်သားရဲများ ဖြစ်လာကြသည့် မျိုးဗီဇပြောင်း သားရဲများလည်း ရှိရာ ဤအရာများ အားလုံးက ပုံမှန်ပင် ဖြစ်သည်။

ထိုစီနီယာအဘိုးကြီး၏ အဆိုအရ ဤလောကကြီးတွင် မဖြစ်နိုင်တာ ဘာမှ မရှိချေ။

အဘိုးကြီးက သူတို့နှစ်ဦးကို စိတ်ချရန် ပြောထားသည်။ ထိုမြူခိုးအဖြစ် ပြောင်းလဲနိုင်သော လူငယ်က နတ်လမ်းစဉ် သားရဲ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ယဇ်ပူဇော်၍ အောင်မြင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသင်္ချိုင်းက အမည်းနှင့် အဖြူရောင် တောင်တန်းကြီး၏ မြေအောက်သို့ စောစောကတည်းက ရောက်ရှိသွားပြီဖြစ်ရာ သူ့ကို ကြိုက်သလို ရှိခိုးခိုင်းလိုက်ရန်နှင့် ဂရုစိုက်နေရန် မလိုကြောင်း ပြောထားသည်။

နောက်တစ်နေ့တွင် ရွှေကြက်မတောင်ကုန်းမှ ဓားပြကြီးနှစ်ဦးက လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားကြသည်။

မထွက်ခွာမီတွင် ရွှေကြက်မ စီးနင်းသူ နှစ်ဦးက ပတ်ဝန်းကျင်ရှိ ရွာများသို့ ကိုယ်တိုင် ဝင်ထွက်ကာ တစ်အိမ်ထောင်လျှင် ညငွေဒင်္ဂါး တစ်ပြား ပေးသွင်းရမည်ဖြစ်ပြီး လလယ်ပိုင်းတွင် လာရောက် ကောက်ခံမည်ဖြစ်ကြောင်း လူများကို ပြောကြားခဲ့သည်။

အသက်ကြီးသူ အချို့က မနေနိုင်ဘဲ တိုးတိုးလေး ဆဲဆိုလိုက်ကြသည်။

"တကယ်ပဲ ဒီသူခိုးဓားပြတွေက ငါတို့ကို ပိုက်ဆံ ထုတ်ခိုင်းတော့မှာပဲ"

လက်တွေ့တွင် လူတိုင်းက ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ ရွှေကြက်မတောင်ကုန်းက ဘဝသစ်ရရှိသူများကို အတင်းအကျပ် ခေါ်ယူစဉ်ကတည်းက ရွာများမှ လူများက ခန့်မှန်းမိခဲ့ကြပြီး ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတို့ အကြီးအကျယ် ဆုံးရှုံးသွားသဖြင့် သေချာပေါက် လူအင်အား ပြန်လည် ဖြည့်တင်းရန် ကြိုးစားမည်ဖြစ်ပြီး နောက်ဆုံးတွင် ပတ်ဝန်းကျင်ရှိ ရွာများကို သူတို့ကို ကျွေးမွေးခိုင်းမည် ဖြစ်သည်။

သို့သော် ဤဆောင်းရာသီတွင် တောင်အပြင်ဘက်ရှိ ရွာသားများက မူလကတည်းက အလွန် ခက်ခဲစွာ နေထိုင်နေရရာ ယခုအခါ လူအများအပြား၏ ဒေါသကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့နှင့် တိုက်ရိုက် အသက်လုလုနီးပါးပင် ဖြစ်လာသည်။

ချင်မင်က အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားလိုက်ရသောအခါ ဘေးနားရှိ လူများနှင့် ကိစ္စရပ်များကို စီစဉ်ပေးသင့်ပြီဟု ထင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက သည်းမခံနိုင်တော့ဘဲ ရွှေကြက်မတောင်ကုန်းကို စတင် တိုက်ခိုက်ရန် ပြင်ဆင်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

အခန်း ၅၆ အစွမ်းသုံးမျိုး

"သူတို့က ဘာအကြောင်းပြချက်နဲ့ ငါတို့ကို ညငွေဒင်္ဂါးတွေ ကောက်ရတာလဲ"

"ဟိုတစ်လောကတင် လူတွေတောင် ငတ်သေလုနီးပါး ဖြစ်ခဲ့ရတာ အခုမှ အခြေအနေလေး နည်းနည်း ပြန်ကောင်းလာတာကို ရွှေကြက်မတောင်ကုန်းက ဒီလိုမျိုး ခေါင်းပုံဖြတ်တာကို ဘယ်လိုလုပ် ခံနိုင်မလဲ"

လူတိုင်းက အလွန် ဒေါသထွက်နေကြသည်။

အပြင်ဘက်မှ စားနပ်ရိက္ခာများကို ဧရာမသားရဲကြီးများဖြင့် သယ်ယူလာနိုင်သော်လည်း ပိုက်ဆံပေးဝယ်ရမည် ဖြစ်ပြီး ဤကဲ့သို့ အခြေအနေဆိုးရွားနေသော နှစ်တွင် ရွှေကြက်မတောင်ကုန်းကို ဆက်သရန် ပိုက်ဆံ မရှိပေ။

အရေးအကြီးဆုံးအချက်မှာ သူတို့ ကျွေးမွေးရမည်က သူခိုးဓားပြ တစ်အုပ် ဖြစ်နေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ ဝေးလံခေါင်ဖျားသော ဒေသတွင် မိသားစုဝင် သုံးဦးအတွက် ချွေတာသုံးစွဲမည်ဆိုလျှင် ညငွေဒင်္ဂါး တစ်ပြားက တစ်လစာ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးနိုင်လောက်သည်။

ယခု ရွှေကြက်မတောင်ကုန်းမှ စေလွှတ်လိုက်သော လူနှစ်ဦးက ကြက်ကျောပေါ်တွင် ခပ်တည်တည် ထိုင်ကာ ပါးစပ်ဟရုံမျှဖြင့် အိမ်ထောင်စု တစ်စုစီ၏ တစ်လစာ နေထိုင်စရိတ်ကို သိမ်းယူသွားမည်ဖြစ်ရာ တကယ်ကို အနိုင်ကျင့်လွန်းအားကြီးလှသည်။

ထို့အပြင် ၎င်းက တစ်ခါတည်း ကောက်ခံခြင်းလား၊ သို့မဟုတ် နောင်တွင် အစဉ်အလာတစ်ခု ဖြစ်လာပြီး အချိန်တစ်ခုခြားတိုင်း ဆက်တိုက် ကောက်ခံနေမည်လား ဆိုသည်ကိုလည်း မသိရသေးချေ။

"ဒီသူခိုးဓားပြတွေက တကယ်ကို အမြဲတမ်း လူမဆန်ကြဘူး"

လူထုက ဒေါသထွက်နေကြပြီး ဆန့်ကျင်ချင်နေကြသည်။

ရွှေကြက်မ စီးနင်းသူ နှစ်ဦးက ရွာများသို့ လာရောက် အကြောင်းကြားရုံသာဖြစ်ပြီး ယခု ရွာထိပ်မှ အဝေးကြီးသို့ ရောက်သွားပြီဖြစ်သော်လည်း သူတို့၏ နောက်မှ လူများ၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရဆဲ ဖြစ်သည်။

"ဒီတောသားတွေရဲ့ တုံ့ပြန်မှုက တကယ်ကို လွန်ကဲလွန်းတယ် အထက်ကို သတင်းပို့ရမယ် ဒီလူတွေရဲ့ ဒေါသကို တကယ် မဆွမိစေနဲ့ အသက်စွန့်ပြီး ပြန်လည် ခုခံလာကြလိမ့်မယ်"

"အင်း တောင်ပေါ်စခန်းမှာလည်း အင်အားတွေ အကြီးအကျယ် လျော့ကျနေတယ် ပြဿနာများတဲ့ အချိန်ဆိုတော့ ဂယက်ရိုက်ခတ်မှုတွေကို သတိထားရမယ်"

...

"ချီရှမြို့တော်က လူတွေက ဝင်မပါဘူးလား"

တောင်အပြင်ဘက်ရှိ ဤရွာများက မငြိမ်သက်နိုင်တော့ဘဲ လူတိုင်းက ဤကိစ္စကို ပြောဆိုနေကြသည်။

တချို့က တောင်စောင့်အဖွဲ့မှ လူများကို သွားရှာပြီး ကိုယ်စား ဖြေရှင်းပေးရန် အကြံပြုကြပြီး အထူးသဖြင့် ဤဆောင်းရာသီလို အထူးအချိန်ကာလတွင် ရွှေကြက်မတောင်ကုန်းမှ လူများကို ထင်တိုင်းကျဲခွင့် မပြုရန် ချီရှမြို့တော်သို့ တတ်နိုင်သမျှ အမြန်ဆုံး တိုင်ကြားသင့်ကြောင်း ပြောဆိုကြသည်။

အဘိုးကြီးတစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။

"ချီရှမြို့တော်က အထက်လူကြီးတွေက မကြာသေးခင်က ဒီကိစ္စတွေကို ဖြေရှင်းဖို့ အားလပ်မှာ မဟုတ်လောက်ဘူး"

"ဘာဖြစ်လို့လဲ"

"နယ်လှည့်ကုန်သည် တစ်ယောက် ယူလာတဲ့ ဟိုဘက်က နောက်ဆုံးသတင်းအရ ချီရှမြို့တော်စား လင်ရွှီက အမည်းနဲ့ အဖြူရောင် တောင်တန်းကြီးက အဆင့်မြင့် မျိုးဗီဇပြောင်း သားရဲတွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့တစ်ခါက တောင်ထဲမှာ သူတို့ကို ချောက်ချခဲ့တယ်လို့ အတော်လေး ကြီးမားတဲ့ အဖွဲ့အစည်း နှစ်ခုက သံသယ ဝင်နေကြတယ်"

ထိုနယ်လှည့်ကုန်သည်၏ ပြောစကားအရ ယခုအခါ ချီရှမြို့တော်၏ အခြေအနေက အကဲဆတ်နေသည်။

ဤကိစ္စနှင့် ပတ်သက်၍ တိုက်ရိုက် သက်သေအထောက်အထား ဘာမှမရှိဘဲ ကြီးမားသော အဖွဲ့အစည်း နှစ်ခုက လင်ရွှီ၏ စိတ်ထား အလွန် မည်းညစ်သည်ဟုသာ သံသယရှိနေကြပြီး ဤတစ်ကြိမ်တွင် တစ်ပါးသူ၏ အင်အားကို ငှားရမ်းကာ သူတို့ကို လှည့်စားခဲ့သည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။

ဤကိစ္စက နောက်ဆုံးတွင် ဒီအတိုင်း ပြီးဆုံးသွားရန် ရာခိုင်နှုန်း များသော်လည်း လတ်တလောတွင် ချီရှမြို့တော်မှ အထက်လူကြီးများက အခြားကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိကြချေ။

ချင်မင်က မှောင်မည်းနေသော ညကောင်းကင်ယံကို မော့ကြည့်ရင်း လူများ၏ ပြောဆိုသံများကို နားထောင်နေကာ ခန္ဓာကိုယ်မှ စူးရှသော ကောင်းကင်အလင်းများ ဖြာထွက်လာပြီး သူ၏ စိတ်ခံစားမှုများကလည်း ပြင်းထန်စွာ လှုပ်ရှားနေသည်။

လူဖြစ်လာလျှင် ခံစားချက် မျိုးစုံ ရှိတတ်သည်မှာ သဘာဝဖြစ်ပြီး အမြဲတမ်း ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်ချေ။

ခဏအကြာတွင် ချင်မင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်အလင်းများ ပြန်လည် ရုပ်သိမ်းသွားသည်။

သူ မြေအောက်ခန်းထဲသို့ ဝင်သွားပြီး ခြောက်ပေ၊ ခုနစ်ပေခန့် ရှည်လျားကာ တစ်ကြိမ် မျိုးဗီဇပြောင်းထားသော သွေးမြွေ နှစ်ကောင်ကို ရွေးချယ်လိုက်သည်။

ထို့နောက် သူက သံတူရိုးရှည်ကြီးကို ကိုင်ကာ ဝိညာဉ်ဓာတ်ရှိသော သတ္တဝါ နှစ်ကောင်ကို သံပြားပေါ်တွင် အသားစိမ်းများဖြစ်အောင် ထုထောင်းလိုက်ပြီး ကိုယ်တိုင် ပြုတ်ကာ အသားဟင်းချို တစ်အိုး ဖန်တီးလိုက်သည်။

မထွက်ခွာမီတွင် သူက ကိစ္စရပ်အချို့ကို စီစဉ်ထားချင်သည်။

မကြာမီ ချင်မင်က ဘေးအိမ်ရှိ ခြံဝင်းငယ်လေးထဲသို့ ရောက်သွားသည်။

"အစ်ကိုလု သက်သာလာပြီလား ကျွန်တော် တောင်ထဲမှာ ဝိညာဉ်ဓာတ်ပါတဲ့ သားရဲတစ်ကောင် အမဲလိုက်ရလာတယ် အစ်ကို ဘဝသစ်ရဖို့ ကူညီပေးနိုင်လောက်တယ်"

ချင်မင်က အားလုံးကို ဖုံးကွယ်မထားချင်တော့ဘဲ ထိုအသားဟင်းချိုကို စားပြီးနောက် ဒဏ်ရာများ အလျင်အမြန် သက်သာလာနိုင်ရုံသာမက မကြာမီရက်ပိုင်းအတွင်း ပထမအကြိမ် ဘဝသစ်ရခြင်းကို ပြီးစီးနိုင်လောက်ကြောင်း လုကျယ်ကို ပြောပြလိုက်သည်။

"ရှောင်ချင်"

လုကျယ်က ရိုးသားသူဖြစ်ရာ ဘာပြောရမှန်း မသိတော့ဘဲ ထိုနေရာတွင်သာ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြနေသည်။

လျန်ဝမ်ချင်းက မျက်လုံးများ နီရဲလာသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်ကြီးထဲတွင် ခန္ဓာကိုယ်က ဘဝသစ်ရသွားလျှင် ဘာကို ဆိုလိုကြောင်း သူမ သိသည်။ နောင်တွင် လုကျယ် တောင်ထဲ ဝင်တိုင်း သူမ အမြဲတမ်း စိုးရိမ်ကြောက်လန့်နေစရာ မလိုတော့ချေ။

ချင်မင်က ပြောလိုက်သည်။

"မရီးလည်း နည်းနည်း စားလို့ရတယ် အသားဟင်းချိုက လုံလောက်ပါတယ် မရီးရဲ့ ခန္ဓာကိုယ်က ဘဝသစ်မရနိုင်ရင်တောင် ကိုယ်ခံအားတော့ တိုးတက်လာလိမ့်မယ်"

"အရမ်း မွှေးတာပဲ ဦးလေး သားလည်း စားချင်တယ်"

ဝင်ရွှေ့က မအိပ်သေးဘဲ သွေးမြွေ၏ သီးသန့် မွှေးရနံ့ကို ရလိုက်သဖြင့် အစားမက်သည့် ကြောင်လေး တစ်ကောင်ကဲ့သို့ သွားရည်ကျလုနီးပါး ဖြစ်နေသည်။

"သားက ငယ်သေးတယ် စားလို့ မရသေးဘူး မဟုတ်ရင် အချိန်မတိုင်ခင် ကြီးထွားလာလိမ့်မယ် လာ ဦးလေးက သားအတွက် အလတ်ဆတ်ဆုံး တောသစ်သီးတွေ ယူလာပေးတယ် ဒါက အဘိုးဝါ စိုက်ပျိုးထားတဲ့ မျိုးစိတ်တွေနော်"

ဝင်ရွှေ့၏ မျက်လုံးပြူးကြီးများက အရောင်လဲ့လာသော်လည်း အနည်းငယ် နားမလည်စွာဖြင့် ပြောလိုက်သည်။

"ဦးလေး ပြီးခဲ့တဲ့တစ်ခါက ဦးလေးလေး ပြောတာ အဲဒါက အဘိုးနွားကြီး ကြိုးစားပမ်းစား စိုက်ထားတဲ့ အသီးတွေဆို"

"အင်း အတူတူလောက်ပါပဲ"

ချင်မင် ပြုံးလိုက်သည်။ ဤအရာများက သဘာဝကျကျပင် နွားရိုင်းတောင်ကုန်းမှ သစ်သီးများ ဖြစ်သည်။

"ဦးလေး သားလည်း လိုချင်တယ်..."

အသက် နှစ်နှစ်ကျော် အရွယ်ရှိ ဝင်ဟွေက အိပ်ချင်မူးတူးဖြင့် နိုးလာသည်။

ထို့နောက် ချင်မင်က ထိုရှဉ့်လေး စီစဉ်သံကို ကြားလိုက်ရပြီး လှောင်အိမ်ထဲတွင် သူ့ကို လက်အုပ်ချီနေကာ ဤတစ်ကြိမ်တွင် သွေးမြွေဖြင့် လုပ်ထားသော အသားဟင်းချိုကို မျက်စိကျနေခြင်း ဖြစ်သည်။

...

နောက်တစ်နေ့တွင် ချင်မင်က ကျောက်စိမ်းဖြူသံမဏိဓားကို သုတ်သင်ရှင်းလင်းနေသည်။ ၎င်းက တကယ်ကို အလွန် မျက်စိကျစရာ ဖြစ်နေပြီး မထုတ်လျှင် မထုတ်၊ ထုတ်လိုက်သည်နှင့် ၎င်းကို မြင်တွေ့သွားသော ပြိုင်ဘက်ကို သေချာပေါက် သတ်ပစ်ရမည် ဖြစ်သည်။

သူက ဓားကိုယ်ထည်ကို ရုပ်ဖျက်ပြီး ဖုံးကွယ်ထားပြီးနောက် ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ချင်မင်က တုတ်ရှည်တစ်ချောင်းကို ယူလာကာ လှံကြီးအဖြစ် အသုံးပြုလိုက်ပြီး ယခင်က သုံးခဲ့ဖူးသော လေးနှင့်မြားကိုလည်း ရှာဖွေလာခဲ့သည်။ ယခု သူက လှံနှင့် မြား အလွန် ကျွမ်းကျင်သူဟုလည်း ဆိုနိုင်သည်။

မကြာမီ သူက ခြံဝင်းထဲတွင် အံ့မခန်း လှံသိုင်းကို ပြသလိုက်သည်။ လက်ထဲမှ သစ်သားတုတ်က နဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် လှည့်ပတ်နေပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့မည့်အတိုင်း ဖြစ်နေသည်။

သူက ညင်သာစွာ တစ်ချက် ခါယမ်းလိုက်ရာ တုတ်ရှည်ကြီးက အရိပ်ပေါင်း ဒါဇင်နှင့်ချီ၍ ကွဲထွက်သွားပြီး မတူညီသော နေရာများသို့ ထိုးစိုက်သွားကာ ကျဆင်းနေသော နှင်းပွင့်ငယ် ဒါဇင်ပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်း ထိုးမိသွားသည်။

သို့သော် ချင်မင်က လှံရိုးကို ပိုမို အားစိုက်၍ ခါယမ်းလိုက်သောအခါ မာကျောသော သစ်သားတုတ်ရှည်ကြီးက သူ၏ ကြီးမားလှသော ခွန်အားကို မခံနိုင်တော့ဘဲ အပိုင်းပိုင်း ဒါဇင်နှင့်ချီ၍ ကျိုးပဲ့သွားတော့သည်။

သူက လေးနှင့်မြားကို ကောက်ကိုင်ကာ တစ်ချက် စမ်းသပ်ကြည့်ရုံဖြင့် ရပ်တန့်လိုက်သည်။ သူ အနည်းငယ် အားစိုက်လိုက်သည်နှင့် လေးကြိုး ပြတ်သွားမည် သို့မဟုတ် လေးကိုင်း ကျိုးသွားမည် ဖြစ်သည်။

"ဒီလိုဆိုရင်တော့ ငါ့ရဲ့ လှံနဲ့ မြား အလွန် ကျွမ်းကျင်သူဆိုတဲ့ နာမည်က နာမည်ခံသက်သက်ပဲ သုံးလို့ကောင်းတဲ့ လက်နက်တောင် မရှိဘူး"

ချင်မင်က တောင်ထဲသို့ ဝင်ရောက်ကာ သင့်တော်သော လက်နက်အချို့ကို သွားရောက် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

မြေကွဲကြောင်းကြီးတွင် တိတ်ဆိတ်နေပြီး ထိုနေရာတွင် စောင့်ကြပ်နေသော ရွှေကြက်မတောင်ကုန်းမှ လူများက စောစောကတည်းက ထွက်ခွာသွားကြပြီ ဖြစ်သည်။

ချင်မင်က သက်ရှိအငွေ့အသက် ကင်းမဲ့နေသော မြေအောက်လိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီး ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးနေသော လမ်းကြောင်းများအတိုင်း အချိန်အတော်ကြာ လှည့်လည်သွားလာနေရာ ပျက်စီးနေသော ချပ်ဝတ်တန်ဆာ အချို့၊ ကျိုးပဲ့နေသော လက်နက်များ၊ အမြောက်အမြားရှိသော သွေးကွက်များအပြင် မျိုးဗီဇပြောင်း သားရဲအချို့၏ ကျိုးပဲ့နေသော ချိုများ၊ အရိုးများ စသည်တို့ကို တွေ့ရှိခဲ့ရသည်။

နောက်ဆုံးတွင် ချင်မင်က မြေအောက်လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး နေရာတွင် အလွန် အေးစက်ပြီး မှောင်မည်းနေသော ယဇ်ပလ္လင်တစ်ခုကို တွေ့ရှိသွားရာ သူက ခြေထောက်ဖြင့် ကန်၍ ဖျက်ဆီးပစ်လိုက်ရာ အမည်းရောင် မြူခိုးများ အမြောက်အမြား ထွက်ပေါ်လာသည်။

သို့သော် သူ၏ ခန္ဓာကိုယ်မှ ကောင်းကင်အလင်းများ ဖြာထွက်လာသောအခါ ထိုမှောင်မည်းနေသော မြူခိုးများက အလျင်အမြန် ပျောက်ကွယ်သွားပြီး လုံးဝ အငွေ့ပျံသွားသည်။

"သူတို့ ဒီနေရာမှာ ဘာတွေ လုပ်ခဲ့တာလဲ"

ချင်မင်က ဓားပြကြီးနှစ်ဦးနှင့် ထိုမြူခိုးအဖြစ် ပြောင်းလဲနိုင်သော နတ်လမ်းစဉ်ကျင့်ကြံသူတို့ ပူးပေါင်းပြီး ဤနေရာတွင် ကောင်းသည့် ကိစ္စများ မလုပ်ခဲ့ကြောင်း ခံစားမိလိုက်သည်။

သူက အချိန်အတော်ကြာ ရှာဖွေပြီးနောက် ကောင်းမွန်နေသေးသော လက်နက်အချို့ကို ရှာတွေ့ခဲ့သည်။ ချပ်ဝတ်တန်ဆာများကိုမူ အစုံအချို့ ရရှိအောင် တပ်ဆင်နိုင်ခဲ့သည်။ မပျက်စီးဘဲ ကျန်ရစ်နိုင်သောအရာများက သဘာဝအားဖြင့် အကောင်းဆုံး ပစ္စည်းများ ဖြစ်ကြသည်။

သူက လှံကြီးတစ်ချောင်းနှင့် ဓားရှည်တစ်လက်ကို ရွေးချယ်လိုက်ပြီး သူ၏ ကြီးမားလှသော ခွန်အားကို မနည်း ခံနိုင်ရည်ရှိသည့် လေးတစ်လက်ကို ရှာတွေ့ခဲ့ကာ သံမြားတစ်ပုံကိုလည်း ကောက်ယူ၍ မြားကျည်တောက် ခြောက်ခု အပြည့် ထည့်လိုက်သည်။

ချင်မင်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။

"ဒီည ငါက ဓားနတ်ဘုရား၊ လှံသူတော်စင်၊ မြားနတ်ဘုရား ဖြစ်တော့မယ် ဓား၊ လှံ၊ မြား အစွမ်းသုံးမျိုး"

သူက တောက်ပနေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ လေးနှင့်မြားကို သယ်ဆောင်ပြီး လေးလံကာ ပုံမှန်မဟုတ်အောင် ထက်မြက်နေသည့် လှံရှည်ကြီးကို ကိုင်ဆောင်၍ ကျောဘက်တွင် ဖီးနစ်ငှက်ပုံစံ ရေးထိုးထားသော ဓားရှည်တစ်လက်ကို လွယ်ကာ မြေအောက်လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။

"ဟင်"

ချင်မင် အနည်းငယ် အံ့ဩသွားပြီး မြေကွဲကြောင်းကြီး၏ အပြင်ဘက်တွင် အဘိုးကြီးလျူ၏ ခြေရာများကို တွေ့ရှိလိုက်ရသည်။

သူ ဖုံးကွယ်မနေဘဲ တိုက်ရိုက် လျှောက်သွားလိုက်သည်။

အဘိုးကြီးလျူ သူ့ကို မြင်သောအခါ မျက်နှာအမူအရာက အလွန် လေးနက်သွားပြီး ပြောလိုက်သည်။

"မင်း တောင်ထဲ ဝင်သွားတယ်လို့ ငါ ကြားလိုက်ရတော့ မင်း ဒီနေရာကို လာမယ်လို့ ခန့်မှန်းလိုက်တယ် ရွှေကြက်မတောင်ကုန်းကို သွားတိုက်မလို့တော့ မဟုတ်ပါဘူးနော်"

ပြီးခဲ့သည့်တစ်ခါက ချင်မင်နှင့်အတူ တောင်ထဲဝင်ပြီး ပုရွက်ဆိတ်အသိုက်ကို ဖျက်ဆီးခဲ့ကတည်းက အဘိုးကြီးလျူက ချင်မင်၏ ရွယ်တူများထက် အများကြီး သာလွန်သော အစွမ်းအစကို မြင်တွေ့ခဲ့ရပြီး ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ကိစ္စများစွာကို နားလည်သွားခဲ့သည်။

ထို့အပြင် သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ချင်မင်က အဘိုးဝူ၏ အိမ်တွင် ကောင်းကင်အလင်း စွမ်းအားကို လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်းက သူ့ကို အံ့ဩတုန်လှုပ်စေခဲ့ပြီး ချင်မင်က လေးကြိမ် ဘဝသစ်ရထားသူများကို ရင်ဆိုင်နိုင်လောက်ပြီး ထိုသို့ လုပ်ဆောင်ချင်နေကြောင်းကို သူ သတိပြုမိသွားပြီ ဖြစ်သည်။

ချင်မင်က ဤအဘိုးကြီး အတော်လေး ဉာဏ်ကောင်းပြီး ကိစ္စတော်တော်များများကို ခန့်မှန်းမိသွားကြောင်း တွေ့ရှိလိုက်သည်။

"အကယ်၍ မင်းက တကယ်ပဲ ရွှေကြက်မတောင်ကုန်းကို သွားမယ်ဆိုရင် ငါ တားလို့ မရဘူးဆိုတာ သိတယ် ဒါပေမယ့် မလောပါနဲ့ဦး တစ်ရက် နှစ်ရက်လောက် စောင့်ပါဦး"

"ဘာဖြစ်လို့လဲ"

အဘိုးကြီးလျူ၏ မျက်နှာအမူအရာက လေးနက်နေပြီး ပြောလိုက်သည်။

"ရွှေကြက်မတောင်ကုန်း ပေါ်လာရခြင်း အကြောင်းရင်းက အဲဒီတုန်းက နာမည်ကြီးတဲ့ ရွှေရောင် ဓားပြတွေက ဒေသကြီး နှစ်ခုကြားမှာ စီးပွားရေး လုပ်ဖို့ အသွားအပြန် လုပ်ရင်း အဲဒီနေရာကို နားခိုရာ စခန်းအဖြစ် သတ်မှတ်ခဲ့လို့ပဲ အခု အဲဒီနေရာကို သိပ်မသုံးတော့ပေမယ့် အကယ်၍ တိုက်တိုက်ဆိုင်ဆိုင် မင်း သွားတဲ့အချိန် သူတို့နဲ့ သွားတွေ့ရင် အရမ်း ကံဆိုးလိမ့်မယ်"

ချင်မင်က ကျဆင်းနေသော နှင်းပွင့်ငယ်များ ပါဝင်သည့် အေးစက်သော လေကို တစ်ချက် ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။

"အဘိုးရဲ့ ကံကြမ္မာက တကယ်ပဲ အရမ်း ထူးခြားနေတာလား မူလက ဘာမှမရှိပေမယ့် အဘိုး ပြောလိုက်ရင် တကယ်ပဲ တစ်ခုခု ဖြစ်လာနိုင်တယ်"

သဘာဝအားဖြင့် သူ ထိုအရာများကို မယုံကြည်ဘဲ ရယ်စရာအဖြစ် ပြောလိုက်ခြင်းသာ ဖြစ်ပြီး သူ၏ ကိုယ်ပိုင် အစွမ်းအစကိုသာ ယုံကြည်သည်။

အဘိုးကြီးလျူက ပြန်ပြောလိုက်သည်။

"ငါ အရင်ဆုံး လူလွှတ်ပြီး စုံစမ်းကြည့်လိုက်မယ် မင်းလည်း ဒီတစ်ရက် နှစ်ရက်လောက်ကို လောစရာ မလိုပါဘူး"

ချင်မင်က အံ့ဩစွာဖြင့် မေးလိုက်သည်။

"အဘိုးမှာ ရွှေရောင် ဓားပြတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းနိုင်တဲ့ အဆက်အသွယ် ရှိလို့လား"

"ငါ့မှာ အဲဒီလောက် အဆက်အသွယ်နဲ့ အစွမ်းအစ ဘယ်ရှိမလဲ ဒါပေမယ့် အရင်က အခြေအနေတွေနဲ့ အခု အသေးစိတ် အချက်အလက်တွေကနေ ခန့်မှန်းလို့ ရတယ် ကြားရသလောက်တော့ ရွှေရောင် ဓားပြတွေ ရောက်လာတော့မယ်ဆိုရင် ရွှေကြက်မတောင်ကုန်းက ဓားပြကြီးနှစ်ဦးက တစ်ရက် နှစ်ရက် ကြိုတင်ပြီး ရှားပါးတဲ့ ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်ဖို့၊ အရက်ကောင်းတွေ ဝယ်ဖို့နဲ့ ရုပ်ရည်ချောမောတဲ့ ကခြေသည်တွေကို ဖိတ်ခေါ်ဖို့ လူလွှတ်လေ့ရှိတယ်"

ချင်မင် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အတော်လေး ယုံကြည်ရသည်ဟု ထင်ကာ အဘိုးကြီးလျူ၏ သတင်းကို အရင် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူက လက်နက်များနှင့် ချပ်ဝတ်တန်ဆာကို တောင်ထဲတွင် ဖုံးကွယ်ထားခဲ့ပြီး သားကောင် တစ်ကောင် ယူဆောင်ကာ အဘိုးကြီးလျူနှင့်အတူ ရွာသို့ ပြန်လာခဲ့သည်။

ဤအချိန်တွင် ရွာထဲတွင် အလွန် ဒေါသထွက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှေကြက်မတောင်ကုန်းမှ လူများ ထပ်ရောက်လာသောကြောင့် ဖြစ်သည်။

"ငါတို့က ဘယ်သူ့အတွက်လဲ မင်းတို့ကို ကာကွယ်ပေးဖို့အတွက် မဟုတ်ဘူးလား ဒါကြောင့် အလျင်အမြန် ဘဝသစ်ရထားသူတွေကို အတင်းအကျပ် ခေါ်ယူရတာပေါ့"

ရွှေကြက်မတောင်ကုန်းက ရွာများတွင် ဆန့်ကျင်မှု အလွန် ပြင်းထန်နေကြောင်း သိရှိသွားပြီဖြစ်ရာ ယခု လာရောက်သူများက အခြေအနေကို ဖြေလျှော့ရန်နှင့် လိုအပ်သော ရှင်းလင်းချက်အချို့ ပေးရန် လာရောက်ခြင်း ဖြစ်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်အပြင်ဘက်က ရွာသားတွေအတွက် ငါတို့ ရွှေကြက်မ တောင်ကုန်းက မျိုးဗီဇပြောင်း သတ္တဝါတွေနဲ့ မြေကွဲကြောင်းကြီးမှာ သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့ပြီး တောင်အပြင်ဘက် ဒေသကို သိမ်းပိုက်ချင်နေတဲ့ မျိုးဗီဇပြောင်း သတ္တဝါ အများအပြားကို သတ်ဖြတ်ခဲ့တယ် ဒါကြောင့် ငါတို့ လုံးဝ သေလုနီးပါး ဖြစ်ခဲ့ရတာ"

ရွာသားအချို့က ကြားသောအခါ သူတို့ကို ဒေါသတကြီးဖြင့် ကြည့်လိုက်ကြသည်။ ရွှေကြက်မတောင်ကုန်းက လျှို့ဝှက်ဆန်းပြားသော ပစ္စည်းများအတွက် တောင်ထဲ ဝင်ခဲ့ကြောင်းကို ဘယ်သူမှမသိဘဲ မနေပေ။ ကိုယ်တိုင်က အသုံးမကျသည့်အပြင် ကံလည်းမကောင်းသဖြင့် လုံးဝ သေလုနီးပါး ဖြစ်ခဲ့ရပြီး ယခုအခါ သူတို့ကို ကာကွယ်ပေးရန်အတွက်ဟု ပြောနေသေးသည်။

"ခေါင်းဆောင်နှစ်ဦးက မင်းတို့ကို ကိုယ်ချင်းစာလို့ နောက်လမှ အဲဒီညငွေဒင်္ဂါး တစ်ပြားကို ကောက်ဖို့ ဆုံးဖြတ်လိုက်တယ် မင်းတို့ကို ပြင်ဆင်ဖို့ အချိန်ပေးတာပဲ"

သိသာလှသည်မှာ ရွှေကြက်မတောင်ကုန်း၏ ရှင်းလင်းချက်က အလွန် အားနည်းပြီး ရွာသားများ၏ ပိုမို ကြီးမားသော မုန်းတီးမှုကိုသာ ဖြစ်ပေါ်စေခဲ့သည်။ အချုပ်အားဖြင့် ပြောရလျှင် အိမ်ထောင်စုများကို ခေါင်းပုံဖြတ်ရန်သာ ဖြစ်ပြီး ကာကွယ်ရေး အခွန်က လျော့နည်းသွားမည် မဟုတ်ရာ လူအများအပြားက သူတို့နှင့် အသေအကျေ တိုက်ခိုက်ချင်နေကြသည်။

နောက်ဆုံးတွင် ရွှေကြက်မတောင်ကုန်းမှ လူများက ကမန်းကတန်း ထွက်ခွာသွားကြပြီး ပြောလိုက်သည်။

"ဒီတောသားတွေရဲ့ တုံ့ပြန်မှုက အရမ်း ကြီးမားလွန်းတယ်"

ထိုနေ့တွင် အဘိုးကြီးလျူက သတင်းပေးပို့လာသည်။ ရွှေကြက်မတောင်ကုန်းတွင် ဘာထူးခြားမှုမှ မရှိဘဲ ဓားပြကြီးနှစ်ဦးနှင့် သူတို့၏ လူယုံများသာ တောင်ပေါ်စခန်းတွင် ရှိနေကြောင်း အလွန် ယုံကြည်ရသော သတင်း ရရှိထားသည်။

"ဒါ့အပြင် ယင်ထိန်မြို့နယ်မှာ နယ်လှည့်ကုန်သည် နှစ်ယောက် ပေါ်လာပြီး နောက်ဆုံးသတင်း ယူလာတယ် ချီရှမြို့တော်မှာ မြို့စား ပြောင်းတော့မယ် လင်ရွှီက ဘာမှ မဖြစ်ပေမယ့် တခြားမြို့ကို ပြောင်းရွှေ့ခံရတော့မယ်"

ချင်မင် ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ယခုက စတင် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။

သူက တိုးတိုးလေး ပြောလိုက်သည်။

"အဖွဲ့အစည်းကြီးတွေက ချီရှမြို့တော်စားနဲ့ မျိုးဗီဇပြောင်း သားရဲတွေ ပူးပေါင်းပြီး ချောက်ချခဲ့တယ်လို့ သံသယ ဝင်နေကြတယ်ဆိုရင် ဒေသခံ အဖွဲ့အစည်းတွေက သတင်းပေးပြီး ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း သေချာပေါက် သံသယ ဝင်နိုင်တယ် သူတို့ လင်ရွှီကို မထိရဲပေမယ့် ရွှေကြက်မတောင်ကုန်းကို မဖျက်ဆီးရဲဘူးလား"

ထို့နောက် သူက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။

"ဓားပြကြီးနှစ်ဦးက နတ်လမ်းစဉ်ကျင့်ကြံသူနဲ့ ပူးပေါင်းခဲ့တယ် နောက်ဆုံးမှာတော့ မြူခိုးအဖြစ် ပြောင်းလဲနိုင်တဲ့ အမျိုးသားက အကြောင်းပြချက်မရှိ သေဆုံးသွားခဲ့တယ် သူ့ရဲ့ ဂိုဏ်းတူတွေ၊ အထက်လူကြီးတွေက ရွှေကြက်မတောင်ကုန်းကို သံသယ မဝင်ဘူးလား"

ဤအချိန်တွင် ညဦးပိုင်း ကုန်ဆုံးသွားပြီဖြစ်ရာ ချင်မင်က တောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်ကာ ချပ်ဝတ်တန်ဆာကို လဲလှယ်ဝတ်ဆင်ပြီး လက်နက်များကို သယ်ဆောင်ကာ မိုင်ငါးဆယ် အကွာရှိ ရွှေကြက်မတောင်ကုန်းဆီသို့ တောက်လျှောက် သွားတော့သည်။

ညအမှောင်ထုက ထူထပ်နေပြီး ခရီးအကွာအဝေးကလည်း မတိုတောင်းလှရာ သာမန်လူများက ညဉ့်နက်ပိုင်း ရောက်ရှိလာပြီးနောက် တစ်ယောက်တည်း ခရီးဝေး သွားရန် တကယ်ပင် မရဲကြချေ။

လက်တွေ့တွင် ချင်မင်လည်း မမျှော်လင့်ထားသော ကိစ္စနှင့် ကြုံတွေ့ခဲ့ရပြီး လမ်းခုလတ်တွင် တိုက်ခိုက်ခံရသည်။ ခရမ်းရောင် အလင်းတန်းများ စီးဆင်းနေသော မျိုးဗီဇပြောင်း သားရဲ တစ်ကောင်က တောင်ပေါ်တောအုပ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး သူ့ကို နင်းခြေရန် ကြိုးစားလာသည်။

သူ၏ ဦးခေါင်းက မြင်းနှင့်တူသော်လည်း လုံးဝ မြင်းအမျိုးအစား မဟုတ်ချေ။ ဖြူဖွေးသော သွားထက်ထက်များက အေးစက်သော အလင်းတန်းများ တောက်ပနေပြီး သေချာပေါက် အသားစား သားရဲကြီး တစ်ကောင် ဖြစ်သည်။ သူက ကျား၊ သစ်ကျားတို့ကဲ့သို့သော ကိုယ်ထည် ရှိသော်လည်း ခြေတံများက အလွန် ရှည်လျားပြီး အလွန် လေးလံသော မြင်းခွာများ ပါရှိသည်။

သူ တစ်ကိုယ်လုံး ပိုးသားကဲ့သို့ နူးညံ့သော သားမွေးများဖြင့် ဖုံးလွှမ်းနေပြီး ခရမ်းရောင် အလင်းတန်းများ စီးဆင်းနေကာ အလွန် ခန့်ညားလှပသည်။ သူက လေထဲသို့ ခုန်တက်လာပြီး ထိုကြီးမားလှသော ခွာကြီးများဖြင့် ချင်မင်၏ ဦးခေါင်းဆီသို့ ဦးတည်လာသည်။

ချင်မင် အံ့ဩသွားပြီး ပြောလိုက်သည်။

"ခရမ်းရောင် လျှပ်စီးသားရဲလား"

ဤကဲ့သို့သော မျိုးဗီဇပြောင်း သားရဲမျိုးနှင့် တကယ်ပဲ တွေ့ရမည်ဟု မထင်ထားခဲ့ချေ။ မကြာသေးမီက သူက အဘိုးကြီးလျူထံမှ တောင်ထဲရှိ မျိုးဗီဇပြောင်း သားရဲများအကြောင်းကို အများအပြား မေးမြန်းထားခဲ့သဖြင့် ဤသတ္တဝါကို သိရှိနေခြင်း ဖြစ်သည်။

ခရမ်းရောင် လျှပ်စီးသားရဲက မကြာသေးမီကမှ ပေါ်လာသော တတိယအကြိမ် မျိုးဗီဇပြောင်းထားသည့် သားရဲတစ်ကောင် ဖြစ်ပြီး လေပြင်း၊ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးလွှားနိုင်ကာ လေးကြိမ်၊ ငါးကြိမ် မျိုးဗီဇပြောင်းထားသော သတ္တဝါများထက်ပင် ပိုမို မြန်ဆန်သည်။

သူက လန့်ဖြတ်သွားသကဲ့သို့ တောင်ကြီးထဲမှ ထွက်ပြေးလာပြီး လမ်းပိတ်နေသော ချင်မင်ကို မြင်သောအခါ တိုက်ရိုက်ပင် ခွာဖြင့် ကန်ချလိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ မရှောင်တိမ်းနိုင်ခဲ့လျှင် ခေါင်းကွဲသွားရန်သာ စောင့်နေရတော့မည် ဖြစ်သည်။

ချင်မင်က အနည်းငယ် ဘေးသို့ ရှောင်လိုက်ပြီး ထိုကြီးမားလှသော ခရမ်းရောင် ခွာကြီးကို ရှောင်တိမ်းလိုက်ကာ အလျင်အမြန် အနီးသို့ ကပ်သွားပြီး သူ၏ ခရမ်းရောင် တောက်ပနေသော ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်။

ခရမ်းရောင် လျှပ်စီးသားရဲက အလွန် ထိတ်လန့်သွားသည်။ ဒါက ဘာကြီးလဲ။ ဘယ်လိုလုပ်ပြီး လက်ချောင်းလေးတွေက သူ့ရဲ့ သားမွေးကို နည်းနည်း ထိမိရုံနဲ့ ပလာစတာ တစ်ခုလို ကပ်ပါလာရတာလဲ။

ချင်မင်၏ ကောင်းကင်အလင်း စွမ်းအားထဲရှိ စေးကပ်ရစ်ပတ်ခြင်း သတ္တိက ၎င်း၏ အသုံးဝင်မှုကို ပြသလိုက်ပြီ ဖြစ်သည်။ သူ အနည်းငယ် ထိတွေ့မိသည်နှင့် တစ်ဖက်လူက ထွက်ပြေးရန် မစဉ်းစားတော့နှင့်။ အရင်ဆုံး သူ၏ လက်ချောင်းဖျားများ၊ ထို့နောက် လက်ဝါးတစ်ခုလုံးက ခရမ်းရောင် လျှပ်စီးသားရဲ၏ သားမွေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး နောက်ဆုံးတွင် သူက တိုက်ရိုက်ပင် ကျောပေါ်သို့ ခွစီးလိုက်တော့သည်။

ချင်မင်က ပြောလိုက်သည်။

"လျှောက်ပြီး မရုန်းနဲ့ ငါ့ကို တစ်နေရာ လိုက်ပို့ပေး"

ခရမ်းရောင် လျှပ်စီးသားရဲက ဒေါသထွက်သွားသည်။ ယဉ်ပါးအောင် လုပ်ရန် အလွန် ခက်ခဲသော မျိုးဗီဇပြောင်း သားရဲ ဖြစ်ရာ ခေါင်းယမ်း၊ အမြီးခါ၊ နောက်ခြေဖြင့် ကန်ကာ သူ့ကို ပြုတ်ကျအောင် ကြိုးစားတော့သည်။

ချင်မင်လည်း သူနှင့် စကားများမနေတော့ဘဲ ရွှတ်ခနဲ အသံနှင့်အတူ ဖြူဖွေးတောက်ပနေသော ဓားရှည်ကို ဆွဲထုတ်ကာ လည်ပင်းပေါ်သို့ တင်ထားလိုက်သည်။ မရလျှင် သတ်ပစ်လိုက်ရန်သာ ရှိတော့သည်။ ထိုတောက်ပနေသော ခရမ်းရောင် လည်ဆံမွေးများ လွင့်ဝဲလာရာ အများအပြား ပြတ်တောက်သွားသည်။

ခရမ်းရောင် လျှပ်စီးသားရဲ၏ ခန္ဓာကိုယ်က တင်းမာသွားပြီး ထပ်မရုန်းရဲတော့ဘဲ တောင်ကြီး၏ အတွင်းပိုင်းသို့ တစ်ချက် ကြည့်လိုက်ပြီးနောက် စတင် အပြေးအလွှား သွားတော့သည်။

ထူထပ်လှသော ညအမှောင်ထုအောက်တွင် ချင်မင်က ခရမ်းရောင် အလင်းမြူများ စီးဆင်းနေသော ခန့်ညားလှပသည့် မျိုးဗီဇပြောင်း သားရဲကြီးပေါ်တွင် စီးနင်းကာ ရွှေကြက်မတောင်ကုန်းဆီသို့ တောက်လျှောက် အလျင်အမြန် ချဉ်းကပ်သွားတော့သည်။

All Chapters