← Chapters

အခန်း (၇၈၄-၇၈၆)

Vol. 53 Ch. 784-786

အခန်း (၇၈၄-၇၈၆)

Vol. 53 Ch. 784-786

အပိုင်း (၇၈၄) ခွဲစိတ်ခြင်း

တစ်နာရီခန့်အကြာတွင် တောင်ဘုရင်သေဆုံးသွားသည့် သတင်းသည် ခရိုင် ၂ တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ မကြာမီမှာပင် တိုက်ပွဲဝင်ပစ္စည်းများ တင်ဆောင်လာသော တောင်ဘုရင်၏ ယာဉ်တန်းမှာ တိုက်ခိုက်ခံလိုက်ရသည်။ သူ၏ ဂိုဏ်းသားအားလုံးနီးပါး အသတ်ခံလိုက်ရပြီး နိမ့်ကျလှသော ဆင်းရဲသားရပ်ကွက်မှ ခွေးလူသားအချို့မှာ ထိုယာဉ်တန်းအတွင်းသို့ မောက်မောက်မာမာဖြင့် ဝင်ရောက်လာကြတော့သည်။ သူတို့သည် တောင်ဘုရင်ကို လုံးဝကြောက်ရွံ့ပုံမရသလို ထွက်ပြေးရန် အစီအစဉ်လည်း မရှိကြပေ။ သူတို့သည် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ လက်နက်များကို ကိုင်ဆောင်ကာ ကင်းစောင့်နေကြသည်။

ကရုဏာအဖွဲ့သည် ထိုသတင်းကို ပထမဦးဆုံး သိရှိခဲ့သော်လည်း စိတ်လိုက်မာန်ပါ မလုပ်ရဲကြပေ။ ညရဲတပ်ဖွဲ့ဝင်များကို လောလောလတ်လတ် အပြတ်အသတ် နှိမ်နင်းခဲ့သော တောင်ဘုရင်မှာ မိမိတို့အဖွဲ့မှ အောက်ခြေလူတန်းစားများ၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝမယုံကြည်နိုင်ကြခြင်း ဖြစ်သည်။

သူတို့ကိုယ်တိုင်ပင် မယုံကြည်နိုင်ကြရာ ခရိုင် ၂ ရှိ အခြားဂိုဏ်းများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ အားလုံးက ထိုတိုက်ပွဲဝင်ပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းကို ထိုခွေးလူသားများက သိမ်းပိုက်ထားသည်ကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အဝေးမှသာ စောင့်ကြည့်နေကြသည်။ ဘယ်သူမှ အနားမကပ်ရဲကြပေ။

နောက်ထပ် တစ်နာရီခန့် ကြာသောအခါ လီဆန်းစီ၏ မိခင်နှင့် ကောင်းမင်တို့သည် စွန့်ပစ်ထားသော မြေအောက်ရထားလမ်း အပေါက်မှ ထွက်လာကြပြီး သူတို့နောက်တွင် ဒဏ်ရာရထားသော တိုက်ခိုက်ရေးသမားများ လိုက်ပါလာကြသည်။ သူတို့သည် တောင်ဘုရင်၏ မျက်နှာဖုံးကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားပြီး သန္ဓေပြောင်း ဦးခေါင်းများစွာကိုလည်း ဆွဲယူလာကြသည်။

ကောင်းမင်သည် တောင်ဘုရင်ကို တင်ဆောင်လာသော အဓိကယာဉ်ပေါ်သို့ လှမ်းတက်လိုက်ပြီးနောက် အသံချဲ့စက်ကို ဖွင့်လိုက်သည်။

“မြို့တော်ကောင်စီရဲ့ တာဝန်ပေါ့လျော့မှုကြောင့် တားမြစ်နယ်မြေအမြောက်အမြားကို မထိန်းချုပ်နိုင်တော့ဘဲ မြို့တော်ကြီးဟာ ဖရိုဖရဲ ဖြစ်ခဲ့ရတယ်၊ ကရုဏာဖောင်ဒေးရှင်းဟာ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ကောင်စီရဲ့ သံသယတွေနဲ့ပဲ တုံ့ပြန်ခံခဲ့ရတယ်၊ ကောင်စီဟာ ကောင်စီဝင်စီမေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို ကရုဏာဘုရားကျောင်းကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့တဲ့ မြို့သူမြို့သား ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ရတယ်၊ အဲ့ဒီနောက်မှာ သူတို့ဟာ တောင်ဘုရင်ကို ခရိုင် ၂ ထဲ စေလွှတ်ပြီး မောက်မာစွာနဲ့ လုယက်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သလို အရမ်းလည်း စက်ဆုပ်ရွံ့ရှာဖို့ ကောင်းပါတယ်၊ ကျုပ်တို့ ကရုဏာဖောင်ဒေးရှင်းဟာ အဲ့ဒီအတွက် ပြန်လည်တုံ့ပြန်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာပါ၊ ဒီနေ့မှာ တောင်ဘုရင်ကို ကျုပ်တို့ သတ်လိုက်တာဟာ ပိုပြီးများပြားတဲ့ လူတွေကို ကာကွယ်ဖို့နဲ့ တရားမျှတမှု၊ မှန်ကန်မှုတွေကို ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်”

ကောင်းမင်သည် သူ၏ကိုယ်ပိုင်အပြစ်များကို မြို့တော်ကောင်စီအပေါ် ဦးစွာပုံချကာ တရားဝင် ရှုတ်ချလိုက်ပြီးနောက် ယာဉ်တန်းကို ခရိုင် ၂ နှင့် ခရိုင် ၃ အစပ်ဆီသို့ ဦးတည်စေလိုက်သည်။ ထို့နောက် တောင်ဘုရင်၏ လုယက်လာသော ပစ္စည်းများကို အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များအား ခွဲဝေပေးလိုက်တော့သည်။

ထိုလုပ်ရပ်၏ သတင်းသည် ဂိုဏ်းအသီးသီး၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး များစွာသော ဂိုဏ်းဝင်များမှာ ကရုဏာဖောင်ဒေးရှင်းထံသို့ အဆက်အသွယ်အမျိုးမျိုးဖြင့် စုံစမ်းကြတော့သည်။ သို့သော်လည်း ကရုဏာဖောင်ဒေးရှင်း၏ ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပင် ဝေဝေဝါးဝါး ဖြစ်နေကြသည်။

ငါတို့က တောင်ဘုရင်ကို သတ်လိုက်တာလား။

ဒါက သုံးနှစ်သားအရွယ် ကလေးတစ်ယောက်က လက်နက်ကိုင်ဓားပြတစ်ယောက်ကို သတ်လိုက်သလိုမျိုး ကွာခြားမနေဘူးလား။

နောက်ဆုံးတွင် ကြင်နာတတ်သော ဘုန်းတော်ကြီးစီရှန့်က ရှေ့ထွက်လာကာ တာဝန်ယူလိုက်ရသည်။ ယခုအချိန်တွင် သူ တွေဝေနေစရာ အကြောင်းမရှိတော့ပေ။ ကောင်းမင်သည် တောင်ဘုရင်ကိုပင် သတ်နိုင်သည်ဆိုပါက ကရုဏာဖောင်ဒေးရှင်း၏ အဆင့်မြင့်အဖွဲ့ဝင်များကို ဆိုလျှင် ပြောနေစရာ မလိုတော့ပေ။ ကောင်းမင်၏ ရိုးရှင်းလှသော ထုတ်ပြန်ချက်များနှင့် နှိုင်းယှဉ်လျှင် ဘုန်းတော်ကြီးစီရှန့်သည် သက်သေအထောက်အထား အမျိုးမျိုးကို လုပ်ကြံဖန်တီးလိုက်ပြီး ကောင်းမင်ပြောသမျှ အရာအားလုံးကို ‘အချက်အလက်အစစ်အမှန်’ များအဖြစ် ပြောင်းလဲကာ ခရိုင်အသီးသီးမှ မြို့သူမြို့သားများထံသို့ တင်ပြလိုက်တော့သည်။

တောင်ဘုရင်၏ သေဆုံးမှုက မြို့တော်ကောင်စီ၏ လျှို့ဝှက်ချက်များကို လုံးဝ ဆုတ်ဖြဲပစ်လိုက်သည်။ သူတို့နှင့် ကရုဏာဖောင်ဒေးရှင်းအကြား ပြန်လည်သင့်မြတ်ရန် လမ်းစမရှိတော့ဘဲ များစွာသော ဂိုဏ်းများကလည်း မြို့တော်ကောင်စီ၏ အားနည်းချက်ကို မြင်တွေ့သွားကြသည်။

အခြေအနေများမှာ ပို၍ပင် ဖရိုဖရဲ ဖြစ်လာလေသည်။ အလုံခြုံဆုံးဟု ယူဆရသော ခရိုင် ၂ သည်ပင် ကရုဏာဖောင်ဒေးရှင်းကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတော့သည်။ အင်အားစုအမျိုးမျိုးက လျှို့ဝှက်မဟာမိတ်များ ဖွဲ့လာကြပြီး ကရုဏာဖောင်ဒေးရှင်းမှာမူ မကြာခဏ ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကို အခွင့်ကောင်းယူကာ လျင်မြန်စွာ နယ်မြေချဲ့ထွင်လာသဖြင့် ယုံကြည်သူဦးရေမှာလည်း အဆမတန် ထိုးတက်လာခဲ့သည်။ မြို့တော်ကောင်စီကို ဗြောင်ကျကျ ဆန့်ကျင်သော အင်အားစုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်။

ကောင်းမင်သည် ကရုဏာဖောင်ဒေးရှင်းကို အရှိန်ပြင်းသော စစ်ယန္တရားကြီးတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ထိုနေရာတွင် ဆက်မနေခဲ့ပေ။ သူသည် ခရိုင် ၇ သို့ သွားရောက်ကာ လီဆန်းစီ၏ မိခင်နှင့် အန်းလွမ်တို့၏ ဦးခေါင်းများကို ပို့ဆောင်ပေးခဲ့သည်။

သူ့မိခင်၏ ထိန်းကျောင်းမှု မရှိတော့သောအခါ လီဆန်းစီသည် ပို၍ပင် ရက်စက်လာပြီး ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ရန်အတွက် သူ့ကိုယ်သူ အနာတရဖြစ်စေသည့် နည်းလမ်းများနှင့် အခြား အစွန်းရောက်နည်းလမ်းများကို အသုံးပြုကာ တိုက်ခိုက်လာတော့သည်။ ကောင်းမင်သည် သူ အချန်ကြာကြာ မထိန်းထားနိုင်တော့ကြောင်း သိသဖြင့် လီဆန်းစီကို နှိမ်နင်းထားနိုင်သည့် နောက်ဆုံးအချိန်လေးကို အသုံးချကာ ပိုင်ဟောက်ကို အချို့အရာများကို မှာကြားခဲ့ပြီးနောက် သူ၏ ထူးဆန်းသော လက်အောက်ငယ်သား သုံးဦးကို ခေါ်ဆောင်ကာ မြေအောက်ဆေးခန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

“ဒါရိုက်တာလီ... ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ၊ ခင်ဗျား နေမကောင်းဖြစ်နေလို့လား”

ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားသော ကျားယိုကျစ်သည် ယခုတွင် လူလိမ်တစ်ယောက်၏ အခန်းကဏ္ဍကို အမှန်တကယ်ပင် နှစ်သက်နေလေသည်။သူသည် သူ၏ နိမ့်ကျသည့် စိတ်ဓာတ်ကို ဖုံးကွယ်ရန် ထိုဝတ်စုံပွပွကြီးကို အသုံးချလျက်ရှိသည်။

သံချေးတက်နေသော သံလှေကားထစ်များကို နင်းဖြတ်ရင်း ကောင်းမင်သည် နောက်လှည့်မကြည့်ဘဲ တိတ်ဆိတ်စွာဖြင့် ရှေ့မှ လျှောက်သွားနေသည်။

“ဒီနေရာက ကျွန်မကို နေလို့မကောင်းအောင် လုပ်နေသလိုပဲ၊ တခြားဆေးခန်းတစ်ခုကို သွားရင် မကောင်းဘူးလား”

အမြဲတမ်း အကဲခတ်ကောင်းသော တင်းရှန်းက နောက်ကနေ၍ ခပ်တိုးတိုး အကြံပြုသည်။

“ဒါရိုက်တာလီ နောက်ကိုသာ လိုက်ခဲ့စမ်းပါ၊ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်၊ ငါတို့တွေက အခက်အခဲပေါင်းစုံကို အတူတူ ဖြတ်ကျော်လာခဲ့ကြတာပဲ၊ ဒါရိုက်တာလီက ငါတို့ကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ”

ကျားယိုကျစ်က ဖော်လံဖားလိုသော အမူအရာဖြင့် ကောင်းမင်အနားသို့ ကပ်လိုက်သည်။

“ဒါရိုက်တာလီ... ခင်ဗျား မျက်လုံးကို ကုဖို့ လာတာလား၊ မြေအောက်ရထားဘူတာက ထွက်လာကတည်းက မျက်လုံးကို ပတ်တီးထူထူကြီးနဲ့ စည်းထားတာပဲ၊ မျက်လုံး ထိခိုက်သွားလို့များလား”

ကောင်းမင်က ဘာမှပြန်မပြောဘဲ ဆေးခန်း၏ သံတံခါးကိုဖွင့်ကာ အနက်ရောင် လိုက်ကာစကို မတင်လိုက်သည်။ ပြင်းထန်သော ပိုးသတ်ဆေးနံ့များက သွေးနံ့နှင့် အသားပုပ်နံ့များကို မဖုံးလွှမ်းနိုင်ပေ။

“ဒါရိုက်တာလီ... အခု ကျွန်တော်တို့ဆီမှာ ပိုက်ဆံတွေ ရှိနေပြီပဲလေ၊ ကုသဖို့အတွက် ပိုကောင်းတဲ့နေရာကို သွားလို့ရတာပဲ”

ကျားယိုကျစ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ဟာသလုပ်ရန် အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်သည်။ လီဆန်းစီက သူ့ကို အန္တရာယ်ပြုလိမ့်မည်ဟု သူ တကယ်မယုံကြည်ပေ။

သံတံခါးပိတ်သွားပြီး မှိန်ပျပျ မီးချောင်းများ လင်းလက်လာသည်။ ကောင်းမင်က ဟောင်းနွမ်းနေသော ဆိုဖာကို ညွှန်ပြကာ အားလုံးကို ထိုင်ရန် အချက်ပြလိုက်သည်။

“မင်းတို့သုံးယောက်က အစကတည်းက ငါနဲ့အတူ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ကြတယ်၊ ဘယ်လောက်ပဲ အန္တရာယ်များတဲ့ အခြေအနေမျိုးမှာမဆို ငါ့ကို ပစ်မသွားခဲ့ကြဘူး”

ကောင်းမင်သည် ဗီရိုထဲမှ ပိုင်ဟောက် ကြိုတင်ပြင်ဆင်ပေးထားသော ‘အရက်ကောင်း’ တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ဖန်ခွက်အချို့ကို ရှာဖွေကာ အားလုံးရှေ့တွင် ချထားလိုက်သည်။

“ငါ တစ်ခု သိချင်မိတယ်၊ မင်းတို့က ငါ့ကို တကယ်ပဲ မထားခဲ့ချင်တာလား၊ ဒါမှမဟုတ် ငါ့ဆီကနေ မထွက်သွားနိုင်တာလား”

“သေချာတာပေါ့... ကျွန်တော်တို့ ခင်ဗျားကို တကယ်မထားခဲ့ချင်တာပါ”

ကျားယိုကျစ်သည် ယင်းကို သိပ်မစဉ်းစားပေ။ သူက ထရပ်ကာ ကောင်းမင်အတွက် အရက်ပင် ငှဲ့ပေးလိုက်သေးသည်။

“အမှန်တရားက မင်းတို့ ထင်ထားတာနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်တယ်၊ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိရအောင် ငါ မင်းတို့သုံးယောက်ကို အမှန်တရားဆီ ခေါ်သွားပေးမယ်”

နောက်ထပ် ဘာမှမပြောတော့ဘဲ ကောင်းမင်သည် ကျားယိုကျစ်က အားလုံး၏ ဖန်ခွက်ထဲ အရက်ဖြည့်ပေးသည်အထိ စောင့်ဆိုင်းပြီးမှ သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။

“ဒီအချိန်တစ်လျှောက်လုံး ငါ့ဘေးမှာ အဖော်လုပ်ပေးခဲ့လို့ မင်းတို့သုံးယောက်ကို ကျေးဇူးတင်ပါတယ်၊ အခုကစပြီး မင်းတို့ကို လွတ်လပ်ခွင့်ပြန်ပေးဖို့ ငါအစွမ်းကုန် ကြိုးစားပေးပါ့မယ်”

“ဒါရိုက်တာလီ နောက်ကို လိုက်ခွင့်ရတာကပဲ ကျွန်တော့်အတွက် အကြီးမားဆုံး လွတ်လပ်ခွင့်ပါဗျာ၊ ကျွန်တော် ဘာမှ ထပ်မပြောတော့ဘူး... ဒီအရက်ထဲမှာပဲ အားလုံးပါတယ်၊ ကျွန်တော် အရင် သောက်လိုက်ပြီ”

ကျားယိုကျစ်က သူ့အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဝူဝေကလည်း သောက်လိုက်သည်။ တင်းရှန်းတစ်ယောက်သာ တွေဝေနေခဲ့ခြင်းဖြစ်သည်။ ကောင်းမင်က သူမကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။

မခုခံနိုင်တော့ဘဲ တင်းရှန်းသည်လည်း သူမ၏ အရက်ကို ကုန်အောင် သောက်လိုက်တော့သည်။

သူတို့ သုံးယောက်စလုံး အရက်ကုန်သွားသည်ကို မြင်သောအခါ ကောင်းမင်ကလည်း သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။

“ငါတို့ရဲ့ အပြစ်မဲ့ခဲ့တဲ့ အတိတ်တွေအတွက်”

ပြင်းထန်လှသော အရက်က သူ့လည်ချောင်းထဲ စီးဆင်းသွားသော်လည်း အရသာမှာ ထူးဆန်းနေသည်။ သူ့လည်ချောင်းတွင် ထုံကျဉ်မှုကို ခံစားလာရပြီး အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာတော့သည်။ ဤအရက်ထဲတွင် အမှောင်ထုကို နှိမ်နင်းပေးနိုင်ပြီး သတိမေ့သွားစေနိုင်သော ဘဝပန်းနှင့် အခြားသော ပစ္စည်းများ ပါဝင်နေခြင်းဖြစ်သည်။

သူ၏လူသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး ကောင်းမင်သည်လည်း ဆိုဖာပေါ်သို့ ခွေကျသွားတော့သည်။

“မင်းတို့ သုံးယောက်ရဲ့ အလောင်းတွေက မြေအောက် ရေနုတ်မြောင်းကွန်ရက်ရဲ့ အနက်ရှိုင်းဆုံး ရေကန်ကြီးထဲမှာ မျောနေကြတာ၊ မင်းတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေကို မြင်ရအောင် ငါ ခေါ်သွားပေးမယ်”

သူသည် အထူးပြုလုပ်ထားသော အရက်ကို တစ်ပုလင်းပြီး တစ်ပုလင်း မော့ချလိုက်သည်။ နောက်ဆုံးတွင် သူနှင့် လီဆန်းစီတို့မှာ သတိမရှိကြတော့ပေ။

အနက်ရောင် ဆေးခန်းအတွင်းမှ လိုက်ကာက ပွင့်ဟသွားပြီး ပေါ်မလာတာ ကြာပြီဖြစ်သော ကျီးကန်းနက်သည် သူရှာဖွေထားသော အခြား အပြင်လူအချို့ကို ဦးဆောင်၍ ထွက်လာခဲ့သည်။ သူတို့သည် ခွဲစိတ်ခန်းသုံးဝတ်စုံများကို လဲလှယ်လိုက်ကြပြီး ကောင်းမင်နှင့် ကျားယိုကျစ်တို့ကို ခွဲစိတ်ကုတင်ပေါ်တင်ကာ ခွဲစိတ်ခန်းအတွင်းသို့ တွန်းပို့လိုက်ကြတော့သည်။

ထိုည ဆယ်နာရီခန့်တွင် ကောင်းမင်နှင့် သူ့လူသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။ သူတို့သည် ဒုက္ခသည်စခန်းသို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။ မည်သည့် အင်္ဂါအစိတ်အပိုင်းမျှ ပျောက်ဆုံးသွားခြင်း မရှိချေ။ သို့သော်လည်း သူတို့ တစ်ဦးစီ၏ ရင်ဘတ်ပေါ်တွင် တစ်စုံတစ်ယောက်က ရင်ဘတ်ကို ဖွင့်ကာ သူတို့၏ နှလုံးသားကို ကြည့်ရှုခဲ့သကဲ့သို့ သို့မဟုတ် တစ်စုံတစ်ခုကို သူတို့၏ နှလုံးသားအတွင်းသို့ ထည့်သွင်းခဲ့သကဲ့သို့ ချုပ်ရိုးဒဏ်ရာတစ်ခုစီ ရှိနေကြလေသည်။

အပိုင်း (၇၈၅) ဒါက အမှန်တရားပဲ

“အရမ်းနာတာပဲ”

ဆေးရုံကုတင်ပေါ် လဲလျောင်းနေရင်း ကျားယိုကျစ်က အော်ဟစ်လိုက်သည်။

“ဒါရိုက်တာလီ... အဲ့ဒီ မှောင်ခိုဆေးခန်းက တကယ့်ကို ယုတ်မာတာပဲ၊ ကျွန်တော့်နှလုံးသားကြီး တစ်ခုလုံး အပြင်ကို ဆွဲထုတ်ခံထားရသလို ခံစားနေရတယ်”

“ရှင့်နှလုံးသားသာ အပြင်ကို ဆွဲထုတ်ခံလိုက်ရရင် ရှင်ဘယ်လို အသက်ရှင်နေဦးမှာလဲ”

ဝူဝေက သူမ၏ အပေါ်အင်္ကျီကို ဝတ်လိုက်သည်။ သူမသည် လီဆန်းစီကို အကြွင်းမဲ့ ယုံကြည်သူဖြစ်ရာ သံသယများ ရှိနေသော်လည်း မေးခွန်းတစ်ခုမျှ မမေးခဲ့ပေ။

ထောင့်တစ်နေရာတွင်မူ ပတ်တီးများ ပတ်ထားသော တင်းရှန်းသည် သူမရင်ဘတ်ပေါ်ရှိ ခြေရာခံ လောက်ကောင်ကြီးတစ်ကောင် တွားသွားနေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ချုပ်ရိုးဒဏ်ရာကို ငုံ့ကြည့်နေမိသည်။

မြေအောက်ဆေးခန်းတွင် ကောင်းမင် ပြောခဲ့သော စကားများမှာ သူမစိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ပြန်လည် ထင်ဟပ်လာနေသည်။

“ငါတို့ရဲ့ အပြစ်မဲ့ခဲ့တဲ့ အတိတ်တွေအတွက်လား”

ဒီမြို့ကြီးထဲမှာ အပြစ်မဲ့တဲ့သူ ရှိသေးလို့လား။

“အဝတ်အစား လဲကြတော့၊ အခုက အနားယူနေရမယ့် အချိန်မဟုတ်ဘူး၊ ငါ မင်းတို့ကို အမှန်တရားဆီ ခေါ်သွားပေးမယ်”

ကောင်းမင်၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ပတ်တီးအထူကြီးများဖြင့် ဖုံးလွှမ်းထားသည်။ သူ့ရင်ဘတ်ပေါ်မှ ဒဏ်ရာသည်လည်း ထပ်တူပင် ကြောက်စရာကောင်းလှပြီး ချုပ်ရိုးတိုင်းမှာ အသားထဲသို့ စူးဝင်နေကာ အနက်ရောင်ချည်မျှင်များက နက်ရှိုင်းသော ဝမ်းနည်းမှုများကို သယ်ဆောင်ထားသကဲ့သို့ ရှိနေသည်။

“ဒါရိုက်တာလီ... တကယ်တော့လေ ကျွန်တော်က အမှန်တရားကို အဲ့ဒီလောက်ကြီး မသိချင်ပါဘူးဗျ”

ကုတင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ကျားယိုကျစ်က ရိုးရိုးသားသားပင် ပြောလိုက်သည်။

“ဒီလိုပဲ နေနေရတာ အဆင်ပြေပါတယ်”

“မြန်မြန်ထစမ်း၊ ဒါရိုက်တာလီ ခိုင်းတာကိုပဲလုပ်၊ ညည်းညူမနေနဲ့တော့”

ဝူဝေက ပိန်လှီသော ကျားယိုကျစ်ကို ဆွဲထူလိုက်သည်။သူမသည် ဒဏ်ရာက သူမကို အနှောင့်အယှက် မဖြစ်စေရန် ကိုယ်လက်လှုပ်ရှားမှုကို စမ်းသပ်ကြည့်လိုက်ပြီး လေးလံလှသော ကင်မရာကို ပေါ့ပေါ့ပါးပါးပင် ကောက်ကိုင်လိုက်သည်။

“ဒါရိုက်တာလီ... ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ”

“ငါ ကြီးပြင်းခဲ့တဲ့နေရာပေါ့၊ ငါ့အတိတ်ကို မင်းတို့ကို ပြမယ်”

ကောင်းမင်သည် တိတ်ဆိတ်နေသော တင်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သူမထံသို့ သန့်ရှင်းရေး ဝတ်စုံတစ်စုံကို ပစ်ပေးလိုက်သည်။

သူတို့ အဝတ်အစားလဲပြီးနောက် အဖွဲ့သည် ဒုက္ခသည်စခန်းမှ ထွက်ခွာခဲ့ကြသည်။ ပိုင်ဟောက်က ကားတစ်စီးကို အသင့်ပြင်ထားပြီးသား ဖြစ်သည်။ ကောင်းမင် ပြုပြင်ပြောင်းလဲပေးထားသော ဝမ်ရှန့်ဂိုဏ်း၏ ထိုဂိုဏ်းချုပ်မှာ ကောင်းမင်ကို ကိုယ်တိုင် ပို့ဆောင်ပေးရန်အတွက် ဒရိုင်ဘာနေရာတွင် အသင့်ထိုင်နေလေသည်။

“မင်းတို့သုံးယောက် နောက်ခန်းမှာပဲ တိုးထိုင်လိုက်ကြ”

ကောင်းမင်က ရှေ့ခန်းတွင် ထိုင်လိုက်သည်။ ကားတံခါးကို လော့ခ်ချကာ ပိုင်ဟောက်၏ အစီရင်ခံစာကို နားထောင်တော့သည်။

“ခရိုင် ၈ က ဂိုဏ်းတွေက မြို့တော်ကောင်စီ အဆောက်အအုံထဲက ဆေးရုံကို လုယက်လိုက်ကြပြီ၊ ခရိုင် ၅ ကတော့ သတင်းအချက်အလက်တွေ ဖြတ်တောက်ခံထားရပြီး အထီးကျန်ကျွန်းတစ်ကျွန်းလို ဖြစ်နေတယ်၊ အထဲမှာ ဘာတွေဖြစ်နေလဲ ဘယ်သူမှ မသိဘူး၊ အခုအချိန်အထိ ကောင်စီဝင်သုံးဦး အသတ်ခံလိုက်ရပြီး နှစ်ဦးပျောက်ဆုံးနေတယ်၊ တားမြစ်နယ်မြေတွေ ထိန်းချုပ်မှု လွတ်သွားတဲ့ ဆိုးကျိုးတွေက ဆက်ပြီး ပြန့်ကားနေတုန်းပဲ၊ ဒါပေမဲ့ ကရုဏာဖောင်ဒေးရှင်း၊ သန့်ရှင်းရေး ကုမ္ပဏီနဲ့ ကောင်စီဝင် အနည်းငယ်လောက်ပဲ ဘေးအန္တရာယ် ကယ်ဆယ်ရေးကို တက်တက်ကြွကြွ လုပ်နေကြတယ်”

“ခရိုင် ၁၃ ဘက်ကကော ဘာသံကြားသေးလဲ”

ကောင်းမင်က ခုံပေါ် မှီထိုင်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ခိုင်လုံတဲ့ သတင်းအရတော့ အနက်ရောင်တောင်တန်း တားမြစ်နယ်မြေက အခြေအနေတွေ ပြန်ကောင်းသွားပြီလို့ သိရတယ်၊ ခရိုင် ၁၃က မြို့တော်ကောင်စီရဲ့ ဌာနချုပ်ဆိုတော့ သူတို့က အဲ့ဒီနေရာကို အချိန်ကြာကြာ ဖရိုဖရဲအဖြစ်ခံမှာ မဟုတ်ဘူး”

“အဲ့ဒီလောက်တောင် မြန်တာလား”

ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အနက်ရောင်တောင်တန်း တားမြစ်နယ်မြေထဲသို့ ရောက်ဖူးသည်။ ထိုအနက်ရောင်တောင်တန်းဆိုသည်မှာ တကယ်တမ်းတွင် အမှောင်ယဇ်ပလ္လင်ပိုင်ရှင်၏ ကြီးမားလှသော အသွေးအသားများပင် ဖြစ်သည်။ အိပ်မက်သရဲသည် အမှောင်ယဇ်ပလ္လင်ကို သိမ်းပိုက်ချင်နေပြီး အနက်ရောင်တောင်တန်း တားမြစ်နယ်မြေလည်း ဖျက်ဆီးပစ်ရမည့် စာရင်းထဲတွင် ပါဝင်နေသည်။

“တခြား သတင်းတွေကော ရှိသေးလား”

“မြို့တော်ကောင်စီအတွင်းမှာ ပြင်းထန်တဲ့ အကွဲအပြဲတွေ ဖြစ်နေတယ်၊ အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးဘူး၊ ပြီးတော့ မင်းစောင့်ကြည့်ခိုင်းထားတဲ့ မီးမျိုးစေ့အဖွဲ့အကြောင်း သတင်းသစ် ရထားတယ်”

ပိုင်ဟောက်က ကျားယိုကျစ်တို့အဖွဲ့ထံ သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်နေသကဲ့သို့ နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်သည်။

“ကိစ္စမရှိပါဘူး၊ သူတို့က ကျုပ်တို့လူတွေပဲ”

“ခရိုင် ၇ က အဓိကဂိုဏ်းကြီး သုံးခုလုံး ပြိုလဲသွားပြီ၊ မီးမျိုးစေ့အဖွဲ့က အကြီးမားဆုံး အောင်နိုင်သူ ဖြစ်လာတယ်၊ ဒါပေမဲ့ သူတို့က နယ်မြေချဲ့ထွင်မယ့်အစား ပုံမှန်နဲ့မတူဘဲ ပုန်းနေကြတယ်၊ အခု ခရိုင် ၇ မှာ မြို့တော်ခန်းမကော ဂိုဏ်းတွေကော မရှိတော့ဘူး၊ မြို့သူမြို့သားတွေ ကိုယ်တိုင် စီမံခန့်ခွဲနေကြပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်နေကြပြီ”

“မီးမျိုးစေ့အဖွဲ့က ပုန်းအောင်းနေတာ မဟုတ်ဘူး၊ သူတို့က ခရိုင် ၇ က လူထုကြားထဲကို ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ နှလုံးသားထဲမှာ တောက်လောင်နေတာပဲ”

ကောင်းမင်က ရှားရှားပါးပါးပင် ပြုံးမိသွားသည်။ သူ မီးမျိုးစေ့အဖွဲ့ဝင်များကို ပထမဆုံး တွေ့စဉ်က သူတို့အားလုံး ထူးဆန်းသည့် လက်မောင်းတံဆိပ်များ ပတ်ထားသည်ကို သတိထားမိကတည်းက ထိုအဖွဲ့နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ သူ ခန့်မှန်းမိခဲ့ပြီးသား ဖြစ်သည်။

သူတို့၏ အထောက်အထားကို ခန့်မှန်းမိသောကြောင့်သာ ကောင်းမင်က အန်းလွမ်၏ ဦးခေါင်းနှင့် လီဆန်းစီရဲ့ မိခင်ကို ခရိုင် ၇ ဆီသို့ ပို့ပေးခဲ့ခြင်းဖြစ်ပြီး သူတို့အား မီးမျိုးစေ့အဖွဲ့အသစ်၏ ခေါင်းဆောင်များ ဖြစ်လာစေခဲ့ခြင်း ဖြစ်သည်။

ကားသည် ခရိုင် ၂ အတွင်းသို့ ဝင်ရောက်လာပြီး မြေအောက် ရေနုတ်မြောင်းကွန်ရက် အဝင်ဝသို့ ရောက်ရှိလာသည်။ လမ်းခရီးမှာ အဆင်ပြေချောမွေ့လှသည်။ ယခုရက်ပိုင်းတွင် သန့်ရှင်းရေး ကုမ္ပဏီများပင်လျှင် ကရုဏာဖောင်ဒေးရှင်းမှ အဆင့်မြင့်အရာရှိများ၏ ကားများကို စစ်ဆေးရန် ဝန်လေးနေကြခြင်းဖြစ်သည်။

သူ၏ အထောက်အထားကို ပြသကာ လွန်ခဲ့သော သုံးမိနစ်ခန့်က လုပ်ကြံဖန်တီးထားသော အကြောင်းပြချက်ကို ပြောပြပြီးနောက် ကောင်းမင်သည် ပိုင်ဟောက်ကို မြေအောက်ရေနုတ်မြောင်း ကွန်ရက် အဝင်ဝတွင် ကင်းစောင့်ခိုင်းထားခဲ့သည်။ သူနှင့် လက်အောက်ငယ်သား သုံးဦးမှာမူ ကွန်ရက်၏ နက်ရှိုင်းသော နေရာဆီသို့ ဦးတည်သွားကြတော့သည်။

သူတို့အပေါ်ရှိ မီးချောင်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ရံဖန်ရံခါတွင် လန့်ဖျပ်သွားသော ကြွက်များ ပြေးလွှားသွားသည်ကို တွေ့ရသည်။ ကောင်းမင်နှင့် သူ့အဖွဲ့သည် ချော်ကျိနေသော ရေညှိများကို နင်းဖြတ်သွားနေကြသည်။သူတို့သည် ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော ရေဆိုးနံ့များကို အံကြိတ်ခံရင်း မြေအောက်ရေနုတ်မြောင်း ကွန်ရက်၏ နက်ရှိုင်းရာနေရာသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်သွားကြသည်။

“ဒါရိုက်တာလီ... ဒီမှာ ‘မဝင်ရ’ ဆိုင်းဘုတ် ရှိတယ်၊ ဒါက တားမြစ်နယ်မြေပဲ”

“ဒါရိုက်တာလီ... ရေထဲမှာ အလောင်းတွေ မျောနေတယ်”

“ဟိုးလီးရှစ်၊ ကျွန်မ ဆယ်မီတာကျော် ရှည်တဲ့ မြွေကြီးတစ်ကောင် မြင်လိုက်တယ်”

“ပြန်ကြရအောင်... နေပါဦး၊ လမ်းက ဘာလို့ ပြောင်းသွားတာလဲ၊ ဒီမှာ လမ်းခွဲမရှိတာ ကျွန်တော် မှတ်မိပါတယ်”

အမှိုက်တောင်များကို ဖြတ်ကျော်၍ ပိုက်လိုင်းများအတွင်းသို့ တွားဝင်ရင်း စွန့်ပစ်ထားသော စောင့်ကြည့်ရေး စခန်းကို ကျော်ဖြတ်လာခဲ့သော်လည်း ကောင်းမင်သည် ဤတစ်ခေါက်တွင် “အဒေါ်ကြီး” ဟု ခေါ်သော အရူးမနှင့် မဆုံခဲ့ရပေ။ သူသည် သူ့လက်အောက်ငယ်သားများကို အမှောင်ထုထဲသို့ ဆက်လက် ဦးဆောင်သွားနေခဲ့သည်။

တားမြစ်နယ်မြေ ၁ တွင်မူ ဘဝရထားများဖြင့် ရက်လုပ်ထားသော ခရီးစဉ်များစွာ ရှိနေသော်လည်း ဤမြေအောက် ရေနုတ်မြောင်း ကွန်ရက်မှာမူ အဆုံးမရှိသကဲ့သို့ ရှိနေလေသည်။ အမှောင်ထုထက် ပိုမိုနက်ရှိုင်းသော မှောင်မိုက်မှုနှင့် အတိုင်းအဆမရှိသော ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေပုံရသည်။

စီးဆင်းနေသော ရေသံက ပိုမိုကျယ်လောင်လာပြီး ကောင်းမင်၏ မျက်နှာပေါ်မှ ပတ်တီးများ အနည်းငယ် လျော့ရဲလာသည်။ သူသည် ဘာကိုမှ မကြည့်တော့ဘဲ လီဆန်းစီ၏ ဆိုးယုတ်မှုများကို သူ့ခန္ဓာကိုယ်အား လွှမ်းခြုံခွင့် ပေးလိုက်တော့သည်။

ရေနုတ်မြောင်းကွန်ရက်၏ အနက်ရှိုင်းဆုံးမှ တစ်စုံတစ်ခုက သူ့ကို ခေါ်ယူနေသကဲ့သို့ ၎င်း၏ ရင်ခွင်ထဲသို့ ဆွဲသွင်းနေသကဲ့သို့ ခံစားရသည်။ ကောင်းမင်သည် ထိုအရာကို မခုခံတော့ဘဲ သူ့စိတ်ဆန္ဒနှင့် အင်အားများကို နှလုံးသားထဲတွင် စုစည်းလိုက်ကာ အင်အားပြည့် ခုန်ပေါက်နေဆဲဖြစ်သော သူ၏ အသွေးအသားခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။

“ရောက်တော့မယ်”

“ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ၊ ဒါရိုက်တာလီ၊ ကျွန်တော် ဘာမှ မမြင်ရတော့ဘူး”

လေထုမှာ ပို၍ စိုထိုင်းလာပြီး ဖော်ပြမရသော အနံ့ဆိုးများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းမှာ သာမန် အလောင်းနံ့မျိုး မဟုတ်ဘဲ မှတ်ဉာဏ်များပင် ပုပ်ဆွေးနေသကဲ့သို့ ခံစားရသည်။

အနက်ရောင် ရေဆိုးများ ဖြည်းညင်းစွာ စီးဆင်းနေပြီး မြို့တော်ကြီး၏ အရုပ်ဆိုး အကျည်းတန်လှသော အရာအားလုံးကို ၎င်း၏အမှောင်ထုအောက်တွင် မြှုပ်နှံထားကြသည်။

မည်မျှကြာအောင် လျှောက်လာခဲ့သည်ကို မသိနိုင်သော်လည်း ကောင်းမင်၏ မျက်နှာပေါ်မှ ပတ်တီးများ ဖြည်းဖြည်းချင်း လျှောကျသွားကာ သူ၏မျက်လုံးနေရာတွင် မှောင်မည်းနေသော အပေါက်အလွတ် နှစ်ခုသာ ကျန်ရှိတော့သည်။

ထိုအပေါက်များ ပွင့်လာသောအခါ ကောင်းမင်သည် နက်ရှိုင်းပြီး မှောင်မည်းနေသော ရေကန်ကြီးတစ်ခုကို မြင်လိုက်ရသည်။

မျက်နှာကြက်တွင် မရေမတွက်နိုင်သော ပိုက်လိုင်းများ ရှိနေပြီး မြို့တော်၏ ရေဆိုးများကို ဤရေကန်ထဲသို့ သယ်ဆောင်ပေးနေခဲ့သည်။ လူသားများ စွန့်ပစ်ထားသော၊ မမြင်ချင်သော လျှို့ဝှက်ချက်များသည် ထိုပိုက်လိုင်းများမှတစ်ဆင့် ရေကန်ထဲသို့ ကျဆင်းလာကာ အမှောင်ထု၏ အစိတ်အပိုင်းများ ဖြစ်လာကြခြင်းဖြစ်သည်။

မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ဝူဝေက ကင်မရာမီးကို ဖွင့်လိုက်ရာ လက်အောက်ငယ်သား သုံးဦးသည်လည်း သူတို့ရှေ့မှ ရေကန်ကြီးကို မြင်လိုက်ရသည်။

သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ထိတွေ့မိသွားပုံ ရသည်။ အမြဲတမ်း စကားများတတ်သော ကျားယိုကျစ်ပင် တိတ်ဆိတ်သွားတော့သည်။

အင်္ကျီလက်အတွင်းမှ သူ့လက်များကို ဆန့်ထုတ်လိုက်ရာ ကောင်းမင်၏ လက်များပေါ်တွင် ဆိုးယုတ်သော အနက်ရောင် သွေးကြောများမှာ ဖောင်းကြွလာသည်။ သားစားကြူးနတ်ဘုရားနှင့် လီဆန်းစီ၏ ဆိုးယုတ်မှုများကို အလွန်အကျွံ အသုံးပြုခဲ့သဖြင့် သူနှင့် လီဆန်းစီသည် တစ်သားတည်း ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် အမှောင်ယဇ်ပလ္လင်အရှင်သခင်၏ ရုပ်သေးရုပ် သို့မဟုတ် အပိုခန္ဓာကိုယ်တစ်ခု တဖြည်းဖြည်း ဖြစ်လာတော့မည် ဖြစ်သည်။

“ဒါက အမှန်တရားပဲ၊ မင်းတို့ မြင်ကြရဲ့လား”

ကောင်းမင်၏ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရာ ရေစိုပြီး ပျက်စီးနေသော အမျိုးသမီး အနုပညာရှင် တစ်ဦး၏ ဓာတ်ပုံကို တွေ့ရလိုက်သည်။ ရေဆိုးများထဲတွင် မျောပါနေသည်မှာ ဖြူဆွတ်နေပြီး ပျော့အိနေသော အလောင်းတစ်လောင်း ဖြစ်သည်။ ၎င်း၏ အဝတ်အစားနှင့် မိတ်ကပ်များအရ တင်းရှန်းနှင့် ဆင်တူနေသည်ကို ဝေဝါးစွာ မြင်နိုင်သေးသည်။

ထိုအမျိုးသမီး အနုပညာရှင် အလောင်းဘေးတွင် ဝူဝေနှင့် ကိုယ်လုံးကိုယ်ပေါက် ဆင်တူသော အထူးချုပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း အမျိုးသမီးတစ်ဦး၏ အလောင်း ရှိနေလေသည်။

ထို့နောက်တွင်မူ ဘရန်းဒက်အဝတ်အစားများ ခြေဆုံးခေါင်းဆုံး ဝတ်ဆင်ထားပြီး မျက်နှာ ပျက်စီးနေသည့် ပိန်လှီသော အလောင်းတစ်လောင်း ရှိနေပြီး ၎င်း၏ အရိုးဖွဲ့စည်းပုံမှာ ကျားယိုကျစ်နှင့် တစ်ထေရာတည်း တူညီလှသည်။

“မင်းတို့ သုံးယောက်က လွန်ခဲ့တဲ့ အချိန်တွေကတည်းက သေဆုံးခဲ့ပြီးသားပဲ၊ ငါ့လက်နဲ့ပဲ ငါကိုယ်တိုင် သတ်ခဲ့တာ”

ကောင်းမင်က သူ့ဘာသာ ပြောလိုက်သည်။

“ငါလို မကောင်းဆိုးဝါးမျိုးနဲ့ ဘယ်သူက အတူနေချင်မှာလဲ၊ ငါ့ဘေးမှာ နေနေတာက ငါကိုယ်တိုင်ပဲ ရှိတာပါ”

အပိုင်း (၇၈၆) ဒါရိုက်တာလီ ထပ်စဉ်းစားပါဦး

သူစကားတစ်ခွန်းပြောလိုက်တိုင်း သူ့နောက်ရှိ လက်အောက်ငယ်သား သုံးဦး၏ မျက်နှာနှင့် ပုံသဏ္ဌာန်များမှာ အနည်းငယ်စီ ပြောင်းလဲသွားသည်။

နောက်ဆုံးတွင် ထိုသုံးဦးလုံးသည် မတူညီသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လီဆန်းစီများ ဖြစ်သွားကြပြီး အေးစက်ကာ မည်သည့်ခံစားချက်မျှ မရှိသော လီဆန်းစီ သုံးယောက် ဖြစ်လာကြတော့သည်။

အနက်ရောင် ရေလှိုင်းများက နံရံများကို ရိုက်ခတ်နေပြီး အဒေါ်ကြီး၏ ပုံရိပ်မှာ တစ်ဖက်ကမ်းတွင် ဝေဝါးစွာ ထွက်ပေါ်လာသည်။ နက်ရှိုင်းသော ရေကန်ကြီးထဲမှ အလောင်းများ ပိုမို ပေါ်ပေါက်လာတော့သည်။

အမှောင်ထုက ကောင်းမင်ထံသို့ တရှိန်ထိုး တိုးဝင်လာသည်။ အဒေါ်ကြီးက လှည့်ကြည့်လာပြီး အလောင်းအားလုံးကလည်း သူ့ကို စိုက်ကြည့်နေကြသည်။

ရေနစ်ခံထားရသဖြင့် ပုပ်ပွနေသော မျက်နှာများသည် တစ်ခုပြီးတစ်ခု လီဆန်းစီ၏ မျက်နှာများ ဖြစ်လာကြလေသည်။ ဤအဆုံးမရှိသော အမှောင်ထုထဲတွင် သူတစ်ဦးတည်းသာ ရှိနေသကဲ့သို့ ခံစားရသည်။

တင်းရှန်း၊ ကျားယိုကျစ်နှင့် ဝူဝေတို့၏ လက်များက ကောင်းမင်၏ ပခုံးပေါ်သို့ ရောက်လာကြသည်။ ပုပ်ပွနေသော အလောင်းများကလည်း ချဉ်းကပ်လာကြသည်။

ဖြူဝင်းနေသော ကလေးလက်တစ်ဖက်က ကောင်းမင်၏ ခြေထောက်ကို လှမ်းကိုင်လိုက်သည်။ မိထွေးဖြစ်သူ၏ ဆံပင်များကလည်း ရေဆိုးများထဲတွင် ထူထပ်သော ရေမှော်ပင်များအလား ပြန့်ကားလာပြီး ကောင်းမင်၏ ခြေထောက်များကို ရစ်ပတ်လိုက်ကြသည်။

မှောင်မည်းနေသော အပေါက်များသာ ကျန်ရှိတော့သည့် သူ့မျက်လုံးများသည် အမှောင်ထုဖြင့် လုံးဝ ပြည့်နှက်သွားသည်။ ရေကန်ထဲမှ သူ့ကို လက်ယပ်ခေါ်နေသော လူများစွာကို သူမြင်လိုက်ရသည်။

နေမကောင်းဖြစ်သော သူ့ဒေါ်လေး၊ သူ့အပေါ် ဘက်လိုက်ခဲ့သော မွေးစားမိခင်၊ ပျောက်ဆုံးနေသော မွေးစားဖခင် နှင့် ရှေ့နေဝတ်စုံကို ဝတ်ဆင်ကာ သူ့ကို သေဒဏ်မှ ကာကွယ်ပေးနေသော သူ့ဖခင်။

သူ၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အားများ၏ ဆွဲငင်မှုကြောင့် ရှေ့သို့ ထိုးကျသွားသည်။ ကောင်းမင်သည် နက်ရှိုင်းသော ရေကန်ကြီးအတွင်းသို့ ကျဆင်းသွားတော့သည်။

ကောင်းမင်နှင့် သက်ဆိုင်သော မှတ်ဉာဏ်များသည် အမှောင်ထုထဲတွင် ပေါ်ထွက်လာပြီး ရေပေါ်က ပန်းချီကားများအလား ခဏအတွင်း မှေးမှိန်ပျောက်ကွယ်သွားကြသည်။

သူ အမှောင်ထုထဲသို့ နစ်မြုပ်သွား၏။ ဆိုးယုတ်မှုများမှာ သေးငယ်ပြီး ချွန်ထက်နေသော ကျောက်စခဲလေးများအလား သူ့သွေးကြောများထဲတွင် လှည့်လည်နေကြသည်။

သူ့အသည်းထဲမှ မရေမတွက်နိုင်သော အင်းဆက်ပိုးမွှားများ ထွက်လာသကဲ့သို့ ခံစားရပြီး သူ့နှလုံး၊ အသည်း၊ သရက်ရွက်နှင့် အစာအိမ်တို့ကို ကိုက်ခဲဆွဲငင်ကာ အောက်သို့ ဆွဲချနေကြသည်။ အော်ဟစ်သံများ မရှိ၊ အကူအညီ တောင်းခံသံများမရှိဘဲ ကောင်းမင်သည် သူ နစ်မြုပ်နေသည်ကိုသာ အကူအညီမဲ့စွာ ကြည့်နေမိသည်။ သူသည် အဆုံးမရှိသော အမှောင်ထုထဲသို့ တရွေ့ရွေ့ နစ်မြုပ်သွား၏။ ရေများက သူ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့အတွင်းသို့ စီးဝင်လာတော့သည်။

ကောင်းမင်သည် အနက်ရောင် ပင်လယ်ပြင်ကြီးပေါ်တွင် လဲလျောင်းနေရသည့်အလား ခံစားနေရသည်။ အပေါ်တွင် လပြည့်ဝန်းကြီးကို မြင်နေရဆဲဖြစ်ပြီး ၎င်းမှာ သူ့ကို ထောက်ပံ့ပေးထားသော အင်အားဖြစ်သော်လည်း လမင်းကြီးနှင့် သူ၏ အကွာအဝေးမှာ ပို၍ ဝေးကွာသွားသည်။ နူးညံ့လှသော ဆံချည်မျှင်လေးများကဲ့သို့ လရောင်တန်းလေးများက သူ့လက်များကို ရစ်ပတ်ထားသော်လည်း နောက်ဆုံးတွင် ပြတ်တောက်သွားကြသည်။ သူ၏ ကိုယ်ပိုင် နှလုံးသားကြိုးမျှင်များ ပြတ်တောက်သွားသကဲ့သို့ ထိုအမျှင်တန်းလေးများ တစ်ခုပြီးတစ်ခု ပြတ်တောက်သွားသည်ကို သူကြည့်နေမိသည်။ သူ့နှလုံးသားမှာ အပိုင်းပိုင်း ကွဲကြေနေပြီဟု ခံစားနေရသော်လည်း ကွဲကြေနေသည့်တိုင် သူသည် ဆက်လက် အသက်ရှင်နေဦးမည် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော်သရဲတက်တူးကို သူငုံ့ကြည့်လိုက်သည်။ သစ်ပင်တစ်ပင်၏ အနှစ်ကွင်းများအလား ရှိနေသော ၎င်း၏ ရှုပ်ထွေးဆန်းကြယ်သော ပုံစံကွက်များသည် ယခုမူ ပုဆိန်များဖြင့် ခုတ်ထစ်ခြင်း ခံနေရသည်။ မျှော်လင့်ချက်အားလုံးမှာ ထိုအနှစ်ကွင်းများ၏ သွေးကြောများအတိုင်း လျှောကျသွားခဲ့သည်။ သူသည် အမှောင်ထု၏ တစ်စစီ ဆုတ်ဖြဲခြင်းကို တတိတိ ခံစားနေရပေသည်။

မှိန်ပျပျ အလင်းရောင်ထဲတွင် တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်နေသည်ကို သူကြားလိုက်ရသည်။ သူသည် မျက်လုံးများကို အားယူဖွင့်လိုက်ရာ ဤအောက်ခြေမဲ့ ရေကန်ကြီးအတွင်းသို့ မြို့တော်တစ်ခုလုံး၏ အမှိုက်သရိုက်များအားလုံး နစ်မြုပ်နေသည်ကို မြင်လိုက်ရသည်။

အပိုင်းပိုင်းကွဲနေသော မြူးဇစ်ဘောက်များ၊ ခေါင်းမရှိသော အရုပ်များနှင့် အလောင်းများ၏ ဖူးယောင်နေသော မျက်နှာများသည် ကောင်းမင်၏ နားများနှင့် ကပ်နေကြသည်။

ဤနေရာကြီးသည် မြို့တော်တစ်ခုလုံးတွင် အမှောင်မိုက်ဆုံး၊ အရှုပ်ထွေးဆုံးနှင့် အညစ်ပတ်ဆုံး နေရာဖြစ်ပြီး အတောက်ပဆုံးသော အလင်းရောင်ပင်လျှင် ဝင်ရောက်ရန် မဝံ့ရဲသော နေရာဖြစ်သည်။

ရေဆိုးများက သူ့မျက်လုံးများကို စပ်ဖျင်းဖျင်းဖြစ်စေသဖြင့် အရုပ်ဆိုး အကျည်းတန်မှု အားလုံးကို သူ ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။ မြို့သူမြို့သားများ စွန့်ပစ်ထားသော ဆိုးယုတ်မှုများသည် ပျောက်ကွယ်သွားခြင်း မရှိဘဲ ဤနေရာတွင် မြှုပ်နှံခံထားရသည်။ ၎င်းတို့သည် တစ်နေ့တွင် အလုံးစုံ ပေါက်ကွဲထွက်လာရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ထိုခံစားချက်အားလုံး၏ အနက်ရှိုင်းဆုံးနေရာ ဆိုးယုတ်မှုအားလုံး၏ ဗဟိုချက်တွင် ကောင်းမင်သည် ထူးဆန်းသော ယဇ်ပလ္လင်တစ်ခုကို မြင်လိုက်ရသည်။

အညစ်ညမ်းဆုံး ရေဆိုးများထဲတွင် နစ်မြုပ်နေသော ထိုယဇ်ပလ္လင်သည် မြို့တော်၏ အပြစ်များနှင့် မခံစားနိုင်သော မှတ်ဉာဏ်များကို ထိန်းသိမ်းထားသည်။ ၎င်းမှာ အမှောင်ထုအားလုံး၏ မြစ်ဖျားခံရာဖြစ်ပြီး ကံဆိုးမှုအားလုံး၏ တရားခံလည်း ဖြစ်သည်။ ကောင်းမင်သည် အမှောင်ယဇ်ပလ္လင် အမျိုးမျိုးကို စိတ်ကူးကြည့်ဖူးသော်လည်း တကယ်တမ်း မြင်တွေ့လိုက်ရသော အခါမှသာ အရာအားလုံးက သူစိတ်ကူးထားမှုနှင့် ကွဲပြားနေကြောင်း သိလိုက်ရသည်။

ထိုယဇ်ပလ္လင်က ရင်းနှီးကျွမ်းဝင်နေသလို ခံစားရသည်။ ၎င်းက သူ့ကို အနားသို့ ချဉ်းကပ်ချင်စိတ်၊ ထိတွေ့ချင်စိတ်နှင့် တစ်သားတည်း ဖြစ်ချင်စိတ်တို့ကို ဖြစ်ပေါ်စေပြီး ထိုသို့ပြုလုပ်လိုက်လျှင် ဆင်းရဲဒုက္ခများ ပြီးဆုံးသွားမည်ဟု ခံစားရစေသည်။

အမှောင်ထုဆိုတာ တကယ်တော့ ဘာလဲဆိုတာကို ကောင်းမင် အမြဲ သိချင်ခဲ့သည်။ ၎င်းသည် အမှောင်ထု၏ စွမ်းအားကို ထိန်းချုပ်ခြင်းဖြစ်ပါက သူကိုယ်တိုင်လည်း အမှောင်ထုထဲတွင် နေထိုင်သူဖြစ်ပေသည်။ သို့သော် ဤအရာမှာ အမှောင်ယဇ်ပလ္လင်ပိုင်ရှင် ရှာဖွေနေသောအရာနှင့် သိသိသာသာ ကွဲပြားနေသည်။

အဖြေများ မရှိသလို လွတ်မြောက်ရန် လမ်းစလည်း မရှိပေ။ ကောင်းမင်သည် ယခုတွင် ထိုအရာနှင့် ခွဲခြား၍မရအောင် ဖြစ်နေပြီဖြစ်သည်။

လီဆန်းစီ၏ ဆိုးယုတ်မှုများက ကောင်းမင်၏ ခန္ဓာကိုယ်ကို ဝါးမျိုလိုက်ပြီဖြစ်သည်။ သွေးကြောတိုင်းမှာ မည်းနက်သွားပြီး သူ့နားများကလည်း ဟန်ဟိုင်း၏ အသံကို မကြားနိုင်တော့ပေ။ သူ၏ မျက်တွင်းအပေါက်များတွင်လည်း အမှောင်ထုသာ ကျန်ရစ်တော့သည်။ သူ့နှလုံးသားတစ်ခုတည်းသာ ဆက်လက် ခုန်ပေါက်နေခဲ့ခြင်းဖြစ်သည်။

ထိုအသွေးအသားနှလုံးသားသည် သူနှင့်သာ သက်ဆိုင်ခြင်းဖြစ်သည်။ တားမြစ်နယ်မြေတွင် တောင်ဘုရင်နှင့် တိုက်ခိုက်ခဲ့စဉ်က လီဆန်းစီသည် သူ့နှလုံးသားထဲမှ ဆိုးယုတ်မှုအားလုံးကို ထုတ်လွှတ်ခဲ့ရာ ကောင်းမင်က ထိုအခွင့်အရေးကို အသုံးချ၍ သူ့နှလုံးသားကို သွေးမြို့တော်ပုံစံကွက်များဖြင့် ချိပ်ပိတ်ပစ်ခဲ့သည်။

သေးငယ်သော အနက်ရောင် သွေးကြောများက သွေးမြို့တော်တက်တူးများကို အစားထိုးလိုက်သည်။ ကောင်းမင်၏ စိတ်ဆန္ဒမှာ အနက်ရောင် ပင်လယ်ပြင်ကြီးပေါ်ရှိ ဖယောင်းတိုင်မီးအလား တဖျတ်ဖျတ် တုန်ခါနေခဲ့သည်။ မိနစ်အနည်းငယ်အတွင်း သူပိုင်ဆိုင်သမျှ အရာအားလုံးကို လီဆန်းစီက ဝါးမျိုသွားပေတော့မည်။ အမှောင်ယဇ်ပလ္လင်သည် ကောင်းမင်နှင့် ပေါင်းစည်းခြင်းအားဖြင့် ဟန်ဟိုင်းနှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို ရရှိသွားမည် ဖြစ်သည်။ ၎င်းက အပြင်လူတိုင်း၏ ပုံပန်းသဏ္ဌာန်ကို သိရှိသွားပေလိမ့်မည်။

သူ့ခန္ဓာကိုယ်က ယဇ်ပလ္လင်ဘေးသို့ နစ်မြုပ်သွား၏။ ဤနည်းဖြင့်သာ သူသည် ယဇ်ပလ္လင်အနား ကပ်နိုင်မည် ဖြစ်သည်။

“မင်း ရှုံးသွားပြီ”

“မင်း ပြောင်းလဲခဲ့သမျှ အရာအားလုံးက မူလလမ်းကြောင်းအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်၊ မင်းကတော့ ယဇ်ပလ္လင်အတွက် အာဟာရ ဖြစ်လာလိမ့်မယ်”

“ငါတို့အားလုံးက အမှောင်ထုထဲမှာ နေထိုင်နေကြတာ၊ တကယ်လို့ အလင်းရောင်ကို မြင်နေရရင် ဒါက အမြင်မှားတာပဲ၊ တကယ်လို့ နှလုံးသားထဲမှာ မျှော်လင့်ချက် ရှိနေရင် ဒါက ဝိညာဉ်ရဲ့ အပြစ်ပဲ”

“နောက်ဆုံးအနေနဲ့ ငါ့အမေကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ဒါက ငါ ဘယ်တော့မှ မလုပ်နိုင်ခဲ့တဲ့ အရာပဲ”

လီဆန်းစီ၏ အသံက သူ့ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် နှလုံးသားမှလွဲ၍ ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်း အားလုံးကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

အမှောင်ထဲက ယဇ်ပလ္လင်သည် လက်နှစ်ဖက်ကို ဆန့်တန်းထားသော မိခင်တစ်ဦးနှင့် တူပြီး လီဆန်းစီမှာမူ သူမ၏ ရင်ခွင်ထဲသို့ ကျဆင်းသွားသော သားငယ်တစ်ဦးအလား ရှိနေသည်။

လီဆန်းစီနှင့် ကောင်းမင်တို့သည် ပြီးပြည့်စုံသော အမှောင်ထုတွင် အနားယူနေကြပြီး သူတို့၏ ဝိညာဉ်နှစ်ခုမှာ ထူးထူးခြားခြား ငြိမ်သက်နေကြသည်။

“ငါ့အသိစိတ် ပျောက်ကွယ်သွားမှာကို မင်း စောင့်နေတာလား”

ကောင်းမင်၏ အသိစိတ်သည် သေးငယ်သော ကြယ်ရောင်လေးတစ်ခုအလား စုစည်းနေခဲ့သည်။

“ဒါကို မင်း ငါ့အမေကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တာလို့ပဲ သဘောထားလိုက်ပါ”

“ငါ စိတ်ပျက်အားငယ်နေပြီလို့ မင်းထင်နေတာလား”

“မဟုတ်ဘူးလား”

လီဆန်းစီက ရေရွတ်လိုက်သည်။ သူ့တွင် သူငယ်ချင်းမိတ်ဆွေဟူ၍ မရှိပေ။ ကျားယိုကျစ်၊ တင်းရှန်းနှင့် ဝူဝေတို့မှာ အမှောင်ယဇ်ပလ္လင်မှ ဖန်တီးထားသော သူ၏ ပုံရိပ်ယောင်များသာ ဖြစ်သည်။ ကောင်းမင်သည် သူ့ဘဝနှင့် မှတ်ဉာဏ်များအတွင်းသို့ အမှန်တကယ် ဝင်ရောက်လာခဲ့သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။

“ငါ ဘယ်တော့မှ စိတ်ပျက်အားငယ်မှာ မဟုတ်ဘူး”

ကောင်းမင်၏ ရယ်သံသည် သူ၏စိတ်ဆန္ဒထံမှ ထွက်ပေါ်လာပြီး ထိုစိတ်ဆန္ဒ၏ မီးလျှံများမှာ တုန်ခါနေခဲ့သည်။

“ဒီကမ္ဘာကြီးက ငါမရှိဘဲ ပိုကောင်းသွားမယ်ဆိုရင် ငါ့ရဲ့ သေခြင်းတရားကိုသုံးပြီး လူတိုင်းအတွက် အခွင့်အရေးတွေ ပိုရအောင် ငါတိုက်ပွဲဝင်သွားမယ်”

ဝါးမျိုခံရလုဆဲဆဲ ထိုစိတ်ဆန္ဒသည် ဥက္ကာခဲတစ်ခုအလား အရာအားလုံးကို လောင်ကျွမ်းစေရင်း သွေးမြို့တော်သရဲတက်တူး ရေးထွင်းထားသော နှလုံးသားအတွင်းသို့ ဝင်တိုက်ချလိုက်တော့သည်။

ကြောက်စရာကောင်းလှသော ဒဏ်ရာကြီးတစ်ခု ပွင့်ထွက်သွားသည်။ ကောင်းမင်သည် သူ့နှလုံးသားထဲတွင် ဟန်ဟိုင်းသွေးမြို့တော်၏ ကျိန်စာများနှင့်အတူ ညရဲတပ်ဖွဲ့ဝင် ပထမမျိုးဆက်များ ရှာဖွေဖော်ထုတ်ထားသော အထူးဗုံးတစ်လုံးကို မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။

သူသည် သူ့လက်အောက်ငယ်သား သုံးဦးကို မှောင်ခိုဆေးခန်းသို့ ခေါ်သွားပြီး ခွဲစိတ်မှုလုပ်ခဲ့ခြင်းမှာ ဤအရာကို သူတို့၏ နှလုံးသားထဲတွင် ဝှက်ထားရန်အတွက် ဖြစ်သည်။ သူသည် လီဆန်းစီ၏ နှလုံးသားထဲမှ ဆိုးယုတ်မှုများကို နှိုးဆွခဲ့သည်။ ဆေးများကို အသုံးပြု၍ သူ့ကိုယ်သူနှင့် လက်အောက်ငယ်သား သုံးဦးကို သတိမေ့သွားအောင် လုပ်ခဲ့သည်။ ဤအရာအားလုံးမှာ လီဆန်းစီကို လှည့်ဖြားရန်နှင့် အမှောင်ယဇ်ပလ္လင်နှင့် အနီးကပ်ဆုံး ရောက်ရှိနိုင်မည့် အခွင့်အရေးကို ဖန်တီးရန်အတွက်ပင် ဖြစ်သည်။

မပြောသင့်သူယဇ်ပလ္လင်ကမ္ဘာသည် အိပ်မက်သရဲများအပေါ် အဆမတန် ဖိနှိပ်မှု ရှိနေသဖြင့် ကောင်းမင် တစ်ဦးတည်းနှင့် အောင်မြင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ စတေးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကောင်းမင်၏ အစီအစဉ်တွင် နောက်ဆုံးအကွက်မှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ သူ လူထုရှေ့သို့ စတင် ထွက်ပေါ်လာကတည်းက ဤနောက်ဆုံးအဆင့်ကို ကြိုတင်မြင်ယောင်ထားခဲ့ပြီးသား ဖြစ်သည်။

“အမှောင်ယဇ်ပလ္လင်ထဲကို ဝင်လာတဲ့ အိပ်မက်သရဲက တစ်ကောင်တည်း မဟုတ်ဘူး၊ ငါတို့ ဒီဂိမ်းကို အနိုင်ရဖို့ ဟန်ဟိုင်းရဲ့ အင်အားတစ်ဝက်ကို စုစည်းရလိမ့်မယ်၊ ငါတို့ ရှုံးလို့မဖြစ်ဘူး၊ တစ်ခါလေးတောင် ရှုံးလို့မရဘူး”

ကောင်းမင်သည် နတ်ဘုရား၏ စိတ်ဆန္ဒကို ဖျက်ဆီးခဲ့ပြီးသား ဖြစ်သည်။ အကယ်၍ သူသည် အမှောင်ယဇ်ပလ္လင်ကို ဖျက်ဆီးပြီး မြို့တော်၏ အခြေခံအုတ်မြစ်ကို လှုပ်ခါစေနိုင်ပါက ဟန်ဟိုင်း၏ အခြားအိပ်မက်သရဲများမှာ ဤနေရာကို လုံးဝဝါးမျိုနိုင်မည့် အခွင့်အရေးကောင်းကို ရရှိသွားကြမည်ဖြစ်သည်။၎င်းတို့ထဲမှ ပထမဆုံးသော စစ်မှန်သည့် ‘မပြောသင့်သူတည်ရှိမှု’ ကို မွေးဖွားပေးနိုင်လိမ့်မည် ဖြစ်သည်။

ကောင်းမင်သည် အနည်းငယ်မျှ တွေဝေနေခြင်းမရှိဘဲ သူ့နှလုံးသားထဲမှ အထူးဗုံးကို အနီးကပ် ဖောက်ခွဲလိုက်တော့သည်။

သူ့နှလုံးသားထဲမှ ဗုံးသည် လီဆန်းစီကို သတ်ရန်အတွက် ဖြစ်ပြီး နတ်ဘုရားကဲ့သို့သော သူ့စိတ်ဆန္ဒကို ဖျက်ဆီးလိုက်ခြင်းမှာ အမှောင်ယဇ်ပလ္လင်ကို အပြင်းထန်ဆုံး ထိခိုက်စေရန်အတွက် ဖြစ်သည်။ လီဆန်းစီ၏ ဝါးမျိုခြင်း မခံရမီ နောက်ဆုံးအချိန်လေးတွင် အမှောင်ယဇ်ပလ္လင်အတွင်းသို့ ပေါင်းစည်းမသွားမီ နောက်ဆုံးခဏလေးတွင် ကောင်းမင်သည် သေခြင်းတရားကို ရွေးချယ်ခဲ့ချေသည်။ သားစားကြူးနတ်ဘုရားမှာလည်း အမှောင်ယဇ်ပလ္လင်အတွင်း၌ ပျက်စီးသွားရန် ဆုံးဖြတ်ခဲ့သည်။

တစ်ယောက်က လီဆန်းစီကို သေခြင်းတရားဆီသို့ ဆွဲခေါ်သွားပြီး နောက်တစ်ယောက်ကမူ သူ့ကို ဝါးမျိုချင်နေသော အမှောင်ယဇ်ပလ္လင်ကို ပြိုလဲသွားစေရန် သူ၏ အသားအားလုံးကို စတေးပစ်လိုက်သည်။

ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ အရိုးများကို လောင်စာအဖြစ် အသုံးချကာ သေခြင်းတရားမှတစ်ဆင့် သွေးနီရောင်မီးလျှံများကို ထုတ်လွှတ်လိုက်ကြသည်။ ထိုမီးလျှံများဖြင့် မြို့တော်၏ ဆိုးယုတ်မှုများ စုဝေးရာ မြေအောက်ရေကန်ကြီးကို ပထမဆုံးအကြိမ်အဖြစ် အလင်းပေးလိုက်ကြတော့သည်။

ဟန်ဟိုင်းမှ အလင်းရောင်က ယဇ်ပလ္လင်ကို ဖုံးလွှမ်းထားသော အမှောင်ထုကို ထိုးဖောက်သွားသည်။

“ငါ တတ်နိုင်သမျှ အားလုံး လုပ်ခဲ့ပြီးပြီ၊ ကျန်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တော့တယ်”

All Chapters