အခန်း (၇၉၀-၇၉၂)
Vol. 53 Ch. 790-792
အပိုင်း (၇၉၀) သွေးမြို့တော်ကို ပြန်လည်ဆောက်ပြီ
လက်တွေကမ္ဘာနှင့် အတွင်းကမ္ဘာအကြားရှိ လမ်းကြောင်းမှာ လင်းထိန်နေခဲ့သည်။ အမှောင်ထုကြီး ဆုတ်ခွာသွားပြီး သွေးရောင်မီးလျှံများ ပြင်းပြင်းထန်ထန် တောက်လောင်နေသည်မှာ အိပ်မက်တစ်ခုနှယ် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
ကောင်းယန်၏ အသံက မီးလျှံများအတွင်းမှ ခုန်ထွက်လာသည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သည် ပုန်းကွယ်နေဆဲဖြစ်ပြီး စွမ်းအားအသစ်နှင့် အသားကျအောင် လုပ်ဆောင်နေပုံရသည်။
“မင်း တကယ်ပဲ သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်ပြီးပြီလား၊ အဲ့ဒါကို ပြန်တည်ဆောက်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းသိရဲ့လား”
တစ်ချိန်က ဦးနှောက်တစ်ခုတည်းသာ ရှိခဲ့သော နံပါတ် ၂ သည် မပြောသင့်သူများထဲတွင် အမျှော်အမြင်အရှိဆုံးသူ ဖြစ်သည်။
“မပြောထိုက်သူ၊ မကြားထိုက်သူ၊ မသိထိုက်သူ ဆိုတဲ့ မပြောသင့်သူအဆင့်သုံးမျိုးရှိတယ်၊ မင်းတို့ ဟန်ဟိုင်းက မပြောသင့်သူ နယ်ပယ်ထဲကို အခုမှခြေချရုံရှိသေးတဲ့ အိပ်မက်သရဲတစ်ကောင်ပဲ ရှိတာ၊ သွေးမြို့တော်တစ်ခုလုံးရဲ့ ဖိအားနဲ့ နာကျင်မှုကို မင်း လုံးဝခံနိုင်မှာ မဟုတ်ဘူး”
ကျင်းထောင်ရှန်း အပါအဝင် လူအုပ်ကြီးမှာ နံပါတ် ၂ ကို လျစ်လျူရှုထားကြသည်။ လူတိုင်းက လမ်းကြောင်းအတွင်း တောက်လောင်နေသော မီးလျှံများကိုသာ စိုက်ကြည့်နေကြလေသည်။ သူတို့သည် ထိုမီးလျှံများထဲတွင် ကောင်းယန် ရပ်နေသည်ကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။
ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်ခြင်းသည် ဟန်ဟိုင်းတွင် နေထိုင်ကြသော သရဲတစ္ဆေတိုင်းအတွက် ထူးခြားသော အဓိပ္ပာယ်ရှိပေသည်။
“သဘောတူတယ်”
အကြင်နာဆုံးဖြစ်သလို အတင်းကြပ်ဆုံးလည်းဖြစ်သော ယန်ရှီကျီးက ပထမဆုံး စကားပြောလိုက်သည်။
သူမနောက်တွင် လူများစွာက ထပ်မံသဘောတူလိုက်ကြသည်။ စုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းရေးမှူးများပင်လျှင် သူတို့၏မျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ပေါ်ပေါက်နေခဲ့သည်။
မွေးနေ့ဖယောင်းတိုင်များ တောက်လောင်လာပြီး မီးလျှံများနှင့် ပေါင်းစည်းသွားသည်။ တစ္ဆေဆုတောင်းက ကောင်းယန်ကို ထောက်ခံကြောင်း လက်တွေ့ပြသလိုက်သောအခါ ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ လူအားလုံးက ကောင်းမင်ကို နောက်ဆုံးတွင် လှည့်ကြည့်လိုက်ကြသည်။
“သဘောတူတယ်”
အိပ်မက်သရဲသုံးကောင်လုံးက ယင်းကို သဘောတူလိုက်ကြရာ နံပါတ် ၂ မှာ ရူးမတတ် ဖြစ်သွားတော့၏။
“အရူးတွေပဲ၊ မင်းတို့က မြို့တော်တစ်ခုလုံးရဲ့ အသက်တွေနဲ့ အလောင်းအစားလုပ်နေကြတာပဲကွ”
“ရှင်းလု သွေးမြို့တော်က တခြားသွေးမြို့တော်တွေရဲ့ အာရုံစိုက်မှုကို ငါတို့အတွက် ဆွဲထုတ်ပေးထားတာ၊ အခု ငါတို့ ဒါကို မဖြေရှင်းခဲ့ဘဲ ရှင်းလု သွေးမြို့တော်သာ ခွဲယူခံလိုက်ရရင် ဘေးကပ်ဆိုးက ငါတို့ဆီကို ကျရောက်လာဦးမှာပဲ”
ကောင်းယန်က ဤအချက်ကို ထည့်သွင်းစဉ်းစားထားပြီးဖြစ်သည်။
“ငါ အိပ်မက်သရဲ သုံးကောင်နဲ့အတူ ဟန်ဟိုင်းကို ပြန်သွားမယ်၊ ကျန်တဲ့လူတွေထဲက အချို့ကတော့ အတွင်းကမ္ဘာဆီကို သတင်းပို့ဖို့အတွက် မင်းတို့နဲ့အတူ ရှင်းလုသွေးမြို့တော် လမ်းကြောင်းထဲကို လိုက်သွားကြလိမ့်မယ်”
မီးလျှံများထဲမှ တစ်ခု ပြုတ်ကျလာသည်။ ဟွမ်ရင်၏ အမှောင်ကျိန်စာသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး ကောင်းမင်၏ အသားကျိန်စာ တစ်ခုတည်းသာ ကျန်ရှိတော့သည်။
“ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်တည်ဆောက်ပြီးရင် ငါတို့ ပြန်လာခဲ့မယ်၊ အဲ့ဒီအခါကျရင် ငါတို့က အခုလိုမျိုး သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေမှာ မဟုတ်တော့ဘူး”
ကောင်းယန်က ဟွမ်ရင်ကို ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းအတွင်းသို့ ဝင်လာရန် ပေါ့ပေါ့ပါးပါး ဖိတ်ခေါ်လိုက်ပြီး သူတို့၏ ကံကြမ္မာများကို ချည်နှောင်ပေးလိုက်သည်။ အကယ်၍ ကောင်းမင် သေဆုံးပြီး ပြန်လည်မွေးဖွားလာပါက ဟွမ်ရင်သည်လည်း ညှင်းပန်းနှိပ်စက်ခန်းအတွင်း၌ အစသစ်တစ်ခုကို ရရှိမည်ဖြစ်သည်။
“ကျုပ် သူတို့နဲ့အတူ ရှင်းလုသွေးမြို့တော်ကို လိုက်သွားမယ်”
ပထမဆုံး ညရဲ၏ စိတ်ဆန္ဒကို ဆက်ခံထားသော ပိုင်ရှောင်က ရှေ့တိုးလာ၏။
“ဟွမ်ရင်က နံပါတ် ၂ ရဲ့ အသိစိတ်အပိုင်းအစကို မခံနိုင်ပေမဲ့ ကျုပ် ခံနိုင်တယ်”
“ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ”
ကောင်းမင်က ဆုံးဖြတ်ချက်ချလိုက်ပြီး နံပါတ် ၂ ၏ ကျန်ရှိနေသော အသိစိတ်နှင့် စကားပြောစက်ကို ပိုင်ရှောင်ထံ လွှဲအပ်ပေးလိုက်သည်။ သရဲအချို့ကိုလည်း ပိုင်ရှောင်လက်အောက်သို့ ထည့်ပေးလိုက်သည်။
သူတို့ ညှင်းပန်းနှိပ်စက်ခန်းထဲမှ ထွက်ခွာသွားပြီးနောက် ကောင်းယန်နှင့် ကောင်းမင်တို့က သူတို့အပေါ်တွင် အမှတ်အသားများ အသီးသီး ချန်ထားခဲ့ကြသည်။ ပိုင်ရှောင်နှင့် နံပါတ် ၂ တို့သည် ရှင်းလုတွင် ဟန်ဟိုင်းသွေးမြို့တော် ဆင်းသက်လာမည့် တည်နေရာပြ အမှတ်အသားများ ဖြစ်လာကြပေလိမ့်မည်။
အဖွဲ့နှစ်ဖွဲ့မှာ လမ်းခွဲလိုက်ကြသည်။ တစ်ဖွဲ့က ပိုမိုနက်ရှိုင်းသော အတွင်းကမ္ဘာအတွင်းသို့ ဝင်သွားပြီး ကျန်တစ်ဖွဲ့မှာမူ လက်တွေ့ကမ္ဘာသို့ ပြန်လာခဲ့ကြသည်။
တောက်လောင်နေသော မီးလျှံများက ကောင်းမင်၏ ညှင်းပန်းနှိပ်စက်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ ကောင်းယန်သည် ညှင်းပန်းနှိပ်စက်ခန်း၏ ထူးခြားချက်များကို သတိထားမိသော်လည်း ညှင်းပန်းနှိပ်စက်ခန်းအတွင်းသို့ ဝင်ရန်သာ ရွေးချယ်ခဲ့သည်။သူသည် ကောင်းမင်ကို ယခင်ကထက် ပိုမိုယုံကြည်လာခဲ့သည်။
“မင်း မပြောသင့်သူဖြစ်လာတော့ ဘာတွေ မြင်ခဲ့ရလဲ”
ကောင်းယန်သည် မပြောသင့်သူဖြစ်လာပြီးနောက် ထူးခြားသွားသည်ကို ကောင်းမင် ခံစားမိသည်။ သူသည် အသေးစိတ်ကို မေးမြန်းရန် ကြိုးစားသော်လည်း ကောင်းယန်က နှုတ်ဆိတ်နေပြီး သူ၏ အစစ်အမှန်စွမ်းရည်များကိုပင် ထုတ်မပြောသဖြင့် အလွန်လျှို့ဝှက်ဆန်းကြယ်နေသည်။
လက်တွေ့ကမ္ဘာတွင် မသေဆေးကုမ္ပဏီက ကျန်းမင်လီနှင့် ကျန်းတင်းတို့ကို ရှင်းလုနှင့် ဟန်ဟိုင်းအကြားတွင် အဆက်မပြတ် လိုက်လံဖမ်းဆီးနေကြစဉ် ကောင်းမင်နှင့် ကောင်းယန်တို့သည် ထိုအခွင့်အရေးကို အရယူကာ မသေဆေးကုမ္မဏီ၏ အခြားဓာတ်ခွဲခန်းအချို့ကို ဝင်ရောက်စီးနင်းခဲ့ကြသည်။
အိပ်မက်ချန်ထားခဲ့သော ယဇ်ပလ္လင်ငါးခု ရှိသည်။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့က နှစ်ခုကို သိမ်းပိုက်ထားပြီး တတိယတစ်ခုသည် ဟန်ဟိုင်းတွင် တည်နေရာပြအမှတ်အသားအဖြစ် ရှိနေခြင်းဖြစ်သည်။ ၎င်းကို အချိန်မရွေး သိမ်းပိုက်နိုင်သည်။ ကျန်ရှိသော နှစ်ခုမှာ အလွန်အရေးကြီးလှသည်။
ကောင်းမင်အား အိပ်မက်၏ အမွေအနှစ်အားလုံး ဝါးမျိုနိုင်ရန် ကူညီပေးသည့်အနေဖြင့် ကောင်းယန်နှင့် ဟန်ဟိုင်းအဖွဲ့သည် သူတို့အသက်များကို စတေး၍ ထပ်မံစွန့်စားခဲ့ကြသည်။ သူတို့သည် မသေဆေးကုမ္ပဏီသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး အိပ်မက်၏ စွမ်းရည်များကို အသုံးပြုကာ ဓာတ်ခွဲခန်းအချို့ကို ပြောင်းပြန်လှန်ပစ်ခဲ့ကြသည်။
သို့သော်လည်း သူတို့သည် ယဇ်ပလ္လင်တစ်ခုကိုသာ ရှာတွေ့ခဲ့ပြီး နောက်ဆုံးတစ်ခုမှာမူ အလွန်နက်နက်ရှိုင်းရှိုင်း ဝှက်ထားပုံရသည်။၎င်းမှာ အမည်မသိတည်ရှိမှုတစ်ခုနှင့် ဆက်နွှယ်နေပုံရသည်။
မသေဆေးကုမ္ပဏီကို စီးနင်းပြီးနောက် ဟန်ဟိုင်းအဖွဲ့သည် အိပ်မက်၏ ယဇ်ပလ္လင်မှတစ်ဆင့် ဟန်ဟိုင်းသို့ တိတ်တဆိတ် ပြန်သွားခဲ့ကြပြီး သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ရန် နောက်ဆုံးပြင်ဆင်မှုများကို စတင်လိုက်ကြသည်။
လပေါင်းများစွာ ဆက်တိုက်ရွာသွန်းနေသော မိုးက ဟန်ဟိုင်းကို ဖုံးလွှမ်းထား၏။ ထူထပ်သော အနက်ရောင်မြူခိုးများက မိုးမျှော်တိုက်ကြီးများကို အုပ်ဆိုင်းကာ မှိန်ဖျော့ဖျော့အရိပ်တစ်ခုကို ပြသနေသည်။
မြောက်ဘက်ဆိပ်ကမ်း မျှော်လင့်ချက်မြို့သစ်ရှိ စုံစမ်းစစ်ဆေးရေးဌာန အခြေစိုက်စခန်းအတွင်း၌ အကြီးအကဲသည် ကျင်းထောင်ရှန်း၏ အစီရင်ခံစာကို နားထောင်နေခဲ့သည်။ ကောင်းမင်နှင့် ကျောင်းသားကောင်စီ ဥက္ကဋ္ဌတို့မှာ သူ့ရှေ့ရှိ စားပွဲဝိုင်းတွင် ထိုင်လျက် ရှိနေကြသည်။
ကောင်းယန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သူ့အသိစိတ်က ဥက္ကဋ္ဌကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။
“ဟန်ဟိုင်းသွေးမြို့တော်ကို စောင့်ကြည့်နေတဲ့ မပြောသင့်သူငါးယောက် ရှိတယ်၊ သူတို့က မတူညီတဲ့ သွေးမြို့တော်ငါးခုကနေ လာကြတာပဲ၊ ဒါပေမဲ့ အမှောင်သွေးမြို့တော်နဲ့ ဗဟိုသွေးမြို့တော်အကြား စစ်ပွဲဖြစ်နေတာမို့ အဲ့ဒီမြို့နှစ်မြို့ကလာတဲ့ မပြောသင့်သူတွေ ထွက်သွားကြပြီ၊ ရှင်းလုသွေးမြို့တော်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ တိုက်ပွဲမှာ ပုံရိပ်ယောင်သွေးမြို့တော်က လာတဲ့ မပြောသင့်သူကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ပျောက်ကွယ်သွားခဲ့တယ်၊ ကျန်တဲ့ မပြောသင့်သူနှစ်ယောက်ထဲက တစ်ယောက်က ပုပ်သိုးခြင်းသွေးမြို့တော်က လာတာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ပေါ်လာခဲတယ်၊ ကျုပ်တို့ သူရှိနေတာကိုပဲ အကြမ်းဖျင်း ခံစားမိတယ်”
ကျင်းထောင်ရှန်းက စာရွက်စာတမ်းတစ်ခုကို ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒီတစ်ခေါက် ဟန်ဟိုင်းမှာ မူမမှန်မှုရှိနေတာကို သိသွားတာက ပုပ်သိုးခြင်း သွေးမြို့တော်က မပြောသင့်သူပဲ၊ သူက အဆက်မပြတ် ချဉ်းကပ်လာနေပြီး ဆွေးမြေ့ပုပ်သိုးခြင်း စွမ်းအားတွေက ဟန်ဟိုင်းထဲကို ထိုးဖောက်ဝင်ရောက်နေပြီ၊ မကြာခင် သူတို့တွေ ဟန်ဟိုင်းထဲမှာ အိပ်မက်သရဲ သုံးကောင်ထက် ပိုရှိနေတာကို သိသွားကြလိမ့်မယ်”
အခြားသွေးမြို့တော်များက ဟန်ဟိုင်းအတွက် သတ်မှတ်ထားသော အနီရောင်မျဉ်းမှာ အိပ်မက်သရဲ သုံးကောင်ဖြစ်သည်။ သုံးကောင်ထက် ပိုလာပါက သူတို့သည် ဖယ်ရှားရှင်းလင်းပစ်ရန် အရေးယူကြပေလိမ့်မည်။ အကယ်၍ သူတို့၏ အာရုံစိုက်မှုသည် ရှင်းလု သွေးမြို့တော်ကို ခွဲယူရန်အပေါ်တွင်သာ ရောက်မနေခဲ့ပါက ကောင်းမင်အနေဖြင့် မည်မျှပင် အကြိမ်ကြိမ် ပြန်လည်စတင်ခဲ့စေကာမူ ဤအဆင့်အထိ ဖွံ့ဖြိုးလာရန် အခွင့်အရေး ရရှိလာမည်မဟုတ်ပေ။
“အခု ဟန်ဟိုင်းရဲ့ အခြေအနေက သိပ်ကောင်းမနေဘူး၊ သွေးမြို့တော်ကို ပြန်လည်တည်ဆောက်တာက စွန့်စားရတာနဲ့ ထိုက်တန်ပါတယ်”
အကြီးအကဲက သူ့ရှေ့တွင်ရှိသော ဒဏ်ရာများကို ကုသပေးသည့် ဆေးရည်များဖြည့်ထားသည့် ခွက်ကို ကိုင်လိုက်သည်။
“ဟန်ဟိုင်းကို အခြားသွေးမြို့တော်တွေ သုတ်သင်ခဲ့ပြီးကတည်းက ကောင်းယန်ဟာ ပထမဆုံးသော အစစ်အမှန် မပြောသင့်သူပဲ၊ ငါတို့လို ကျိုးပဲ့ပျက်စီးနေတဲ့ အိပ်မက်သရဲတွေဟာ အချုပ်အနှောင်တွေကနေ လွတ်မြောက်နိုင်ခဲ့ကြပြီ၊ အဲ့ဒီ မပြောသင့်သူတွေကို တုံ့ပြန်ဖို့ လုံးဝအချိန်ပေးလို့မဖြစ်ဘူး”
အကြီးအကဲသည် အရာအားလုံး ဤမျှအထိ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ခွက်ထဲမှ ဆေးရည်ကို သောက်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
စုံစမ်းစစ်ဆေးရေးဌာန၏ ပစ်မှတ်ထားဖမ်းဆီးခြင်းကို ခံခဲ့ရသော်လည်း ကောင်းမင်သည် ပိုမိုကြီးမားသော ပုံရိပ်ကိုကြည့်ကာ ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်ကို ချရန် ရွေးချယ်ခဲ့သည်။
“သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ဖို့အတွက် အနည်းဆုံး အချက်သုံးချက် လိုအပ်တယ်၊ အဲ့ဒါကတော့ လုံလောက်တဲ့ လူဦးရေ ထောက်ပံ့မှု၊ အတွင်းကမ္ဘာရဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိတဲ့ စုပေါင်းစိတ်ဆန္ဒ၊ ပြီးတော့ မပြောသင့်သူနဲ့ အဆင့်တူတဲ့ စွမ်းအားရှိတဲ့ သရဲတစ်ကောင်ကို စတေးပြီး သူ့ဝိညာဉ်က သွေးမြို့တော်ရဲ့ အခြေခံအုတ်မြစ်အသစ် ဖြစ်လာဖို့ပဲ၊ အခု ငါတို့ဆီမှာ လူဦးရေနဲ့ မပြောသင့်သူအပိုင်းက ပြည့်စုံနေပြီ၊ အတွင်းကမ္ဘာရဲ့ ဖိအားကို ခံနိုင်ရည်ရှိမရှိဆိုတာကိုတော့ ဘယ်သူမှ အသေအချာ မပြောနိုင်ဘူး”
အကြီးအကဲက ပုံစံအမျိုးမျိုးရှိသည့် သော့အချို့ကို စားပွဲဝိုင်းပေါ်သို့ တင်လိုက်သည်။
“အရိပ်ကမ္ဘာက ဟန်ဟိုင်းလက်တွေ့ကမ္ဘာနဲ့ ကြီးကြီးမားမား ပေါင်းစည်းသွားပြီ၊ ငါ အိပ်မက်သရဲ အားလုံးကို ဦးဆောင်ပြီး အရိပ်ထဲမှာရှိတဲ့ သွေးမြို့တော် အပျက်အစီးတွေဆီ သွားမယ်၊ အဲ့ဒီမှာ ငါတို့ အဆင့်တွေအားလုံးကို ပြီးမြောက်အောင် လုပ်ကြမယ်”
“ပုပ်သိုးခြင်း စွမ်းအားတွေက ချဉ်းကပ်လာနေပြီ၊ နောက်ထပ် အမည်မသိ မပြောသင့်သူတစ်ယောက်ကလည်း အမှောင်ထဲမှာ ပုန်းနေတယ်၊ ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး”
အာဏာကို ကိုယ်စားပြုသော သော့ကို ကျောင်းသားကောင်စီဥက္ကဋ္ဌ ကောင်းယန်ထံသို့ လွှဲအပ်ပေးလိုက်သည်။ စုံစမ်းစစ်ဆေးရေးဌာနချုပ် အကြီးအကဲသည် သူ့အမိန့်များကို လွှဲအပ်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးရေးဌာနနှင့် ဒေသခံ စုံစမ်းစစ်ဆေးရေးအေဂျင်စီများမှာလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
အပိုင်း (၇၉၁) အချိန်
ကောင်းမင် ဟန်ဟိုင်းသို့ ပြန်ရောက်လာချိန်တွင် သုံးနာရီသာ ကြာမြင့်သေးသည်။ဟန်ဟိုင်း၏ အဓိကမြို့ကြီးများရှိ စုံစမ်းစစ်ဆေးရေးဌာန ၃၇ ခု၊ ကုန်သည်ကြီးများအသင်း သုံးခုအောက်ရှိ ကုမ္ပဏီကြီး ၁၆ ခု၊ ခြောက်ခြားဂိမ်းကစားသမား အခြေစိုက်စခန်း ၁၁၂ ခုနှင့် အဓိကကျသော ပြည်သူ့အကျိုးပြုအဖွဲ့အစည်း ၁၇ ခုတို့ထံသို့ အကြောင်းကြားစာများ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
နေ့သည် မိုးဖွဲဖွဲရွာနေပြီး ကောင်းကင်မှာ အုံ့မှိုင်းနေဆဲဖြစ်သည်။ အနက်ရောင်မြူများကလည်း ပုံမှန်ရက်များအတိုင်း ဖုံးလွှမ်းလျက် ရှိနေသည်။ သို့သော်လည်း မြို့အတွင်း အခြေအနေမှာမူ ထူးခြားနေပုံရသည်။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာများ သိသိသာသာ နည်းပါးသွားပြီး အရိပ်ပြန့်ကားမှုမှာလည်း နှေးကွေးသွားသည်။ ရုပ်မြင်သံကြားလိုင်းများတွင် အမြဲလိုလို မြင်တွေ့ရတတ်သော မျက်နှာများကိုလည်း မတွေ့ရတော့ပေ။ အစီအစဉ်အများစုသည် ယခင်က ထုတ်လွှင့်ခဲ့သည်များကိုသာ ပြန်လည်ပြသနေကြသည်။
ရက်ပေါင်းတစ်ရာနီးပါး နေ့စဉ်မပြတ် အဆင့်မြှင့်တင်ခဲ့သော ခြောက်ခြားဂိမ်းကစားသမား အဆင့်သတ်မှတ်ချက်များသည် ရပ်တန့်သွားပြီဖြစ်သည်။ ဖိုရမ်တွင် ပိုစ့်တင်သူအရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားကြသည်။ လူတိုင်းသည် တစ်စုံတစ်ခုကို အသက်အောင့်ကာ စောင့်ဆိုင်းနေကြသကဲ့သို့ ဖြစ်နေသည်။
“ချွတ်”
ပုပ်သိုးနေသော ကြွက်တစ်ကောင်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေပြီး လူတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်လိုက်သည်။ အမှိုက်ပုံးတစ်ခုပေါ်ရှိ လေလွင့်ကြောင်တစ်ကောင်က ၎င်းကို ပစ်မှတ်ထားလိုက်သော်လည်း ထိုကြွက်မှာ ကြောက်ရွံ့ပုံမပြပါပေ။
ဆာလောင်နေသော ကြောင်က သိပ်မစဉ်းစားဘဲ ခုန်အုပ်လိုက်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုကြောင်မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ကြွက်သည် ကြောင်လည်ပင်းရှိ ပုပ်သိုးနေသော ဒဏ်ရာကို ကိုက်ဖြတ်ကာ အတွင်းပိုင်းအထိ တိုးဝင်သွားခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အပုပ်နံ့ အနည်းငယ်ထွက်သော ထိုလေလွင့်ကြောင်သည် လမ်းကြားထဲမှ ပြေးထွက်လာပြီး နီရဲသောမျက်လုံးများဖြင့် လူသူကင်းမဲ့နေသော လမ်းမကြီးကို စိုက်ကြည့်လိုက်သည်။
ဟန်ဟိုင်းတစ်မြို့လုံးတွင် ထိုကဲ့သို့သော မြင်ကွင်းများ အများအပြား ပေါ်ပေါက်နေခဲ့သည်။ ဆွေးမြေ့ပုပ်သိုးသောအနံ့ ခပ်ဖျော့ဖျော့သည် အခန်းတိုင်းအတွင်းသို့ လွင့်ပျံ့ဝင်ရောက်နေခဲ့သည်။
အရိပ်ကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပြန်လည်ရရှိထားသော သားစားကြူးနတ်ဘုရားသည် ကောင်းမင်ကို သယ်ဆောင်၍ ဟန်ဟိုင်မြို့ဟောင်း၏ လမ်းမများအတိုင်း လျှောက်လှမ်းနေလေ၏။
ထိုနေရာရှိ အဆောက်အအုံများမှာ ပျက်စီးယိုယွင်းနေပေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော သွေးချောင်းစီးတိုက်ပွဲသည် ဟန်ဟိုင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။ အင်္ဂတေသားများနှင့် မရေမတွက်နိုင်သော စွဲလမ်းမှုများသာ ကျန်ရစ်ခဲ့သည်။
“ငါတို့ နီးနေပြီ၊ ဟန်ဟိုင်း သွေးမြို့တော်ရဲ့ အရင်နှလုံးသားဟောင်းက ဒီရှေ့နားတင်ပဲ”
အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားပြီး တိုင်းတာရေးကိရိယာများ ကိုင်ဆောင်ထားသော ကျင်းထောင်ရှန်းနှင့် စုံစမ်းစစ်ဆေးရေးဌာနမှ လုံခြုံရေးဝန်ထမ်းများက သားစားကြူးနတ်ဘုရားနောက်မှ ကပ်လိုက်လာကြသည်။
“ငါတို့ အရှိန်မြှင့်ဖို့ လိုတယ်၊ အကြီးအကဲက သတင်းပို့လာတယ်၊ ပုပ်သိုးခြင်း သွေးမြို့တော်ရဲ့ မပြောသင့်သူအင်အားစုတွေက မြို့သားတချို့ရဲ့ မှတ်ဉာဏ်တွေကို ထုတ်ယူသွားပြီတဲ့”
လမ်းကို ဖြတ်ကျော်ပြီးနောက် ကောင်းမင်သည် အပျက်အစီးပုံတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ညှင်းပန်းနှိပ်စက်ခန်းတံခါးကို ဖွင့်၍ အားဖန်ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။
“ဟုတ်တယ်၊ သားအိမ်က ဒီမှာပဲ၊ ဒါက သားအိပ်မက်ထဲကအတိုင်း အတိအကျပဲ”
အားဖန်သည် ဟန်ဟိုင်းသွေးမြို့တော်၏ ကျန်ရှိနေသော အကြွင်းအကျန်အသိစိတ်တစ်ခုဖြစ်ပြီး သွေးမြို့တော်ပိုင်ရှင်အတွက် ကိုယ်စားလှယ်များထဲမှ တစ်ဦးလည်း ဖြစ်သည်။
စီတုအန်းနှင့် လုဇန်တို့သည် အားဖန်ကို ဘေးကင်းစွာ မွေးဖွားနိုင်စေရန် ဟန်ဟိုင်း၏ အပျက်အစီးများကြားတွင် သူ့မိဘများကို အသေအချာ ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ သူထွက်ပေါ်လာရခြင်းသည် စနစ်တကျ ကြံစည်ထားသော လျှို့ဝှက်ကြံစည်မှုတစ်ခု ဖြစ်နိုင်သလို ဤအခိုက်အတန့်အတွက်လည်း ဖြစ်နိုင်ပေသည်။
“သွားကြစို့”
အပျက်အစီးများကြားကို တူးဖော်ကြည့်ရင်း မရေမတွက်နိုင်သော အိမ်များသည် ဒေါင်လိုက်ဆင်းသွားသော ဝင်္ကပါတစ်ခုကဲ့သို့ စုပုံရှုပ်ထွေးနေလေသည်။ သူတို့ပိုနက်ရှိုင်းစွာ ဆင်းသွားလေလေ အရိပ်များက ပိုမိုမှောင်မိုက်လာလေလေ ဖြစ်သည်။
ယိုင်နဲ့တွန့်လိမ်နေပြီး ပုံပျက်ပန်းပျက် ဖြစ်နေသော ထိုအိမ်များသည် ကလေးတစ်ဦး၏ အိပ်မက်ဆိုးများထဲမှ ပုံသဏ္ဌာန်များနှင့် တူလှပြီး အထပ်တစ်ခုချင်းစီတိုင်းတွင် မကောင်းဆိုးဝါး အလောင်းများကဲ့သို့ ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
“စုံစမ်းစစ်ဆေးရေးဌာနချုပ်ရဲ့ အချက်အလက်တွေအရ ဟန်ဟိုင်းသွေးမြို့တော်က အရမ်းစွမ်းအားကြီးတယ်၊ အိပ်မက်သရဲကိုးကောင်ထဲက ဘယ်သူကမှ တစ်ယောက်ကို တစ်ယောက် အနိုင်မတိုက်နိုင်ကြဘူး၊ ဒါက အထူးခြားဆုံး သွေးမြို့တော်ပဲ”
ကျင်းထောင်ရှန်းက အဆောက်အအုံများကို သူ့လက်ဖဝါးဖြင့် ထိတွေ့ကြည့်လိုက်သည်။
“ဟန်ဟိုင်းကိုယ်တိုင်က ငါတို့ နိုးထလို့မရတဲ့ အိပ်မက်တစ်ခုပဲ၊ အောက်ခြေလူတန်းစားမြို့သားတွေကနေ အိပ်မက်သရဲတွေအထိ လူတိုင်းဟာ အိပ်မက်မက်နေသူတွေပဲ၊ ဒီအဆောက်အအုံတွေက ဟန်ဟိုင်းရဲ့ အထူးသဘာဝကို မှတ်တမ်းတင်ထားတာ”
သွေးမြို့တော်တစ်ခုက တခြားသွေးမြို့တော်တွေအားလုံးရဲ့ ပစ်မှတ်ထားခံရလောက်အောင် ဘယ်လောက်ထိ ဆိုးယုတ်ခဲ့တာလဲ။ တခြားသွေးမြို့တော်တွေရဲ့ ပူးပေါင်းအင်အားကို တစ်ယောက်တည်း ရင်ဆိုင်ရဲလောက်အောင် ဘယ်လောက်ထိ အင်အားကြီးခဲ့တာလဲ။
ကောင်းမင်တွင် အဖြေမရှိပေ။ သူသည် ပုံပျက်တွန့်လိမ်နေသော အဆောက်အအုံများကို ဖြတ်ကျော်လာပြီး အရိပ်ကမ္ဘာ၏ အောက်ခြေသို့ ရောက်ရှိလာခဲ့သည်။
အပေါ်သို့ မော့ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော အဆောက်အအုံများသည် ကြီးမားသော သင်္ချိုင်းဂူကြီးတစ်ခုနှယ် စုပုံနေကြသည်။
“မြို့တော်တစ်ခုလုံး သင်္ချိုင်းဂူကြီးတစ်ခု ဖြစ်သွားခဲ့ပြီ၊ တစ်ချိန်က အင်အားကြီးခဲ့တဲ့ ဟန်ဟိုင်းဟာ ဒီနေရာမှာ မြှုပ်နှံခံထားရတာပဲ”
သွေးမြို့တော်ပိုင်ရှင် ဖြစ်လာနိုင်သူ ကိုးဦးထဲမှ တစ်ဦးဖြစ်သော ကျင်းထောင်ရှန်းက သွေးမြို့တော်၏ နာကျင်မှုနှင့် မုန်းတီးမှုများကို ခံစားမိသဖြင့် လေးနက်စွာ ပြောလိုက်သည်။
“စကြရအောင်”
ကောင်းမင်သည် သူ့ရင်ဘတ်ကို ဖိထားရင်း သူ၏ အသွေးအသားနယ်ပယ်ကို လွှတ်ထုတ်လိုက်သည်။ ညှင်းပန်းနှိပ်စက်ခန်းတံခါး ပွင့်လာပြီး အရိပ်ကမ္ဘာတွင် နေထိုင်ကြသည့် မရေမတွက်နိုင်သော သရဲတစ္ဆေများ တွားထွက်လာကြတော့သည်။၎င်းတို့သည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအတွင်းသို့ တိုးဝင်သွားကြသည်။
လီစန်းဆေးရုံမှ လူနာများနှင့် သူနာပြုများ၊ ဟန်သဲ့ကိုယ်ပိုင်တန်းကျောင်းမှ ကျောင်းသားများနှင့် ဆရာများ၊ အတိတ်နတ်ဘုရားနှင့် အနာဂတ်နတ်ဘုရား၏ ယုံကြည်သူများ။ ကောင်းမင်သည် ဟန်ဟိုင်းရှိ မူမမှန်ဖြစ်ရပ် နယ်မြေများမှ သရဲအားလုံးကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
ကောင်းမင်က ဧရာမ အသားသစ်စေ့အချို့ကို ပစ်ချလိုက်သောအခါ တော်လဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ အရိပ်များ၏ အာဟာရကို ရရှိလိုက်သည်နှင့် ထိုသစ်စေ့များသည် ချက်ချင်း အညှောင့်ပေါက်လာပြီး ထူထဲသော အသားမြစ်များ ထွက်ပေါ်လာတော့သည်။
ဟန်ဟိုင်း သွေးမြို့တော် သုတ်သင်ခံရပြီး နှစ်ပေါင်းများစွာအကြာတွင် ဤစွန့်ပစ်ထားသော အခန်းများအတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်အသစ်များ ပြန်လည်ပြည့်နှက်လာခဲ့ခြင်း ဖြစ်သည်။
လူသားများနှင့် သရဲများ အတူယှဉ်တွဲနေထိုင်နိုင်မည့် စံပြကမ္ဘာတစ်ခုကို တည်ဆောက်လိုသော ရှင်းလုမှ ကယ်တင်ရှင်သည် ဟန်ဟိုင်းသို့ မျှော်လင့်ချက်မျိုးစေ့တစ်ခု ယူဆောင်လာခဲ့သည်။ ယခုအခါ ထိုမျိုးစေ့မှာ အမြစ်တွယ် အညှောင့်ပေါက်လာခဲ့ပြီး သွေးဆာနေသော အငြိုးကြီး နတ်ဘုရားတစ်ပါးအဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
သေဆုံးနေသော အဆောက်အအုံများတွင် သရဲများ ပြန်လည်အခြေချလိုက်ကြသည်။ ကျိုးပဲ့နေသော အိပ်မက်များသည် ပုံသဏ္ဌာန်ပျက်ယွင်းနေသည့် ပန်းပွင့်များအဖြစ် ပွင့်လန်းလာကြသည်။ အရိပ်များမှာ မိုးရေစက်များအဖြစ် စုစည်းလာကြပြီး ထိုရေစက်တို့က အဆောက်အအုံများ၏ အက်ကွဲကြောင်းများအကြား စီးဆင်းရင်း လူတိုင်း၏ ကံကြမ္မာကို ချည်နှောင်ပေးလိုက်သည်။
“ငါတို့မှာ အခွင့်အရေး တစ်ကြိမ်ပဲရှိတယ်”
ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ ချိန်းကြိုးများ တချွင်ချွင်မြည်လာပြီး အဝတ်အစားသစ်များ ဝတ်ဆင်ထားသော ယန်ရှီကျီး ထွက်ပေါ်လာသည်။ သူမသည် သူမ၏ဆံပင်ဖြူများကို ကျကျနန ဖီးလိမ်းထားပြီး သူမ၏အင်္ကျီလက်များနှင့် ဘောင်းဘီများသည်လည်း တွန့်ကြေနေခြင်း မရှိပေ။ သူမသည် ကလေးငယ်များ၏ ဆုတောင်းစာများ ပြည့်နှက်နေသော ဖိုင်တွဲအထူကြီးတစ်ခုကို ကိုင်ထားသည်။
ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသော သူမ၏ ဝိညာဉ်က အရှေ့ပိုင်းတွင် ရပ်လိုက်သည်။ ထို့နောက် ကလေးငယ်များ၏ မပီတပီ ဆုတောင်းသံများ ထွက်ပေါ်လာတော့သည်။ တောင်ပိုင်းရှိ အခန်းတစ်ခန်းတွင် ဖယောင်းတိုင်များ လင်းလက်လာပြီး လိုက်ကာများပေါ်တွင် ကလေးတစ်ဦး၏ အရိပ်က ထင်ဟပ်လာသည်။
ကွေ့ယွမ်သည် ယန်ရှီကျီးထက်ပင် ဒဏ်ရာအပြင်းအထန် ရထားခြင်းဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
နှစ်ဖက်စလုံး နေသားတကျ ငြိမ်သက်သွားပြီးနောက် ကျင်းထောင်ရှန်းက မြောက်ပိုင်းသို့ ရောက်ရှိလာ၏။ လုံခြုံရေးဝန်ထမ်းများက ကြီးမားလှသော အနက်ရောင် သေတ္တာကြီးတစ်လုံးကို ဖွင့်လိုက်ကြသည်။ အနီရောင် စက္ကူလွှာများအောက်မှ လက်တစ်ဖက် ဆန့်ထွက်လာလေသည်။ စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ အိပ်မက်မကောင်းဆိုးဝါးသည် အတွင်းကမ္ဘာ၏ အသိအမြင်မှ လွတ်မြောက်စေရန် ဤသေတ္တာအတွင်း ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ လူအများ မြင်တွေ့နိုင်သည်မှာ သွေးနီရောင်စာလုံးများ ဖုံးလွှမ်းနေသော လက်တစ်ဖက်ဖြစ်သည်။ ၎င်း၏ လက်ငါးချောင်းက ခုန်ပေါက်နေသော အနက်ရောင်နှလုံးသားတစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပေသည်။
“မင်းတို့ အကြီးအကဲ မလာဘူးလား”
ကောင်းမင်က ကျင်းထောင်ရှန်းကို တစ်ချက်ကြည့်လိုက်သည်။
“သူက ပုပ်သိုးခြင်း သွေးမြို့တော်ရဲ့ စုံစမ်းစစ်ဆေးမှုကို ဖြေရှင်းနေရတယ်၊ ဒါကြောင့် မင်းက လစ်လပ်နေတဲ့နေရာကို စောင့်ပေးဖို့ လိုလိမ့်မယ်”
ကျင်းထောင်ရှန်း၏ အသံက နားမခံသာသော်လည်း ကောင်းမင်မှာ ငြင်းခုံခြင်းမပြုဘဲ သားစားကြူးနတ်ဘုရား၏ သယ်ဆောင်မှုဖြင့် အနောက်ဘက်တည့်တည့်တွင် နေရာယူလိုက်သည်။
သရဲများနှင့် နတ်ဘုရားများအားလုံး နေရာယူပြီးနောက် ကျောင်းသားကောင်စီတံဆိပ် ဝတ်ဆင်ထားသော မြို့သူမြို့သားများသည် ညှင်းပန်းနှိပ်စက်ခန်းအတွင်းမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ သူတို့သည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို အံ့အားသင့်ကာ စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
ဤသက်ရှိလူသားများသည် ရောက်ရှိနေသော မည်သည့်သရဲတစ္ဆေထက်မဆို အားနည်းကြသော်လည်း မည်သူမျှ သူတို့ကို အထင်မသေးရဲကြပေ။ အကြောင်းမှာ သူတို့ကြားတွင် ကောင်းယန် ပုန်းကွယ်နေသောကြောင့် ဖြစ်သည်။
“စလိုက်ကြစို့”
ကျောင်းသားကောင်စီ ဥက္ကဋ္ဌသည် သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့် လူအုပ်ကြီးရှေ့သို့ တိုးထွက်လာလေသည်။
ကောင်းမင်က ခေါင်းညိတ်ပြလိုက်ပြီး အိပ်မက်၏ ပင်မယဇ်ပလ္လင်ကို ညှင်းပန်းနှိပ်စက်ခန်းအတွင်းမှ ထုတ်ယူလိုက်သည်။ ယခင်က မသေဆေးကုမ္ပဏီသည် ဤယဇ်ပလ္လင်ကို ဟန်ဟိုင်းရာသို့ ဆင်းသက်ရန် တည်နေရာပြအမှတ်အသားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါ ကောင်းမင်သည် ၎င်းကို သွေးမြို့တော် ပြန်လည်တည်ဆောက်ခြင်း၏ ပထမခြေလှမ်းအဖြစ် အသုံးပြုရန် စီစဉ်နေခြင်း ဖြစ်သည်။
သူ ယဇ်ပလ္လင်တံခါးကို ဖွင့်ကာ အတွင်း၌ သားစားကြူးနတ်ဘုရားရုပ်ထုကို တင်လိုက်သည်။ သွေးမြို့တော်သရဲပုံစံကွက်များအား အိပ်မက်အမှတ်အသားကို ဝါးမျိုစေလိုက်ရာ ပင်မယဇ်ပလ္လင်သည် လုံးဝသွေးနီရောင်အဖြစ် တိတ်တဆိတ် ပြောင်းလဲသွားသည်။
အသားနံ့သည် အပျက်အစီးအရိပ်များကြားတွင် လွင့်ပျံ့လာတော့သည်။ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ခြင်းကြောင့် ပျက်စီးသွားခဲ့သော သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာလေ၏။ လက်များ ပြန်လည် ကြီးထွားလာပြီး အိပ်မက်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော မကောင်းဆိုးဝါးမျက်နှာများသည်လည်း ၎င်း၏ သရဲမျက်နှာ လေးခုပေါ်တွင် ထပ်ဆင့်ပေါ်ပေါက်လာတော့သည်။
အပိုင်း (၇၉၂) ရူးသွပ်မှု
ဟိန်းဟောက်သံတစ်ချက်နှင့်အတူ သားစားကြူးနတ်ဘုရား၏ ခြေထောက်များက မြေပြင်တွင် အမြစ်တွယ်သွား၏။ အရိပ်များထဲမှ သရဲတစ္ဆေများစွာကလည်း ရူးသွပ်စွာ တုံ့ပြန်လိုက်ကြသည်။
“မလုံလောက်သေးဘူး”
ကောင်းမင်၏ မျက်လုံးများက ချင်းချင်းနီနေပြီး အစွန်းရောက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် အိပ်မက်သရဲများက မသေဆေးကုမ္ပဏီဓာတ်ခွဲခန်းမှ လုယူလာခဲ့သော စတုတ္ထမြောက်ယဇ်ပလ္လင်ကို ထုတ်ယူလိုက်သည်။
အကယ်၍ နံပါတ် ၂ သာ ဤနေရာတွင် ရှိနေပါက ကောင်းမင်ကို သေချာပေါက် တားဆီးပေလိမ့်မည်။ မသိထိုက်သူအဆင့် အိပ်မက်သည် အမှန်တကယ် မသေဆုံးသေးပေ။ မရေမတွက်နိုင်သော လူများက ၎င်းကို မှတ်မိနေကြဆဲဖြစ်သည်။ ကောင်းမင်သည် ၎င်းကိုမေ့မသွားမီမှာပင် ၎င်း၏ ယဇ်ပလ္လင်လေးခုလုံးကို ဝါးမျိုရန် ရဲတင်းနေခြင်းဖြစ်သည်။ ယင်းသည် အလွန်အန္တရာယ်များလှပြီး အိပ်မက်က သူ့ဝိညာဉ်အတွင်းသို့ အချိန်မရွေး တောင်ပံဖြန့်လာနိုင်ပေသည်။
သူသည် လက်ချောင်းငါးချောင်းဖြင့် အားပြင်းပြင်း ဖိချလိုက်ပြီး စတုတ္ထမြောက် ယဇ်ပလ္လင်တံခါးကို ဖွင့်လိုက်တော့သည်။
“သားစားကြူးနတ်ဘုရား”
ကောင်းမင်၏ နှလုံးသွေးဖြင့် ဖွဲ့စည်းထားသော ရုပ်တုကို အိပ်မက်၏ စတုတ္ထမြောက် ယဇ်ပလ္လင်အတွင်းသို့ ထည့်သွင်းလိုက်သည်။ သွေးမြို့တော် သရဲတက်တူးပုံစံကွက်များနှင့် ယဇ်ပလ္လင်အတွင်းရှိ အိပ်မက်အမှတ်အသားများ ထိပ်တိုက်တွေ့သွားကြသည်။ ကောင်းမင်သည် ထိုအခိုက်အတန့်တွင် တစ်ကမ္ဘာလုံး သူ့အတွက် ထူးဆန်းစွာ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သားစားကြူးနတ်ဘုရား၏ ဝါးမျိုခြင်းကို ခံလိုက်ရသော အိပ်မက်အကြွင်းအကျန်များမှာ ကောင်းမင်၏ ပတ်ပတ်လည်တွင် တိတ်တဆိတ် ပြန်လည်ထွက်ပေါ်လာသည်။ သူ့ဦးနှောက်အတွင်းတွင် အလောင်းများဖြင့် ပြည့်နှက်နေသကဲ့သို့ သွေးများ ဆူပွက်လာတော့သည်။
“လီဆန်းစီ... ငါ မြင်တယ်ကွ၊ မင်းက မင်းမိသားစုကို သတ်ခဲ့တာပဲ”
“ငါ့ရဲ့ နောက်ဆုံး ပုံတူပန်းချီကို ကြည့်လိုက်စမ်း၊ ပန်းချီကားထဲက လူက မင်းပဲ... ရှရန်”
“စီတုအန်း... ငါ မင်းကို သေချာပေါက် သတ်မယ်၊ စီတုအန်း”
အလောင်းအားလုံးသည် နောက်ဆုံးတွင် ကောင်းမင်၏ မျက်နှာအဖြစ် ပြောင်းလဲသွားကြသည်။ သူ့လက်ချောင်းများက တဆတ်ဆတ်တုန်ရီနေခဲ့သည်။ သူ့စိတ်သည် ဗလာဖြစ်သွားခဲ့ပြီး သူမြင်ရသော ကမ္ဘာကြီးမှာ အရောင်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တော့ဘဲ စည်းမျဉ်းအမျိုးမျိုးဖြင့် ယှက်နွယ်နေခြင်းဖြစ်သည်။ မတူညီသော လူအသီးသီး၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအားများက လုံးဝကွဲပြားနေကြသည်။ ယန်ရှီကျီးသည် တောင်တန်းကြီးများကြားရှိ နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်နေပြီး ကွေ့ယွမ်မှာမူ ဆူညံနေသော မြို့ကြီးတစ်မြို့နှင့် တူနေချေသည်။ စုံစမ်းစစ်ဆေးရေးဌာနမှ အိပ်မက်သရဲမှာမူ စီးဆင်းနေသော သွေးမြစ်ကြီးတစ်စင်းနှင့် တူနေခဲ့သည်။
“ဘာပဲဖြစ်ဖြစ် မင်း သွေးမြို့တော်ကို ပြန်တည်ဆောက်ရမယ်၊ မင်းရဲ့ နာမည်ကို မှတ်ထားပါ၊ မင်းကို ကောင်းမင်လို့ ခေါ်တယ်”
ဝေဝေဝါးဝါးဖြင့် အသံတစ်သံက ကောင်းမင်၏ နားထဲသို့ တိုးဝင်လာသည်။ သူသည် လူအုပ်ကြီး၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများ စူးရှသွားရသည်။ တောက်လောင်နေသော မီးလျှံများကို သူ မြင်လိုက်ရသည်။
အဆုံးမရှိ တောက်လောင်နေသော ထိုမီးလျှံများကြားတွင် ကောင်းမင်နှင့် တစ်ပုံစံတည်း တူသော လူတစ်ယောက် ရပ်နေလေသည်။ သူသည် ကောင်းယန်၏ အစစ်အမှန်ပုံစံ ဖြစ်ပုံရသည်။
“ငါ မပြောသင့်သူစွမ်းအားကို ကြိုအသုံးပြုလိုက်တဲ့အတွက် အနက်ရောင်မြူခိုးတွေထဲက စောင့်ကြည့်သူက သတိထားမိသွားလိမ့်မယ်”
ပတ်ပတ်လည်ရှိ အိပ်မက်အမှတ်အသားများ ဆုတ်ဖြဲခံလိုက်ရခြင်းနှင့်အတူ ကောင်းယန်၏ အသံကို ကြားလိုက်ရချိန်တွင် ကောင်းမင် သတိပြန်ဝင်လာ၏။
သူ၏ သွေးနီရောင်မျက်လုံးများက သားစားကြူးနတ်ဘုရားနှင့် ဆုံသွားကြပြီး လူနှင့် နတ်ဘုရား နှစ်ဦးလုံးတို့သည် သူတို့၏ နှလုံးသားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြသည်။
ခုန်ပေါက်နေသော နှလုံးအိမ်ကို ဆွဲထုတ်လိုက်ရာ သွေးမြို့တော် တက်တူးပုံစံကွက်များ ဖုံးလွှမ်းနေသော သွေးကြောများ ပေါ်ထွက်လာတော့သည်။
အသွေးအသား နယ်ပယ်မှာ ရူးသွပ်စွာ ပြန့်နှံ့သွားပြီး အိပ်မက်ယဇ်ပလ္လင်လေးခုထံမှ အမည်မသိ စွမ်းအားများကို ထုတ်ယူလိုက်သည်။ သွေးကြောများ ပွက်ပွက်ဆူလာပြီး စွန့်ပစ်အဆောက်အအုံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြ၏။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ ကိုယ်ပိုင်သွေးများကို အသုံးပြု၍ သွေးမြို့တော် ပုံစံကွက်များကို ဤသင်္ချိုင်းဂူကြီးပေါ်တွင် ရေးထွင်းလိုက်ကြသည်။
“ငါ့ကို ကူညီကြ”
အခြား အိပ်မက်သရဲသုံးကောင်က ဝင်ရောက်လာကြပြီး စတုတ္ထမြောက် ယဇ်ပလ္လင်အတွင်းရှိ ကျန်ရှိနေသော အိပ်မက်အမှတ်အသားများကို ရှင်းလင်းပေးလိုက်ကြသည်။ သားစားကြူးနတ်ဘုရား စတုတ္ထမြောက်ယဇ်ပလ္လင်ကို အပြည့်အဝ သိမ်းပိုက်လိုက်သည့်အခိုက်အတန့်တွင် ကြီးမားထွားကျိုင်းလှသော သူ့ခန္ဓာကိုယ်ကြီးသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာတော့သည်။ သူ့အသွေးအသားများသည် စိတ်ကြိုက်သန္ဓေပြောင်းလဲနိုင်ပြီး လက်တွေ့နှင့် အိပ်မက်ကြားတွင် လွတ်လပ်စွာ ကူးပြောင်းနိုင်လာသည်။ သားစားကြူးနတ်ဘုရားထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် သာမန်မပြောသင့်သူစွမ်းအားများထက် ကျော်လွန်သွားပြီဖြစ်ကာ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။
“ဒါက မပြောသင့်သူရဲ့ စွမ်းအားလား”
အိပ်မက်သရဲ၏ စိတ်ဆန္ဒသည် ကောင်းမင်ရှေ့တွင် မှေးမှိန်သွားရသည်။ သားစားကြူးနတ်ဘုရားသည် ဟန်ဟိုင်းအတွက် အခြားသွေးမြို့တော်များက သတ်မှတ်ထားသော ကန့်သတ်ချက်များကို ချိုးဖျက်သွားပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းပြီး ဖော်မပြနိုင်သော ထိုအရှိန်အဝါက ဟန်ဟိုင်းမြို့ဟောင်းအနီးရှိ အနက်ရောင်မြူခိုးများကို တိုက်ရိုက်လွင့်စင်သွားစေသည်။
ကောင်းမင်သည် သားစားကြူးနတ်ဘုရားမှာ ယခင်ကထက် ပိုမိုအစွမ်းထက်လာကြောင်း အာရုံခံမိသော်လည်း တစ်ချိန်တည်းမှာပင် ၎င်း၏ ဇဝေဇဝါဖြစ်မှုနှင့် စိတ်ရှုပ်ထွေးမှုများကိုလည်း သူ ခံစားနေရသည်။
သားစားကြူးနတ်ဘုရားသည် ပထမယဇ်ပလ္လင်နှစ်ခုကို ရရှိခဲ့စဉ်က အိပ်မက်၏ စွမ်းရည်အားလုံးကို ရရှိခဲ့သည်။ နောက်ထပ် ယဇ်ပလ္လင်နှစ်ခုရှိ စွမ်းအားများက ပိုကြီးမားသော်လည်း ၎င်းတို့က သားစားကြူးနတ်ဘုရားကို စွမ်းရည်တစ်ခုတည်းသာ ပေးအပ်ခဲ့သည်။ ထိုအရာမှာ “စိတ်ဖောက်ပြန်မှု” ကို အကန့်အသတ်မရှိ မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ အိပ်မက်သည် လူသားဘဝက ထိုကဲ့သို့သော ရောဂါဝေဒနာ ခံစားခဲ့ရသောကြောင့် သို့မဟုတ် အိပ်မက်သည် လူနာတစ်ဦး၏ စိတ်ဖောက်ပြန်မှုမှ မွေးဖွားလာခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဤစွမ်းရည်သည် အိပ်မက်၏ ပင်မစွမ်းအားဖြစ်သော်လည်း ပင်မယဇ်ပလ္လင်အတွင်း ချိတ်ပိတ်ခံထားရပြီး တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။
ယခုမူ ကောင်းမင်သည် အိပ်မက်ယဇ်ပလ္လင်လေးခုလုံးကို ရရှိထားသော်လည်း အိပ်မက်၏ အခြားစွမ်းရည်များကို မရရှိခဲ့ဘဲ အိပ်မက်ကိုယ်တိုင် အသုံးမပြုချင်ခဲ့သော ဤစွမ်းရည်တစ်ခုတည်းသာ အဆက်မပြတ် အားကောင်းလာနေခြင်း ဖြစ်သည်။
“စိတ်ဖောက်ပြန်မှုကို အိပ်မက်ဆိုးတွေထဲမှာ အသုံးပြုရင် အိပ်မက်ထဲက မပြောသင့်သူစွမ်းအားတွေ၊ ဆိုးယုတ်ဝိညာဉ်တွေနဲ့ ယဇ်ပလ္လင်ပိုင်ရှင်ကိုယ်တိုင်အပါအဝင် အရာအားလုံးကို ရူးသွပ်သွားစေလိမ့်မယ်”
တွန့်လိမ်ပုံပျက်နေသော အိမ်များကို သွေးမြို့တော်သရဲတက်တူးများဖြင့် ဆက်သွယ်ထားသည်။ ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ ဟန်ဆောင်မှုများကို အပြီးတိုင် ခွာချလိုက်ပြီး လက်ရှစ်ဖက်လုံးဖြင့် မြေပြင်ကို ရိုက်ချလိုက်ကြသည်။ ယဇ်ပလ္လင်လေးခုရှိ ရုပ်တုများသည် ကျမ်းစာများ ရွတ်ဆိုနေကြပြီး သေဆုံးနေသော မြို့ကြီးမှာ အသွေးအသားများ အသစ်ပြန်လည် ပေါက်ဖွားလာသကဲ့သို့ ရှိနေတော့သည်။
သွေးမြို့တော်သရဲတက်တူးများသည် စီးဆင်းနေသော သွေးကြောများနှင့် တူ၏။ အိမ်များအတွင်းရှိ သရဲနီများသည် အရိုးစုအဖြစ် ဖွဲ့စည်းသွားပြီး သားစားကြူးနတ်ဘုရားနှင့် ကောင်းမင်တို့မှာမူ ဤမြို့တော်၏ နှလုံးသား ဖြစ်လာကြသည်။
“အိပ်မက်ချိုးဖျက်”
ညကောင်းကင်ယံတွင် ညှင်းပန်းနှိပ်စက်ခန်း တံခါးက ပွင့်ထွက်သွားပုံရပြီး ကောင်းမင်သည် သူ၏ နက်ရှိုင်းအဆင့် အိပ်မက်နယ်မြေဖြစ်သည့် အိပ်မက်ချိုးဖျက်မြို့ကို ခေါ်ယူလိုက်သည်။
ကောင်းမင်သည် အိပ်မက်ယဇ်ပလ္လင်လေးခုကို ဆက်တိုက်သိမ်းပိုက်လိုက်ပြီးနောက် မရေမတွက်နိုင်သော လူနာများ၏ အိပ်မက်ဆိုးများဖြင့် မသေဆေးကုမ္ပဏီက ဖန်တီးခဲ့သော ဤအတုအယောင် အိပ်မက်နယ်မြေမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကျယ်ပြန့်လာခဲ့ပြီး လက်တွေ့ကမ္ဘာနှင့် သွေးမြို့တော်ကြားရှိ တတိယမြောက်ကမ္ဘာတစ်ခုအလား ဖြစ်နေခဲ့သည်။
မရေမတွက်နိုင်သော ကြယ်တာရာများအလား အဖြူရောင်စက္ကူမီးအိမ်များက မြစ်ကို လင်းထိန်နေစေသည်။ မျှော်စင်ထိပ်ရှိ ကောင်းကင်ဘုံဂိတ်တံခါးမှာ ကျယ်ပြန့်စွာ ပွင့်ဟနေပြီး နတ်ဆိုးနှင့် အမျိုးမျိုးသော မကောင်းဆိုးဝါးတို့ စုဝေးနေကြသည်။ အိပ်မက်ကမ္ဘာအတွင်း လှည့်လည်သွားလာနေသော မြို့နေလူအရေအတွက်မှာလည်း သိသိသာသာ တိုးပွားလာပြီး အရပ်မျက်နှာအသီးသီးမှ မကောင်းဆိုးဝါးဝိညာဉ်များကို ဝတ်ပြုနေကြသည်။
ကောင်းမင်၏ လမ်းညွှန်မှုဖြင့် အဆုံးမရှိသော ဖြစ်နိုင်ခြေများ ပြည့်နှက်နေသည့် ဤအိပ်မက်ဆိုးသည် အတွင်းကမ္ဘာအတွင်းသို့ ဆင်းသက်လာတော့သည်။ မဒမ်ရှီ၊ ညကင်းစောင့်နှင့် သားသတ်သမား စသည့် မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုပြီးတစ်ခုမှာ ဟန်ဟိုင်း၏ အရိပ်များအတွင်းသို့ ပေါင်းစည်းသွားကြသည်။
“အသွင်ပြောင်းခြင်း”
သွေးမြို့တော်သရဲတက်တူးသည် အိပ်မက်ချိုးဖျက်မြို့ထဲကို ထိုးဖောက်သွား၏။ အိပ်မက်နှင့် အရိပ်ကြားတွင် အသားနံ့များ ပျံ့နှံ့နေတော့သည်။ အိပ်မက်ချိုးဖျက်မြို့ထဲရှိ အရာအားလုံးမှာ ဟန်ဟိုင်းမြို့တော်၏ အပျက်အစီးများပေါ်တွင် ပေါက်ဖွားလာကြသည်။ ၎င်းတို့သည် အိပ်မက်ထဲတွင်ရော၊ လက်တွေ့တွင်ရော၊ သွေးမြို့တော်ပေါ်တွင်ပါ ပေါက်ဖွားနေသကဲ့သို့ ရှိနေခဲ့သည်။
အရာအားလုံး အသစ်ပြန်လည် မွေးဖွားလာကြပြီး သွေးမြို့တော်သရဲတက်တူးက သင်္ချိုင်းဂူကြီးကို ဖုံးလွှမ်းသွားသော်လည်း ပုံရိပ်ယောင်မှ လက်တွေ့အဖြစ်သို့ အပြည့်အဝ အသွင်မပြောင်းသေးပေ။
မရေမတွက်နိုင်သော သရဲတစ္ဆေများ၏ စောင့်ကြည့်မှုအောက်တွင် အပျက်အစီးများ၏ အောက်ခြေ၌ ရပ်နေသော သက်ရှိလူသားများက အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲလိုက်ကြသည်။
လူအုပ်ကြီးထဲမှ ကောင်းမင်နှင့် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် တစ်ပုံစံတည်းတူသော လူငယ်တစ်ဦးမှာ ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့သည်။
သူ့မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။ သူ၏ စွမ်းအားမှာ အိပ်မက်သရဲများထက် များစွာ ကျော်လွန်နေပေသည်။
“အမှောင်ထုကို လောင်ကျွမ်းနေရတယ်... ငါ ဒီအခြေအနေကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲ မသိဘူး”
လူငယ်သည် ကျောင်းသားကောင်စီတံဆိပ်များ ပတ်ထားသော ပတ်ဝန်းကျင်ရှိ သက်ရှိလူသားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စွန့်ပစ်အခန်းထဲတွင် ရုန်းကန်နေကြသော သရဲများကို ကြည့်ကာ နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်နှလုံးသားကို အသုံးပြု၍ သွေးမြို့တော်ကို ရေးဆွဲနေသော ကောင်းမင်ကို ကြည့်လိုက်သည်။
“အဲ့ဒီဥမင်လိုဏ်ခေါင်းထဲမှာ မင်း ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ ငါတစ်ယောက်ပဲ သိတယ်၊ မင်း သွေးမြို့တော်ရဲ့ အရှင်သခင် ဖြစ်လာပြီးရင် မင်းရဲ့အိမ်သော့ကို ယူပြီး အိမ်ပြန်ဖို့ မမေ့နဲ့၊ အဖြေအားလုံးက အဲ့ဒီမှာ ရှိတယ်၊ တကယ်တော့ မင်းက အဲ့ဒီကျောင်းကားပေါ်မှာ မရှိသင့်တဲ့ ၅၁ ယောက်မြောက် လူပဲ”
ကောင်းယန်၏ ‘နောက်ဆုံးစကား’ သည် သူ့အကြောင်း ဖြစ်နေလိမ့်မည်ဟု ကောင်းမင် မထင်ထားခဲ့ချေ။ ယခုအချိန်တွင်လည်း ထိုအကြောင်းကို စဉ်းစားရန် အင်အား မရှိတော့ပေ။
ထိုသို့ ပြောလိုက်ပြီးနောက် ကောင်းယန် လှည့်ထွက်သွားပြီး သွေးမြို့တော်၏ အလယ်ဗဟိုဆီသို့ လျှောက်လှမ်းသွားတော့သည်။ ခြေတစ်လှမ်းစီနှင့်အတူ သူ့ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက ပို၍ အားကောင်းလာလေသည်။ သူ၏ ပုံရိပ်မှာလည်း ဝေဝါးလာကာ နောက်ဆုံးတွင် သွေးနီရောင် မီးတောက်များအတွင်း အပြီးတိုင် နစ်မြုပ်သွားတော့သည်။ မပြောသင့်သူတစ်ယောက်၏ စွမ်းအားက နှစ်ပေါင်းများစွာ သေဆုံးနေခဲ့သော ဤမြို့တော်ကြီးကို အပြီးတိုင် လင်းထိန်သွားစေတော့သည်။