အခန်း (၇၉၃-၇၉၅)
Vol. 53 Ch. 793-795
အပိုင်း (၇၉၃) ခွေး
မီးတောက်များ ထိတွေ့ရာ အရပ်တိုင်းတွင် အရိပ်များ အရည်ပျော်ကျသွား၏။ သေခြင်းတရားအငွေ့အသက်များ ကွယ်ပျောက်သွားကာ သွေးမြို့တော်တက်တူးများတွင် စွမ်းအားသစ်များ စိမ့်ဝင်လာလေသည်။ ၎င်းတို့သည် အပျက်အစီးများ၏ မျက်နှာပြင်ပေါ်တွင် လွင့်မျောနေရုံသာ မဟုတ်တော့ဘဲ အဆောက်အအုံတိုင်း၏ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ရေးထွင်းခံလိုက်ခြင်းဖြစ်ပြီး သရဲနီတိုင်း၏ ဝိညာဉ်အတွင်းသို့ ပေါင်းစည်းသွားကြသည်။
ရှုပ်ထွေးဆန်းကြယ်လှသော သွေးမြို့တော်နတ်ဘုရားပုံစံကွက်များသည် မြေဆီလွှာမှ ပေါက်ထွက်လာသော ပျိုးပင်ငယ်များကဲ့သို့ သက်ဝင်လှုပ်ရှားလာကြသည်။ ၎င်းတို့၏ သစ်ကိုင်းသစ်ရွက်များ ဖြန့်ကားလာကြပြီး အပျက်အစီးများကြားတွင် ရင်သပ်ရှုမောဖွယ် မြင်ကွင်းများကို ရေးဆွဲနေတော့သည်။၎င်းသည် ဟန်ဟိုင်းသွေးမြို့တော်က ထိန်းသိမ်းထားခဲ့သော မှတ်ဉာဏ်များနှင့် မရေမတွက်နိုင်သော သွေးချောင်းစီးတိုက်ပွဲများမှ ကျန်ရစ်ခဲ့သော အမာရွတ်များပင် ဖြစ်တော့သည်။
ကောင်းမင် ရေးဆွဲထားသော ပုံကြမ်းကို ကောင်းယန်၏ မီးတောက်များက ဖြည့်စွက်ပေးလိုက်ရာ စွန့်ပစ်အခန်းများစွာဖြင့် ဖွဲ့စည်းထားသည့် သင်္ချိုင်းဂူကြီးမှာ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။
အရိပ်များ ဖုံးလွှမ်းနေသော သွေးစွန်းအလွှာများ ကွာကျသွားပြီး နတ်ဘုရားပုံစံကွက်များအတွင်း၌ သွေးမြို့တော်တွင်သာ တွေ့ရသော ထူးခြားသည့် အဆောက်အအုံများ ပေါ်ထွက်လာလေသည်။
...
ပင်လယ်ပြင်ပေါ်တွင် ပုပ်ပွနေသော အလောင်းများ လွင့်မျောနေကြပြီး ၎င်းတို့၏ ဦးခေါင်းများက စုံစမ်းစစ်ဆေးရေးဌာနက တည်ဆောက်နေသော ဆိပ်ကမ်းမှ သစ်သားတိုင်များကို လာရောက် တိုက်မိနေကြသည်။ စုံစမ်းရေးမှူးများသည် မျောပါလာသော အလောင်းအရေအတွက်က ပိုမိုများပြားလာသည်ကို စောင့်ကြည့်ရင်း ထိတ်လန့်တကြားဖြင့် ဌာနချုပ်သို့ အစီရင်ခံလိုက်ကြသည်။
မြောက်ဘက်ဆိပ်ကမ်းမြို့သစ်ရှိ ဌာနကပ္ပတိန်၏ မိသားစုဝင်းအတွင်း၌ အဆင့် ၄ လုံခြုံရေး အစီအမံများဖြင့် ကာကွယ်ထားသော အခန်းတစ်ခန်းထဲမှနေ၍ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အစေခံမလေးက တံခါးကို တွန်းဖွင့်လိုက်ပြီး အော်ဟစ်လိုက်မိတော့သည်။ ကပ္ပတိန်၏ မိသားစုဝင်များသည် ထမင်းစားပွဲတွင် လဲကျနေကြပြီး သူတို့၏ ခန္ဓာကိုယ်များက ပါးစပ်မှ လည်ပင်းအထိ ပုပ်ပွနေကြခြင်းဖြစ်သည်။ အစားအစာများပေါ်တွင် သေးငယ်သော အမျှင်တန်းလေးများ တရွရွလှုပ်ရှားနေကြသည်။
လမ်းဘေးသစ်ပင်များ၏ အရွက်များသည် ဝါကျင်ကျင်အရောင်သို့ ပြောင်းလဲနေပြီး အင်းဆက်ပိုးမွှားများအားလုံးတွင် ဆွေးမြေ့ပုပ်သိုးသည့် အနံ့များ ဖုံးလွှမ်းနေကြသည်။ ပိုက်လိုင်းများမှ စီးဆင်းလာသော အရည်များသည် အလောင်းဖျော်ရည်များနှင့် တူနေခဲ့သည်။ သေသပ်စွာ ခင်းထားသော ကြွေပြားများမှာ တစ်ခုပြီးတစ်ခု လိပ်တက်လာကာ မြေပြင်မှာလည်း တဖြည်းဖြည်း အနက်ရောင် ပြောင်းလာတော့သည်။
အလားတူ ဖြစ်ရပ်မျိုးများက မြောက်ဘက်ဆိပ်ကမ်းမြို့သစ်တွင် ထပ်ခါတလဲလဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာန၏ မျှော်လင့်ချက်အလင်းတိုင်အဖြစ် သတ်မှတ်ထားသော မြို့သစ်ကြီးမှာ နာရီဝက်အတွင်းမှာပင် အင်အားစုတစ်ခု၏ အပြည့်အဝ ကျူးကျော်ဝင်ရောက်ခြင်း ခံလိုက်ရသည်။
ဌာနရုံးခန်းအတွင်း၌ အကြီးအကဲသည် အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်နေပြီး လက်အောက်ငယ်သားများ၏ အစီရင်ခံစာများကို နားထောင်နေခဲ့သည်။ ရုတ်တရက် မီးသီးများ တဖျတ်ဖျတ် ဖြစ်လာလေသည်။ ပုပ်အဲ့အဲ့အနံ့ထွက်နေသော အရည်တစ်စက်က စားပွဲပေါ်သို့ ကျဆင်းလာ၏။
ပန်းအိုးထဲမှ အပင်များ၊ ငါးကန်ထဲမှ ငါးများနှင့် ရုံးခန်းအတွင်း အလုပ်ရှုပ်နေသော ဝန်ထမ်းများထံမှ ထူးဆန်းသော အပုပ်နံ့များ ထွက်ပေါ်လာလေသည်။ သူတို့သည် ထိုအနံ့ထွက်ရာအရပ်ကို လိုက်လံရှာဖွေကြတော့သည်။သို့သော်လည်း သူတို့သည် သူတို့၏ အသားများမှာ အလောင်းပျော်ရည်အိုင်အဖြစ် အရည်ပျော်ကျနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
ဌာနချုပ်အတွင်း အမြင့်ဆုံးအဆင့် အနီရောင်သတိပေးချက် စူးရှစွာ မြည်ဟီးလာသော်လည်း အကြီးအကဲသည် ၎င်းကို သူကိုယ်တိုင် ပိတ်ပစ်လိုက်ပြီး ဘယ်သူမှ သူ့ရုံးခန်းသို့ မချဉ်းကပ်ရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမည့် အစီအစဉ်ကို စတင်ရန် တားမြစ်လိုက်သည်။
“အင်အားအများကြီးသုံးပြီး တည်ဆောက်ထားတဲ့ ဒီခံတပ်ကြီးက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခုကလွဲလို့ ဘာမှမဟုတ်ပါလား”
စားပွဲပေါ်ရှိ ရေစက်များက ဖြည်းညင်းစွာ လိမ့်ဆင်းသွားပြီး ကြမ်းပြင်ပေါ်ရှိ အလောင်းပျော်ရည်များနှင့် ပေါင်းစပ်သွားကာ အပုပ်နံ့ထွက်နေသော လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ထိုနေရာတွင် ရပ်နေသော်လည်း ဌာနချုပ်၏ မည်သည့် စုံစမ်းစစ်ဆေးရေး ကိရိယာမျှ တုံ့ပြန်ခြင်း မရှိချေ။
“ပုပ်သိုးခြင်း သွေးမြို့တော်...”
အကြီးအကဲသည်သည် ထိုစကားလုံးများကိုသာ ပြောနိုင်လိုက်သည်။ သူ့ဝိညာဉ်အပိုင်းအစတစ်ခုက စတင်ပုပ်ပွလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားရသည်။
“မင်း တည်ရှိနေတာက မင်းရဲ့ အစွမ်း ဒါမှမဟုတ် ထူးခြားတဲ့ စွမ်းရည်တွေကြောင့် မဟုတ်ဘူး၊ ငါတို့က မန်နေဂျာတစ်ယောက် လိုအပ်လို့ပဲ”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးက စားပွဲတွင် ထိုင်လိုက်သည်။
“ဒါပေမဲ့ ငါရထားတဲ့ သတင်းတွေအရ မင်းက တကယ့်ကို အရည်အချင်းမရှိတဲ့ မန်နေဂျာတစ်ယောက်ပဲ”
“ဟန်ဟိုင်းဟာ သွေးမြို့တော်တွေရဲ့ ကြီးကြပ်မှုအောက်မှာ အမြဲတမ်း ရှိနေခဲ့တာပါ၊ ဘယ်တုန်းကမှ စည်းမကျော်ခဲ့ပါဘူး၊ အသက်ရှင်နေတဲ့ မြို့သူမြို့သားတွေနဲ့ အကျဉ်းကျနေတဲ့ သရဲတွေက တိရစ္ဆာန်တွေလိုပါပဲ၊ သူတို့က မသိနားမလည်မှုနဲ့ ကြောက်ရွံ့မှုတွေကြားမှာ ရှင်သန်နေကြပြီး အမြဲတမ်း စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေကြတာပါ၊ စုံစမ်းစစ်ဆေးရေးဌာနက ဟန်ဟိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးထားပါတယ်၊ အမှန်တရားကို သိအောင်လုပ်တဲ့ ဘယ်မြို့သားကိုမဆို ကွပ်မျက်ပါတယ်”
အကြီးအကဲက ပြန်မခုခံသော်လည်း စကားမဆုံးမီမှာပင် လူသားပုံစံမကောင်းဆိုးဝါးက အလောင်းပျော်ရည်များကို အသုံးပြု၍ သူ့လည်ပင်းကို ရစ်ပတ်လိုက်သည်။
“အခုထိ ဖုံးကွယ်ဖို့ ကြိုးစားနေတုန်းလား၊ အဲ့ဒီ ခြောက်ခြားဂိမ်းကစားသမားတွေ ဘယ်ကနေ ရောက်လာတာလဲ”
“သူတို့က ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ သာမန်လူတစ်စုပါပဲ၊ စိတ်ပူစရာ ဘာမှမရှိပါဘူးခင်ဗျာ”
အမြဲတမ်း မြင့်မားသော ရာထူးနေရာကို ရယူထားသော အကြီးအကဲသည် ယခုအခါ လည်ပင်းတွင် အလောင်းပျော်ရည်များဖြင့် ချုပ်ခံထားရသဖြင့် သံကြိုးဖြင့် ချည်ခံထားရသော ခွေးတစ်ကောင်နှင့် တူနေပေသည်။
“သာမန်လူ ဟုတ်လား”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးထံမှ ထွက်ပေါ်လာသော အပုပ်နံ့များက ပိုမိုပြင်းထန်လာပြီး ၎င်း၏ မျက်တွင်းများထဲမှ ဝါညိုရောင် မျက်ဆံနှစ်ခု ပေါ်ထွက်လာသည်။
“ဒါဆို ပြောစမ်း၊ ယန်ရှီကျီးက ဘယ်သူလဲ၊ ပြီးတော့ မြို့တော်အရှေ့ပိုင်းက အနက်ရောင်မြူခိုးတွေထဲအထိ ပေါက်နေတဲ့ အဲ့ဒီအပင်ကကော ဘာလဲ”
အလောင်းပျော်ရည်က ပိုမိုတင်းကျပ်လာပြီး အကြီးအကဲ၏ လည်ပင်းမှာ စတင်ပုပ်သိုးလာတော့သည်။ ယင်းသည် ပြောင်းပြန်လှန်ရန် ခက်ခဲသော စည်းမျဉ်းတစ်ခုပင် ဖြစ်သည်။
“ယန်ရှီကျီးက အဲ့ဒီကျောင်းသားတွေရဲ့ ကိုးကွယ်မှုကို ခံရပြီး အိပ်မက်သရဲတစ်ကောင် ဖြစ်လာတာပါ၊ ကျုပ် စုံစမ်းစစ်ဆေးရေးဌာနကို စုစည်းပြီး ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခိုင်းထားပါတယ်၊ သူ့ကို အမြန်ဆုံး ရှင်းပစ်ပါ့မယ်”
“သိပ်နောက်ကျသွားပြီ၊ အဲ့ဒီအပင်အပါအဝင် ဟန်ဟိုင်းမှာ အိပ်မက်သရဲ သုံးကောင် ရှိနေပြီကွ၊ ဒီလှောင်အိမ်ကြီးကို ကြီးကြီးမားမား ပြောင်းလဲပစ်ဖို့ လိုအပ်နေပြီ”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးက အကြီးအကဲ၏ နာကျင်စွာ ရုန်းကန်နေသော အမူအရာကို ကြည့်ကာ သဘောကျနေသည်။
“အဲ့ဒီအပင်က အိပ်မက်သရဲ မဟုတ်ပါဘူးခင်ဗျာ၊ ဟန်ဟိုင်း... ဟန်ဟိုင်းမှာ အိပ်မက်သရဲ နှစ်ကောင်ပဲ ရှိတာပါ...”
အသက်ရှူရ ခက်ခဲနေပြီး ဆွေးမြေ့ပုပ်သိုးခြင်း စည်းမျဉ်းများ၏ ချည်နှောင်ခံထားရသော အကြီးအကဲသည် ပြန်လည်ခုခံရန်ပင် စိတ်ကူးမရှိတော့ဘဲ ရိုက်နှက်နှိပ်စက်ခံနေရသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ နှိမ့်ချကာ ကြောက်ရွံ့နေတော့သည်။
“မင်း ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးက သူ၏ လက်ချောင်းငါးချောင်းဖြင့် အောက်သို့ ဆွဲချလိုက်ရာ အလောင်းပျော်ရည်များက အကြီးအကဲ၏ ဦးခေါင်းကို ချက်ချင်း တိုက်စားသွားတော့သည်။
စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ အကြီးအကဲသည် အမှန်တကယ်တွင် လူငါးဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် သာမန်လူများနှင့် မခြားနားသော်လည်း အောက်ပိုင်းမှာမူ သွေးကြောများဖြင့် ဆက်သွယ်ထားပြီး စင်မြင့်အောက်ရှိ နက်ရှိုင်းလှသော တွင်းကြီးတစ်ခုအတွင်းသို့ ဆန့်ထွက်နေခြင်းဖြစ်သည်။ ၎င်းအတွင်း၌ ကြီးမားလှသော အသားစိုင်ကြီးတစ်ခု ရှိနေပြီး ထိုအရာသည် အကြီးအကဲ၏ အစစ်အမှန်ပုံစံပင် ဖြစ်သည်။
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးသည် စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ လျှို့ဝှက်ချက်ကို သိရှိထားသည်။ အလောင်းပျော်ရည်များသည် သံချေးတက်နေသော ဓားတုံးကြီးတစ်လက် သို့မဟုတ် သံချောင်းရှည်ကြီးတစ်ခုကဲ့သို့ အကြီးအကဲကို နံရံတွင် တွဲကပ်ထားလိုက်သည်။ ထို့နောက် ၎င်းက စင်မြင့်အောက်ခြေကို ဖွင့်လိုက်ရာ ဖုံးကွယ်ထားသော အသားစိုင်ကြီး ပေါ်ထွက်လာတော့သည်။
“ရှင်းလုရဲ့ ကယ်တင်ရှင်တွေက ဒီသေဆုံးနေတဲ့ မြေရိုင်းကြီးကို ပြောင်းလဲချင်ခဲ့ကြတာ၊ မရေမတွက်နိုင်တဲ့ သက်ရှိလူသားတွေနဲ့ ဝိညာဉ်ပေါင်းများစွာကို ယဇ်ပူဇော်ခဲ့ကြတယ်၊ သူတို့ရဲ့ ရှင်သန်လိုတဲ့ စိတ်ဆန္ဒတွေကို ဟန်ဟိုင်းသွေးမြို့တော်ရဲ့ အရင်ပိုင်ရှင် ကျန်ရစ်ခဲ့တဲ့ အသားတွေထဲ ထည့်သွင်းပြီး ဒီမြေရိုင်းကြီးကို အသက်ပြန်သွင်းခဲ့ကြတာပဲ၊ ဒါက ဟန်ဟိုင်းရဲ့ တန်ဖိုးအရှိဆုံး ရတနာပဲ”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးသည် ထိုအသားစိုင်ကြီးကို လောဘတကြီး ကြည့်ရင်း လှမ်းယူချင်နေသော်လည်း ၎င်းကို ချည်နှောင်ထားသော ကမ္မအရှုပ်အထွေးများကို ကြောက်ရွံ့သဖြင့် တွန့်ဆုတ်နေခဲ့သည်။
ယခင်က ဟန်ဟိုင်းသည် အခြားသွေးမြို့တော်များ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး မပြောသင့်သူ အသိစိတ်ငါးခုက ဤဒေသကို စောင့်ကြည့်နေခဲ့ကြသည်။ ပုပ်သိုးခြင်း မပြောသင့်သူသည် ၎င်းကို ဘယ်သောအခါမှ တစ်ဦးတည်း လက်ဝါးကြီးအုပ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုတွင် အခြားသွေးမြို့တော်များ၏ အာရုံမှာ ရှင်းလုဆီသို့ ရောက်ရှိနေသောကြောင့် ယင်းက ၎င်းအတွက် အခွင့်အရေးတစ်ခု ဖြစ်လာတော့သည်။
မပြောသင့်သူတစ်ယောက်၏ ဝိညာဉ်သည် ကွယ်ပျောက်သွားပြီးနောက် လုံးဝ မေ့လျော့ခြင်းခံရမည်ဖြစ်ကာ ပြန်လည်ရှင်သန်လာရန် ဖြစ်နိုင်ခြေ မရှိတော့ပေ။ လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးသည်လည်း ဟန်ဟိုင်းသွေးမြို့တော်၏ ယခင်အရှင်သခင်က မည်သူဖြစ်ကြောင်း လုံးဝ မေ့သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဤသည်က ထိုအသားစိုင်ကို တပ်မက်သော ၎င်း၏ ဆန္ဒကို လျော့ကျမသွားစေခဲ့ချေ။
“အသားရဲ့ ကံကြမ္မာက ပုပ်သိုးခြင်းပဲကွ”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးသည် ‘အကြီးအကဲ’ ၏ အသိစိတ်ကို ရူးသွပ်စွာ ဆွဲဖြဲပစ်လိုက်သည်။ အလောင်းပျော်ရည်များက အကြီးအကဲ၏ အသားများကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ တိုက်စားသွား၏။
အကြီးအကဲသည် နာကျင်စွာ အော်ဟစ်နေပြီး အမြီးနန့်ကာ အသနားခံနေသော်လည်း ပြန်မခုခံရဲပေ။ နှိပ်စက်ခံရခြင်းသည် ၎င်းအတွက် အလေ့အကျင့်တစ်ခု ဖြစ်နေပုံရသည်။
အချိန်အတော်ကြာပြီးနောက် ကစားရသည်ကို ငြီးငွေ့သွား၍ ဖြစ်နိုင်သလို သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၍လည်း ဖြစ်နိုင်သည်။ လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးက နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ ၎င်းသည် တွင်းနက်ကြီးဘေးတွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အလောင်းပျော်ရည်များကို ၎င်းအတွင်းသို့ လောင်းထည့်လိုက်တော့သည်။
ထိုအခိုက်အတန့်မှာပင် ဟန်ဟိုင်းသည် ရုတ်တရက် တုန်ဟည်းလာတော့သည်။ လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါးက တစ်ခုခုကို အာရုံခံမိသွားပုံရသည်။ သူသည် အကြီးအကဲ၏ အသိစိတ်ကို ပစ်ချလိုက်ပြီး စုံစမ်းစစ်ဆေးရေးဌာန၏ ခံတပ်ကြီးအတွင်းမှ အမြန်ဆုံးအရှိန်ဖြင့် ထွက်ခွာသွားတော့သည်။
မြေပြင်ပေါ်သို့ ရောက်သောအခါ လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါး၏ မှုန်ဝါးနေသော မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားရသည်။ ၎င်းသည် ဟန်ဟိုင်းကို အမြဲတမ်း ဖုံးလွှမ်းထားသော အနက်ရောင်မြူခိုးများကြားတွင် အက်ကွဲကြောင်းတစ်ခု ပွင့်ဟနေသည်ကို မြင်လိုက်ရလေသည်။
ရူးသွပ်စွာ လှုပ်ခတ်နေသော အရိပ်များအတွင်း၌ အံ့အားသင့်ဖွယ် ကောင်းလှသော စွမ်းအားတစ်ခုက တဟုန်းဟုန်း တောက်လောင်နေလေသည်။ ၎င်းသည် အိပ်မက်သရဲ၏ စွမ်းအား မဟုတ်ဘဲ မပြောသင့်သူနှင့် အလားတူသော စွမ်းအားတစ်ခုခုပင် ဖြစ်တော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အပိုင်း (၇၉၄) သွေးမြို့တော် နှင့် ဟန်ဟိုင်း
“ဟန်ဟိုင်းသွေးမြို့တော်က ဖျက်ဆီးခံလိုက်ရပြီ၊ အရင်းအမြစ်တွေလည်း အကုန်လုယက်ခံလိုက်ရပြီလေ၊ ဒီနေရာက တခြားသွေးမြို့တော်တွေက အပြစ်သားတွေကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်သက်သက်ပဲ၊ အိပ်မက်သရဲ သုံးကောင် ပေါ်လာတာတောင် အံ့ဖွယ်ဖြစ်ရပ်ပဲ၊ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ မပြောသင့်သူတစ်ယောက် မွေးဖွားလာနိုင်မှာလဲ”
သွေးမြို့တော်သည် ချေမှုန်းခံထားရပြီး စည်းမျဉ်းများ ပျက်စီးကာ အိပ်မက်သရဲများ၏ စွမ်းအားများကိုလည်း ကန့်သတ်ထားပြီးသား ဖြစ်သည်။ ပုပ်သိုးခြင်းသွေးမြို့တော်မှ မပြောသင့်သူသည် ယင်းကို ကောင်းစွာ နားလည်ထား၏။ အကြောင်းမှာ သူကိုယ်တိုင် ထိုယုတ်ညံ့ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲတွင် ပါဝင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
သွေးမြို့တော်ကိုးခုသည် အင်အားချင်း ပေါင်းစည်းခဲ့ပြီး ဟန်ဟိုင်းသွေးမြို့တော်အား သစ္စာဖောက်ခဲ့သည့် မသိထိုက်သူတစ်ယောက်နှင့် ပူးပေါင်း၍ အိပ်မက်သရဲအားလုံးကို သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အနာဂတ်တွင် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားရန်အတွက် သွေးမြို့တော်ပိုင်ရှင်များက ဤမြေပြင်ပေါ် ကျိန်စာတိုက်ခဲ့ကြပြီး အုတ်တစ်ချပ် သဲတစ်ပွင့်မကျန် အသတ်အဖြတ်ဆန္ဒများဖြင့် အကြိမ်ပေါင်းများစွာ ဆေးကြောခဲ့ကြသည်။
“ဟန်ဟိုင်းသွေးမြို့တော် အရှင်သခင်က ပျက်စီးသွားခဲ့ပြီလေ၊ သူ့ကို မှတ်မိနေတဲ့သူတွေလည်း လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် အကုန်အသတ်ခံလိုက်ရပြီပဲ၊ သူဟာ လုံးဝအမေ့ခံလိုက်ရပြီး ဒီမြို့ကြီးနဲ့အတူ သေဆုံးသွားခဲ့ပြီးပြီ၊ ဒါပေမဲ့ ဘာလို့လဲ... ဘာလို့ သွေးမြို့တော် နိုးထလာတာကို ငါ ခံစားနေရတာလဲ”
လူသားပုံသဏ္ဌာန် မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ရေစက်များက အရပ်မျက်နှာအနှံ့ကို လွင့်စင်သွားကာ မြောက်ဘက်ဆိပ်ကမ်းမြို့သစ်အတွင်း ပျော်ဝင်သွား၏။ ပုပ်အက်အက် လေပြင်းတစ်ခု ကမ္ဘာကြီးကို ဖြတ်တိုက်သွားသကဲ့သို့ ရှိပြီး ပတ်ဝန်းကျင်ရှိ ပုပ်ပွနေသော အလောင်းများအားလုံး မျက်လုံးပွင့်လာကြသည်။ နောက်ဆုံးတွင် ဟန်ဟိုင်းမြို့ဟောင်း၌ လဲလျောင်းနေသော ကြောင်တစ်ကောင်သည် ၎င်း၏ ပုပ်ပွနေသော ပါးစပ်ကို ဖွင့်လိုက်ရာ ၎င်း၏ မျက်ဆံထဲတွင် လူသားမျက်နှာတစ်ခု ရောင်ပြန်ဟပ်လာတော့သည်။
၎င်းက အရိပ်ကမ္ဘာအတွင်းသို့ ခုန်ဝင်သွားပြီး အိမ်များကြားတွင် ပြေးလွှားလိုက်သည်။ ခေါင်မိုးပေါ်သို့ ရောက်သောအခါ ထိုကြောင်လေး၏ မျက်နှာသည် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော မရေမတွက်နိုင်သည့် နတ်ဘုရားပုံစံကွက်များကို မြင်ပြီး ထိတ်လန့်သွားရသည်။
“အသွင်ပြောင်းခြင်း”
ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့သည် သူတို့၏ နှလုံးသားများကို မြှောက်ကိုင်ထားပြီး သူတို့၏သွေးများကို အသုံးပြု၍ သွေးမြို့တော်ကို ပြန်လည်ရေးဆွဲနေကြသည်။ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသင့်သော ဟန်ဟိုင်း၏ ကောင်းကင်ယံတွင် ကောင်းကင်ဘုံဂိတ်တံခါးတစ်ခု ပွင့်ဟလာလေ၏။ မရေမတွက်နိုင်သော အိပ်မက်ဆိုးများ အထပ်ထပ်စုပုံနေသကဲ့သို့ အဆုံးမရှိသော ညဉ့်က ဆင်းသက်လာချေသည်။
ထိုကြောင်၏ မျက်လုံးများသည် အသံထွက်ပေါ်ရာအရပ်သို့ ကြည့်ရင်း တုန်ရီနေ၏။ အရိပ်ကမ္ဘာ၏ မြေပြင်မှာ တူးဆွခံထားရသည်။ သေဆုံးနေသော မြေကြီး၏ အနက်ရှိုင်းပိုင်းတစ်နေရာရှိ ယဇ်ပလ္လင်ပေါ်တွင် အိပ်မက်သရဲလေးကောင်က ထောင့်လေးထောင့်၌ စောင့်ကြပ်နေကြလေသည်။ ဟန်ဟိုင်း၏ စည်းမျဉ်းကန့်သတ်ချက်များကို သိသိသာသာ ကျော်လွန်နေသည့် မပြောသင့်သူတစ်ယောက်ဟာ သူ့ကိုယ်သူ လောင်ကျွမ်းနေစေခဲ့သည်။
“သူတို့က သွေးမြို့တော်ကို ပြန်တည်ဆောက်ချင်နေတာလား၊ သူတို့က ဟန်ဟိုင်းကို ပြန်တည်ဆောက်ချင်နေတာလား”
ပုပ်သိုးခြင်းသွေးမြို့တော်၏ မပြောသင့်သူသည် ၎င်းအသံကိုယ်တိုင်ပင် တုန်ရီနေကြောင်း သတိမထားမိတော့ပေ။ ဟန်ဟိုင်းကို ဖျက်ဆီးရန် မည်မျှကြီးမားသည့် တန်ကြေးကို ပေးဆပ်ခဲ့ရကြောင်း သူအသိဆုံးပင်။
“ဒီကောင်တွေ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ ချိတ်ပိတ်ထားတဲ့ ဒီမြို့ကြီးထဲမှာ ဘယ်လိုလုပ်ပြီး မပြောသင့်သူတစ်ယောက် ရှိနေနိုင်မှာလဲ”
ရှင်းလုနှင့် ဟန်ဟိုင်းကို ဆက်သွယ်ထားသော လမ်းကြောင်းသည် အိပ်မက်ယဇ်ပလ္လင်ဖြစ်ပြီး မပြောသင့်သူရုပ်တုသုံးခုက စောင့်ကြပ်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သော အချိန်အနည်းငယ်က ဖြစ်ပေါ်ခဲ့သော ဥမင်လိုဏ်ခေါင်း ယိုစိမ့်မှုကိုတော့ အချိန်မီ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပုပ်သိုးခြင်းသွေးမြို့တော်၏ မပြောသင့်သူ မှတ်မိသလောက်ဆိုပါက သက်ရှိလူသားတစ်ယောက်တည်းသာ ခိုးဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သာမန်လူသားတစ်ယောက်၊ အားနည်းလွန်းတဲ့ သာမန်ဝိညာဉ်တစ်ခုက စိုးရိမ်စရာ မရှိလှပေ။
ဟန်ဟိုင်းကို အဝင်အထွက်လုပ်နိုင်သော လမ်းကြောင်းက နှစ်ခုသာ ရှိသည်။ အနက်ရောင်မြူခိုးများက မြို့တော်ကို ဖုံးလွှမ်းထားပြီး စိတ်ပျက်အားငယ်စရာ အကျဉ်းထောင်တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုသို့ မဖြစ်နိုင်သည့်အခြေအနေများထဲမှာပင် ဟန်ဟိုင်းမှ အရူးများသည် သွေးမြို့တော်ကို အမှန်တကယ် ပြန်တည်ဆောက်တော့မည် ဖြစ်သည်။
အိပ်မက်ချိုးဖျက်မြို့၏ နက်ရှိုင်း အိပ်မက်နယ်ပယ်နှင့် ဟန်ဟိုင်း၏ အပျက်အစီးများက လုံးဝပေါင်းစည်းသွားကြသည်။ အိပ်မက်သရဲလေးကောင်သည် အိပ်မက်ယဇ်ပလ္လင်လေးခုကို မြေကြီးထဲသို့ ရိုက်သွင်းလိုက်ကြသည်။ ကောင်းယန်သည် အမှောင်ယဇ်ပလ္လင်မှ ရရှိလာသော စွမ်းအားအားလုံးကို လောင်ကျွမ်းစေလိုက်ပြီး သူ့ ဝိညာဉ်၊ စိတ်ဆန္ဒ၊ စွမ်းအားနှင့် မှတ်ဉာဏ်များကို ဟန်ဟိုင်း၏အပျက်အစီးများကြားထဲ ပျံ့နှံ့သွားစေလိုက်သည်။
ထို ခဏတာ တောက်လောင်လိုက်သော မီးတောက်ကြီးသည် ဟန်ဟိုင်း၏ အရိပ်များနှင့် လက်တွေ့လောကကို ထိုးဖောက်သွားပြီး အတုအယောင် ကောင်းကင်ယံကို ဆုတ်ဖြဲပစ်လိုက်သည်။ တိမ်တိုက်များ လွင့်စင်သွားပြီး အတွင်းကမ္ဘာကြီး၏ အစစ်အမှန်ပုံစံက ပေါ်ထွက်လာတော့သည်။
အနက်ရောင်မြူခိုးများသည် လေထဲတွင် ပြည့်နှက်နေပြီး သွေးပင်လယ်ကြီးက ဆူပွက်နေလေသည်။ စိတ်ပျက်အားငယ်မှုများနှင့် မုန်းတီးများက ပုံမှန်ထက် မြင့်တက်လျက် ရှိနေသည်။ ယင်းသည် အမှန်တရားပင်။
မငြိမ်းသေနိုင်သော မီးတောက်တစ်ခုသည် နတ်ဘုရားပုံစံကွက်တိုင်းတွင် တောက်လောင်နေပြီး နောက်ဆုံး ကောင်းမင်၏ နှလုံးသားထံ စုစည်းသွားကြသည်။ မြှောက်ကိုင်ထားသည့် ထိုနှလုံးသားသည် ဟန်ဟိုင်းတွင် ရှိနေသော လူတိုင်း၏ စွဲလမ်းမှုများကို ချည်နှောင်ထားပုံရသည်။ နှလုံးခုန်သံ တစ်ချက်စီနှင့်အတူ သွေးမြို့တော်သရဲတက်တူးများ လှုပ်ခတ်သွားပြီး မမြင်ရသော လှိုင်းလုံးများသည် အရိပ်ကမ္ဘာထဲမှ လက်တွေ့ကမ္ဘာထဲထိ ပျံ့နှံ့သွားတော့သည်။၎င်းတို့က ဟန်ဟိုင်းပေါ်မှာ တင်ဆောင်ထားသည့် သွေးမြို့တော်အသီးသီးမှ ကျိန်စာများကို ယာယီဖိနှိပ်ထားလိုက်သည်။ ယင်းသည် ကောင်းမင်၏ နှလုံးသားထံမှ ထွက်ပေါ်လာသော အသံများ လူများ၏ နားထဲတွင် ပဲ့တင်ထပ်သွားစေသည်။ ယင်းက မသိနားမလည်မှုနှင့် ကြောက်ရွံ့နေသော သာမန်မြို့သားများကို သူတို့၏ပြောင်းလဲခံထားရတဲ့ မှတ်ဉာဏ်အချို့အကြောင်း အမှတ်ရစေလိုက်သည်။
“ဟန်ဟိုင်းဆိုတာ သွေးမြို့တော်အသီးသီးက နှင်ထုတ်လိုက်တဲ့ သရဲတစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေကို ချုပ်နှောင်ထားတဲ့ ဧရာမ လှောင်အိမ်ကြီးပဲ”
“ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဝိညာဉ်တွေဟာ သူတို့ရဲ့ စွမ်းအားတွေကို လုယူခံထားရတယ်၊ သူတို့ရဲ့ မှတ်ဉာဏ်တွေဟာ ချိတ်ပိတ်ခံထားရပြီး ဟန်ဟိုင်းရဲ့ အရိပ်ထဲမှာ သာမန်လူတွေလို ရုန်းကန်နေကြရတယ်၊ သူတို့ဟာ တစ်ချိန်က အကြောက်တရားကို ဖြန့်ဝေခဲ့သူတွေ ဖြစ်ပေမဲ့ အခုတော့ အဲ့ဒီအကြောက်တရားတွေကြောင့်ပဲ နေ့ညမပြတ် နှိပ်စက်ခံနေကြရတယ်”
“လူသားနဲ့ သရဲတွေက ပြောင်းပြန်ဖြစ်နေကြတယ်၊ ငါတို့ နေထိုင်နေတဲ့ နေရာက မြို့တစ်မြို့ မဟုတ်ဘူး၊ သင်္ချိုင်းတစ်ခုပဲ”
အကယ်၍ မသိနားမလည်ဘဲ သေဆုံးသွားနိုင်ပါက နာကျင်မှု ရှိမည် မဟုတ်ပေ။ သို့ပေမဲ့ ကောင်းယန်က သူတို့ကို အမှန်တရားကို ထုတ်ပြခဲ့ပြီး ကောင်းမင်က သူတို့၏ အတိတ်ကို သတိပေးလိုက်ပြီ ဖြစ်သည်။
ဟန်ဟိုင်းသည် သရဲများနှင့် မကောင်းဆိုးဝါးများကို အဆုံးစွန်ချုပ်နှောင်ထားသော နေရာဖြစ်သည်။ သက်ရှိလူသားတိုင်း၏ ခန္ဓာကိုယ်ထဲတွင် တွန့်လိမ်ပုံပျက်နေသည့် ဝိညာဉ်တစ်ခုစီ ရှိနေကြသည်။ သူတို့၏ စွမ်းအားများသည် ခိုးယူခံထားရပြီး သူတို့၏အားနည်းသော ခန္ဓာကိုယ်ထဲတွင် နာကြည်းမုန်းတီးမှုနှင့် အမုန်းတရားများသာ ပြည့်နှက်နေတော့သည်။
“ငါတို့ ခြေဖဝါးအောက်က မြို့ကြီးက သေဆုံးနေခဲ့ပြီ၊ လူသတ်သမားက ငါတို့ရဲ့ အရိုးတွေကို တူးထုတ်ပြီး ငါတို့ရဲ့ အသွေးအသားတွေနဲ့ သူ့ရဲ့ နန်းတော်ကို တည်ဆောက်ခဲ့တာ၊ ပြီးတော့ ငါတို့ရဲ့ ဝိညာဉ်တွေကို ကျိန်စာတိုက်ပြီး အမှောင်ထဲမှာ ထာဝရနေထိုင်ဖို့ စီရင်ထားခဲ့တာ”
“မင်းတို့ ကိုယ်ပိုင်မျက်စိနဲ့ မြင်တဲ့အတိုင်းပဲ၊ မင်းတို့ရဲ့ တန်ဖိုးအရှိဆုံး မှတ်ဉာဏ်တွေဆိုတာ သူတို့ လုပ်ကြံထားတဲ့ အလိမ်အညာတွေပဲ၊ မင်းတို့ ချစ်ရတဲ့ မိသားစုဝင်တွေဟာ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးတွေပဲ၊ မင်းတို့ တိုက်ခိုက်ခဲ့သမျှ အရာအားလုံးဟာ အဓိပ္ပာယ်မရှိဘူး၊ တွေ့ဆုံမှုတိုင်းက စီစဉ်ထားတာ ဖြစ်ပြီး ခွဲခွာမှုတိုင်းက ဇာတ်ညွှန်းအတိုင်းပဲ၊ သူတို့က ကိုယ့်ကိုယ်ကိုယ် ကံကြမ္မာလို့ သတ်မှတ်ပြီး လူတိုင်းရဲ့ ဘဝကို စိတ်ကြိုက် ကစားနေခဲ့ကြတာ”
“သူတို့ဟာ ဟန်ဟိုင်းကို သတ်ဖြတ်ခဲ့တယ်၊ အနက်ရောင်မြူခိုးတွေထဲက ဝိညာဉ်တွေကို လုယက်ခဲ့တယ်၊ ငါတို့ရဲ့ မှတ်ဉာဏ်တွေကို ကျူးကျော်ခဲ့တယ်၊ သူတို့ဟာ ဘာမှမရှောင်တဲ့သူတွေပဲ၊ သူတို့ဟာ အနိဋ္ဌာရုံအားလုံးရဲ့ တရားခံတွေပဲ”
“မင်းတို့ တစ်ယောက်ချင်းစီလိုပဲ ငါလည်း အမှောင်ထဲက နိုးထလာခဲ့ပြီး အဆုံးမရှိတဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ အကြိမ်ကြိမ်အခါခါ အသတ်ခံခဲ့ရတယ်၊ နောက်ဆုံး တစ်နေ့မှာတော့ ငါ့ရဲ့ အလောင်းတွေက ဥမင်လိုဏ်ခေါင်းရဲ့ နံရံတိုင်းကို ဖုံးလွှမ်းသွားခဲ့တယ်၊ ငါ့အလောင်းတွေကို လှေကားထစ်အဖြစ် တည်ဆောက်ပြီး ခြေဖျားထောက်ကြည့်လိုက်မှ သူတို့ရဲ့ မျက်နှာတွေကို မြင်ခဲ့ရတယ်၊ လူသတ်သမားရဲ့ ရုပ်ကို မြင်ခဲ့ရတယ်”
“သူတို့ကို မပြောသင့်သူတွေလို့ ခေါ်တယ်၊ ဖော်မပြနိုင်တဲ့ ခြောက်ခြားစရာတွေ၊ လူသားဘဝနဲ့ ဘယ်တော့မှ ယှဉ်လို့မရတဲ့ ဖြစ်တည်မှုတွေပဲ”
“ငါတို့ဟာ ကြောက်သင့်ရင် ကြောက်ကြမယ်၊ အသက်ရှင်ရုံနဲ့တင် လုံလောက်ချင် လုံလောက်မယ်၊ သူတို့ရဲ့ ပေးကမ်းမှုကို လက်ခံတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်တယ်၊ ဒါပေမဲ့... ငါ အလျှော့မပေးနိုင်ဘူး၊ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ ငါ့ကိုယ်ငါ စတေးခဲ့ရပြီးမှ အလျှော့ပေးလိုက်ရမယ်ဆိုတာကို ငါ လက်မခံနိုင်ဘူး၊ ကံကြမ္မာက ငါ့ကို ခွေးချည်ကြိုးတစ်ချောင်းလို ထာဝရချည်နှောင်ထားတာကို ငါ အလျှော့မပေးနိုင်ဘူး”
“ငါ သူတို့ကို ပြန်ပေးဆပ်ခိုင်းမယ်၊ သူတို့ရဲ့ မပြောသင့်သူ နာမည်တွေအားလုံးကို သူတို့ရဲ့ အုတ်ဂူပေါ်မှာ ငါရေးထွင်းပစ်မယ်”
ကောင်းမင်၏ အတွင်းစိတ်အသံသည် မြို့သူမြို့သားများနှင့် ပဲ့တင်ထပ်သွားသည်။ သူတို့သည် အပေါ်ဘက်မှ အစစ်အမှန် ကောင်းကင်ယံကို ကြည့်လိုက်ကြပြီး အမှောင်ထဲတွင် ရပ်နေသော ပုံရိပ်ကို ငုံကြည့်လိုက်သည်။ သူတို့၏ နာကြည်းမုန်းတီးမှုများနှင့် စွဲလမ်းမှုများကို ကောင်းမင်ဆီ စုစည်းစေလိုက်ကြရာ မီးတောက်များက ပိုမိုတောက်ပလာတော့သည်။
နှလုံးသားကို မြှောက်ကိုင်ရင်း ကောင်းမင်နဲ့ သားစားကြူးနတ်ဘုရားတို့သည် တောက်လောင်နေသည့် သွေးမြို့တော်နတ်ဘုရားပုံစံကွက်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
“ရှေးခေတ်တုန်းက ဟန်ဟိုင်းဆိုတာ ခြောက်သွေ့တဲ့ သဲကန္တာရကို ကိုယ်စားပြုပေမဲ့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကိုလည်း ကိုယ်စားပြုခဲ့တယ်၊ ဒီနေ့မှာတော့ ဒီသွေးမြို့တော်ဟာ တစ်ကျော့ပြန် ဆင်းသက်လာတော့မယ်”
ကောင်းမင်သည် သူ့နှလုံးသားနှင့် တောက်လောင်နေသော သွေးမြို့တော်နတ်ဘုရားပုံစံကွက်များကို ယဇ်ပလ္လင်လေးခုရဲ့ အလယ်ဗဟိုတွင် အတူတကွ ထားလိုက်သည်။ သေဆုံးနေသည့် မြေပြင်က ပြိုကျသွားပြီး အရိပ်ကမ္ဘာ၏ အောက်ခြေတွင် မြှုပ်နှံထားသော အလောင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ၎င်းသည် အရိပ်အားလုံးရဲ့ မြစ်ဖျားခံရာပင် ဖြစ်တော့သည်။
မျက်နှာအင်္ဂါရပ်များ မရှိတော့သော ထိုဧရာမ ခန္ဓာကိုယ်ကြီးသည် လက်တွေ့ သို့မဟုတ် ပုံရိပ်ယောင်တစ်ခု ဖြစ်နေပုံရသည်။ ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်သည် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပြီး သူ့နာမည်ကိုလည်း လူတိုင်း မေ့လျော့သွားကြပြီ ဖြစ်သည်။ သို့သော် သူ၏ ရုပ်အလောင်းကတော့ ကျန်ရှိနေဆဲ ဖြစ်သည်။
ထိုအလောင်း၏ တန်ဖိုးက အတိုင်းအဆ မရှိပေ။ သွေးမြို့တော်ပိုင်ရှင်အားလုံး ယင်းကို လိုချင်ခဲ့ကြသော်လည်း ဘယ်သူမှ အသုံးချနိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့ကြချေ။ သွေးမြို့တော်များသည် တစ်ဦးကိုတစ်ဦး သတိထားနေကြသောကြောင့် နောက်ဆုံးတွင် ဟန်ဟိုင်း၏ အပျက်အစီးများကိုသာ ၎င်း၏ အုတ်ဂူအဖြစ် ထားရှိခဲ့ကြခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်က ယင်းသည် သွေးမြို့တော်အရှင်သခင်က ဟန်ဟိုင်းအတွက် နောက်ဆုံးလုပ်ပေးခဲ့သည့် အရာ ဖြစ်နိုင်သည်။ သူသည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ဟန်ဟိုင်း၌ အိပ်မက်သရဲ အသစ်တစ်ကောင် ပေါ်လာပြီး သူ့အရိုးများကို အသုံးပြု၍ သွေးမြို့တော်အသစ်တစ်ခု တည်ဆောက်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
အရိပ်ထဲမှ သရဲများနှင့် မြို့တော်၏ မြို့သူမြို့သားအားလုံး၏ စိတ်ဆန္ဒများသည် ကောင်းမင်၏နှလုံးသားထဲတွင် တောက်လောင်နေကြလေသည်။ ကောင်းယန် ထုတ်လွှတ်လိုက်သော စွမ်းအား၏ အကာအကွယ်ဖြင့် ထိုနှလုံးသားသည် အလောင်းကြီး၏ ရင်ဘတ်ထဲကို ဖြည်းညင်းစွာ ကျဆင်းသွားသည်။ ဧရာမခန္ဓာကိုယ်ကြီးပေါ်တွင် အနာဂတ်ကို ဖွင့်ပေးမည့် သော့တစ်ချောင်းအလား သွေးမြို့တော်ပုံစံကွက်များ ပေါ်ထွက်လာတော့သည်။
ကမ္ဘာမြေကြီး တုန်ခါသွားပြီး သွေးမြို့တော်တက်တူးများ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်နှင့်အမျှ ဟန်ဟိုင်း၏ စိတ်ဆန္ဒသည် အလောင်းကြီးအတွင်း၌ အသစ်ပြန်လည် နိုးထလာတော့သည်။ နှစ်ပေါင်းများစွာ သေဆုံးနေခဲ့သော ထိုအလောင်းကြီးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်တော့သည်။ ၎င်း၏ ဘယ်ဘက်မျက်လုံးထဲတွင် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့ ထင်ဟပ်နေပြီး ညာဘက်မျက်လုံးထဲ၌မူ ကောင်းယန်၏ လောင်ကျွမ်းသွားသော ခန္ဓာကိုယ်မှ ပြောင်းလဲလာသည့် မီးတောက်များ ရှိနေခဲ့သည်။ ၎င်းသည် ဟန်ဟိုင်းတွင်ရှိသော မကောင်းဆိုးဝါးအားလုံး၏ စိတ်ဆန္ဒနှင့် ဝိညာဉ်အနက်ပိုင်းနေရာမှ လက်စားချေလိုသော ရန်ငြိုးများကို ခံစားမိပုံရသည်။
၎င်း၏ ဝေဝါးပြီး သေခြင်းအငွေ့အသက်များ ခြုံလွှမ်းနေသော မျက်နှာသည် ရယ်မောနေပုံ ရသည်။ သွေးမြို့တော်ပိုင်ရှင်အဆင့်ရှိသည့် ကျိန်စာပင် မဖျက်ဆီးနိုင်သော ၎င်း၏အလောင်းက စတင်အရည်ပျော်လာတော့သည်။ အသွေးအသားများသည် မတူညီသော ကမ္ဘာအသီးသီး၏ အိပ်မက်ဆိုးများထဲမှ စိမ့်ထွက်လာပြီး အတွင်းကမ္ဘာ၏ ဟန်ဟိုင်းကို ဖြည့်ဆည်းပေးလိုက်သည်။
အဆုံးမရှိသော သွေးနီရောင်များသည် ညကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ အနက်ရောင်မြူခိုးများ ကွယ်ပျောက်သွားပြီး သွေးများစွန်းထင်နေသည့် သွေးနီရောင် အဆောက်အအုံများ စတင်ပေါ်ထွက်လာချေပြီ။
(TL note- ဟန်ဟိုင်းဆိုတာ ကျယ်ပြောသော ပင်လယ်လို့ အဓိပ္ပါယ်ရပါတယ်၊ ပြီးတော့ သွေးမြို့တော် သရဲတက်တူးနဲ့ သွေးမြို့တော် နတ်ဘုရားပုံစံကွက်က အဓိပ္ပါယ်အတူတူပါပဲ။ သရဲတွေက အဆင့်တစ်ခုရောက်လာရင် နတ်ဘုရားနီးနီးအစွမ်းထက်လာလို့ နတ်ဘုရားနဲ့ သရဲကို တလှည့်စီသုံးနူန်းထားတာလို့ ယူဆပါတယ်။ Ghosty Tattoos, Ghosty runes, Ghosty patterns, Ghosty marks = God Tattoos, God runes, God patterns, God marks)
အပိုင်း (၇၉၅) အတွင်းကမ္ဘာ၏ ဆိုးယုတ်မှု
အကျဉ်းသားတစ်စု ၊ မေ့လျော့ခံထားရသော သရဲတစ်စု ၊ ယုတ်ညံ့ပြီး တစ်ကိုယ်ကောင်းဆန်သော အပြစ်သားတစ်စု ၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် မထိန်းချုပ်နိုင်ဘဲ အိပ်မက်တစ်ခုထဲတွင် ရှင်သန်နေရသော သနားစရာသန်ကောင်တစ်စု။
သို့သော် ထိုကဲ့သို့သော လူအုပ်စုသည် အတွင်းကမ္ဘာ၏ အမှောင်ထုထဲတွင် ရပ်နေရင်း မပြောပြပြနိုင်သော အကြောက်တရားကို ရင်ဆိုင်ရင်း သွေးမြို့တော်ကို အသည်းအသန်ဆင့်ခေါ်နေခဲ့ကြသည်။ ဟန်ဟိုင်းကို လွှမ်းခြုံထားသော အနက်ရောင်မြူခိုးများ ကွယ်ပျောက်သွားပြီဖြစ်သည်။ ညကောင်းကင်ယံကို ပင့်မြှောက်ထားသော သွေးနီရောင်မြို့တော်ကြီးသည် အိပ်မက်ဆိုးထဲမှ ပေါ်ထွက်လာခဲ့ချေပြီ။ ယခင်သွေးမြို့တော် အရှင်သခင်ဟောင်း၏ အသွေးအသားအလောင်းကြီးက အိပ်မက်ချိုးဖျက်မြို့၏ နက်ရှိုင်းအိပ်မက်ဆိုးနှင့် ပေါင်းစည်းသွားသည်နှင့်အမျှ သွေးမြို့တော်ကြီးသည် ပို၍ ပို၍ အစစ်အမှန် ဆန်လာတော့သည်။
၎င်း၏ လွှမ်းမိုးနိုင်သော အရှိန်အဝါသည် မပြောသင့်သူ၏ အရာအားလုံးကို ဖိနှိပ်ပစ်လိုက်သည်။ မြူပင်လယ်ကြီးသည်လည်း ဆူပွက်လာကာ အတွင်းကမ္ဘာတစ်ခုလုံးက ၎င်း၏ တည်ရှိမှုကို အာရုံခံမိနေကြသည်။
အိပ်မက်သရဲပေါ်ရှိ အရှိန်အဝါမှာ အဆက်မပြတ် မြင့်တက်လာပြီး အတိုင်းအဆမရှိသော သွေးမြို့တော်ကြီးသည် ဤစိတ်ပျက်အားငယ်မှု ကမ္ဘာကြီးကို နင်းခြေဖျက်ဆီးတော့မည့်အလားပင်။
အနက်ရောင်မြူခိုးများ၏ အနက်ရှိုင်းဆုံးနေရာမှ မရေမတွက်နိုင်သော အကြည့်များ ရောက်ရှိလာကြသည်။ သူတို့သည် အလွန်ဝေးကွာလှသော အခြားသွေးမြို့တော်များဆီမှ လာခြင်းဖြစ်ပြီး မတူညီသော စည်းမျဉ်းများကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့၏ ရည်ရွယ်ချက်ကတော့ အတူတူပင်ဖြစ်သည်။ ယင်းကား ဟန်ဟိုင်းသွေးမြို့တော် ဆင်းသက်လာခြင်းကို တားဆီးရန်ပင်။
“တကယ့်အခက်အခဲက အခုမှ စမှာ၊ တခြားသွေးမြို့တော်ပိုင်ရှင်တွေရဲ့ အစစ်အမှန်ခန္ဓာတွေ ရောက်မလာခင် ငါတို့က အတွင်းကမ္ဘာရဲ့ ဖိအားကို တွန်းလှန်ပြီး သွေးမြို့တော်ကို အမြန်ဆုံး ဆင်းသက်လာအောင် လုပ်ရမယ်”
မြောက်ဘက်ဆိပ်ကမ်းမြို့သစ်တွင် သေလုမြောပါး ဖြစ်နေသော စုံစမ်းစစ်ဆေးရေးဌာနချုပ် အကြီးအကဲသည် တွင်းနက်ကြီးထဲမှ တွားသွားထွက်လာသည်။ ကယ်တင်ရှင်များ၏ ကိုယ်ပိုင်စိတ်ဆန္ဒများ ထည့်သွင်းပေးထားသော သူ၏ အသွေးအသားများသည် စုံစမ်းရေးမှူးများအဖြစ် ပြောင်းလဲသွားကြ၏။
သူတို့သည် ယူနီဖောင်းများကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး ယခင်က အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသကဲ့သို့ အရိပ်ကမ္ဘာထဲသို့ ခုန်ဝင်သွားကာ အမှောင်ထုထဲသို့ မကြောက်မရွံ့ ချီတက်သွားကြသည်။ ဤအခြေခံအဆင့် စုံစမ်းရေးမှူးများသည် တစ်ချိန်က ဟန်ဟိုင်းတွင် အရဲရင့်ဆုံးနှင့် အတ္တအကင်းဆုံး လူသားများဖြစ်ခဲ့ကြပြီး သူတို့၏အသွေးအသားဖြင့် အရိပ်များကို စူးစမ်းကာ နောင်မျိုးဆက်များအတွက် စည်းမျဉ်းများကို အသက်နှင့်လဲ၍ ဖော်ထုတ်ပေးခဲ့ကြသူများ ဖြစ်သည်။
ယုံကြည်ချက်တစ်ခုကြောင့် သူတို့သည် သွေးမြို့တော်၏ အဆောက်အအုံများအတွင်း ပေါင်းစည်းသွားကြသည်။ ယခင်သွေးမြို့တော်အရှင်သခင်၏ အလောင်းပေါ်မှ လိုအပ်နေသော အစိတ်အပိုင်းတစ်ခု ပြန်လည်ပြုပြင်ခံလိုက်ရပြီး အတွင်းကမ္ဘာတွင် အိပ်မက်ဆန်သော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ယင်းသည် ဟန်ဟိုင်း၏ ယခင်သွေးမြို့တော်အရှင်သခင်က သူ၏ နောက်လိုက်များကို နောက်ဆုံးအကြိမ် ကာကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။
အသွေးအသားများကို မြို့တော်ထဲ သွန်းလောင်းလိုက်ပြီး အရိုးများကို အဆောက်အအုံ တည်ဆောက်ရာတွင် အသုံးပြုလိုက်သည်။
သက်ရှိအားလုံး၏ စိတ်ဆန္ဒများ ပေါင်းစည်းသွားပြီး အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် သူတို့သည် ခွဲခြားမရအောင် ဖြစ်သွားကြသည်။ သူတို့၏ နာကြည်းမုန်းတီးမှုများကို ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့၏ နှလုံးသားထဲ စုစည်းပေးလိုက်ရာ ကောင်းယန်၏ ကိုယ်တိုင်လောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးတောက်များသည် ပို၍ပင် တောက်ပလာတော့သည်။
နားကွဲမတတ် ဟိန်းဟောက်သံ၊ ပျက်စီးသွားသော စည်းမျဉ်းများ၊ မည်သည့်အရာကမှ ယင်းကို ငြိမ်းသတ်နိုင်မည် မဟုတ်ပေ။
“သွေးမြို့တော် အပြည့်အဝ မဆင်းသက်လာခင် ဒီမီးတောက်တွေ မငြိမ်းသရွေ့ ဟန်ဟိုင်းဟာ ပြန်လည်မွေးဖွားလာမှာပဲ”
စုံစမ်းစစ်ဆေးရေးဌာနချုပ် အကြီးအကဲသည် မြောက်ဘက်ဆိပ်ကမ်းမြို့သစ်မှ နောက်ဆုံး ထွက်လာသူ ဖြစ်သည်။ သူသည် ဆွေးမြေ့ပုပ်သိုးနေသော အလောင်းများကြားတွင် တွားသွားရင်း နောက်ဆုံး၌ အရိပ်ထဲသို့ လက်လှမ်းနိုင်ခဲ့ပြီး သွေးမြို့တော်အတွင်းမှ အဆောက်အအုံတစ်ခု၏ အစိတ်အပိုင်း ဖြစ်သွားတော့သည်။
ထိုအဆောက်အအုံကို ဗဟိုပြု၍ ပတ်ဝန်းကျင်မှ အဆောက်အအုံများသည် ချက်ချင်း ခိုင်မြဲသွားကာ သွေးမြို့တော်ဆင်းသက်မှုကို ပိုမိုမြန်ဆန်သွားစေတော့သည်။
အမှောင်ထဲမှ ဆိုးယုတ်သည့် အကြည့်များသည် ဆင်းသက်လာနေသော သွေးမြို့တော်ကို စောင့်ကြည့်နေကြသည်။ မမြင်ရသော စွမ်းအားတစ်ခုက အဆုံးမရှိသော အနက်ရောင်မြူခိုးများကို ဖြတ်ကျော်ကာ ကောင်းမင်၏ နှလုံးသားကို ရိုက်ခတ်သွား၏။
မျက်စိတစ်မှိတ်အတွင်း ကောင်းမင်၏ နားထင်တွင် ဆံပင်ဖြူများ ထွက်ပေါ်လာပြီး ဟန်ဟိုင်း အပျက်အစီးများပေါ်မှ ဝိညာဉ်များစွာသည်လည်း အိုမင်းရင့်ရော်လာကြသည်။
“သွေးမြို့တော်ပိုင်ရှင်တစ်ယောက် လှုပ်ရှားလိုက်ပြီ”
ကျင်းထောင်ရှန်းသည် သူ့လက်ပေါ်မှ သရဲတက်တူးကို ကိုက်ဖြတ်လိုက်သည်။ သူ့မျက်နှာတွင် သွေးများ ဖုံးလွှမ်းနေပြီး သူ့ဆံပင်များက ဖြူဖွေးနေခဲ့သည်။သူသည် စုံစမ်းရေးမှူးများကို သရဲတက်တူးစွမ်းအားများကို သွေးမြို့တော်ထဲ ထည့်သွင်းရန် အော်ဟစ်အမိန့်ပေးလိုက်သည်။
“တောင့်ခံထားစမ်း”
သားစားကြူးနတ်ဘုရားသည် သူ့နှလုံးသားထဲသို့ အဆက်မပြတ်စီးဆင်းနေသော အသက်စွမ်းအားများ ထည့်သွင်းပေးလိုက်သည်။ ကောင်းမင်သည် လှိုင်းထန်သော ပင်လယ်ထဲမှ တက်မကိုင်ရှင်တစ်ယောက် သို့မဟုတ် တိတ်ဆိတ်နေသော ကျောက်စာတိုင်တစ်ခုကဲ့သို့ ဖြစ်သည်။ သူ့နှလုံးသား ဆက်လက်ခုန်နေသရွေ့ ဟန်ဟိုင်းသည် နောက်တစ်ကြိမ် ထပ်မံပျက်စီးမည် မဟုတ်ပေ။
အမှောင်ထဲတွင် နောက်ထပ် မျက်လုံးတစ်စုံ ပွင့်လာပြန်သည်။ ဆွေးမြေ့ပုပ်သိုးခြင်း အနံ့အသက်များက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့၏။ အိပ်မက်သရဲများမှ ယင်ကောင်များအထိ အားလုံးတွင် အပုပ်နံ့များ ထွက်ပေါ်လာကြသည်။ သူတို့ ထွေးထုတ်လိုက်သော သွေးများသည် အနက်ရောင်ရေများ ဖြစ်သွားပြီး သူတို့၏ ကလီစာများက ဆူပွက်လာကာ ပြင်းထန်သော နာကျင်မှုများ ရောက်ရှိလာသည်။ သူတို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသော်လည်း ကောင်းမင်ကတော့ မားမားမတ်မတ် ရပ်နေဆဲပင်။
သူသည် အိပ်မက်ချိုးဖျက်မြို့တုန်းက ပုပ်သိုးခြင်းသွေးမြို့တော်၏ မပြောသင့်သူရုပ်တုကို တိုက်ခိုက်ခဲ့ဖူးပြီး ဆွေးမြေ့ပုပ်သိုးခြင်းကြောင့် သူသေလုနီးပါး ဖြစ်ခဲ့ဖူးသည်။ နောက်ဆုံးတွင် သူ့ကိုယ်ပေါ်မှ ပုပ်သိုးခြင်းကျိန်စာကို ငရဲသန္ဓေသားက ပိုမိုပြင်းထန်သော ကျိန်စာတစ်ခုဖြင့် ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့်ပင် ပုပ်သိုးခြင်းသည် ကောင်းမင်အပေါ်တွင် သက်ရောက်မှု သိပ်မရှိခြင်း ဖြစ်သည်။
သွေးမြို့တော်အရှင်သခင်များသည် ဟန်ဟိုင်းနှင့် အလွန်ဝေးနေသောကြောင့် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များဖြင့် ချက်ချင်း ရောက်မလာနိုင်ကြသေးပေ။ ယခု သွေးမြို့တော် အရှင်သခင် နှစ်ယောက်၏ စည်းမျဉ်းများအောက်တွင် ကောင်းမင် မတ်တပ်ရပ်နေနိုင်သေးသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးထဲတွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာလေသည်။
နာရီလက်တံလှည့်သည့် အသံတစ်ခုသည် အနက်ရောင်မြူခိုးများ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာပြီး ဟန်ဟိုင်းပြည်သူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ မုန်းတီးမှုများကြောင့် ရှုံ့တွနေသော သူတို့၏ မျက်နှာများသည် တဖြည်းဖြည်း အမူအရာကင်းမဲ့လာကြသည်။ နာကျင်မှုနှင့် မုန်းတီးမှုများသည် အချိန်နှင့်အမျှ ပျောက်ကွယ်သွားပုံရပြီး မှတ်ဉာဏ်များနှင့် စွဲလမ်းမှုများ ဝေဝါးလာကြသည်။ သူတို့သည် သူတို့၏မျက်နှာကိုပင် မေ့လျော့သွားကြတော့မည့်ဟန် ရှိ၏။
“တတိယမြောက် သွေးမြို့တော်ပိုင်ရှင်ရဲ့ စည်းမျဉ်းပဲ”
ကောင်းမင်နှင့် ကောင်းယန်တို့သည် အဓိက ပစ်မှတ်များ ဖြစ်ကြသည်။ အမှောင်ယဇ်ပလ္လင်ကို မီးရှို့လိုက်သောကောင်းယန်နှင့် အိပ်မက်ယဇ်ပလ္လင်လေးခုကို သိမ်းပိုက်ထားသော ကောင်းမင်တို့သည် သာမန်မပြောသင့်သူများထက် ပိုမိုအစွမ်းထက်သော အစစ်အမှန်မပြောသင့်သူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ပင်လျှင် အချိန်နှင့်ပတ်သက်သော စည်းမျဉ်းများကြားတွင် မိမိကိုယ်မိမိ တဖြည်းဖြည်း ပျောက်ဆုံးလာကြတော့သည်။
သွေးမြို့တော်အရှင်သခင် မမျှော်လင့်ထားသောအရာမှာ ကောင်းမင်နှင့် ကောင်းယန်တို့သည် ဤနေရာသို့ ရောက်လာရန် လမ်းခရီးတွင် အကြိမ်ကြိမ် လမ်းမှားခဲ့ဖူးပြီး အကြိမ်ကြိမ် သေဆုံးခဲ့ဖူးခြင်း ဖြစ်သည်။ သူတို့သည် ရှင်သန်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းကို မရွေးချယ်မီ ဘဝ၏ လမ်းကြောင်းပေါင်းများစွာကို ဖြတ်သန်းခဲ့ကြပြီးသားပင်။
လမ်းမှားသွားသော အကြိမ်တိုင်းတွင် သူတို့သည် သေဆုံးနေသော သူတို့ကိုယ်သူတို့ မြင်ခဲ့ရသည်။ သေဆုံးမှုတိုင်းက သူတို့ကို နာကျင်မှုများ ပေးခဲ့ကြသည်။
နှလုံးသားကို မြှောက်ကိုင်ထားသော လက်သည် တစ်ခါမှ နိမ့်ကျမသွားခဲ့ပေ။ အာရုံငါးပါးကို လုယက်ခံရလျှင်ပင်၊ အသိစိတ်များ ကင်းမဲ့သွားလျှင်ပင် ကောင်းမင်၏ အသွေးအသားထဲတွင် ဝှက်ထားသော မှတ်ဉာဏ်များသည် မီးတောက်များကို ကိုင်စွဲထားသော မိမိကိုယ်မိမိ ပြန်လည် ပုံဖော်နေဦးမည် ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် အဝေးမှ အကြည့်များတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာကြသည်။ ထို့နောက် စတုတ္ထမြောက် မျက်လုံးတစ်စုံ ပွင့်ဟလာပြန်သည်။ ၎င်းမှာ အစစ်အမှန်သဖွယ် ပုံရိပ်ယောင်သဖွယ် ဖြစ်နေသော မျက်လုံးတစ်စုံ ဖြစ်သည်။ ၎င်းက ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ သွေးမြို့တော်ကိုသာ စိုက်ကြည့်နေခဲ့သည်။
တဖြည်းဖြည်း တည်မြဲလာသော သွေးမြို့တော်သည် ပြန်၍ ပုံရိပ်ယောင် ဖြစ်လာပြန်သည်။
“ပုံရိပ်ယောင် သွေးမြို့တော်၊ ဒါက အကောက်ကျစ်ဆုံးသွေးမြို့တော်ပိုင်ရှင်ပဲ”
ပုံရိပ်ယောင် စည်းမျဉ်းများ၏ လွှမ်းမိုးမှုအောက်တွင် ဟန်ဟိုင်းသည် ဘယ်တော့မှ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခု ဖြစ်သွားပုံ ရသည်။
“သွေးမြို့တော်ပိုင်ရှင် လေးယောက်ရဲ့ စည်းမျဉ်းတွေ... ဒါက အကြွင်းမဲ့ ဖိနှိပ်မှုပဲ”
သူ့ခန္ဓာကိုယ်က အိုမင်းလာသည်။ သူ့ဝိညာဉ်က ပုပ်သိုးလာသည်။ သူ့စိတ်ဆန္ဒများ ပျောက်ဆုံးလာသည်။ သွေးမြို့တော်ပင်လျှင် တဖြည်းဖြည်း ပုံရိပ်ယောင် ဖြစ်လာသည်။ မျှော်လင့်ချက်များ မှေးမှိန်သွားပြီး ထိန်းချုပ်၍မရသော စိတ်ခံစားချက်တစ်ခု ပေါက်ဖွားလာတော့သည်။ ထိုအရာကား ကြောက်ရွံ့မှုပင်။
သွေးမြို့တော် ဆင်းသက်မှုကား ကျရှုံးသွားချေပြီ။ ဟန်ဟိုင်းသည် နောက်တစ်ကြိမ် သတ်ဖြတ်ခံရပေတော့မည်။ အိပ်မက်သရဲ ပြန်လည်နိုးထလာခြင်းကို တားဆီးရန်အတွက် ဤတစ်ကြိမ်တွင် အရင်ကထက် ပိုမို ရက်စက်ကြတော့မည်။
ကြောက်ရွံ့မှုများ ပျံ့နှံ့လာချိန်တွင် အသွေးအသား သစ်ကိုင်းတစ်ခုသည် အိပ်မက်ဆိုး၏ သွေးမြို့တော်ထဲသို့ လှမ်းဝင်လာခဲ့သည်။ ၎င်း၏ အရွက်များသည် စွမ်းအားတစ်ခုကြောင့် ချက်ချင်း ကြေမွသွားသော်လည်း နောက်တစ်ခဏတွင် မရေမတွက်နိုင်သော အသွေးအသား သစ်ကိုင်းများသည် အိပ်မက်ဆိုးဆီသို့ အရူးအမူး တိုးဝင်လာကြတော့သည်။
ကျိကျဲ၏ မျက်နှာက ဧရာမအသားသစ်ပင်ကြီးထဲမှ ပေါ်ထွက်လာသည်။ သူ၏ အကြောက်ရောဂါမှ မွေးဖွားလာသော မကောင်းဆိုးဝါးသည် ကမ္ဘာမြေပြင်ကို ဆုတ်ဖြဲလိုက်ပြီး ထိုသွေးနီရောင် အစွန်းကွက်ကို ထိန်းသိမ်းရန်အတွက် သူ့ခန္ဓာကိုယ်ကို အသုံးပြုချင်နေခဲ့သည်။
“ဘာမှ ကြောက်စရာ မရှိဘူး၊ ဒီကမ္ဘာပေါ်မှာ ငါ့ကို ခြောက်လှန့်နိုင်တာ ဘာမှမရှိဘူး”
နောက်ဆုံးတွင် အမြစ်တစ်ခုက အိပ်မက်ဆိုးထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ဧရာမအသားသစ်ပင်ကြီးက သူ့အား သွေးမြို့တော်အတွင်း ပေါင်းစည်းပေးလိုက်ပြီး အိပ်မက်ဆိုးနှင့် အတွင်းကမ္ဘာကို ဆက်သွယ်ပေးသော တံတားတစ်ခု ဖြစ်လာတော့သည်။
ယန်ရှီကျီးသည် သူမ၏ မျက်မှန်ကို ပြင်လိုက်ရင်း စုံစမ်းစစ်ဆေးရေးဌာနချုပ်အကြီးအကဲ ပေါင်းစည်းသွားသည့် အဆောက်အအုံကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ လှည့်ထွက်သွားပြီး ဧရာမအသားသစ်ပင်ကြီးပေါ်သို့ အရှိန်ဖြင့် ပြေးတက်သွားကာ သက်ရှိအားလုံး၏ ကြောက်ရွံ့မှုများကို နင်းခြေ၍ အိပ်မက်ဆိုးထဲ ပေါင်းစည်းသွားတော့သည်။
သူမသည် သူမကိုယ်သူမ စတေးရန်အတွက် တစ်စက္ကန့်ပင် မတွန့်ဆုတ်ခဲ့သလို မည်သည့်စကားတစ်ခွန်းမှပင် ချန်မထားခဲ့ပါပေ။
အိပ်မက်ဆိုး၏ သွေးမြို့တော်သည် ပြန်လည် အစစ်အမှန်ဆန်လာပုံ ရသည်။ အခြားနေရာနှစ်ခုတွင် စောင့်ကြပ်နေသော စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ အိပ်မက်သရဲနှင့် တစ္ဆေဆုတောင်းတို့ကလည်း တူညီသော ရွေးချယ်မှုကိုပင် ပြုလုပ်လိုက်ကြပြီး အိပ်မက်ဆိုး၏ သွေးမြို့တော်ထဲသို့ ခုန်ဝင်ကာ သူတို့ကိုယ်သူတို့ ပေါင်းစည်းလိုက်ကြတော့သည်။
အကယ်၍ သွေးမြို့တော် အောင်မြင်စွာ ဆင်းသက်လာနိုင်လျှင် သူတို့သည် အစစ်အမှန် မပြောသင့်သူများနှင့် ပခုံးချင်းယှဉ် ရပ်တည်နိုင်ပေလိမ့်မည်။ သို့သော် ဆင်းသက်မှု ကျရှုံးခဲ့ပါက သူတို့သည် ဟန်ဟိုင်းနှင့်အတူ လုံးဝကွယ်ပျောက်သွားကြပေလိမ့်မည်။