← Chapters

မသန်မစွမ်း ဖြစ်လုနီးပါး

Vol. 21 Ch. 288

မသန်မစွမ်း ဖြစ်လုနီးပါး

Vol. 21 Ch. 288

အန်လင်းမြင်တွေ့လိုက်ရသည့် နောက်ဆုံးသောအရာမှာ နယ်မြေတစ်ခုလုံးတွင် ပြည့်နှက်နေသည့် အဆုံးမဲ့မီးလျှံများနှင့် လျှပ်စီးကြောင်းများသာ ဖြစ်လေသည်။

ပေါက်ကွဲမှုတစ်စိတ်တစ်ပိုင်းအား တားဆီးပြီးသည့်နောက်တွင် အောင်ပွဲခံကတိပြုဒိုင်းကာမှ ထုတ်ဖော်ထားသည့် ရွှေရောင်အကာအကွယ်မှာလည်း ပြိုကွဲသွားပြီ ဖြစ်သည်။ ပေါက်ကွဲမှု၏ ကျန်ရှိနေသော စွမ်းအားများသည် အန်လင်းထံသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်အား ဆုတ်ဖြဲကာ ကိုယ်တွင်းအင်္ဂါများကိုပါ ပြတ်ထွက်စေသည်။

“တင်းတောင် ထာဝရမိစ္ဆာ၏ နှလုံးသား အလုံးစံ ပျက်စီးသွားပါပြီ။”

“တာဝန်ပြီးဆုံးအောင်မြင်ပါသည်။ မိုးကြိုးလျှပ်စီးအနှစ်သာရ ကျင့်ကြံခြင်းနည်းစနစ်အား အဆင့် ၂ သို့ တိုးမြှင့်နိုင်ပြီ ဖြစ်ပါသည်။”

ယင်းမှာ အန်လင်းကြားလိုက်ရသည့် နောက်ဆုံးအရာ ဖြစ်သည်။

ထို့နောက်တွင် အဆုံးမဲ့သည့် အမှောင်ထုအတွင်းသို့ ကျရောက်သွားလေတော့သည်။

ကမ္ဘေကမ္ဘာ ကြာညောင်းခဲ့ပုံပင်။

ဝုန်း ဝုန်း

အန်လင်း၏နားထဲသို့ လှိုင်းပုတ်သံများ ရောက်ရှိလာသည်။ ရီဝေဝေမျက်လုံးများအား ဖွင့်လိုက်သည်။

အပြာရောင်ကောင်းကင်တွင် တိမ်တိုက်အချို့ ရွေ့လျားနေကြသည်။

အန်လင်း နားမလည်နိုင်စွာဖြင့် မျက်တောင်ခပ်လိုက်သည်။ ထို့နောက်တွင် သတိလစ်မေ့မျောမသွားခင် ဖြစ်ပျက်ခဲ့သည်များအား ရုတ်တရက် ပြန်သတိရလာသည်။

ဟမ်.. ငါက ထာဝရမိစ္ဆာကို သတ်နိုင်ခဲ့တာပဲ။

ငါ့ရဲ့ အထင်ကြီးရလောက်တဲ့ ခွန်အား၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုလိုမျိုး ကြီးမားတဲ့အောင်မြင်မှုကို ရရှိခဲ့တာပဲ။

အင်း.. အခုတော့ အရင်ထလိုက်ဦးမှပဲ။

အန်လင်း လည်ပင်းအား ကြွကာဖြင့် ထိုင်ရန် ကြိုးပမ်းလိုက်သည်။

သူ၏လည်ပင်း အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော်လည်း ခန္ဓာကိုယ်မှာ တုံ့ပြန်မှု မရှိချေ။

ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ တစ်စံတစ်ခုအား သိရှိလိုက်ရသည်။

ဖာခ့် ငါ့ရဲ့ တင်ပါးတွေက ဘာလို့ မလှုပ်ရတာတုန်း။ လက်တွေနဲ့ ခြေထောက်တွေရောပဲ။

မဟုတ်သေးဘူး။ လည်ပင်းအောက်ပိုင်းတစ်ခုလုံးကို ခံစားလို့မရတော့တာ။

ရုတ်တရက်ဆိုသလို ‘ခြေပြတ်လက်ပြတ်’ ဟူသည့် စကားလုံးအား တွေးလိုက်မိသည်။

အန်လင်း : “…”

“တပိုင်... ရှောင်ချိုးးးးးးး” ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလို အနီးဝန်းကျင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

“အန်ကော နိုးလာပြီဟေ့ ဝုတ်”

အလျင်စလို ပြေးလာသည့် ခြေသံများကို ကြားလိုက်ရပြီးနောက် တပိုင်၏ ချစ်စဖွယ်မျက်နှာကြီးအား မြင်တွေ့လိုက်ရသည်။

“ဘာ.. ဘာတွေဖြစ်နေတာလဲ။” အန်လင်း စိတ်ဓာတ်ကျစွာဖြင့် မေးလိုက်သည်။

တပိုင် လျှာတစ်လစ်ထုတ်လိုက်ပြီးနောက် “အန်ကောက နျူကလိယဗုံးခွဲလိုက်ပြီး ထာဝရမိစ္ဆာကို ဖျက်ဆီးလိုက်တာလေ။ သောက်ရမ်းမိုက်တာ။ ဝုတ်”

“မဟုတ်ဘူး။ ငါ ဘာဖြစ်သွားတာလဲလို့ မေးတာ။” အန်လင်း၏မျက်လုံးတွင် မျက်ရည်များ ရစ်သိုင်းလာသည်။ “ငါ့ကို ကယ်နိုင်သေးရဲ့လား။”

လည်ပင်းအား မ ကာဖြင့် ခန္ဓာကိုယ်ကို ကြည့်လိုက်သည့်အခါ အဖြူရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။ ကုသရေးအစီအရင်တစ်ခုလည်း ရှိနေပြီး အဆက်မပြတ် ကုသပေးနေလေသည်။

“အခုက စိုးရိမ်ဖို့ မလိုတော့ပါဘူး။ ပေါက်ကွဲပြီးကာစက ဒီထက်တောင် ဆိုးသေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေပြီး ခြေတစ်ဖက်လည်း ပြတ်ထွက်သွားသေးတာ။ ညီလေးချိုးနဲ့ ကျွန်တော့်မှာ ကြောက်လိုက်တာ ဆိုတာလေ။ အန်ကောတော့ သွားပြီလို့ ထင်လိုက်ကြတာ။”

တပိုင် ခေါင်းယမ်းကာဖြင့် သက်ပြင်းချလိုက်သည်။ “အဲအချိန်တုန်းက အန်ကော မသေသွားပေမဲ့ လုံးဝ ကြောက်ဖို့ကောင်းတဲ့ အခြေအနေမှာ ရှိနေခဲ့တာနော်။ အသက်မျှင်းမျှင်းလေးပဲ ကျန်တော့တာ။ ညီလေးချိုးကိုပဲ ကျေးဇူးတင်ရမယ်။ အန်ကောကိုကယ်ဖို့အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာ။ အန်ကောရဲ့ သိုလှောင်လက်စွပ်ကို သန့်စင်ပြီး ပြင်းထန်တဲ့ဒဏ်ရာတွေကို ကုစားပေးနိုင်တဲ့ ဆေးလုံးကို ရှာတွေ့ခဲ့တယ်လေ။ အဆင့် ၉ အင်မော်တယ်ဆေးလုံးဖြစ်တဲ့ အဇူရာယန်ဆေးလုံးတဲ့။ ညီလေးချိုးက အဲဒီဆေးကို တိုက်လိုက်လို့ပေါ့ မဟုတ်ရင် အန်ကော သေနေလောက်ပြီ။ ဝုတ်”

အန်လင်းသည် သူ၏ခြေထောက်ကို ကြည့်ကာဖြင့် သတိလစ်မေ့မျောနေစဉ်အတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို နားထောင်နေလေသည်။ အဇူရာယန်ဆေးလုံးကြောင့်သာ သူ၏ခြေထောက်များ နဂိုအတိုင်း ရှိနေခြင်းဖြစ်မည်။

သို့သော်လည်း အနည်းငယ် စိုးရိမ်မိနေဆဲ ဖြစ်သည်။ “အဲတော့ ငါ့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ။”

တပိုင် ခေါင်းကုတ်လိုက်သည်။ “ကျွန်တော် ဘယ်သိမလဲဗျ။ အာ.. ဟုတ်သားပဲ။ ညီလေးချိုးက နဂါးလေးကို သင်္ဂြိုလ်ပေးနေတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အတူတူ တိုက်ခိုက်ခဲ့ကြတာ မလား။ ငြိမ်ငြိမ်းချမ်းချမ်းပဲ သေဆုံးသွားတာပါ။”

အန်လင်း : “နဂါးလေးက ဘာဖြစ်လို့ သေသွားရတာတုန်း။”

တပိုင် သက်ပြင်းချလိုက်သည်။ “မနေ့ညက ထာဝရမိစ္ဆာရဲ့ တိုက်ခိုက်ခံရပြီးကတည်းက သူက အသက်ရှူဖို့တောင် ခက်ခဲနေတာလေ။ ပြီးလည်းပြီးရော အန်ကောက ရုတ်တရက်ကြီး နျူကလိယဗုံး ခွဲတော့တာပဲ။ ကျွန်တော်တို့မှာ သူ့ကို ရွှေ့ချိန်တောင် မရလိုက်ဘူး။ အဲဒါကြောင့် ပေါက်ကွဲလှိုင်းတွေ ရိုက်ခတ်မိသွားရတာ။”

အန်လင်း မျက်နှာမဲ့လိုက်သည်။ အဲဒါကို ငြိမ်းငြိမ်းချမ်းချမ်း သေတယ်လို့ ခေါ်သလားကွ။

သို့သော်လည်း သူတို့ထံတွင် လေးနက်သည့် သံယောဇဉ်မျိုး မရှိကြချေ၊

ထာဝရမိစ္ဆာအား ရှာဖွေရန်အတွက်သာ မိစ္ဆာနဂါးကို အသုံးချလိုခဲ့ခြင်း ဖြစ်သည်။ အတင်းအကြပ် ကျေးကျွန်ပြုခဲ့ခြင်းမှာလည်း သူတို့အား ဆန့်ကျင်တိုက်ခိုက်လာမည်ကို ကာကွယ်ရန်သာ ဖြစ်သည်။ မိစ္ဆာနဂါး၏ ဆိုးရွားလှသော သေဆုံးမှုအား ကြားသိပြီးသည့်နောက်တွင် အနည်းငယ်မျှ စိတ်မကောင်းဖြစ်မိသည်။

အား.. ထာဝရမိစ္ဆာကို သတ်ဖြတ်တဲ့ စွန့်စားခန်းက တကယ်ကို လှည့်ကွက်တွေနဲ့ ပြည့်နေတာပါပဲလား။ စနစ်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိနိုင်ဖို့ ငါ့အသက်တောင် ဆုံးရှုံးရတော့မလို့ပဲ။

အန်လင်း သက်ပြင်းချလိုက်ပြီးနောက် စနစ်၏ မျက်နှာပြင်အား စိတ်လှုပ်ရှားစွာဖြင့် ဖွင့်လိုက်ပြီးနောက် “ကျင့်ကြံခြင်းနည်းစနစ်” ကဏ္ဍကို ကြည့်လိုက်သည်။

မိုးကြိုးလျှပ်စီးအနှစ်သာရ ကျင့်ကြံခြင်းနည်းစနစ်မှာ ဒုတိယအဆင့်သို့ တိုးမြှင့်နေပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးချဲ့ထွင်နည်းစနစ် ဟူသော ထူးခြားသည့် အင်မော်တယ်မန္တန်တစ်ခုလည်း ပေါ်နေလေသည်။

ထိုနည်းစနစ်၏ အဓိက အကျိုးသက်ရောက်မှုမှာ လျှပ်စီးဒြပ်စင်နှင့် သက်ဆိုင်သည့် အင်မော်တယ်မန္တန်များ၏ အစွမ်းနှင့် အင်အားကို တိုးမြှင့်နိုင်ခြင်းဖြစ်သည်။

အန်လင်းခေတ္တမျှ စဉ်းစားလိုက်သည်။ ထိုနည်းစနစ်အား လျှပ်စီးခြယ်လှယ်နည်းစနစ်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် အံ့ဩဖွယ်ရာ သက်ရောက်မှုများ ရရှိပေလိမ့်မည်။ (လျှပ်စီးအားလိုသလိုအသုံးပြုနိုင်သော နည်းစနစ်ကို လျှပ်စီးခြယ်လှယ်နည်းစနစ်လို့ နာမည်ပြောင်းလိုက်ပြီနော်_)

အခြားသူတစ်ဦးမှ ဗို့အား ၁၀၀,၀၀၀ ရှိသော လျှပ်စီးကြောင်းဖြင့် ပစ်ခတ်လာမည်ဆိုပါက လက်ဖြင့် အသာတောက်လိုက်ရုံမျှနှင့် ဗို့အားကို ၁၅၀,၀၀၀ အထိ တိုးမြှင့်နိုင်မည်သာမက ထိုလူ၏ စိတ်ပျက်မှုများကိုပါ မြင်တွေ့ခံစားနိုင်မည် ဖြစ်သည်။

မင်းဆီကို Rem တစ်ကောင် ပစ်လိုက်မယ်။

လက်ကလေး လှုပ်လိုက်ရုံနဲ့ပဲ နှစ်ကောင် ဖြစ်သွားလိမ့်မယ်။ ဟားဟားဟား

အန်လင်းမှာ ထိုအခြင်းအရာအား မြင်ယောင်ကြည့်မိပြီး အလွန်တက်ကြွလာလေသည်။ စမ်းသပ်ကြည့်ဖို့ရန် မစောင့်နိုင်တော့ပေ။

သို့သော်လည်း လျင်မြန်စွာ အသိစိတ်ပြန်ကပ်လာခဲ့သည်။ ဝသဖ..။ ယခုအချိန်တွင် သူ့အဖြစ်မှာ လက်တစ်ချောင်းမျှပင် လှုပ်ရှားနိုင်ခြင်းမရှိသည့် မသန်မစွမ်းတစ်ဦး ဖြစ်နေလေပြီ။ ဤကဲ့သို့သော အခြေအနေမျိုးနှင့် လျှပ်စီးခြယ်လှယ်နည်းစနစ်နှင့် လျှပ်စီးချဲ့ထွင်နည်းစနစ်တို့အား အသုံးပြုရမည်နည်း။ မျက်လုံးများဝေ့ကြည့်ကာဖြင့် နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်ဖြင့်သာ ဆော့ကစားနေခြင်းကမှ လက်တွေ့ကျပေဦးမည်။

အန်လင်း စိတ်ဓာတ်ကျသွားခြင်း မရှိချေ။ စနစ်၏ အခြားသော ကဏ္ဍများအား ကြည့်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံအတွက် တာဝန်မှာ သေချာပေါက် ပြောင်းလဲနေပြီး ဖြစ်ပေလိမ့်မည်။ ထို့နောက်တွင် အဓိကအဆင့်ကြီး တစ်ခုမှ အခြားအဓိကအဆင့်ကြီးတစ်ခုကို တက်ရောက်နိုင်တော့မည် ဖြစ်သည့်အတွက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။

“ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် _ လိုအပ်ချက် : နတ်ဘုရား၏ နှလုံးသားအား ရယူရမည်၊ နတ်ဘုရားသွေးကို သောက်သုံးရမည်၊ ပါရဂွန်နတ်သစ်သီးအား သားသုံးရမည်။” (ပါရဂွန်က အထွတ်အထိပ်ပုဂ္ဂိုလ်ဆိုတဲ့ သဘောမျိုးပါပဲ။ အခြားစကားလုံးတွေထက် ပါရဂွန်လို့ သုံးတာက ပိုသင့်တော်မယ် ထင်ပါတယ်_)

အန်လင်းသည် ထိုအဆင့်တက်ရောက်ရန် လိုအပ်ချက်အား ပေါ်လန်မြို့တွင် ရှိနေစဉ်ကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ထိုစဉ်က အလွန်အံ့အားသင့်မိရသည်။ နတ်ဘုရား၏ နှလုံးသား၊ နတ်ဘုရားသွေးနှင့် ပါရဂွန်နတ်သစ်သီး တို့ကို သူမသိချေ။

ယခုအချိန်တွင်လည်း ထိုအရာများနှင့် ပတ်သက်၍ ဂလယ်အူကြောင်တစ်ဦးအဖြစ်သာ ရှိနေဆဲပင်။

နတ်ဘုရားဆိုတာ အစစ်အမှန်နတ်ဘုရားနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ပြောရမယ်ဆိုရင် ဒီလိုအပ်ချက်ကြီးက သောက်ကျိုးနည်းကြီးပေါ့နော်။

အဲဒါတွေက တကယ်ကို အဆင့်မြင့်ပစ္စည်းတွေပဲ ဖြစ်ရမယ်။

တပိုင်နှင့် ရှောင်ချိုးတို့မှာလည်း မသိကြချေ။ ဒုကျောင်းအုပ် ယူဟွာ၊ ယီစီနှင့် ချန်အယ်တို့အား မေးမြန်းရန် စဉ်းစားခဲ့သေးသည်။ ထိုသူတို့မှာ အတွေ့အကြံပြည့်ဝပြီး ဗဟုသုတများစွာ ရှိကြသူများ ဖြစ်သည့်အတွက် ထိုအရာများကို သိကောင်းသိပေလိမ့်မည်။

“အန်ကော နိုးလာပြီလား။”

ရုတ်ချည်းဆိုသလို အဝေးမှနေ ပျော်ရွှင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။

များမကြာမီတွင် သူ့မျက်နှာနှင့် လက်မအနည်းငယ်ခန့်သာ ဝေးကွာသည့် နေရာတွင် စိတ်လှုပ်ရှားနေသော မျောက်တစ်ကောင်၏မျက်နှာ ပေါ်လာသည်။

ထိုမျက်နှာအား မြင်ရခြင်းမှာ အန်လင်းမျက်လုံးထဲ စူးလှသဖြင့် အနည်းငယ် ခေါင်းလှည့်လိုက်သည်။ “ရှောင်ချိုးရေ.. ငါဘယ်အချိန်လောက်မှ လမ်းလျှောက်နိုင်မှာလဲ။”

ယခုရှိနေကြသူများထဲတွင် ရှောင်ချိုးတစ်ဦးတည်းသာလျှင် သူ၏အခြေအနေကို အကောင်းဆုံး သိရှိသူ ဖြစ်သည်။ ကုစားခြင်းအစီအရင်အား သူပြင်ဆင်ထားခြင်း ဖြစ်သည်။

ရှောင်ချိုး သူ၏မေးနှစ်ခွအား ကုတ်လိုက်ပြီးနောက် မသေချာစွာဖြင့် ပြောသည်။ “အန်ကောရဲ့ ဒဏ်ရာတွေကို သေချာကြည့်ပြီးပြီ။ အရိုးတွေနဲ့ အသားတွေတော့ အတော်လေး ကောင်းနေပြီ။ ကိုယ်တွင်းကြောတွေက ပြန်ဆက်နေဆဲပဲ။ ချီစွမ်းအင်ကတော့ လုံးဝ ခမ်းခြောက်သွားတာ။ ကျွန်တော်ထင်တာကတော့ နောက်ထပ် ၁၀ ရက် ကျော်ကျော်လောက် ကြာဦးမယ်လို့လေ။”

ထိုစကားအား ကြားသည့်အခါ အန်လင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ကျေးဇူးတင်ပါတယ် မိုးနတ်မင်းကြီးရယ်? နောက်ဆုံးတော့ ခြေပြတ်လက်ပြတ် မဖြစ်တော့ဘူးပေါ့နော်။ ၁၀ ရက်ကျော်ကျော်လောက် မသန်မစွမ်းဘဝနဲ့ နေရရုံပဲ။

သို့သော်လည်း ရုတ်တရက်ဆိုသလို ပြဿနာတစ်ခုအား သတိရလိုက်မိသည်။ ငါ့ရဲ့ခန္ဓာကိုယ်က မသန်မစွမ်း ဖြစ်နေဦးမယ်ဆိုတော့ ဘယ်အချိန်မှာ နဂါးမင်းသမီးဆီ သွားရမတုန်း။ ကျောင်းကလည်း ပြန်ဖွင့်ဖို့ ၁၀ ရက်လောက်ပဲ လိုတော့တယ်။

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ “ရှောင်ချိုး” ရုတ်တရက် အော်လိုက်သည်။ “ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ကုသခြင်းအမျိုးအစား စိတ်ဝိညာဉ်ဆေးလုံးတွေ ဘယ်လောက်ရှိသေးလဲ။”

ယခုအချိန်တွင် သူ၏ လက်ချောင်းများအား လှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက် သိုလှောင်လက်စွပ်အား အသုံးမပြုနိုင်သေးချေ။

ထိုစကားကို ကြားသည့်အခါ ရှောင်ချိုး အနည်းငယ် ကြောင်အသွားမိသည်။ အန်လင်းသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ထိုသို့မေးလာသည်ကို သူမသိချေ။ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် “၁၀ လုံး ကျော်ကျော်တော့ ရှိနေသေးတယ်။”

“ငါ့ကို အားလုံးကျွေး”

“အန်ကော အဲဒါက အဆင်မပြောဘူးနော်။ အင်မော်တယ်ဆေးလုံးရဲ့ သက်ရောက်မှုတွေတောင် မကုန်သေးဘူးလေ။ ဒီဆေးလုံးတွေအားလုံးကို သုံးလိုက်မယ်ဆိုရင် အကူအညီ မဖြစ်ရုံတင်မကဘူး အန်ကောရဲ့ ခန္ဓာကိုယ်ပါ ဘေးသင့်သွားလိမ့်မယ်။” အန်လင်း၏ တောင်းဆိုချက်အား ကြားသည့်အခါ ရှောင်ချိုး အလွန်စိုးရိမ်လာမိသည်။

“အဆင်ပြေတယ်။ ငါ့ဆီမှာ အမြဲစိမ်းနည်းစနစ် ရှိတယ်လေ။ အဲဒီဆေးလုံးတွေရဲ့ အကျိုးကျေးဇူးတွေ အားလုံးကို ပေါင်းစပ်နိုင်တယ်။”

“အပိုတွေပြောတာ တော်လိုက်တော့။ မြန်မြန်လေး အဲဒီဆေးလုံးတွေ ငါ့ကိုပေး။”

ရှောင်ချိုးမှာ အန်လင်း၏ အမိန့်ကို ဖီဆန်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် အန်လင်းဆိုသည့်အတိုင်း သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးများကို ယူပေးလိုက်သည်။

ထို့နောက်တွင် အန်လင်းသည် ထိုဆေးလုံးများကို တိုက်ရိုက်သုံးစွဲလိုက်သည်အား မြင်တွေ့လိုက်သည်။ တုံ့ဆိုင်းခြင်း မရှိဘဲ အားလုံးကို တစ်ပြိုင်နက်တည်း ဝါးမျိုလိုက်ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်သည် ရှောင်ချိုးအား အလွန်အမင်း ထိတ်လန့်သွားစေသည်။ အကယ်၍ သူသည် အန်လင်းကဲံသို့ ဆေးလုံးများ သုံးစွဲလိုက်မည် ဆိုလျှင် အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရရှိသွားနိုင်သည်။

အန်လင်း၏ ဦးခေါင်းထက်တွင် အစိမ်းရောင် ရောင်ခြည်စက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဆေးလုံးများတွင် ပါဝင်သည့် စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်း တစ်လက်မပင်မကျန်အောင် လှည့်ပတ်နေလေသည်။

အမြဲစိမ်းနည်းစနစ်သည် လုပ်ဆောင်နိုင်စွမ်း အမြင့်ဆုံးနှုန်းဖြင့် ဆေးလုံးများ၏ အကျိုးကျေးဇူးများကို လျင်မြန်စွာ ချေဖျက်နေလေသည်။

အန်လင်း၏မျက်နှာတွင် ပြတ်သားမှုတို့ ထင်ဟပ်နေပြီး ကုသခြင်းအစီအရင်ထဲတွင် လဲလျောင်းနေလေသည်။

နဂါးမင်းပိုင်နက်ရေ... ငါလာပြီကွ။

***

All Chapters