ကျေးဇူးကြွေး လာဆပ်တာပါ
Vol. 21 Ch. 289
နဂါးမြို့တော်သည် အရှေ့ပင်လယ်တွင် အကြီးဆုံးသောမြို့ ဖြစ်သည်။ ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး လူဦးရေမှာလည်း သန်းရာကျော် ရှိသည်။
ပင်လယ်နက်ပိုင်းတွင် တည်ရှိပြီး ကြီးမားလှည့် အကာအကွယ်တစ်ခုမှ လွှမ်းခြုံထားလေသည်။ ထိုအကာအကွယ် နေ့နှင့်ည တစ်လှည့်စီ ပြောင်းလဲနေပြီး နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဟူ၍ ရာသီလေးမျိုးလည်း ရှိလေသည်။ ယခုအချိန်တွင် နဂါးမြို့တော်မှာ ဆောင်းဦးရာသီသို့ ရောက်ရှိနေချိန် ဖြစ်သည်။
အန်လင်းသည် တပိုင်၏ ကျောပေါ်တွင် စီးနင်းကာဖြင့် စည်ပင်ဝပြောလှသည့် ထိုမြို့သို့ ရောက်ရှိလာခဲ့သည်။
“ကျွတ် ကျွတ် ကျွတ် အရှေ့ပင်လယ်ရဲ့ နံပါတ် တစ် မြို့တော် ပီသပါပေတယ်။”
“အဆောက်အဦပုံစံမျိုးစုံလည်းရှိတယ်။ မျက်စိနဲ့ မမြင်နိုင်လောက်အောင် မြင့်မားသေးတယ်။ သဘာဝဆန်တဲ့ တောင်ကုန်းတွေ တောင်ကြားတွေလည်း ရှိနေသေးတယ်။ မျက်စိနဲ့ ကိုယ်တိုင်တွေ့တာမျိုး မဟုတ်ဘူးဆိုရင် ပင်လယ်နက်ပိုင်းမှာ ဒီလိုမျိုး လှပတဲ့ရှုခင်း ရှိနေလိမ့်မယ်လို့ ယုံနိုင်မှာတောင် မဟုတ်ဘူး။”
အန်လင်းသည် ရေအောက်မြို့တော်အား ကြည့်ရင်းဖြင့် အံ့အားသင့်နေမိသည်။ လျှို့ဝှက်ရတနာမြေတစ်ခုအား ရှာတွေ့လိုက်ရသလို ခံစားနေမိသည်။
ယခုအခါတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်မှာ အားနည်းနေဆဲ ဖြစ်သည့်အတွက် အလွန်မောပန်းနွမ်းနယ်ကာ နှေးကွေးလှသည်။
တပိုင်မှာလည်း နဂါးမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ သူ၏ မျက်လုံးတို့မှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေလေသည်။ “အဲဒါတင် ဘယ်ကမလဲ။ ဒီက စကီလေးတွေကလည်း သောက်ကျိုးနည်းလောက်အောင် လှပသေးတယ်။ အရှေ့ပင်လယ်မှာရှိတဲ့ မျိုးနွယ်စုအမျိုးမျိုးက အလှပဂေးတွေ လာဆုံနေကြတာ။ အန်ကော ခုနက ဖြတ်သွားတဲ့ ရေနဂါးမလေးကို မြင်လိုက်လား။ သူမရဲ့ တင်လေးတွေကို လှုပ်ယမ်းသွားပုံကလေ... ကျွတ် ကျွတ် ကျွတ်”
အန်လင်း : “…”
ရေနဂါးတင်လှုပ်တာ ဘာတွေတောင် အဲလောက်ကြီး ဆွဲဆောင်နေရတာတုန်း။
တပိုင်သည် အခြားသော မျိုးနွယ်များ၏ အလှအပအား ဝေဖန်ပိုင်းခြားရာတွင် သူ့ထက်ပိုကာ ဆရာကျခြင်း ဖြစ်ပေလိမ့်မည်။
ဤသို့ဖြင့် တပိုင်၊ ရှောင်ချိုးနှင့် တပိုင်တို့သည် နဂါးမင်းပိုင်နက်အတွင်း ပေါ့ပါးစွာ လှည့်လည်သွားလာနေကြလေသည်။
နဂါးမင်းပိုင်နက်မှာ သူတို့ဝင်လာခဲ့သည့် အကာအကွယ်ရှိရာနှင့် များစွာမဝေးလှချေ။ ထိုနေရာသို့ နေ့ဝက်ခန့်နှင့် ရောက်နိုင်သည်ဖြစ်သည့်အတွက် အလျင်မလိုလှချေ။
အန်လင်းသည် ဤနေရာရှိ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွန်စွာစိတ်ဝင်စားနေမိသည်။ ထိုအခိုက်အတံ့မှာပင် သူတို့၏ဘေးသို့ ရောက်ရှိလာသည့် ပုစွန်နှစ်ကောင် စကားစပြောလေသည်။
“အိုး မင်းကြားပြီးပြီလား။ မင်းသမီး ၁၁ ကို နတ်အစောင့်အရှောက်အဖွဲ့က ရှားဇီနဲ့ စေ့စပ်ပေးတော့မလို့တဲ့။” ရွှေရောင်ပုစွန်ကြီးတစ်ကောင်မှ အားတက်သရော ပြောလေသည်။
“ဟမ်.. အရူးလုပ်ဖို့ ကြိုးစားမနေနဲ့။ ပြီးခဲ့တဲ့ နှစ်နှစ်ကမှ နဂါးမင်းသမီးလေးက ရှားဇီကို လူသိရှင်ကြား ငြင်းထားတာလေ။ အဲဒီအဖြစ်က နဂါးမြို့တော်မှာ အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားသေးတာကို။ အခုမှ ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ စိတ်ပြောင်းသွားနိုင်မှာလဲ။” အခြား ပုစွန်ကြီးတစ်ကောင် ခေါင်းယမ်းလိုက်သည်။ ထိုအကြောင်းအား မယုံချေ။
“နောက်နေတာ မဟုတ်ဘူးကွ။ သူမရဲ့စိတ် ဘာလို့ပြောင်းလဲသွားတာလဲဆိုရင် ငါကြားခဲ့တာကတော့...” ရွှေရောင်ပုစွန်ကြီး၏ မျက်နှာတွင် လျှို့ဝှက်သည့်ဟန်တို့ ရှိနေပြီး သူ၏အသံကို နှိမ့်ကာဖြင့် ဆက်ပြောသည်။ “ပုလဲနိုင်ငံတော်က ပုလဲမြို့တစ်မြို့ကို ကယ်တင်ပေးဖို့အတွက် မင်းသမီးလေးက ပင်လယ်မိစ္ဆာအင်ပါယာအချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်တဲ့။ အဲဒါပြီူတော့ လူသားကျင့်ကြံသူ တစ်ယောက်ကို ကယ်တင်ဖို့ သူမရဲ့ သွေးမျိုးဆက်ကိုပါ စေတေးခဲ့သေးတယ်တဲ့။ အခု သူမရဲ့ သွေးမျိုးဆက်က ပျက်စီးသွားပြီလေ။ အဲဒါကြောင့် မဟုတ်ဘူးဆိုရင် နဂါးမင်းကြီးက သူ့ရဲ့ ထူးချွန်လှတဲ့ သမီးကို နတ်အစောင့်အရှောင်အဖွဲ့ခေါင်းဆောင်နဲ့ စေ့စပ်ပေးဖို့ ဆန္ဒရှိလိမ့်မယ်လို့ မင်းထင်လား။ ဒီသတင်းက နဂါးမင်းပိုင်နက်မှာ ပြန့်နေတာ ရက်နည်းနည်းတောင် ကြာပြီ။ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ကြေညာလိမ့်မယ်တဲ့။”
အခြား ပုစွန်ကြီးမှာ ထိုအကြောင်းကို ကြားရပြီးသည့်နောက်တွင် အတော်လေး ကြောင်အနေမိသည်။ “ဘာလို့များ အရမ်းကို သံသယဖြစ်ဖို့ကောင်းတာပါလိမ့်။”
“သူမနဲ့ တွေ့ဆုံတာ မကြာသေးတဲ့ သုံးစားမရတဲ့ ပုလဲတွေနဲ့ လူသားကျင့်ကြံသူကို ကယ်တင်ပေးဖို့ သူမရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို ဖျက်ဆီးပစ်ခဲ့တယ်ပေါ့။ မင်းသမီးလေးက ရူးသွားတာများလား။”
…
အန်လင်း မျက်လုံးများ မှိတ်လိုက်ပြီးနောက် ပုစွန်ကြီး နှစ်ကောင်မှာလည်း အဝေးသို့ လျှောက်လှမ်းသွားကြလေသည်။ သူ၏မျက်နှာတွင် ဝမ်းနည်းရှက်ရွံ့မှုတို့ ထင်ဟပ်နေသည်။
“တပိုင်ရေ... သွားကြစို့”
…
နဂါးမင်းပိုင်နက်၊ ကျောက်စိမ်းဉယျာဉ်။
“တကယ်ကြီး ထွက်သွားတော့မလို့လား ပေလျန်ကျဲကျဲ” ယင်ယွီ၏မျက်နှာတွင် ဝမ်းနည်းသည့် စိတ်ခံစားချက်တို့ ပေါ်လွင်ကာဖြင့် ပေလျန်၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသည်။ သူမနှင့် ခွဲခွာလိုစိတ် မရှိပေ။
ပေလျန် ထွက်ခွာသွားမည်ဆိုလျှင် နဂါးမင်းပိုင်နက်နှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်လိုက်မည်ကို သူမသိသည်။ နဂါးမင်းကြီး၏ ဒေါသနှင့်ဆိုလျှင် သူမအား ပြန်လာခွင့်ပြုမည် မဟုတ်ချေ။
ပေလျန် ဖျော့တော့စွာ ပြုံးလိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူကာဖြင့် ယင်ယွီ၏လက်များကို အုပ်ကိုင်လိုက်သည်။ “ကျဲကျဲ တတ်နိုင်တာ ဘာမှ မရှိဘူးလေ။ ခမည်းတော်က ကျဲကျဲ မချစ်မနှစ်သက်တဲ့သူနဲ့ စေ့စပ်ကြောင်းလှမ်းဖို့ ဆန္ဒရှိနေတယ်။ ကျဲကျဲက လက်မခံနိုင်ဘူး။ ကန့်ကွက်နိုင်စွမ်းလည်း မရှိမှတော့ ထွက်သွားဖို့ပဲ ရှိတော့တယ်။”
ယင်ယွီ၏မျက်လုံးများ နီရဲလာသည်။ မည်သို့ဆိုရမည်ကိုပင် မသိတော့ချေ။
ယင်ယွီမှာ ပေလျန်၏ အကျင့်စရိုက်ကို ကောင်းစွာ သတိထားမိသည်။ သူမသည် သူမ၏ စကားအတိုင်း ပြုလုပ်တတ်သူ ဖြစ်ပြီး မည်သူကမျှ ဖိအားပေး၍ မရချေ။
“ဟွန့်.. ဒါတွေ အကုန်လုံးက အဲဒီ လူသားကျင့်ကြံသူရဲ့ အမှားကြောင့်ပဲ။ သူက ကျဲကျဲ စတေးခံရလောက်အောင် ထိုက်တန်လို့လား။” ယင်ယွီသည် သူမ၏ မကျေနပ်ချက်များအား အပြစ်ပုံချရန် မရှိသည့်အတွက် လူသားကျင့်ကြံသူကိုသာ ပြစ်တင်ကြိမ်းမောင်းတော့သည်။
ပေလျန်သည် ယင်ယွီအား နူးညံ့စွာ ကြည့်လိုက်သည်။ နဂါးမင်းပိုင်နက်တွင် သူမအခင်တွယ်ရဆုံးသောသူမှာ ယင်ယွီဖြစ်သည်။ “မဟုတ်ဘူး။ သူ့ကို ကယ်နိုင်ခဲ့တဲ့အတွက် တကယ်ဝမ်းသာမိတယ်။” သူမ ပြုံးကာဖြင့် ပြောသည်။ “ဘာလို့လဲဆိုတာ သိပ်မကြာခင် သိလာလိမ့်မယ်။”
ယင်ယွီနားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီး သူမ၏ အစ်မအား ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
သို့သော်လည်း ပေလျန်မှာ အကျယ်တဝံ့ ရှင်းပဖို့ရန် အစီအစဉ် မရှိချေ။ နဂါးမင်းပိုင်နက်တွင် ထိုလူ၏ အမည်အား ထုတ်ဖော်ခြင်း မပြုရသည့် အကြောင်းမှာ ထိုလူအတွက် အခြားပြဿနာများ မဖြစ်ပေါ်စေရန် ရှောင်ရှားလို၍ ဖြစ်သည်။ မည်သို့ဆိုစေ အမှန်တရားအား ကြာရှည်စွာ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါ။ ပုလဲနိုင်ငံတော်တွင် ပြုလုပ်ခဲ့သည်များမှာ နေရာအနှံ့သို့ ပြန့်နှံ့ရောက်ရှိပြီး ဖြစ်သည်ကြောင့် အနှေးနှင့် အမြန် ဆိုသလို ယင်ယွီ သိလာပေလိမ့်မည်။
ပေလျန် သက်ပြင်း ချလိုက်မိသည်။ တစ်ခါတစ်လေတော့လည်း ကံကြမ္မာဆိုတဲ့ အရာက တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဩဖို့ကောင်းပါလား။
သူမသာ ထိုလူသားကျင့်ကြံသူအား ကယ်တင်ခြင်းမပြုခဲ့လျှင် ထိုလူသားကျင့်ကြံသူမှာ ရှေးဟောင်းတိုက်ပွဲပြင်၌ ပေါ်လာလိမ့်မည် မဟုတ်ချေ။
ရှေးဟောင်းတိုက်ပွဲပြင်၌ ထိုလူသားကျင့်ကြံသူ ပေါ်လာခြင်း မရှိလျှင် ယင်ယွီသည်လည်း သူမ၏ အသက်အား ဆုံးရှုံးသွားရပေလိမ့်မည်။
တစ်နည်းဆိုရသော် ထိုလူသားကျင့်ကြံသူအား ကယ်တင်ခဲ့ခြင်းသည် ယင်ယွီ၏အသက်အား ကယ်တင်ခဲ့ခြင်းနှင့် တူညီလေသည်။
အရာအားလုံးက ဆက်စပ်နေပါပေါ့လား။
အင်း.. တန်ပါတယ်လေ။
အမှန်တရားကိုသာ သိသွားမယ်ဆိုရင် ယင်ယွီ ဘယ်လိုမျိုး တုံ့ပြန်မှာပါလိမ့်။
ပေလျန် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။ သူမ၏ မျက်နှာတွင် တည်ငြိမ်မှုတို့ ထင်ဟပ်နေသည်။ “ကျဲကျဲ သွားတော့မယ်။ နောက်များတော့ ပြန်တွေ့ကြတာပေါ့။”
ယင်ယွီသည်လည်း မတ်တတ်ရပ်လိုက်သည်။ “ကျဲကျဲကို လိုက်ပို့မယ်။”
“လိုက်ပို့မယ်ဆိုတာ ဘာစကားလဲ။” ပေလျန် စိတ်တိုသွားမိသည်။ “ကျဲကျဲက ကောင်းမွန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတာ မဟုတ်ဘူး။ ဒီနန်းတော်ကနေ ထွက်ပြေးတာ။”
ယင်ယွီ နှုတ်ခမ်းဆူလိုက်သည်။ “အဲဒါဆိုရင် ညီမလေးကို မေ့မသွားရဘူးနော်။” ခေါင်းမာစွာဖြင့် ပြောသည်။ “အတွေ့အကြုံရအောင် ပြင်ပကမ္ဘာကို ထွက်လာတဲ့အချိန်ကျ အသံလွှင့်ကျောက်တုံးကနေ ဆက်သွယ်လိုက်မယ်နော်။”
“ကောင်းပြီ။” ပေလျန်၏ လှပသည့် မျက်နှာလေးတွင် ချစ်ခင်မှုတို့ ပြည့်ကာဖြင့် ယင်ယွီ၏ခေါင်းအား အသာပွတ်လိုက်သည်။ “ဂရုစိုက်”
“အင်း.. ကျဲကျဲလည်း ဂရုစိုက်နော်။” ယင်ယွီသည် လှပသည့် ပုံရိပ်လေးအား ကြည့်ကာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ထိုလှပသည့် ပုံရိပ်လေးသည် အလင်းတန်းအသွင်သို့ ပြောင်းကာဖြင့် ကျောက်စိမ်းဉယျာဉ်မှ ပျံသန်းထွက်ခွာသွားလေသည်။
ပေလျန်သည် သူမ၏ အိမ်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားလေပြီ။
များပြားလှသည့် မောင်နှမများကြားတွင် ယင်ယွီတစ်ဦးတည်းကိုသာ နှုတ်ဆက်စကားဆိုခဲ့သည်။
ယင်ယွီမှလွဲ၍ နဂါးမင်းပိုင်နက်တွင် သူမ နှုတ်ဆက်ရမည့်သူ မရှိချေ။
ယခုတွင်မူ သူမ၏ ကျန်ရှိသည့် သက်တမ်းတစ်လျှောက်တွင် ပျော်ရွှင်စွာ နေထိုင်နိုင်မည့် နေရာတစ်ခုကိုသာလျှင် ရှာဖွေချင်မိသည်။
“အာ.. ဘယ်ကိုသွားရင် ကောင်းမလဲ။”
ပေလျန်မှာ လမ်းပျောက်နေလေသည်။
ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို သူမ၏ အသံလွှင့်ကျောက်တုံးမှ အရောင်လက်လာသည်။
ဒီအော်ရာက...။ သူမသည် အသံလွှင့်ကျောက်တုံးအား ထုတ်ယူလိုက်ပြီးနောက် အနည်းငယ် ကြောင်အနေမိသည်။
ဘာလို့ သူလဲ။ ဘာလို့ ငါ့ကို ဆက်သွယ်နေရတာလဲ။
ဟုတ်သားပဲ နဂါးမင်းပိုင်နက်ကို လာလည်မယ်လို့ ပြောခဲ့တယ်လေ။ ယင်ယွီကို ရှာနေတာပဲ ဖြစ်မယ်။
ပေလျန်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် အသံလွှင့်ကျောက်တုံးမှ ဆက်သွယ်လာမှုအား လက်ခံလိုက်သည်။ “အန်လင်း လား။”
“ဟေး ပေလျန်ရေ ငါပါ။ အခု နဂါးမြို့တော်ကို ရောက်နေတာ။ နင်က နဂါးမင်းပိုင်နက်မှာလား။ အဲဒီကိုလာပြီး နင့်ကိုလာရှာမလို့လေ။”
“မလာနဲ့။ ငါက နဂါးမင်းပိုင်နက်ကနေ ထွက်လာခဲ့ပြီ။ ကံပါရင် ပြန်တွေ့ကြတာပေါ့။”
“ဘာ ကံတုန်း။ နင်ဘယ်မှာလဲ။ အခုချက်ချင်း နင်ရှိတဲ့နေရာကို ငါလာခဲ့မယ်။”
ပေလျန် တုံ့ပြန်ခြင်း မရှိချေ။ အကြောင်းမှာ ခွေးပျံစီးနင်းလာသည့် လူတစ်ဦးအား မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။
ခွေးပျံစီးနင်းလာသည့် အမျိုးသားမှာလည်း ကြောင်အသွားလေသည်။
ထို့နောက်တွင် ရယ်မောလိုက်သည်။ “ဟိဟိ စကားသုံးတာလေး ကောင်းတယ်နော်။ ‘ကံပါရင် ပြန်တွေ့ကြတာပေါ့’ ဆိုတော့ ငါတို့ရဲ့ ကံတွေက အရမ်းကို ခိုင်မြဲနေကြပုံပဲ။”
ထိုလူမှာ အန်လင်းမှလွဲ အခြားမဟုတ်ပေ။ အန်လ်းမှာ အလွန်အံ့အားသင့်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
ပေလျန် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်မိသည်။ သူမ၏အသံမှာ အမြဲလိုလို အေးစက်ကာဖြင့် ရှိနေပြီးနောက် “ကိစ္စရှိလို့လား။”
“ရှိတယ်။ တကယ့်ကိစ္စကြီး ရှိတယ်။” အန်လင်း ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာတွင် ရိုးသားမှုနှင့် အပြစ်တင်မှုတို့ ထင်ဟပ်နေလေသည်။
“အရမ်းနောက်ကျပြီးမှ ရောက်လာရလို့ တောင်းပန်ပါတယ်။ ငါ့ကြောင့် အများကြီး နစ်နာသွားရပြီ။”
ပေလျန် အနည်းငယ် ဆွံ့အနေမိသည်။ “ဘာတွေပြောနေတာတုန်း။ တောင်းပန်ဖို့အတွက် ရောက်လာတာလား။”
အန်လင်း ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး။ တကယ်တော့ ကျေးဇူးကြွေးဆပ်ဖို့အတွက် ရောက်လာတာ။”
ကျေးဇူးကြွေးဆပ်ဖို့ ဟုတ်လား။
ပေလျန်မှာ ရယ်ရမလို ငိုရမလို ဖြစ်လာမိသည်။ အန်လင်းအား ငြင်းဆန်ရန် ပြုစဉ်မှာပင် အန်လင်း ဆက်ပြောလာသည့် စကားကြောင့် မှင်တက်သွားလေသည်။
“အဲဒါက... နင့်ရဲ့ သွေးမျိုးဆက်ကို သန့်စင်ပေးပြီး ပြန်အသက်ဝင်လာအောင် ကူညီပေးဖို့ ရောက်လာခဲ့တာပါ။”
“လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းနေရတာနဲ့ ကြာသွားရတာ။ နင့်ရဲ့ အခြေအနေကို ငါကြားပြီးပါပြီ။ အခုလိုမျိုး ဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့မိဘူး။ အခုလိုမျိုးတွေ ဖြစ်လာမယ်ဆိုတာ ငါသိခဲ့ရင် အစောကတည်းက ဒီအကြောင်းကို ပြောလိုက်ပါတယ်။ တောင်းပန်ပါတယ်နော်..”
ပေလျန်မှာ တုန်လှုပ်နေဆဲဖြစ်သည်။ သူမ၏စိတ်ထဲ၌ စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေလေသည်။
သွေးမျိုးဆက်ကို သန့်စင်ပေးပြီး အသက်ပြန်ဝင်စေမယ်တဲ့လား။
***