← Chapters

နဂါးမင်းသမီး၏ ဆုံးဖြတ်ချက်

Vol. 21 Ch. 290

နဂါးမင်းသမီး၏ ဆုံးဖြတ်ချက်

Vol. 21 Ch. 290

“ဒါပေမဲ့ ငါ့ရဲ့ သွေးမျိုးဆက်က အဖက်ဆယ်လို့ မရတော့ဘူး မဟုတ်ဘူးလား။ ငါ့ရဲ့အဖေတောင် ဘာမှမလုပ်နိုင်ဘူး။ နင်က ဘယ်လိုသန့်စင်ရမလဲဆိုတာ တကယ်သိလို့လား။” ပေလျန်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင်း ပြူးကျယ်လာသည်။

အန်လင်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “နင်အဖေ မလုပ်နိုင်တာနဲ့ တခြားသူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ။ ဆရာမ ရှန့်ယင်ဆီကနေ အဲဒီနည်းလမ်းကို ရခဲ့တာ။ အဲဒါကြောင့် စိတ်ချလို့ရတယ်။”

“ဆရာမ ရှန့်ယင်.. နင်ပြောတာ နဂါးမျိုးနွယ်စုရဲ့ ကောင်းကင်နဂါးမယ်လား။” ပေလျန်မှာ တုန်လှုပ်ဖွယ်ရာ စကားများကို ကြားလိုက်ရသည့်အတွက် ပါးစပ်အဟောင်းသားဖြင့် ရှိနေလေသည်။

လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း ရှန့်ယင်မှာ တာအိုပေါင်းစည်းခြင်းအဆင့်သို့ အနီးစပ်ဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။ အစစ်အမှန်နဂါးတာအိုကိုသာ ရွေးချယ်ခဲ့မည်ဆိုလျှင် သူမအနေဖြင့် လွယ်လင့်တကူ အောင်မြင်နိုင်မည် ဖြစ်သည်။ သူမ၏ ဒဏ္ဍာရီများနှင့် လေးစားဖွယ်ရာ ပုံရိပ်တို့သည် နဂါးမင်းပိုင်နက်၏ သမိုင်းတွင် ထင်ရှားစွာ ရှိနေပြီး သူမမှာ ပေလျန်၏ အိုင်ဒဲလ်လည်းဖြစ်သည်။ အန်လင်းသည် သူမ၏ သွေးမျိုးဆက် သန့်စင်ခြင်း နည်းစနစ်ကို သူမ၏ အိုင်ဒဲလ်ဖြစ်သူထံမှ ရရှိလာခဲ့ခြင်းဟု ပြောလာသည့်အခါ သူမအနေဖြင့် တည်ငြိမ်နိုင်စွမ်း မရှိတော့ချေ။

“ဟုတ်တယ်။ သူမကိုပြောတာ။” အန်လင်း ခေါင်းညိတ်လိုက်သည်။ “ရှန့်ယင်နဲ့ တွေ့ဖို့ အခွင့်ရခဲ့တုန်းက ဒီသွေးမျိုးဆက်သန့်စင်ခြင်း နည်းစနစ်ကို ရခဲ့တာ။ ငါနဲ့လိုက်ခဲ့။ တစ်နေရာရာသွားပြီး စကားပြောကြမယ်။”

အန်လင်း တပိုင်ပေါ်သို့ ခုန်တက်လိုက်ပြီးနောက် အခြားတစ်နေရာသို့ ပျံသန်းသွားလေသည်။ ပေလျန်မှာလည်း ကြောင်အစွာဖြင့် နောက်မှလိုက်ပါလာသည်။ သူမ သိလိုက်ရသည့် အချက်အလက်များနှင့် ပတ်သက်၍ နားလည်နိုင်ရန် အချိန်ယူနေရပုံပင်။

သူတို့သည် ချောင်ကျကာ တိတ်ဆိတ်လှသည့် တောင်ကုန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ကျေးငှက်အော်မြည်သံများနှင့် ပိုးကောင်သံများသာလျှင် ရှိလေသည်။

“ဒီနေရာက တစ်ခုခုကို ခိုးကြောင်ခိုးဝှက်လုပ်ဖို့ မဆိုးပါဘူး။” အန်လင်း လှည့်ပတ်ကြည့်လိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ပေလျန် : “…”

“ကျွန်တော်တို့ လုပ်မယ့်ကိစ္စမှာ မှားယွင်းနေတဲ့အရာ ဘာမှမရှိဘူးလေ အန်ကောရဲ့။ ဘာလို့များ ရိုင်းစိုင်းတဲ့ပုံနဲ့ ပြောရတာလဲ။” တပိုင် စိတ်ကုန်စွာဖြင့် သက်ပြင်းချလိုက်သည်။

ဖြောင်း

ခေါင်းရိုက်ခံလိုက်ရလေပြီ။

“မင်းကလွဲပြီး ငါ့ကို ကြိုက်တဲ့သူ ဝေဖန်လို့ရတယ်။ မင်းလိုမျိုး အကျင့်ပျက်ခွေးက ငါ့ကို ဘာကိစ္စနဲ့မှ ပြောဆိုခွင့် မရှိဘူး။” အန်လင်း အသံမာမာဖြင့် ပြောလိုက်သည်။

“ဝုတ် သစ်သားချောင်းမှာတောင် သစ်သားချောင်းအရိပ် ရှိနေသေးတာပဲ။ ခွေးဆိုတာကလည်း သူ့သခင်ရဲ့ အပြုအမူအတိုင်းပဲ လိုက်တယ်လေ။” တပိုင် ခွန်းတုံ့ပြန်သည်။

တပိုင်၏ ပြောစကားကြောင့် အန်လင်း၏ ရင်ဘတ်ထဲ၌ တင်းကြပ်လာလေသည်။ တပိုင်သည် သူတို့နှစ်ဦးစလုံး၏ ဂုဏ်သိက္ခာများကို ဖျက်ဆီးလိုက်လေပြီ ဖြစ်သည်။

သူမ၏ရှေ့တွင် စကားများနေကြသည့် နှစ်ဦးကိုကြည့်ကာ ပေလျန်၏ မျက်နှာတွင် ပေါ့ပါးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

တုန်လှုပ်နေမှုမှ တည်ငြိမ်လာပြီး ဖြစ်သော်လည်း အတော်လေး စိတ်လှုပ်ရှားနေမိသည်ကြောင့် တိတ်ဆိတ်စွာ စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။ သူမ၏ လှပသည့် မျက်လုံးကြီးများ တလက်လက်တောက်ပကာဖြင့် အန်လင်းအား မျှော်လင့်တကြီးဖြင့် ကြည့်နေလေသည်။

အန်လင်းမှာ ပေလျန်၏ လွှဲဖယ်သွားခြင်းမရှိသည့် အကြည့်များအောက်တွင် ရှက်ရွံ့လာမိပြီး ကိုးရို့ကားယားနိုင်စွာ ချောင်းဆိုးလိုက်သည်။ “ကောင်းပြီလေ။ ဆော့နေတာ တော်ပြီ။ အလုပ်စကြမယ်။”

ထိုသို့ပြောနေရင်းနှင့်ပင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းအများအပြား ထုတ်ယူလိုက်သည်။

“ဒါက သစ်တောစိမ်းကျွန်းကနေ ရလာခဲ့တဲ့ နှစ်တစ်ထောင်လမျိုသစ်။ ဒါက နဂါးမင်းပိုင်နက်ရဲ့ ရှေးဟောင်းစစ်မြေပြင်ကနေ ရလာခဲ့တဲ့ ရှေးဟောင်းခရမ်းနွယ်နဲ့ တောင်ပံနဂါးရဲ့ သွေးစစ်စစ်။ ဒါက ရေခဲကျွန်းကနေ ရလာခဲ့တဲ့ မဟူရာရေခဲကျောက်၊ မြွေပျံမီးတောင်က အထီးကျန်မီးတောက်ရိုးတွေ၊ မွန်မြတ်မိစ္ဆာကျွန်းက နတ်ဆေးပင်ဖြူ။”

ပေလျန်သည် သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းတစ်မျိုးပြီးတစ်မျိုး ထုတ်ယူနေသည့် အန်လင်းအား တိတ်ဆိတ်လျက်သာ ကြည့်နေမိသည်။ ထိုပစ္စည်းများတွင် အလွန်အားကောင်းသည့် စွမ်းအင်ပြောင်းလဲမှုများ ပါဝင်နေသည်ကြောင့် ယင်းတို့၏ သွင်ပြင်များအရ အလွန်ရှားပါးသည့် ဆေးပစ္စည်းများဖြစ်ကြောင်း သိနိုင်သည်။ အထူးသဖြင့် ရှေးဟောင်းခရမ်းနွယ်နှင့် တောင်ပံနဂါး၏ သွေးစစ်စစ်တို့အား မြင်တွေ့လိုက်ရသည့်အခါတွင် ထိတ်လန့်မှုကြောင့် သူမ၏နှလုံးသားလေး တုန်ယင်လာသည်။

ထိုအကြောင်းအား ယင်ယွီထံမှ ကြားခဲ့ရသည်။ အန်လင်းသည် ထိုပစ္စည်းများအား ရှာဖွေဖို့ရန်အတွက် ရှေးဟောင်းတိုက်ပွဲပြင်သို့ သွားရောက်ခဲ့ခြင်းများလား။ အန်လင်းသည် ထိုပစ္စည်းနှစ်မျိုးအား ရရှိရန်အတွက် ရှေးဟောင်းတိုက်ပွဲပြင်သို့ သွားရောက်ရန် ဆုံးဖြစ်ခဲ့ခြင်း ဖြစ်ပေမည်။ သူမ၏ သွေးမျိုးဆက်အား ပြန်လည်သန့်စင်ပေးနိုင်ရန်အတွက် ဖြစ်လိမ့်မည်။

“ကောင်းပြီ။ ဒါအကုန်ပဲ။ ငါက သွေးမျိုးဆက်သန့်စင်ခြင်း အစီအရင်ကို ရှောင်ချိုးနဲ့အတူ ခင်းကျင်းမယ်။ နင်က အစီအရင်ရဲ့ အလယ်ဗဟိုမှာ တရားထိုင်နေရုံကလွဲပြီး ဘာမှလုပ်စရာ မလိုဘူးနော်။ နင့်ရဲ့ အစစ်အမှန်နဂါးကျင့်စဉ်ကို ကျင့်ကြံနေလိုက်။” အန်လင်း၏ အမူအရာမှာ အလွန်လေးနက်ကာဖြင့် ထိုအရာများအား လုပ်ဆောင်နေခြင်း ဖြစ်သည်။

အစီအရင်အား ခင်းကျင်းရန် လွန်စွာရှုပ်ထွေးလှသည်။ မည်သို့ဆို‌စေ သာမန်အစီအရင်တစ်ခု မဟုတ်ချေ။ ကောင်းကင်နှင့်မြေပြင်၏ စိတ်စွမ်းအင်များကို လိုအပ်သည်သာမက ချီကျောက်တုံး တစ်သိန်း၏ စွမ်းအင်များကို ထည့်သွင်းပေါင်းစပ်ရန်လည်း လိုအပ်ပေသည်။

အစီအရင် ခင်းကျင်းရန်ပင် နှစ်နာရီခန့် ကြာလေသည်။ ထို့နောက်တွင် အစီအရင်အား အသက်သွင်းရန် ဖြစ်သည်။

အန်လင်းနှင့် ရှောင်ချိုးတို့သည် အဓိကပုဂ္ဂိုလ်များအဖြစ် အစီအရင်၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြပြီး ချီစွမ်းအင်များ ပို့လွှတ်ကာ အစီအရင်အား အသက်သွင်းရန် စတင်ကြသည်။

အစီအရင် စတင်သည်နှင့် ရှေးဟောင်းရွှေနဂါးပုံရိပ် ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်အကြား ရပ်ကာဖြင့် ရှိနေပြီး အကန့်အသတ်မဲ့သည့် နဂါးစွမ်းအားများကို ဖော်ထုတ်နေလေသည်။ ဆေးပစ္စည်းများတွင် ပါဝင်သည့် အဆီအနှစ်များ စတင်ထွက်ပေါ်လာပြီး ပါးလွှာသည့် စီးကြောင်းများအဖြစ် ပေလျန်ထံသို့ စီးဆင်းသွားကြပြီးနောက် သူမ၏ အားပျော့နေသော သွေးမျိုးဆက်အား အထောက်အပံ့ပြုလေသည်။

ဖျက်ဆီးဖို့ရန် အလွန်လွယ်ကူလှသော်လည်း မူလအခြေအနေသို့ ပြန်ရောက်ရှိရန်မှာ များစွာခက်လှသည်။ အဖိုးတန် ပန်းအိုးတစ်လုံးကို ခွဲလိုက်ခြင်းနှင့် ပန်းအိုးစများကို စုစည်းကာ ပြန်ဆက်သကဲ့သို့ လွန်စွာ ကွာခြားလှသည်။ ခက်ခဲမှုမှာလည်း နေ့နှင့်ည ကွဲပြားသကဲ့သို့ပင်။

နောက်တစ်ဆင့်မှာ ပေလျန်၏ သွေးမျိုးဆက်အား သန့်စင်ရန်အတွက် မသန့်စင်မှုများ အားလုံးကို စွန့်ထုတ်ရန်ဖြစ်သည်။

ထို့နောက်တွင် သွေးမျိုးဆက်အား ပြန်လည်အသက်သွင်းရမည်ဖြစ်သဖြင့် မြုံနေသည့် အခြေအနေမှ ပြန်လည်းနှိုးဆွရမည် ဖြစ်သည်။ ယင်းမှာ ပန်းအိုးကွဲစများကို စုစည်းပြီး ပြန်ဆက်သည့်အဆင့်နှင့် တူလှသည်။ နောက်ဆုံးသော ခြေလှမ်းမှာ သွေးမျိုးဆက်အား အလုံးစုံ သန့်စင်ပြီးစီးခြင်း ဖြစ်သည်။

သူတို့မသိလိုက်ခင်မှာပင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အစီအရင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ကောင်းကင်နှင့်မြေပြင်မှ စိတ်စွမ်းအင်နှင့် စိတ်ဝိညာဉ်ကျောက်တုံးများမှ စွမ်းအင်အားလုံး အစီအရင်အတွင်းသို့ လျှင်မြန်စွာ စီးဝင်သွားကြပြီး ရွှေရောင်နဂါးအား ပိုမိုအသက်ဝင်လာစေသည်။

ဆေးပစ္စည်းများသည်လည်း ရွှေရောင်နဂါးစုပ်ယူပြီးစီးသည့်အခါတွင် လျှင်မြန်စွာ ပျောက်ကွယ်သွားကြပြီး အစီအရင်မှတဆင့် ပေလျန်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကြလေသည်။

အချိန်အတော်ကြာပြီးသည့်နောက်တွင် ကောင်းကင်နှင့် မြေပြင်တဝှမ်းတွင် ပျော်ရွှင်မြူးနေသည့် နဂါးဟိန်းသံ ထွက်ပေါ်လာသည်။

ထိုဟိန်းသံမှာ နဂါးမင်းသမီး ပြန်လာပြီဟု ကမ္ဘာကြီးအား အသိပေးနေသယောင်ပင် ဖြစ်သည်။

သီးသန့်ဆန်ပြီး ယုံကြည်မှုရှိသည့် နဂါးမင်းသမီး ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

ပေလျန် မတ်တတ်ရပ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ စီးဆင်းနေသည့် သွေးမျိုးဆက်စွမ်းအားကို ခံစားနေမိသည်။

သူမခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက် စွမ်းအားမှာ ယခင်ကထက် ပိုမိုခိုင်မာလာလေသည်။

အန်လင်း မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် ချွေးသီးချွေးပေါက်များ ကျဆင်းလျက်ရှိသည်။ ထို့နောက် စွမ်းအင်ဖြည့်တင်းခြင်းဆေးလုံးအား သုံးစွဲလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသည့်အတွက် စွမ်းအင်အများအပြား အသုံးပြုပြီးသည့်အခါ မောပန်းနွယ်နယ်မှုကြောင့် ဒူးခွေကျသွားရသည်။

“ဟဟ.. နဂါးမင်းသမီးလေးရေ... ငါ့ကို သံသယမဝင်သင့်ဘူးနော်။ အောင်မြင်တယ် ဟုတ်တယ်မလား။” အန်လင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

အရိုးသားဆုံး ဝန်ခံရမည်ဆိုလျှင် သူ့အနေဖြင့် အတော်လေး စိုးရိမ်ပူပန်ခဲ့ရသည်။ သီအိုရီအရ သိရှိထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ဖူးခြင်း မရှိချေ။ ထို့ကြောင့် လွဲချော်သွားမည်ကို စိုးရိမ်နေမိသည်။

သို့သော်လည်း နဂါးဟိန်းသံအား ကြားလိုက်ပြီးနောက်တွင် အောင်မြင်သွားကြောင်း သိလိုက်ရသည်။

ပေလျန်သည် အန်လင်းအား စိတ်ရှုပ်ထွေးစွာဖြင့် ငုံ့ကြည့်လိုက်သည်။

အန်လင်း၏အသက်အား ကယ်ဆယ်ရန်အတွက် သူမ၏ သွေးမျိုးဆက် သန့်စင်မှုကို စတေးပစ်ခဲ့သော်လည်း ထိုအချိန်က များများစားစား တွေးခဲ့ခြင်း မရှိပေ။ သူမ၏ သွေးမျိုးဆက်ကို ပြန်လည်သန့်စင်ပေးနိုင်ရန်အတွက် လိုအပ်သည့် ဆေးပစ္စည်းများကို စုဆောင်းကာဖြင့် ၁၀ ရက်မျှလောက်သော အချိန်တိုလေးအတွင်းမှာပင် အန်လင်းသည် သူမထံသို့ လာရောက်လည်ပတ်လိမ့်မည်ဟု သူမတွေးမိခဲ့ခြင်း မရှိပေ။ အန်လင်းသည် သူမအား ဒုတိယအကြိမ် ရှင်သန်ခွင့် ပေးလာခြင်း ဖြစ်လေသည်။

“ကျေးဇူးတင်ပါတယ်။”

ပေလျန်မှာ မည်သို့ပြောဆိုရမည်ကို မသိသည့်အတွက် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် ထိုစကားလုံးများကိုသာ ပြောလိုက်နိုင်သည်။

အန်လင်း အပြုံးတစ်ခုနှင့်အတူ လက်ခါလိုက်သည်။ “ကျေးဇူးတင်ဖို့ မလိုပါဘူး။ နင့်ကြောင့်သာ မဟုတ်ရင် ငါက ပေါ်လန်မြို့မှာကတည်းက သေသွားလောက်ပြီ။”

“ငါ့ရဲ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ပြန်ဆပ်တာပေါ့။ ငါ့ရဲ့အသက်ကလည်း အဖိုးတန်တာမို့ ဒီအကြွေးကို ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ ပြီးလိုက်ဖို့ မဖြစ်နိုင်ဘူး။ အင်း.. အခုအချိန်မှာတော့ နင့်ကိုပေးဖို့ အဖိုးတန်တဲ့အရာ ဘာမှမရှိသေးဘူး။ ဒါပေမဲ့ တစ်နေ့ကျရင်ငါက အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်လာမှာ။ ဒီကုန်းမြေကြီးပေါ်မှာရှိတဲ့ လူတိုင်းကလည်း ငါ့နာမည်ကို သိလာကြလိမ့်မယ်။ အဲဒီနေ့ရောက်လာခဲ့ရင် နင့်အတွက် သေချာပေါက် အဖိုးတန်တဲ့အရာ ရှာပေးမယ်။”

ပေလျန် နှုတ်ခမ်းစေ့ကာဖြင့် ပြုံးလိုက်သည်။ “ကောင်းပါပြီရှင်။ အဲဒါဆိုလည်း မျှော်နေမယ်နော်။”

အန်လင်း ခေါင်းညိတ်လိုက်သည်။ “အဲတော့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။”

ပေလျန်သည်လည်း အန်လင်းမေးသည့်အရာကို သတိပြုမိသည်။ ယခုအခါတွင် သူမ၏ သွေးမျိုးဆက်စွမ်းအားကို ပြန်လည်ရရှိလာပြီ ဖြစ်သည့်အတွက် သူမဆန္ဒရှိလျှင် နဂါးမင်းပိုင်နက်ရှိ သူမ၏ အဆင့်အတန်းအား ပြန်လည်ရယူနိုင်သည်။

သို့သော်လည်း သူမ အမှန်တကယ် ပြန်သွားချင်ရဲ့လား။

“ကံမကောင်းမှုများသည် ဆက်ဆံရေးများအား စမ်းသပ်ပေးနိုင်သည်” ဟူသော ဆိုရိုးအတိုင်းပင်။

သူမ၏ သွေးမျိုးဆက် သန့်စင်မှုအား ဆုံးရှုံးလိုက်ရကာ သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ရပ်တံ့သွားပြီ ဆိုသည့်အကြောင်း လူတိုင်းသိရှိသွားပြီးသည့်နောက်တွင် ယင်ယွီမှအပ ကျန်ရှိသည့် မောင်နှမများသည် သူမအား ကျောခိုင်းခဲ့ကြသည်။ စကားတစ်ခွန်းတစ်လေနှင့်ပင် နှစ်သိမ့်ဖေးမခြင်း မရှိခဲ့ကြချေ။ သူမ၏ ဖခင်သည်လည်း သူမ၏ ဆန္ဒများကို လျစ်လျူရှူကာ ရှားဇီနှင့် စေ့စပ်ပေးရန် ဖိအားပေးခဲ့သည်။

သူမ မိသားစု၏ အစစ်အမှန်ဘက်ခြမ်းကို သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ မှတ်သားထားမည် ဖြစ်သည်။ သို့သော်လည်း သူတို့၏ သိသာထင်ရှားလှသည့် ဆိုးဝါးလှသော အကျင့်စရိုက်များကြောင့် သူမအနေဖြင့် နှလုံးကွဲကြေကာ စိတ်ပျက်ရမိသည်။ ချစ်မေတ္တာဟူ၍ မရှိဘဲ သွေးမျိုးဆက် စွမ်းအားကိုသာ တန်ဖိုးထားသည့် ဤကဲ့သို့သော မိသားစုမျိုးထံသို့ ပြန်သွားဖို့ရန် အမှန်တကယ် ထိုက်တန်ပါ၏လော။

“ပြန်မသွားချင်ဘူး။” ပေလျန် အသက်ပြင်းပြင်းရှူကာဖြင့် ပြုံးလိုက်သည်။

နဂါးမင်းပိုင်နက်အား စွန့်ခွာလိုက်မည်ဆိုလျှင် သူမ၏ ကျင့်ကြံခြင်းအရင်းအမြစ်များ၊ ကျင့်ကြံခြင်း နည်းစနစ်များ၊ ဆေးလုံးများ၊ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရာအားလုံးကို ဆုံးရှုံးရမည်ဖြစ်သည်။ အထောက်အပံ့ဟူ၍မရှိသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

သို့သော်လည်း သူမ၏ ဆုံးဖြတ်ချက်အတိုင်းသာ ပြုမူမည်ဖြစ်သည်။

အန်လင်းသည်လည်း သူမ၏ ဆုံးဖြတ်ချက်အား လွန်စွာထောက်ခံလှသည်။ မော်ဒန်ခေတ်သို့ နေရှိနေပြီဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် မည်သည်ကြောင့် ဖိအားပေးလက်ထပ်ခိုင်းခြင်းမျိုး ရှိနေရသေးသနည်း။ ထိုအဖြစ်အပျက် တစ်ခုတည်းနှင့်ပင် အန်လင်းသည် နဂါးမင်းပိုင်နက်အား အလွန်ဆိုးဝါးစွာ ရှုမြင်လာမိသည်။

မည်သို့ပင်ဖြစ်စေ ဖိအားပေးလက်ထပ်ခိုင်းခြင်းမှာ တရားမဝင်ချေ။

“အန်လင်းရေ နင် နဂါးမင်းပိုင်နက်ကို သွားတဲ့အခါကျ ယင်ယွီကို သတင်းလေးပါးပေးပါဦး။ ငါ့ရဲ့ သွေးမျိုးဆက်စွမ်းအားကို ပြန်ရလာတဲ့အကြောင်းနဲ့ နှစ်နည်းနည်းလောက် ခရီးသွားဖို့ စီစဉ်ထားတယ်ဆိုတဲ့ အကြောင်းပေါ့။ သူမကို မစိုးရိမ်ဖို့နဲ့ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားဖို့ပါ ပြောပေးဦး။”

“နင့်ဘာသာနင် မပြောဘူးလား။”

“မပြောပါဘူး။ ခံစားချက်တွေဆိုတာ အသစ်ပြန်လုပ်လို့ ကောင်းတာမျိုး မဟုတ်ဘူး။ သူမကို သေသေချာချာ နှုတ်ဆက်ပြီးပြီ။”

“… ဟုတ်ပါပြီ။”

“အဲဒါဆိုလည်း ဒီလောက်နဲ့ပဲ လမ်းခွဲကြတာပေါ့။ ကံပါရင်လည်း တစ်နေ့ကျ ပြန်ဆုံတွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။”

“နှုတ်ဆက်ပါတယ် နဂါးမင်းသမီးလေး”

ပေလျန်သည် အန်လင်းအား နူးညံ့သိမ်မွေ့စွာဖြင့် လည်ပြန်ကြည့်လိုက်သည်။ သူမထံ၌ ပြောစရာများစွာ ရှိနေပုံပင်။ သို့သော်လည်း တောက်ပသည့် အပြုံးတစ်ခုဖြင့်သာ နှုတ်ဆက်ပြုံးပြလိုက်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။

သူမ၏ နှစ်လုံးသားထဲတွင် ထိုလူနှင့် ပတ်သက်၍ ပုံရိပ်အသစ်တစ်ခု ဖြစ်ပေါ်လာပြီးနောက် ‘ကြိုက်နှစ်သက်သည်’ ဟူ၍ ပြောင်းလဲသတ်မှတ်လိုက်လေတော့သည်။

***

All Chapters