အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁) သူငယ်ချင်းတွေလို ဟန်ဆောင်မနေနဲ့
“ကြိုဆိုပါတယ် … ကျွန်ုပ်တို့ရဲ့ ထုတ်ကုန်ကို ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စတင်ခြင်းကို စစ်ဆေးနေပါပြီ ကျေးဇူးပြုပြီး ခဏစောင့်ဆိုင်းပေးပါ”
“စစ်ဆေးခြင်း ပြီးဆုံးပါပြီ နိုင်ငံသားအိုင်ဒီ အတည်ပြုပြီး ‘SH13*313’၊ အမည် ဖုန်းပုကြွယ်၊ ပစ္စည်းကိရိယာဒေါင်းလုတ်ဆွဲနေသည်၊ မော်ဒယ်နံပါတ် ‘NL 2055’ တစ်ဦးသုံး ဂိမ်းသေတ္တာ၊ ပြင်ပအပိုဟာ့ဒ်ဝဲများ မတွေ့ပါ၊ နှလုံးခုန်နူန်း ပုံမှန်ပါ၊ အာရုံကြောချိတ်ဆက်မှု အသင့်ဖြစ်ပါပြီ ၊ ကျေးဇူးပြုပြီး ချိတ်ဆက်မှုအမျိုးအစားကို ရွေးချယ်ပါ။
“ချိတ်ဆက်မှုအမျိုးအစားကို non-sleep mood ရွေးချယ်ပြီပါပြီ ၊ ချိန်ညှိနေသည်…။
“ချိန်ညှိမှု ပြီးဆုံးပါပြီ ကျေးဇူးပြုပြီး ဂိမ်းကို စတင်ရန် သို့မဟုတ် ပင်မမီနူးကို သွားရန် အတည်ပြုပေးပါ။
“ပရိုဂရမ် စတင်ပါပြီ ဆယ်စက္ကန့်အတွင်း ဂိမ်းထဲ ဝင်ပေးပါ…”
အချိန်ရေတွက်ခြင်း ပြီးဆုံးပြီးနောက် ဖုန်းပုကြွယ်သည် ဂိမ်းထဲသို့ ချက်ချင်းရောက်ရှိသွားသည်။ သူသည် ဓာတ်လှေကားတစ်ခုနှင့် သဏ္ဌာန်တူသော ပတ်ဝန်းကျင်တစ်ခုတွင် ရောက်ရှိနေသည်ဟု ခံစားရသော်လည်း တံခါးတွင် မည်သည့်နံပါတ်ကိုမှ မတွေ့ရပေ။ထိုအစား သူ့ဘက်ခြမ်း၏နံရံတွင် ၃၂လက်မ စခရင်ကြီးတစ်ခု ရှိနေသည်။တစ်ဖက်နံရံတွင်မူ ကစားသမား၏ ခြေဆုံးခေါင်းဆုံးကို ပုံရိပ်ပြန်နိုင်သော ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ် ရှိနေလေသည်။
ဖုန်းပုကြွယ်က မှန်ထဲရှိ သူ့ပုံရိပ်ကို ကြည့်လိုက်သည်။ သူကား ရုပ်ထွက်အရည်အသွေးမြင့်သော 3D ဇာတ်ကောင်တစ်ခုဖြင့် ပုံဖော်ခံထားရသည်။သူသည် အနက်ရောင်ရှပ်အင်္ကျီလက်ရှည်တစ်ထည်နှင့် ဂျင်ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားသည်။သူ့ ဂိမ်းကိုယ်ပွားလေးသည် လက်တွေ့ဘဝမှ ရုပ်ရည်နှင့် ဆင်တူပေသည်။သူသည် အရပ် ၁.၈မီတာခန့်ရှိပြီး ဆံပင်များက ငှက်သိုက်လို ရှုပ်ပွနေသည်။သူ့ မျက်နှာပုံစံသည် နူးညံ့လှသဖြင့် တချို့လူများက သူ့အား မိန်းမသားဆန်သည်ဟုပင် ဆိုကြမည်ဖြစ်သည်။
စတုတ္တမျိုးဆက် ဖိုတွန်ကွန်ပျူတာ၏ အကူအညီဖြင့် ကစားသမားများသည် လက်တွေ့ဘဝနှင့်နီးစပ်သော အာရုံငါးပါးကို ခံစားနိုင်ပြီး ဂိမ်းကို အစစ်အမှန်အလား ခံစားစေရသည်။သို့သော်လည်း ဂိမ်းထဲရှိအရာအားလုံးသည် CG နည်းပညာများ ဖြစ်နေသေးသည်။လူများသရုပ်ဆောင်နေသော ဂိမ်းတစ်ခုကဲ့သို့တော့ ခံစားရန် မဖြစ်နိုင်သေးပေ။
“ဂိမ်းရဲ့ စတင်ခြင်းခန်းမကနေ ကြိုဆိုပါတယ် ၊ အောက်ပါတို့ဟာ အိပ်မက်ကော်ပိုရေးရှင်းမှ ထုတ်လုပ်ထားတဲ့ ဂိမ်းတွေဖြစ်ပါတယ် ၊ ကျေးဇူးပြုပြီး ဂိမ်းတစ်ခုကိုဝင်ဖို့ ရွေးချယ်ပေးပါ”
သူ့နားထဲတွင် စနစ်မှ အသိပေးချက်တစ်ခု တိုးဝင်လာပြီး သူ့ရှေ့ရှိ စခရင်တွင် ရွေးချယ်ရမည့် အိုင်ကွန်တစ်ခု ထွက်ပေါ်လာလေသည်။
“ဂိမ်းက တစ်ခုတည်းရှိသေးတာကို ဒီလို စတင်ခြင်းခန်းမကြီး လုပ်ထားသေးတယ်ပေါ့…ဒီကုမ္ပဏီက နောက်ကျရင် ဂိမ်းတွေအများကြီးထုတ်ဖို့ ရှိသေးတယ်လို့ ပြောချင်နေတာလား…”
ဖုန်းပုကြွယ်က တွေးတောလိုက်ရင်း စခရင်ပေါ်တွင် တစ်ခုတည်းရှိသော သည်းထိတ်ရင်ဖို သုခဘုံ အိုင်ကွန်ကို နှိပ်လိုက်သည်။
“ဂိမ်းထဲသို့ လော့အင်ဝင်လာတဲ့ ကစားသမားတွေဟာ အသက်၁၆နှစ် ကျော်ရပါမယ် ၊ နှလုံးရောဂါရှိသူတွေ၊ စိတ်ဝေဒနာရှိတဲ့သူတွေနဲ့ ဆက်စပ်ရောဂါဝေဒနာရှိသူတွေကို ကုမ္ပဏီက ဒီဂိမ်းကို မကစားဖို့ အကြံပြုထားပါတယ်”
စာသားများကို စခရင်ပေါ်တွင်သာမက စနစ်အသံဖြင့်လည်း ထပ်ခါတလဲလဲ ရွက်ပြနေသည်။ ခဏကြာပြီးနောက် စခရင်ပေါ်တွင် ‘အတည်ပြုမည်’ ၊ ‘ပယ်ဖျက်မည်’ နှင့် အထူးတလည်ပြသထားသော ‘အထွေထွေငြင်းဆိုချက်’ဟူသည့် အိုင်ကွန်သုံးခု ပေါ်လာလေသည်။
“စိတ်ကျန်းမာရေးအခြေအနေတဲ့လား…ဟမ်”
ဖုန်းပုကြွယ်က သူ့ဘာသာရေရွက်လိုက်သည်။
“ငါ တစ်ချက်ကြည့်ကြည့်တာ ပိုကောင်းမယ်”
တတိယမြောက်အိုင်ကွန်ကို ရွေးချယ်လိုက်သည်။ချက်ချင်းဆိုသလိုပင် စခရင်ပေါ်တွင် များပြားလှသော စာသားများ ထွက်ပေါ်လာတော့သည်။ ညာဘက်တွင်ရှိသော Scrollbarကို ကြည့်ရုံနှင့်ပင် ထိုစာသားများသည် လိုအပ်သည်ထက်ပိုဖော်ပြထားပြီး အလွန်ရှည်လျားကာ အလွန်ပျင်းစရာကောင်းမည်ကို သူသိလိုက်သည်။
သာမန်ကစားသမား ၈၀ရာခိုင်နူန်းခန့်သည် ဂိမ်းကစားနေစဉ်အတွင်း ထိုသို့သော ဖော်ပြချက်များ ၊ စာသားများပေါ်လာပါက တစ်ချက်သာကြည့်ပြီး သို့မဟုတ် ချက်ချင်းအောက်ဆုံးအထိဆွဲချကာ သဘောတူသည်ဟူသော စာသားကို နှိပ်လိုက်ကြမည်ဖြစ်သည်။
သို့သော်လည်း ဖုန်းပုကြွယ်သည် သာမန်လူတစ်ယောက်မဟုတ်ပါပေ…။
သူသည် အသက် ၂၄နှစ်ရှိပြီဖြစ်သော အွန်လိုင်းစုံထောက်ဝတ္ထုစာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဝါသနာမှာ လူများက သူ့အလုပ်ကို ဘယ်လိုမေးမေး သူ့ကိုယ်သူ ‘အနုပညာရှင်’ သို့မဟုတ် ‘စာရေးဆရာ’ကြီးဟု အရှက်ကင်းမဲ့စွာ ပြောဆိုတတ်သည့် အကျင့်ရှိသည်။သို့သော် ယင်းက ထူးခြားသည့်အချက်မဟုတ်သေး။သူ၏ ပုံမှန်မဟုတ်သည့်အကြောင်းကို ပထမဆုံးပြောလိုက်ကြပါစို့။
ပထမဆုံးအနေဖြင့် မူလက သူထိုဂိမ်းကို ‘ရောဂါတစ်ခုကုသရန်’အတွက် ကစားခဲ့ခြင်းဖြစ်သည်။မှန်ပေသည် ယင်းက အင်တာနက်စွဲလမ်းသည့်ရောဂါမျိုး လုံးဝမဟုတ်ဘဲ အစစ်အမှန်ရောဂါတစ်ခုဖြစ်သည်။
လွန်ခဲ့သော နှစ်လခန့်က ဖုန်းပုကြွယ်သည် သူ့ကိုယ်သူ ပုံမှန်မဟုတ်သည့် တစ်ခုခုကို ရုတ်တရက်ခံစားလာရသည်။ သုံးရက်ခန့် အချိန်ယူစစ်ဆေးပြီးနောက် နောက်ဆုံးတွင် သူသည် ‘ကြောက်ရွံ့ခြင်း’ဟူသော ခံစားချက်ကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
မြင်ကွင်းများ သို့မဟုတ် အသံများက မည်သို့ပင် ခြောက်ခြားဖွယ်ကောင်းနေစေကာမူ သူ့ခံစားချက်ကို မလှုံ့ဆော်နိုင်တော့ပေ။သူသည် နေ့ညများကို သရဲကားများကြည့်ခြင်း၊ အွန်လိုင်းသရဲဝတ္ထုများဖတ်ခြင်း နှင့် သူ့ကိုယ်သူ ကြောက်ရွံ့အောင် အမျိုးမျိုးစိတ်ကူးယဉ်ကြည့်သော်လည်း အဆုံးတွင် အကျိုးမထူးခဲ့ပေ။ သူ့စိတ်ထဲရှိ တံခါးတစ်ချပ် ပိတ်သွားသည့်အလားပင်။သူသည် ကြောက်စရာကောင်းသည့်အရာများကို ရှင်းရှင်လင်းလင်းသိပြီး သရဲကားထဲမှ ခြောက်ခြားဖွယ်ကောင်းသည့် ဇာတ်ဝင်ခန်းများကို လုံးဝနားလည်သော်လည်း သူက ကြောက်ရွံ့ခြင်း မရှိတော့ရုံသာဖြစ်သည်။
သို့ဖြင့် သူဆေးရုံသွားခဲ့သည်။သူ ဆေးရုံမသွားခဲ့လျှင် အဆင်ပြေမည်ဖြစ်သော်လည်း သူသွားခဲ့သောကြောင့် ကြီးမားသည့်ပြဿနာတစ်ခုကို အမှန်တကယ်ရှာတွေ့သွားတော့သည်။ MRI စက်က သူ့ဦးနှောက်ထဲတွင် အရိပ်ကျနေသောအစိတ်အပိုင်းတစ်ခုကို ဝိုးတဝါးပြသနေခဲ့သည်။ ယင်းသည် amygdala (စိတ်ခံစားမှုကို ထိန်းချုပ်တဲ့နေရာ) နားတွင်ရှိပြီး အကျိတ်တစ်ခုဖြစ်နိုင်လေသည်။
ဆက်၍ ဖုန်းပုကြွယ်သည် နိုင်ငံအဆင့်ရှိသော ဆေးရုံကြီး သုံးလေးခုလောက်သွားပြခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့ရောဂါအား မည်သည့်ဆရာဝန်မှ အမည်မတပ်နိုင်သလို ကုသပုံကလည်း တစ်ယောက်တစ်မျိုးစီ ဖြစ်နေကြသည်။မရေမတွက်နိုင်အောင် စမ်းသပ်စစ်ဆေး၍ မရေမတွက်နိုင်သောဆရာဝန်များဖြင့် မရေမတွက်နိုင်အောင် ဆွေးနွေးတိုင်ပင်ပြီးနောက် ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် အချက်တစ်ချက်ကို နားလည်သွားခဲ့သည်…။သူ့ရောဂါသည် သမိုင်းတွင်တော့မည်ဖြစ်သည်။ လူနာတစ်ဦးအနေဖြင့် သူစဉ်းစားရမည့် အချက်နှစ်ချက်ရှိသည်။ ပထမအနေနဲ့ ဘယ်ဆရာဝန်ကို ရောဂါနာမည်တပ်ခွင့် ပေးသင့်လဲ ဒုတိယအနေနဲ့ သူသေသွားရင် ဆေးသိပ္ပံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင် သူ့ဦးနှောက်ကို လှူဒါန်းခဲ့မလားဆိုတာပါပဲ။
နှစ်လကြာပြီးနောက် ဖုန်းပုကြွယ်ဦးနှောက်ထဲရှိ အရိပ်သည် မည်သို့မျှ မပြောင်းလဲခဲ့ပေ။ယင်းက ပိုဆိုးမလာသလို ကျုံ့ဝင်သွားခြင်း ပျောက်ကွယ်သွားခြင်းလည်း မရှိပေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပုံမှန်အတိုင်းဖြစ်နေပြီး အလွန်ပင် ကျန်းမာနေသေးသည်။ဆုံးဖြတ်ချက်တချို့ချပြီးနောက် သူသည် ကုသမှုများကို ရိုးရိုးရှင်းရှင်း ငြင်းပယ်လိုက်ပြီး ဆေးရုံမှ ဆင်းလာခဲ့သည်။
ကြောက်ရွံ့မှုပျောက်ဆုံးခြင်းသည် ရောဂါတစ်ခုသာဖြစ်ပြီး မည်သူမှ သူသေမည် မသေမည်ကို မဆုံးဖြတ်နိုင်သလို မည်မျှကြာအောင် အသက်ရှင်နိုင်မည်ကိုလည်း မသိကြသောကြောင့် သူသည် ကံကြမ္မာအတိုင်းသာ လိမ်လိမ်မာမာနေထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
တစ်နေ့တွင် ဖုန်းပုကြွယ်သည် အခွင့်အရေးတစ်ခုကြောင့် သည်းထိတ်ရင်ဖို သုခဘုံဂိမ်း ဘီတာစမ်းသပ်မှုအတွက် ကြော်ငြာတစ်ခုကို တွေ့ခဲ့ရသည်။
“ရိုးရာဂိမ်းနည်းစနစ်တွေကို ရိုက်ချိုးပစ်လိုက်ပါ၊ အဆုံးမရှိတဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ ထိတ်လန့်တုန်လှုပ်မှုတွေ လိုက်ပါနေတဲ့ သည်းထိတ်ရင်ဖိုစရာအလယ်မှာ သင့်ကိုယ်သင် နစ်မြှုပ်လိုက်ပါ ၊ တစ်ခါမှ မကြုံတွေ့ဖူးသေးတဲ့ ဂိမ်းအတွေ့အကြုံကို ခံစားလိုက်ပါ”
ထို့နောက် သူသည် ချက်ချင်းပင် ဂိမ်းဆင်တင်ရှင်းပြချက်ကို စစ်ဆေးလိုက်ပြီး ကလေးတွေကြည့်မိပါက အကြောက်လွန်၍ သေးပါထွက်ကျသည်ဟူသော အလွန်ကောင်းမွန်သည့် ဂိမ်းမိတ်ဆက်ဗွီဒီယိုကိုပင် ကြည့်ရှုလိုက်သည်။လင့်ခ်တစ်ခုကိုပင် သူသတိထားလိုက်မိသည်။
“နောက်ဆုံးပေါ်မော်ဒယ် ဂိမ်းသေတ္တာကို ဝယ်ယူပြီး ဘီတာအကောင့်ကို လက်ဆောင့်အဖြစ်ရယူလိုက်ပါ”
ထို့ကြောင့် ယင်းက ရက်စက်သော်ငြား ဖုန်းပုကြွယ်သည် ဂိမ်းကို ‘ကစား’ရုံသက်သက်သာ သာမကဘဲ ‘အကြောက်တရား’ ပြန်လည်ရရှိရန်က ပိုအရေးကြီးသောကြောင့် ကစားခြင်းဖြစ်ပေသည်။ သူ့အခြေအနေသည် အဆိပ်ကို အဆိပ်နှင့်တိုက်ရမည့် အခြေအနေမျိုးဖြစ်နေပြီး အစစ်အမှန်နီးပါး ခံစားရသည့် ခြောက်ခြားမှုမျိုးမှသာ သူ၏ကြောက်ရွံ့ခြင်းအာရုံခံစားမှုကို နိုးဆွနိုင်ပေလိမ့်မည်။
မှန်ပေသည် ထိုကဲ့သို့ ကို့ယိုကားယားနိုင်သည် မူမမှန်သည့်စိတ်ရောဂါသည် ဘာမှလုပ်နိုင်မည်မဟုတ်သော်လည်း ဖုန်းပုကြွယ်ကို ဝေဒနာရှင်တစ်ယောက်ဟု ဆိုနိုင်ပေသေးသည်။သူ့ဦးနှောက်ထဲရှိ အကျိတ်ကြောင့်မဟုတ်လျှင်လည်း သူ့ကို ‘သာမန်လူတစ်ယောက်’ဟု မဖော်ပြနိုင်သေးပေ။သူ့ရောဂါမရှိခင်ကတည်းက သူသည် အခြားလူများနှင့် ကွဲထွက်နေပြီးသားဖြစ်သည်။ယင်းကို တချို့နေရာများတွင် ဗန်းစကားတစ်ခွန်းဖြင့် ပြောလေ့ရှိသည်။
‘ငကြောင်ကောင်’။
ဖုန်းပုကြွယ်နှင့် ပတ်သက်၍ ထူးဆန်းသည့်အချက်များစွာ ရှိသည်။ ယင်းက စွဲလမ်းမှုလွန်ကဲသည့်အဆင့် (OCD) တော့ မရောက်သေးသော်လည်း သူ့လုပ်ရပ် အများစုက လူများကို ပဟေဋိဖြစ်စေသည်။ ပထမဆုံးအချက်မှာ စာဖတ်လွန်းခြင်းပင်…။
သူ၏ စာဖတ်ခြင်းအပေါ်ဆာလောင်မှုသည် သာမန်လူများအတွက် နားမလည်နိုင်ဖြစ်ရသည်။ ဥပမာအားဖြင့် ခေါင်းလျှော်ရည်ဘူးပေါ်က စာသားများကို ဖတ်ခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ လမ်းညွှန်စာအုပ်များကို ဖတ်ခြင်းတို့ဖြစ်သည်။ သူသည် စာလုံးအစမှ အဆုံးအထိ သူ့အင်္ကျီအသစ်များတွင် ပါလာတတ်သော တံဆိပ်မှစာသားများပါမချန် ပျက်ရယ်ပြုခံရလောက်အောင် ဖတ်ခြင်းဖြစ်သည်။
ပစ္စည်းတစ်ခု သို့မဟုတ် လူတစ်ယောက်ယောက်က ဖုန်းပုကြွယ်၏ စိတ်ဝင်စားမှုကို အထွတ်အထိပ်အထိ ရောက်အောင် ဆွဲဆောင်နိုင်ပါက သူသည် ၎င်းတို့၏ သက်ဆိုင်ရာအချက်အလက်များအားလုံးကို အလိုအလျောက် စုဆောင်းတတ်သည်။ထို့အပြင် သူသည် ၎င်းတို့အား ပြီးစလွယ် ကြုံရာကျပန်းဖတ်ရှုခြင်းမဟုတ်ဘဲ အံ့မခန်းစာဖတ်နူန်းနှင့် မှတ်ဉာဏ်စွမ်းရည်များလည်း ပိုင်ဆိုင်ထားသည်။
ဖုန်းပုကြွယ်သည် သူမြင်ခဲ့သမျှကို နောက်ပြန်ရွက်နိုင်သည့် ရှေးခေတ်က ကျန်းစုန့်အဆင့်သို့ မရောက်သော်လည်း အချိန်မည်မျှကုန်ဆုံးသွားသည်ဖြစ်ပါစေ သူမြင်ခဲ့သမျှကို ၆၀ရာခိုင်နူန်းတော့ မှတ်မိလေသည်။
“အင်း…တခြားဂိမ်းတွေရဲ့ စည်းမျဉ်းတွေနဲ့ သိပ်မကွာခြားပါလား”
ဖုန်းပုကြွယ်သည် စာလုံးထောင်ပေါင်းများစွာရှည်သော ဝါကျများကို ပြီးဆုံးအောင်ဖတ်ရှုရန် နှစ်မိနစ်မျှသာ အချိန်ယူလိုက်ရသည်။
“ထူးခြားတာကတော့ အပိုင်း (၆) က စာသားတွေပဲ…”
သူသည် ခေါင်းကို အသာအယာငုံ့လိုက်ပြီး သူ့ဘယ်ဘက်လက်ဖြင့် သူ့ညာတံတောင်ဆစ်ကို မလိုက်ပြီး ညာဘက်လက်၏လက်ခလယ်နှင့် လက်ညိုးကို နဖူးပေါ်မှတဆင့် နှာတံတစ်လျောက် အသာအယာဆွဲချလိုက်သည်။ယင်းသည် သူစဉ်းစားခန်းဝင်လျှင် လုပ်တတ်သော အကျင့်ဖြစ်သည်။(လိုက်လုပ်ကြည့်ပါ)
“အဲ့ဒါ ပြောချင်တာက ကစားသမားတွေက နှလုံးရောဂါထလာတာကြောင့် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် သေဆုံးသွားရင် ကုမ္ပဏီမှာ တာဝန်မရှိဘူးလို့ ဆိုလိုတာပေါ့လေ…”
သူက အနှစ်ချုပ်လိုက်သည့်အလား ဆို၏။
ဖုန်းပုကြွယ်က ထိုစာသားသည် အိပ်မက်ကော်ပိုရေးရှင်း၏ နောက်ပြောင်မှုတစ်ခု ဖြစ်နိုင်ကြောင်းတွေးလိုက်သည်။သူသည် အစောပိုင်းကတည်း ဂိမ်း၏တရားဝင်ဝဘ်ဆိုက်တွင် ဂိမ်းဆက်တင်များကို မြင်ခဲ့ရပြီးဖြစ်သည်။ထိုဂိမ်း၏ အထူးခြားဆုံးအချက်သည် ‘ကြောက်ရွံ့မှုတန်ဖိုး’ဟုခေါ်သော အယူအဆတစ်ခုဖြစ်သည်။ဖိုတွန်ကွန်ပျူတာနှင့် ဂိမ်းသေတ္တာ၏ စွမ်းရည်များမှတဆင့် ထိုဂိမ်းသည် ကစားသမားများ၏ နှလုံးခုန်နူန်း ၊ သွေးခုန်နူန်း ၊သွေးဖိအား နှင့် ဦးနှောက်အာရုံကြောများ၏တုန့်ပြန်မှုကို တိုင်းတာစောင့်ကြည့်၍ အမှန်တကယ်ကြောက်ရွံ့မှုတန်ဖိုးကို တွက်ချက်နိုင်ပေသည်။အကယ်၍ ဂိမ်းထဲတွင် ကစားသမားများ၏ ကြောက်ရွံ့မှုတန်ဖိုးသည် အကန့်အသတ်ထက်ကျော်လွန်သွားပါက သိစိတ်နှင့်ချိတ်ဆက်ထားသည်များကို ဖြတ်တောက်၍ ဂိမ်းထဲမှ ချက်ချင်းအော့ဖ်လိုင်းဖြစ်သွားစေမည် ဖြစ်သည်။အော့ဖ်လိုင်းဖြစ်သွားသော ကစားသမားသည် နှလုံးရပ်ခြင်းကဲ့သို့သော မူမမှန်သည့် မည်သည့်ကျန်းမာရေးလက္ခဏာမဆို ပေါ်လာပါက ဂိမ်းသေတ္တာသည် ချက်ချင်းပင် အရေးပေါ်ကားခေါ်ပေးမည်ဖြစ်သည်။ ဂိမ်းသေတ္တာမော်ဒယ်အားလုံး၏ ကွန်ယက်များတွင် ရဲစခန်းနှင့် အရေးပေါ်ဌာနများကို ချိတ်ဆက်ထားရှိသည်။ထို ဒီဇိုင်းအရ ကြောက်ရွံ့မှုကြောင့် သေဆုံးနိုင်နူန်းသည် အလွန်မမြင့်မားသင့်ပေ။
ဆက်နှိပ်လိုက်ပြီးနောက် ဖုန်းပုကြွယ်သည် နောက်ထပ်စနစ်အသိပေးသံကို ကြားလိုက်ရသည်။
“ယခုအကြိမ်က သင်ဂိမ်းထဲဝင်တဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ် ၊ ကျေးဇူးပြုပီး အသုံးပြုသူနာမည် ရိုက်ထည့်ပေးပါ”
စခရင်ပေါ်တွင် နာမည်ရိုက်ထည့်ရန် အကွက်တစ်ခုပေါ်လာသည်။ထိုဘေးတွင်တော့ ကန့်သတ်ချက်တချို့ ထည့်ရေးထားသည်။ဥပမာ - အမည်သည် စာလုံးရေလေးလုံးထက်ပိုရမည် ၊ ရိုင်းစိုင်းတဲ့စကားလုံးများ သို့မဟုတ် ထိရှလွယ်တဲ့ စကားလုံးများသုံးခွင့်မပြု စသည်တို့လိုမျိုးပင်။ ဖိုတွန်ကွန်ပျူတာခေတ်ကြီးတွင် ယင်းကဲ့သို့ ကန့်သတ်ချက်များက ပို၍ပင် တင်းကျပ်လာသည်။ အဘယ်ကြောင့်ဆိုသော် စနစ်၏ ဉာဏ်ရည်နှင့် တွက်ချက်နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားလာသောကြောင့် ဖြစ်သည်။’စနစ်’သည် ဆင်ဆာစကားလုံးစာရင်း သို့မဟုတ် ယေဘုယျအမျိုးအစားခွဲခြားမှုတစ်ခု ရှိရုံနှင့်ပင် ၎င်း၏ကျိုးကြောင်းဆင်ခြင်နိုင်သော စွမ်းရည်ကို အသုံးပြု၍ စည်းကျော်လာသော မည်သည့်လုပ်ရပ်မလို ပိတ်ပင်နိုင်စွမ်းရှိသည်။ဥပမာ အဓိပ္ပါယ်နှစ်ခွထွက်သော ညစ်ညမ်းအမည် သို့မဟုတ် ‘FUC’ဟုရေးပြီး နောက်တွင် သင်္ကေတတစ်ခုခုခံ၍ ‘K’ နှင့်အဆုံးသတ်ခြင်း စသည့် စစ်ဆေးမှုကို ရှောင်ကွင်းနိုင်သော နည်းလမ်းမျိုးများသည် စတုတ္ထမျိုးဆက် ဖိုတွန်ကွန်ပျူတာရှေ့တွင် အသုံးမဝင်တော့ပေ။လွန်ခဲ့သည့် နှစ်ဒါဇင်ပေါင်းများစွာက လူသားတချို့သည် ထိုအေအိုင်ကွန်ပျူတာအမျိုးအစားများက လူသားများကို တော်လှန်၍ ကျွန်ပြုကြမည်ကို စိုးရိမ်ခဲ့ကြသော်လည်း လက်ရှိအထိတော့ ထိုယူဆချက်များကို ထောက်ခံကြသူများရှိသော်ငြား ခိုင်လုံသည့်အချက်အလက်မျိုး မရှိသေးပေ။
ခြုံပြောရလျှင် ဖိုတွန်ကွန်ပျူတာများသည် အလွန်အမင်း ဉာဏ်ပညာမြင့်မားကြသည်။ ဘယ်အတိုင်းအတာထိ ဖြစ်လာမည်ကိုတော့ နောက်ပိုင်းတွင် စာရွက်စာတမ်းများဖြင့် အကျယ်တဝင့်ရှင်းပြသွားမည်ဖြစ်သည်…။
“စစ်ဆေးခြင်း ပြီးဆုံးပါပြီ ၊ အသုံးပြုသူအမည် ‘ဖုန်းပုကြွယ်’ ဖြစ်ပါတယ် ၊ ကျေးဇူးပြုပြီး အတည်ပြပါ”
ဖုန်းပုကြွယ်ဟူသော နာမည်သည် အတော်လေး သူသိနည်းပြီးသားဖြစ်သောကြောင့် နာမည်အရင်းကို အသုံးပြု၍ ရသော်လည်း သူက ဖုန်း (封 = တံဆိပ်ခတ်နှိပ်ခြင်း) ကို ဖုန်း (疯 = ရူးသွပ်ခြင်း) ဟု ပြောင်းလိုက်သည်။
အတည်ပြုခလုတ်နှိပ်ပြီးနောက် စနစ်အသံက ထပ်ပြောသည်။
“နောက်တစ်ခုကတော့ လူသစ်အစမ်းလေ့ကျင့်မှုဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ ပြီးဆုံးအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ် ၊ ဇာတ်လမ်းကို ကျပန်းချပေးမှာဖြစ်ပြီး မစ်ရှင်ပြီးသွားပါက အခြေခံဆုလာဒ်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ် ၊ ကျေးဇူးပြုပြီး မှတ်သားထားပါ ၊ အစမ်းလေ့ကျင့်မှုရလာဒ်ဟာ သင့်ဇာတ်ကောင်၏ အခြေခံစွမ်းရည်ကို သက်ရောက်မှုရှိမည် မဟုတ်ပါ ၊ ဆုလာဒ်တစ်ခုတည်းသာ ကွဲပြားသွားမည် ဖြစ်ပါသည် ၊ သင့်ရဲ့ ကြောက်ရွံ့မှုတန်ဖိုးဟာ အလွန်မြင့်မားသွားပြီး ဂိမ်းထဲမှ ထွက်ရန် ရွေးချယ်လိုက်ပါက မူလဇာတ်လမ်းကို ဆက်ကစား၍ မရတော့ဘဲ နောက်တစ်ကြိမ်သင်ဂိမ်းထဲ ဝင်တဲ့အခါ စနစ်က အစမ်းလေ့ကျင့်မှုအသစ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်”
အသိပေးချက်ကို နားထောင်ပြီးသွားသောအခါ ဖုန်းပုကြွယ်က အတည်ပြုခလုတ်ကို နှိပ်လိုက်သည်။သူ့လက်က စခရင်ပေါ်ရှိ အိုင်ကွန်ကို ထိတွေ့လိုက်သောအခါ ဓာတ်လှေကားသည် ရုတ်တရက် အမှောင်အတိကျသွားတော့သည်။
နောက်တစ်စက္ကန့်တွင် အသံတစ်ခု ထွက်ပေါ်လာလေသည်။ယင်းအသံသည် အစောပိုင်းက စနစ်အသံဖြင့် လုံးဝကွဲပြားနေလေသည်။ယခုပြောလိုက်သောအသံသည် စုန်းမအိုကြီးတစ်ယောက်၏ အသံဖြစ်နေသည်။
“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်….”
အသံပျောက်ကွယ်သွားသည်နှင့် ဓာတ်လှေကားသည် သတိပေးချက်မရှိဘဲ ရုတ်တရက် လှုပ်ခါသွားသည်။ခဏကြာပြီးနောက် အမှောင်ထုခေါင်းတလားက စတင်လှုပ်ရှားလာပြီး အောက်သို့ဖြည်းညင်းစွာ နစ်မြှုပ်သွားတော့သည်။
အခန်း (၂) လူသစ်အစမ်းလေ့ကျင့်ရေး
စက္ကန့်အနည်းငယ်မျှ ကြာမြင့်သွားသော ထိုမမျှော်လင့်ထားသည့် ဖြစ်ရပ်သည် ကစားသမားသစ်များအတွက် ဤဂိမ်း၏ နှုတ်ဆက်ခြင်းနှင့် အစမ်းလေ့ကျင့်မှု စတင်ခြင်းနည်းလမ်းပင် ဖြစ်သည်။
သာမန်လူများဆိုပါက ကြိုတင်အသိပေးချက်မရှိဘဲ ရုတ်တရက် အမှောင်အတိကျသွားသည့် ပတ်ဝန်းကျင်ကြောင့် ထိတ်လန့်သွားကြမည်မှာ အသေအချာပင်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော အသံကို ကြားရသည့်အခါ စိတ်ထဲ၌ ကြောက်ရွံ့မှုများ ခံစားလာရပေလိမ့်မည်။ ထိုအခိုက်အတန့်တွင် ဓာတ်လှေကားက အောက်သို့ ရုတ်ချည်း နစ်မြှုပ်သွားပြန်သည်။ ထိုသို့ လျောကျသွားသည့် ခံစားချက်သည် တစ်စက္ကန့်မျှသာ ကြာသော်လည်း နှလုံးခုန်မြန်သွားစေပြီး လူကို ခြောက်ခြားသွားစေရန် လုံလောက်ပေသည်။
သို့သော်လည်း ဖုန်းပုကြွယ်ကား မည်သို့မျှ သက်ရောက်မခံရပေ။ သူသည် တည်ငြိမ်အေးဆေးစွာဖြင့် တုန့်ပြန်မှုအနည်းငယ်ပင် မရှိဘဲ ရှိနေလေသည်…။
ဓာတ်လှေကား လှုပ်ခါသွားပြီးနောက် ၎င်းသည် ပုံမှန်အရှိန်ဖြင့် အောက်သို့ ဆက်လက်ဆင်းသက်သွားပြီး ဖုန်းပုကြွယ်၏မျက်စိရှေ့တွင် ဂိမ်းမီနူးက အလိုအလျောက် ပွင့်လာတော့သည်။ ဂိမ်းမီနူးကို ကစားသမား၏ အမြင်အာရုံထဲတွင်သာ မြင်တွေ့ရပြီး ပတ်ဝန်းကျင်မှ မြင်နိုင်စွမ်းမရှိပေ။ ကစားသမားက မီနူး ရွေးချယ်ခွင့်များကို ဖတ်ရှုနေသည့်တိုင် ဘေးလူက ကြည့်လျှင် တစ်နေရာရာကို ငေးကြည့်နေသည်ဟုသာ ထင်ရမည်ဖြစ်သည်။
ထိုစဉ် စနစ်မှ အသိပေးချက်အသံထွက်ပေါ်လာခြင်း မရှိသော်လည်း ဖုန်းပုကြွယ်သည် မီနူးတွင် စာသားတစ်ခု ပေါ်လာကို မြင်လိုက်ရသည်။
“သင် ဒီမီနူးကို အချိန်မရွေး ဖွင့်ကြည့်နိုင်ပါတယ် ၊ သင့်ဇာတ်ကောင်ရဲ့ စွမ်းရည်၊ အခြေအနေ၊ ဝတ်ဆင်ထားတဲ့ ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဒီမှာ စစ်ဆေးနိုင်ပါတယ်”
မီနူး၏ နေရာအများစုသည် အရိပ်များဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်းကို ဖုန်းပုကြွယ် မြင်လိုက်ရသည်။ ထိုစာသားများ ပျောက်ကွယ်သွားပြီးနောက် ဘယ်ဘက်အပေါ်ထောင့်ရှိ အပိုင်း၌ အသက်ဘားနှင့် ဆင်တူသော စတုဂံပုံသုံးခု လင်းလက်လာလေသည်။
မြှားပုံစံ သင်္ကေတလေးတစ်ခုသည် အစိမ်းရောင်စွမ်းအင်များ ပြည့်နေသော ပထမဆုံးဘားကို ညွှန်ပြလိုက်ပြီး စာတန်းများ ထွက်ပေါ်လာသည်။
“ဒါကတော့ သင့်ရဲ့ အသက်သွေးဖြစ်ပြီး ရာခိုင်နှုန်းနဲ့ ဖော်ပြထားပါတယ် ၊ တန်ဖိုးတိတိကျကျကိုတော့ မြင်ရမှာ မဟုတ်ပါဘူး ၊ သွေး (၀) ရာခိုင်နူန်း ရောက်သွားရင်တော့ သင်သေဆုံးသွားပြီလို့ သတ်မှတ်မှာ ဖြစ်ပါတယ် ၊ လက်ရှိအသက်သွေး - (၁၀၀) ရာခိုင်နူန်း ၊ ပုံမှန်မဟုတ်တဲ့ အခြေအနေများ - မရှိပါ”
ထို့နောက် မြှားသင်္ကေတသည် အစိမ်းရောင်စွမ်းအင်များ ပြည့်နေသော ဒုတိယဘားသို့ ရွှေ့သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ရာခိုင်နှုန်းမဟုတ်ဘဲ တိကျသော တန်ဖိုးကို ပြသထားသည်။
“ဒါကတော့ သင့်ရဲ့ သက်လုံဖြစ်ပြီး တိကျတဲ့တန်ဖိုးကို မြင်တွေ့နိုင်ပါတယ် ၊ ပြေးလွှားတာတွေ၊ အချိန်ကြာကြာ လမ်းလျှောက်တာတွေ၊ လေးလံတဲ့ ပစ္စည်းတွေကို သယ်ဆောင်တာတွေ၊ တိုက်ခိုက်တာတွေနဲ့ စွမ်းရည်တွေကို အသုံးပြုတာတွေဟာ ဒီတန်ဖိုးကို လျော့ကျစေမှာ ဖြစ်ပါတယ် ၊ အနားယူခြင်းအားဖြင့် ပြန်လည်ဖြည့်တင်းနိုင်ပါတယ်၊ လက်ရှိ သက်လုံ - ၁၀၀/၁၀၀”
တတိယမြောက်စွမ်းအင်ဘားတန်းသည် အလွတ်ဖြစ်နေပြီး ယင်းက ဖုန်းပုကြွယ် စိတ်အဝင်စားဆုံးအရာလည်း ဖြစ်သည်။
“ဒါကတော့ သင့်ရဲ့ ကြောက်ရွံ့မှုတန်ဖိုးဖြစ်ပြီး ရာခိုင်နှုန်းနဲ့ ပြသထားပါတယ် ၊ ကြောက်ရွံ့မှုတန်ဖိုးဟာ ၁၀၀ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး သုံးစက္ကန့်ထက် ပိုကြာသွားမယ်ဆိုရင် ဂိမ်းနဲ့ ချိတ်ဆက်မှုကို အတင်းအကြပ် ဖြတ်တောက်မှာဖြစ်ပြီး သင်သေဆုံးသွားပြီလို့ သတ်မှတ်မှာ ဖြစ်ပါတယ် ၊ လက်ရှိ ကြောက်ရွံ့မှုတန်ဖိုး - (၀) ရာခိုင်နူန်း”
အခြေခံအချက်အလက်များကို ဝဘ်ဆိုက်တွင် ကြိုတင်ဖတ်ရှုထားပြီးဖြစ်သောကြောင့် သူသည် ထိုအချက်များကို ခပ်မြန်မြန်သာ ကြည့်လိုက်သည်။ မီနူးရှိ တခြားနေရာများ ပွင့်လာမည်ဟု သူထင်ထားသော်လည်း ၁၀ စက္ကန့်ခန့် ကြာပြီးနောက် သူ့မီနူးသည် အလိုအလျောက် ပိတ်သွားသည်။ သူ မီနူးကို ပြန်ဖွင့်ကြည့်သော်လည်း အရိပ်ဖုံးနေသော နေရာများမှာ ပြောင်းလဲခြင်း မရှိသေးပေ။
ဤလူသစ်အစမ်းလေ့ကျင့်မှုသည် မှောင်မဲနေသော ဓာတ်လှေကားထဲတွင် ရပ်နေရင်း စာသားများကို ဖတ်ရှုကာ အသုံးပြုပုံကို လေ့ကျင့်ရုံသက်သက်မဟုတ်သည်မှာ သိသာလှသည်။ မဟုတ်လျှင် ဂိမ်းထဲမဝင်မီကတည်းက စနစ်သည် “ကြောက်ရွံ့မှုတန်ဖိုး အလွန်မြင့်မားသွားနိုင်သည်” ဟူသော အချက်ကို ဖော်ပြနေမည်မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း ဓာတ်လှေကားက ရုတ်တရက် ရပ်တန့်သွား၏။ အမှောင်အတိကျနေသော ပတ်ဝန်းကျင်တွင် ဖုန်းပုကြွယ်သည် မိမိ၏အသက်ရှူသံကိုသာ ကြားနေရသည်။
ရုတ်တရက် မီးက ဖျတ်ခနဲ လင်းလက်လာသည်။ သို့သော် မီးအလင်းရောင်က တစ်စက္ကန့်မျှသာ ကြာမြင့်ပြီး အမှောင်တိ ပြန်ကျသွားပြန်သည်။
ထိုတစ်စက္ကန့်မျှသော အချိန်အတွင်း ဖုန်းပုကြွယ်မြင်လိုက်ရသော မြင်ကွင်းသည် သာမန်လူတစ်ယောက်ကို အလန့်တကြားထခုန်၍ အော်ဟစ်ငိုကြွေးသွားစေရန် လုံလောက်သည်။
ဓာတ်လှေကား၏ နံရံတစ်ဖက်တွင် မှန်ကြီးတစ်ချပ် ရှိနေသည်ကို လူတိုင်းအမှတ်ရမိပေလိမ့်မည်။ ယခုတွင် မီးလင်းသွားသည့် တခဏတာအတွင်း မှန်ထဲ၌ လူရိပ်နှစ်ခုကို ဖုန်းပုကြွယ် မြင်လိုက်ရခြင်းဖြစ်သည်။
အရိပ်တစ်ခုသည် သူကိုယ်တိုင်ဖြစ်ကြောင်း သိသာသည်။ရိပ်ခနဲ မြင်လိုက်ရသော်လည်း ဖုန်းပုကြွယ်သည် အရိပ်တစ်ခုမှာ သူကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ခုမှာမူ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော သက်ရှိတစ်ဦးဖြစ်ကြောင်း သူအတည်ပြုနိုင်လိုက်သည်။
အမှောင်ထုထဲတွင် ထာဝရရိုးရိုးရှင်းရှင်း နေနေပါက အဆင်ပြေဦးမည်ဖြစ်သော်လည်း ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ရိပ်ခနဲပြသလိုက်ခြင်းက ဘာမှမမြင်ရသည်ထက် ပိုမိုဆိုးဝါးပေသည်။
အကယ်၍ အခြားလူများဆိုပါက ထိုနေရာတွင်ပင် အော်ဟစ်ကာ ဓာတ်လှေကားထောင့်သို့ ကပ်သွားမည် သို့မဟုတ် ထိုသွေးပုံရိပ်ရှိရာသို့ လက်သီးဖြင့် ကပျာကယာ လွှဲရိုက်မိမည် ဖြစ်သည်။
သို့သော်လည်း ဖုန်းပုကြွယ်ကမူ အမူအရာကင်းမဲ့စွာဖြင့် နေရာတွင် ရိုးရိုးရှင်းရှင်းရပ်နေဆဲပင်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အင်း... ဒါက အစမ်းလေ့ကျင့်မှုဆိုတော့ ကစားသမားကို စစချင်းတော့ သေအောင်လုပ်မှာမဟုတ်ဘူး၊ အများဆုံးရှိလှ ငါ့အသက် နည်းနည်းလျော့သွားတာ ဒါမှမဟုတ် ခြောက်လှန့်တာပဲ ဖြစ်မှာပါ ၊ ဂိမ်းက နောက်ထပ်တစ်ခုခု ပြောင်းလဲလာနိုင်လောက်တယ်”
ထိုစဉ် အလင်းတန်းတစ်ခု ဓာတ်လှေကားထဲသို့ ဖြာကျလာပြီး တံခါးက အလိုအလျောက် ပွင့်သွားလေသည်။ ပုပ်အဲ့အဲ့အနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အပြင်ဘက်တွင် သစ်သားမျက်နှာကြက်နှင့် လူ့မျက်လုံးပုံစံ ထူးဆန်းသည့် နောက်ခံစက္ကူများ ကပ်၍ အလှဆင်ထားသော နံရံများရှိသည့် ကော်ရစ်ဒါလမ်းရှည်ကြီးတစ်ခု ရှိနေသည်။ ကြမ်းပြင်တွင် အစိမ်းရောင်ကော်ဇောကြီး ခင်းထားပြီး ပြတင်းပေါက်လုံးဝ မရှိချေ။ ကော်ရစ်ဒါ တစ်လျှောက်တွင်လည်း တံခါးများမရှိဘဲ ဝါကျင့်ကျင့်မီးရောင်များသာ ပေးထားသော နံရံကပ်မီးအိမ်များသာ ရှိနေသည်။
ကော်ရစ်ဒါသည် အလွန်ရှည်လျားပုံရပြီး မီတာ ၂၀ ကျော်လွန်သော နေရာများမှာ အရိပ်များ ဖုံးလွှမ်းနေသဖြင့် ရှေ့သို့ တိုးသွားမှသာ ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။ သာမန်လူများဖြစ်ပါက ဓာတ်လှေကားတံခါး ပွင့်လာသည်နှင့် အပြင်သို့ ပြေးထွက်သွားမည် ဖြစ်သည်။ သို့သော်လည်း ဖုန်းပုကြွယ်ကမူ အလောတကြီးမလုပ်ပေ။ သူ့အမြင်တွင် ဤကော်ရစ်ဒါသည်လည်း ဓာတ်လှေကားထက် ပိုလုံခြုံနိုင်မည် မဟုတ်ချေ။ အလင်းရောင် ရလာပြီဖြစ်သောကြောင့် သူ့ဘေးတွင် ရှိနေခဲ့သော ထိုသွေးပုံရိပ်ကို သေချာကြည့်ရန် နောက်လှည့်ကြည့်လိုက်လေသည်။
နောက်ဆုံး သူနောက်လှည့်ကြည့်လိုက်သောအခါ ချိတ်ကောက်သဖွယ်ကောက်ကွေးနေသည့် လက်သည်းရှည်ကြီးများပါသော သွေးလက်ချောင်းဆယ်ချောင်းက သူ့မျက်နှာဆီသို့ ပြေးဝင်လာသည်ကိုသာ မြင်လိုက်သည်။ သူသည် ခေါင်းကို အသာငုံ့၍ ရှောင်လိုက်ပြီး ဓာတ်လှေကားအပြင်သို့ ပြေးထွက်လိုက်သည်။သူထပ်လှည့်ကြည့်သောအခါ ထိုပုံရိပ်၏ အသွင်အပြင်ကို သေချာမြင်လိုက်ရသည်။
ယင်းမှာ အရေခွံမရှိသော သွေးအလောင်းကောင်တစ်ခု ဖြစ်နေလေသည်။၎င်းသည် ဆေးခန်းများတွင် တွေ့ရတတ်သော ကြွက်သားမော်ဒယ်ပုံစံနှင့် တူသော်လည်း ၎င်းက သက်ရှိတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး တစ်ကိုယ်လုံးမှ သွေးများစီးကျနေခြင်းဖြစ်သည်။
ဓာတ်လှေကားတံခါး ဖြည်းညင်းစွာ ပိတ်နေအချိန်တွင် ထိုသွေးအလောင်းကောင်က ဖုန်းပုကြွယ်ကို စိုက်ကြည့်ရင်း ရွဲ့စောင်း၍ ပြုံးလိုက်သည်။ တံခါးမပိတ်မီတွင် လက်တစ်ဖက်ဖြင့် ဆန့်ထွက်လာပြီး အပြင်သို့ တိုးထွက်လာတော့သည်။
“ယေဘုယျအားဖြင့်တော့ ငါပြေးသင့်တယ်ထင်တယ်...”
ဖုန်းပုကြွယ်က တွေးလိုက်သည်။
“ဒါပေမဲ့ ဒီကောင်က သိပ်တော့ အားကောင်းပုံမရဘူး ၊ ငါ ထိုးကြည့်ရမလား...”
ထိုအချိန်တွင် သွေးအလောင်းကောင်က ဓာတ်လှေကားထဲမှ ထွက်လာပြီး ချက်ချင်းဟိန်းဟောက်လိုက်သည်။ ၎င်းက ကော်ရစ်ဒါနံရံကို လက်ဖြင့် တစ်ချက်ရိုက်လိုက်ရာ ထူထဲလှသော နောက်ခံစက္ကူများ ကွဲအက်သွားသည်။နံရံကွဲအက်သွားပြီးနောက် နံရံအကွဲများကြားထဲမှ ပိုးဟပ်အုပ်ကြီးတစ်အုပ်သည် ‘ရေလျှံ’လာသည့်အလား အလုံးအရင်းနှင့် ထွက်ပေါ်လာတော့သည်။
“မင်း နိုင်ပါတယ်ကွာ”
ဖုန်းပုကြွယ်က တစ်ချက်ကြည့်ပြီးနောက် နောက်လှည့်ကာ အမြီးတန်းအောင် ပြေးတော့သည်။
ယင်းသည် လူသစ်အစမ်းလေ့ကျင့်မှု ဖြစ်သောကြောင့် သဘာဝအားဖြင့် ကစားသမားကို ဆက်ကစားရန် ဆွဲဆောင်ခြင်းသာဖြစ်ပြီး အသေသတ်ရန် ရည်ရွယ်ချက်မရှိပေ။ သွေးအလောင်းကောင်ကြီး၏ လှုပ်ရှားမှုများသည် တကယ်တမ်းတွင် ကစားသမားအား အဝေးသို့ ပြေးနိုင်ရန် အချိန်ဆွဲပေးခြင်းသာဖြစ်ကြောင်း သိသာသည်။ သို့သော်လည်း စနစ်က အခြားဖြစ်နိုင်ခြေများကိုလည်း ထည့်သွင်းစဉ်းစားထားသည်။မီးလင်းလာသော ဧရိယာတွင် ကစားသမားက သွေးအလောင်းကောင်ကို မြင်ပြီးနောက် အကြောက်လွန်၍ မလှုပ်နိုင်ခြင်း သို့မဟုတ် အလောင်းကောင်ကို ပြန်တိုက်ခိုက်ခြင်းများ ရှိလာနိုင်ပေသည်။ထိုအခြေအနေများအောက်တွင် စနစ်က ကြောက်လန့်နေသူများ အတင်းပြေးစေရန်နှင့် တိုက်ခိုက်လိုစိတ်ရှိသူများကို ဟန့်တားရန်အတွက် သွေးအလောင်းကောင် ထိုကဲ့သို့လှုပ်ရှားစေရန် ခွင့်ပြုထားခြင်းဖြစ်သည်။
မှန်ပေသည် အကယ်၍ ကစားသမားက ကြောက်လွန်း၍ လဲကျနေမည် သို့မဟုတ် မိုက်ရူးရဲဆန်စွာ တိုက်ခိုက်မည်ဆိုပါက အများဆုံး ဂိမ်းအိုဗာဖြစ်သွားမည်ဖြစ်ပြီး အစမ်းလေ့ကျင့်မှုအသစ်ကို ကျပန်းပြန်လည် စတင်ရမည်ဖြစ်သည်။
“ပထမအချက်က ငါနံရံတွေကို ဖောက်ထွက်လို့ မရဘူး ၊ ဒုတိယအချက်က ငါဖောက်ထွက်နိုင်ရင်တောင် ထွက်ပေါက်ရှိမှာ မဟုတ်ဘူး၊ တတိယအချက်ကတော့ အဲ့ဒီမကောင်းဆိုးဝါးနဲ့ တိုက်ရင် ငါသေမှာ သေချာတယ် ၊ အရမ်းကောင်းတာပဲ...”
ဖုန်းပုကြွယ်က အခြေအနေကို စိတ်ထဲ၌ စနစ်တကျ တွေးတောလိုက်သည်။
ကော်ရစ်ဒါအတိုင်း အတော်ဝေးဝေး ပြေးလာပြီးနောက် ဖုန်းပုကြွယ်သည် လမ်းအဆုံးတွင် အလွန်ခိုင်ခံ့သောသစ်သားတံခါးကြီးတစ်ခုကို မြင်လိုက်ရသည်။
သူက တံခါးလက်ကိုင်ကို လှည့်လိုက်ရာ တံခါးက အမှန်တကယ်ပွင့်ဟသွားသည်။ တံခါးတစ်ဖက်တွင် အန္တရာယ်ရှိမရှိ တွေးတောရန် အချိန်မရှိတော့ဘဲ သူဝင်လိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် သွေးအလောင်းကောင်က သူ့နောက်တွင် ကပ်ပါလာသောကြောင့် ဖြစ်သည်။သူ့တွင် နှေးဖင့်နေရန် အချိန်မရှိပေ။ ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာကတည်းက ပြေးလာခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဖုန်းပုကြွယ်သဘောပေါက်လိုက်သည်။ သူသာ အချိန်ဆွဲနေခဲ့ပါက ယခုအချိန်တွင် အခြေအနေ ပိုဆိုးနေပေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်း သူအခန်းထဲသို့ အမြန်ဝင်ကာ တံခါးပိတ်လိုက်သည်။ တံခါးနောက်တွင် တံခါးဂျက်တစ်ခု ရှိနေသည်ကို တွေ့ရသဖြင့် ချက်ချင်းပင် ပိတ်ချလိုက်သည်။ဖုန်းပုကြွယ်သည် မည်သည့်တွေဝေတုံ့ဆိုင်းနေခြင်းမှ မပြုလုပ်ခဲ့ပေ။ ထိုအချိန်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ခုက တံခါးကို အတင်းထုရိုက်နေတော့သည်။
ဖုန်းပုကြွယ်က ယင်းကို လျစ်လျူရှုကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ အခန်းသည် စတုရန်းပုံဖြစ်ပြီး မည်သည့်ပရိဘောဂမျှ မရှိပေ။ နံရံကပ်မီးအိမ် တစ်လုံးနှင့် တံခါးနှစ်ပေါက်သာ ရှိသည်။ တစ်ဖက်တံခါးသည် သွေးအလောင်းကောင် ထုရိုက်နေသော တံခါးဖြစ်ပြီး ကျန်တစ်ဖက်မှာ ဆန့်ကျင်ဘက်နံရံတွင် ရှိသည်။
သူသည် ထွက်ပြေးနိုင်မည့် တစ်ခုတည်းသော တံခါးဆီသို့သွားကာ လက်ကိုင်ကို ဆွဲလှည့်ကြည့်လိုက်သည်။သို့သော်လည်း တံခါးပိတ်ထားသည်ကို တွေ့ရသည်။ သူသည် အကူညီအနည်းငယ် ဖြစ်လိုဖြစ်ငြား သော့ခလောက်ကို ကန်ကြည့်သော်လည်း သူ့ကန်ချက်က ခွန်အားမလုံလောက်ပေ။အများဆုံး အားကုန်သုံး၍ အကြိမ်ပေါင်းများစွာ ကန်မှသာ ပွင့်မည့်ပုံ ဖြစ်နေသည်။
နောက်တစ်က္ကန့်တွင် သူ့မျက်စိရှေ့၌ ဂိမ်းမီနူးပေါ်လာပြန်သည်။ အရင်က အရိပ်ဖုံးနေသော နေရာတစ်ခု ပွင့်လာပြီး နံပါတ်တစ်ခုကို ပြနေသည်။ သို့သော်လည်း လက်ရှိနံပါတ်သည် (၀) ဖြစ်သည်။
“ဒါကတော့ သင့်ရဲ့ စွမ်းရည်ရမှတ်တွေ ဖြစ်ပါတယ် ၊ သင့်ဇာတ်ကောင်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး ရမှတ်တွေ ရရှိမှာဖြစ်သလို ဂိမ်းတွင်း ငွေကြေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ် ၊ လက်ရှိ စွမ်းရည်ရမှတ် -(၀) ”
“စွမ်းရည်ရမှတ်အကြောင်း အခုမှ အသိပေးတယ်ဆိုတော့ ဒီမှာ ငါရွေးချယ်နိုင်မယ့် ဖြတ်လမ်းတစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်...”
ထိုအချိန်တွင် ဖုန်းပုကြွယ်၏ ကြောက်ရွံ့မှုတန်ဖိုးမှာ (၀) ရာခိုင်နူန်းတွင်သာ ရှိနေဆဲ ဖြစ်ကြောင်း သတိပြုသည်။
သူ သက်ပြင်းချလိုက်ပြီး အပြင်မှ ထုရိုက်နေသော တံခါးကို လှည့်ကြည့်လိုက်သည်။ သတ္တုတံခါးဂျက်က စတင်ပုံပျက်လာပြီဖြစ်ရာ ကြာရှည်ခံမည့်ပုံ မပေါ်တော့ပေ။လူအများစုသည် ယခုကဲ့သို့ အချိန်မရွေး အသတ်ခံရနိုင်သော ဖိအားအောက်တွင် ဖုန်းပုကြွယ်ကဲ့သို့ တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။
ဖုန်းပုကြွယ်က အခန်းကို တစ်ခေါက်ပြန်စစ်ဆေးလိုက်သည်။ ထိုဗလာဖြစ်သော အခန်းလေးတွင် အရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။ နံရံတစ်ခု၏ အခန်းအထက်ပိုင်းတွင် နောက်ခံစက္ကူစလေးတစ်ခုက ထောင့်လန်နေသည်ကို သူသတိထားမိလိုက်သည်။ဖုန်းပုကြွယ်က ခြေဖျားထောက်၍ လက်ဆန့်လိုက်သည်။ သူထိုနေရာကို ဆွဲခွာလိုက်ရာ သစ်သားပြားတစ်ခု ပေါ်လာပြီး ၎င်းပေါ်တွင် သွေးဖြင့် ဆွဲထားသော "卜" ပုံစံ သင်္ကေတတစ်ခုကို တွေ့ရသည်။ ယင်းမှာ သော့ပုံစံ ဖြစ်နိုင်လေသည်။
ထိုစဉ် သူ့နောက်ကျောမှ ဟိန်းဟောက်သံတစ်ခုနှင့်အတူ သစ်သားကျိုးသွားသံကို ကြားလိုက်ရသည်။ ဖုန်းပုကြွယ်လှည့်ကြည့်လိုက်ရာ အလောင်းကောင်၏ လက်သည်းများက တံခါးကို ဖောက်ထွက်သွားပြီဖြစ်ပြီး ၎င်းဖောက်ထားသော ပန်းကန်လုံးအရွယ်အပေါက်နှစ်ခုမှ လက်သည်းများက လေထဲတွင် ကြမ်းတမ်းစွာ မွှေနှောက်နေလေသည်။ ၎င်း၏ ဉာဏ်ရည်သာ တံခါးဂျက်ကို ရှာတွေ့နိုင်သည်အထိ လုံလောက်ပါက တံခါးကို ဆွဲဖွင့်သွားပေတော့မည်။
ထိုသို့သော အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်သည် သွေးအလောင်းကောင်ကြီး မကြာမီ တိုးဝင်လာတော့မည်ဖြစ်ကြောင်း လုံးဝပြောနိုင်သည်။
ဖုန်းပုကြွယ်က သစ်သားပြားပေါ် ရေးဆွဲထားသော သင်္ကေတကို တံတောင်ဖြင့် အားကုန်ထုလိုက်သည်။ သူနာကျင်မှုကို ခံစားလိုက်ရသော်လည်း သစ်သားပြားက ကျိုးသွား၏။ ထိုနေရာမှ ပိုးဟပ်များ တစ်တန်လောက် ထွက်လာမည်ဟု သူထင်ထားသော်လည်း ဖုန်မှုန့်အနည်းငယ်သာ ထွက်လာလေသည်။သစ်သားပြားနောက်ရှိ ကျဉ်းမြောင်းသောအဟလေးအတွင်း၌ သော့တစ်ချောင်း ရှိနေလေ၏။
ဖုန်းပုကြွယ် သော့ကို ကောက်ယူလိုက်သောအခါ ဂိမ်းမီနူးပေါ်လာပြီး နောက်ထပ်အရိပ်အစိတ်အပိုင်းတစ်ခု ပွင့်လာသည်။
“သင် အိုင်တမ်တစ်ခု ရရှိပါပြီ ၊ သို့သော် ပစ္စည်းကိရိယာသိုလှောင်ခန်းမပွင့်သေးတဲ့အတွက် လက်ထဲမှာပဲ ကိုင်ထားရမှာ ဖြစ်ပါတယ် မဟုတ်ပါက ပျောက်ကွယ်သွားပါမည်”
အမည် - သံချေးတက်နေသော သော့
အမျိုးအစား - အသုံးအဆောင်
အရည်အသွေး - သာမန်
လုပ်ဆောင်ချက် - တံခါးသော့များကို ဖွင့်ရန်
ဇာတ်လမ်းအပြင်သို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ဘာလုပ်ရမလဲဆိုတာ မင်းသိမယ်လို့ ထင်ပါတယ်
မှတ်ချက်က ဆိုးယုတ်မှုအပြည့်ဖြစ်နေသည်ဟု ဖုန်းပုကြွယ်ခံစားရသော်လည်း ယင်းအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ အိုင်တမ်၏အသေးစိတ်အချက်အလက်ကို တချက်ကြည့်ရှုပြီးနောက် မီနူးမျက်နှာပြင်ကို ပိတ်လိုက်ပြီး ပိတ်ထားသော တံခါးဆီသို့ အပြေးသွားကာ သော့ဖွင့်လိုက်သည်။ တံခါးပွင့်လာသည်နှင့် သော့က ပျောက်ကွယ်သွားပြီး တချိန်တည်းတွင် စနစ်က အသိပေးလာသည်။
“သင် စွမ်းရည်ရမှတ် (၃၀) ရရှိပါတယ် ၊ ဒီအသိပေးချက်က တစ်ကြိမ်ပဲ ပေါ်မှာဖြစ်ပြီး နောက်ပိုင်းမှာ သင့်ဂိမ်းမီနူးထဲမှာ စစ်ဆေးနိုင်ပါတယ်”
ဖုန်းပုကြွယ်က ထိုအခိုက်အတန့်တွင် အသုံးမဝင်နိုင်သော အကြောင်းအရာများကို လျစ်လျူရှု၍ ရှေ့သို့ ဆက်တိုးသွားသည်။ တံခါးနောက်ရှိ ကျောက်တုံးနံရံတွင် အပေါ်သို့ တက်ရမည့် ကျောက်လှေကားတစ်ခု ရှိနေလေသည်။ မျက်နှာကြက်မရှိသဖြင့် ညကောင်းကင်မှ လရောင်က လှေကားထစ်များပေါ်သို့ ဖြာကျနေ၏။သို့သော် ဘေးပတ်လည်တွင် နှစ်မီတာကျော်မြင့်သော ကျောက်နံရံများ ရှိနေလေသည်။ထိုနံရံများသည် ကျော်တက်ခြင်းမှ ကာကွယ်ရန် ချောမွတ်တောက်ပြောင်နေသဖြင့် ကျော်တက်ရန် မဖြစ်နိုင်ပေ။
လှေကားအတိုင်း ပြေးတက်လာပြီးနောက် ဖုန်းပုကြွယ်က သူ့သက်လုံကို တစ်ချက်စစ်ဆေးလိုက်ရာ ၂၄/၁၀၀သာ ကျန်တော့သည်ကို တွေ့လိုက်ရလေသည်။ သူ စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။ သူဓာတ်လှေကားမှ ထွက်လာပြီးနောက် မီတာရာဂဏန်းခန့် ပြေးလွှားခြင်းနှင့် တံခါးကို ကန်ခြင်း၊ နံရံကို ထုခြင်းတို့က သူ့သက်လုံ၏ သုံးပုံနှစ်ပုံကျော်ကို ကုန်ဆုံးစေခဲ့သည်။ အသက်သွေးသည်လည်း ၉၈% သို့ လျော့သွားခဲ့သည်။ နံရံကို တံတောင်နှင့် ထုခဲ့ခြင်းကြောင့် ထိခိုက်မိသည်ဟု စနစ်က သတ်မှတ်လိုက်ပုံရသည်။
သူ့နောက်မှ သွေးအလောင်းကောင်ကလည်း ဖုန်းပုကြွယ် တံခါးကို ဖွင့်ပြီး ငါးစက္ကန့်ခန့်အကြာတွင် သတ်ဖြတ်လိုစိတ်များဖြင့် တံခါးကို ဖျက်ဆီး၍ လိုက်လာနေဆဲဖြစ်သည်။ ထိုအချိန်တွင် သွေးအလောင်းကောင်းက ဆိုးယုတ်စွာ ရယ်မောလိုက်ရာ ရယ်မောသံသည် နားထဲတွင် ပဲ့တင်ထပ်နေပြီး ခြောက်ခြားဖွယ်ကောင်းနေလေသည်။ ဖုန်းပုကြွယ်ကမူ ထိုအဆင့် အနှောက်အယှက်ကိုတော့ မည်သို့မှ မခံစားရပေ။
လှေကားထစ်များအဆုံးတွင် ကမူလေးတစ်ခုရှိပြီး ကမူထဲတွင် ကြီးမားသော ဓားတစ်လက် စိုက်ဝင်နေလေသည်။ လရောင်အောက်တွင် ထိုဓားသည် အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ဖုန်းပုကြွယ်က ထိုဓားကို မြင်လိုက်ရသည့်အချိန်တွင် သွေးအလောင်းကောင်သည် တစ်ခုခုကို သတိပြုမိသွားသည့်အလား ရူးသွပ်စွာ အရှိန်မြှင့်လိုက်ပြီး ပြေးဝင်လာတော့သည်။မူလက မီတာဒါဇင်ချီဝေးနေသော သူတို့ကြားက အကွာအဝေးသည် ချက်ချင်းနီးကပ်လာတော့သည်။
ထိုနေရာတွင် ရှိနေသော ဖုန်းပုကြွယ်သည် လွတ်မြောက်နိုင်ရန် ကပျာကယာကြိုးစားနေရသည်။ သူသည် နည်းလမ်းအားလုံးသုံး၍ ဇာတ်လမ်းအဆုံးနားသို့ ရောက်လာပြီးနောက် အသတ်မခံချင်ပေ။အလဲလဲအပြိုပြိုဖြင့် ဓားဆီသို့ သူရောက်ရှိလာသည်။သူသည် လက်နှစ်ဖက်လုံးဖြင့် ဓားရိုးကို တင်းတင်းဆုပ်၍ ဆွဲထုတ်လိုက်ရာ အံ့အားသင့်စရာပင် ဓားက အလွယ်တကူကျွတ်ထွက်လာလေသည်။ဓားသည် သူထင်ထားသလောက် မလေးလံပေ။
သူနောက်လှည့်လိုက်ချိန်တွင် သွေးအလောင်းကောင်ကြီးသည် နားစည်ကွဲမတတ် အော်ဟစ်လိုက်ပြီး သူ့ဦးခေါင်းဆီသို့ ချိန်ရွယ်ထားသော လက်သည်းများက အနီးကပ်ရောက်ရှိနေပြီ ဖြစ်သည်...။