အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃) လူသစ်အစမ်းလေ့ကျင့်ရေး(ခ)
သူကိုယ်တိုင်ပင် သတိမထားမိလိုက်မီမှာပင် ဖုန်းပုကြွယ်သည် ဓားကို ဝှေ့ယမ်းနေမိပြီဖြစ်သည်။ သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ယခုကဲ့သို့သော အခြေအနေမျိုးတွင်လည်း အလွန်အမင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ တုန့်ပြန်မှုနှင့် လှုပ်ရှားမှုများသည် မည်သည့် အဟန့်အတားမှမရှိဘဲ ချောမွေ့နေသည်။ သူသည် သွေးအလောင်းကောင်၏ လက်သည်းများကို ရှောင်တိမ်းရင်း တစ်ပြိုင်နက်တည်း ဓားဦးဖြင့် လေထဲသို့ ဝှေ့ယမ်းခုတ်ပိုင်းလိုက်သည်။
ဓားဖြင့် သွေးအလောင်းကောင်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရခြင်းသည် တို့ဟူးကို လှီးဖြတ်ရသကဲ့သို့ လွယ်ကူနေသည်ကို ဖုန်းပုကြွယ် အံ့သြစွာတွေ့ရှိလိုက်ရသည်။ ထိုမကောင်းဆိုးဝါး၏ ရင်ဘတ်မှ အသားနှင့်အရိုးများ ပွင့်ထွက်သွားပြီး လတ်ဆတ်သောသွေးများ ပန်းထွက်လာကာ ဖုန်းပုကြွယ်၏ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ညှီစို့စို့ ငန်ကျိကျိအနံ့အသက်များသည် သူ့နှာခေါင်းနှင့် ပါးစပ်ထဲသို့ စိမ့်ဝင်သွားပြီး သွေး၏ ပူနွေးမှုနှင့် စေးကပ်မှုကိုလည်း သူခံစားလိုက်ရသည်။ ဤဂိမ်းသည် ထိုအပိုင်းကို တကယ်ကြီး လက်တွေ့ဆန်အောင် ဖန်တီးထားသည်မှာ...တော်တော်လေး ရွံစရာ ကောင်းလှသည်။
ဓားဖြင့် အခုတ်ခံလိုက်ရပြီးနောက် သွေးအလောင်းကောင်သည် နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းသည် ၎င်း၏ ဒဏ်ရာများမှတစ်ဆင့် အသားနှင့် အရည်များအဖြစ် စတင်ပျော်ကျလာပြီး ကြမ်းပြင်ပေါ်သို့ စီးကျသွားတော့သည်။
ဖုန်းပုကြွယ်သည် ဤအခွင့်အရေးကို အသုံးချ၍ သူ့လက်ထဲမှ ဓား၏အခြေအနေကို ကြည့်လိုက်သည်။
အမည် - သွေးအလောင်းကောင်များ သေရမည်
အမျိုးအစား - လက်နက်
အရည်အသွေး - အလွန်ကောင်းမွန်
တိုက်ခိုက်မှုစွမ်းအား - အသင့်အတင့် အားကောင်းသည်
ဂုဏ်သတ္တိ - မရှိ
အထူးအာနိသင် - တိုက်ခိုက်သည့်အခါ သွေးအလောင်းကောင်ကို အရည်ပျော်စေနိုင်သည်
ဇာတ်လမ်းအပြင်သို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ဤဓားသည် လူပုလေး အိုအာ၏ ဒဏ္ဏာရီလာလက်ရာဖြစ်သော ‘အားလုံး သေရမည်’ဟူသော ဓားဖြစ်သည်။ ကောက်ကျစ်သော ဂေါ်ဘလင်ကုန်သည်တစ်ဦးသည် အိုအာထံမှ ဤဓားကို ဝယ်ယူရန် ‘အာဂူအိုတို’ (ပြောင်းအရက်) အနည်းငယ်ကိုသာ အသုံးပြုခဲ့သည်။ နောက်တစ်လခွဲအကြာတွင် အိုအာသည် ‘ဂေါ်ဘလင် သေရမည်’ ဟူသော ဓားကို ထပ်မံ ဖန်တီးခဲ့သည်။
ဖုန်းပုကြွယ်သည် ထိုပစ္စည်း၏ အချက်အလက်များကို စက္ကန့်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် စနစ်၏ အသိပေးချက် ပေါ်လာလေသည်။
“သင်သည် လူသစ်အစမ်းလေ့ကျင့်မှုကို ပြီးဆုံးပါပြီ ၊ စက္ကန့် ၆၀ အတွင်း သင့်ကို အလိုအလျောက် ပြောင်းရွှေ့ပေးပါမည်”
ထိုအချိန်တွင် သူ့ရှေ့မှ ဂိမ်းမီနူး၌ နောက်ထပ်နေရာတစ်ခု ပွင့်လာပြန်သည်။ ယင်း၌ ပြောင်းရွှေ့ရန် စက္ကန့် ၆၀ မှစ၍ နောက်ပြန်ရေတွက်နေသည့် ကိန်းဂဏန်းနှင့်အတူ “ချက်ချင်းပြောင်းရွှေ့ရန်” ဟူသော ရွေးချယ်မှုလည်း ပါဝင်သည်။ ဖုန်းပုကြွယ်သည် ထိုရွေးချယ်မှုကို နှိပ်လိုက်ရာ သူ့ခန္ဓာကိုယ်သည် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဇာတ်လမ်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း ဖုန်းပုကြွယ်၏ မျက်လုံးများ လင်းလက်သွားပြီး သူသည် ဓာတ်လှေကားထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။ လက်ထဲမှ ဓားနှင့် ကိုယ်ပေါ်မှ သွေးစွန်းကွက်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး ဓာတ်လှေကားထဲတွင် အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေလေသည်။ ဂိမ်းထဲသို့ သူ စတင်ဝင်ရောက်လာစကအတိုင်းပင်။ လွန်ခဲ့သော မိနစ်ပိုင်းက အတွေ့အကြုံများသည် ခဏတာမက်ခဲ့ရသော အတုအယောင်အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင်။
“ဇာတ်လမ်း ပြီးဆုံးပါပြီ၊ ဆုလာဒ်များကို တွက်ချက်နေပါသည်”
ရရှိသော အတွေ့အကြုံရမှတ် (EXP) - ၇၀၊ ဂိမ်းဒင်္ဂါး - ၇၀၀
ရရှိသော ပစ္စည်း/လက်နက် - မရှိ
ပြီးမြောက်သော/လက်ခံထားသော မစ်ရှင် - ၀/၀
အထူး - လျှို့ဝှက်မစ်ရှင် ပြီးမြောက်မှု - ၀၊ ကမ္ဘာ့အမြင်ချိုးဖျက်မှု - မရှိ
ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%၊ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%
“သင်၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ - အကြောက်တရားကင်းမဲ့သူ ၊ နောက်ပိုင်း ရွေးချယ်ရမည့် အပိုဆုလာဒ်တစ်ခု ရရှိပါမည်”
ရရှိသော စွမ်းရည်ရမှတ် - ၃၀
စွမ်းရည်ရမှတ်မှ အတွေ့အကြုံရမှတ်သို့ ပြောင်းလဲမှု - ၃၀၊ ဂိမ်းဒင်္ဂါး - ၃၀၀
ဇာတ်လမ်းပြီးမြောက်မှုအတွက် ဆုလာဒ် - လူသစ်အိတ် * ၁
“တွက်ချက်မှု ပြီးဆုံးပါပြီ၊ ကျေးဇူးပြု၍ ဆက်လက် လုပ်ဆောင်ပါ”
ထိုအချက်အလက်များကို နံရံတွင် ပြသနေစဉ် စနစ်၏ အသံထွက်ပေါ်လာပြန်သည်။
“သင်သည် အဆင့် ၂ သို့ တက်လှမ်းသွားပါပြီ။ သင့်သက်လုံ၏ အမြင့်ဆုံး ကန့်သတ်ချက် တိုးလာပြီး ယခုအခါ ၂၀၀/၂၀၀ ဖြစ်သွားပါပြီ”
တစ်ချိန်တည်းမှာပင် ဖုန်းပုကြွယ်သည် မီနူးထဲရှိ ကျွမ်းကျင်မှုအပိုင်းတစ်ခု ပွင့်သွားသည်ကို သတိပြုမိလိုက်သည်။ စုစုပေါင်း ကျွမ်းကျင်မှုခြောက်ခု ရှိသော်လည်း ကျန်ငါးခုသည် အရိပ်များ ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး ဘေးတွင် N/A ဟု ရေးထားသည်။ အထွေထွေ ဟုခေါ်သော ကျွမ်းကျင်မှုတစ်ခုတည်းသာ လင်းလက်နေပြီး ၎င်းအဆင့်မှာ F ဖြစ်သည်။
သည်းထိတ်ရင်ဖိုသုခဘုံ၏ သတ်မှတ်ချက်အရ ကျွမ်းကျင်မှုများသည် ဤဂိမ်းတွင် ကစားသမား၏ စွမ်းရည်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းများ ဖြစ်သည်။ ဂိမ်းဖော်ပြချက်ကို ဖတ်ကြည့်ပြီးနောက် N/A အဆင့်သည် - မရှိ၊ နားမလည် သို့မဟုတ် အသုံးမပြုနိုင်ခြင်း ဟု အဓိပ္ပာယ်ရကြောင်း ဖုန်းပုကြွယ် အမှတ်ရလိုက်သည်။ အဆင့် F မှာမူ - အလွန်ညံ့ဖျင်းသည် သို့မဟုတ် မရှိသလောက်ပင် ဖြစ်သည်။ အချို့အဆင့်သို့ ရောက်ရှိလာသည့်အခါတွင် ဤစွမ်းရည်ကို ၂၀ ရာခိုင်နှုန်းသော အောင်မြင်မှုနှုန်းဖြင့် အသုံးပြုနိုင်ပေသည်။
ဆုလာဒ်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဓာတ်လှေကားတံခါး ပွင့်သွားသည်။ ဓာတ်လှေကား အပြင်ဘက်သည် ကော်ရစ်ဒါမဟုတ်တော့ဘဲ လေးဖက်လေးတန် သတ္တုနံရံကြီးရှိသည့် ကြီးမားသော စတုရန်းပုံ အခန်းကြီးတစ်ခု ဖြစ်နေသည်။ အခန်းသည် ဓာတ်လှေကားထက် ငါးဆခန့် ပိုကြီးမားသည်။ အလင်းရောင်သည် မျက်နှာကြက်မှ ကျဆင်းနေသည်။ အခန်းအလယ်တွင် ဆလင်ဒါပုံစံ ဖောက်ထွင်းမြင်ရသော မှန်တိုင်နှစ်တိုင် ရှိနေသည်။ ထိုအချိန်တွင်တော့ မှန်တိုင်များအတွင်း၌ ဘာမှမရှိသေးဘဲ အလွတ်ဖြစ်နေသေးသည်။
ဖုန်းပုကြွယ်သည် သူ၏ကြောက်ရွံ့မှုတန်ဖိုး အခြေအနေနှင့် ပတ်သက်၍ ပြောစရာစကားမဲ့နေလေသည်။ သူ၏ကြောက်ရွံ့မှုကို ကြောက်ရွံ့မှုတန်ဖိုး အနေဖြင့် တိုင်းတာလိုက်ချိန်တွင် မမျှော်လင့်ဘဲ သုညသုံးလုံးကို မြင်လိုက်ရသည်။ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်အရ ဖုန်းပုကြွယ်သည် ထူးထူးခြားခြား ဘာမှမခံစားရပေ။ ဂိမ်း၏ ရှင်းလင်းချက်အရ ဇာတ်လမ်းတစ်ခု၏ အဆုံးသတ်တွင် ကြောက်ရွံ့မှုတန်ဖိုးကို အမျိုးအစား ငါးမျိုးဖြင့် အကဲဖြတ်မည် ဖြစ်သည်။ယင်းတို့သည် - သတ္တိရှိသူ ၊ သတ္တိကောင်းသူ ၊ ခေါင်းပျောက်နေသူ ၊ ထိတ်လန့်တုန်လှုပ်သူ နှင့် လိပ်ပြာလွင့်သူတို့ ဖြစ်သည်။
ဖုန်းပုကြွယ်အတွက်မူ ထိုကဲ့သို့ သေးငယ်သည့် ပြောင်းလဲမှုအနည်းငယ် ရှိရန်မှာ လုံးဝမဖြစ်နိုင်သည့် အရာပင်။ အကယ်၍သာ ဂိမ်းဒီဇိုင်နာတစ်ဦးဦးသာ စောင့်ကြည့်နေခဲ့ပါက သူတို့သည် ဖုန်းပုကြွယ်အတွက် “မိုက်ရူးရဲ”ဟူသော အဆင့်တစ်ခုကို အထူးထည့်သွင်းပေးထားမည်မှာ သေချာသည်။
ကစားသမားအသစ် တစ်ဦးအနေဖြင့် ဖုန်းပုကြွယ်၏ လုပ်ဆောင်ချက်များသည် ယခုကဲ့သို့ အံ့သြဖွယ် အောင်မြင်မှုများကိုရရှိရန် အကောင်းဆုံး ရွေးချယ်မှုများထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ကျန်းမာသန်စွမ်းမှုနှင့် သက်လုံတို့သည် နောက်ဆုံးအဆင့် သတ်မှတ်ချက်နှင့် လုံးဝမသက်ဆိုင်သောကြောင့် တစ်ချက်မျှ တစ်ချက်မှ အထိမခံရဘဲ ပြီးဆုံးသွားခြင်း သို့မဟုတ် သေလုနီးပါးဖြစ်ပြီးမှ ပြီးဆုံးသွားခြင်းတို့သည် နောက်ဆုံးရရှိမည့် ဆုလာဒ်အပေါ် မည်သည့်သက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။
ဖုန်းပုကြွယ်၏ နောက်ဆုံးရမှတ်သည် ကဏ္ဍအားလုံးတွင် အမြင့်ဆုံး ဖြစ်နေသော်လည်း သူ့မျက်နှာတွင်မူ ပျော်ရွှင်မှုအရိပ်အယောင် အနည်းငယ်မျှ ရှိမနေပေ။ သူသည် သက်ပြင်းတစ်ချက်ချ၍ မှန်တိုင်ဆီသို့ လျှောက်သွားလိုက်ရာ သူ၏ ရှေ့တွင် ရွေးချယ်မှုမျက်နှာပြင်တစ်ခု ပေါ်ထွက်လာသည်။
“ကျေးဇူးပြု၍ သင့်၏ ပစ္စည်းသိုလှောင်အိတ် အမျိုးအစားကို ရွေးချယ်ပါ”
သူ့ရှေ့တွင် ပုံရိပ်ယောင်မီနူးတစ်ခု ပေါ်လာပြီး သိုလှောင်အိတ်နှစ်မျိုး လွင့်မျောနေလေသည်။ ပထမတစ်ခုသည် ပခုံးတွင် သိုင်းလွယ်ရသောလွယ်အိတ်အမျိုးအစား ဖြစ်ပြီး နောက်တစ်ခုမှာ ခါးတွင် ပတ်ရသော ခါးပတ်အိတ်အမျိုးအစား ဖြစ်သည်။ ဖုန်းပုကြွယ်သည် ပထမအမျိုးအစားကို ရွေးချယ်လိုက်သဖြင့် ထိုအိတ်သည် လင်းလက်လာပြီး မီနူးပျောက်ကွယ်သွားသည်။ ထို့နောက် မှန်တိုင်အတွင်း၌ လွယ်အိတ်တစ်လုံး လေထဲမှ ရုတ်တရက်ပေါ်လာပြီး မှန်တိုင်က ပွင့်ဟသွားသည်။ ဖုန်းပုကြွယ်က အိတ်ကို လှမ်းယူလိုက်သည်။
ထိုအချိန်တွင် သူ၏မီနူးထဲရှိ သိုလှောင်ခန်းနှင့်ပစ္စည်းများအပိုင်းသည် နောက်ဆုံးတွင် ပွင့်သွားခဲ့ပြီ ဖြစ်သည်။
“သင့်၏ သိုလှောင်အိတ်သည် ပစ္စည်းများထားရှိရာ နေရာတစ်ခုဖြစ်သည် ၊ လက်ရှိ သင့်အိတ်၏ ကန့်သတ်ချက်မှာ အိုင်တမ် ၁၀ ခု ဖြစ်သည် ။ အိတ်အဝတွင် အိုက်တမ်များကို ထားလိုက်ပါက အိုက်တမ်တွေကို စုစည်းသိမ်းဆည်းပေးမည် ဖြစ်သည်။ ကစားသမားက ထိုအရာများကို ထိန်းချုပ်နိုင်စွမ်း ရှိသရွေ့ သက်ရှိသတ္တဝါများကိုပင် ထည့်သွင်းထားနိုင်သည် ၊ အရေးကြီးသည့်အချက် - ကစားသမားသည် သိုလှောင်အိတ်ထဲသို့ ဝင်ရောက်ခွင့် မရှိပါ။ ကျေးဇူးပြု၍ မစမ်းသပ်ကြည့်ပါနှင့်။”
“သင်လက်ရှိ ဝတ်ဆင်ထားသော ပစ္စည်းများကို ဝတ်ဆင်ထားသောပစ္စည်းများ မျက်နှာပြင်တွင် ကြည့်ရှုနိုင်သည်။ သင်ဝတ်ဆင်နိုင်သော သို့မဟုတ် အသုံးပြုနိုင်သော မည်သည့်အရာကိုမဆို ဝတ်ဆင်ထားသောပစ္စည်းအဖြစ် သတ်မှတ်သည်။ ဝတ်ဆင်ရမည့်နေရာ သို့မဟုတ် ပမာဏ ကန့်သတ်ချက် မရှိပါ။ ဥပမာ - သင်သည် ဘယ်ဘက်လက်တွင် ဓားတစ်လက်၊ ညာဘက်လက်တွင် ဘေ့စ်ဘောတုတ်တစ်ချောင်း ကိုင်ထားနိုင်ပြီး လက်နှစ်ဖက်လုံးတွင် သံလက်သီးကွင်းများကို တစ်ပြိုင်နက် ဝတ်ဆင်ထားနိုင်သည်။ သင့်အဝတ်အစားများကိုမူ ဝတ်ဆင်ထားသော ပစ္စည်းအဖြစ် မသတ်မှတ်ဘဲ သင့်ဇာတ်ကောင်၏ ပုံရိပ်အဖြစ်သာ သတ်မှတ်သည်။ ၎င်းကို ချွတ်မရသကဲ့သို့ ဖျက်ဆီး၍လည်း မရပါ။ သင်သည် အဝတ်အစားကို ဂိမ်းထဲသို့ စတင်ဝင်ရောက်ရာ နေရာတွင်သာ ပြောင်းလဲနိုင်သည်။ အဝတ်အစားများကို လဲလှယ်ရာနေရာတွင် ဝယ်ယူရမည်။”
အသိပေးချက်တွင် “အပြန်အလှန် လဲလှယ်ရာနေရာ” အကြောင်း ဖော်ပြထားသော်လည်း လက်ရှိအချိန်တွင် ငွေအစစ်ကို ဂိမ်းတွင်းငွေကြေးအဖြစ် ပြောင်းလဲရန် နည်းလမ်း မရှိသေးပေ။ ထို့ကြောင့် လက်ရှိကစားသမား အားလုံးသည် ဂိမ်းမှပေးထားသော မူလအဝတ်အစားများကိုသာ ဝတ်ဆင်၍ ကစားနေရသည်။
ယနေ့ခေတ် ဂိမ်းကုမ္ပဏီအများစုသည် ချက်ချင်း အမြတ်ရလိုသူများ ဖြစ်ကြသည်။ သူတို့၏ ဂိမ်းများသည် ဘီတာအဆင့်တွင် ၇၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးသော်လည်း ဂိမ်းတွင်း အရောင်းဆိုင်များကိုမူ အွန်လိုင်းတွင် ဖွင့်လှစ်ထားနှင့်ကြပြီး ဖြစ်သည်။ ဂိမ်းတွင်းငွေကြေး၊ အဝတ်အစားများနှင့် တခြားအရာများကို အမြတ်ရရန် အမြန်ဆုံးရောင်းချတတ်ကြသည်။ အချို့ ကုမ္ပဏီများဆိုလျှင် ရှားပါးလက်နက်များ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များကို ပြင်ပဝဘ်ဆိုက်များတွင် တိုက်ရိုက် ရောင်းချသည်အထိ ပြုလုပ်တတ်ကြသည်။
သို့သော် အိပ်မက်ကုမ္ပဏီ၏ အယူအဆမှာမူ အခြားကုမ္ပဏီများနှင့် လုံးဝကွဲပြားပေသည်။ သူတို့၏ ဈေးကွက်ဗျူဟာသည် သူတို့၏ စက်ပစ္စည်းနှင့် ဂိမ်းအင်ဂျင်တို့အပေါ်တွင်သာ လုံးလုံးလျားလျား အခြေခံထားသည်။ ဂိမ်းသည် လက်ရှိအချိန်တွင် ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်သည်။ စတုတ္ထမျိုးဆက် ကွမ်တမ်ကွန်ပျူတာဖြင့် ဂိမ်းတွင်းချို့ယွင်းချက် (Bug) များကို ကစားသမားများ ရှာဖွေပေးရန် မလိုအပ်တော့ပေ။ ချို့ယွင်းချက်အားလုံးကို AI ကသာ တွက်ချက် စစ်ဆေးပေသည်။ ထို့ကြောင့် သူတို့သည် သည်းထိတ်ရင်ဖိုသုခဘုံအတွက် အထူးထုတ်လုပ်ထားသော NL2055 ဂိမ်းစက်များကို ရောင်းချရန်သာ အာရုံစိုက်နေကြသည်။
အိပ်မက်ကုမ္ပဏီသည် ဂိမ်းတွင်းပစ္စည်းများနှင့် ငွေကြေးများကို လက်ရှိအချိန်တွင် တင်းကျပ်စွာ တားမြစ်ထားသည်။ တရားဝင် အရောင်းဆိုင်ဝဘ်ဆိုက်ကို မဖွင့်လှစ်သည့်အပြင် ကစားသမားများကိုလည်း ဂိမ်းတွင်း “လဲလှယ်ရာနေရာ” မျက်နှာပြင်ထဲသို့ ဝင်ရောက်ခွင့် မပေးထားပေ။ ထို့အပြင် ဂိမ်းတွင်းငွေကြေး လဲလှယ်သည့်စနစ်ကိုလည်း ပိတ်ထားသဖြင့် ကစားသမား အချင်းချင်းကြားတွင် အရောင်းအဝယ် ပြုလုပ်ရန် ခက်ခဲစေခဲ့သည်။
ယင်းသည် မောက်မာမှုနှင့်နီးစပ်သော ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တစ်မျိုးပင် ဖြစ်သည်။ အိပ်မက်ကုမ္ပဏီ၏ အထက်လူကြီးများသည် သူတို့၏ ဂိမ်းကို ထုတ်လွှင့်လိုက်သည်နှင့် ငွေရှာရန်မှာ ပြဿနာမဟုတ်ဟု ဆုံးဖြတ်ထားပုံရသည်။ သူတို့သည် ကစားသမားအရေအတွက် တိုးချဲ့ရန်နှင့် သူတို့၏ ဂိမ်းကို လူသိများလာစေရန်သာ လိုအပ်သည်။
“ကျေးဇူးပြု၍ အပိုဆုလာဒ်တစ်ခုကို ရွေးချယ်ပါ”
“၁- သင့်အဆင့်နှင့် ကိုက်ညီသော လက်နက်တစ်ခုကို ကျပန်းရွေးချယ်ရန်”
“၂- ဂိမ်းတွင်းငွေကြေး ၂၀၀၀”
“၃- အတွေ့အကြုံရမှတ် ၈၀”
နောက်ထပ် မှန်တိုင်တစ်ခု အနီးရောက်သွားသောအခါ ဖုန်းပုကြွယ်ရှေ့တွင် ထိုရွေးချယ်မှုများ ပေါ်လာတော့သည်။
ဖုန်းပုကြွယ် တွေးလိုက်သည် ။
“ဒီနေ့က ပထမဆုံး စမ်းသပ်တဲ့နေ့ပဲ ၊ ဒီလောက် အချိန်တိုလေးမှာ ဂိမ်းတွင်းငွေကြေးက ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး ၊ အတွေ့အကြုံရမှတ် ကျတော့လည်း...”
သူက မီနူးကို တစ်ချက် ကြည့်လိုက်သည်။ လက်ရှိ သူသည် အဆင့် ၂ တွင် ရှိနေပြီး အတွေ့အကြုံရမှတ်မှာ ၀/၂၀၀ ဖြစ်သည်။ ထို့ကြောင့် တတိယမြောက် ဆုလာဒ်သည် သူ၏ နောက်ဆုံးအဆင့် အတွေ့အကြုံရမှတ်၏ ၄၀ ရာခိုင်နှုန်းခန့်သာ ဖြစ်ပေလိမ့်မည်။ သူ့လက်ရှိအဆင့်မှာ နိမ့်နေသေးသဖြင့် ဤဆုလာဒ်ကို ရွေးချယ်ခြင်းသည် သိပ်ပြီး အကျိုးမရှိလှပေ။ ထို့ကြောင့် သူသည် လက်နက်ကိုသာ ရွေးချယ်လိုက်သည်။
ရွေးချယ်ပြီးနောက် မှန်တိုင်အတွင်းမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို သူ သတိပြုမိလိုက်သည်။ သူ စစ်ဆေးကြည့်လိုက်သည့်အခါ သူတွေ့လိုက်ရသည်က... ကျောက်ခဲတစ်တုံးသာ။
ဖုန်းပုကြွယ်မှာ ဆွံ့အသွားသည်။ သူ့ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့်အတွေးက ယင်းသည် မှော်ကျောက်တုံး တစ်မျိုးမျိုး ဖြစ်နိုင်သည်ဟူ၏။ သို့သော် သူ ကျောက်ခဲကို ကောက်ယူ၍ အချက်အလက်များကို ကြည့်လိုက်သောအခါ...
အမည် - ကျောက်ခဲ
အမျိုးအစား - လက်နက်
အရည်အသွေး - အမှိုက်
တိုက်ခိုက်မှုစွမ်းအား - အားနည်း
ဂုဏ်သတ္တိ - မရှိ
အထူးအာနိသင် - မရှိ
မှတ်ချက် - နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ပုံသဏ္ဍာန်မမှန်တဲ့ ကျောက်ခဲတချို့ကို တစ်ခါတစ်ရံ ကောက်ယူပြီး လက်နက်အဖြစ် အသုံးပြုကြပါတယ်။ ဒါကို ဇာတ်လမ်းအပြင်ကို ယူသွားပြီး အသုံးပြုလို့ ရပေမယ့်လည်း လူတွေက အသုံးပြုပြီးတဲ့အခါ အမြဲတမ်းပစ်ချထားခဲ့ကြပါတယ်။ သူတို့ဟာ ဒါကို ဘယ်တော့မှ သိမ်းဆည်းထားတာမျိုး ဒါမှမဟုတ် ကိုင်ထားတာမျိုး မရှိကြပါဘူး။
ဖုန်းပုကြွယ်၏ အော်ဟစ်သံမှာ ဗလာဖြစ်နေသော အခန်းကြီးအတွင်း ပဲ့တင်ထပ်သွားတော့သည်။
“ဒါ လိမ်လည်မှုပဲကွ”
ဒါက…သောက်ကျိုးနဲ…ဒါက…။
အခန်း (၄) မိတ်ဆက်ခြင်း
သူ့အသိစိတ်နှင့်ဂိမ်းဆာဗာချိတ်ဆက်မှုကို ဖြတ်တောက်နေရင်း ဖုန်းပုကြွယ်သည် ဂိမ်းစက်ထဲမှ ပင့်သက်တစ်ချက်ရှိုက်၍ ငုတ်တုတ်ထထိုင်လိုက်သည်။
ယခုအချိန်သည် မွန်းတည့်နေပြီဖြစ်သည်။အပြင်ဘက်ရှိနေမင်းကြီးသည် တောက်ပစွာ ထွန်းလင်းလျက်ရှိနေသည်။
ဖုန်းပုကြွယ်သည် အငှားချထားသော တိုက်ခန်းအိမ်ရာတစ်ခု၏ ထိပ်ဆုံး ၁၃ထပ်မြောက်တွင် တစ်ကိုယ်တည်းနေထိုင်ခြင်းဖြစ်သည်။ သူ၏မိဘများသည် စာအုပ်များအတွက်သာ ရှင်သန်နေကြသူများ ဖြစ်ကြပြီး မည်သည့်အခါမှ ပေါ်လာလေ့မရှိကြပေ။ ထို့ကြောင့် ဖုန်းပုကြွယ်သည် လွန်ခဲ့သော နှစ်များစွာကတည်း လူ့အသိုင်းအဝိုင်းအပေါ် စိတ်ကုန် ဒေါသထွက်နေခဲ့သည်။ လောကကြီးတွင် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သော ဤအထီးကျန်ဇာတ်လိုက်လေးသည် သူ၏ အမည်နာမနှင့် အောင်မြင်မှုများကို ကွယ်ဝှက်ထားခဲ့သည်။ သူ ထွက်ခွာချိန်လာကတည်းက သူ့အမည်နှင့် မျိုးရိုးအမည်တို့သည်မှာ အနှောင့်အယှက်တစ်ခု ဖြစ်လာခဲ့သဖြင့် မှတ်တမ်းများထဲတွင်ပင် သေဆုံးသွားပြီဟု ပြောနိုင်လေသည်။
အချိန်ကို ကြည့်လိုက်သောအခါ ဖုန်းပုကြွယ်သည် ဂိမ်းထဲတွင် ၁၅ မိနစ်ခန့်သာ အချိန်ကုန်ဆုံးသွားခဲ့ကြောင်း တွေ့လိုက်ရသည်။ အိပ်စက်ခြင်းမရှိသည့် စနစ် (Non-Sleep Mode) အောက်တွင် သည်းထိတ်ရင်ဖိုသုခဘုံ၏ ဂိမ်းတွင်းအချိန်စီးဆင်းမှုသည် လက်တွေ့အချိန်နှင့် နှိုင်းယှဉ်ပါက ၂ ဆ ၁ ဆ ဖြစ်ပုံရသည်။ တစ်နည်းအားဖြင့် သူသည် ဂိမ်းထဲတွင် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်ဟု ခံစားခဲ့ရသော်လည်း လက်တွေ့တွင် ၁၅ မိနစ်သာ ရှိသေးသည်။ သို့သော်လည်း အိပ်စက်ခြင်းစနစ် (Sleep Mode) အောက်တွင်မူ စိတ်အာရုံချိတ်ဆက်မှု အတိမ်အနက်က ကွာခြားသွားသည်။ အချိန်သည် ၁၀ ဆ ၁ ဆ အထိ ရှိလာနိုင်သည်။ ထို့ကြောင့် “အိပ်မက်ကမ္ဘာ အချိန်” ဟု ခေါ်ဆိုနိုင်သည့်စနစ်တွင် ကစားသမားတစ်ဦးသည် ဂိမ်းထဲမှမထွက်ဘဲ အိပ်စက်နေမည်ဆိုပါက ၈ နာရီအတွင်း ဂိမ်းကစားချိန် နာရီ ၈၀ အထိ ရရှိနိုင်မည် ဖြစ်သည်။ ဟုတ်ပေသည်၊ ယင်းမှာ တစ်ညတည်းတွင် ၈ နာရီကြာ အဆက်မပြတ်အိပ်မက်မက်နေခြင်းနှင့် အတူတူပင်ဖြစ်သဖြင့် နောက်တစ်နေ့တွင် ခေါင်းကိုက်မှာ သေချာသည်။ ဂိမ်းစက်၏ လမ်းညွှန်စာအုပ်တွင် ကစားသမားများအနေဖြင့် အိပ်စက်ခြင်းစနစ်ဖြင့် တစ်ကြိမ်လျှင် ၄ နာရီထက် ပိုမကစားရန် အတိအလင်းရေးသားထားသည်။ ဖုန်းပုကြွယ်ကမူ ယင်းကို သေချာဖတ်ရှု၍ မှတ်သားထား၏။
ဖုန်းပုကြွယ် ယခုအချိန် ဂိမ်းထဲမှ ထွက်လာရခြင်းသည် အနားယူရန် လိုအပ်၍မဟုတ်ဘဲ သူ့သူငယ်ချင်းနှင့်အတူ ဂိမ်းကစားရန် သဘောတူထားသောကြောင့် ဖြစ်သည်။ ယနေ့သည် ဘီတာစမ်းသပ်ကာလ၏ ပထမဆုံးနေ့ ဖြစ်ပြီး တရားဝင် ထုတ်လွှင့်မည့်အချိန်မှာ မနက်ဖြန် မနက် ၈ နာရီဖြစ်သည်။ သို့သော် သူ့သူငယ်ချင်းသည် နေ့ခင်းဘက်တွင် အချိန်မရှိသဖြင့် ဖုန်းပုကြွယ်က သူ့ကို စောင့်နေခြင်း ဖြစ်သည်။ သူ အစောပိုင်းက ဂိမ်းထဲဝင်သွားခြင်းသည် ဂိမ်းပုံစံကို သိရှိရန်အတွက်သာဖြစ်ပြီး သူငယ်ချင်းဖြစ်သူနှင့် အဆင့်များ အလွန်အမင်းကွာခြားသွားမည်ကို မလိုလားပေ။
စကားမစပ်၊ ဒီလို လင်းထိန်နေတဲ့ နေ့ခင်းကြောင်တောင်ကြီးမှာ ဖုန်းပုကြွယ်က ဘာလုပ်စရာမှ မရှိဘူးလား။
ဟုတ်ကဲ့... ဘာမှ လုပ်စရာ မရှိပါဘူးခင်ဗျာ...။
နည်းစနစ်ကျကျ ပြောရပါက သူသည် သည်းထိတ်ရင်ဖို အွန်လိုင်းစာရေးရေးဆရာ တစ်ဦးဖြစ်သည်။ တစ်စုံတစ်ယောက်သည် ‘ဒီကောင်က ဘာမှမရေးရင်တောင် အလိုလို ငွေဝင်နေတဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်မှာပါ’ ဟု တွေးနေလောက်သည်။
တကယ်တမ်းတော့... မဟုတ်ပါဘူး...။
ဖုန်းပုကြွယ်သည် နာမည်အနည်းငယ် ရထားသော်လည်း လုံးဝနာမည်ကြီးသူ မဟုတ်ပေ။ သူ့လက်ရာများသည် မဆိုးလှဘဲ စာအုပ်တိုင်းမှာ ထုတ်ဝေနိုင်သည့် အဆင့်ရှိသဖြင့် ထုတ်ဝေသူများကလည်း သူနှင့်လက်တွဲရန် ဆန္ဒရှိကြသည်။ သူသည် ငွေအများကြီးရှာနိုင်သည့် စာရေးဆရာမျိုး မဟုတ်သော်လည်း ငတ်ပြတ်နေသည့် စာရေးဆရာမျိုးတော့ မဟုတ်ပေ။(ကိုယ်တွေလည်း အိမ်ကကျွေးထားလို့ ဟီး…)
သူသည် အပတ်စဉ်မဂ္ဂဇင်းတစ်ခုတွင် စာမျက်နှာနှစ်မျက်နှာပါသည့် ပင်တိုင်ဆောင်းပါးကဏ္ဍတစ်ခု ရရှိထားပြီး တစ်လတစ်ကြိမ် စုံထောက်ဝတ္ထုရှည် အခန်းဆက် ရေးပေးရသည်။ ယင်းအလုပ်မှ လစဉ် အခြေခံလစာ ရရှိခြင်းဖြစ်သည်။ နောက်လအတွက် အခန်းဆက်စာသားအားလုံးကို စောစောစီးစီး ပေးပို့ရပြီး အကယ်၍ အရည်အသွေးမမီပါက ပယ်ချခံရကာ လမကုန်မီ ပြန်ရေးပို့ရပေးသည်။
သို့သော် ထိုဝင်ငွေတစ်ခုတည်းဖြင့် S မြို့တော်ကဲ့သို့ နေရာမျိုးတွင် သူသည် နေ့ရက်များကို အနိုင်နိုင် ဖြတ်သန်းနေရခြင်း ဖြစ်သည်။ ထို့ကြောင့် အပိုဝင်ငွေအနေဖြင့် သူသည် စုံထောက်ဝတ္ထုစီးရီးများကိုလည်း ရေးသားသေးသည်။ ထိုဝတ္ထုတစ်ပုဒ် ရေးသားပြီးတိုင်း ဖုန်းပုကြွယ်သည် စုဆောင်းငွေ အနည်းငယ် ပိုထွက်လာလေ့ ရှိသည်။
ဒါဆို သူက ဘာလို့ နေ့ဘက်မှာ ဘာလုပ်စရာမှ မရှိတာလဲ။
ယင်းကို ဖုန်းပုကြွယ်၏ ကိုယ်ပိုင်စကားလုံးများဖြင့် သူ့ဘဝနှင့် သူ့ဘဝနေနည်းကို ရှင်းပြရရန် အလွန်လွယ်ကူပါသည်။
“စိတ်ကူးဉာဏ်တွေ ကွန့်မြူးနေရင် မင်းရဲ့ စာမူကြမ်းက အမြန်ပြီးလိမ့်မယ်၊ မင်းလည်း ကိတ်မုန့်လို အရသာရှိတာတွေကို စားနိုင်မယ်။ ဒါပေမဲ့ မင်းရဲ့ စိတ်ကူးဉာဏ်က အားနည်းနေရင်တော့ စာရေးဖို့ ခက်ခဲလိမ့်မယ်၊ အဲ့ဒီအခါ မင်းခေါက်ဆွဲပြုတ်ပဲ စားရလိမ့်မယ်”
သိသာလှသည်မှာ သူသည် မကြာသေးမီက စိတ်ကူးဉာဏ်များ ပိတ်ဆို့နေခြင်း ဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် အေးအေးဆေးဆေး လုပ်တတ်လွန်းသူ ဖြစ်သည်။ အကယ်၍ သူစာမရေးနိုင်ပါက အတင်းအကြပ် ညှစ်ထုတ်ရေးလျှင်လည်း စိတ်ဝင်စားစရာ ကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် သူ ဂိမ်းကစားနေခြင်း ဖြစ်သည်... ကစားရုံတင် မကဘဲ ၎င်းကို ‘ကုန်ကြမ်းစုဆောင်းခြင်း’ ဟုပင် ခေါ်ဆိုလိုက်သေးသည်။
ထို့ကြောင့် အခြေခံအားဖြင့် ဖုန်းပုကြွယ်၏ စာမူကို အချိန်မီအပြီးသတ်ရန် မျှော်လင့်ခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။
လစဉ် လလယ်ပိုင်းလောက်ရောက်တိုင်း မဂ္ဂဇင်းမှ အယ်ဒီတာများ ရောက်လာကြသည်မှာ ဓားကြီးများကို ကိုင်ဆောင်၍ မိုင်ထောင်ချီခရီးနှင်လာသည့် သတ်ဖြတ်ရန် အဆင့်သင့်ဖြစ်နေသော စစ်သည်တော်များနှင့် တူလှသည်။ သူ၏ အိမ်ပိုင်ရှင်အဘွားကြီးသည်လည်း တစ်ဖက်တွင် ရွှေရောင်အတောင်ပံများကို တဖျတ်ဖျတ်ဝှေ့ယမ်းလာသည့်အလား လက်ထဲတွင် အပိုသော့ကို ကိုင်ဆောင်၍ တံခါးကို ဝုန်းခနဲ ဖွင့်ဝင်လာလေ့ရှိသည်။
ထိုနေ့သို့ ရောက်တိုင်း ဖုန်းပုကြွယ်သည် ကြိုတင်ပြင်ဆင်ထားလေ့ရှိပြီး ခေါင်းအုံးဘေးတွင် လှံကို အသင့်ထားကာ (တိုက်ပွဲအတွက် အသင့်ပြင်ခြင်း)၊ သူ့စစ်သည်များကို စီတန်းထားကာ (ခြိမ်းခြောက်ရန် ပြင်ခြင်း)၊ စစ်ဗုံများကို တီးခတ်ရင်း (စစ်ကြွေးကြော်သံ) ထိုလူနှစ်ယောက်၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေလေ့ ရှိသည်။ သူတို့သည် ထိုစစ်ပွဲကြီးတွင် ကောင်းကင်နှင့်မြေကြီး အမှောင်တိ ကျသွားသည်အထိ (ကမ္ဘာမြေကို ဖျက်ဆီးခြင်း)၊ လေနှင့်တိမ်တိုက်များ မည်းမှောင်သွားသည်အထိ အချီပေါင်းသုံးရာခန့် တိုက်ခိုက်ကြပြီး နောက်ဆုံးတွင် ကောင်းကင်ယံ၌ စာလုံးကြီး ရှစ်လုံး ကျန်ရစ်ခဲ့သည် - “ပိုက်ဆံမရှိရင် တံမြက်စည်းရိုးနဲ့ အပြစ်ပေးခံရမယ်”။
ကောင်းပါပြီ... အဲ့ဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ မည်သို့ပင်ဖြစ်စေ သူကတော့ ထိုဘဝမျိုးဖြင့် တင်းတိမ်နေသူ ဖြစ်သည်။
အခု ဖုန်းပုကြွယ်ရဲ့ သူငယ်ချင်းအကြောင်းကို ပြောကြရအောင်။ ပုံမှန်အားဖြင့်တော့ ငှက်မွှေးတစ်ဆုပ်သည် ငှက်တစ်ကောင်တည်းမှ လာသကဲ့သို့ တူရာလူစုတတ်ကြစမြဲပဲ မဟုတ်လား။ ဖုန်းပုကြွယ်ရဲ့ သူငယ်ချင်းကလည်း အရပ်ရှည်ရှည်၊ ရုပ်ချောချော၊ လူချမ်းသာတစ်ယောက် မဖြစ်နိုင်ဘူးလား။
အတိအကျပါပဲ... သူက အရပ်ရှည်တယ်၊ ရုပ်ချောတယ်၊ ပြီးတော့ ချမ်းသာတယ်...။
သူ့နာမည်သည် ဝမ်တန်ကျိဖြစ်ပြီး ဖုန်းပုကြွယ်၏ ငယ်သူငယ်ချင်းအရင်းကြီး ဖြစ်သည်။ S မြို့တော်၏ လေယူလေသိမ်းအရ သူတို့အား “ဘောင်းဘီနီ ညီအစ်ကိုများ”ဟု ခေါ်ကြသည်။ သူတို့သည် မူကြိုကတည်းကစ၍ အထက်တန်း အောင်သည်အထိ အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ ဝမ်တန်ကျိ ဆေးကျောင်းတက်ရန် နီးကပ်လာချိန်တွင် ဖုန်းပုကြွယ်သည် လူ့အသိုင်းအဝိုင်းထဲမှ အလုပ်လက်မဲ့ တစ်ဦးသာ ဖြစ်လာခဲ့သည်။
……
ထိုသူငယ်ချင်းနှစ်ဦးကြားရှိ ခိုင်မာသောသံယောဇဉ်ကို အချက်အလက်များနှင့် ထင်မြင်ချက်များမှတစ်ဆင့် ရှင်းပြနိုင်သည်။ အချက်အလက်များမှ စတင်ရလျှင် - ဝမ်တန်ကျိက အဘယ်ကြောင့် ဆေးကျောင်းတက်ချင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်သည် ငယ်စဉ်ကတည်းက ရှာလော့ဟုမ်းဖြစ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဒေါက်တာဝပ်ဆင်မှာ စစ်ဘက်ဆိုင်ရာ ဆရာဝန်ဟောင်း ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သူဆေးကျောင်းသွားရသည့် အဓိက အကြောင်းရင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ဝမ်တန်ကျိသာ မိန်းကလေး ဖြစ်ခဲ့မည်ဆိုပါက ကျွန်ုပ်တို့ စာရေးဆရာ၏အပြုအမူမှာ ပြောင်းလဲသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မမလေးဝမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖုန်းပုကြွယ်အား တစ်ကိုယ်လုံးပုံအပ်ထားပြီး ဖြစ်မည် ဖြစ်သောကြောင့်တည်း။
ထိုအခြေအနေနှင့် လူတိုင်း၏ ရိုင်းစိုင်းသော စိတ်ကူးယဉ်မှုများကို ထည့်တွက်ပြီး ကျွန်ုပ် နောက်ထပ် ပြောစရာတစ်ခု ရှိပါသေးသည်။ စိတ်မပူပါနဲ့၊ ဒါက ထင်ကြေးသက်သက်ပါပဲ၊ သူတို့နှစ်ဦးလုံးက အမျိုးသားများဖြစ်ပြီး လိင်တူချစ်သူတွေ မဟုတ်ပါဘူး။
ဝမ်တန်ကျိ၏ မိသားစုသည် အလွန်ချမ်းသာပြီး သူတို့တွင် ငွေမည်မျှရှိသည်က အရေးမကြီးဘဲ သူအလုပ်မလုပ်လျှင်ပင် သက်သောင့်သက်သာ နေထိုင်သွားနိုင်သည်။ သူသည်လည်း အတော်အသင့် ချောမောကာ ဖုန်းပုကြွယ်ထက် အရပ်ပိုရှည်ပြီး ၁.၈ မီတာ ရှိသည်။သူသည် စိတ်ထားနူးညံ့၍ ရိုးသားပြီး အနည်းငယ်ကြောက်တတ်သော်လည်း ပြဿနာရှာရသည်ကို မနှစ်သက်ဘဲ အခြားသူများအပေါ် သည်းခံတတ်သူ ဖြစ်သည်။
အတိုချုပ်ပြောရလျှင် သူသည် အလွန်ပင်ချို့ယွင်းချက်နည်းသူဖြစ်ပြီး ဖုန်းပုကြွယ်၏ ထူးဆန်းမှုနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသော ကွာခြားချက်တစ်ခုကို မြင်တွေ့နိုင်သည်။ ဝမ်တန်ကျိကို မြင်သူတိုင်းက ဝမ်တန်ကျိ အကျင့်စာရိတ္တကောင်းမွန်သည့် လူငယ်တစ်ဦးအဖြစ် ချီးကျူးကြသော်လည်း ဖုန်းပုကြွယ်ကိုမူ - လေးစားမှုမရှိသူ၊ မထီမဲ့မြင်လုပ်တတ်သူ၊ စိတ်အပြောင်းအလဲ မြန်သူ၊ ယဉ်ကျေးမှုမရှိသော လူပေလူတေတစ်ဦးအဖြစ်သာ သတ်မှတ်လေ့ရှိကြသည်။
သို့သော်လည်း ကမ္ဘာကြီးသည် ယခုကဲ့သို့ ဆန်းကြယ်လှပြီး ဤနည်းဖြင့် ထိုနှစ်ဦးသည် ညီအစ်ကိုများ ဖြစ်လာခဲ့ကြလေသည်။
မွန်းလွဲပိုင်းအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဖုန်းပုကြွယ်သည် အွန်လိုင်းတွင် ကုန်ကြမ်းအချက်အလက်များကို နောက်ထပ်တစ်နာရီခန့် လေ့လာလိုက်သည်။ ဂိမ်းထဲသို့ ဝင်ရောက်ခဲ့ပြီး လူသစ်အစမ်းလေ့ကျင့်မှုကိုလည်း ပြီးဆုံးခဲ့ပြီးဖြစ်သောကြောင့် ယခုလမ်းညွှန်ချက်များကို ကြည့်ရှုသည့်အခါ အရာအားလုံး ပိုမိုရှင်းလင်းသွားခဲ့သည်။
ကျန်အချိန်များကိုမူ ခေါက်ဆွဲသာ ပြုစားလိုက်သည်။ယင်းက သူခေါက်ဆွဲပြုတ်ကို အလွန်အမင်း ကြိုက်လွန်း၍မဟုတ်ဘဲ အသင့်စားခေါက်ဆွဲများ ဝယ်ယူပြီးနောက် ကျန်ပိုက်ဆံဖြင့် ခေါက်ဆွဲမှုန့်များကိုသာ ဝယ်နိုင်တော့သောကြောင့် ဖြစ်သည်။
ဤထူးဆန်းသော လူသားသည် မမျှော်လင့်ဘဲ သူ၏စားနပ်ရိက္ခာ မည်မျှရှိသည်၊ တစ်နပ်လျှင် မည်မျှ လိုအပ်သည်နှင့် ငတ်မသေရန် အစားအစာ မည်မျှစားသောက်ရမည်ကို တွက်ချက်ခဲ့သေးသည်။ ထို့နောက် သူ၏ဘဏ်စုဆောင်းငွေ အားလုံးကို အသုံးပြု၍ (နဂိုကတည်းက အများကြီး မရှိပါ) ဂိမ်းစက်ကို ဝယ်ယူခဲ့ပြီး ကျန်ရှိသောငွေများကို ခေါက်ဆွဲဝယ်ရန် အသုံးပြုခဲ့သည်။ သူ့အသုံးစရိတ် လျှပ်စစ်ဘေလ်တွေကျတော့ကော...။
သူသည် အစီအစဉ်ဆွဲရာတွင် စေ့စပ်သေချာသည်ဟု ပြောနိုင်သော်လည်း သူ့ပိုင်ဆိုင်မှု အားလုံးနီးပါးကို အသုံးပြု၍ ဇိမ်ခံပစ္စည်း (ဂိမ်းစက်အသစ်မှာ အလွန်ဈေးကြီးသည်) ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သူသည် ဖြုန်းတီးတတ်သူဟု ပြောနိုင်သော်လည်း သူ မကိုင်တွယ်လောက်နိုင်သည့်အထိတော့ ဒေဝါလီ ခံရမည်မဟုတ်ပေ။
…………
မျက်စိတစ်မှိတ်အတွင်း ညနေစောင်းသို့ ရောက်ရှိသွားသည်။ ဖုန်းပုကြွယ်သည် ညစာအတွက် ခေါက်ဆွဲပြုတ်တစ်ပွဲကို စားသောက်ထားလိုက်သည်။
ဝမ်တန်ကျိက ဖုန်းဆက်လာပြီး ဂိမ်းဒေါင်းလုဒ် ဆွဲပြီးကြောင်း ပြောလာသည်။ သူသည် အစမ်းလေ့ကျင့်မှုကို ပြီးဆုံးခဲ့သော်လည်း သေလုမတတ် ကြောက်လန့်ခဲ့ရပြီး တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေခဲ့သည်ဟု ဆို၏။ သူသည် ဖုန်းဆက်ရန်အတွက် ဂိမ်းထဲမှ ထွက်လာခဲ့သော်လည်း ယခုမှသာ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။
ဖုန်းပုကြွယ်က တွေးလိုက်သည်။
‘ငါကတော့ မင်းကို တကယ် မနာလိုဖြစ်မိတယ်ကွာ၊ ချွေးစေးထွက်တယ်ဆိုတာကို ငါမခံစားရတာ လနဲ့ချီနေပြီဟ’။
နှစ်ဦးသား အွန်လိုင်းတက်ရန် ပြင်ဆင်ရင်း သူတို့၏ဂိမ်းအမည်များကို အပြန်အလှန် လဲလှယ်လိုက်ကြလေတော့သည်...။