← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) အဖွဲ့လိုက် လေ့ကျင့်ရေးမုဒ်(က)

ဖုန်းပုကြွယ်သည် လှဲလျောင်း၍ ဂိမ်းစက်ထဲသို့ ဝင်ရောက်လိုက်ပြီး ယခင်အတိုင်းပင် အိပ်စက်ခြင်းမရှိသည့်စနစ်ကို အသုံးပြု၍ လော့ဂ်အင်ဝင်လိုက်သည်။ အိပ်စက်ခြင်းမရှိသည့်စနစ်နှင့် အိပ်စက်ခြင်းစနစ်တို့သည် မတူညီသော ဆာဗာများသို့ ချိတ်ဆက်ထားခြင်းဖြစ်ပြီး ဆာဗာတစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်၍မရနိုင်ပေ။

လော့ဂ်အင်ဝင်ရောက်ပြီးနောက် ဂိမ်းကို ရွေးချယ်လိုက်သောအခါ ယခုတစ်ကြိမ်တွင် မည်သည့် အသိပေးချက်မှ ထပ်မံပေါ်မလာတော့ဘဲ စကားပြောခန်း၊ သူငယ်ချင်းစာရင်းနှင့် အမည်ပျက်စာရင်း ဟူသည့် ရွေးချယ်စရာမီနူးများသာ ပေါ်လာလေသည်။ ကစားသမားများအနေဖြင့် ဝဘ်ဆိုက်ပေါ်တွင် ကြိုဖတ်မထားပါကလည်း ထိုနေရာတွင် လေ့လာနိုင်သေးသည်။ ဂိမ်းတွင်း အချိန်ကွာခြားချက်ကို ထည့်တွက်မည်ဆိုပါက ဤနေရာတွင် ဖတ်ရှုခြင်းသည် အပြင်ဘက်တွင် ဖတ်ရှုခြင်းထက် အချိန်ကုန်သက်သာစေမည် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ဝမ်တန်ကျိ၏ အသုံးပြုသူအမည်ကို ရှာဖွေလိုက်ပြီး သူငယ်ချင်းအဖြစ် တောင်းဆိုကာ အဖွဲ့ထဲသို့ ဖိတ်ခေါ်လိုက်သည်။

ဝမ်တန်ကျိ အဖွဲ့ထဲသို့ ဝင်လာပြီးနောက် ဖုန်းပုကြွယ်ဘေးတွင် အဖွဲ့ဝင်စာရင်းနှင့် သူတို့၏အဆင့်များ ပေါ်လာလေသည်။

ဖုန်းပုကြွယ် - အဆင့် ၂

ဝမ်တန်ကျိ - အဆင့် ၁

ကျေးဇူးပြု၍ သင့်အဖွဲ့အတွက် ဂိမ်းမုဒ်ကို ရွေးချယ်ပါ။

စခရင်ပေါ်တွင် သူတို့ရွေးချယ်စရာ သုံးမျိုးပေါ်လာသည်။ တစ်ကိုယ်တော် လေ့ကျင့်ရေး၊ အဖွဲ့လိုက် လေ့ကျင့်ရေး နှင့် တစ်ကိုယ်တော် ရှင်သန်ရေး (ပုံမှန်) တို့ဖြစ်သည်။ သူတို့သည် နှစ်ယောက်အဖွဲ့ ဖြစ်နေသောကြောင့် တစ်ကိုယ်တော်မုဒ်များကို ရွေးချယ်မရဘဲ မီးခိုးရောင်ဖြစ်နေသည်။

“အစ်ကိုကြွယ်… ငါတို့ အဖွဲ့လိုက်လေ့ကျင့်ရေးမုဒ်ကိုပဲ ဝင်လို့ရတာပေါ့ ဟုတ်လား”

ဝမ်တန်ကျိက ပြသထားသော စခရင်မှတစ်ဆင့် စတင်စကားပြောလာသည်။ သူ၏ လော့ဂ်အင် နေရာတွင်လည်း တူညီသောအချက်အလက်များကို မြင်တွေ့နိုင်သော်လည်း အဖွဲ့ခေါင်းဆောင်သာလျှင် ထိန်းချုပ်ပိုင်ခွင့် ရှိသည်။

“အင်း... စပြီးမှပဲ ပြောကြတာပေါ့”

ဖုန်းပုကြွယ်က ပြန်ဖြေရင်း ရွေးချယ်မှုကို နှိပ်လိုက်သည်။

“သင်သည် အဖွဲ့လိုက် လေ့ကျင့်ရေးမုဒ်ကို ရွေးချယ်ခဲ့သည်။ ကျေးဇူးပြု၍ အတည်ပြုပါ”

“အတည်ပြုပြီးပါပြီ၊ စိတ်အာရုံ ချိတ်ဆက်မှုကို ချိန်ညှိနေပါသည်၊ ဇာတ်လမ်းကို ဖန်တီးနေပါသည်……”

“ဒေတာများ တင်နေပါသည်၊ ကျေးဇူးပြု၍ ခဏစောင့်ပါ”

ဖုန်းပုကြွယ်၏ ဓာတ်လှေကားသည် စတင်လှုပ်ရှားလာပြီး အောက်သို့ ဆင်းသက်နေပုံရသည်။

တစ်ချိန်တည်းမှာပင် သူ့မျက်စိရှေ့တွင် စာသားများ ပေါ်လာပြီး စနစ်၏အသိပေးသံ ထွက်ပေါ်လာ၏။

“သင်သည် အခြားကစားသမားတစ်ဦးနှင့်အတူ ဇာတ်လမ်းတစ်ခုထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ အဖွဲ့လိုက်မုဒ်သို့ မဝင်မီ အောက်ပါ အချက်အလက်များကို သေသေချာချာ လေ့လာထားပါ”

“(က) Non-PVP မုဒ်အောက်တွင် ‘အခြားကစားသမားများ’ အပေါ် မည်သည့်ရန်လိုသော အပြုအမူကိုမဆို စနစ်က တားမြစ်မည်ဖြစ်ပါသည်။ သင်၏ရည်ရွယ်ချက်သည် လက်တွေ့ ကစားသမားအပြုအမူအဖြစ်သို့ ပြောင်းလဲမည် မဟုတ်ပါ။ PvP ခွင့်ပြုထားသောမုဒ်အတွင်း သို့မဟုတ် ဇာတ်လမ်းအတွင်း ခွင့်ပြုချက်ရရှိချိန်တွင်လည်း ‘အဖွဲ့သားများ’ အပေါ် မည်သည့် ရန်လိုသော အပြုအမူကိုမဆို စနစ်က တားမြစ်မည်ဖြစ်ပါသည်။”(PVP = Player vs Player)

“(ခ) နိုင်ငံရေးဆိုင်ရာ အမည်များ၊ ဆဲဆိုရိုင်းစိုင်းခြင်းနှင့် တိရစ္ဆာန်၊ အပင်၊ ပစ္စည်းများ၏ အမည်များကို အသုံးပြု၍ဆဲဆိုခြင်း စသည့် စနစ်မှတားမြစ်ထားသော အသံထွက်များအားလုံးကို အသံတိတ်စေမည် ဖြစ်ပါသည်”

“(ဂ) ရိုင်းစိုင်းသော နှုတ်အမူအရာများ၊ လက်ဟန်ခြေဟန်များ၊ စာသားများ၊ ရုပ်ပုံများနှင့် အခြားနည်းလမ်းများဖြင့် အခြားကစားသမားများကို စော်ကားရန် တမင်ကြံစည်မှုများကို စနစ်က တားမြစ်မည် ဖြစ်ပါသည်”

“(ဃ) မည်သည့် လိင်အမျိုးအစားမဆို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုပြုလုပ်ရန် ရည်ရွယ်သည်ဟု စနစ်က ဆုံးဖြတ်ပါက (ပြုလုပ်ရန် ကြိုးပမ်းမှုများအပါအဝင်) နှင့် ပုဒ်မ (ခ)၊ (ဂ) ပါ အပြုအမူများကို လုပ်ဆောင်ရန် ကြိုးပမ်းပါက စနစ်က တားမြစ်မည်ဖြစ်ပါသည်။ ထပ်တလဲလဲ ကြိုးပမ်းနေပါက ဂိမ်းမှ အတင်းအကြပ် ထွက်ခွာစေမည် ဖြစ်သည်။ ထို့အပြင် ကစားသမား၏ နိုင်ငံသားအိုင်ဒီကို စနစ်၏ အမြဲတမ်းအမည်ပျက်စာရင်းတွင် ထည့်သွင်းမည်ဖြစ်ပြီး အထူးစောင့်ကြည့်ရမည့် ပစ်မှတ်အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်”

“(င) စနစ်မှ ခွဲခြားဆက်ဆံမှုဟု ဆုံးဖြတ်သော မည်သည့် တူညီသည့် အပြုအမူမျိုးကိုမဆို ပုဒ်မ (ဃ) ပါအတိုင်း ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ ပုဒ်မ (ဃ) နှင့် (င) ကို ထပ်ခါတလဲလဲ ချိုးဖောက်ပါက ကစားသမား၏အကောင့်ကို အပြီးတိုင် ဖျက်သိမ်းမည် ဖြစ်သည်။ ထို့အပြင် ၎င်းနိုင်ငံသားမှတ်ပုံတင်ဖြင့် ဤကုမ္ပဏီ၏ မည်သည့်ထုတ်ကုန်ကိုမဆို အသုံးပြုခွင့် ပိတ်ပင်မည် ဖြစ်သည်။ ပြင်းထန်သော အခြေအနေများတွင် ဂိမ်းတွင်းအပြုအမူများကို စနစ်က မှတ်တမ်းတင်ထားပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် ပြည်သူ့လုံခြုံရေးကွန်ယက်ဥပဒေကို ဖတ်ရှုပါ”

ဤနေရာတွင် တစ်ချက်ရှင်းလင်းလိုသည်မှာ ဖုန်းပုကြွယ် နေထိုင်သည့် ကမ္ဘာကြီးသည် ၂၀၅၅ ခုနှစ်၏ အပြိုင်စကြဝဠာတစ်ခု ဖြစ်သည်။ သူနေထိုင်သောကမ္ဘာကြီးတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် အမျိုးမျိုးသောခွဲခြားဆက်ဆံမှုများ (မသန်စွမ်းမှု၊ လူမျိုးရေး၊ မွေးရာပါရောဂါများ) အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အလွန်တင်းကျပ်စွာ ကိုင်တွယ်ပေသည်။ ခွဲခြားဆက်ဆံမှုဆိုင်ရာ ရာဇဝတ်မှုများသည် ထောင်ဒဏ်ကျခံရခြင်းမျိုး မရှိနိုင်သော်လည်း ပြင်းထန်ပါက နိုင်ငံသားမှတ်ပုံတင်အား လုပ်ငန်းများနှင့် အဖွဲ့အစည်းအားလုံး၏ အမည်ပျက်စာရင်းတွင် ထည့်သွင်းခံရမည် ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု အချို့မှာမူ ထောင်ဒဏ် ကျခံရနိုင်လေသည်။

ယခင်က ဖုန်းပုကြွယ်သည် စိတ်အာရုံချိတ်ဆက်သည့် ဂိမ်းဦးထုပ်ဆောင်းကာ ကစားရသည့် ဂိမ်းများအပါအဝင် ဂိမ်းများစွာနှင့် ထိတွေ့ခဲ့ဖူးသည်။ အခြေခံအားဖြင့် ၎င်းတို့အားလုံးတွင် အလားတူ စည်းကမ်းချက်များ ပါဝင်သည်။ ကွမ်တမ်ကွန်ပျူတာများ ခေတ်စားလာသည်နှင့်အမျှ ကစားသမားများအနေဖြင့် စည်းကမ်းကိုဖောက်ဖျက်ရန် အပေါက်ရှာရန် ခက်ခဲလာကြသည်။ ဤမလိုလားအပ်သော လုပ်ရပ်များကို အစကတည်းက အမြစ်ဖြတ်ထားသည်ဟု ဆိုနိုင်သည်။

“ဒေတာတင်ခြင်း ပြီးဆုံးပါပြီ၊ အဖွဲ့လိုက် လေ့ကျင့်ရေးမုဒ်ကို စတင်နေပါပြီ”

“ဤမုဒ်တွင် ဇာတ်လမ်းဖော်ပြချက် သို့မဟုတ် ကမ္ဘာ့မြေပုံ ပါဝင်မည် မဟုတ်ပါ”

“ဤမုဒ်ကို ပြီးဆုံးပါက အတွေ့အကြုံရမှတ်များသာ ရရှိမည်ဖြစ်ပြီး စွမ်းရည်ရမှတ်များ သို့မဟုတ် ဂိမ်းတွင်းငွေကြေး ရရှိမည် မဟုတ်ပါ”

“ဤမုဒ်သည် ဇာတ်လမ်းကို ရှင်းလင်းခြင်းအတွက် ဆုလာဒ် သို့မဟုတ် ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်အတွက် အပိုဆုများ ပေးအပ်မည် မဟုတ်ပါ”

“ဂိမ်း စတင်ပါပြီ”

အသိပေးချက်များကို နားထောင်ပြီးဆုံးသွားပြီးနောက် ဓာတ်လှေကားတံခါး ပွင့်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းပြီး ခြောက်ခြားဖွယ်ကောင်းသော အသံကြီးက သူ့နားထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ အသံသည် ကြမ်းတမ်းသောအမျိုးသားအသံ ဖြစ်သည်။

“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”

စကားဆုံးသွားသည့်အခါ ဆိုးယုတ်လှသော ရယ်မောသံကြီးတစ်ချက် ထွက်ပေါ်လာလေသည်။

ဓာတ်လှေကား အပြင်ဘက်မြင်ကွင်းသည် ကော်ရစ်ဒါတစ်ခု ဖြစ်နေပြန်သည်။ သို့သော် ယခုကော်ရစ်ဒါသည် ပိုမိုကျယ်ဝန်းပုံရသည်။ ကြမ်းပြင်တွင် ကြွေပြားများ ခင်းထားပြီး နံရံနှစ်ဖက်လုံးကို အဖြူရောင်ဆေးများ ဆေးသုတ်ထားသည်။ တစ်ဖက်တွင် တံခါးသုံးပေါက် ရှိပြီး အားလုံး ပိတ်ထား၏။ မျက်နှာကြက် မီးလုံးများသည် ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲဖြစ်ပြီး အလင်းရောင်လုံလောက်မှု ရှိသည်။ လေထဲတွင် ပိုးသတ်ဆေးနံ့များ ပြည့်နှက်နေလေသည်။ အဆောက်အအုံ၏ ပုံစံကို ကြည့်ရုံနှင့်ပင် ဆေးရုံတစ်ခုဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ဖုန်းပုကြွယ် ဓာတ်လှေကားထဲမှ အမြန်ထွက်လိုက်သည်နှင့် ဓာတ်လှေကားတံခါးက ဝုန်းခနဲ ပိတ်သွားတော့သည်။ ဓာတ်လှေကားသည် စတင်ပုံပျက်လာပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားကာ နောက်ဆုံးတွင် နံရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူအခုလေးတင် ထွက်လာခဲ့သည့် ဓာတ်လှေကားနှင့် မျက်နှာချင်းဆိုင် နံရံတွင် နောက်ထပ် ဓာတ်လှေကားတံခါးတစ်စုံကို တွေ့လိုက်ရသည်။

ဖုန်းပုကြွယ်သည် ထိုတံခါးဆီသို့ လျှောက်သွား၍ စစ်ဆေးရန် လက်လှမ်းလိုက်စဉ် အော်ဟစ်သံတစ်ခု ကြားလိုက်ရသည်။

“အားးးးးး”

ဝမ်တန်ကျိက အသက်ကို လုရှူရင်း ပြောလိုက်သည်။

“ငါ အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ မင်းခေါင်းက ရုတ်တရက် ပေါ်လာရသလားဟ ၊ လန့်သွားတာပဲ”

“မေးပါရစေဦး၊ ငါ ခုနက မင်းကို လန့်အောင်လုပ်လိုက်တော့ မင်းရဲ့ ကြောက်ရွံ့မှုတန်ဖိုးက ဘယ်လောက်အထိ တက်သွားလဲ”

ဖုန်းပုကြွယ် စပ်စုလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်တန်ကျိက သူ၏မီနူးကို ဖွင့်ကြည့်လိုက်သည်။ ဖုန်းပုကြွယ်၏ အမြင်တွင်မူ ဝမ်တန်ကျိသည် ဘယ်ကိုကြည့်နေမှန်းမသိဘဲ ဟိုဟိုဒီဒီ ကြည့်နေသလို ဖြစ်နေပြီး စက္ကန့်အနည်းငယ် ကြာမှ ပုံမှန် ပြန်ဖြစ်သွားသည်။

“ငါ စိတ်ပြန်တည်ငြိမ်သွားပြီဆိုတော့ ကြောက်ရွံ့မှုတန်ဖိုးက ၃ ရာခိုင်နှုန်း ဝန်းကျင်မှာပဲ ရှိတော့တယ်”

ဝမ်တန်ကျိက ဖြေသည်။

“ဒါပေမဲ့ အဲ့ဒီတစ်စက္ကန့်အတွင်းမှာ ဘယ်လောက်အထိ တက်သွားလဲဆိုတာတော့ ငါလည်း သေချာမသိဘူး”

“အင်း... ဒါဆိုရင် ကြောက်ရွံ့မှုအဆင့်က အဲ့ဒီအခိုက်အတန့်မှာ တက်သွားပြီးမှ ပြန်ကျသွားတာပေါ့... အဲ့သလိုလား...”

ဖုန်းပုကြွယ်က စဉ်းစားနေရင်း “ဒါနဲ့၊ စွမ်းအင်ဘားက ကြောက်ရွံ့မှုတန်ဖိုးရဲ့ အရောင်က ဘာအရောင်လဲ”

“အဲ... အနီဖျော့ဖျော့ပေါ့”

“အိုး... အဲ့လိုပေါ့”

“အစ်ကိုကြွယ်... မင်းရဲ့ ရောဂါက... မင်းရဲ့ ကြောက်ရွံ့မှုတန်ဖိုးကို အမြဲတမ်း ၀ ရာခိုင်နှုန်းမှာပဲ ထားပေးနေတာလား”

မှန်ပေသည် ဝမ်တန်ကျိသည် ဖုန်းပုကြွယ်၏ အခြေအနေကို သိထားသည်။ သို့သော်လည်း သူသည် ဆေးကျောင်းဆင်းကာစ အလုပ်သင်ဆရာဝန်လေး တစ်ယောက်သာ ဖြစ်သည်။ ထိုကဲ့သို့သော ရောဂါမျိုးသည် သဘာကျစွာဖြင့် သူလည်း ဘာမှမတတ်နိုင်ပေ။ သို့သော် သူသည် ဆေးပညာလေ့လာနေသူတစ်ဦး ဖြစ်သောကြောင့် ဖုန်းပုကြွယ်၏ရောဂါသည် ကံတရားပေါ်တွင်သာ မူတည်နေကြောင်း သူနားလည်သည်။ အကယ်၍ သူကံကောင်းပါက နှစ်ပေါင်း ၃၀ ကျော်အထိ ဘာမှ မဖြစ်ဘဲ နေနိုင်သော်လည်း ကံမကောင်းပါက သုံးမိနစ်အတွင်း သေဆုံးသွားလျှင်ပင် မထူးဆန်းလှပေ။

“ဟုတ်တယ်”

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်... ငါတော့ ဘာတွေပဲဖြစ်လာဖြစ်လာ မင်းကိုပဲ လုံးလုံးအားကိုးရတော့မှာပဲ”

ဝမ်တန်ကျိက ပြောသည်။

ဖုန်းပုကြွယ်က ပြန်မဖြေဘဲ ပြောလိုက်သည်။

“ဇာတ်လမ်း မစခင် ပြင်ဆင်ချိန်က သုံးမိနစ်ပဲ ရှိတာနော် ၊ တကယ်လို့ မင်းအပြင်ထွက်မလာရင် စနစ်က မင်းကို ဓာတ်လှေကားထဲက အတင်းတွန်းထုတ်လိမ့်မယ်ကွ”

ထိုစကားကို ကြားသောအခါ ဝမ်တန်ကျိက အပြင်သို့ ကပျာကယာ ထွက်လာလေသည်။

ဓာတ်လှေကား မပျောက်ကွယ်သွားမီမှာပင် ဖုန်းပုကြွယ်သည် သူ့အိတ်ထဲမှ ကျောက်ခဲကို ထုတ်ယူ၍ ဝမ်တန်ကျိအား ကမ်းပေးလိုက်သည်။

“ဒါကို ကိုင်ထား ၊ မင်းက ခေါင်းဆိုတော့ မင်းပဲ လမ်းပြတော့”

ဝမ်တန်ကျိက ကျောက်ခဲကို လှမ်းယူ၍ ၎င်း၏ဂုဏ်သတ္တိများကို ကြည့်လိုက်သည်။သူ့ ပါးစပ်ထောင့်က တွန့်သွားသည်။

“အစ်ကိုကြွယ်... မင်း အစမ်းလေ့ကျင့်မှုတုန်းက ဒါကို ကောက်သုံးခဲ့ရင်တောင် ဒါကိုပစ်မချခဲ့ဘဲ လော့ဂ်အင်နေရာအထိ ယူလာရလောက်အောင် အဲ့လောက်ထိ မနှမြောပါနဲ့လား...”

“မင်းက မနာလိုဖြစ်နေတာပါ”

ဖုန်းပုကြွယ်က အရှက်မရှိ ပြန်ပြောလိုက်သည်။

ဝမ်တန်ကျိက ဘာမှဆက်မပြောတော့ဘဲ ထိုကျောက်ခဲကို မသိမသာလွှတ်ပစ်လိုက်လိုက်ပြီး သူ့အိတ်ထဲမှ ငါးလက်မခန့်ရှည်သော သစ်သီးလှီးဓားလေး တစ်လက်ကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။

“ငါ့ပစ္စည်းက ဂုဏ်သတ္တိ ပိုကောင်းတယ်ကွ”

“မင်းမှာ ဘာလို့ လက်နက် ရှိနေတာလဲဟ”

ဖုန်းပုကြွယ်က အော်လိုက်သည်။ အစောပိုင်း ဖုန်းပြောခဲ့စဉ်က ဝမ်တန်ကျိသည် သူ၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ ‘ထိတ်လန့်တုန်လှုပ်သူ’ အဆင့်ဖြစ်ကြောင်း ပြောခဲ့သည်။ တရားဝင် ဝဘ်ဆိုက်၏ အဆိုအရ ဤအဆင့်သည် အပိုဆုလာဒ်ရရှိရန် မဖြစ်နိုင်ပေ။

“ငါ ဇာတ်လမ်းထဲမှာ ကောက်ရခဲ့တာလေ”

ဝမ်တန်ကျိက ပြောသည်။

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ငါ့ကို အရင် ပေးကြည့်ပါဦး”

ဝမ်တန်ကျိက ပခုံးတွန့်ကာ သစ်သီးလှီးဓားကို ပေးလိုက်သည်။

အမည် - သစ်သီးလှီးဓား

အမျိုးအစား - လက်နက်

အရည်အသွေး - ပျက်စီးနေသည်

တိုက်ခိုက်မှုစွမ်းအား - အားနည်းသည်

ဂုဏ်သတ္တိ - မရှိ

အထူးအာနိသင် - မရှိ

ဇာတ်လမ်းအပြင်သို့ ယူဆောင်သွားနိုင်ခြင်း - ရသည်

မှတ်ချက် - အနည်းဆုံးတော့ ဒါက ထက်တယ်လို့ ပြောလို့ရပါတယ်

ဖုန်းပုကြွယ်သည် ဓားကို ဝမ်တန်ကျိထံ ပြန်ပေးလိုက်ပြီး ညည်းတွားလိုက်သည်။

“ကံကောင်းလိုက်တာကွာ၊ ငါဆို ငါ့ဇာတ်လမ်းထဲမှာ ကောက်ခဲ့သမျှ ဘာတစ်ခုမှ အပြင်ကို ယူလို့မရဘူးလေ”

“ဒါဆို မင်းရဲ့ ကျောက်ခဲကကော...”

“ဒါက အဆင့်တင်ပြီးလို့ ရတဲ့ အပိုဆုလာဒ်ကနေ ရတာ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အခု ကြောက်သွားပြီလား”

“အဲ...”

“လမ်းပြပေတော့”

ဝမ်တန်ကျိသည် သက်ပြင်းပြန်ချလိုက်ပြီး ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရှေ့မှ လျှောက်သွားတော့သည်။

ဂိမ်းထဲတွင် စတင်လှုပ်ရှားလိုက်သည်နှင့် သူအနည်းငယ် ကြောက်လာလေသည်။ သူသည် “သာမန်လူ” တစ်ယောက်သာ ဖြစ်သည်။ သာမန်လူများသည် အေးချမ်းသောနေ့ရက်များတွင် သူတစ်ပါးရှေ့၌ သတ္တိရှိဟန် ပြတတ်ကြသော်လည်း ခြောက်ခြားဂိမ်းတစ်ခု ကစားသည့်အခါတွင်မူ မကြောက်သောသူ မရှိပေ။ ကြောက်ရွံ့ခြင်းသည် သဘာဝတုန့်ပြန်မှုတစ်ခုသာ ဖြစ်ပြီး သည်းထိတ်ရင်ဖို သုခဘုံသည် စိတ်အာရုံချိတ်ဆက်မှု ဂိမ်းဖြစ်သောကြောင့် ပို၍ လက်တွေ့ဆန်နေလေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ခံစားချက်သည် ပို၍ပြင်းထန်လာပြီး အစစ်အမှန်ဆန်လှသည်။

သူတို့၏ ရှေ့မီတာ ၂၀ ခန့်တွင် ထောင့်ချိုးတစ်ခု ရှိပြီး ထိုအကွာအဝေးအတွင်းရှိ သူတို့၏ညာဘက်တွင် တံခါးသုံးပေါက် ရှိနေသည်။ ဘယ်ဘက်တွင်မူ ဘာမှမရှိသော နံရံကြီးတစ်ခုသာ ရှိသည်။ ပုံမှန်အားဖြင့် ဆေးရုံများတွင် ဆေးပညာဆိုင်ရာ အသိပညာပေးပိုစတာများ၊ အဆောက်အဦးမြေပုံတစ်ခု သို့မဟုတ် ကျန်းမာရေးဆိုင်ရာ စာစောင်များ ကပ်ထားတတ်သည်။သို့သော်ငြား ဤနေရာတွင်မူ စာရွက်တစ်ရွက်မျှပင် ရှိမနေပါချေ။

နှစ်ဦးသား ၅ မီတာခန့်သာ လျှောက်ရသေးသည်၊ သူတို့ တံခါးဆီသို့ မရောက်သေးမီမှာပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းသည် မိန်းမငယ်လေးတစ်ဦး၏ ရယ်သံနှင့် တူ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့ဘယ်ဘက်ရှိ အဖြူရောင် နံရံပေါ်တွင် မရေမတွက်နိုင်သော သွေးလက်ဝါးရာများ လျှပ်တပြတ်ပေါ်လာတော့သည်။ ထိုလက်ဝါးရာများသည် နံရံတစ်ခုလုံးတွင် ပြည့်နှက်သွားပြီး ကော်ရစ်ဒါအဆုံးအထိ ပျံ့နှံ့သွားလေသည်။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးလုံးသည် အဝေးမှ အရိပ်တစ်ခုက ထိုထောင့်ချိုးတစ်ဝိုက်တွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။

မှတ်စုများ -

[၁] ဝမ်တန်ကျိ (Wang Tanzhi) - ဖုန်းပုကြွယ် နာမည်ပြောင်းလိုက်သလိုမျိုးပဲ ဝမ်တန်ကျိရဲ့ မူရင်းမျိုးရိုးနာမည် "王" (ဝမ်) က "ဘုရင်" လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ သူက အဲ့ဒီစာလုံးကို အသံထွက်တူပြီး "မှားယွင်းခြင်း" ဒါမှမဟုတ် "အလဟဿဖြစ်ခြင်း" လို့ အဓိပ္ပာယ်ရတဲ့ "枉" (ဝမ်) ဆိုတဲ့ စာလုံးကို ပြောင်းလဲအသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့နာမည်ရဲ့ အဓိပ္ပာယ်က "မင်းတို့ရှာနေတဲ့ တန်ကျိ မဟုတ်ဘူး" ဒါမှမဟုတ် "အလဟဿ သက်ပြင်းချခြင်း" ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။

[၂] ကျောက်ခဲ - တရုတ်လို ကျောက်ခဲကို "石头" (ရှီထိုး) လို့ ခေါ်ပါတယ်။ ဖုန်းပုကြွယ်က လမ်းပြခိုင်းတဲ့အခါမှာ "头前带路" (ထိုးချန်တိုင်လု) လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ ကျောက်ခဲ (ရှီထိုး) ထဲက "头" (ထိုး) စာလုံးနဲ့ လမ်းပြခေါင်းဆောင် (ထိုး) ဆိုတဲ့ စာလုံးက တူနေတာကို အသုံးချပြီး "မင်းက ခေါင်း (ကျောက်ခဲ) ကို ကိုင်ထားတာဆိုတော့ မင်းပဲ ခေါင်းဆောင်ပြီး လမ်းပြတော့" ဆိုတဲ့ သဘောမျိုးနဲ့ နောက်ပြောင်ကျီစယ်ထားတာ ဖြစ်ပါတယ်။

အခန်း (၆) အဖွဲ့လိုက်လေ့ကျင့်ရေးမုဒ် (ခ)

“ကြ... ကြ... ကြွယ် အစ်ကိုကြွယ်... ခု... ခုနက...”

ဝမ်တန်ကျိသည် ကြောက်ရွံ့မှုကြောင့် တစ်ချက် ထခုန်လိုက်ပြီး စကားများ ထစ်နေတော့သည်။ ကြောက်ရွံ့မှု ခံစားချက်သည် စုပုံလာတတ်သည့် သဘာဝရှိရာ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ စိတ်ပြန်တည်ငြိမ်သွားသည့်တိုင်အောင် သူ၏ကြောက်ရွံ့မှုတန်ဖိုးက အနိမ့်ဆုံးအဆင့်သို့ ပြန်မကျသွားဘဲ ၁၅ ရာခိုင်နှုန်း ဝန်းကျင်မှာသာ ဆက်ရှိနေလေသည်။

ဖုန်းပုကြွယ်မှာမူ မည်သည့်ခံစားချက်မှမရှိသော မျက်နှာပေးဖြင့် လေသံအေးအေးဖြင့် ကြားဖြတ်ပြောလိုက်သည်။

“ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် အခု ငါတို့မှာ လုပ်ရမယ့် ရွေးချယ်မှုနှစ်ခု ရှိတယ်”

“ဘာ... ဘာ... ဘာတွေလဲ”

ဝမ်တန်ကျိသည် စကားနှစ်လုံးပြောရန် လေးလုံးခန့်အထိ ထစ်ငေါ့နေရှာသည်။

“ပထမ ရွေးချယ်မှုကတော့... မင်းဓားကို ကိုင်၊ ဟိုဘက်ကို ပြေးသွား၊ အဲ့ဒီကွေ့ကို ရောက်တာနဲ့ ဝုန်းခနဲ ဝင်ပြီး တွေ့သမျှအားလုံးကို ရမ်းထိုးလိုက်ဖို့ပဲ”

ဖုန်းပုကြွယ်က ဖြေသည်။

“ငါကတော့ မင်းနောက်ကနေ ကာကွယ်ပေးထားမယ်”

“ငါ ဒုတိယရွေးချယ်မှုကို ရွေးမယ်”

ဝမ်တန်ကျိ၏ တုန့်ပြန်မှုသည် ရုတ်တရက် ချောမွေ့သွားပြီး ဒုတိယ ရွေးချယ်မှုက ဘာလဲဆိုသည်ကိုပင် နားမထောင်တော့ပေ။

“တကယ်တော့ ငါလည်း ဒုတိယရွေးချယ်မှုကို ပိုသဘောကျပါတယ်”

ဖုန်းပုကြွယ်က ပြောရင်း ဝမ်တန်ကျိ၏ရှေ့မှ လျှောက်သွားလိုက်သည်။ သူသည် နည်းနည်းလေးမှပင် စိုးရိမ်တုန်လှုပ်ခြင်းမရှိဘဲ ညာဘက်ရှိ ပထမဆုံးတံခါးရှေ့တွင် ရပ်ကာ တံခါးလက်ကိုင်ကို လှည့်လိုက်သည်။

ခြောက်ခြားဂိမ်းတစ်ခုတွင် တံခါးများသည် အမြဲတမ်းလိုလို ကြောက်စရာအကောင်းဆုံး အခိုက်အတန့်များဖြစ်ကြောင်း လူတိုင်း သိကြသည်။ တံခါးကို ဖွင့်လိုက်ပြီးနောက် သူတို့ဘာတွေ့ရမည်ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ ထို့အပြင် ၎င်းသည် ဂန္ထဝင်ဆန်သော “ဖွင့်လိုက်သည်နှင့် ချက်ချင်းသေဆုံးနိုင်သည့်” ထောင်ချောက်မျိုးလည်း ဖြစ်နေနိုင်သည်။ တံခါးဖွင့်ရသည့် အန္တရာယ်နှင့် ထိုထောင့်ချိုးနောက်မှ အရာကြီးနောက်သို့ လိုက်ရသည့် အန္တရာယ်မှာ အတူတူပင်ဟု ပြောနိုင်သည်။

သာမန်လူတစ်ယောက်ဆိုပါက ယခုကဲ့သို့ အခြေအနေမျိုးတွင် ၈၀ ရာခိုင်နှုန်းခန့်မှာ အလွန်တရာ သတိထားကာ လက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်၍ တံခါးဖွင့်မည်ဖြစ်ပြီး ခန္ဓာကိုယ်အား တံခါးနှင့် ဝေးရာသို့ အနည်းငယ်စောင်းထားကာ အချိန်မရွေးထွက်ပြေးရန် အသင့်ပြင်ထားကြပေလိမ့်မည်။

သို့သော် ဖုန်းပုကြွယ်၏ လှုပ်ရှားမှုသည်ကား ကိစ္စရှင်းရမည့် အရေးတကြီးအခြေအနေဖြစ်နေ၍ အိမ်သာထဲသို့ သူ့ကိုယ်သူပစ်သွင်းလိုက်သည့်အလားအလားပင်။ သူသည် ရှေ့သို့ ပြေးသွားလိုက်ပြီး တစ်ကိုယ်လုံးဖြင့်အရှိန်ယူ၍ တံခါးကို ဝုန်းခနဲ တိုက်ချလိုက်တော့သည်။

အခန်းထဲတွင် မီးအလင်းရောင်မရှိသော်လည်း ကော်ရစ်ဒါမှ အလင်းရောင်များ စိမ့်ဝင်လာသဖြင့် အစစ်အမှန် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို ထင်ရှားနေစေသည်။

အခန်းသည် ၁၀ စတုရန်းမီတာခန့် ကျယ်ဝန်းသော လူနာခန်းတစ်ခု ဖြစ်သည်။ ဗီရိုသည် မှောက်လျက်သား ဖြစ်နေပြီး အခန်းထောင့်ရှိ အမှိုက်ပုံးမှာလည်း လန်ကျနေသည်။ ကြမ်းပြင်ပေါ်တွင် အဝတ်စုတ်များ၊ လိပ်ထားသော စွန့်ပစ်စက္ကူစုတ်များ၊ ကွဲအက်နေသော ပန်းအိုးတစ်လုံး၊ ညစ်ပတ်နေသော ဂွမ်းလုံးများ၊ ကွဲနေသောဆေးပုလင်းမှ ဖန်ကွဲစများ စသည့် အသုံးမဝင်သော အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေလေသည်။ လူနာတင်ကုတင်ပေါ်ရှိ အိပ်ရာခင်းများသည်လည်း အပိုင်းပိုင်း စုတ်ပြဲနေပြီး လေထဲတွင် သွေးနံ့များ ပြည့်နှက်နေသည်။ အလင်းရောင် စိမ့်ဝင်ရောက်ရှိနေသော နေရာတိုင်းတွင် သွေးစွန်းကွက်မရှိသည့် နေရာဟူ၍ မရှိသလောက်ပင်။

“ကစားသမားတစ်ယောက်က အဆင့် ၅ ကို ရောက်သွားပြီဆိုရင် လေ့ကျင့်ရေးမုဒ်က ပျောက်သွားပြီး ရွေးချယ်စရာ မရှိတော့ဘူး ၊ သိသာတာကတော့ ဒီမုဒ်ဟာ လူသစ်တွေ အဆင့် ၅ အထိ တက်လှမ်းနိုင်ဖို့အတွက် အတော်လေးတည်ငြိမ်တဲ့ နည်းလမ်းတစ်ခုအဖြစ် ဖန်တီးထားတာပဲ”

ဖုန်းပုကြွယ်က ပြောရင်း ဗီရိုအနီးသို့ လျှောက်သွားကာ အထဲတွင် ကျန်ရှိနေသောအရာများကို ရှာဖွေရန် ဗီရိုကို အခြားတစ်ဖက်သို့ လှန်လိုက်သည်။

“တကယ့်ဂိမ်းကျွမ်းကျင်သူတွေ (Pro-gamers) ဆိုရင် အစမ်းလေ့ကျင့်မှုပြီးတာနဲ့ လေ့ကျင့်ရေးမုဒ်ကို အများဆုံး တစ်ခါပဲ ကစားလိမ့်မယ် ၊ ဒါမှမဟုတ် ဒီမုဒ်ကို မကစားဘဲ ရှင်သန်ရေးမုဒ် (Survival Mode) ထဲကိုပဲ တိုက်ရိုက်ဝင်သွားကြလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကစားသမားမျိုးတွေက ဂိမ်းဖော်ပြချက်တွေကို ဖတ်ပြီးသား ဖြစ်နေလို့ပဲ၊ အတွေ့အကြုံရမှတ် (EXP) တစ်ခုတည်း ပေးတဲ့ ဒီလိုမုဒ်မျိုးက ရရှိမယ့်အကျိုးအမြတ်ဟာ တရားဝင်ရှင်သန်ရေးမုဒ်ထက် အများကြီးနည်းမယ်ဆိုတာ သူတို့ သိကြတယ်”

ဖုန်းပုကြွယ်သည် ဗီရိုထဲမှ ဆေးထိုးအပ်တစ်ချောင်း ပါဝင်သည့် မဖွင့်ရသေးသောအထုတ်တစ်ခုကို တွေ့လိုက်ရသည်။ သူသည် ၎င်း၏ဖော်ပြချက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လွယ်အိတ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

“ဆုလာဒ်တွေရမယ့်အမြင်ကနေ ယှဉ်ကြည့်မယ်ဆိုရင် လေ့ကျင့်ရေးမုဒ်က လူသစ်အစမ်းလေ့ကျင့်မှုထက်တောင် အဆင့်နိမ့်နေသေးတယ် ၊ ဒါကြောင့် ဇာတ်လမ်းကိုရှင်းလင်းဖို့ ခက်ခဲမှုအဆင့်ကလည်း အတူတူပဲ အဆင့်နိမ့်မယ်လို့ ငါထင်တယ် ၊ ကစားသမားက အရမ်းကြောက်လန့်ပြီး ဂိမ်းထဲက ထွက်မသွားသရွေ့တော့ ဒီပဟေဠိကို မဖြေရှင်းနိုင်ရင်တောင် ဇာတ်လမ်းကို ပြီးအောင်ကစားနိုင်မှာပဲ”

ထိုအချိန်တွင် သူက ခေါင်းငုံ့လိုက်ပြီး ကွဲနေသောဆေးပုလင်းထဲမှ ထွက်နေသည့် အနံ့ကို့ တရှုံ့ရှုံ့ အနံ့ခံကြည့်လိုက်သည်။

“တကယ်တော့ အခု ငါတို့ ဒီအခန်းသုံးခန်းကို စစ်ဆေးနေစရာတော့ မလိုပါဘူး၊ ခုနက မြင်လိုက်ရတဲ့ အရိပ်နောက်ကိုလိုက်ပြီး ဂိမ်းကို ဆက်ကစားသွားလို့ ရတယ် ၊ အဲ့သလိုဆိုရင် အများဆုံး မိနစ်နှစ်ဆယ်လောက်ပဲ အချိန်ကုန်ပြီး တိုက်ပွဲတွေ ကြုံရနိုင်တာကြောင့် သွေး(HP)နည်းနည်းလောက် လျော့သွားနိုင်ပေမဲ့ ဇာတ်လမ်းကိုတော့ ဒီအတိုင်းအေးအေးဆေးဆေး ပြီးသွားနိုင်တယ်”

“ဒါဆို မင်းက ဘာလို့ ဝင်လာတာလဲ”

ဝမ်တန်ကျိက မေးလိုက်သည်။

“ငါ ပြောသားပဲ၊ ရွေးချယ်စရာ နှစ်ခု ရှိပါတယ်လို့ ၊ မင်းက ဒုတိယရွေးချယ်မှုကို အဆုံးအထိ နားမထောင်ဘဲ ရွေးလိုက်တာလေ”

ဖုန်းပုကြွယ်သည် ကြမ်းပြင်ပေါ်ရှိ လိပ်နေသောစက္ကူများကို တစ်ရွက်ချင်း ဖြန့်၍ အလင်းရောင်ရှိရာသို့ ယူသွားပြီး စစ်ဆေးလိုက်သည်။

“ဒုတိယ ရွေးချယ်မှုကတော့ ဒီပဟေဠိကို အဖြေရှာဖို့ပဲ”

“ဟေး... မင်း ခုနကပဲ ပြောတယ်လေ...”

“ငါပြောတာက ဒီပဟေဠိကို မဖြေရှင်းဘဲနဲ့လည်း ဇာတ်လမ်းကို ပြီးအောင်ကစားလို့ ရတယ်လို့ ပြောတာလေ ၊ ဒီပဟေဠိက အဖြေရှာလို့ မရဘူးလို့ ငါမပြောခဲ့ပါဘူး”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်ရင်း “ဒါပေမဲ့ ဒီပဟေဠိကို ငါတို့အဖြေရှာနိုင်ရင်တောင် စွမ်းရည်ရမှတ်တွေတော့ ရမှာမဟုတ်ဘူး”

သူသည် ထိုစက္ကူလိပ်များကို မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက် စစ်ဆေးလိုက်သည်။

“ဒါပေမဲ့ ပဟေဠိကို ဖြေရှင်းတာက အနည်းဆုံးတော့ အကျိုးကျေးဇူးတစ်ခု ရှိတယ် ၊ အဲ့ဒါက ဇာတ်လမ်းရဲ့ခက်ခဲမှုကို လျှော့ချပေးနိုင်တာပဲ ၊ ရိုးရိုးရှင်းရှင်း ပြောရရင်... ခန္ဓာကိုယ် ခွန်အားသုံးပြီး လုပ်ရမယ့် အလုပ်တစ်ခုကို ဉာဏ်ပညာသုံးပြီးတော့ အပိုင်းခွဲလိုက်တဲ့ သဘောပေါ့”

သူ စကားပြောနေရင်း စက္ကူတစ်ရွက်ကို ကောက်ယူကာ ဝမ်တန်ကျိအား ပေးလိုက်ပြီး ပြောလိုက်သည်။

“ဒီအခြေအနေကို တစ်ချက်ကြည့်ကြည့်ဦး”

“ဒါက...”

ဝမ်တန်ကျိသည် ထိုစာရွက်ကို ယူ၍ စက္ကန့်အနည်းငယ်မျှ ကြည့်ပြီးနောက် မေးလာသည်။

“ဒါက ဆေးမှတ်တမ်း မဟုတ်လား”

အမည် - အမည်မသိလူနာ၏ ဆေးမှတ်တမ်း

အမျိုးအစား - ဇာတ်လမ်းနှင့် သက်ဆိုင်သော ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းအပြင်သို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - ဤစာရွက်ပါ အချက်အလက်အများစုမှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်

“ဒါက မင်းကျွမ်းကျင်တဲ့ နယ်ပယ်ပဲ”

ဖုန်းပုကြွယ်သည် သူ့လက်ထဲမှ ခေါက်ထားသော စက္ကူအထပ်လိုက်ကြီးကို ဝှေ့ယမ်းပြသည်။

“ငါကတော့ ဒီအထပ်ကြီးကို ဖတ်လိုက်မယ်”

ဝမ်တန်ကျိသည် မျက်စိတစ်ဖက် ဖွင့်၍ ချောင်းကြည့်လိုက်ရုံနှင့်ပင် ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဖုန်းပုကြွယ်လက်ထဲမှ စက္ကူထပ်ကြီး၏ အပေါ်ဆုံးစာရွက်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခုကို ရေးဆွဲထားလေသည်။

သူတို့နှစ်ဦးသည် အလင်းရောင် ပိုကောင်းသော ကော်ရစ်ဒါဆီသို့ လျှောက်သွားကာ သုံးမိနစ်၊ လေးမိနစ်ခန့် စစ်ဆေးလိုက်ကြသည်။ ဝမ်တန်ကျိက အလွန်ဂရုတစိုက်ဖြင့် ဖတ်နေသော်လည်း ဆေးမှတ်တမ်း၏ အစိတ်အပိုင်း အများစုသည် သွေးများဖုံးလွှမ်းနေသဖြင့် တချို့နေရာများကို မှန်းဆဖတ်နေရသည်။ ဖုန်းပုကြွယ်မှာမူ စာမျက်နှာတိုင်းကို တစ်ချက်ချင်း အမြန်ကြည့်သွားသည်။ သူသည် ဝါသနာအရ အရာအားလုံးကို အလွန်လျင်မြန်စွာ ဖတ်ရှုနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် သူ၏ မှတ်ဉာဏ်၊ နားလည်နိုင်စွမ်းနှင့် ဆင်ခြင်တုံတရားတို့မှာလည်း အလွန်ထက်မြက်ပေသည်။ ထို့ထက်ပိုသည်မှာ ဤစာရွက်များထဲမှ အကြောင်းအရာများသည် သူ့ကို မခြောက်လှန့်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့မျက်စိထဲတွင် ဤစာရွက်များကို ကြည့်ရသည်မှာ သာမန်မဂ္ဂဇင်းတစ်ခုထဲမှ ဓာတ်ပုံများကို ကြည့်နေရသည်နှင့် မခြားလှပေ။

“မင်း ဖတ်လို့ ပြီးပြီလား”

ဖုန်းပုကြွယ်က အရင်မေးလာသည်။

ဝမ်တန်ကျိ၏ အကြည့်များက ဆေးမှတ်တမ်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး စဉ်းစားကာ ဖြေလိုက်သည်။

“ဒီလူနာက ယောက်ျားလေး၊ အသက်က ၁၂ နှစ်တဲ့... ကလေးပဲ ရှိသေးတာပဲ”

ဖုန်းပုကြွယ်က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

“အိုး... ရှေ့ဆောင်လူငယ်လေးပေါ့ ၊ သူ့အတွေးအခေါ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူးလေ...”

“အင်း... သွေးကင်ဆာပဲ၊ ဆေးရုံတက်တဲ့ အချိန်ကလည်း ကိုက်ညီတယ် ၊ ဒါပေမဲ့...”

ဝမ်တန်ကျိက ဆေးမှတ်တမ်းကို ပြန်ချလိုက်သည်။

“ဒါပေမဲ့ ဆေးမှတ်တမ်းအရဆိုရင် သူ့မှာ နေဖို့ ရက်တွေအများကြီး မကျန်တော့ဘူး...”

သူ ခေါင်းမော့လိုက်ပြီး သူ့အကြည့်များက ကော်ရစ်ဒါလမ်းအဆုံးဆီသို့ ထပ်မံ ရောက်ရှိသွားသည်။

“အခုတော့ သူသရဲ ဖြစ်သွားပြီပေါ့...”

ဖုန်းပုကြွယ်က ပြောသည်။

“အတိအကျကြီးတော့ မဟုတ်လောက်သေးပါဘူး ၊ ဒီနေရာမှာ တံခါးသုံးပေါက် ရှိတယ် ၊ ပထမ လူနာခန်းက ဆေးမှတ်တမ်းထဲက ကောင်လေးရဲ့အခန်း ဖြစ်နိုင်ပေမဲ့ ခုနက ငါတို့ မြင်လိုက်ရတဲ့ အရိပ်က သူပဲဆိုတာ မသေချာဘူး”

သူက လက်ထဲမှ ခေါက်ထားသောစက္ကူများကို ဝမ်တန်ကျိထံ ပေးလိုက်သည်။

“မင်း ဒါကို အသေးစိတ် ဖတ်နေစရာ မလိုဘူး၊ သူ့ရဲ့ဂုဏ်သတ္တိတွေကိုပဲ ကြည့်လိုက်”

သူက ခဏနားပြီး ဆက်ပြောသည်။

“ဒီစာရွက်ခြောက်ရွက်ပေါ်မှာ မတူညီတဲ့ မျက်နှာပုံစံခြောက်ခုကို ဆွဲထားတယ် ၊ တစ်ပုံချင်းစီရဲ့ ထောင့်မှာ မတူညီတဲ့နံပါတ်တွေ ပါတယ်”

အမည် - လူမျက်နှာပုံကြမ်း× ၆

အမျိုးအစား - ဇာတ်လမ်းနှင့် သက်ဆိုင်သော ပစ္စည်း

အရည်အသွေး - သာမန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းအပြင်သို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - ဤပုံများကို လူတစ်ဦးတည်းက ရေးဆွဲထားခြင်း ဖြစ်ကြောင်းထင်ရှားသည်။ ပစ္စည်းများကို ခွဲခြားထားနိုင်သလို စုစည်းထားနိုင်သည်၊ စုစည်းထားပါက ပစ္စည်း ၁ ခုအဖြစ် သတ်မှတ်မည်။

“ငါတော့ ပိုစိတ်ရှုပ်လာပြီကွာ...”

ဝမ်တန်ကျိက ပြောလိုက်သည်။

ဖုန်းပုကြွယ်က ခေါင်းညိတ်သည်။

“ဒါက ပုံမှန်ပါပဲ၊ ဒီပဟေဠိကိုဖြေရှင်းဖို့ သဲလွန်စတွေ မလုံလောက်သေးဘူး”

ထိုသို့ ပြောပြီးနောက် ဒုတိယမြောက် အခန်းဆီသို့ သူလျှောက်သွားလိုက်သည်။

“ဒါပေမဲ့ ငါ့မှာ ခုနေတုန်းပဲ ၊ အဲ့ဒါကတော့ ငါတို့ ဒီပဟေဠိကို ဖြေရှင်းပြီးရင် ငါသိချင်နေတာတစ်ခုကို အတည်ပြုနိုင်လိမ့်မယ် ဆိုတာပဲ”

သူသည် ဒုတိယ တံခါးကို တွန်းဖွင့်ရင်း တစ်ချိန်တည်းပြောလိုက်သည်။

“ဒီအခန်း သုံးခန်းထဲမှာ အနည်းဆုံး လက်နက် ဒါမှမဟုတ် ကိရိယာတစ်ခုခုတော့ ရှာတွေ့နိုင်မယ်လို့ ငါယုံတယ်”

All Chapters