အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) အဖွဲ့လိုက်လေ့ကျင့်ရေးမုဒ်(ဂ)
ဒုတိယအခန်း၏ မြင်ကွင်းသည် ပထမအခန်းထက်ပင် ပိုကြက်သီးထဖွယ်ကောင်းနေ၏။ နံရံလေးဘက်၊ ကြမ်းပြင်နှင့် မျက်နှာကြက်တို့တွင် လူမျက်နှာပုံစံများ ရေးဆွဲထားလေသည်။အခန်းသည် လုံးဝဗလာကျင်းနေသော်လည်း နံရံပေါ်ရှိ လူမျက်နှာပုံများကိုမူ ခပ်စိပ်စိပ်ရေးဆွဲထားခြင်း ဖြစ်သည်။ သို့ပေငြား ထိုအခန်းလွတ်ကြီး၏ အလယ်တွင်တော့ မီးခံသေတ္တာတစ်လုံး ရှိနေလေသည်။
“ဒီပဟေဠိရဲ့ ရည်ရွယ်ချက်က ရှင်းနေတာပဲ”
ဖုန်းပုကြွယ်သည် မီးခံသေတ္တာဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ စစ်ဆေးလိုက်သည်။
“ဟင်… ဒါက လေ့ကျင့်ရေးမုဒ်ဆိုတော့ အရမ်းကြောက်လန့်ပြီး ကိစ္စတွေကို တည်တည်ငြိမ်ငြိမ်မတွေးနိုင်တော့မှာကို ထည့်စဉ်းစားထားပုံရတယ်”
သူ့စကားလုံးများက ခက်ခဲမှုအဆင့် အလွန်နိမ့်နေသည်ကို သဘောမကျသလိုပင်။
ဝမ်တန်ကျိက သူ့နောက်မှ လိုက်ဝင်လာ၏။ထိုအချိန်တွင် သူသည် နံရံပေါ်ရှိ လူ့မျက်နှာပုံတစ်ခုချင်းစီသည် အစစ်အမှန်ဆန်လွန်းသောကြောင့် တစ်ခုနှင့်တစ်ခုကြား ကွာခြားချက်ကို သူမရှာနိုင်လောက်ဟု တွေးမိလိုက်သည်။ဤအခန်းထဲရှိ ရာနဲ့ချီသော မျက်လုံးများက သူ့ကိုစိုက်ကြည့်နေကြသည့်အလား အမှန်တကယ်ခံစားနေရသည်။ယင်းခံစားချက်သည် ခြောက်ခြားဖွယ်ကောင်းလှပေသည်။
“အစ်ကိုကြွယ် ငါတို့ ဒါကို အပြင်သယ်သွားပြီးမှ စစ်ဆေးကြရင်ရော…”
ဝမ်တန်ကျိက ပြောလိုက်သည်။
“ငါ အများဆုံး သုံးမိနစ်အတွင်းပြီးမယ်ကွာ”
ဖုန်းပုကြွယ်က အလျင်အမြန် ပြန်ထရပ်၍ မျက်နှာပုံကြမ်းခြောက်ရွက်ကို ထုတ်ယူလိုက်ပြီး ၎င်းတို့အား နီးနီးကပ်ကပ်မြောက်ကာ နံရံပေါ်ရှိ လူသားမျက်နှာများနှင့် ယှဉ်ကြည့်လိုက်သည်။
“မီးခံသေတ္တာနားကပ်သွားတာနဲ့ စနစ်က အဲ့ဒါကို ဖွင့်ဖို့ ငါ့ကို ဂဏန်း၆လုံးပါတဲ့ စကားဝှက်တစ်ခုရိုက်ထည့်ဖို့ ပြောလာလိမ့်မယ်”
သူ့အကြည့်က တစ်နေရာရာသို့ လျင်မြန်စွာ ကျရောက်သွား၏။
“အင်…ဒီမှာပဲ”
သူသည် နံရံများထဲမှ တစ်ခုဆီသို့ လျှောက်သွားကာ သူ့ခေါင်းကို ဘယ်ဘက်စောင်းလိုက်သည်။
“ဒီအခန်းထဲမှာ ဆွဲထားတဲ့ မျက်နှာအမြောက်အမြားက ကစားသမားရဲ့ အမြင်အာရုံကို လမ်းလွဲအောင် လုပ်ဖို့သက်သက်ပဲ”
သူက နံရံကို လက်ညိုးထိုးပြလိုက်သည်။
“ကြည့်လိုက်၊ ဒီအခန်းထဲက မျက်နှာခြောက်ခုက ခပ်စောင်းစောင်းလေး တန်းစီနေတယ် ၊ ပြီးတော့ အဲ့ဒီမျက်နှာတွေက ငါ့လက်ထဲက စက္ကူရွက်ခြောက်ရွက်ပေါ်က မျက်နှာပုံစံတွေနဲ့ တစ်ထပ်တည်းပဲ”
သူက ထိုကြောက်မက်ဖွယ်ကောင်းသော မျက်နှာပုံများကို တစ်ခုပြီးတစ်ခု နှိုင်းယှဉ်ကြည့်လိုက်သည်။ ဘယ်မှ ညာ၊ အပေါ်မှ အောက် အစီအစဉ်အတိုင်း မျက်နှာတစ်ခုချင်းပေါ်လာသည်နှင့် ပုံကြမ်းများပေါ်မှ စာရွက်နံပါတ်များကို တိုက်ကြည့်လိုက်သည်။ထို့နောက် တိတ်တဆိတ် အသံထွက်ဖတ်ရှုလိုက်သည်။
“၄ ၁ ၆ ၄ ၅ ၂”
ဖုန်းပုကြွယ်သည် မီးခံသေတ္တာဆီသို့ ပြန်လှည့်လာပြီး စကားဝှက်ကို စတင်ရိုက်ထည့်လိုက်သည်။
“တကယ်လို့ ငါတို့ဟာ ပထမအခန်းကို အကြမ်းဖျင်းလောက်ပဲ စစ်ဆေးခဲ့ပြီး သေသေချာချာမရှာခဲ့ဘူးဆိုရင် ပုံကြမ်းသဲလွန်စတွေကို ရှာတွေ့မှာမဟုတ်ဘူး ၊ ဒါဆိုရင် ဒီဒုတိယအခန်းကို ငါတို့ဝင်လာတဲ့အခါ မီးခံသေတ္တာရဲ့ စကားဝှက်ကို ရမှာမဟုတ်ဘူး”
သူက နံရံပေါ်ရှိ မျက်နှာများကို ထပ်မံကြည့်ရှုလိုက်သည်။
“တကယ်တော့ ဒီအဖြေက အတံခါးဖွင့်လိုက်တာနဲ့ နံရံပေါ်ကို အလင်းရောင် အကောင်းဆုံး ကျတဲ့နေရာမှာ အသင့်ရှိနေတာပဲ ၊ ဒါပေမဲ့ ရှေ့အခန်းက ပုံကြမ်းတွေသာမရှိရင် အစီအစဉ်ကို သိရင်တောင် လျှို့ဝှက်နံပါတ်ကို မင်းသိမှာမဟုတ်ဘူး”
ထိုအခိုက်အတန့်တွင် မီးသေတ္တာက တကယ်ကြီးပွင့်လာ၏။အတွင်းတွင် ပစ္စည်းနှစ်ခုရှိနေသည်။
‘သော့တစ်ချောင်းနှင့်ကတ်တစ်ကတ်။’
“ငါ တွက်ချက်တာ မှားသွားတယ်”
ဖုန်းပုကြွယ်သည် အိုင်တမ်နှစ်ခု၏ ဂုဏ်သတ္တိများကို ချက်ချင်းစစ်ဆေးပြီးနောက် ပြောလာသည်။
“ဘာမှားတာလဲ”
ဝမ်တန်ကျိသည် ဖုန်းပုကြွယ်၏ မတုန်မလှုပ်ဖြစ်နေမှုကြောင့် အတော်လေးသက်ရောက်ခံရဟန် ရှိသည်။လက်ရှိတွင် သူသည် အရင်ကထက် များစွာတည်ငြိမ်နေခဲ့ပြီဖြစ်သည်။ကြောက်ရွံ့မှုတန်ဖိုးက ၃ % သို့ ပြန်ရောက်သွား၏။
“သော့ကတော့ မကြာခင် သုံးရလိမ့်မယ် ၊ ဒါကတော့…”
ဖုန်းပုကြွယ်က ကတ်ကို ဝမ်တန်ကျိထံ ကမ်းပေးလိုက်သည်။
အမည် - ပေါက်ကွဲလက်သီး
ကျွမ်းကျင်မှုကတ် ဂုဏ်သတ္တိ - စွမ်းရည်ကို အသက်သွင်းရန်၊ နှစ်ကြိမ် အသုံးပြုပြီးပါက ပျောက်ကွယ်သွားမည်
ကျွမ်းကျင်မှုအမျိုးအစား - တိုက်ခိုက်ရေး
အကျိုးအာနိသင် - ပစ်မှတ်ကို ထိမှန်ပြီးနောက် ပေါက်ကွဲမှုဖြစ်စေသည်၊ မီးဓာတ်ဆိုင်ရာ ထိခိုက်မှု ဖြစ်စေသည်
အသုံးပြုမှု - သက်လုံတန်ဖိုး ၅၀
သင်ယူရန် လိုအပ်ချက် - တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့် F
မှတ်ချက် - ဘုန်းးးး!
“ငါကတော့ ဆုလာဒ်က လက်နက်တစ်ခုခု ဖြစ်မယ်လို့ ထင်ထားတာ၊ နောက်ဆုံးတော့ ကျွမ်းကျင်မှုတစ်ခု ဖြစ်နေတယ်”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“အမ်…. လက်နက်တွေ ကျွမ်းကျင်မှုတွေကို အရင်ထားလိုက်ပါဦး ၊ ဒါက ဆုလာဒ်တစ်ခုဖြစ်မှန်း ဘယ်လိုသိတာလဲ အစ်ကိုကြွယ်”
ဝမ်တန်ကျိက မေးသည်။
“ဒါက သိသာနေတာပဲ မဟုတ်လား ၊ ဒီမုဒ်က အတွေ့အကြုံရမှတ်ကလွဲရင် တခြားအပိုဆုလာဒ် မပေးဘူးဆိုပေမဲ့ ကစားသမားတွေ စိတ်ဝင်စားအောင်လို့ ဇာတ်လမ်းကို ရှင်းလင်းနိုင်မယ့် နည်းလမ်း နှစ်မျိုးပေးထားတယ်လေ”
ဖုန်းပုကြွယ်က ရှင်းပြသည်။
“အခု ငါတို့ သွားနေတာက ‘ပဟေဠိ ဖြေရှင်းတဲ့’ လမ်းကြောင်းပဲ ၊ ရန်သူကို အတင်းဝင်သတ်တဲ့ ‘အကြမ်းဖက်’လမ်းကြောင်း မဟုတ်ဘူး”
သူက လက်ထဲတွင် သော့ကို ကိုင်၍ ဝမ်တန်ကျိအား ဒုတိယအခန်းအပြင်သို့ ပြန်ခေါ်လာလိုက်သည်။
“‘ပဟေဠိ ဖြေရှင်းတဲ့’ လမ်းကြောင်းမှာ မကျရှုံးဖို့ဆိုရင် ကစားသမားက သူ့ရဲ့ ကြောက်ရွံ့မှုကို အောင်နိုင်ရမယ်၊ ခေါင်းအေးအေးနဲ့ ရန်သူကို ရင်ဆိုင်ရမယ်၊ ထိထိရောက်ရောက် တိုက်ခိုက်ရမယ်၊ အဲ့ဒါဆိုရင် သူ့ရဲ့ ကျွမ်းကျင်မှုအဆင့်တွေ တက်လာလိမ့်မယ် ၊ ဇာတ်ကောင်ရဲ့ အဆင့် မြင့်လာတာနဲ့အမျှ တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေနဲ့ တိုက်ခိုက်ရေးပုံစံတွေကလည်း များလာမှာပဲ ၊ တိုက်ပွဲ အလယ်မှာတင် ကျွမ်းကျင်မှုရမှတ်တွေ ရတာမျိုးတောင် ဖြစ်နိုင်တယ်။
ဒီဂိမ်းထဲက ငါတို့ရဲ့ ချဉ်းကပ်ပုံကတော့ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို မြှင့်ဖို့ထက် ဂိမ်းတစ်ခုလုံးရဲ့ ထိရောက်မှုကို မြှင့်တင်ဖို့ အဓိကထားတာပဲ ၊ ပဟေဠိကို ဖြေရှင်းနိုင်ရင် ဇာတ်လမ်းရဲ့ ခက်ခဲမှုကို လျှော့ချနိုင်မယ်၊ တိုက်ခိုက်ရတာ နည်းသွားမယ်၊ ပြီးတော့ ဇာတ်လမ်းရဲ့ အခြေအနေကို ပိုပြီး နားလည်နိုင်မယ် ၊ ဒီလို လူမျိုးတွေက ကျွမ်းကျင်မှုအဆင့်တက်တာ နည်းနည်းနောက်ကျနိုင်တာမို့ စနစ်က သူတို့ကို တစ်နည်းနည်းနဲ့ ပြန်လျော်ကြေးပေးရတယ်၊ ယေဘုယျအားဖြင့်တော့ ဒါက ကျွမ်းကျင်မှုရမှတ်တွေ ပိုပေးတာမျိုး ဖြစ်နိုင်တယ်”
ဝမ်တန်ကျိက နားလည်သွားပြီး စကားဆက်လိုက်သည်။
“လေ့ကျင့်ရေးမုဒ်မှာက ကျွမ်းကျင်မှုရမှတ် ရစရာမရှိတော့... ပဟေဠိဖြေရှင်းတဲ့ ကစားသမားတွေက ဇာတ်လမ်းထဲက ပစ္စည်းတွေကိုပဲ အပိုဆုလာဒ်အနေနဲ့ တိုက်ရိုက်ရတာပေါ့”
“မှန်တယ်”
ဖုန်းပုကြွယ် တတိယတံခါးကို စမ်းကြည့်လိုက်ရာ သူခန့်မှန်းထားသည့်အတိုင်း တံခါးကို သော့ပိတ်ထားသည်။ လက်ထဲက သော့ဖြင့် တံခါးကို ချက်ချင်း ဖွင့်လိုက်သည်။ အံကိုက်ပါပဲ။ တံခါးပွင့်သွားသည် သော့က ပျောက်ကွယ်သွား၏။
တတိယအခန်းသည် အလွန်သန့်ရှင်းနေသည်။ နံရံဘေးတွင် စားပွဲတစ်လုံး ရှိပြီး စားပွဲပေါ်တွင်မူ မှတ်စုစာအုပ်တစ်အုပ် ရှိနေလေသည်။
“ဒါနဲ့ မင်းရဲ့ ကျွမ်းကျင်မှုအဆင့်တွေက ဘယ်လောက်လဲ”
မှတ်စုစာအုပ်ကို ကောက်ယူရင်း ဖုန်းပုကြွယ်က မေးလိုက်သည်။
“ငါ့ရဲ့ တိုက်ခိုက်ရေးနဲ့ အထွေထွေနှစ်ခုလုံးက အဆင့် F ပါ၊ အစ်ကိုကြွယ်ကကော”
“ငါကတော့ အထွေထွေတစ်ခုပဲ ပွင့်သေးတယ်”
ဖုန်းပုကြွယ်က မှတ်စုစာအုပ်ကို ဖွင့်ကာ မော့ကြည့်လိုက်သည်။
“မင်းရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုက ဘယ်လိုအခြေအနေမျိုးမှာ ပွင့်သွားတာလဲ”
“ငါ လူသစ်အစမ်းလေ့ကျင့်မှုတုန်းက မျောက်လိုလိုအကောင်တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရတယ် ၊ အဲ့ဒါတွေကို သတ်ပြီးတော့ စနစ်က ငါ့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုက အဆင့် F ဖြစ်သွားပြီလို့ အသိပေးခဲ့တယ်”
ဝမ်တန်ကျိက ပြန်တွေးလိုက်သည်။
“ဒါပေမဲ့ ‘အထွေထွေ’ ကျွမ်းကျင်မှုကတော့ အစမ်းလေ့ကျင့်မှုပြီးမှ ပေါ်လာတာ”
“အဲ့သလိုပေါ့ ၊ ဒါဆို ငါတို့ဒါကို နောက်မှပြန်ဆွေးနွေးရမယ်၊ ကျွမ်းကျင်မှု ခြောက်ခုလုံးက ပွင့်သွားမှာဆိုတော့”
ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။
သူက ဝမ်တန်ကျိဘက်သို့ ချက်ချင်း လှည့်ပြောသည်။
“မင်း ကျွမ်းကျင်မှုရလိုက်တဲ့အချိန်မှာ မီနူးထဲမှာ ကျွမ်းကျင်မှုဘားပေါ်လာတယ် မဟုတ်လား ၊ လိုအပ်ချက်နဲ့ ကိုက်ညီနေပြီဆိုတော့ ခုနက ကျွမ်းကျင်မှုကတ်ကို မြန်မြန်ယူဝတ်လိုက်ဦး၊ မကြာခင် အသုံးဝင်လာနိုင်တယ်”
သည်းထိတ်ရင်ဖို သုခဘုံတွင် ဇာတ်ကောင်၏ ကျွမ်းကျင်မှုဘား၌ ကျွမ်းကျင်မှုပေါင်း ၁၂ ခုအထိ ထည့်သွင်းနိုင်ပြီး ယင်းကို ဇာတ်လမ်း မစတင်မီတွင်သာ ချိန်ညှိနိုင်ပေသည်။ ဆိုလိုသည်က ဇာတ်ကောင်သည် နောင်တွင် ကျွမ်းကျင်မှုအမျိုးအစား မည်မျှပင် ရရှိပါစေ ဇာတ်လမ်းတစ်ခုထဲ ဝင်သည့်အချိန်တွင် အများဆုံး ၁၂ ခုသာ ဝတ်ဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် ဝတ်ဆင်ပြီးသား ကျွမ်းကျင်မှုကတ်များအား အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ ဇာတ်ကောင်နှင့် အမြဲတမ်း ပေါင်းစည်းသွားမည်ဖြစ်ပြီး တခြားသူများကို လဲလှယ်၍ မရတော့ပေ။ ထို့ကြောင့် ကစားသမားသည် ကျွမ်းကျင်မှုကတ်တစ်ခု ရလာ၍ ပြန်ရောင်းချင်ပါက သူတို့၏လွယ်အိတ်ထဲတွင်သာ ထည့်ထားရမည်ဖြစ်ပြီး ကျွမ်းကျင်မှုဘားထဲကို လုံးဝမထည့်ရပါချေ။ အကယ်၍ ကတ်ကို ဝတ်ဆင်လိုက်ပါက အိုင်တမ်သည် ပျောက်ကွယ်သွားပြီး ကျွမ်းကျင်မှုကတော့ ကစားသမား၏မီနူးထဲတွင် ဒေတာအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
နောက်ထပ် ဂိမ်းစည်းမျဉ်းတစ်ခုကတော့ ကျွမ်းကျင်မှုကတ်များကို အိုင်တမ်တစ်ခုအနေနဲ့ ဇာတ်လမ်းထဲမှ အပြင်သို့သာ ယူသွားလို့ ရပြီး အပြင်မှ အထဲသို့ ယူလာ၍ မရခြင်းပင်။ ယင်း၏ ရည်ရွယ်ချက်သည် ကစားသမားများ၏ အိတ်ထဲတွင် အပိုကျွမ်းကျင်မှုကတ်များ အများအပြားထည့်လာပြီး ကျွမ်းကျင်မှုများ အလွန်အမင်း သုံးစွဲခြင်းကို တားဆီးရန် ဖြစ်သည်။
ခြွင်းချက် တစ်ခုသာ ရှိသည်။ဇာတ်လမ်း အလယ်တွင် ကျွမ်းကျင်မှုကတ်အသစ်တစ်ခုကို ကောက်ရခဲ့ပြီး သင်ယူဖို့ လိုအပ်ချက်နဲ့ ကိုက်ညီနေပြီး ကျွမ်းကျင်မှုဘားကလည်း မပြည့်သေးဘူးဆိုပါက ကစားသမားသည် ထိုကတ်ကို ချက်ချင်းဝတ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။ ဆက်လက်၍ ထိုကဲ့သို့ ဝတ်ဆင်လိုက်သော ကျွမ်းကျင်မှုသည် လော့ဂ်အင်နေရာသို့ ပြန်ရောက်မှသာ အမြဲတမ်းအတွက် ပြန်လည် ဝတ်ဆင်ရမည် ဖြစ်သည်။
မှတ်ချက် - ဇာတ်လမ်းအတွင်း ဝတ်ဆင်လိုက်တဲ့ ကျွမ်းကျင်မှုဟာ လော့ဂ်အင်နေရာကို ပြန်ရောက်တဲ့အခါ အလိုအလျောက် ပြန်ကွာကျသွားမှာဖြစ်လို့ နောက်တစ်ခါ သုံးချင်ရင် ပြန်ဝတ်ဖို့ မမေ့ရပါဘူး။
“ပေါ်တော့ ပေါ်လာပြီပဲ ၊ ဒါပေမဲ့ ဘာလို့ ဒီကျွမ်းကျင်မှုက နှစ်ကြိမ်သုံးပြီးရင် ပျောက်သွားမယ်လို့ ရေးထားတာလဲ”
ဝမ်တန်ကျိက နားမလည်နိုင်ဘဲ မေးလိုက်သည်။
ထိုမေးခွန်းမျိုးကို မေးသည်က သူသည် ဂိမ်းဖော်ပြချက်များကို မဖတ်ရှုခဲ့ကြောင်း သိသာလှသည်။
ဖုန်းပုကြွယ်သည် သူ့လက်ထဲရှိ မှတ်စုစာအုပ်ကို အားတက်သရော လှန်ကြည့်ရင်း ရှင်းပြသည်။
“ကျွမ်းကျင်မှုကတ်ရဲ့ ဂုဏ်သတ္တိတွေက သော့ချက်ပဲ... ကျွမ်းကျင်မှုတွေကို အသုံးပြုနိုင်တဲ့ကျွမ်းကျင်မှု (Active) နဲ့ အလိုအလျောက်ဖြစ်ပေါ်တဲ့ ကျွမ်းကျင်မှု (Passive) ဆိုပြီး ခွဲခြားထားတယ် ၊ အသုံးပြုနိုင်တဲ့ ကျွမ်းကျင်မှုတွေက ‘အမြဲတမ်း’ (Permanent)၊ ‘အချိန်ကန့်သတ်ချက်’ (Time Constricted) ဒါမှမဟုတ် ‘သုံးပြီးကုန်သွားတဲ့ အမျိုးအစား’ (Consumable) ဆိုပြီး ရှိတယ် ၊ အလိုအလျောက် ဖြစ်ပေါ်တဲ့ ကျွမ်းကျင်မှုတွေကတော့ ‘အမြဲတမ်း’ နဲ့ ‘အချိန်ကန့်သတ်ချက်’ နှစ်မျိုးပဲရှိတယ်”
သူက စက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီး “မင်းရဲ့ ကျွမ်းကျင်မှုက ‘သုံးပြီးကုန်သွားတဲ့ အမျိုးအစား’ ထဲမှာ ပါတယ်၊ နှစ်ကြိမ်သုံးပြီးတာနဲ့ အဲ့ဒီကျွမ်းကျင်မှုက ရှိတော့မှာ မဟုတ်ဘူး”
“လိမ်ခံလိုက်ရသလိုပဲကွာ...”
ဝမ်တန်ကျိ ထိုသို့ပြောလိုက်သော်လည်း ဖုန်းပုကြွယ် အကြံပေးသည့်အတိုင်း ကျွမ်းကျင်မှုကို ဝတ်ဆင်လိုက်သည်။
“မဟုတ်ဘူး၊ ဒါက အတော်လေးကျိုးကြောင်းသင့်ပါတယ်ကွ”
ဖုန်းပုကြွယ်က ပြောသည်။
“မင်းရဲ့ လက်ရှိ သက်လုံတန်ဖိုးအရဆိုရင် အပြည့်ရှိနေရင်တောင် ဒီကျွမ်းကျင်မှုကို နှစ်ခါဆက်တိုက်ပဲ သုံးနိုင်မှာ ၊ သုံးနိုင်တယ် ထားဦး အနည်းဆုံး ဒီဇာတ်လမ်းထဲမှာတော့ မင်းတတိယတစ်ချက် သုံးဖို့ လိုလာမှာမဟုတ်ဘူး ၊ ပထမတစ်ချက်တောင် သုံးဖို့ လိုချင်မှ လိုမှာ”
သူက ခေတ္တရပ်၍
“နောက်ပြီးတော့၊ တကယ်လို့ ဒါက အမြဲတမ်းသုံးလို့ရတဲ့ အမျိုးအစားသာဆိုရင် သင်ယူဖို့ လိုအပ်ချက်နဲ့ သက်လုံအသုံးပြုမှုက ဒီလောက်နိမ့်မှာ မဟုတ်ဘူးလို့ ထင်တယ်၊ အဲ့ဒါဆိုရင် တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့်ကလည်း ပိုမြင့်ရမယ်၊ သက်လုံလည်း ပိုကုန်ရမယ် ၊ မဟုတ်ရင် ဒီကျွမ်းကျင်မှုက အရမ်းအစွမ်းထက်လွန်းသွားလိမ့်မယ်၊ ဥပမာ - အဆင့် ၅၀က ကစားသမားတစ်ယောက်က အမြဲတမ်းတိုက်ခိုက်ရေး ကျွမ်းကျင်မှုတစ်ခုကို ဝတ်ထားတယ် ဆိုပါစို့ ၊ တကယ်လို့ အဆင့် F မှာ သက်လုံ ၅၀ ပဲ ကုန်မယ်ဆိုရင် သူက အဲ့ဒီကျွမ်းကျင်မှုကို အခါ ၁၀၀ လောက် စိတ်ကြိုက် သုံးနေလို့ ရမှာပေါ့ ၊ အဲ့လိုတော့ ဘယ်ခွင့်ပြုပါ့မလဲ”
ဝမ်တန်ကျိသည် ယင်းကို နားထောင်ပြီးနောက် ယုတ္တိရှိသည်ဟု တွေးလိုက်မိသည်။
“အင်း... ဟုတ်တာပဲ ၊ တကယ်လို့ အခု မင်းငါ့ကို ကျွမ်းကျင်မှုတစ်ခု ပေးတယ်၊ တိုက်ခိုက်ရေး အဆင့် F လိုအပ်တယ်၊ ဒါပေမဲ့ သက်လုံက ၁၀၁ ကုန်မယ်ဆိုရင်တော့ ဒီဂိမ်းရဲ့ ဒီဇိုင်းက ပြဿနာရှိနေပြီလို့ ပြောလို့ရတာပေါ့”
“အိုး... ငါမင်းကို တစ်ခုသတိပေးဖို့ ကျန်သေးတယ်၊ စနစ်ထဲမှာ ကျွမ်းကျင်မှု အဆင့် F ဟာ ဝတ်ဆင်တဲ့အခါ အောင်မြင်မှုနှုန်း ၂၀ %ပဲ ရှိတယ်နော် ၊ ဒါကြောင့်... အဆင့်နိမ့်ဇာတ်ကောင်တွေ စွမ်းရည် ရလာတဲ့အခါ အဲ့ဒါကို အသက်သွင်းနိုင်မလား ဆိုတာကတော့ သူတို့ရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ဒါဆို တကယ်ကြီး လိမ်တာပဲ မဟုတ်လား”
“ဒါကြောင့်လည်း ငါက လက်နက်ပဲရှာတွေ့ဖို့ မျှော်လင့်နေခဲ့တာပေါ့၊ ဟူး… ငါ အွန်လိုင်းတက်ပြီး ကြည့်ခဲ့တုန်းက ဒီနေ့မနက်တင် ဘီတာစမ်းသပ်မှုစတာကို နေ့လယ်ကျတော့ လမ်းညွှန်ချက်တွေ အကုန်ထွက်လာပြီ ၊ ဆွေးနွေးခန်းတွေမှာဆိုရင် အဆင့် ၁၀ ရှိတဲ့ လူတွေက အဆင့်နိမ့် ဇာတ်ကောင်တွေကို အစွမ်းထက်စေဖို့ အကောင်းဆုံးအရာက လက်နက်တွေပဲလို့ ပြောနေကြတယ် ၊ ဒါပေမဲ့ အဆင့်နိမ့်လက်နက်တွေထဲမှာ ‘အဆင့်မြင့် အရည်အသွေး’ နဲ့ အဲ့ဒီထက် မြင့်တဲ့ လက်နက်တွေကတော့ အတော်လေး ရှားတယ်”
ဖုန်းပုကြွယ်က စကားများ တရစပ်ပြောနေရင်း လက်ထဲက မှတ်စုစာအုပ်ကိုလည်း အမြန် ဖတ်ရှုပြီးသွားပြီဖြစ်သည်။
“ဒီဂိမ်းမှာ အဆင့် ၁၀ နဲ့ အဲ့ဒီထက်မြင့်ဖို့က သိပ်မကြာဘူးလို့ ငါတွက်မိတယ် ၊ ပြီးတော့ အဆင့်နိမ့်ကစားသမား တစ်ယောက်မှာ အရမ်းကောင်းတဲ့ လက်နက်သာ ရှိနေရင် သူက ပဟေဠိ ဖြေရှင်းနေစရာမလိုဘဲ အင်အားသုံးပြီး ဇာတ်လမ်းကို မြန်မြန် ရှင်းလင်းသွားနိုင်မှာပေါ့ ၊ ဒါကြောင့် ဂိမ်းက အဲ့ဒီလိုအစွမ်းထက်တဲ့ အဆင့်နိမ့်လက်နက်တွေ ပေးမှာမဟုတ်ဘူး”
သူက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ဆက်ပြောသည်။
“နောက်တစ်ခုကတော့၊ အဆင့် ၁၀ ကျော်သွားရင် အဆင့်နိမ့်တဲ့ အဆင့်မြင့်လက်နက်တွေက အသုံးဝင်တော့မှာ မဟုတ်ဘူး ၊ အခုလောလောဆယ် လဲလှယ်ရာနေရာကလည်း မဖွင့်သေးတော့ အိတ်ထဲပဲ ထည့်ထားရမှာပဲ”
ဖုန်းပုကြွယ် စကားတွေ ပြောနေရင်းကနေ ရုတ်တရက် ထပြောသည်။
“အာ... သေစမ်း၊ ငါတွက်တာ မှားပြန်ပြီ...”
“ဘာဖြစ်လို့လဲ”
ဝမ်တန်ကျိသည် ထိတ်လန့်သွားပြီး သစ်သီးလှီးဓားကို အမြန်ဆုပ်ကိုင်ကာ တံခါးဝမှတဆင့် ကော်ရစ်ဒါဘက်ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။ သို့သော် မျက်နှာချင်းဆိုင်နံရံပေါ်က သွေးလက်ဝါးရာများမှတပါး တခြားမူမမှန်မှုအသစ်များ မရှိချေ။
“ပြောရမယ်ဆိုရင်... အခုကစပြီး သေတ္တာတွေဘာတွေ ဖွင့်ရတော့မယ်ဆိုရင် မင်းကိုပဲ ဖွင့်ခိုင်းသင့်တယ်၊ ငါက လျှို့ဝှက်နံပါတ်နဲ့ နည်းလမ်းကိုပဲ ပြောပြမယ်”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ချီး... ငါက ဘာများလဲလို့”
ဝမ်တန်ကျိက ပြောသည်။
“ရုပ်ရည်ဆိုတာ ခဏတာပါကွာ၊ ဒါက ဖြစ်နိုင်ခြေ သဘောတရားပါပဲ ၊ မင်းက အမြဲတမ်း အမှိုက်တွေပဲ ရလိမ့်မယ်လို့ တကယ်ကြီး ယုံနေတာလား”(၁)
“ငါ တကယ်ပဲ ကော်ရစ်ဒါကို ထွက်ပြီး ကျောက်ခဲတစ်လုံး ကောက်ပြီး မင်းကို သေအောင် ထုသတ်ချင်လာပြီ”
“ကောင်းပါပြီ... ငါ မှားသွားပါတယ်”
ဖုန်းပုကြွယ်က မှတ်စုစာအုပ်ကို သူ့လွယ်အိတ်ထဲ ထည့်ကာ ပြောလိုက်သည်။
“လာ... ငါတို့ သွားရင်းနဲ့ ဒီဇာတ်လမ်းရဲ့ အကြောင်းစုံကို မင်းကို ပြောပြမယ်”
အောက်ခြေမှတ်စု - [၁] ဝမ်တန်ကျိက ဖုန်းပုကြွယ်ရဲ့ ကံဆိုးမှုဟာ သူ့ရဲ့ ရုပ်ရည်လိုပဲ ခဏတာပဲ ဖြစ်မှာပါလို့ အရွှန်းဖောက်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ဖုန်းပုကြွယ်က ဆုလာဒ်တွေ ရရင် အမြဲတမ်း အမှိုက်ပဲရမယ်လို့ စိုးရိမ်နေတာကို နောက်ပြောင်လိုက်တာ ဖြစ်ပါတယ်။
အခန်း (၈) စွန့်ပစ်ဆေးရုံ
ဇန်နဝါရီလ (၁၀) ။ ဒါကို ငါကိုယ်တိုင် မမြင်ခဲ့ဘူးဆိုရင် သူတို့ပြောခဲ့သလို ဒီကလေးလုပ်နိုင်တဲ့အရာတွေကို ငါယုံကြည်မှာမဟုတ်ဘူး။ ဘာပြင်ပ သက်ရောက်အားမှ မရှိဘဲနဲ့ ဇွန်းဟာ ဒီလိုပဲ လေထဲမြောက်တက်သွားတယ် ပြီးတော့ ဇွန်းက သူ့အတွေးအတိုင်း ပုံသဏ္ဌာန်အမျိုးမျိုး တွန့်လိမ်သွားတယ်။
ဇန်နဝါရီလ (၁၃) ။ သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားနေရတယ်လို့ သူပြောခဲ့တယ်။မဟုတ်ဘူး လူအများကြီးပဲတဲ့။သူ ကြောက်ရွံ့နေခဲ့တယ်။
ဇန်နဝါရီလ (၁၆) ။ သူမကြောက်တော့ဘူး တစ်ခါတစ်ခါ သူပြုံးပြတတ်ပေမယ့် အချိန်အများစုကတော့ တိတ်တိတ်လေးပဲ နေနေတယ်။
ဇန်နဝါရီလ (၁၇) ။ စမ်းသပ်ချက်တွေအားလုံး ပုံမှန်ပါပဲ။ ဒီမှာ ငါတို့ခြောက်ယောက်လုံး ရှိနေပေမယ့် ဒီကလေးဘာဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မရှင်းပြနိုင်ကြဘူး။
ဇန်နဝါရီလ (၁၉) ။ သူ ပန်းချီပုံတွေ စဆွဲလာတယ်။သူ့မိဘတွေက သူဟာ အနုပညာမှာ စိတ်မဝင်စားတာတွေ စွမ်းရည်မရှိတာတွေ ပြောခဲ့ပေမယ့် ပုံတူတွေကို မယုံနိုင်လောက်အောင် ဆွဲနိုင်နေတယ်။
ဇန်နဝါရီလ (၂၂) ။ သူ့ရဲ့ အဆုံးမသတ်နိုင်တဲ့ ပုံဆွဲလေ့ကျင့်ခန်းအတွက် စာအုပ်နဲ့ခဲတံတွေတောင်းတာ အဆက်မပြတ်ပဲ။သူဟာ လူမျက်နှာပုံတွေပဲ ဆွဲနေတယ်။အစကတော့ လူမျက်နှာပုံတွေက ပုံမှန်ပဲဆိုပေမယ့် နောက်ပိုင်း ပိုပိုပြီး ကြောက်ဖို့ကောင်းလာခဲ့တယ်။
ဇန်နဝါရီလ (၂၅) ။ နံရံပေါ်မှာ သွေးနဲ့ဆွဲထားတဲ့ လူမျက်နှာပုံတွေပေါ်လာတော့ ငါတို့ သူ့အခန်းထဲမှာ ကြက်တူရွေးအသေတစ်ကောင်ကို တွေ့ခဲ့ကြတယ်။ဒါပေမယ့် သူ့လက်တွေက သန့်ရှင်းနေတယ်။ဒါက ဇွန်းရဲ့ အဖြစ်အပျက်ကို ပြန်တွေးမိပြီး ငါ့ကို စိုးရိမ်စေခဲ့တယ်။
ဇန်နဝါရီလ (၂၆) ။ ကော်ရစ်ဒါက ပြတင်းပေါက်တွေ အားလုံး ပျောက်ကွယ်သွားပြီး နံရံကြီးတစ်ခုပဲ ကျန်ခဲ့တယ်။ညက မှတ်တမ်းတင်ထားတဲ့ ကင်မရာမှတ်တမ်းတွေကလည်း ဖျတ်ခနဲဖြစ်သွားတဲ့ ပုံရိပ်တစ်ခုကိုပဲ ပြသနေတယ်။ငါ အကူအညီတောင်းသင့်လား ဘယ်သူ့ကို တောင်းရမှာလဲ။ရဲကိုလား။သူတို့က ငါ့ကိုရူးနေတယ်ထင်ပြီး ထောင်ထဲမှာ ပိတ်ထားကြမှာပေါ့။
ဇန်နဝါရီလ (၃၀) ။ ရတ်ချတ် ပျောက်သွားပြီ။ ဒါက ကျန်ခဲ့တဲ့ ငါတို့ငါးယောက်ကို အရမ်း စိတ်မသက်မသာဖြစ်စေတယ်။ နံရံပေါ်တွေမှာ သွေးမျက်နှာတွေ ပိုပိုပြီး ထွက်ပေါ်လာတယ် ဒါပေမယ့် ဒီတစ်ကြိမ်တော့…ငါတို့ မရှာနိုင်တော့ဘူး…မသိတော့ဘူး…သူ့အလောင်းကိုလား။
ဇန်နဝါရီလ (၃၁) ။ ငါ ဒီနေရာကနေ ထွက်သွားရမယ်…ငါ့ကလေးနေမကောင်းလို့ဆိုပြီး ဆေးခွင့်တောင်းသင့်လား…မဖြစ်ဘူး…ငါအလုပ်ထွက်တော့မယ် ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူး။
ဖေဖော်ဝါရီလ (၁) ။ ငါ ထွက်မသွားနိုင်တော့ဘူး ထင်တယ်။အဆောက်အဦးကြီးက ထွက်ပေါက်မရှိတဲ့ ဝင်္ကပါအဖြစ်ပြောင်းလဲသွားပြီ။တစ်ယောက်ယောက်များ ဒီမှတ်စုလေးကို ဖတ်မိခဲ့ရင် မှတ်ထားပါ ဒီ(သူ)ကောင်က …. ကို ကြောက်တယ် (ထိုနေရာတွင် သွေးများဖုံးလွှမ်းနေပါသည်) ။မင်း အခွင့်အရေးရတာနဲ့ သူ့ကို သတ်ပစ်ရမယ်။လုံးဝတုံ့ဆိုင်းမနေနဲ့ မဟုတ်ရင် မင်းသေလိမ့်မယ်။
…………………
ဖုန်းပုကြွယ်နှင့်ဝမ်တန်ကျိတို့သည် ထောင့်ချိုးကို တစ်ပြိုင်တည်း ကွေ့ဝင်လိုက်ကြသည်။ ကော်ရစ်ဒါသည် လင်းကျင်းနေဆဲဖြစ်သော်လည်း မည်သည့်တံခါးပေါက်မှ ရှိမနေချေ။ ဘေးနှစ်ဖက်လုံးရှိ နံရံများသည် နှင်းကဲ့သို့ ဖြူဖွေးနေလေသည်။သူတို့ ၁၀မီတာခန့် လျှောက်လာပြီးနောက် T ပုံစံ လမ်းချိုးတစ်ခုကို တွေ့လိုက်ရသည်။
နှစ်ယောက်သား သိချင်စိတ်ဖြင့် ရှေ့သို့ လှုပ်ရှားလိုက်ကြသည်။ ဖုန်းပုကြွယ်သည် စာအုပ်ထဲတွင် ပါသောအကြောင်းအရာများကို တတ်နိုင်သမျှ သာမန်ဖြစ်အောင်ကြိုးစား၍ နှေးနှေးကွေးကွေးဖတ်ပြခဲ့သော်လည်း ရှောင်တန်၏ မျက်နှာမှာမူ လုံးဝဖြူဖွေးသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများ ထလာနေဆဲဖြစ်သည်။
“ငါတို့က သရဲတစ်ကောင်နဲ့ ရင်ဆိုင်တာမဟုတ်ပေမယ့် အကြီးအကျယ်နေမကောင်းဖြစ်ပြီးတော့ စိတ်အခြေအနေပျက်စီးသွားတဲ့ စိတ်စွမ်းအားရှိတဲ့ ကလေးတစ်ယောက်နဲ့ ရင်ဆိုင်ရမှာပဲ”
ဖုန်းပုကြွယ်က ကောက်ချက်ချသည်။
“အနည်းဆုံး ဒါက ဒီဇာတ်လမ်းနောက်ကွယ်က တည်ဆောက်မှုပဲပေါ့”
“ဒါက ငါတို့ကို ဘယ်လို ကူညီနိုင်မှာလဲ”
ဝမ်တန်ကျိ၏လေသံသည် သူ့တွင် ရှိနေဆဲဖြစ်နေသေးသည့် ကြီးမားသောဖိအားကို ပြသနေသည်။
“ပထမဆုံး စိတ်ပိုင်းဆိုင်ရာပေါ့ ၊ ငါတို့ရဲ့ ရန်သူက သက်ရှိလူသားဖြစ်ကြောင်း မင်းသိလိုက်ကတည်းက မင်းရဲ့ကြောက်ရွံ့မှုက နဲနဲလျော့သွားမယ်လို့ ငါထင်တယ်”
ဖုန်းပုကြွယ်က ဖြေလိုက်သည်။
“ဒုတိယအချက်ကတော့ တကယ့်ဆိုလိုရင်းပဲ အခု သူ့မှာ ခန္ဓာကိုယ်တစ်ခုရှိတယ်ဆိုတာ ငါတို့ သိသွားပြီဆိုတော့ ငါတို့ သူ့ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်လို့ရနိုင်တယ်”
“ဟေး ဒီစာအုပ်ကို ရေးခဲ့တဲ့လူနဲ့ ဒီဇာတ်လမ်းထဲက သားကောင်တွေက…အရင်က ဒီလိုမျိုးကြိုးစားခဲ့မယ်လို့ မတွေးမိဘူးလား”
ဝမ်တန်ကျိသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေ၏။
“သူတို့ထက်က နှစ်ယောက်ထက်တော့ ပိုသင့်တယ်မလား”
“သူတို့မှာ ပေါက်ကွဲလက်သီးရှိမယ်လို့ မင်းထင်လား”
ဖုန်းပုကြွယ်က ပြန်မေးလိုက်သည်။
“အစ်ကိုကြွယ် ငါမေးစရာ ရှိတယ် ၊ တကယ်လို့ ငါတို့မှာ တိုက်ခိုက်ရေးကျွမ်းကျင်မှုပွင့်မလာရင် ၊ ဒီကျွမ်းကျင်မှုကတ်ရှာမတွေ့ခဲ့ရင် ဒါမှမဟုတ် ပဟေဠိကို လုံးဝကျော်ပစ်ခဲ့ရင် ဘာဖြစ်မှာလဲ”
“ဒါဆို ငါတို့ ကလေးဆီရောက်တဲ့အခါ ရွေးချယ်စရာတစ်ခုပေါ်လာလိမ့်မယ်”
ဖုန်းပုကြွယ်က ပြောသည်။
“အဲ့ဒါက တိုက်မလား ပြေးမလားဆိုတဲ့ အခြေအနေပဲဖြစ်လိမ့်မယ်”
“တကယ်လို့ ငါတို့ ပဟေဠိကို မဖြေရှင်းခဲ့ဘူးဆိုရင် သူနဲ့ရင်ဆိုင်ရတဲ့အခါ ငါတို့ရဲ့ဆုံးဖြတ်ချက်ကို အခြေခံဖို့ လိုတယ်၊ ဥပမာ - ရင်ဆိုင်လိုက်ရင် ငါတို့ သွေးဘယ်လောက်ကုန်သွားမလဲ ၊ ကြောက်ရွံ့မှုရယ် သေခြင်းတရားရယ် နှစ်ခုလုံးရဲ့ခြိမ်းခြောက်မှုတွေ ပါလာတော့ အခက်အခဲက အများကြီးမြင့်သွားမှာပဲ”
“ဒါပေမယ့် ဇာတ်လမ်းအပေါ်နားလည်မှုအရ မတိုက်ခိုက်ရင်တောင် ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်အရ တစ်ခုတည်းသော ရွေးချယ်စရာက ထွက်ပြေးဖို့ပဲ ၊ သွားတိုက်ခိုက်ရင် သေမှာသေချာတယ် ၊ ဒါကြောင့် ဒီဇာတ်လမ်းကို ရှင်းလင်းဖို့နည်းလမ်းက … ထွက်ပေါက်တစ်ခုရှာဖို့ပဲဆိုတာ ငါယုံတယ်”
“ဒါဆို ငါတို့ရဲ့အခြေအနေက ပဟေဠိကို ကျော်ပစ်လိုက်တဲ့လူတွေနဲ့ အတူတူပဲပေါ့”
ဝမ်တန်ကျိက ပြောလိုက်သည်။
“မတူဘူး ၊ အနည်းဆုံးတော့ ဒုတိယအခန်းထဲမှာ မင်းကျွမ်းကျင်မှုကတ်တစ်ခုရလာတယ်လေ”
ဖုန်းပုကြွယ် ထပ်ပြောလိုက်သည်။
“ပြီးတော့ တတိယအခန်းထဲမှာ သူ့မှာ အားနည်းချက်တစ်ခုရှိတာ ရှာတွေ့ခဲ့တယ်၊ အခု ငါတို့ ထွက်ပြေးဖို့ ရွေးချယ်သည်ဖြစ်စေ တိုက်ခိုက်ဖို့ရွေးချယ်သည်ဖြစ်စေ ငါတို့ရဲ့ အောင်မြင်မှုနူန်းက နည်းနည်းလောက် တိုးလာမှာပဲ”
“အောင်မြင်မှုနူန်း ၂၀%ပဲရှိတဲ့ ကျွမ်းကျင်မှုကတ်ကို ထားပါဦး မှတ်စုစာအုပ်ထဲမှာ ကလေးရဲ့အားနည်းချက်နေရာကို သွေးတွေ ဖုံးလွှမ်းနေတယ်လို့ မင်းပြောခဲ့တယ်လေ”
“ဒီနေရာမှာ စနစ်က ငါတို့ကို မှတ်စုစာအုပ်ထဲက ကလေးရဲ့လှုပ်ရှားမှုတွေကို ကောက်ချက်ချပြီး ရိုးရှင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုတချို့ လုပ်စေချင်တာ၊ ဒရာမာခင်းထားတဲ့ အပိုင်းတွေကို ဖယ်လိုက်ရင် မှတ်စုစာအုပ်ထဲက အကြောင်းအရာက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပရိုဖိုင်နဲ့ မခြားဘူး”
သူတို့ ဆွေးနွေးနေကြရင်း နောက်ထပ် ကွေ့တစ်ခုကို ချိုးလိုက်ကြသည်။
သူတို့ရှေ့တွင် ကျယ်ဝန်းလှသော ခန်းမကြီးတစ်ခု ပေါ်လာ၏။ ထိုနေရာ၏ မျက်နှာကြက်သည် ပိုမြင့်မားပြီး မီးအလင်းရောင်စနစ်မှာ ကောင်းမွန်သော်လည်း သူတို့သည် နံရံများနှင့် ဝန်းရံခံနေရဆဲဖြစ်သည်။
“ဇန်နဝါရီလ ၁၆ ရက်၊ တယ်လီကင်နဲဆစ် (telekinesis)၊ စိတ်အာရုံကိုသုံးပြီး အရာဝတ္ထုတွေကို ရွှေ့နိုင်လာတယ် ၊ ဇန်နဝါရီလ ၁၉ ရက်မှာ ပင်ကိုယ်စွမ်းအား နိုးထလာတယ် ၊ ဇန်နဝါရီလ ၂၅ ရက်မှာ စိတ်အာရုံကိုသုံးပြီး သက်ရှိအရာဝတ္ထုတွေကို သက်ရောက်မှုပေးနိုင်လာတယ်၊ ဇန်နဝါရီလ ၃၀ ရက်မှာ ပိုကြီးတဲ့ အရာဝတ္ထုတွေ၊ လူသားတွေကိုပါ ကိုင်တွယ်နိုင်လာတယ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မိစ္ဆာတစ်ကောင်လို သတ်ဖြတ်လာနိုင်တယ်”
ဖုန်းပုကြွယ်က အလွန်တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြနေသည်။
“သူ့ရဲ့ အားနည်းချက်နဲ့ ပတ်သက်ပြီးတော့ ဇန်နဝါရီလ ၂၆ ရက်နေ့က စာပိုဒ်မှာပါပြီးသားပဲ၊ အခု ငါတို့ဆီမှာ ရှိနေတာနဲ့လည်း အတူတူပဲ”
သူက ခေတ္တရပ်ပြီး ဆက်ပြောသည်။
“သူက နေရောင်ခြည်ကို ကြောက်တာ။”
“ဒါပေမဲ့ ဒီမှာက အရမ်း...”
ဝမ်တန်ကျိက “လင်းနေတာပဲ” ဟူသော စကားလုံးကို မပြောမိခင် ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။
“ဒါက နေရောင်ခြည် မဟုတ်ဘူး၊ မီးအလင်းရောင်ပဲ”
ဖုန်းပုကြွယ်က ရှင်းပြသည်။
“ငါတို့ လူနာခန်းနဲ့တူတဲ့ ပထမဆုံးအခန်းထဲကို ဝင်ခဲ့တုန်းက တစ်ခုခုမူမမှန်တာကို ငါခံစားမိတယ် ၊ လတ်ဆတ်နေတဲ့ သွေးနံ့အပြင် အဲဒီအခန်းနဲ့ ကော်ရစ်ဒါမှာ ပြတင်းပေါက်တွေ မရှိဘူး ၊ ဒါက အခြေခံ အဆောက်အဦးစည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး ၊ အဲဒီအချိန်တုန်းက ဒီအဆောက်အဦးဟာ မြေအောက်မှာလားလို့ ငါသံသယဝင်ခဲ့သေးတယ် ၊ အဲဒီနောက်တော့ ဒုတိယနဲ့ တတိယအခန်းတွေမှာလည်း ပြတင်းပေါက် မရှိတာကို ငါတွေ့ခဲ့ရတယ် ၊ ဘာကြောင့်လဲ”
ဖုန်းပုကြွယ်က ခဏရပ်လိုက်သည်။
“အခန်းတွေရဲ့ ကြောက်စရာကောင်းတဲ့ အပြင်အဆင်ကိုတော့ ငါနားလည်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဇာတ်လမ်းအရ ဒါကဆေးရုံတစ်ခုလေ ၊ တံခါးဖွင့်လိုက်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းတွေကလည်း လိမ်ယှက်နေတဲ့ဟင်းလင်းပြင်တစ်ခုကြောင့် ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ မှတ်စုစာအုပ်ကို ဖတ်ကြည့်ပြီးတဲ့နောက် ဒါက အရိပ်အမြွက်တစ်ခုဆိုတာ ငါနားလည်သွားပြီ”
သူက သူ့ခေါင်းပေါ်က မီးလုံးကို ညွှန်ပြလိုက်သည်။
“တကယ်တော့ ဒီမီးတွေကလည်း အရိပ်အမြွက်ပဲ ၊ သူက နေရောင်ခြည်ကို ကြောက်တယ်ဆိုရင် ဘာလို့ အလင်းရောင်ကို လိုအပ်တာလဲ ၊ ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ်၊ ပထမတစ်ခုက သူက ငါတို့လိုပဲ အမှောင်ထဲမှာ မမြင်ရတဲ့အတွက် လှုပ်ရှားဖို့ အလင်းရောင်လိုတာ ၊ ဒုတိယအချက်က သူက နေရောင်ခြည်ကိုရော အမှောင်ထုကိုရော ကြောက်နေတယ်၊ ဘာလို့လဲဆိုတော့ အမှောင်ထဲမှာ သူ့ကို စိုက်ကြည့်နေတဲ့ အရာတစ်ခုခု ရှိနေလို့ပဲ...”
ရုတ်တရက် ကလေးရယ်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ ယခုတစ်ခါတွင်မူ သူတို့နှင့် မဝေးလှသော နေရာမှ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ထိုရယ်သံ၏ အရင်းအမြစ်သည် ကောင်လေးတစ်ယောက်ဖြစ်ကြောင်း သူတို့ သိသွားကြပြီဖြစ်သည်။ သူသည် သရဲတစ်ကောင်မဟုတ်ဘဲ သွေးဖြင့် ပန်းချီဆွဲရသည်ကို သဘောကျသော ကလေးတစ်ယောက် ဖြစ်သည်။
သို့သော်လည်း သူတို့၏ ရှုထောင့်ကို ပြောင်းလဲ၍ စိတ်ခံစစ်တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဝမ်တန်ကျိ၏ နှလုံးခုန်သံက မြန်ဆန်လာပြီး အသက်ရှူသံများ ပြင်းထန်လာလေသည်။ သစ်သီးလှီးဓားကို အလွန်တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူ့လက်များတွင် ချွေးများ စိုရွှဲနေလေသည်။
“ဓားကို သိမ်းထားလိုက်တော့၊ အဲဒါက သုံးစားလို့ မရဘူး”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“အစ်ကို... အစ်ကို... ပု... ပုကြွယ်... မင်းမှာ...”
“အေး... ငါ့မှာ အစီအစဉ် ရှိတယ်”
ဖုန်းပုကြွယ်က ခန်းမကြီးကို ညွှန်ပြလိုက်သည်။
“မင်းရဲ့ ကျွမ်းကျင်မှုကိုသုံးပြီး အဲဒီက အလယ်နံရံကြီးကို ဖြိုချလိုက်”
သူစကားမဆုံးခင်မှာပင် ဤဇာတ်လမ်း၏ ‘ဘော့စ်’ဖြစ်သော ကောင်လေးက ရုတ်တရက် ပေါ်လာတော့သည်။
သူသည် သူတို့နှင့် သုံးမီတာခန့်အကွာတွင် လူနာဝတ်စုံကို ဝတ်ဆင်၍ ရပ်နေသည်။ သူသည် မီးရောင်အောက်တွင် ရပ်နေသော်လည်း သူ့မျက်နှာနှင့် ခန္ဓာကိုယ်သည် အရိပ်လွှာတစ်ခုဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ သူပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာကြက်၊ နံရံများနှင့် ကြမ်းပြင်များတွင် မရေမတွက်နိုင်သော သွေးမျက်နှာများဖြင့် ချက်ချင်းပြည့်နှက်သွားသည်။ မီးအလင်းရောင်ပင်လျှင် သွေးရောင်အဖြစ် ပြောင်းလဲသွား၏။
ထိုမြင်ကွင်းသည် သာမန်လူတစ်ယောက်ကို အော်ဟစ်သွားစေရန် လုံလောက်သော်လည်း ဖုန်းပုကြွယ်ကမူ တစ်စက္ကန့်အတွင်း မဆိုင်းမတွ တုန့်ပြန်လိုက်သည်။ သူသည် သူ့ရှေ့တွင် ရပ်နေသော ၁.၂မီသာခန့်သာရှိသည့် ကောင်လေးထံသို့ တိုးဝင်သွားတော့သည်။
“မြန်မြန်…နံရံကို ဖြိုတော့”
ဝမ်တန်ကျိက ထခုန်ကာ ဖုန်းပုကြွယ် ညွှန်ပြရာဘက်သို့ ပြေးသွားသည်။ တကယ်တမ်းတွင် သူသည် ကြောက်လန့်တကြားဖြင့် ခုန်ထွက်သွားခြင်း ဖြစ်သည်။ ခြေလှမ်းအနည်းငယ်မျှ ပြေးပြီးနောက် သူ့ခြေထောက်များသည် ဂျယ်လီတုံးများကဲ့သို့ ပျော့ခွေနေသလို ခံစားနေရသည်။
သူ လမ်းတစ်ဝက်ခန့်အရောက်တွင် လှည့်ကြည့်လိုက်မိသည်။ ဖုန်းပုကြွယ်က ထိုကလေးကို မထိနိုင်သေးခင်မှာပင် မမြင်ရသောအားတစ်ခုဖြင့် ဝင့်ဆောင့်ခံလိုက်ရသကဲ့သို့ လွင့်ထွက်သွားသည်။ သူသည် အရှိန်ပြင်းပြင်းပြေးနေသော ကားတစ်စီးနှင့် တိုက်မိသွားသကဲ့သို့ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
ကြည့်ရသည်မှာ ပြင်းထန်လှသော်လည်း ဤသည်မှာ ဂိမ်းတစ်ခုသာဖြစ်ပြီး ကစားသမားများမှာ အစစ်အမှန်နာကျင်မှုကို ခံစားရမည် မဟုတ်ပေ။ ‘သည်းထိတ်ရင်ဖို သုခဘုံ’ တွင် ကစားသမားများသည် မည်မျှပြင်းထန်စွာ အတိုက်ခံရပါစေ၊ ရထားဖြင့် ကြိတ်ခံရလျှင်ပင် ခံစားရမည့် အမြင့်ဆုံးနာကျင်မှုအဆင့်သည် တူနှင့်ထုမိသလောက်သာ ဖြစ်သည်။
ဝမ်တန်ကျိက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နံရံဆီသို့ အားကုန်ရုန်းပြေးတော့သည်။
ထိုကလေးသည် ဝမ်တန်ကျိ လုပ်လိုသည့်အရာကို သိပုံရသော်လည်း တယ်လီပို့ မလုပ်တတ်ပေ။ ထို့ကြောင့် နောက်မှပြေးလိုက်ရုံသာ တတ်နိုင်သည်။
ထိုကလေး၏ အမြန်နူန်းသည် ကလေးတစ်ယောက်ကဲ့သို့ မဟုတ်သော်လည်း ပြေးပုံက ထူးဆန်းလှသည်။ရုပ်သေးတစ်ခုကို တစ်စုံတစ်ယောက်က ကြိုးများဖြင့် လှုပ်ရှားစေနေသကဲ့သို့ပင်။
ရုတ်တရက် လက်တစ်ဖက်က ကောင်လေး၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်၏။ကျွန်ုပ်တို့ရဲ့ ‘ဘော့စ်’ က ခေါင်းစောင်းကြည့်လိုက်ရာ ဖုန်းပုကြွယ်သည် ကြမ်းပြင်ပေါ်မှ ပြန်ထလာပြီး သူ့ကို ဖမ်းထားသည်ကို တွေ့လိုက်ရသည်။ ဖုန်းပုကြွယ်တွင် အရပ်အမောင်း ပိုသာသည့် အားသာချက် ရှိသည်။ လေးပေခန့်သာရှိသော ကလေးတစ်ယောက်က ပိုမြန်မြန်ပြေးနိုင်လျှင်ပင် သူသည် နီးကပ်သောအကွာအဝေးတစ်ခုအတွင်း ဖမ်းမိနိုင်သေးသည်။
ထိုအခိုက်အတန့်တွင် ဝမ်တန်ကျိက သူ့ကျွမ်းကျင်မှုကို အသက်သွင်းလိုက်သည်။ သူ၏ ညာလက်သီးသည် လိမ္မော်ရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး နံရံကို ထိုးနှက်လိုက်တော့သည်။
ကျွမ်းကျင်မှုကတ်၏ အောင်မြင်မှုနူန်းက ၂၀ ရာခိုင်နှုန်းသာ ရှိသော်လည်း နံရံသည် ကြီးမားလှသော ပစ်မှတ်တစ်ခုဖြစ်သဖြင့် လွဲချော်ရန် ခဲယဉ်းသည်။ ထို့ပြင် သူ့ကံကလည်း မဆိုးလှသောကြောင့် ထိုတိုက်ခိုက်မှုက အောင်မြင်သွားလေသည်။
နံရံမှာ ပေါက်ကွဲသွားပြီး အချင်းတစ်မီတာခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ အလွန်အမင်း တောက်ပလှသော (ထူးဆန်းလှသည့်) နေရောင်ခြည်သည် ထိုအပေါက်မှတစ်ဆင့် ခန်းမထဲသို့ တိုက်ရိုက်ကျဆင်းလာတော့သည်။
ထိုအချိန်တွင် ခန်းမထဲရှိ သွေးမျက်နှာများအားလုံး ပျောက်ကွယ်သွားသည်။ ကောင်လေးသည် ထိတ်လန့်သော အမူအရာဖြင့် နေရောင်ခြည်နှင့်ဝေးရာသို့ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူ ဆုတ်ခွာ၍ မရချေ… အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်က သူ့ခြေကျင်းဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသောကြောင့် ဖြစ်သည်။
“တစ်ချက်တည်းနဲ့တင် ငါ့သွေး ၈၄ ရာခိုင်နှုန်းလောက် ကုန်သွားတယ်ကွ… အခုတော့ ငါ့အလှည့်ပဲ”
ဖုန်းပုကြွယ်က ထရပ်လိုက်ပြီး ထိုဘော့စ်ကို ကြမ်းပြင်ပေါ်သို့ ဆွဲလှဲလိုက်သည်။ ယခုဆိုလျှင် ထိုကောင်လေးသည် ပြန်လည်ခုခံနိုင်မည့် စွမ်းရည်များ မရှိတော့ပေ။
ဖုန်းပုကြွယ်သည် အားနေသော သူ့လက်တစ်ဖက်ဖြင့် ပါးစပ်မှ သွေးစများကို သုတ်လိုက်သည်။ ကျန်လက်တစ်ဖက်ကမူ ကလေး၏ခြေထောက်ကို ဆွဲကာ နေရောင်ခြည် ရှိရာသို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်သည်။
“ဒီဘော့စ်က တော်တော်သန်မာတာပဲ ၊ မင်းရဲ့ ကျွမ်းကျင်မှုတွေနဲ့ ထိအောင်တိုက်နိုင်ရင်တောင် သူ့ကို သတ်ဖို့ ခက်ခဲလိမ့်မယ်”
နောက်ဆုံးတွင် ဝမ်တန်ကျိသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချက်မိသည်။
“တကယ်လို့ ငါသာ နံရံကို မဖြိုနိုင်ခဲ့ရင် ဒါမှမဟုတ် အပြင်မှာ နောက်ထပ်နံရံတစ်ခု ရှိနေဦးမယ်ဆိုရင် ငါတို့ ဘာဆက်လုပ်ကြမလဲ”
“တကယ်လို့ အပြင်မှာ မှောင်နေမယ်ဆိုရင် မင်းအမှောင်ထဲမှာ ပုန်းလို့ရတယ် ၊ နောက်ထပ် ကော်ရစ်ဒါတစ်ခု ရှိနေမယ်ဆိုရင်လည်း အဲဒီထဲဝင်ပြီး ထွက်ပြေးရုံပဲ ၊ မင်း နံရံကို မဖြိုနိုင်ရင်တော့ တခြားထွက်ပေါက်တစ်ခု ရှာရမှာပေါ့”
ဖုန်းပုကြွယ်က လမ်းလျှောက်ရင်း ပြောနေသည်။
“ဒါကို ငါ တော်တော်လေး သေချာနေလို့ မင်းကို ကျွမ်းကျင်မှုသုံးခိုင်းလိုက်တာပဲ ၊ ဒီလို ဆေးရုံခန်းမမျိုးမှာ အထွေထွေအပြင်အဆင်နဲ့ ပင်မတံခါးတည်နေရာကို ကြည့်ရုံနဲ့တင် ဦးတည်ချက်ကို ခန့်မှန်းလို့ ရတယ်လေ ၊ ကြည့်လိုက် ဘေးနှစ်ဖက်လုံးမှာ ကော်ရစ်ဒါတွေ ရှိတယ်၊ ငါတို့နောက်က နံရံကို ပိတ်ထားပေမယ့် ပြတင်းပေါက်ဟောင်းတွေရဲ့ ပုံစံကို မြင်နေရတုန်းပဲ...”
သူ ‘ဘော့စ်’ ကို မလိုက်ပြီး နေရောင်အောက်တွင် ထားလိုက်သည်။
“အစ်ကိုကြွယ်... ဒါက နည်းနည်းရက်စက်ရာကျတယ်လို့ မထင်ဘူးလား”
ဝမ်တန်ကျိသည် နာကျင်မှုများပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ဘောလုံးတစ်လုံးကဲ့သို့ ကွေးကွေးလေးဖြစ်နေသော ကောင်လေးကို ကြည့်ရင်း ပြောလိုက်သည်။
“မင်းပြောတာ မှန်တယ်၊ ဒါက လွန်လွန်းပါတယ်”
ဖုန်းပုကြွယ် ပြန်ဖြေလိုက်သော်လည်း သူသည် ရပ်တန့်မည့်အရိပ်အယောင် လုံးဝမရှိပေ။
ဤသည်မှာ သူငယ်စဉ်ကတည်းက ရှိလာခဲ့သော သူ၏လုပ်ငန်းခွင် အမူအရာပင် ဖြစ်သည်။ မိမိအမှားကို နှိမ့်ချစွာဝန်ခံသော်လည်း ပြင်ဆင်ရန်အစီအစဉ် မရှိခြင်းပင်။
“အခု ငါ သူ့ကို လွတ်ပေးပြီး ဆေးရုံပြန်တက်ခိုင်းလို့ ရတယ်၊ ပြီးရင် ငါတို့နှစ်ယောက် ဒီအပေါက်ကနေ ထွက်ပြေးပြီး ဇာတ်လမ်းကို အဆုံးသတ်လိုက်လို့ ရတယ်”
ဖုန်းပုကြွယ်က ပြောသည်။
“ငါပြောခဲ့သလိုပဲ၊ ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ ဒါက အရမ်းသန်မာတဲ့ ဘော့စ်တစ်ကောင်ပဲ ၊ ငါတို့ ဇာတ်ကွက်ကို အပြည့်အဝနားလည်ခဲ့ရင်တောင် သူ့ကို ရင်ဆိုင်ဖို့က ခက်ခဲလိမ့်မယ် ၊ ငါထင်တာတော့ သူ့ကိုသတ်ပြီး ဇာတ်လမ်းကို အဆုံးသတ်လိုက်တာက ထွက်ပြေးတာထက်စာရင် အတွေ့အကြုံ (EXP) ပိုရနိုင်မယ် ထင်တယ်”
“အာ… မင်းက ဘယ်တုန်းက အတွေ့အကြုံ (EXP) ကို ဂရုစိုက်တတ်သွားတာလဲ”
ဝမ်တန်ကျိက မေးလိုက်သည်။
ဖုန်းပုကြွယ်က မပွင့်တပွင့်ပြုံးလိုက်ပြီး ‘ဘော့စ်’ ကို နေရောင်အောက်တွင် ပိုမြင့်အောင် မလိုက်သည်။
“အခုတော့ ငါ့မှာ ဒီ‘သည်းထိတ်ရင်ဖို သုခဘုံ’ ကို ကောင်းကောင်းကစားဖို့ အကြောင်းပြချက်သုံးခု ရှိသွားပြီ။
“ပထမအချက်၊ သိုးမွေးရဖို့ သိုးကို မွေးရမယ် ၊ ဒီဂိမ်းထဲမှာ ရင်းနှီးထားတဲ့ ပိုက်ဆံတွေကို ပြန်ရအောင် ငါကစားချင်တယ်။
“ဒုတိယအချက်၊ ဒီလို ကျပန်းဇာတ်လမ်းတွေက မဆိုးဘူး၊ တရားဝင်ဝဘ်ဆိုက်မှာ ဖတ်ရသလောက်တော့ ဒီစနစ်မှာ ကြီးမားတဲ့ ဒေတာအရင်းအမြစ်တွေ ရှိတယ် ၊ ကစားသမားတွေရဲ့ မှတ်ဉာဏ်တွေကို ပေါင်းစပ်ပြီး ဇာတ်ကွက်တွေကို ဖန်တီးပေးနိုင်တယ်၊ နောက်ပိုင်း အဖွဲ့လိုက်ရှင်သန်ရေးမုဒ်မှာ ပိုရှုပ်ထွေးတဲ့ ဇာတ်လမ်းတွေ ရှိလာလိမ့်မယ်၊ အဲဒီအခါကျရင် ဂိမ်းကတဆင့် ငါ့ဝတ္ထုတွေအတွက် ကုန်ကြမ်းတွေ စုဆောင်းလို့ရမယ်။
“တတိယအချက်၊ ငါ့ရဲ့ ‘ကြောက်ရွံ့မှု’ ကို ဆက်ရှာချင်တယ်…”
သူ့စကားများ ဆုံးသွားပြီးနောက် ဖုန်းပုကြွယ်က သူ့လက်များကို ပူး၍ ဝမ်တန်ကျိကို အချက်ပြလိုက်သည်။
ဝမ်တန်ကျိသည် သူဆိုလိုချင်သည်ကို နားလည်သောကြောင့် သစ်သီးလှီးဓားကို ကမ်းပေးလိုက်သည်။
“ဒါဆို ကြည့်ကြတာပေါ့… ဒီဘော့စ်ကို သတ်ပြီး အတွေ့အကြုံ (EXP) ဘယ်လောက်ရမလဲဆိုတာ”
ဖုန်းပုကြွယ်က ဓားကို ယူလိုက်ပြီး ရှေ့သို့ ထိုးနှက်လိုက်လေသည်...။