အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) အနားယူချိန်
“ဇာတ်လမ်းပြီးဆုံးပါပြီ ဆုလာဒ်များကို တွက်ချက်နေပါသည်”
ရရှိသော အတွေ့အကြုံရမှတ် (EXP) - ၅၀၀ ၊ ဂိမ်းဒင်္ဂါး - ၀
ရရှိသော ပစ္စည်း/လက်နက် - မရှိ
ပြီးမြောက်သော/လက်ခံထားသော မစ်ရှင် - ၀/၀
အထူး /လျှို့ဝှက်မစ်ရှင် ပြီးမြောက်မှု - ၀၊ ကမ္ဘာ့အမြင်ချိုးဖျက်မှု - မရှိ
ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%၊ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%
“သင်၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ - အကြောက်တရားကင်းမဲ့သူ ၊ လေ့ကျင့်ရေးမုဒ်အတွက် ဆုလာဒ်မရှိပါ”
“တွက်ချက်မှု ပြီးဆုံးပါပြီ ၊ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ”
ယခုတွင် အဖွဲ့လိုက်မုဒ်တွင် ရရှိမည့် ဆုလာဘ်များကို တွက်ချက်ပုံနှင့်ပတ်သက်သည့် စည်းမျဉ်းအချို့ကို သိရှိထားရန် လိုအပ်သည်။
‘သည်းထိတ်ရင်ဖို သုခဘုံ’ တွင် ကစားသမားတစ်ဦး သတ်ဖြတ်လိုက်သည့် ဘီလူးအကောင်ရေသည် ရရှိမည့် အတွေ့အကြုံ (EXP) အပေါ် သက်ရောက်မှု မရှိပေ။ EXP ကို ဇာတ်လမ်းပြီးဆုံးချိန်တွင် အားလုံးအတွက် စုပေါင်းတွက်ချက်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ကစားသမားတစ်ဦးသည် ဦးနှောက်မရှိဘဲ ဇာတ်လမ်း၏တိုးတက်မှုကို ထိခိုက်စေလောက်သည့် ပြဿနာမျိုး ဖန်တီးခဲ့ခြင်း မရှိပါက ရှင်သန်သူအားလုံးသည် EXPအတူတူ ရရှိကြမည်ဖြစ်သည်။ အကယ်၍ ကစားသမား၏ စွမ်းဆောင်ရည်မှာ ‘ဝက်ထက်ပင် ညံ့ဖျင်းနေပါက’ စနစ်က ထိုသူရရှိမည့် EXP ကို လျှော့ချပစ်မည်ဖြစ်သည်။(ဘီလူးဆိုတာ ဂိမ်းတွင်းတောကောင်တွေ minionတွေလိုမျိုးကို ပြောတာပါ)
ဤသည်မှာ ‘ဘီလူးလုသတ်ခြင်း’ နှင့် ‘လွန်လွန်ကဲကဲ လုပ်ဆောင်ပြခြင်း’ တို့ကို ကန့်သတ်ရန်ဖြစ်သည်။ တချို့ကစားသမားများသည် ဘီလူးများကို သတ်ခြင်းမှရရှိမည့် အိုင်တမ်များနှင့် EXP များကို သူတို့ပိုင်ဆိုင်ကြောင်း သေချာစေရန် မလိုအပ်သောတိုက်ခိုက်မှုများကို အလွန်အမင်း အသုံးပြုတတ်ကြသည်။ ဥပမာအားဖြင့် အခြားအသင်းဖော်များထက် ပိုမိုမြန်ဆန်ပြီး ပိုမိုပြင်းထန်သော ဒဏ်ရာရစေရန်အတွက် ခွေးတစ်ကောင်ကို သတ်ရာတွင်ပင် ဒုံးကျည်ကို အသုံးပြုခြင်းမျိုး ဖြစ်သည်။ ယင်းသည် အသင်း၏အရင်းအမြစ်များကို ဖြုန်းတီးပစ်သည့် တစ်ကိုယ်တော်စွမ်းဆောင်မှုမျိုးသာ ဖြစ်သည်။
သို့သော်လည်း ထိုစည်းမျဉ်းကြောင့် နောက်ထပ်ပြဿနာတစ်ခု ပေါ်လာရပြန်သည်။ ရရှိမည့် EXP တူညီနေမည်ဆိုပါက ဘီလူးများကို ပိုမိုသတ်ဖြတ်ခြင်းသည် မိမိ၏ သွေးနှင့် သက်လုံကို ဖြုန်းတီးခြင်းသာ ဖြစ်ပေမည်။ယင်းက ကစားသမားများ၏ တက်တက်ကြွကြွ တိုက်ခိုက်လိုစိတ်ကို လျော့နည်းသွားစေသည်။
တကယ်တော့ ထိုသို့လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ပြီး တက်ကြွသော ကစားသမားများသည် ‘ကျွမ်းကျင်မှုတန်ဖိုး’ကို ပိုမိုရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤအချက်ကို နောက်ပိုင်းတွင် ရှင်းပြသွားမည်။
သည်းထိတ်ရင်ဖို သုခဘုံတွင် ဘီလူးများကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်မရှိသကဲ့သို့ အိုင်တမ်များ ထွက်ကျလာခြင်းလည်း မရှိပေ။ ဥပမာအားဖြင့် မမ်မီတစ်ကောင် သေဆုံးသွားသည့်အခါ ၎င်း၏ ခန္ဓာကိုယ်မှ ဓားရှည်၊ ဒိုင်း သို့မဟုတ် သေနတ်ကဲ့သို့သောအရာများ ထွက်ကျလာမည် မဟုတ်သည်မှာ သေချာသည်။ အကယ်၍ ကစားသမားများက ထိုမမ်မီထံမှ တစ်စုံတစ်ခုကို အသည်းအသန် လိုချင်နေပါက ဆွေးမြည့်နေသောပတ်တီးစများ သို့မဟုတ် ပုပ်ပွနေသောအသားစများကိုသာ ကိုယ်တိုင်ယူဆောင်ရမည်ဖြစ်သည်။ သူတို့သည် ထိုပတ်တီးစကို ဆွဲဖြတ်၍ လက်ထဲတွင် ကိုင်ထားနိုင်သည့်အချိန်မှသာ စနစ်က ထိုအိုင်တမ်၏ဂုဏ်သတ္တိများကို ဖော်ပြပေးမည်ဖြစ်သည်။ ထိုစနစ်က မည်မျှညစ်ကြောင်းကို ဖော်ပြခဲ့ဖူးသည့် [ကျောက်ခဲ] ကိုသာ ပြန်လည်ကိုးကားကြည့်ပါတမုံ့။
ဂိမ်းထဲတွင် အိုင်တမ်များကို ရှာဖွေခြင်းသည် ‘စိတ်ဝင်စားစရာ’ ကောင်းသောအလုပ်တစ်ခု ဖြစ်သည်။ အိုင်တမ်များဝှက်ထားသည့် အထူးနေရာတချို့သို့ ဝင်ရောက်ရန် ပဟေဠိများကို ဖြေရှင်းရခြင်းအပြင် ကစားသမားများသည် သူတို့၏ စူးစမ်းရှာဖွေမှု (Quest) အတွက် လိုအပ်သောပစ္စည်းများစွာကို ကိုယ်တိုင် ‘ရှာဖွေ’ ရမည်ဖြစ်သည်။ ဥပမာ လမ်းမျက်နှာချင်းဆိုင်ခြံရှိ ဆိုင်ပြတင်းပေါက်တွင် စပိုက်ဒါမန်းဝတ်စုံတစ်စုံ ချိတ်ထားသည် ဆိုပါစို့။ ၎င်းသည် လုံးဝအသုံးမဝင်သည်လည်း ဖြစ်နိုင်သလို အထူးဂုဏ်သတ္တိများပါဝင်သော ‘ထူးကဲ’ အဆင့်ရှိ အိုင်တမ်တစ်ခုလည်း ဖြစ်နိုင်ပေသည်။ နောက်ထပ် ဥပမာတစ်ခုမှာ ကစားသမားများသည် မိလ္လာပိုက်လိုင်းများထဲလျှောက်သွားနေရင်း ဓားရှည်တစ်စုံ၊ နံချပ်ကူ ၊ အိမေဓားမြှောင် သို့မဟုတ် တုတ်ရှည်ကဲ့သို့သော လက်နက်များကို တွေ့ရှိသွားနိုင်ခြင်းမျိုး ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ကစားသမားများသည် ဇာတ်လမ်းအတွင်း အိုင်တမ်များကို ရှာဖွေလိုပါက ဉာဏ်ရည်၊ ကံကောင်းမှုနှင့် ကြိုးစားအားထုတ်မှုတို့ထဲမှ တစ်ခုခု လိုအပ်သည်။ ပထမအချက်နှစ်ခုမှာ တောင်းဆို၍ မရသော်လည်း နောက်ဆုံးအချက်ကား အချိန်ပိုပေးရန်သာ လိုအပ်သည်။ မှန်ပေသည်၊ ကစားသမားများက အိုင်တမ်များကို ပိုမိုရှာဖွေလိုပါက သူတို့၏သက်လုံသည် သန်မာနေရမည်ဖြစ်သည်။ များသောအားဖြင့် ဇာတ်လမ်းများသည် ကစားသမားများကို လျှောက်သွားနေရန် အချိန်အများကြီး မပေးတတ်ပေ။ ထို့ပြင် လျှောက်သွားနေခြင်းကြောင့် မိမိ၏ ‘ရုပ်ပိုင်းဆိုင်ရာ တန်ဖိုး’များကိုလည်း အသုံးပြုရပေမည်။
ဘီတာဗားရှင်းတွင် အိုင်တမ်များကို ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်ရန် မဖြစ်နိုင်သေးပေ။ ဂိမ်းကို တရားဝင်ထုတ်လွှင့်သည့်အခါမှသာ ထိုသို့ အရောင်းအဝယ်ပြုလုပ်နိုင်သည့်နေရာများကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။ ထို့နောက် ကစားသမားများသည် ဂိမ်းဒင်္ဂါးများနှင့် ကျွမ်းကျင်မှုတန်ဖိုးများကို အသုံးပြု၍ လဲလှယ်နိုင်ကြမည် ဖြစ်သည်။
ဂိမ်းဒင်္ဂါးများအကြောင်းကိုမူ ရှင်းပြရန် မလိုပေ။ ၎င်း၏လုပ်ဆောင်ချက်မှာ အခြားဂိမ်းများကဲ့သို့ပင် ဖြစ်သည်။ ကစားသမားများသည် ဒင်္ဂါးများကိုသုံး၍ ဆိုင်များမှ အိုင်တမ်များ ဝယ်ယူနိုင်သလို အခြားကစားသမားများ ရောင်းချသည့် အိုင်တမ်များကို လေလံဆွဲခြင်း သို့မဟုတ် တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်ခြင်းများ ပြုလုပ်နိုင်သည်။
ထို့ပြင် ကျွမ်းကျင်မှုတန်ဖိုးသည် ရှားပါးသော ‘ငွေကြေး’ တစ်မျိုးကဲ့သို့ ဖြစ်သည်။ ကစားသမားများ အချင်းချင်းသည် ကျွမ်းကျင်မှုတန်ဖိုးကို လဲလှယ်မရသလို ဆိုင်များတွင်လည်း အသုံးပြု၍ မရပေ။ ကျွမ်းကျင်မှုတန်ဖိုးအား ‘ကြောက်ရွံ့ခြင်းသေတ္တာ’ ဟုခေါ်သော နေရာတစ်ခုတွင်သာ အသုံးပြုနိုင်သည်။
၎င်းသည် ဂိမ်းအတွင်းရှိ အထူးဆိုင်တစ်ဆိုင်၏ အမည်ဖြစ်သည်။ အဘယ်ကြောင့် ထိုကဲ့သို့ အမည်ပေးထားသည်ကို မည်သူမျှ မသိကြပေ။ဖြစ်နိုင်သည်က ကစားသမားများသည် ထိုဆိုင်ရှိ ပစ္စည်းများကိုမြင်လျှင် ထိတ်လန့်သွားမည်ဖြစ်သောကြောင့် ဒီဇိုင်နာက ထိုသို့ အမည်ပေးထားခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျွမ်းကျင်မှုတန်ဖိုးဖြင့် ကြောက်ရွံ့ခြင်း သေတ္တာထံမှ အရာနှစ်ခုကို ဝယ်ယူနိုင်သည်။ ပထမတစ်ခုမှာ ဒင်္ဂါးပြားများ ဖြစ်သည်။ ကစားသမားများသည် ၁:၁၀ နှုန်းဖြင့် လဲလှယ်နိုင်သည်။ ဒုတိယတစ်ခုသည် ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်မရသော အိုင်တမ်များ ဖြစ်သည်။ ဥပမာအားဖြင့် ဖုန်းပုကြွယ်၏ လူသစ်လေ့ကျင့်ရေးတွင် သူတွေ့ရှိခဲ့သော ‘သွေးအလောင်းကောင် သေရမည်’ ဟူသော ဓားကဲ့သို့ အရာမျိုးဖြစ်သည်။ ထိုဓားသည် သူ့လက်ရှိစွမ်းဆောင်ရည်ဖြင့် မနှိမ်နင်းနိုင်သော သွေးအလောင်းကောင်ကို နှိမ်နင်းရန် ကူညီပေးသည့်ဇာတ်လမ်းနှင့် ဆက်စပ်နေသောအိုင်တမ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုဓားတွင် ကစားသမား အဆင့်သတ်မှတ်ချက် ကန့်သတ်ချက်များ မရှိသလို ဇာတ်လမ်းအပြင်ဘက်သို့လည်း ယူဆောင်သွား၍ မရပေ။
ဇာတ်လမ်း ပြီးဆုံးသွားသည့်တိုင် စနစ်သည် အိုင်တမ်များ၊ ကိရိယာများနှင့် စွမ်းရည်များ၏ ဒေတာများကို ဖျက်ပစ်မည် မဟုတ်ပေ။ ကစားသမားများက ၎င်းတို့ကို ယူဆောင်သွား၍ မရသော်လည်း ၎င်းတို့မှာ ပြန်လည်အသုံးပြုသည့်စခန်းများကဲ့သို့သော နေရာတစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုနေရာမှာ ‘ကြောက်ရွံ့ခြင်း သေတ္တာ’ ပင် ဖြစ်သည်။ ဤအထူးဆိုင်တွင် ၎င်းတို့သည် ရောင်းကုန်များဖြစ်လာပြီး ကစားသမားများသည် ၎င်းတို့ကို ဝယ်ယူရန် ကျွမ်းကျင်မှုတန်ဖိုးကိုသာ အသုံးပြုနိုင်သည်။ ၎င်းတို့၏ ဂုဏ်သတ္တိများမှာလည်း သင့်လျော်စွာ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် အိုင်တမ်ကို အသုံးပြုရန် လိုအပ်ချက်များကို ညှိပေးမည် ဖြစ်သကဲ့သို့ အကျိုးသက်ရောက်မှုအချို့ကိုလည်း ပြောင်းလဲပေးမည် ဖြစ်သည်။ များသောအားဖြင့် ကျွမ်းကျင်မှုကတ်များသည် အမြဲတမ်းအသုံးပြုနိုင်မည့် ကတ်များ ဖြစ်လာမည် ဖြစ်သော်လည်း သင်ယူရန် လိုအပ်ချက်များမှာ မြင့်တက်လာမည် ဖြစ်သည်။
ဘီတာဗားရှင်းတွင် ကြောက်ရွံ့ခြင်း သေတ္တာကို မိတ်မဆက်ရသေးပေ။ ဤ ပြန်လည်အသုံးပြုရေး စခန်းသည် ယခုအချိန်တွင် ဗလာဖြစ်နေဆဲ ဖြစ်သည်။ တရားဝင်ဗားရှင်း ထွက်လာသည့်အခါမှသာ ကစားသမား အရေအတွက် များပြားလာမည် ဖြစ်သည်။ ထို့ကြောင့် ဤအဆင့်တွင် ၎င်းတို့သည် ပစ္စည်းပမာဏအချို့ကို သိုလှောင်ထားရမည် ဖြစ်သည်။ ဤအထူးဆိုင်ကို တရားဝင်ဖွင့်လှစ်ပြီး ၇ ရက်အကြာတွင် (အိုင်တမ်များရောင်းချရန် ပြသထားသည့် လက်တွေ့အချိန်) အိုင်တမ်များ ကျန်ရှိနေသေးပါက ကုန်ပစ္စည်းအရေအတွက်ကို ထိန်းညှိရန် စနစ်က ၎င်းတို့ကို ဖျက်ပစ်မည် ဖြစ်သည်။ ဘီတာဗားရှင်းတွင် ကစားသမားများကို အဆင့် ၂၀ အထိသာ ကန့်သတ်ထားသည်။ ဤဂိမ်းသည် ပေးထားသော ဇာတ်လမ်းများကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းအပေါ်တွင်သာ အခြေခံထားသဖြင့် အဆင့်မြင့်နေခြင်းက အားသာချက်တစ်ခု မဟုတ်ပေ။ ထို့ပြင် နောက်ပိုင်းတွင် ကစားသမားများသည် လက်တွေ့ငွေကြေးကို အသုံးပြု၍ ဂိမ်းဒင်္ဂါးများကို ဝယ်ယူနိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် ဘီတာဗားရှင်းကတည်းက ပါဝင်ကစားခဲ့သော ကစားသမားများ၏ အကြီးမားဆုံး အားသာချက်သည် သူတို့ စုဆောင်းထားသော ကျွမ်းကျင်မှုတန်ဖိုးပင် ဖြစ်သည်။ ကြောက်ရွံ့ခြင်း သေတ္တာထဲမှ ပထမဆုံးသော ပစ္စည်းကောင်းများကို ကျွမ်းကျင်မှုတန်ဖိုးရှိသော ကစားသမားများသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ ယင်းသည် သူတို့အတွက် အကောင်းဆုံးအိုင်တမ်များကို ဦးစွာရွေးချယ်နိုင်ရန် ပေးထားသော ဦးစားပေးအခွင့်အရေးတစ်ခု ဖြစ်သည်။
ထို့နောက် တက်ကြွစွာတိုက်ခိုက်ခြင်း အကြောင်းကို ပြောပြပါမည်၊ ယခုဆိုလျှင် ရှင်းပြရန် ပိုမိုလွယ်ကူသွားပြီ ဖြစ်သည်။ ကျွမ်းကျင်မှုတန်ဖိုးရရှိရန်အတွက်က တိုက်ခိုက်ခြင်းဖြစ်သည်။
လူတိုင်းသည် ပဟေဠိများကို ဖြေရှင်းရာတွင် မတော်နိုင်ကြသော်လည်း တိုက်ခိုက်ခြင်းကိုမူ မည်သူမဆို ပြုလုပ်နိုင်သည်။ ကျွမ်းကျင်မှုတန်ဖိုးကို ‘ဇာတ်လမ်းတိုးတက်မှုကို အထောက်အကူပြုသော လုပ်ဆောင်ချက်များ’ အတွက် ဆုလာဘ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းကို ပဟေဠိများ ဖြေရှင်းခြင်းပုံစံသာမက တိုက်ခိုက်ခြင်းပုံစံဖြင့်လည်း ရရှိနိုင်သည်။ ပိုမိုတိုက်ခိုက်လေ ကျွမ်းကျင်မှုတန်ဖိုးရရှိရန် အခွင့်အလမ်း ပိုများလာလေ ဖြစ်သည်။ ဥပမာအားဖြင့် သတ်ဖြတ်ခြင်း၊ ဆက်တိုက် သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း သို့မဟုတ် လက်ရှိ အခြေအနေများကို အသုံးချ၍ ဘီလူးများကို အနည်းဆုံးသော ထိခိုက်မှုဖြင့် အထိရောက်ဆုံး နည်းလမ်းဖြင့်နှိမ်နင်းခြင်းတို့ ဖြစ်သည်။
လက်တွေ့ကျသော ဥပမာတစ်ခု ပြပါမည်။ ဖုန်းပုကြွယ်၏ လူသစ်သင်ခန်းစာတွင် သူသည် သော့ကို မရှာဘဲ တံခါးကိုကန်ဖွင့်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင်ပင် ကျွမ်းကျင်မှုတန်ဖိုးကို ရရှိနေဦးမည်ဖြစ်သည်။ အရေးကြီးသည်မှာ သူတံခါးကို ကန်လိုက်သည့် နည်းလမ်းပင် ဖြစ်သည်။ ယေဘုယျအားဖြင့် လူများသည် တံခါးကို ခြေဖဝါးဖြင့် ကန်တတ်ကြသည်။ ရုပ်ရှင်ထဲမှ မင်းသားများစွာလည်း ထိုသို့ပင် ပြုလုပ်ကြသည်။ တကယ်တမ်းတွင် ထိုနည်းလမ်းသည် စွမ်းအင်ကို အဖြုန်းတီးဆုံးနည်းလမ်း ဖြစ်သည်။ ဘေးတိုက်ကန်ခြင်း သို့မဟုတ် ဝေ့ကန်ခြင်းတို့က စွမ်းအင်ကို ပိုမိုသက်သာစေခြင်းဖြစ်သည်။ အကယ်၍ ဖုန်းပုကြွယ်က ပိုမိုကောင်းမွန်သော နည်းလမ်းဖြင့် တံခါးကို ကန်ခဲ့မည်ဆိုပါက သူသည် ကျွမ်းကျင်မှုတန်ဖိုးကို ရရှိဦးမည် ဖြစ်သည်။ယင်းက ပဟေဠိကို ဖြေရှင်းသလောက် မရနိုင်သော်လည်း အနည်းဆုံး ၁၀ မှတ်ခန့် ရရှိပေလိမ့်မည်။
ထိုအချက်နှစ်ခုသည် ဂိမ်းကစားသည့် နည်းလမ်းနှစ်မျိုး ဖြစ်သည်။ ကြီးပွားအောင်မြင်နိုင်သည့် မတူညီသောလမ်းစနှစ်ခု ဖြစ်သည်။ ပဟေဠိများကိုဖြေရှင်းရန် အကြောင်းပြချက်ရှာဖွေပြီး ကမ္ဘာ့အမြင်ကို ဖော်ထုတ်လိုသော ကစားသမားများသည် တစ်ကြိမ်တည်းဖြင့် ကျွမ်းကျင်မှုတန်ဖိုးများစွာ ရရှိနိုင်သည်။ တိုက်ခိုက်ခြင်းကို ဝါသနာပါသော ကစားသမားများကမူ အကြမ်းဖက်မှုများမှတစ်ဆင့် ကျွမ်းကျင်မှုတန်ဖိုးများကို အဆက်မပြတ်လေ့ကျင့်စုဆောင်းနိုင်သည်။ ယေဘုယျအားဖြင့် တိုက်ခိုက်ခြင်းဖြင့် ကျွမ်းကျင်မှုတန်ဖိုးရှာသော ကစားသမားများသည် ရမှတ်များ ပိုမိုရရှိတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပဟေဠိကိုဖြေရှင်းရန် ခြေတစ်လှမ်းအလိုသို့ ရောက်နေသော်လည်း အဆုံးသတ်တွင် မဖြေရှင်းနိုင်ခဲ့ပါက ကျွမ်းကျင်မှုတန်ဖိုး လုံးဝရရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။ တစ်ဖက်တွင်မူ တိုက်ခိုက်တတ်သော ကစားသမားများသည် အချိန်နှင့်အမျှ ရမှတ်များကို စုဆောင်းသွားနိုင်ပေသည်။
မည်သည့်နည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ ဤဂိမ်းတွင် အရှောင်ကြဉ်သင့်ဆုံး အပြုအမူမှာ ‘ဦးနှောက်မပါသော’ လုပ်ရပ်များပင် ဖြစ်သည်။ ဤဂိမ်း၏ ခြောက်ခြားမှုအသေးစိတ်သည် ကစားသမားများ၏တည်ငြိမ်မှုကို ဖျက်ဆီးရန်နှင့် ခွေးတစ်ကောင်ကိုသတ်ရန် ဒုံးလောင်ချာသုံးခြင်းကဲ့သို့သော မိုက်မဲသည့်လုပ်ရပ်များကို လုပ်ဆောင်လာစေရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ သည်းထိတ်ရင်ဖို သုခဘုံတွင် ယုတ္တိအရှိဆုံး တိုက်ခိုက်ရေးဗျူဟာများကသာ အကြီးမားဆုံးသော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်သည်။ ဒုံးလောင်ချာကို သုံးလျှင် ပြာပုံကိုသာ ရလိမ့်မည်။ ခွေးရိုက်တုတ် နည်းလမ်းကို သုံးလျှင်မူ အမွေးအမှင်များနှင့် ဟော့ပေါ့တစ်အိုးကို ရရှိနိုင်ပေလိမ့်မည်။
……………
ဖုန်းပုကြွယ်သည် လော့ဂ်အင်နေရာသို့ ပြန်ရောက်လာပြီး တွက်ချက်ထားသော ဒေတာများကို ဖတ်ကြည့်လိုက်သည်။ သူ မီနူးကို ဖွင့်လိုက်သောအခါ သူသည် အဆင့် ၄ သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏ သက်လုံတန်ဖိုးသည် ၄၀၀/၄၀၀ ဖြစ်နေပြီး အဆင့်တက်ရန် လိုအပ်သော EXP မှာ ၀/၄၀၀ ဖြစ်နေလေသည်။ ဤဂိမ်းတွင် အဆင့်တက်ရန် လိုအပ်သော EXP သည် သိပ်မများပုံရသည်။ အနည်းဆုံးတော့ ယခုအချိန်အထိ အဆင့်တစ်ခုစီအတွက် အမှတ်တစ်ရာသာ လိုအပ်ပြီး သက်လုံတန်ဖိုးတိုးလာမှုနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့၏ ပင်မစာမျက်နှာတွင် အဆင့်တစ်ခုစီအတွက် လိုအပ်သော EXP ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။ လမ်းညွှန်များကိုရေးသားခဲ့ကြသည် ပညာရှင်များကလည်း ဤအကြောင်းကို ဆွေးနွေးထားခြင်း မရှိကြပေ။ ထို့ကြောင့် ပိုမြင့်သော အဆင့်များသို့ ရောက်လာသည့်အခါ အဆင့်တက်ရန် လိုအပ်သော EXP သည် မယုံနိုင်လောက်အောင် မြင့်တက်သွားနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း ချန်လှပ်ထား၍မရပေ။
“အစ်ကိုကြွယ်... ငါ အဆင့် ၃ ကို ရောက်သွားပြီကွ ၊ ပြီးတော့ အဆင့် ၄ ရောက်ဖို့ အမှတ် ၃၀ပဲ လိုတော့တယ်”
ဝမ်တန်ကျိအသံက ဆက်သွယ်ရေး ချန်နယ်မှတစ်ဆင့် ထွက်ပေါ်လာသည်။
“ငါ သိပါတယ်”
တကယ်တော့ ဖုန်းပုကြွယ်သည် တန်ကလေး၏ EXP ကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကြားရှိ အမှတ် ၃၀ ကွာခြားမှုသည် လူသစ်သင်ခန်းစာမှ ရရှိခဲ့သော အပိုဆုကြောင့် ဖြစ်သည်။
“ငါတို့ နောက်ထပ် အဖွဲ့လိုက်မုဒ်လေ့ကျင့်ရေးကို တစ်ကြိမ်လောက် ထပ်ကစားရင် အဆင့် ၄ ရောက်သွားလိမ့်မယ် ၊ ဒါပေမဲ့ ဒီမုဒ်က အကျိုးအမြတ် အများကြီးမရှိဘူး ၊ ငါတို့ အဆင့် ၅ ရောက်ရင် အဖွဲ့လိုက်ရှင်သန်ရေးမုဒ်ကို သေချာပေါက် စမ်းကြည့်ကြမယ် ၊ ဒါက ဒီဂိမ်းရဲ့ အနှစ်သာရပဲ၊ ဒါပေမဲ့ အခုတော့ ငါတို့မှာ ကိရိယာတွေ တော်တော်လေး ပြတ်လတ်နေသေးတယ် ၊ ပစ္စည်းအကောင်းစားတွေ မပြောနဲ့ဦး ငါတို့မှာ သာမန်ပစ္စည်းတွေတောင် မရှိသေးဘူး ၊ ငါတို့ တခြားအသင်းတွေထဲ ဝင်သွားရင် သူတို့ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေလိမ့်မယ်”
“ဘာလဲ၊ အသင်းလား၊ ဝန်ထုတ်ဝန်ပိုး ဖြစ်မှာလား ၊ ဘယ်သူ့ကိုလဲ”
ဝမ်တန်ကျိက ဇဝေဇဝါ ဖြစ်သွားသည်။
“မင်း ဂိမ်းမိတ်ဆက်တွေကို သေချာမဖတ်ရသေးဘူး ထင်တယ်”
ဖုန်းပုကြွယ်က ပြောသည်။
“အသင်းသားအရေအတွက်က နှစ်ယောက်ကနေ ခြောက်ယောက်အထိ ရှိနိုင်တယ်၊ ဇာတ်လမ်း မစခင် သူတို့ကို ကျပန်း ရွေးချယ်ပေးမှာ ၊ တကယ်လို့ ငါတို့မှာ အသင်းသားခြောက်ယောက် ရှိနေရင် အဆင်ပြေတယ်၊ ဒါပေမဲ့ ငါတို့က နှစ်ယောက်တည်း ဖြစ်နေပြီး သုံးယောက်၊ လေးယောက်၊ ငါးယောက် ဒါမှမဟုတ် ခြောက်ယောက်ကစားရမယ့် ဇာတ်လမ်းထဲကို ဝင်တော့မယ်ဆိုရင် တခြားလူတွေနဲ့ အဖွဲ့ဖွဲ့ရလိမ့်မယ်။
“တကယ်လို့ ငါတို့ အရမ်းညံ့နေရင် ဇာတ်လမ်းထဲမှာ သေသွားနိုင်တယ် ၊ အဲဒီအခါကျရင် ငါတို့အသင်းက ဇာတ်လမ်းကို အောင်မြင်သွားရင်တောင် ငါတို့မသေခင်က ကြိုးစားခဲ့တဲ့ အတိုင်းအတာအအလိုက် EXP ကိုပဲ ရလိမ့်မယ် ၊ ပြီးတော့ ဇာတ်လမ်းပြီးဆုံးတဲ့ ဆုလာဘ်တွေကိုလည်း ငါတို့ ရမှာမဟုတ်ဘူး။
“ဒါ့အပြင် ပစ္စည်းခွဲတဲ့ ပြဿနာလည်း ရှိသေးတယ် ၊ အသိအကျွမ်းမဟုတ်တဲ့ ကစားသမားတွေ ကြားမှာ အိုင်တမ် ဒါမှမဟုတ် ကျွမ်းကျင်မှုတွေကို တွေ့တဲ့လူက သိမ်းထားမှာပဲ၊ ဇာတ်လမ်းအပြင်ဘက်ကို ယူသွားလို့မရတဲ့ အရာတွေကလွဲရင် ဘယ်သူကမှ သူတို့တွေ့ထားတဲ့ ကျွမ်းကျင်မှု ဒါမှမဟုတ် ကိရိယာတွေကို မျှဝေချင်ကြမှာ မဟုတ်ဘူး။
“ဒါကတော့ လူတွေရဲ့ စိတ်ဓာတ်ပါပဲလေ၊ သူတို့ဆီမှာ ရောင်းလို့မရတဲ့ ဒါမှမဟုတ် လဲလှယ်လို့မရတဲ့ အသုံးမဝင်တဲ့ပစ္စည်းတွေ ရှိနေရင်တောင် ဒင်္ဂါးရဖို့ စနစ်ဆီပဲ ပြန်ရောင်းကြမှာ၊ သူတို့ရဲ့ အသင်းသားတွေကို အလကားပေးမှာ မဟုတ်ဘူး ၊ မင်းဘက်က တစ်ခုခုပြန်ပေးမှသာ သူတို့ စိတ်ကျေနပ်ကြလိမ့်မယ်”
သူ့စကားကို ကြားရသောအခါ ဝမ်တန်ကျိက ဖြည့်စွက်ပြောလိုက်သည်။
“အတိုချုပ်ပြောရရင် ငါတို့ အခု အဆင့်တက်ဖို့အခွင့်အရေးကို အမိအရမယူထားရင် အဆင့် ၅ ကျော်သွားတဲ့အခါ အရမ်းခက်ခဲသွားလိမ့်မယ် ၊ ပြီးတော့ ငါတို့ရဲ့ အထူးကျွမ်းကျင်မှုတွေကလည်း မပွင့်သေးဘူးဆိုရင် သူတို့က ငါတို့ကို အမှိုက်လိုပစ္စည်းတွေ ဒါမှမဟုတ် အသုံးမကျတဲ့ ကျွမ်းကျင်မှုတွေ ပေးလာရင်တောင် ငါတို့ယူနိုင်မှာမဟုတ်ဘူး”
“မင်း နားလည်သွားတာ ကောင်းပါတယ် ၊ အခုတော့ ငါတို့ ခဏခွဲပြီး တစ်ကိုယ်တော် ရှင်သန်ရေးမုဒ်ကို စကြမယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်း ဒီလောက်အများကြီး ပြောနေတာက ငါ့ကို စွန့်ပစ်ထားခဲ့ချင်လို့ကိုး ၊ ဟေ့”
ဖုန်းပုကြွယ်က ရယ်မော၍ ပြောလိုက်သည်။
“ငါထင်တာတော့ ငါတို့က အရင်က အဖွဲ့လိုက်လေ့ကျင့်ရေးမုဒ်ကို အပြည့်အဝပြီးခဲ့တယ် ထင်တယ်၊ ဘာလို့လဲဆိုတော့ လော့ဂျစ်ကျကျပြောရရင် ငါတို့ ဒီလောက်ထိ EXP အများကြီး မရသင့်ဘူး ၊ ငါထင်တာတော့ ဒီဘော့စ်က မူလက သတ်ဖို့ဒီဇိုင်းထုတ်ထားတာ မဟုတ်လောက်ဘူး၊ ဘော့စ်ကို သတ်ပြီး အဆင့်ကျော်ဖို့ဆိုတာ တော်တော်ရှားတယ် ၊ ပုံမှန်အားဖြင့် ကစားသမားတွေက ထွက်ပြေးဖို့ လိုရုံပဲ၊ အဲဒီလိုဆိုရင် အမှတ် ၃၀၀ လောက်ပဲ ရလိမ့်မယ်။
“အခု အဆင့်တက်တာက ငါတို့မျှော်လင့်ထားတာထက် ပိုမြန်နေတယ် ၊ အခု ငါတို့ အဆင့် ၅ ရောက်ဖို့အတွက် တစ်ကိုယ်တော်လေ့ကျင့်ရေးမုဒ်ကို ကိုယ့်ဘာသာကိုယ်ပြီးအောင် ကစားရမယ် ၊ အဲဒီအခါကျရင် ငါတို့ရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ တိုးတက်လာလိမ့်မယ်၊ အနည်းဆုံးတော့ အထူးကျွမ်းကျင်မှုတစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ထပ်ပွင့်လာလိမ့်မယ်၊ ကျွမ်းကျင်မှု ဒါမှမဟုတ် ကိရိယာတချို့တောင် ရနိုင်သေးတယ်”
“အေးပါကွာ၊ ငါ တစ်ယောက်တည်း ကစားပါ့မယ်၊ ဒါပေမဲ့ မင်းရဲ့ အခြေအနေကို ငါ့ရဲ့ သူငယ်ချင်းစာရင်းမှာ မြင်နေရတုန်းပဲမလား”
ဝမ်တန်ကျိက မေးလိုက်သည်။
“ဒါပေါ့၊ မြင်ရတာပေါ့”
ဖုန်းပုကြွယ်က ဖြေသည်။
“ဘယ်သူ အရင်ပြီးပြီး ကျန်တဲ့တစ်ယောက်ကို စောင့်ကြမယ် ၊ မမျှော်လင့်ထားတဲ့ ကိစ္စတွေ မရှိဘူးဆိုရင် အဆင့် ၅ ရောက်ဖို့က အများဆုံး တစ်နာရီပဲကြာလိမ့်မယ် ၊ အဲဒီအခါကျရင် ငါတို့ အဲဒီ ဒဏ္ဏာရီလာ အဖွဲ့လိုက်ရှင်သန်ရေးမုဒ်ကို စမ်းကြည့်ကြတာပေါ့”
အခန်း (၁၀) ဂိမ်းကစားလိုက်ကြစို့
အစီအစဉ် ဆွဲပြီးသည်နှင့် သူတို့အဖွဲ့ကို ဖျက်လိုက်ကြသည်။ ဖုန်းပုကြွယ်သည် ဝမ်တန်ကျိ၏ အခြေအနေကို သူ့သူငယ်ချင်းစာရင်းတွင် မြင်နေရဆဲဖြစ်ပြီး ‘အားလပ်သည်’ သည် မကြာမီ ‘ဂိမ်းကစားနေသည်’ဟု ပြောင်းလဲသွားသည်။ သို့သော် မည်သည့်မုဒ်ကို ကစားနေကြောင်း စနစ်က ဖော်ပြခြင်းမရှိပေ။ ဤသည်မှာ ကစားသမားများ၏အချက်အလက်များ ပေါက်ကြားမှုကို ကာကွယ်ရန် ဖြစ်နိုင်ပေသည်။
သည်းထိတ်ရင်ဖို သုခဘုံ၏ လူမှုကွန်ရက်ရွေးချယ်စရာတွင် လက်ရှိ ရွေးချယ်စရာသုံးခုသာ ရှိသည်။၎င်းတို့မှာ လတ်တလော အဖွဲ့သားများ၊ သူငယ်ချင်းများနှင့် အမည်ပျက်စာရင်းတို့ ဖြစ်သည်။ ကစားသမားတစ်ဦးသည် ဇာတ်လမ်းအတွင်း ရောက်ရှိနေချိန်တွင် သူငယ်ချင်းအဖြစ်တောင်းဆိုခြင်း သို့မဟုတ် အမည်ပျက်စာရင်းသွင်းခြင်းများ ပြုလုပ်မရပေ။ ထိုအရာများကို လော့ဂ်အင်ဝင်သည့် နေရာတွင်သာ လုပ်ဆောင်နိုင်သည်။
အခြားလူများကို မည်သို့ ‘ယဉ်ကျေးစွာ’ ငြင်းပယ်ရမည်သည် အွန်လိုင်းလောကတွင် အမြဲတမ်း ပြဿနာတစ်ခုဖြစ်ပြီး အိပ်မက်ကော်ပိုရေးရှင်းက ယင်းကိစ္စအတွက် အတော်လေး အားစိုက်ထုတ်ထားပေသည်။ ဂိမ်းစက်သည် လူတစ်ဦး၏ ရုပ်ရည်သွင်ပြင်ကို မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက်ကို ပံ့ပိုးပေးထားသည်။ထိုလုပ်ဆောင်ချက်ကို ခံစားရန်အတွက် ဂိမ်းထဲသို့ လော့ဂ်အင်ဝင်ရန် မလိုပေ။ သို့သော် ဖုန်းပုကြွယ်ကမူ ထိုအရာကို ဂရုမစိုက်သဖြင့် အသုံးမပြုခဲ့ပေ။ ဤသည်မှာ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီးသည် မိမိကိုယ်ကိုယ် မည်မျှ ယုံကြည်မှုလွန်ကဲနေကြောင်း ပြသနေခြင်း ဖြစ်သည်။ သို့သော်လည်း ကစားသမားများသည် ဂိမ်းထဲမှ ‘အမျိုးသမီးကစားသမားများ’ မှာ အပြင်လောကတွင် အမှန်တကယ် မလှပနိုင်ကြောင်း သတိပြုမိကြသော်လည်း ၎င်းက မိန်းကလေးကစားသမားများထံ သူငယ်ချင်းအဖြစ်တောင်းဆိုလွှာများ ရောက်ရှိလာခြင်းကို မတားဆီးနိုင်ပါပေ။
ထို့အပြင် ‘ခြေသလုံးဖက်ခြင်း’ဟူသော ဖြစ်စဉ်လည်း ရှိသေးသည်။ နောင်တွင် ဖုန်းပုကြွယ်သည် ဤပြဿနာနှင့် မကြာခဏ ကြုံတွေ့ရပေလိမ့်မည်။ ဇာတ်လမ်းတစ်ခုပြီးဆုံးတိုင်း သူငယ်ချင်းအဖြစ် တောင်းဆိုလွှာများစွာကို သူရရှိပေလိမ့်မည်။ မှန်ပေသည် ယင်းက အတော်လေးပုံမှန်ပင် ဖြစ်သည်။ မည်သူမည်ဝါမှန်း မသိသော ကြုံရာကျပန်းကစားသမားများနှင့် ယှဉ်လျှင် လူများသည် သန်မာသည့်ကစားသမားများနှင့် တွဲကစားရသည်ကို ပိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဂိမ်းအခက်အခဲကို လျှော့ချပေးနိုင်သောကြောင့် ဖြစ်သည်။
အကြောင်းရင်း မည်သို့ပင်ရှိစေကာမူ ငြင်းပယ်ခံရခြင်းသည် ရှက်စရာကောင်းသော ကိစ္စဖြစ်သည်။ ထို့ကြောင့် အိပ်မက်ကော်ပိုရေးရှင်းက သူငယ်ချင်းအဖြစ် တောင်းဆိုလွှာများကို လော့ဂ်အင်ဝင်သည့် နေရာတွင် ပေးပို့ခွင့်ပြုခြင်းဖြင့်သာ ဖြေရှင်းခဲ့သည်။ အကယ်၍ သင်ငြင်းပယ်ခံရလျှင်လည်း ထိုအကြောင်းကို သင်တို့နှစ်ယောက်သာ သိမည်ဖြစ်သည်။ ထို့ပြင် ထိုအချိန်တွင် ဇာတ်လမ်းလည်း ပြီးဆုံးသွားပြီဖြစ်သဖြင့် ငြင်းပယ်ခံရသော ကစားသမားက စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခုလုပ်ပြီး ဂိမ်းအတွေ့အကြုံကို ဖျက်ဆီးရန် အခွင့်အရေး မရှိတော့ပေ။
သူငယ်ချင်း ဖြစ်နေသူများသာ လော့ဂ်အင်နေရာတွင် ဖုန်းပြောသကဲ့သို့ ဆက်သွယ်နိုင်သည်။ ဗီဒီယိုခေါ်ဆိုမှုမရှိသကဲ့သို့ တစ်ဖက်လူ၏ မျက်နှာအမူအရာကိုလည်း မြင်ရမည် မဟုတ်ပေ။ သူငယ်ချင်း မဟုတ်သော ကစားသမားများအတွက်မူ ဆက်သွယ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ စာပို့ခြင်း ဖြစ်သည်။ လက်တွေ့အချိန် ၂၄ နာရီအတွင်း အများဆုံး ပေးပို့နိုင်သော စာအရေအတွက်မှာ သုံးစောင်သာဖြစ်ပြီး တစ်ဖက်က ပြန်စာမလာပါက စတုတ္ထမြောက်စာကို ပို့မရနိုင်ပေ။ စာတစ်စောင်လျှင် စာလုံးရေ အများဆုံးတစ်ထောင်အထိ ကန့်သတ်ထားပြီး ပါဝင်သည့် အကြောင်းအရာကိုလည်း စနစ်က စစ်ဆေးမည်ဖြစ်သည်။ မသင့်လျော်သော အကြောင်းအရာများ ပါဝင်ပါက စနစ်ကပိတ်ပင်ထားမည် ဖြစ်ပြီး လက်ခံရရှိသူထံသို့ ကစားသမားတစ်ဦးက နှောင့်ယှက်သော စာရေးသားခဲ့ကြောင်း အသိပေးကာ ထိုလူကို အမည်ပျက်စာရင်းသွင်းနိုင်ရန် ရွေးချယ်ခွင့် ပေးမည်ဖြစ်သည်။
ကစားသမားတစ်ဦးကို အမည်ပျက်စာရင်း သွင်းလိုက်ပြီဆိုပါက ထိုလူကို လုံးဝပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ သူတို့သည် တူညီသော ဇာတ်လမ်းထဲတွင် အတူတူကျမည် မဟုတ်သလို နှောင့်ယှက်ခံရသူမှာလည်း ထိုလူ့ထံမှ မည်သည့်စာကိုမျှ ရရှိတော့မည် မဟုတ်ပေ။ အကယ်၍ မိမိကို ဖိတ်ခေါ်သော အဖွဲ့ထဲတွင် အမည်ပျက်စာရင်းထဲမှ အဖွဲ့ဝင်တစ်ဦး ပါဝင်နေပါက စနစ်က ကြိုတင် အသိပေးမည် ဖြစ်သည်။
ထိုကန့်သတ်ချက်များ ရှိနေခြင်းကြောင့် ကစားသမားများသည် မိမိတို့ အပြန်အလှန် မဆက်ဆံလိုသူများနှင့် ဂိမ်းအတူတူကစားရခြင်းမှ ရှောင်လွှဲနိုင်ပေသည်။
မှန်ပါသည်၊ အရှိတရားက ထိုထက် ပိုအေးချမ်းပေသည်။ ကစားသမား အများစုသည် သူငယ်ချင်းအဖြစ် တောင်းဆိုလွှာငြင်းပယ်ခံရပြီးနောက် မည်သည့်အရာမှ လုပ်မည်မဟုတ်ဘဲ နောက်ဂိမ်းတစ်ပွဲကိုသာ ဆက်ကစားကြလေ့ရှိကြသည်။ အခြားကစားသမားများကို နှောင့်ယှက်ရန် စာများ ရေးလေ့မရှိကြပေ။ ဘာပဲဖြစ်ဖြစ် ဂိမ်းကစားတယ်ဆိုတာ ပျော်ဖို့အတွက် မဟုတ်လား။(နိုင်ငံတော်လက်နှစ်ချောင်းဂိမ်းကတော့ ဒီလိုမဟုတ်ပေါင်)
...
ဖုန်းပုကြွယ်သည် ဂိမ်းအသစ်ကို ချက်ချင်း မစသေးပေ။ သူ့အခြေအနေကို အရင် စစ်ဆေးလိုက်သည်။ ယခုအချိန်အထိ သူသည် အထွေထွေ စွမ်းဆောင်ရည်တစ်ခုတည်းကိုသာ ကျွမ်းကျင်မှုအဖြစ် ဖွင့်နိုင်သေးပြီး ကျန်ရွေးချယ်စရာငါးခုမှာ မီးခိုးရောင်ဖြစ်နေဆဲဖြစ်ကြောင်း သတိပြုမိသည်။
ဂိမ်းလမ်းညွှန်အရ ကျွမ်းကျင်မှုခြောက်မျိုးမှာ တိုက်ခိုက်ရေး၊ ပစ်ခတ်ရေး၊ ထောက်လှမ်းရေး၊ လက်မှုပညာ၊ ကုသမှုနှင့် အထွေထွေစွမ်းဆောင်ရည် တို့ ဖြစ်သည်။ ကျွမ်းကျင်မှုသည် ကျွမ်းကျင်မှုကတ်များ အသုံးပြုရန်နှင့် သင်ယူရန်လိုအပ်ချက်ဖြစ်ပြီး ဇာတ်ကောင်၏ အဓိက စွမ်းအားပင် ဖြစ်သည်။ ဖုန်းပုကြွယ်သည် တိုက်ခိုက်ရေးအားသာသည့်ကစားသမားမျိုး မဟုတ်သော်လည်း ကျွမ်းကျင်မှုတစ်ခုတည်းအပေါ် အာရုံစိုက်နေ၍ မရပေ။ ထို့ကြောင့် သူ၏ အစီအစဉ်မှာ နောက်ဇာတ်လမ်းတွင် ကျွမ်းကျင်မှုများကို တတ်နိုင်သမျှ များများဖွင့်ရန်ဖြစ်သည်။ အကောင်းဆုံးသည် လက်မှုပညာနှင့် ထောက်လှမ်းရေးဖြစ်သည်။ ကစားသမား အများစု၏ တိုက်ခိုက်ရေးရမှတ် နည်းပါးနေသေးသော ဘီတာစမ်းသပ်မှုကာလတွင် တိုက်ခိုက်မှုကို ရှောင်လွှဲခြင်းသည် အောင်မြင်နိုင်ခြေ အမြင့်ဆုံးနည်းလမ်း ဖြစ်သည်။
နောက်ထပ် သူလုပ်ဆောင်သည်မှာ သူ့အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေးခြင်း ဖြစ်သည်။ ပန်းချီစက္ကူထုပ်သည် ဇာတ်လမ်းအပြင်ဘက်သို့ ယူမရသဖြင့် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူတွေ့ခဲ့သော ဆေးထိုးအပ်မှာမူ ရှိနေဆဲ ဖြစ်သည်။
ပစ္စည်းအမည် - တစ်ခါသုံး ဆေးထိုးအပ်
ပစ္စည်းအမျိုးအစား - အသုံးအဆောင်
အရည်အသွေး - သာမန်
လုပ်ဆောင်ချက် - အရည်များကို စုပ်ယူရန်နှင့် ထိုးသွင်းရန်
မှတ်ချက် - မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ပါ၊ သင့်ဘဝကို ချစ်မြတ်နိုးပါ။
ဖုန်းပုကြွယ်၏ အိတ်သည် ဗလာဖြစ်နေပြီး လော့ဂ်အင်နေရာတွင် အိုင်တမ် အခု ၃၀အထိ သိမ်းဆည်းထားနိုင်သည်။ လောလောဆယ်တွင် သိုလှောင်မှု ပြဿနာ မရှိသေးပေ။ ဤဆေးထိုးအပ်သည် တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သည်ဟု သူတွေးမိသဖြင့် ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျောက်ခဲတစ်ခဲထက်စာရင်တော့ ပိုကောင်းသေးတယ်မလား။
သူ့အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင် သူ့တွင် ကိရိယာရော ကျွမ်းကျင်မှုပါ မရှိသေးပေ။ ထို့ကြောင့် လာမည့်တစ်ကိုယ်တော်မုဒ်တွင် သူ့ကိုယ်သူသာ အားကိုးရမည် ဖြစ်သည်။ အကယ်၍ မအောင်မြင်ခဲ့ပါက အဆင့် ၅ ကျော်သွားသည့်အခါ အရာအားလုံး ပိုခက်ခဲသွားပေလိမ့်မည်။ ထိုအချိန်တွင် လေ့ကျင့်ရေးမုဒ်များ ပိတ်သွားမည်ဖြစ်ပြီး ဇာတ်လမ်းများ၏ အခက်အခဲမှာ ဇာတ်ကောင်အဆင့်အလိုက် မြင့်တက်လာမည် ဖြစ်သည်။ ထို့နောက် သူသည် သူတစ်ပါးအတွက် အမှန်တကယ် ဝန်ထုတ်ဝန်ပိုး ဖြစ်သွားပေလိမ့်မည်။ ဖုန်းပုကြွယ်သည် လာမည့်ဇာတ်လမ်းအပေါ် မျှော်လင့်ချက် ကြီးကြီးထားထားသည်။ ဖြစ်နိုင်လျှင် ဇာတ်လမ်းက ကြောက်စရာကောင်းလေ ပိုကောင်းလေ ဖြစ်သည်။ ရရှိမည့် ဆုလာဘ်သည် ကြောက်စရာကောင်းမှုအဆင့်နှင့် ထိုက်တန်နေသရွေ့ သူလက်ခံရန် အသင့်ရှိနေသည်။
“ဖုန်းပုကြွယ်၊ အဆင့် ၄ ၊ သင် ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပါ၊ သင်သည် တစ်ကိုယ်တော် ရှင်သန်ရေးမုဒ် (သာမန်) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပါ ၊ အတည်ပြုပြီးပါပြီ၊ ဇာတ်လမ်းကို ဖန်တီးနေပါသည်...
ဒေါင်းလုဒ် စတင်နေပါပြီ၊ ခဏစောင့်ဆိုင်းပေးပါ”
ဖုန်းပုကြွယ် ဂိမ်းမုဒ်ကို ရွေးချယ်လိုက်ပြီးနောက် ဓာတ်လှေကားက စတင်ရွေ့လျားလာပြီး တံခါးဖွင့်လိုက်လျှင် ဇာတ်လမ်းအသစ်သို့ ရောက်သွားမည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် တခြားတစ်နေရာသို့ ကူးပြောင်းခံလိုက်ရသည်။
သူ့မျက်စိရှေ့မှ ကမ္ဘာကြီးသည် အမှောင်အတိကျသွားပြီး သူသည် မြေပြင်ပေါ်မှ မြောက်တက်သွားကာ ဆွဲငင်အားမဲ့အာကာသထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ တစ်ခုခုကို ဖမ်းဆွဲရန် ကြိုးစားနေစဉ် နားထဲသို့ အသံတစ်ခု တိုးဝင်လာသည်။
“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”
အသံက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ ပျင်းရိပျင်းတွဲ နေထိုင်တတ်သည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံနှင့် တူနေလေသည်။ ကြည့်ရသည်မှာ နှုတ်ဆက်စကားသည် ဇာတ်လမ်း၏ အကြောင်းအရာနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အသံကို အကြိမ်တိုင်း ကျပန်း ပြောင်းလဲပေးနေပုံရသည်။
“ဒေါင်းလုဒ် ပြီးဆုံးပါပြီ၊ သင်သည် ယခုအခါ တစ်ကိုယ်တော် ရှင်သန်ရေးမုဒ် (သာမန်) ကို ကစားနေခြင်း ဖြစ်ပါသည် ၊ ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ထောက်ပံ့ပေးထားပြီး ဘေးထွက်မစ်ရှင် သို့မဟုတ် လျှို့ဝှက်မစ်ရှင်နှင့် ထူးခြားသော ကမ္ဘာ့အမြင်တည်ဆောက်မှုများကို တွေ့ကြုံနိုင်ရန် အခွင့်အလမ်း ရှိပါသည်။
“ဇာတ်လမ်း ပြီးမြောက်မှုအတွက် ဆုလာဘ် - အသုံးပြုနိုင်သော ကျွမ်းကျင်မှုကတ်တစ်ခုကို ကျပန်း မဲနှိုက်ခွင့်။
“ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါမည်။ ထို့နောက် ဂိမ်းကို ချက်ချင်း စတင်ပါမည်”
ဖုန်းပုကြွယ်၏ မျက်စိရှေ့မှ နောက်ခံသည် ဓာတ်ပုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အခန်းတစ်ခု သို့မဟုတ် ဂိုဒေါင်ကြီးတစ်ခု၏ ထောင့်တစ်ခုနှင့် တူနေလေသည်။ ဓာတ်ပုံရိုက်ထားသော ရှုထောင့်ကြောင့် ဟင်းလင်းပြင်ကြီးတစ်ခုလုံး မည်မျှ ကျယ်ပြောသည်ကို ပြောပြရန် ခက်ခဲသည်။ နံရံများမှာ သတ္တုနှင့်ပြုလုပ်ထားပုံရပြီး သစ်သားမဟုတ်သည်တော့ လုံးဝသေချာသည်။ နံရံများပေါ်တွင် ဆေးသုတ်ထားခြင်း သို့မဟုတ် အလှဆင်ထားခြင်း မရှိပေ။ သို့မဟုတ်ပါက ဆေးများ အရောင်လွင့်နေနိုင်သည်။ ကြမ်းပြင်သည် ကွန်ကရစ်ဖြစ်ပြီး ဓာတ်ပုံထဲတွင် ပရိဘောဂတစ်ခုမှ မရှိပေ။ ထို့နောက် စာသားတစ်ခုပေါ်လာပြီး ရင်းနှီးနေသော စနစ်အသံက ရှင်းပြလာသည်။
“သင့်နာမည်က အက်ရှ် စီဂါ ဖြစ်ပါတယ်၊ နာမည်ကျော် သတင်းထောက်တစ်ယောက်ပေါ့ ၊ သင့်မှာ ပျော်ရွှင်စရာ ဘဝတစ်ခု၊ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုနဲ့ လေးစားခံရတဲ့ လူမှုအဆင့်အတန်းတစ်ခု ရှိတယ်၊ ခရစ္စမတ်ညတစ်ညမှာ သင်ဟာ ဝေဝေဝါးဝါးနိုးလာပြီး မရင်းနှီးတဲ့ဂိုဒေါင်တစ်ခုထဲ ရောက်နေတာကို တွေ့လိုက်ရတယ်၊ သင်နောက်ဆုံး မှတ်မိတာကတော့ အလုပ်ဆင်းပြီး ကားပါကင်က သင့်ကားဆီကို သွားနေတာပါပဲ...”
မိတ်ဆက်မှာ သိပ်မရှည်လှဘဲ ပေးထားသော သတင်းအချက်အလက်ကလည်း အကန့်အသတ် ရှိနေသည်။ မိတ်ဆက်ပြီးဆုံးသွားသောအခါ အလင်းတန်းတစ်ခုက ဖုန်းပုကြွယ်၏မျက်စိကို ကျိန်းစပ်သွားစေပြီး နောက်တစ်ကြိမ် မျက်စိဖွင့်လိုက်သောအခါ သူသည် ဓာတ်ပုံထဲရှိနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် နံရံကို ကျောမှီ၍ ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သား ရှိနေခြင်းဖြစ်သည်။ သူ ဂိုဒေါင်ကို မစူးစမ်းရသေးမီ သူ့ဘယ်ဘက်လက်ထဲတွင် တစ်ခုခု ကိုင်ထားကြောင်း သတိပြုမိသဖြင့် ငုံ့ကြည့်လိုက်ရာ ငွေရောင်ဝေါ့ခ်မန်းတစ်လုံး ဖြစ်နေလေသည်။
၎င်းသည် သယ်ဆောင်ရလွယ်ကူသော သီချင်းဖွင့်စက်တစ်မျိုး ဖြစ်သည်။ သဘာဝကျစွာပင် ထိုအရာသည် ၂၀၅၅ ခုနှစ် မတိုင်ခင်ကတည်းက ခေတ်နောက်ကျပြီး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဖုန်းပုကြွယ်သည် ထိုပစ္စည်းကို ပြင်ပတွင် တစ်ခါမှမမြင်ဖူးဘဲ ရုပ်ရှင်ထဲတွင်သာ တွေ့ဖူးသည်။ ထိုအခြေအနေက သူ့အား ရုပ်ရှင်တစ်ကားကို သတိရသွားစေသည်။
ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သောအခါ အက်ရှရှအမျိုးသားအသံတစ်ခုက အင်္ဂလိပ်လို ပြောလာလေသည်။ ထိုဝါကျတစ်ခုတည်းကပင် ဖုန်းပုကြွယ်ကို ဇာတ်လမ်းတစ်ခုလုံး၏ အခြေခံ အနေအထားကို ချက်ချင်း နားလည်သွားစေသည်။
“ဟယ်လို အက်ရှ်၊ ငါ မင်းနဲ့အတူ ဂိမ်းတစ်ခု ကစားချင်လို့ပါ...”
[ဘာသာပြန်သူမှတ်ချက် - ဂိမ်းပိုင်းဆိုင်ရာဝေါဟာရတွေကို မြန်မာမှုပြုရတာ ကျွန်တော့်အတွက် တော်တော်မလွယ်ပါဘူး ၊ လက်တွေ့မှာလည်း ဂိမ်းဝေါဟာရတွေကို အင်္ဂလိပ်လိုပဲ အသုံးများကြတာဆိုတော့ အကယ်၍ ဘာသာပြန်ရာမှာ အမှားအယွင်းများရှိခဲ့ပါက ဘာသာပြန်သူ၏အမှားသာ ဖြစ်ပါကြောင်း တောင်းပန်အပ်ပါတယ်]