← Chapters

နဂါးမင်းပိုင်နက်အား စူးစမ်းလေ့လာခြင်း

Vol. 21 Ch. 291

နဂါးမင်းပိုင်နက်အား စူးစမ်းလေ့လာခြင်း

Vol. 21 Ch. 291

နဂါးမင်းသမီးနှင့် နှုတ်ဆက်ခွဲခွာပြီးသည့်နောက်တွင် အန်လင်းတို့သည် နဂါးမင်းပိုင်နက်ထံသို့ ထပ်မံချီတက်ကြလေသည်။

နဂါးမင်းပိုင်နက်သို့ လာရောက်ရခြင်း အကြောင်းမှာ နဂါးမင်းသမီး၏ သွေးမျိုးဆက်စွမ်းအားကို ပြန်လည်ရယူပေးနိုင်ရန် ဖြစ်သည်။ နဂါးမင်းပိုင်နက်ရှိ သူဖတ်ရှုချင်မိသည့် စာအုပ်များမှာမူ အကြောင်းပြချက် တစ်ခုသာလျှင် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ယင်ယွီအား သတင်းစကား ပို့ပေးရန်ဟူသည့် တာဝန်အသစ်တစ်ခု ရှိလာပြီ ဖြစ်သည်။

နဂါးမင်းပိုင်နက်၏ မြို့တံခါးဝသို့ ရောက်ရှိလာသည့်အခါတွင် အလွန်ခမ်းနားကြီးကျယ် လက်ရာမြောက်လှသည့် အဆောက်အဦများစွာကို မြင်တွေ့ရသည့်အတွက် အန်လင်းမှာ ရင်သပ်ရှုမော ဖြစ်မိသည်။

အရာအားလုံးမှာ လွန်စွာ အထက်တန်းကျလှသည်။

အဆောက်အဦ တစ်ခုချင်းဆီတိုင်းမှာ အနုပညာလက်ရာမြောက်ကာ မြင့်မားလှသည့်အပြင် မျက်စိပသာဒ ဖြစ်ရသည်။ ရှားပါးသည့် အပင်များစွာ စိုက်ပျိုးထားရှိပြီး လူသွားလမ်းများကိုပင် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည်။

“အရမ်းမိုက်လိုက်တာ” အန်လင်းသည် မြို့တံခါးဝတွင် မတ်တတ်ရပ်ကာဖြင့် အံ့အားသင့်မှုကြောင့် ခေါင်းယမ်းနေလေသည်။

အန်လင်းမှာ ကျောက်စိမ်းအုတ်များဖြင့် ခင်းကျင်းထားသည့် လူသွားလမ်းအား ကြည့်ကာဖြင့် ကောက်ယူသိမ်းဆည်းသွားချင်မိသည်။ ဤအုတ်ခဲများကို သယ်မခြင်းဖြင့် ချမ်းသာကြွယ်ဝမှုကို တိုးမြှင့်ခြင်းမှာ လွန်စွာယုတ္တိတန်လှသည်ဟု ထင်မြင်လာမိသည်။

အန်လင်းသည် အသံလွှင့်ကျောက်တုံးအား ထုတ်ယူလိုက်ပြီးနောက် အခြားတစ်ဖက်မှ လူတစ်ဦးအား ဆက်သွယ်လိုက်သည်။ “မင်းသမီးလေး ယင်ယွီခင်ဗျာ.. ကျွန်တော်က မြို့တံခါးဝမှာ ရောက်နေပါတယ်ခင်ဗျ”

“အိုးးး စောင့်နေနော်။ အခုချက်ချင်း လာခဲ့မယ်။” ယင်ယွီသည် အခြားတဖက်မှ ကြားလိုက်ရသည့်အသံကြောင့် စိတ်လှုပ်ရှားသွားလေသည်။

များမကြာမီတွင် သေးသွယ်၍ တင့်တယ်လှပသော အဖြူရောင်ဝတ်စုံ ဆင်မြန်းထားသော အမျိုးသမီးတစ်ဦး အန်လင်း၏ မြင်ကွင်းထဲ ရောက်ရှိလာလေသည်။

သူမသည် ကြီးမားလှသည့် လိပ်ပျံကြီးအား စီးနင်းကာဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ သူမ၏ မျက်နှာတွင် ပေါ့ပါးသည့် အပြုံးတစ်ခုနှင့်အတူ စိတ်ပျက်သည့် အမူအရာတို့ ထင်ဟပ်နေလေသည်။

“နင့်ကို စောင့်နေတာ ကြာလှပြီ။ လာခဲ့။ နဂါးမင်းပိုင်နက်ကို လိုက်ပြမယ်။” ယင်ယွီသည် အန်လင်းအား သူမ၏ လိပ်ပေါ်သို့တက်ရန် ဖိတ်ခေါ်လိုက်သည်။

အန်လင်းမှာ လိပ်စီးဖူးခြင်း မရှိသည့်အတွက် လိပ်ခွံပေါ်သို့ ခုန်တက်ရန် လွန်စွာစိတ်ဝင်စားနေမိသည်။

သူ၏စိတ်ထဲ၌ အတွေးတစ်ခု ဖြစ်ပေါ်လာပြီး အနည်းငယ် စိုးထိတ်သွားမိသည်။ “တပိုင်ရယ်၊ ရှောင်ချိုးရယ်၊ ငါရယ် အားလုံး လိပ်ပေါ်ကို တက်လိုက်မယ်ဆိုရင် သူက ပျံနိုင်ပါဦးမလား။”

မကျေလည်သည့် အသံတစ်ခုမှ တုံ့ပြန်လာလေသည်။ “ငါက တောင်တစ်လုံး ကျောပေါ်တင်ထားပြီးတောင် ပျံနိုင်သေးတယ်။ မင်းတို့ သုံးယောက်လောက်ကတော့ အသာလေးပဲ။”

“ဝိုးး သူက စကားလည်းပြောတတ်တယ်ဟ။” အန်လင်းမျက်လုံးများ အရောင်လက်လာသည်။

လိပ်မှာ အထင်အမြင်သေးဟန်ဖြင့် မျက်လုံးများ ဝေ့လိုက်သည်။

အန်လင်း အချိန်ဆွဲမနေတော့ဘဲနှင့် လိပ်၏ကျောပေါ်သို့ ခုန်တက်ကာဖြင့် နဂါးမင်းပိုင်နက်၌ လည်ပတ်ခြင်း စတင်တော့သည်။

နဂါးမင်းပိုင်နက်မှာ လွန်စွာကြီးများပြီး စိတ်ဝင်စားဖွယ် ရှုခင်းများလည်း များပြားလှသည်။

ယင်ယွီသည် ဧည့်လမ်းညွှန်တစ်ဦးသဖွယ် ပြုလုပ်ပြီး ပတ်ပတ်လည်ရှိ ရှုခင်းများ၊ ပုလဲတောင်တန်း၊ အဇူရာနဂါးသစ်တော၊ ကျောက်စိမ်းရေကန်၊ အင်မော်တယ်စမ်းချောင်း နှင့် ၁၀ မိုင် သန္တာကျောက်တန်းတို့နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားလေသည်။ ထိုအရာများမှာ အလွန်ထူးခြားလှပလှသည့်အတွက် အန်လင်း၏ စိတ်အာရုံအား ကြီးစွာဖမ်းစားထားလေသည်။

သူတို့ လည်ပတ်စဉ်အတွင်း၌ မင်းသား ၇ အောင်းယွင်နှင့်လည်း ဆုံတွေ့ခဲ့ရပြီး ကျက်သရေရှိ တင့်တယ်လှသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

အန်လင်းမှာ ယင်ယွီ၏သူငယ်ချင်းဖြစ်ကြောင်း သိသည့်နှင့် အောင်းယွင်သည် မည်သည့်မေးခွန်းမျှ မေးမနေတော့ဘဲ ယဉ်ကျေးပျူငှာစွာ စကားအချို့ ပြောဆိုပြီးနောက် အန်လင်းအား နွေးထွေးဖော်ရွေမှုတို့ဖြင့် ဆက်ဆံပြီးနောက် ထွက်ခွာသွားလေသည်။

“ဖော်ရွေတယ်ဆိုပြီး အရူးလုပ်မခံနဲ့။ သူတို့အားလုံးက ထိပ်တန်းသရုပ်ဆောင်တွေချည်းပဲ။” ယင်ယွီ နှုတ်ခမ်းမဲ့လိုက်သည်။

အန်လင်းမှာ သူမ၏ စကားများကြောင့် အတော်လေး အံ့အားသင့်သွားမိသည်။ “ဘာလို့များ အစ်ကိုကို အဲလိုပြောရတာတုန်း။”

ယင်ယွီမှာ ပင်ကိုယ်အားဖြင့် လွန်စွာဖော်ရွေပြီး သဘောကောင်းသူဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းတိုက်ပွဲပြင်တွင် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များနှင့် ပေလျန်အပေါ် မမျှမတ ဆက်ဆံမှုတို့အား မျက်မြင်ကြုံတွေ့ခဲ့ပြီးသည့်နောက်တွင် သူမ၏ မိသားစုအပေါ်၌ မျှော်လင့်ချက်တို့ ကုန်ဆုံးသွားပြီး ဖြစ်သည်။

“အပြစ်တင်ချင်ရင် တင်လို့ရတယ်။” ယင်ယွီခါးသီးစွာ ဆိုလေသည်။

အန်လင်းမှာ သူမ၏ စကားများကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားမိသည်။ သူမ မည်သည်ကို စိတ်ဆိုးဒေါသထွက်နေမှန်း မသိချေ။

“ငါ့အဖေကောပဲ။ ဘာလို့များ ကလေးတွေအများကြီး မွေးထားရတာလဲ မသိဘူး။ နဂါးမွေးတာလား ဝက်မွေးတာလား မသဲကွဲဘူး။” ယင်ယွီ ဒေါသပေါက်ကွဲနေလေသည်။

အန်လင်း : “…”

“စကားလုံးတွေကို ဂရုစိုက်ပါ မင်းသမီးလေး” စီးတော်လိပ်မှ သတိပေးလေသည်။

“ဟွန့်” ပေလျန်အကြောင်း တွေးမိသည့်အခါ ယင်ယွီ၏မျက်လုံးထဲ၌ မျက်ရည်များ ဝေ့သီလာလေသည်။ နဂါးမင်းပိုင်နက်သို့ လှည့်လည်ပြသလိုစိတ်လည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။

အန်လင်း အလျင်စလို အကြံပြုလိုက်သည်။ “ယင်ယွီရေ တိတ်ဆိတ်တဲ့နေရာကိုသွားပြီး စာဖတ်ကြမယ်ဆိုရင်ကော ဘယ်လိုလဲ။”

“ကောင်းပြီလေ။” ယင်ယွီ ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် သူမနှင့် အန်လင်းမှာ သူမနေထိုင်ရာနေရာသို့ ရောက်ရှိလာလေသည်။

အန်လင်းသည် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရန် ပတ်ဝန်းကျင်အား လှည့်လည်စစ်ဆေးလိုက်ပြီး လေသံဖြင့် ပြောလေသည်။ “တကယ်တော့ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြဖို့အတွက် ဒီကိုရောက်လာတာ။ ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလို့ မဖြစ်ဘူးနော်။”

ယင်ယွီ စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်သည်။ သူမ၏ တောက်ပသည့် မျက်လုံးကြီးများကို တဖျပ်ဖျပ်ခတ်ကာဖြင့် အန်လင်းအား နားမလည်နိုင်စွာ ကြည့်နေလေသည်။ အန်လင်း၏ စကားများကြောင့် အနည်းငယ် အံ့ဩနေမိခြင်း ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင်မှ ပြန်လည်သတိဝင်လာပြီး တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ပေါ်လန်မြို့မှာ ပေလျန်ကယ်ခဲ့တဲ့သူက ငါပဲ။”

“ငါ့ရဲ့အကူအညီနဲ့ သူမရဲ့ သွေးမျိုးဆက် သန့်စင်မှုကို ပြန်ရသွားပြီ။ ဒါပေမဲ့ နှစ်နည်းနည်းလောက် ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီအကြောင်းကို လျှို့ဝှက်ပေးထားမယ်လို့ မျှော်လင့်ပါတယ်။”

ယင်ယွီသည် တုန်လှုပ်စွာဖြင့် အန်လင်းအား စိုက်ကြည့်နေမိပြီး ထိုစကားများကို နားလည်နိုင်ရန် ကြိုးစားနေရသည်။

ပေလျန် တစ်နေ့လျှင် အနည်းဆုံး ၁၀ ကြိမ်ခန့် နာမအမျိုးမျိုးဖြင့် ညွှန်းဆိုနေသော ထူးဆန်းသည့် လူသားကျင့်ကြံသူများ အန်လင်းဖြစ်နေသည်တဲ့လား။

ပေလျန်မှာလည်း သွေးမျိုးဆက်ကို အောင်မြင်စွာ ပြန်လည်သန့်စင်နိုင်ခဲ့သည်တဲ့လား။ အန်လင်းရဲ့ အကူအညီနဲ့လေ။

သူမရဲ့သွေးမျိုးဆက်စွမ်းအားကို ပြန်ရပြီးတော့ ပေလျန်က ထိုက်ချူကုန်းမြေကြီးကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့။

သူမ သိလိုက်ရသည်မှာ လွန်စွာများပြားလွန်းသည့်အတွက် ထိုအရာအားလုံးကို နားလည်နိုင်ရန် အချိန်အနည်းငယ်ခန့် လိုအပ်သည်။

ယင်ယွီသည် သူမ၏ အသံလွှင့်ကျောက်တုံးအား ထုတ်ယူကာဖြင့် ပေလျန်နှင့် ဆက်သွယ်ရန် ကြိုးပမ်းလိုက်သည်။

ပေလျန် မကိုင်ခဲ့ချေ။ သို့သော်လည်း အသံမက်ဆေ့ချ်တစ်ခု ရှိနေလေသည်။ “အန်လင်းပြောတာ အမှန်ပဲ။ ကျဲကျဲက နဂါးမင်းပိုင်နက်ကို ပြန်လာမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ညီမလေး ယင်ယွီ”

ယင်ယွီဆက်သွယ်လာမည်ကို ပေလျန်မျှော်လင့်ထားပြီး ဖြစ်သည့်အတွက်ကြောင့် မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။

“အရာအားလုံးက ဒီလိုပဲ ပြီးသွားတာလား။” ယင်ယွီ၏ အက်ကွဲနေသည့်အသံ ထွက်ပေါ်လာပြန်သည်။

အန်လင်းအား မျက်တောင်မခတ်စတမ်း စိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာတွင် တုန်လှုပ်မှုတို့ ပေါ်လွင်နေလေသည်။

အန်လင်း ပခုံးတွန့်လိုက်သည်။ “ကံတရားကြောင့်ပဲ ဖြစ်မှာပေါ့။ သတင်းပို့ပြီးပြီနော်။ နင့်ရဲ့ ကျဲကျဲက အဆင်ပြေပါတယ်။ စိတ်ပူမနေနဲ့။”

ယင်ယွီ ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ မျက်နှာတွင် တောက်ပသည့် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။

“ဒီမှာ ငါတို့ရဲ့ သူတော်စင် ရေးထားတဲ့ ကွမ်တမ်သီအိုရီ အကြောင်းစာအုပ်။ အေးအေးဆေးဆေးဖတ်ပြီး မေးချင်တာရှိရင် ငါ့ကိုမေးလို့ရတယ်။” ယင်ယွီသည် အန်လင်းထံ စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။

အန်လင်း ထိုစာအုပ်အား ယူပြီးနောက် ခုံတစ်လုံးပေါ်တွင် ထိုင်ကာ စတင်ဖတ်ရှုလေသည်။

ထိုစာအုပ်အား ထိုက်ချူဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်ရာ နားလည်ရန် မခက်ပေ။

အန်လင်း၏ ရူပဗေဒအခြေခံမှာ သာမန်မျှသာ ဖြစ်သော်လည်း ကမ္ဘာမြေပေါ်ရှိ ကွမ်တမ်သီအိုရီ သဘောတရားနှင့် ကွာခြားလှသည့်အတွက် ဤစာအုပ်အတွင်းရှိ အကြောင်းအရာများကို နားလည်နိုင်လေသည်။ ဖတ်ရှုနေရင်းနှင့် ကွမ်တမ်သဘောတရား၏ ကနဦး လေ့လာတွေ့ရှိချက်များမှာ လွန်စွာရိုးရှင်းလှလေသည်။ သို့သော်လည်း အချိန်၊ ဟင်းလင်းပြင်၊ ချီစွမ်းအင်နှင့် ပြောင်းလဲမှုဖြစ်စဉ် သဘောတရားတို့ ပါဝင်လာသည့်အခါ တဖြည်းဖြည်းချင်း ရှုပ်ထွေးလာလေသည်။

သို့သော်လည်း ဤစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများမှာ ပြည့်စုံခြင်း မရှိသေးချေ။ အများစုမှာ အမျိုးမျိုးသော ပြောင်းလဲမှုဖြစ်စဉ်အချို့နှင့် အချို့သော စမ်းသပ်မှုရလဒ်များအပေါ် အခြေခံထားသည့် အဆိုကြမ်းနှင့် အကြမ်းဖျင်းလေ့လာတွေ့ရှိချက်များသာလျှင် ဖြစ်သည်။

နဂါးမျိုးနွယ်စုမှ သိပ္ပံပညာရှင်တစ်ဦးသည် ရှေးဟောင်းတိုက်ပွဲပြင်မှ မကောင်းဆုးဝါးစိတ်ဝိညာဉ်တစ်ခုကို လေဟာနယ်မှော်ရတနာ အသုံးပြုကာဖြင့် ပြင်ပကမ္ဘာသို့ ပို့ဆောင်ခဲ့ဖူးသည်ဟူသော စိတ်ဝင်စားဖွယ်ရာ စမ်းသပ်ချက်တစ်ခု ရှိလေသည်။ ရလဒ်အနေဖြင့် မကောင်းဆိုးဝါးစိတ်ဝိညာဉ်၏ ကွမ်တမ်အခြေအနေမှာ အလွန်မတည်မငြိမ် ဖြစ်လာခဲ့ပြီးနောက် သေဆုံးသွားပြီး များမကြာမီမှာပင် ယင်း၏ခန္ဓာကိုယ်မှာလည်း အလုံးစုံ ပျောက်ကွယ်သွားလေသည်။

မကောင်းဆိုးဝါးစိတ်ဝိညာဉ်အား ပျောက်ကွယ်သွားစေသည့် စွမ်းအားကို နဂါးမျိုးနွယ်စုမှ သုတေသနပညာရှင်တို့သည် “စိတ်ခံစားမှုအဆင့်” ဟု ယူဆထားလေသည်။

သူတို့၏ ယူဆချက်အရ မကောင်းဆိုးဝါးစိတ်ဝိညာဉ်များတွင် စိတ်ခံစားမှုများ ရှိကြသည် ဟူ၍ ဖြစ်သည်။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်များသည် မကောင်းသည့်စိတ်ခံစားချက်များမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည့်အတွက် အဆိုပါ ရှေးဟောင်းတိုက်ပွဲပြင်တွင် သေဆုံးသွားခဲ့ကြသော သက်ရှိများနှင့် တိုက်ရိုက်ဆက်စပ်နေပေသည်။ ထို့ကြောင့် ၎င်းတို့ပေါက်ဖွားရာနေရာနှင့် ဆက်နွယ်နေပေလိမ့်မည်။ ၎င်းတို့မွေ့လျော်သည့် အရပ်ဒေသမှ ဆွဲထုတ်လိုက်မည်ဆိုလျှင် စိတ်ခံစားချက်များ လွန်စွာ မတည်မငြိမ် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ရလဒ်အနေဖြင့် သူတို့၏ ကွမ်တမ်အခြေအနေ မတည်မငြိမ်ဖြစ်လာပြီး ပျောက်ကွယ်သွားသည်အထိပင် ဖြစ်ရလေသည်။

ထိုသဘောတရားကို အန်လင်း လက်ခံပေသည်။ ထို့အပြင် သူ၏အတွေးထဲတွင် ရုတ်တရက်ဆိုသလို နတ်ဆိုးယုတ်အကြောင်း ပေါ်လာသည်။ ထိုအရာနှစ်ခုတွင် တူညီမှုများစွာ ရှိနေသည်ဟု ခံစားနေမိသည်။

အလွန်လျင်မြန်စွာ ဖတ်ရှုလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအရ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် မှတ်ဉာဏ်မှာ တိုးတက်လာပြီ ဖြစ်သည်။ ထို့အပြင် အင်မော်တယ်မန္တန်အချို့ကို အသုံးပြုကာဖြင့် ထိုစာအုပ်တွင်ပါဝင်သည့် အရာများကို စိတ်ထဲတွင် မိတ္တူကူးထားသကဲ့သို့ ကူးယူထားနိုင်လေသည်။

နာရီအနည်းငယ်မျှ အကြာတွင် စာအုပ်တစ်အုပ်လုံးအား ဖတ်ပြီးသွားပြီ ဖြစ်သည်။

“ဖူးးးး ဒီနေရာကို လာခဲ့တာ အရမ်းတန်သွားပြီ။” အန်လင်း ပြုံးကာဖြင့် စာအုပ်အား ပိတ်လိုက်သည်။

ယင်ယွီသည် အန်လင်း၏ဘေးခုံတွင် မေးအားလက်ထောက်ကာဖြင့် ရှိနေပြီး သူမမျက်နှာတွင် အပြုံးကြီးကြီးတစ်ခု ချိတ်ဆွဲထားလေသည်။ “တခြားဘယ်စာအုပ်တွေ ဖတ်ချင်သေးလဲ။ သွေးမျိုးဆက်ပေါင်းစပ်ခြင်း၊ ဇီဝမျိုးရိုး၊ ကြောင်းကျိုးလေ့လာမှု၊ ဟင်းလင်းပြင်ထိန်းချုပ်ခြင်း အဲဒါတွေ ငါ့ဆီမှာ ရှိနေသေးတယ်။”

ယင်ယွီ၏ စာအုပ်စာရင်းကို နားထောင်ရင်းဖြင့် အန်လင်းမှာ ဦးခေါင်းပင် ပေါက်ကွဲတော့မည်ဟု ခံစားနေမိသည်။ “နိုးးး ကျေးဇူးပဲ။ ငါက မကောင်းဆိုးဝါးတွေနဲ့ စိတ်ဝိညာဉ်တွေကို စိတ်ဝင်စားမိလို့ ဒီစာအုပ်ကို ဖတ်ချင်ခဲ့တာလေ။ ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးပြီဆိုတော့ သိပ္ပံရဲ့ ဖက်တွယ်ထားမှုကနေ လွတ်မြောက်သွားပြီ။ အဲဒါကြောင့် ကျေးဇူးပြုပြီးတော့ အဲဒီအရာတွေနဲ့ ပတ်သက်ပြီး ထပ်မပြောပါနဲ့တော့။”

နောက်ကျောမှီကာဖြင့် သက်ပြင်းချလိုက်သည်။ “နဂါးမင်းပိုင်နက်မှာ ဒီလောက်များတဲ့ သုတေသနစာတမ်းတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။”

ယင်ယွီသည် အန်လင်းအား ကြည့်ကာဖြင့် လှပစွာ ပြုံးလိုက်သည်။ “ငါ့ဆီမှာရှိနေတဲ့ စာအုပ်တွေက အပေါ်ယံပဲ ရှိနေသေးတာ။ တကယ့် နက်နဲတဲ့ သဘောတရားပိုင်းတွေ စမ်းသပ်ချက်တွေက သူတော်စင်ရဲ့ သုတေသနအဖွဲ့အစည်းမှာပဲ ရှိတယ်။ လတ်တလောတော့ သူတော်စင်က သွေးမျိုးဆက် ဒီအန်န်အေ စစ်သည်တွေကို စမ်းသပ်နေတယ်လို့ ကြားထားတယ်။”

“ဒီအန်န်အေစစ်သည် ဟုတ်လား။ သောက်ရမ်း ခေတ်မီပုံပဲ။” အန်လင်းမျက်လုံးများ အရောင်လက်လာသည်။

ယင်ယွီ သူမ၏ လက်သွယ်သွယ်အား ခါလိုက်သည်။ “ခရမ်းကြယ်စင်မျိုးနွယ်စုက ကြွင်းကျန်ရစ်တာလေ။ အရင်တုန်းက သူတို့ပြုလုပ်ခဲ့တာတွေကို ငါတို့က တုပဖို့ ကြိုးစားနေရုံပါပဲ။ နဂါးမင်းပိုင်နက်က လမ်းစဉ်ခြောက်ခု နတ်ဘုရားနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အထိနာနေဆဲပဲ။ အဲဒါကြောင့် ရန်သူကို အနိုင်ယူနိုင်ဖို့ ရန်သူဆီကနေ သင်ယူဖို့ ကြိုးစားနေကြတာ။”

“ဖူးးးး ဘာလို့များ ကမ္ဘာမြေကစကားတွေကို သုံးနေရတာတုန်း။”

“ငါက စာဖတ်ရတာ ကြိုက်တယ်လေ။ စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်မှာ တက်ခဲ့ဖူးတဲ့ နဂါးမျိုးနွယ်စုက စီနီယာတစ်ယောက်ရှိတယ်။ သူက ကမ္ဘာကို သွားခဲ့ဖူးပြီး စာအုပ်တွေအများကြီး ပြန်သယ်လာခဲ့တယ်လေ။ အဲဒီစာအုပ်တွေ အကုန်လုံးကို ဖတ်ထားတာ။”

“တော်လိုက်တာ။”

…

ယင်ယွီမှာ ကောင်းမွန်သည့် အကျင့်စရိုက်ရှိသူဟု အန်လင်းခံစားမိသည်။ သူမှာ ထက်မြက်ပြီး သဘောကောင်းသူဖြစ်သည်။ သူမနှင့်အတူ လည်ပတ်အပန်းဖြေပြီးနောက် ရင်းနှီးလာခဲ့သည်။

စာသင်နှစ်အသစ် စတင်ရန် နီးကပ်နေပြီ ဖြစ်သည့်အတွက် ညစာစားပြီးသည့်နောက်တွင် အန်လင်းသည် နဂါးမင်းပိုင်နက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့လေသည်။

ယင်ယွီသည် ပြုံးကာဖြင့် အန်လင်းအား နှုတ်ဆက်လိုက်သည်။

“အန်လင်းရေ ငါအချိန်ရရင် ကောင်းကင်ဘုံပိုင်နက်ကိုလာပြီး နင့်ဆီလာလည်မယ်နော်။”

“အဆင်ပြေတယ် ဘော်ဒါ။ အဆက်အသွယ်မပြတ်ဘဲ နေကြတာပေါ့။”

ထို့နောက်တွင် သူတို့အတူကုန်ဆုံးခဲ့သည့် ငြိမ်းအေးသော အချိန်တိုလေး ကုန်ဆုံးသွားလေပြီ။ ပြဿနာ တစ်စုံတစ်ရာလည်း မရှိခဲ့သလို အရေးပေါ်ကိစ္စရပ်များလည်း မရှိခဲ့ဘဲ ကောင်းမွန်စွာ ကုန်ဆုံးခဲ့ရခြင်း ဖြစ်သည်။

နဂါးမင်းပိုင်နက်မှ ပေလျန်ထွက်ခွာသွားခြင်းမှာမူ နဂါးမင်း၏ ဒေါသလက်သီးတစ်ခုနှင့် ပြီးဆုံးသွားလေတော့သည်။

***

All Chapters