← Chapters

ဝံ့ကြွားရန်အချိန် ရောက်ရှိလို့လာပါပြီ

Vol. 21 Ch. 292

ဝံ့ကြွားရန်အချိန် ရောက်ရှိလို့လာပါပြီ

Vol. 21 Ch. 292

အန်လင်းအတွက် အတော်လေး အလုပ်များခဲ့သည့် ကျောင်းပိတ်ရက်ကာလ ဖြစ်ခဲ့ပြီး ကမ္ဘာကြီး၏ အံ့ဖွယ်များအား နောက်တစ်ဖန် မြင်တွေ့ခွင့် ရရှိခဲ့ရသည်။

နဂါးမင်းသမီး၏ လှပမှု။

မင်းသမီးယင်ယွီ၏ လှပမှု။

ချီချီ၏ လှပမှု။

ကမ္ဘာကြီးမှာ ခမ်းနားကြီးကျယ်သည့် နေရာတစ်ခု ဖြစ်နေဆဲပင်။

အန်လင်းသည် မိမိကိုယ်ကိုယ် အားရကျေနပ်ကာဖြင့် တပိုင်၏ကျောပေါ်တွင် စီးနင်းကာ ကျောင်းတော်သို့ ပြန်လာလေသည်။

ရင်းနှီးနေသည့် ကျောင်းဝန်းအတွင်း ရင်းနှီးသည့် ပတ်ဝန်းကျင်နှင့် အသိအကျွမ်းများ ရှိပေသည်။

တတိယနှစ် ကျောင်းသားအဆောင်များရှိရာ ကျောက်စိမ်းရေကျောင်းပရဝုဏ်အတွင်း၌ အန်လင်းသည် အဆိုပါ အသိအကျွမ်းများထဲမှ တစ်ဦးနှင့် တွေ့ဆုံရလေသည်။

“ဟေး အန်လင်းရေ မတွေ့တာတောင် ကြာပြီကွာ။” မီးသွေးကဲ့သို့သော နက်မှောင်သည့် အသားအရေ၊ အနီရင့်ရင့်နှုတ်ခမ်းများနှင့် လူတစ်ဦးသည် အန်လင်းထံသို့ လျှောက်လှမ်းလာပြီးနောက် စိတ်အားထက်သန်စွာ နှုတ်ဆက်လေသည်။

သူ၏အရှေ့ရှိလူအား မြင်လိုက်သည့်အခါ အန်လင်း မျက်နှာမဲ့သွားမိသည်။ အချိန်အတော်ကြာပြီးသည့် နောက်မှသာ “လျှိုတပေါင် မင်း နောက်တစ်ခါ နေလှမ်းခဲ့ရပြန်တာလား။”

လျှိုတပေါင်သည် စိတ်လှုပ်ရှားစွာဖြင့် အန်လင်း၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ “အန်လင်းရေ... မင်းက ငါ့ကိုမှတ်မိတဲ့ ပထမဆုံးသော သူပဲကွ။”

“ဟုတ်ပြီ။ မင်းရဲ့အသံကို နားထောင်ပြီးတော့ ဘယ်သူလဲဆိုတာ သိလိုက်တာ။” အန်လင်း တည်ကြည်စွာဖြင့် ပြောလိုက်သည်။

လျှိုတပေါင် : “…”

အန်လင်းမှာ အတော်လေး ရိုးသားသူဖြစ်သည်။ လျှိုတပေါင်မှာ မည်းနက်နေသည့်အတွက် သူ၏ မျက်နှာသွင်ပြင်ကိုပင် မမြင်နိုင်ချေ။

သူ၏ သွင်ပြင်အား မှတ်မိရမည်တဲ့လား။ ဟာသပဲ။

လျှိုတပေါင်သည် ထိုအခြင်းအရာနှင့် ပတ်သက်၍ အကျွမ်းဝင်ပြီးသား ဖြစ်သည်ကြောင့် များမကြာမီတွင် ပြုံးလိုက်နိုင်သည်။ “မင်းရဲ့ ညီကိုက နက်မှောင်နေပေမဲ့ ငါ့ရဲ့ စတေးခံမှုတွေအတွက ဆုလာဘ်တော့ ပြန်ရခဲ့ပါတယ်ကွ။ ဒီပိတ်ရက်ကာလမှာ အရှေ့ပင်လယ်မှာ နေမင်းရဲ့ အဆီအနှစ်ကို စုပ်ယူပြီးတော့ အံ့ဖွယ်နေမင်းကျင့်စဉ်ရဲ့ ကနဦးအဆင့်ကို ခြေချနိုင်ခဲ့ပြီ။ ငါ့ရဲ့ကျင့်ကြံခြင်းကလည်း တာအိုခန္ဓာ အဆင့် ၄ ကနေ အဆင့် ၈ ကို ရောက်လာခဲ့ပြီ။”

လျှိုတပေါင်သည် နှစ်နှစ်အတွင်း တာအိုခန္ဓာ အဆင့် ၄ မှ အဆင့် ၈ သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်ကြောင့် သတိပြုရလောက်ဖွယ် ကျင့်ကြံမှုနှုန်း ဖြစ်လေသည်။

“ဂုဏ်ယူပါတယ်ကွာ။” အန်လင်းသည် လျှိုတပေါင်အတွက် စိတ်ရောကိုယ်ပါ ဝမ်းသာမိသည်။ “မင်းလည်း ပိတ်ရက်တုန်းက အရှေ့ပင်လယ်မှာ ရှိနေခဲ့တာလား။ တိုက်ဆိုင်ချက်ပဲ။”

လျှိုတပေါင်များလုံးများ အရောင်လက်သွားသည်။ “အိုး မင်းလည်း အဲဒီမှာလား။ ဘာတွေ လုပ်နေခဲ့တာလဲ။ ရေသူမလေးတွေကို တွေ့ခဲ့ရလား။ ဒါမှမဟုတ် ပိုဆိုက်ဒွန် ပျိုမဒီလေးတွေကိုလေ။ အိုင်းမာယာနိုင်ငံတော်တို့ ရွှာယန်နိုင်ငံတော်တို့ကိုကော သွားခဲ့သေးလား။ အဲဒီက စကီလေးတွေက လုံးဝ အလန်းစားတွေနော်။”

“အာာ” အန်လင်း၏မျက်နှာတွင် ကိုးရို့ကားယားနိုင်မှုများ ပေါ်လာသည်။

အရှေ့ပင်လယ်တွင် ထိုမျှလောက်အထိ လည်ပတ်စရာများ များပြားသည်ပေါ့။ ထိုနေရာများကို တစ်နေရာလေးမျှပင် မရောက်ခဲ့ရပေ။

“ငါက ပုလဲနိုင်ငံတော်နဲ့ သူ့ပတ်ဝန်းကျင်က ကျွန်းနည်းနည်းပါးပါးကိုပဲ သွားခဲ့တာ။” အန်လင်း ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ပုလဲနိုင်ငံတော်လား။ အဲဒါက အရှေ့ပင်လယ်ရဲ့ မိစ္ဆာအင်ပါယာ ခုနစ်ကောင်ရှိတဲ့ မိစ္ဆာခုနစ်ဖော်နယ်မြေနဲ့ အတော်လေး နီးကပ်တယ်လေ။ အဲဒီနေရာက အတော်လေး မလုံခြုံဘူး။” လျှိုတပေါင် လေးနက်စွာ ပြောသည်။

အန်လင်း ခေါင်းညိတ်ကာဖြင့် ညည်းညူလိုက်သည်။ “အမှန်ပဲ။ အဲဒီမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံခဲ့ရတယ်လေ။ မိစ္ဆာအင်ပါယာ ၆ ကောင်ကို ရင်ဆိုင်ရတာတောင် အတော်လေး ခက်ခဲနေပြီးသားကို ထာဝရမိစ္ဆာပါ ထပ်ပေါ်လာတော့ ဘယ်ပြောကောင်းမလဲ။ အတော်လေး အကြင်နာမဲ့ပြီး အစွမ်းထက်တဲ့ ရန်သူတွေကွာ။ အဲဒီမှာတောင် သေတော့မလို့။”

လျှိုတပေါင်မှာ အန်လင်း၏ စကားများကြောင့် သတိလစ်သွားမတတ်ပင် ဖြစ်ရသည်။ “လခွမ်း မင်းက မိစ္ဆာအင်ပါယာ ၇ ကောင်ထဲက ၆ ကောင်ကို သတ်ခဲ့တာလား။”

“ဟုတ်တယ်လေ။ တစ်ကောင်ကတော့ ငါ့ကို အညံ့ခံခဲ့တာ။ ဒါပေမဲ့လည်း ကံမကောင်းပါဘူးကွာ။ ထာဝရမိစ္ဆာနဲ့ တိုက်ခိုက်နေရင်း သေသွားခဲ့တယ်။” အန်လင်းမှာ ကြေကွဲဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

လျှိုတပေါင် ကြက်သေ သေနေမိသည်။

မိစ္ဆာအင်ပါယာ ၆ ကောင်ကို သတ်ခဲ့ပြီး တစ်ကောင်ကို အတင်းအကြပ် ဖိအားပေးခဲ့တယ်တဲ့လား။ ပြီးတော့ဘာ ထာဝရမိစ္ဆာ ဟုတ်လား။

ဝသဖ ဘယ်လို သောက်ကျိုးနည်း အားလပ်ရက်ကြီးတုန်း။ မိစ္ဆာခုနစ်ဖော်နယ်မြေ ရှင်းလင်းရေး ခရီးစဉ်လို့တောင် ပြောရမှာကို။

လျှိုတပေါင်သည် နှုတ်ခမ်းမဲ့ကာဖြင့် အန်လင်းအား ကြည့်နေမိပြီး ပြောစရာစကား ပျောက်ဆုံးနေလေသည်။

သူတို့နှစ်ဦး၏ အားလပ်ရက် ကုန်ဆုံးခဲ့ပုံများစွာ လွန်စွာ ကွာခြားလှသည်။ သူ နေပူဆာလှုံရင်းဖြင့် အလုပ်များနေစဉ်တွင် အန်လင်းမှာ ကမ္ဘာကြီးအား ကယ်တင်နေလေသည်။

“အတန်းဖော်အန်လင်းရေ.. မင်းက ကမ္ဘာကြီးကို နှလုံးသားထဲကနေ တကယ်ကို စိတ်ဝင်တစား ရှိနေတာပဲ။ ကမ္ဘာကြီး ပိုမိုကောင်းမွန်လာစေဖို့ မင်းရဲ့ အားလပ်ရက်တွေကိုတောင် စတေးပစ်လိုက်တယ်။” လျှိုတပေါင်မှာ အချိန်အတော်ကြာပြီးသည့် နောက်မှသာ စကားတစ်ခွန်း ပြောထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဟားဟား ဒါက ပြောပလောက်တာမျိုး မဟုတ်ပါဘူး။” အန်လင်း ပြုံးလိုက်ပြီးနောက် ရိုးသားဟန်ဖြင့် လက်ခါလိုက်သည်။

လျှိုတပေါင်မှာ အန်လင်း၏ စကားများကြောင့် သွေးအန်လုမတတ်ပင် ဖြစ်ရသည်။ ပြောပရလောက်တာမျိုး မဟုတ်ရင် ဘာကိစ္စနဲ့ ထည့်ပြောနေသေးလဲ။ မင်းမျက်နှာက ဘာလို့များ ညစ်ထပ်ထပ်ပုံစံ ဖြစ်နေရတာလဲ။ လုံးဝကို ရည်ရွယ်ချက်ရှိရှိ ကြွားနေတာပဲ။

“တပေါင်ရေ.. ငါက ကြွားနေတာ မဟုတ်ဘူးနော်။ ဒါပေမဲ့ အရှေ့ပင်လယ်ကို ခရီးထွက်တုန်းက ပင်လယ်မိစ္ဆာမျိုးစုံနဲ့ တိုက်ပွဲပဲဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းတဲ့ အဖြစ်အပျက်လေးတွေလည်း ရှိခဲ့ပါတယ်နော်။ နဂါးမင်းပိုင်နက်က နဂါးမင်းသမီးနဲ့ မင်းသမီး ယင်ယွီကို ကြားဖူးလား။ မင်းမကြားဖူးလည်း အဆင်ပြေပါတယ်။ သူတို့အကြောင်း ပြောပြမယ်။”

လျှိုတပေါင်၏ မီးသွေးမျက်နှာမှာ ပိုမိုကာ နက်မှောင်လာလေသည်။ တောက်ပသည့် နေ့လယ်ခင်း ဖြစ်သော်လည်း မည်သည်ကြောင့် စိတ်ဓာတ်ကျမိသနည်း။ အန်လင်း၏ ကြွားဝါမှုများကို နားထောင်ရင်းဖြင့် တစ်နေ့တာ ကုန်ဆုံးခဲ့ရသည်ဟု ခံစားနေမိသည်။

စိတ်ရှိတိုင်း ကြွားဝါပြီးသည့်နောက်တွင် အန်လင်းသည် လျှိုတပေါင်အား နှုတ်ဆက်စကား ဆိုလိုက်သည်။

အံ့ဩမိသည်မှာ အဖြူရောင်ဝတ်ဆုံနှင့် ခန့်ညားချောမောသည့် အမျိုးသားတစ်ဦး သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အတွက် ဖြစ်သည်။

ထိုအမျိုးသား၏မျက်နှာတွင် ရွှင်မြူးသည့်အပြုံးတစ်ခု ဖြစ်ထွန်းနေပြီး အတော်လေး ကောင်းမွန်သည့် စိတ်အခြေအနေတွင် ရှိနေသည်ဟု ယူဆရသည်။

“အတန်းဖော်အန်လင်းရေ မတွေ့ရတာ ကြာပြီနော်။” ထိုအမျိုးသားမှ နွေးထွေးစွာဖြင့် ဆိုလေသည်။

“ဟားဟား ချန်ကောရေ တံခါးပိတ်ကျင့်ကြံခြင်းက အောင်အောင်မြင်မြင် ထွက်လာနိုင်လို့ ဂုဏ်ယူပါတယ်ဗျာ။” အန်လင်းသည်လည်း ပြုံးကာဖြင့် နှုတ်ဆက်လိုက်သည်။

ချန်ကော ဤနေရာတွင် ရှိနေရသည့် ဆိုလိုရင်းမှာ တံခါးပိတ်ကျင့်ကြံရာ၌ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တက်သွားနိုင်ခဲ့ပြီ ဟူ၍ဖြစ်သည့်ကြောင့် ဂုဏ်ပြုဖို့ရန် အမှန်တကယ် ထိုက်တန်ပေသည်။

ရွှမ်ယွမ်ချန် ရယ်မောကာဖြင့် ခေါင်းယမ်းလိုက်သည်။ “ဂုဏ်ပြုခံဖို့ မထိုက်တန်ပါဘူးကွာ။ ငါ့ရဲ့ ပျင်းရိမှုတေါကြောင့် အခြားသူတွေကို လိုက်မီဖို့ အတော်လေး ကြိုးစားခဲ့ရတယ်။”

ထို့နောက်တွင် အန်လင်းအား ဖေးမစကား ပြောလိုက်သည်။ “အန်လင်းရေ.. မင်းလည်း နည်းနည်းလောက်ပိုပြီး ကြိုးစားလိုက်မယ်ဆိုရင် သိပ်မကြာခင်မှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်ကို တက်နိုင်မှာပါ။”

အန်လင်း ခေါင်းကုတ်လိုက်သည်။ “အာ တကယ်တော့ ပိတ်ရက် မတိုင်ခင်ကတည်းက ကျွန်တာ်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်ကို တက်ပြီးသွားပြီဗျ။”

ရွှမ်ယွမ်ချန်သည် အန်လင်း၏ စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားပြီးမှ “အတန်းဖော် အန်လင်းကတော့ တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ။ ဒီနှုန်းနဲ့ဆိုရင် သိပ်မကြာခင် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားနိုင်တယ်။”

“အမ်... တကယ်တော့ ကျွန်တော်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ကို ရောက်နေပြီဗျ။” အန်လင်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။

ရွှမ်ယွမ်ချန်၏အပြုံးမှာ အေးခဲသွားလေသည်။ “ဟမ်”

“အာ.. ပိတ်ရက်တုန်းက စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေ ရခဲ့တာကြောင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို တက်နိုင်ခဲ့တာလေ။”

အန်လင်း၏ စကားများကြောင့် ရွှမ်ယွမ်ချန် ရှုံ့မဲ့သွားမိသည်။

ဝသဖ..။ ဘယ်လိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေက တစ်လတောင် မရှိတဲ့ အချိန်လေးမှာ အဆင့် ၂ ဆင့်တောင် တက်သွားနိုင်ရတာတုန်း။

စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်မှ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ အဆင့်တက်နိုင်ရန်အတွက် အားလပ်ရက်အတွင်း၌ သေလုမျောပါး ဖြစ်အောင် ကျင့်ကြံခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ အန်လင်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်မှ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ အားလပ်ရက် တစ်လအတွင်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးစလုံးမှာ အစစ်အမှန်နတ်ဘုရားထံမှ ထောက်ခံစာများ ရရှိခဲ့ကြခြင်း ဖြစ်သော်လည်း မည်သည့်ကြောင့် ထိုမျှလောက် ကွာခြားချက် ကြီးမားနေရသနည်း။

ရုတ်တရက်ဆိုသလို အခြားသော အတွေးတစ်ခုအား တွေးလိုက်မိသည်။ ကျောင်းတော်သို့ စတင်ဝင်ရောက်ချိန်တွင် သူသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်သို့ ရောက်ရှိနှင့်ပြီးဖြစ်ကာ နှစ်နှစ်ကြာ ကြိုးစားပြီးသည့်နောက်မှသာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အန်လင်းမှာမူ တာအိုခန္ဓာ ဗလာအဆင့်ဖြင့် ကျောင်းတော်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်တာမျှနှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်အထိ ရောက်ရှိလာခဲ့သည်။

ရွှမ်ယွမ်ချန် တိတ်ဆိတ်သွားလေသည်။

သူ၏ အရည်အချင်းနှင့် စွမ်းအင်ဟူသည့် အရာတို့မှာ ခွေးချေးပုံမျှသာ ရှိသည်ဟု ခံစားမိလိုက်သည်။ မည်သည့်ကြောင့် ယုံကြည်ချက် ပြည့်ဝနေရမည်နည်း။ သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးဟု မည်သည့်အတွက် တွေးထင်ရမည်နည်း။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရုံမျှနှင့် မည်သည်ကြောင့် ပီတိဖြာနေရန် လိုအပ်သနည်း။

“ချန်ကော ငိုနေတာလား။” အန်လင်း တုန်လှုပ်သွားမိသည်။

“ဟမ် ငါလား။ မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါကွာ။” ရွှမ်ယွမ်ချန် မျက်လုံးများကို ပွတ်လိုက်သည်။

အန်လင်း : “…”

ထိုကဲ့သို့သော ရှေးဟောင်းစကားများကို ကမ္ဘာမြေတွင် အသုံးမပြုတော့သည်မှာ ကြာညောင်းလှပြီ ဖြစ်သည်။

ရွှမ်ယွမ်ချန်မှာ ရုတ်တရက်ဆိုသလို အခြားသော အကြောင်းအရာတစ်ခုကို နားလည်သဘောပေါက်သွားပုံ ရပြန်သည်။ သူ၏မျက်လုံးများမှာ ဝမ်းနည်းပူဆွေးနေရာမှ အရောင်လက်လာပြီး စိတ်အားငယ်မှုများသည်လည်း လွင့်စင်ပပျောက်သွားပြီ ဖြစ်သည်။

ငါ့ကိုယ်ငါ ဘာလို့များ လိုက်ပြီးတော့ နှိုင်းယှဉ်နေမိတာလဲ။ အန်လင်းက တာအိုခန္ဓာအဆင့်နဲ့တောင် ပျက်ပြယ်ခြင်းအဆင့်ကို သတ်နိုင်ခဲ့တာလေ။ အဲဒါကို သူနဲ့လိုက်ပြီး နှိုင်းယှဉ်နေတာက ဘယ်လောက်တောင် ရူးသွပ်လိုက်သလဲနော်။

ရွှမ်ယွမ်ချန်မှာ ချက်ချင်းဆိုသလို မကောင်းသည့်အတွေးများအား ပယ်ဖျက်နိုင်သွားသည့်အတွက် နွေးထွေးလှသည့် အပြုံးနှင့်အတူ အန်လင်း၏ ပခုံးအား ပုတ်လိုက်သည်။ “ဂုဏ်ယူပါတယ် အတန်းဖော် အန်လင်းရေ.. မင်းရဲ့ ကျင့်ကြံခြင်းကတော့ တကယ်ကို အံ့ဩစရာပါပဲ။”

ရွှမ်ယွမ်ချန်၏ ပြောင်းလဲသွားသည့် အမူအရာများကြောင့် အန်လင်းမှာ အကြီးအကျယ် ဆွံ့အနေမိသည်။ စိတ်မထိန်းနိုင် ဖြစ်သွားတာများလား။ သို့သော်ငြား သူ၏ အရှေ့ပင်လယ်ခရီးစဉ်တွင် တွေ့ကြုံခဲ့ရသည့် ဒဏ္ဍာရီဆန်သည့် အပြုအမူများကိုသာလျှင် ပြောရွှင်စွာ ပြောဆိုနေလေသည်။

သို့သော်လည်း ရွှမ်ယွမ်ချန်မှာ သူပြောဆိုနေစဉ်အတွင်း တည်ငြိမ်စွာဖြင့် ရှိနေလေသည်။ မိစ္ဆာအင်ပါယာများနှင့် တိုက်ခိုက်ခဲ့ပုံများ၊ ထာဝရမိစ္ဆာအား ဖောက်ခွဲပစ်ခဲ့ပုံများ ကို ပြန်လည်ပြောဆိုသည့် အခါတွင်လည်း အမူအရာကင်းမဲ့စွာဖြင့်သာ ရှိနလေသည်။ ရွှမ်ယွမ်ချန်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်သည့် အရိပ်အယောင် တစ်ခုတစ်လေမျှပင် ရှိမနေချေ။

အန်လင်း လွန်စွာ စိတ်ပျက်မိသည်။

မည်သို့ပင်ဆိုစေ ယင်းတို့မှာ သမိုင်းတွင်သည့် အပြုအမူများဖြစ်ကြသည်။ သူ့အနေဖြင့် အနည်းငယ်မျှ ဟန်ဆောင်ကာ အံ့ဩပေးဖို့ရန် မဖြစ်နိုင်ဘူးလား။

သို့တည်းမဟုတ်လျှင်ပင် “ဝိုးးး အတန်းဖော်အန်လင်းရေ မင်းကတော့ စံပါပဲကွာ။” ဟူသော စကားလောက်ဖြင့် ချီးမွမ်းပေးသင့်သည်။

ထို့နောက်တွင် အန်လင်းသည် ရွှမ်ယွမ်ချန်အား နှုတ်ဆက်စကားဆိုလိုက်သည်။ ချန်ကောအား ကြွားဝါရခြင်းမှာ ပျော်ဖို့မကောင်းချေ။

***

All Chapters