ဒါကိုမှတ်ထား တောင်ပင်လယ်လောကက ငါ့အပိုင်ပဲ
Vol. 93 Ch. 1299
အဆိပ်ငါးကောင် မန်ဟို့ဆီ ပြေးတက်သွားစဉ် သခင်အဖြူက ကပျာကယာ နောက်ဆုတ်ပြီး ချိတ်ပိတ်ခံထားရသော သူ၏အနှစ်သာရများပြန်အသက်ဝင်အောင် လုပ်ဖို့ အပေါ်၌ ရပ်တန့်နေသည့် အနှစ်သာရကမ္ဘာထံ တဟုန်ထိုး ပျံတက်သွားသည်။
သူ၏နှလုံးသားထဲတွင် သတိအပြည့်ရှိနေသည်။ သူ့မှာ ခြေနှစ်ဖက်ကို ချုပ်နှောင်ခံထားရ၍ လက်နှစ်ဖက်ဖြင့်သာ တိုက်ခိုက်နေရသလို ခံစားရလေသည်။ အဋ္ဌမတောင်ပင်လယ်သို့ သူ စရောက်ကတည်းက မန်ဟိုသည် ခြေလှမ်းတစ်လှမ်းတိုင်း သူ့ကို နှောင့်ယှက်တိုက်ခိုက်ခဲ့၏။ သူ့မှာ သူ၏ပြိုင်ဘက် ကြောင်းပေးနေသောလမ်းအပေါ် တွန်းပို့ခံနေရ၍ ထိုအတိုင်း လျှောက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိသကဲ့သို့ ခံစားနေရသည်။
ထိုခံစားချက်က အမှန်တကယ် ရှက်စရာကောင်းသည်။ နောက်ဆုံးသုံးသပ်ကြည့်သည့်အခါ ယခုလိုဖြစ်လာခဲ့သည့် အကြောင်းရင်းမှာ မန်ဟို ထိုလှံနှင့် တိုက်ခိုက်ရဖို့ ဘာကိုမှ မထိမ်ချန်ခဲ့သောအခိုက်အတန့်မှ စတင်သည်။
သခင်အဖြူသည် ထိုလှံကြောင့် အသက်အန္တရာယ်မကြုံတွေ့ခဲ့ရသော်လည်း ၎င်းက သူ၏လက်ဦးမှုရယူနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးစေခဲ့၏။
ယခုအချိန်တွင် မန်ဟို၏မျက်လုံးများက လင်းလက်တောက်ပနေသည်။ သူသည် သခင်အဖြူနှင့် တိုက်ခိုက်နိုင်ဖို့ ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ပြီးဖြစ်သည့်အပြင် သူ့ကို မသတ်နိုင်သေးသော်လည်း တောင်ပင်လယ်ကျမ်းစာတချို့ကို အသုံးပြုအောင် ဖိအားပေးခဲ့ပြီးလေပြီ။
မန်ဟိုက လက်ဦးမှုရယူထားသည့်အတွက် ဖြည်းဖြည်းချင်း အသာစီးရလာခဲ့ပြီး သူ့ပြိုင်ဘက်၏အနှစ်သာရများကို ချိတ်ပိတ်နိုင်ခဲ့သည်။ ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့ရသည်သာမက ဒဏ်ရာအပြင်းအထန်ရခဲ့လျှင်တောင်မှ တန်လေသည်။
၎င်းတို့အားလုံးက သူ တစ်ချိန်လုံး တိုက်ပွဲကို စည်းချက်ကျကျ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက သူ့ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ကြိမ်မှ မပေးခဲ့ပေ။ ထို့ကြောင့် ... ထိုအခွင့်အရေးကို ယခုအချိန်တွင်လည်း သေချာပေါက် ပေးမည်မဟုတ်ပေ။
“အနှစ်သာရတွေကို ပြန်အသက်သွင်းချင်တယ်ပေါ့လေ။ ကျုပ်က ခင်ဗျားကို ခွင့်ပြုပေးမယ်ထင်လား” မန်ဟိုက အဆိပ်ငါးကောင်ကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး ၎င်းတို့နှင့် ရင်ဆိုင်ရန် အချိန်မရှိပေ။ သူ၏ပစ်မှတ်က သခင်အဖြူတစ်ယောက်တည်းသာ ဖြစ်သည်။
“ကြည့်ရတာ ငါ ငါ့ရဲ့မိစ္ဆာချုပ်နှောင်မှော်အစွမ်းတွေကို သုံးသင့်သလောက် မသုံးခဲ့သလိုပဲ။ တကယ့်တကယ် အထင်သေးခဲ့မိတယ်” သူက မျက်လုံးများ တောက်ပနေလျက် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဟောင်သံတစ်သံ ပဲ့တင်ထပ်လာသည်။ ထို့နောက် သွေးခွေးကြီးသည် ခမ်းနားကြီးကျယ်သောအသွင်အပြင်ဖြင့် ပျံထွက်လာ၏။
ထို့နောက် သစ်စေ့နက်မှင်စာအုပ် လိုက်ပါလာသည်။
မန်ဟို၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေ၏။ ယခုတွင် သူ၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းက အနှစ်သာရများကို ချိတ်ပိတ်နိုင်ကြောင်း သိလိုက်ရပြီဖြစ်၍ .... သမာဓိအပ်နှင်းဖို့ သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံကို သုံးလိုက်လျှင် ရလဒ်မည်သို့ထွက်လာမည်လဲ သိချင်လာသည်။
“သမာဓိအပ်နှင်းခြင်း” သူက တွန့်ဆုတ်မနေဘဲ သူ၏ညာလက်ကို ဆန့်၍ သွေးခွေးကြီးထံ ညွှန်လိုက်သည်။ ချက်ချင်းပင် မိစ္ဆာချုပ်နှောင်မှော်အစွမ်း လှိုင်းဂယက်များက သူ့ကိုယ်ထဲမှ ဖြာထွက်စပြုလာသည်။ သွေးခွေးကြီး၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီးနောက် ၎င်း၏တန်ခိုးသည် ကြီးမားလာ၏။ ၎င်းကား စတင်ကြီးထွားလာသလို၊ ၎င်း၏ကျင့်ကြံခြင်းအခြေခံစွမ်းအားလည်း လျင်မြန်စွာ မြင့်တက်လာ၏။
မျက်စိတစ်မှိတ်အတွင်း သွေးခွေးကြီးသည် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်မှ တာအိုနယ်ပယ်သို့ ဝင်ရောက်သွားခဲ့လေပြီ။
လေဟုန်ခွင်းလောကမှာတုန်းက မန်ဟိုသည် သွေးခွေးကြီးအား လင်းနို့နက်စိတ်ဝိညာဉ်ကို စားနိုင်အောင် ကူညီခဲ့၏။ သို့သော် မန်ဟို့ကို ကူညီဖို့ အလို့ငှာ သွေးခွေးကြီးက အဆင့်တက်နေမှုကို ရပ်တန့်ခဲ့ရာ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်၌သာ တစ်နေခဲ့သည်။
ယခုတွင် သမာဓိအပ်နှင်းခြင်း၏အကူအညီဖြင့် ၎င်း၏ကျင့်ကြံခြင်းအခြေခံသည် ဆက်လက်အဆင့်တက်လာ၏။ ၎င်းက ခေါင်းနောက်လှန်၍ ဟောင်ပြီးနောက် အဆိပ်ငါးကောင်ထံ ပြေးတက်သွားသည်။ ထို့နောက် မန်ဟိုသည် သစ်စေ့နက်မှင်စာများကို ကြည့်၍ သမာဓိအပ်နှင်းခြင်းအစွမ်းကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်၏။
ချက်ချင်းပင် သစ်စေ့နက်မှင်စာများသည် အံ့မခန်းလိလိ ပြောင်းလဲစပြုလာကာ မန်ဟို့အား ၎င်းတို့အပေါ်တွင် တောင်ပင်လယ်လောက၏စွမ်းအားအနည်းငယ်ကို ခံစားလိုက်ရစေသည်။ မှန်သည်၊ ယင်းက မန်ဟိုသာ ခံစားနိုင်မည့်စွမ်းအား ဖြစ်သည်။ အခြားလူအသာထား၊ တောင်ပင်လယ်သခင်များပင်လျှင် ထိုသို့မခံစားနိုင်ပေ။
မန်ဟိုမှာ အတော်လေး အံ့အားသင့်သွားသည်။ သွေးခွေးကြီးကို အတန်ငယ်စစ်ဆေးပြီးနောက် ၎င်း၏ကိုယ်အတွင်း၌ သက်ဝင်လှုပ်ရှားနေသော တောင်ပင်လယ်လောက၏အရှိန်အဝါကို ခံစားနေရကြောင်း သူ သဘောပေါက်လိုက်သည်။ “သမာဓိအပ်နှင်းခြင်းက ဒီလိုအလုပ်လုပ်တာကိုး။ ငါက သူတို့ကို တောင်ပင်လယ်လောကရဲ့ အသိအမှတ်ပြုမှုကို အပ်နှင်းပြီး တောင်ပင်လယ်လောကရဲ့စွမ်းအားတချို့ ငှားသုံးခွင့်ပြုလိုက်တာပဲ"
သွေးခွေးကြီးနှင့် သစ်စေ့နက်မှင်စာများက အဆိပ်ငါးကောင်ကို ဝင်တိုက်သည်။ အကြိတ်အနယ်တိုက်ပွဲတစ်ပွဲ စတင်သဖြင့် ပေါက်ကွဲသံများက ကြယ်တာရာကောင်းကင်ကို တဝုန်းဝုန်း တုန်ခါနေစေတော့သည်။
ထို့နောက် မန်ဟိုက သခင်အဖြူထံ ဦးတည်သွားသည်။
သခင်အဖြူ၏သူငယ်အိမ်များ ကျုံ့သွားသည်။ အထူးသဖြင့် မန်ဟို သမာဓိအပ်နှင်းလိုက်သည်ကို မြင်ရပြီးနောက်တွင်ပင်။ မန်ဟို့ကို အဆိပ်ငါးကောင်ဖြင့် နှောင့်ယှက်ထားစဉ် သူ၏အနှစ်သာရကမ္ဘာကို ပြန်အသက်သွင်းမည့်အစီအစဉ် ကျဆုံးသွားကြောင်း သဘောပေါက်လိုက်သဖြင့် သူက သက်ပြင်းချလိုက်တော့သည်။
ရုတ်တရက် သခင်အဖြူ၏အမူအရာသည် တည်ငြိမ်သွား၏။ သူက သက်ပြင်းချရင်း မန်ဟို့ကို ကြည့်ကာ ပြောသည်။ “ငါတို့ကြားမှာ ရန်ငြိုးမရှိဘူး။ အမြင်မတူကြတာပဲ ရှိတယ်... ကဲပါလေ အရေးမကြီးဘူး။ မင်းဟာ သန်မာကောင်း သန်မာလိမ့်မယ်။ ဒါပေမဲ့ တောင်ပင်လယ်သခင်တစ်ဦးအနေနဲ့ ငါက မင်းအတွက် လက်လှမ်းမှီဖို့ အများကြီးမြင့်မားတယ်.... ဒါပေမဲ့ မင်းက ဆက်ကြိုးစားနေမှတော့ ... တောင်ပင်လယ်သခင်ရဲ့စွမ်းအားအစစ်အမှန်က ဘာလဲ မင်းမြင်သွားအောင် လုပ်ပေးရတော့မှာပေါ့”
သူ၏သက်ပြင်းချသံက ကြယ်တာရာကောင်းကင်ကို တုန်ရီသွားစေပြီး သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲအားလှိုင်းများကို ဖြန့်ကျက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က အဋ္ဌမတောင်ပင်လယ်အပြည့် ဖြာထွက်သွားလေပြီ။
“ငါက သတ္တမတောင်ပင်လယ်သခင်....” သူက ညင်သာစွာ ပြောလိုက်ရာ သူ့ခေါင်းပေါ်တွင် ပုံရိပ်ယောင်တစ်ခု ဘွားခနဲ ပေါ်လာသည်။ ၎င်းက တောင်တစ်လုံး၊ ပင်လယ်တစ်စင်း၏ပုံရိပ် ဖြစ်လေသည်။
ထိုပုံရိပ်က ပေါ်လာသောအခါ တုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ တဂျိန်းဂျိန်းထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ရောင်က သခင်အဖြူ၏မျက်လုံးများမှ ဖြာထွက်တောက်ပလာသည်။ သူက ညာလက်ကို အပေါ်မြှောက်ကာ တောင်ပင်လယ်လောက၏စွမ်းအားမီးလျှံကို ပေါ်လာစေ၏။
တစ်ချိန်တည်းမှာပင် သခင်အဖြူသည် အလွန်ကြီးမားသောဖိအားကြီးတစ်ခုကို ထုတ်လွှတ်စပြုလာသည်။ သူ့ကိုယ်ပေါ်ရှိ တောင်ပင်လယ်လောကအရှိန်အဝါမှာ ပို၍အားကောင်းလာသဖြင့် အက်ကွဲသံများ ကြားနေရပြီး ကြယ်တာရာကောင်းကင်မှာ တဝုန်းဝုန်း တုန်ရီလာကာ ဟင်းလင်းပြင်သည် ရှုံ့တွလာ၏။
ထိုမျှသာမက သူ့ခေါင်းအထက်ရှိ တောင်ပင်လယ်ပုံရိပ်လည်း ထင်ရှားသထက် ထင်ရှားလာသည်။
ထိုသို့ဖြစ်ပျက်နေစဉ် သတ္တမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်မှာ ခမ်းခြောက်လာပုံရပြီး အာကာသဟင်းလင်းပြင်မှာ မှောင်ပိန်းလာသည့်အပြင် ကြယ်တာရာဂြိုဟ်များ၏ အသက်စွမ်းအားများပင်လျှင် စုပ်ယူခံနေရသည်။ သတ္တမတောင်မှာ ၎င်းထဲမှ အသက်ဓာတ်တို့ နုတ်ယူခံနေရသည့်အလား အက်ရာများ ဖြာထွက်လာသည်။
သတ္တမပင်လယ်တွင် ပင်လယ်သားရဲများမှာ ၎င်းတို့၏ခန္ဓာကိုယ်များ ပိန်ချုံးခြောက်ကပ်လာသဖြင့် တဆတ်ဆတ် တုန်နေပြီး ပင်လယ်ကိုယ်တိုင်မှာလည်း ၎င်း၏စွမ်းအားနှင့် အသက်ဓာတ်တို့ စုပ်ယူခံနေရသဖြင့် ခမ်းခြောက်လာသည်။ သတ္တမတောင်ပင်လယ်၏ အခြေခံအုတ်မြစ်မှာ .... သခင်အဖြူဆီ ဆွဲငင်ခံနေရလေသည်။
မိုးကောင်းကင်တုန်ခါ၍ ကမ္ဘာမြေအက်ကွဲစေသော အဖြူရောင်အလင်းသည် သူ့ထံမှ ဖြာထွက်တောက်ပလာ၏။ အဋ္ဌမတောင်ပင်လယ်တစ်ခွင် လင်းထိန်တောက်ပနေသော အဆိုပါအဆုံးမဲ့အလင်းရောင်က လောကထဲရှိ ကျန်တောင်ပင်လယ်သခင်များ၏အာရုံကို ဆွဲဆောင်လိုက်သည်။
သခင်အဖြူမှာ တိုင်းတာမရလောက်အောင် ကြီးမားနေပုံရပြီး သူ၏ခေါင်းအထက်ရှိ တောင်ပင်လယ်ပုံရိပ်မှာ သလင်းကျောက်ပမာ ရှင်းလင်းပြတ်သားနေသည်။ သူက မန်ဟို့ကို ကြည့်ရင်း လက်ညှိုးထိုးကာ ပြောသည်။ “မင်းဟာ အစွမ်းထက်ကောင်း ထက်လိမ့်မယ် ဒါမဲ့ အဆုံးသတ်မှာ ... မင်းက သာမန်ကျင့်ကြံသူလေးတစ်ယောက်ပဲ။ ငါက ကျင့်ကြံသူဆိုတဲ့ စည်းဘောင်ကို ကျော်ပြီး မဟာတောင်ပင်လယ်ကိုးခုထဲက တစ်ခုရဲ့တန်ခိုးတော်မြတ်ကို ကိုင်စွဲနိုင်ခဲ့ပြီးပြီ။ ငါဟာ .... သတ္တမတောင်ပင်လယ်ရဲ့သခင်
“တောင်ပင်လယ်လောကမှာ ဘယ်သူမှ တောင်ပင်လယ်သခင်တစ်ဦးနဲ့ ရင်ဘောင်တန်း မရပ်နိုင်ဘူး။ ငါဟာ ဘယ်သူသေရမယ်၊ ဘယ်သူရှင်ရမယ်ကို ဆုံးဖြတ်ပေးတဲ့သူ
“မင်းကို ချေမှုန်းဖို့ တောင်ပင်လယ်တွေရဲ့စွမ်းအားကို ငါ ဆင့်ခေါ်တယ်”
သူ၏အသံ ပဲ့တင်ထပ်နေစဉ် တောင်ပင်လယ်လောက၏အရှိန်အဝါသည် သူ့ပတ်ပတ်လည်တွင် တဖွေးဖွေး လှုပ်လာရင်း ဖော်ပြမတတ်နိုင်သော ဖိအားကို ထုတ်လွှတ်လျက် မန်ဟို့ထံ ပြေးဝင်သွားသည့် အဖြူရောင်နေတစ်စင်းအသွင် ပြောင်းသွား၏။
၎င်းက ဘေးရှောင်မပြေးနိုင်သော တိုက်ကွက်မျိုးဖြစ်သည်။ တောင်ပင်လယ်ကိုးခု၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦး၊ သတ္တမတောင်ပင်လယ်သခင်၏စိတ်ဆန္ဒမှ ခြယ်လှယ်နေသော တောင်ပင်လယ်လောကစွမ်းအားက ၎င်းကို ထောက်ပံ့ပေးထားသည်မဟုတ်ပါလော။
သခင်အဖြူက သက်ပြင်းဖွဖွ ချသည်။ “ကိုယ်ရေးကိုယ်တာအကြောင်းတွေကြောင့် ငါ့အနေနဲ့ တောင်ပင်လယ်လောကရဲ့စွမ်းအားကို ဒီထက်ပိုပြီး မဖြုန်းတီးချင်တော့ဘူး။ ငါ ဒီလောကမှာ နေထိုင်ခဲ့တာ ... နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီမဟုတ်လား
“တောင်ပင်လယ်လောကရဲ့လက်ထဲမှာ သေရတော့မှာဆိုတော့ မင်း နောင်တကင်းကင်းနဲ့ သေနိုင်ပါတယ်” ထို့သို့ပြောရင်း သခင်အဖြူက အင်္ကျီလက်စကို ခါ၍ တောင်ပင်လယ်လောက၏ဖိအားကို ကြောက်ခမန်းလိလိ ကြီးထွားလာစေသည်။
မန်ဟိုက သခင်အဖြူကို ကြည့်သည်။ “တောင်ပင်လယ်လောကတဲ့လား...”
သူက တဟားဟား အော်ရယ်လိုက်ပြီး သူ၏မျက်လုံးများက တောက်ပလာသည်။ တကယ်တော့ ဤတိုက်ပွဲအတွက် သူ၏ပင်မဗျူဟာတွင် အပိုင်းနှစ်ပိုင်းရှိသည်။ ပထမအပိုင်းက လှံအကွက်ဖြစ်ခဲ့သည်။ ထို့နောက်တွင်တော့ သူသည် .... သူ၏ပြိုင်ဘက် တောင်ပင်လယ်လောက၏စွမ်းအားကို ဆင့်ခေါ်မည့်အချိန်အား စောင့်နေခဲ့ခြင်းသာ ဖြစ်၏။
“ခင်ဗျားက ကျုပ်ရဲ့အရှေ့မှာ တောင်ပင်လယ်လောကစွမ်းအားကို သုံးချင်တာလား” မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် အဆုံးမဲ့တောင်ပင်လယ်စွမ်းအားသည် သူ့ထံမှ ဝုန်းခနဲ ပေါက်ကွဲထွက်လာ၏။ ချက်ချင်းဆိုသလို မန်ဟို၏အရှိန်အဝါက ကြောက်ခမန်းလိလိ မြင့်တက်စပြုလာလေသည်။
သခင်အဖြူမှာ အံ့ဩမယုံနိုင်ဖြစ်နေသော မျက်လုံးများဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဒါက...”
တောင်ပင်လယ်သခင်တစ်ဦးအပြင် ထိုမျှထိတ်လန့်ဖွယ် တောင်ပင်လယ်စွမ်းအားပမာဏကို ထုတ်လွှတ်နိုင်သူမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထိုမျှသာမက မန်ဟိုသည် တောင်ပင်လယ်သခင်တစ်ဦးမဟုတ်။ သခင်အဖြူမှာ ရင်တဒိန်းဒိန်းခုန်လာပြီး မျက်နှာပျက်သွားတော့သည်။
မန်ဟိုက မျက်လုံးများ တဝင်းဝင်းတောက်ပနေလျက် ဆက်ပြောသည်။ “ခင်ဗျားက သတ္တမတောင်ပင်လယ်သခင်လို့ ပြောတယ်။ ဒါပေမဲ့ တောင်ပင်လယ်လောကတစ်ခုလုံးက ဘယ်သူ့အပိုင်လဲ ခင်ဗျား သိလား”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် တဂျုန်းဂျုန်းထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီး သူ၏ခေါင်းအထက်၌ တောင်ကိုးလုံး ပေါ်လာခဲ့လေပြီ။
တောင်ကိုးလုံး၊ ပင်လယ်ကိုးစင်း။
၎င်းတို့သည် သခင်အဖြူ၏ခေါင်းပေါ်ရှိ ထင်ရှားပြတ်သားသော တောင်ပင်လယ်ပုံရိပ်နှင့်ယှဉ်လျှင် ဝေဝါးနေသော်လည်း ၎င်းတို့ပေါ်လာလျှင်ချင်း ကြယ်တာရာကောင်းကင်တစ်ခုလုံး၊ တောင်ပင်လယ်လောကတစ်ခုလုံး တုန်ခါလာသည်။
ပြင်းထန်သောဖိအားက ရုတ်တရက် မန်ဟို့ထံမှ လိမ့်ထွက်လာ၏။၊
သခင်အဖြူမှာ ဣန္ဒြေမဆည်နိုင်တော့အောင် မျက်နှာပျက်သွားပြန်ပြီး တဆတ်ဆတ် တုန်လာသည်။ သူသည် အံ့ဩခြင်းလှိုင်းတံပိုးကြီးများ နှလုံးသားကို ရိုက်ခတ်နေလျက် နောက်ဆုတ်မိသွားသည်။ သူက မျက်လုံးအပြူးသားနှင့် ပြောသည်။ “မ...မဖြစ်နိုင်ဘူး။ မင်းက .. မင်းက ....”
သခင်အဖြူမှာ ချာချာလည်နေတော့သည်။ သူ၏စိတ်စွမ်းအားအဆင့်အရ သူ့ကို ဆွံ့အစေနိုင်သောအရာ မရှိသလောက် ရှား၏။ သို့သော် ယခုတော့ သူ့မှာ သူ့တစ်ဘဝလုံးတွင် တုန်လှုပ်ခဲ့ဖူးသည်ထက် ပို၍တုန်လှုပ်နေတော့သည်။
“ဒါက ငါ့ရဲ့တောင်ပင်လယ်လောကပဲ” မန်ဟိုက သခင်အဖြူထံ ဖမ်းဆုပ်လိုက်ဟန်လုပ်ရင်း အေးစက်စွာ ပြောသည်။
ထိုလက်ဟန်က မိုးနှင့်မြေတွင် အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားစေသည်။ တောင်ပင်လယ်များ၏စွမ်းအားသည် မန်ဟို့ထံမှ ပေါက်ကွဲလာသဖြင့် ကြယ်တာရာကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ရီလာတော့၏။ ဖိအားလှိုင်းကြီးက သခင်အဖြူထံ လိမ့်ထွက်လာပြီး သေရတော့မည့်အာရုံက သူ့ကို လွှမ်းမိုးလာသည်။ သူသည် တွန့်ဆုတ်မနေဘဲ လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ ထို့နောက် ခေါင်းနောက်လှန်၍ ခါးသီးစွာ ဟိန်းဟောက်လိုက်သည်။
“သတ္တမတောင်ပင်လယ်” ချက်ချင်းပင် သတ္တမတောင်ပင်လယ်၏စွမ်းအား ပေါက်ကွဲထွက်လာသည်။ သတ္တမပင်လယ်မှာ ခမ်းခြောက်သွားပြီး သတ္တမတောင်တစ်လုံးစလုံး တုန်ရီနေသည်။ ပို၍ပင်များပြားသော တောင်ပင်လယ်စွမ်းအားများ စုဝေးလာပြီး မန်ဟို့ထံ ပြေးဝင်လာသဖြင့် သတ္တမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်မှာ ကြေမွပြိုကွဲခါနီး ဖြစ်လာသည်။
သတ္တမတောင်ထိပ်က နတ်ရေကန်ထဲရှိ ရွှမ်းဝူလိပ်ကြီးက နာကျင်မှုနှင့်အမျက်ဒေါသတို့ ပြည့်နှက်နေသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ သခင်အဖြူသည် မန်ဟို့ကို တိုက်ခိုက်နေသည့်အတောအတွင်း အသုံးပြုခဲ့သော ယခင်တိုက်ကွက်များ၏စွမ်းအားထက် သိသိသာသာ သာလွန်နေသည့် အဖြူရောင်နေနောက်တစ်စင်းကို ဖော်ဆောင်ရန် တောင်ပင်လယ်စွမ်းအားပမာဏကို တိုးမြှင့်အသုံးပြုလိုက်၏။
ဝုန်းးးးးးးးးးးးးးးးး.....
ကြယ်တာရာကောင်းကင်မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးက အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။ သခင်အဖြူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် လည်ထွက်သွား၏။ သူ၏အဝတ်အစားများ စုတ်ပြတ်သွားသည့်အပြင် မီတာတစ်ထောင်ကျော်အကွာတွင် ဒယိမ်းဒယိုင်မရပ်လိုက်နိုင်ခင် သူ့ပါးစပ်မှ သွေးများထပ်မံ ပန်းထွက်သွားခဲ့သည်။ သူ ခေါင်းမော့လိုက်သောအခါ သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။
သူ မြင်လိုက်ရသည့်အရာမှာ မီတာထောင်ပေါင်းများစွာ လွင့်ထွက်သွားရင်း သွေးအန်နေရသော မန်ဟို့ကိုပင်။ ယခုတွင် သူတို့နှစ်ယောက်အကြား၌ မီတာသုံးထောင်နီးပါး ကွာနေပြီး တစ်ယောက်၏မျက်လုံးထဲရှိ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို တစ်ယောက် မြင်လိုက်ကြရသည်။
ဝုန်း
နှစ်ယောက်လုံး နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များစွာကို တစ်ပြိုင်တည်း ထုတ်လွှတ်ရင်း ဝုန်းခနဲ ရှေ့ထွက်သွားကြသည်။
နောက်ဆက်တွဲအခိုက်အတန့်တွင် သူတို့နှစ်ယောက် တိုက်ကွက်ပေါင်းထောင်ချီ ဖလှယ်လိုက်ကြသဖြင့် ပြင်းထန်သောပေါက်ကွဲမှုများက အဋ္ဌမတောင်ပင်လယ်ကို တသိမ့်သိမ့်တုန်နေစေတော့သည်။ တိုက်ကွက်တစ်ကွက်စီတိုင်းက ကြယ်တာရာကောင်းကင်ကို မှေးမှိန်သွားစေသည့်တိုင် သူတို့ကား မည်သည့်အရာကိုမှ မထိမ်ချန်ထားကြပေ။