← Chapters

တောက်ဖန် ကိုယ်ထင်ပြခြင်း

Vol. 93 Ch. 1300

တောက်ဖန် ကိုယ်ထင်ပြခြင်း

Vol. 93 Ch. 1300

ဝုန်း

သခင်အဖြူ၏နတ်ဘုရားစွမ်းရည်များ တစ်ခုနှင့်တစ်ခုပေါင်းစည်းပြီး သူ့ကို ဝင်တိုက်လိုက်သဖြင့် မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့မှာ ဒဏ်ရာများ ပိုမိုဆိုးရွားလာသဖြင့် နောက်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ယခုတွင် သူ့ထာဝရအလွှာ၏ ကုစားစွမ်းအားမှာ သူ့ဒဏ်ရာများကို လိုက်မမှီတော့ကြောင်း သိသာလေသည်။

သခင်အဖြူအတွက်မူ အမှန်တကယ် အင်အားကြီးမားသော မြစိမ်းဧကရာဇ်၏ထာဝရဂါထာ ရှိထားသည်။ သခင်အဖြူအနေဖြင့် ကျဉ်းထဲကြပ်ထဲ ရောက်နေလျှင်တောင်မှ နောက်ဆုံးအခြေအနေတွင် မဟုတ်သေးကြောင်း တွေ့လိုက်ရသဖြင့် မန်ဟိုမှာ အံ့ဩထိတ်လန့်ရလေသည်။

အသတ်အဖြတ်စိတ်ဆန္ဒက သခင်အဖြူ၏မျက်ဝန်းများတွင် ဝဲကဲ့သို့ လည်ပတ်နေသော်လည်း သူ့မှာ တိတ်တိတ်ကလေး လန့်လည်းလန့်၊ ကြောက်လည်း ကြောက်နေသည်။ အရာအားလုံးကို မြင်တွေ့ခဲ့ပြီးနောက် သူ့စိတ်သည် အပိုင်းအစများကို ဆက်စပ်ရင်း ပြေးလွှားနေခဲ့သည့်အတွက် နောက်ဆုံးတော့ မန်ဟို မည်သူမှန်း ဖော်ထုတ်နိုင်သွားသည်။

“တောင်ပင်လယ်လောကရဲ့ အရှင်သခင်။ တောင်ပင်လယ်လောကရဲ့ နှစ်ယောက်မရှိတဲ့ အနှိုင်းမဲ့သခင် ... ငါ သူ့ကို သတ်နိုင်ရင် တောင်ပင်လယ်လောအတွက် ထိုးနှက်မှုကြီး သေချာပေါက် ဖြစ်လိမ့်မယ်။ ဒါကို သေချာပေါက် အများအကျိုးဆောင်ပေးမှုအဖြစ် ထည့်တွက်လို့ရတယ်။ ဒါဆို ငါ မယုံကြည်နိုင်ဖွယ် ဆုလာဘ်တွေ ရလိမ့်မယ်” သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍ပင်အားကောင်းလာ၏။ သူ့တိုက်ကွက် မန်ဟို့ကို ဝင်တိုက်လိုက်သည်နှင့်တစ်ပြိုင်နက် သူက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။

“တောင်ပင်လယ်ကျမ်းစာ” သူက ဟိန်းဟောက်သည်။ ချက်ချင်းပင် ရှေးဟောင်းတောင်ပင်လယ်ကျမ်းစာသည် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ကို ဖြန့်ကျက်လျက် သူ့အနောက်တွင် ဖော်ပြခံလိုက်ရ၏။ သခင်အဖြူက လက်သီးဆုပ်ပြီးနောက် ၎င်းကို ဖွင့်သည်။

“တောင်တွေမှာ တာအိုသုံးပါးရှိတယ်။ ပထမတာအို လူ-တောင်” သခင်အဖြူသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ တောင်ပင်လယ်ကျမ်းစာ၏အရှိန်အဝါကို သူ့ထံ လွင့်မျောလာစေသည်။ ‘လူ’ နှင့် ‘တောင်’ ဆိုသော စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် သူ၏အမြန်နှုန်းက မဖော်ပြနိုင်သောအဆင့်အထိ မြင့်တက်သွားပြီး သူက မန်ဟို့အရှေ့တွင် ဘွားခနဲ ပေါ်လာသည်။ ထို့နောက် လက်နှစ်ဖက်လုံးကို ရှေ့သို့ ဖိတွန်းလိုက်၏။

ထိုလှုပ်ရှားမှုက သူ့ခန္ဓာကိုယ်ကို တောင်တစ်လုံးအသွင် ပြောင်းသွားစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက တဝုန်းဝုန်းမြည်နေပြီး ကောင်းကင်ဖျက်စီး၊ မြေပြင်ချုပ်ငြိမ်းစေသော စွမ်းအားသည် မန်ဟို့ကို ဝင်တိုက်လေ၏။

မန်ဟိုမှာ ရှောင်ဖို့ အခွင့်အရေးပင် မရလိုက်ပေ။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ရင်ဘတ်သည် ချိုင့်ဝင်သွား၏။ သူ နောက်လွင့်သွားသည့်အချိန်မှာပင် သခင်အဖြူ၏မျက်လုံးများက သွေးရောင်တောက်လာသည်။

“ဒုတိယတာအို၊ မြေ-တောင်” ထို့နောက် သူက ပျောက်ကွယ်သွားပြန်ပြီး မန်ဟို့အောက်တွင် ဖျတ်ခနဲ ပေါ်လာသည်။ ထိုနေရာတွင် သူသည် မန်ဟို့ထံ ထိုးတက်သွားသည့် ပို၍ပင်ကြီးမားသောတောင်ကြီးတစ်လုံး အသွင်ပြောင်းသွား၏။

သူ၏အရှိန်က အလွန်မြန်လွန်းသဖြင့် မန်ဟိုမှာ မရှောင်လိုက်နိုင်ပြန်ပေ။ တောင်သည် သူ၏အရိုးများကို ချိုး၍ သူ့ပါးစပ်မှ သွေးများ ဖွားခနဲ လွင့်စင်ထွက်သွားစေ၏။ သူ၏အသက်စွမ်းအားမှာ အားနည်းနေပြီး သူ့မှာ ရှောင်ချင်သည့်တိုင်၊ ခုခံချင်သည့်တိုင် မတတ်နိုင်ပေ။

“တတိယတာအို၊ ကောင်းကင်-တောင်” သခင်အဖြူက သူ့အသံဟိန်းထွက်သွားသည်နှင့် အရှေ့နှစ်လုံးထက်ပင်ပို၍ ကြီးမားကြောက်စရာကောင်းသော တောင်ကြီးတစ်လုံးအဖြစ် မန်ဟို့အပေါ်တွင် ပေါ်လာသည်။

ထို့နောက် သူသည် မန်ဟို့ကို ဖိချလိုက်၏။

ဒုန်းးးးးးးးးးးးးးး

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ကြေမွသွားပြီး သူ၏အပြင်အားကိုယ်သည် တစစီပြိုကွဲလုနီးပါး ဖြစ်နေသည်။ ကောင်းကင်-တောင် မှေးမှိန်ပျောက်ကွယ်နေသည့်အချိန်မှာပင် မန်ဟိုမှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ နောက်လွင့်ထွက်သွားတော့၏။

သခင်အဖြူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ “မသေသေးဘူးလား”

တောင်တာအိုသုံးခုသည် တောင်ပင်လယ်ကျမ်းစာ၏ ထိပ်ဆုံးတာအိုမှော်သိုင်းကွက်များ ဖြစ်ကြသည်။ သူ့အနေဖြင့် ၎င်းတို့ကို သုံးလေ့သုံးထမရှိသလို၊ သုံးလိုက်တိုင်းလည်း သူ့ပြိုင်ဘက်၏အသက်ကို နှုတ်နိုင်သည်။

သို့သော် မန်ဟိုကား ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် မသေသေးကြောင်း သိသာသည်။ ဤအခြင်းအရာက သခင်အဖြူကို မျက်မှောင်ကြုတ်သွားစေပြီး သူ၏သတ်ဖြတ်လိုစိတ်ကို ပြင်းထန်လာစေသည်။

သို့သော် သခင်အဖြူအတွက်လည်း အခြေအနေမကောင်းပေ။ လောလောဆယ်တွင် သွေးများ သူ၏ပါးစပ်မှ စီးကျနေသည်။ တောင်ပင်လယ်များ၏ တာအိုသုံးခုနှင့် မှော်အစွမ်းသုံးခုမှာ တကယ်တော့ သူ့အတွက် ထိန်းချုပ်ရန် အင်မတန် ခက်ခဲသည်။ “ပင်လယ်တွေမှာ မှော်အစွမ်းသုံးခုရှိတယ်...”

မန်ဟိုက သတိအပြည့်ဖြင့် လဲကျမသွားအောင် အားတင်းထားပြီး ချက်ချင်း ဆေးလုံးတချို့ စားလိုက်သည်။ သူ၏ထာဝရအလွှာမှာ အားကုန်ခါနီးနေသလို သူ့ဒဏ်ရာများမှာ အတွင်းကလီစာအကုန်လုံး အပိုင်းပိုင်းပြတ်နေသည့်တိုင်အောင် အလွန်ပြင်းထန်လှသသည်။ အမှန်တွင် သူ့အရိုးများမှာ စိတ်ဆောင်နေ၍သာ အစိတ်စိတ်အမြွှာမြွှာ ကြေမသွားသေးခြင်းဖြစ်သည်။ သူ၏အပြင်အားကိုယ်ဖြစ်စေ၊ သူ၏ကျင့်ကြံခြင်းအခြေခံဖြစ်စေ၊ သခင်အဖြူ၏တိုက်ကွက်သုံးကြောင့် ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့လေပြီ။

ထိုတောင်သုံးလုံးက သူ့ကို လုံးလုံးလျားလျား အံ့ဩမှင်သက်စေခဲ့သည်။ ထိုမျှရင်သပ်ရှုမောဖွယ်ရာ တာအိုမှော်သိုင်းကွက်များကို သူ တစ်ခါမှ မမြင်ခဲ့ဖူးသည့်အပြင် ၎င်းတို့က အတော်လေးရိုးရှင်းသယောင် ထင်ရသော်လည်း တိုက်ကွက်စွမ်းအားက မယုံနိုင်စရာကောင်းသည်။

“ဆိုတော့ အဲဒါက တောင်ပင်လယ်ကျမ်းစာပေါ့လေ ဟမ်....” သူက အမောတကော အသက်ရှူရင်း တွေးသည်။ ထို့နောက် သခင်အဖြူ ထိုကဲ့သို့တာအိုမှော်အစွမ်းများကို ထပ်မံထုတ်လွှတ်တော့မည်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူသည် ထိုတိုက်ကွက်အတွက် သူ့ပြိုင်ဘက် အချိန်ယူနေသည်ကို အခွင့်အကောင်းယူ၍ အလွန်ထူးဆန်းသော ခြေလှမ်းခြေကွက်များဖြင့် လမ်းစလျှောက်တော့သည်။

ထို့နောက် သူက မျက်ဝန်းများ ရက်စက်ကြမ်းကြုတ်စွာ လင်းလက်နေလျက် ရေရွတ်လိုက်၏။ “ခြောက်သွေ့မီးတောက်”

ချက်ချင်းပင် သူသည် သူ၏သွေးများကို မီးလောက်တိုက်သွင်းရင်း ခန္ဓာကိုယ်အပြင်ထွက်သွားသော မီးတောက်များအသွင် ပြောင်းနေသည့်အလား သူ့ကိုယ်မှာ ခြောက်ကပ်လာသည်။

ဤအခိုက်အတန့်တွင် သခင်အဖြူက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် သူ၏မှော်သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။

“ပထမမှော်အစွမ်း၊ အရပ်သားမှော်အစွမ်း။ အရပ်သားရဲ့ ကံကြမ္မာဟာ သူ့ခန္ဓာကိုယ် ဖြစ်တယ်။ မှော်အစွမ်းကို အဆုံးသတ်ဖို့ ခန္ဓာကိုယ်ကို သုတ်သင်လော့” သခင်အဖြူက မန်ဟို့ကို လက်ညှိုးထိုးသည်။ ချက်ချင်းပင် သူ့အနောက်ရှိ ရှေးဟောင်းစာအုပ်ကြီးသည် တုန်ခါလာပြီးနောက် ရုတ်တရက် သခင်အဖြူက ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာသောအခါ မန်ဟို့အရှေ့တည့်တည့်တွင် မန်ဟို့ထံ လက်ညှိုးထိုးနေသည်။

ထိုလက်ညှိုးတွင် ဆန်းပြားသောမှော်အစွမ်း ပါရှိပြီး ၎င်းသာ သူ့ကို ထိလိုက်လျှင် သူ၏ခန္ဓာကိုယ် ပြိုကွဲ၍ အသုတ်သင်ခံလိုက်ရမည်ကို မန်ဟို ခံစားလိုက်ရသည်။

သို့သော် လက်ညှိုး သူ့ကို ထိခါနီးဆဲဆဲ ... မန်ဟို၏ ထူးဆန်းသော ခြေလှမ်းခြေကွက်များက အချိန်တာအိုကို ထုတ်လွှတ်ပေးလိုက်၍ သူသည် သခင်အဖြူ၏လက်ချောင်းတိုက်ကွက်ကို ပွတ်သီလေးရှောင်ရင်း သခင်အဖြူဘေးမှ ဖြတ်လျှောက်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟို၏မျက်လုံးများက တစ်မျိုးတစ်မည် တောက်ပသွားသည်။

“မိစ္ဆာမှော်” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ထူးထူးဆန်းဆန်းအခိုးအငွေ့များကို ထုတ်လွှတ်စပြုလာ၏။ အခိုးအငွေ့များက မီးတောက်များနှင့် ပေါင်းစည်းရင်း ချီစီးကြောင်းတစ်ကြောင်းအဖြစ် ပျံထွက်သွားကာ ဝဲတစ်ဝဲကို လျင်မြန်စွာ ဖော်ဆောင်ပေးနေသည်။

ထိုဝဲအတွင်းတွင် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသော နှလုံးခုန်သံကို ကြားရနိုင်လေသည်။

“ဒုတိယမှော်အစွမ်း မှူးမတ်မှော်အစွမ်း။ မူးမတ်ဟာ သွေးဆက်ကို ဆက်ခံတယ်။ ခန္ဓာကိုယ်ကို သုတ်သင်ဖို့ သွေးကို သုတ်သင်လော့” ဟိန်းဟောက်ရင်း သခင်အဖြူက သူ့လက်ချောင်းကို ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ပိုမြန်၏။ ဤလက်ချောင်းတိုက်ကွက် ကျရောက်သွားလျှင် သေချာပေါက် မန်ဟို၏သွေးကို ဖျက်စီးနိုင်လိမ့်မည်။

သို့သော် ၎င်း ကျရောက်မလာခင် မန်ဟို၏ အံ့မခန်းလိလိလမ်းလျှောက်အတတ်က သူ့ကို အန္တရာယ်အား ပွတ်ကာသီကာ ရှောင်လိုက်နိုင်စေပြန်သည်။ သခင်အဖြူ၏မျက်နှာ မည်းမှောင်သွားပြီး သူက တတိယမှော်အစွမ်းကို ထုတ်လွှတ်ရန် ချာခနဲ လှည့်လာသည်။

“တတိယမှော်အစွမ်း။ ဧကရာဇ်မှော်အစွမ်း။ မိုးကောင်းကင်အောက်က အရာမှန်သမျှ ဧကရာဇ်အပိုင်ဖြစ်တယ်။ အာဏာစက်သက်ရောက်တဲ့နေရာမှာ ဧကရာဇ်ရဲ့မှော်အစွမ်းက အကန့်အသတ်မဲ့တယ်” စကားပြောနေစဉ် သူက တတိယလက်ချောင်းတိုက်ကွက်ကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏လက်ချောင်းက မန်ဟို့နဖူးကို ထိလိုက်သည်။

ဤအခိုက်အတန့်သည် အစကတည်းက ဖြစ်လာရမည့် ကံပါသည့်အလားပင်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး လက်ချောင်း သူ့နဖူးကို ထိလိုက်သော အခိုက်အတန့်တွင် သူက ပြောသည်။ “အစစ်အမှန်ကိုယ်တာအို”

စကားလုံးများ ပြောလိုက်စဉ် သူ့နောက်၌ သူနှင့်ချွတ်စွတ်တူသော ဝါးတားတား ပုံရိပ်တစ်ခု ပေါ်လာသည်။

ဝုန်းးးးးးးးးးးး

ဧကရာဇ်၏မှော်အစွမ်းက ထင်ရှားသောမန်ဟို့ကို ချက်ချင်း သတ်လိုက်သဖြင့် ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရသည်။ ပထမဆုံး သူ၏ဝိညာဉ် ပျက်စီး၍ သူ၏သွေးများ ခြောက်ကပ်သွားပြီးနောက်ဆုံး သူ၏ခန္ဓာကိုယ်သည် စုတ်ပြတ်နေသော အသားပုံကြီးအဖြစ် ပြိုကွဲသွား၏။

ဝါးတားတားမန်ဟိုအရိပ်ကမူ ချက်ချင်း နောက်ဆုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သခင်အဖြူ၏မျက်လုံးများ၌ ထူးဆန်းသောအလင်းရောင် ပေါ်လာသည်။ သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း လက်နှစ်ဖက်လုံးကို ဘေးသို့ ဖြန့်ကားလိုက်သည်။

“ဝိညာဉ်နုတ်ကြယ်သံကြိုးရှစ်ကြိုး။ ဝိညာဉ်တွေ ပြန်မွေးဖွားနေတဲ့ လမ်းကို ဖြတ်တောက်လေ” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း အနီရောင်အလင်းတန်းရှစ်တန်းက ပတ်ဝန်းကျင်တစ်ခုလုံးကို အဝင်အထွက်ပိတ်လိုက်သော သွေးသံကြိုးရှစ်ကြိုးအသွင်ပြောင်းရင်း လေပေါ် ထိုးတက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ကြယ်တာရာကောင်းကင်တစ်ခုလုံး ပိတ်လှောင်ခံလိုက်ရသဖြင့် တဂျိန်းဂျိန်းမြည်သံများ ဆူညံသွား၏။

ထိုဧရိယာတွင် သံကြိုးများက အရာရာတိုင်းကို ဖြတ်တောက်နေသည်။ ၎င်းတို့က မိုးခြိမ်းသံများကို ထုတ်လွှတ်ရင်း ပုံရိပ်ယောင်မန်ဟို့ထံသို့ ပြေးဝင်သွားကြသည်။

“သေခါနီးအခိုက်အတန့်မှာ မင်းရဲ့ဝိညာဉ်တစ်ပိုင်းတစကို ထုတ်လွှတ်ပေးနိုင်တဲ့ ပြန်မွေးဖွားခြင်းမှော်အတတ်တစ်မျိုး မင်းမှာ ရှိနေရင်တောင်မှ ဒီနေ့ မင်းဟာ သေရမယ့် ကံပါပြီးသား။ ငါ့ရဲ့ ဝိညာဉ်နုတ်သံကြိုးရှစ်ကြိုးက ခန္ဓာကိုယ်နဲ့ ကွဲကွာနေတဲ့ ဝိညာဉ်တွေရဲ့လမ်းကို ဖြတ်တောက်ဖို့ အထူးစီမံထားတာ။ မင်းရဲ့ဝိညာဉ်ကိုယ် အခုချက်ချင်း ပြာကျသွားလိမ့်မယ်” သခင်အဖြူသည် တောင်ပင်လယ်ကျမ်းစာကို ထုတ်ဖော်လိုက်သည့် အကျိုးဆက်အနေဖြင့် တစ်ကိုယ်လုံး နီမြန်းနေ၏။ တောင်ပင်လယ်များ၏ တာအိုသုံးခုနှင့် မှော်အစွမ်းသုံးခုသည် ဧရာမအစွမ်းထက်ပြီး မယုံနိုင်လောက်အောင် အဆင့်မြင့်သော သိုင်းကွက်များဖြစ်၏။ အမှန်တွင် ကောလဟာလများအရ ၎င်းတို့သည် သခင်အဖြူကိုပင် အလွယ်တကူ ထုတ်ဖော်နိုင်သည့် အရည်အချင်းမရှိစေသော ပါရာဂွန်မှော်သိုင်းကွက်တစ်ကွက် ဖြစ်၏။ သခင်အဖြူမှာ ၎င်းကို သုံးတိုင်း ကြီးမားသောတန်ဖိုးကို ပြန်ပေးဆပ်ရလေသည်။

သွေးသံကြိုးရှစ်ကြိုးသည် ဝိညာဉ်သုတ်သင်ခြင်းစွမ်းအားဖြင့် တဟုန်းဟုန်းတောက်နေလျက် ပုံရိပ်ယောင်မန်ဟို့အပေါ် ကျဆင်းသွား၏။ သို့သော် ၎င်းတို့မှာ သူ့ကို နည်းနည်းလေးမှ ထိခိုက်စေခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ကို ဖြတ်သွားလေသည်။

ဤမြင်ကွင်းက သခင်အဖြူကို ထိတ်လန့်မှင်သက်သွားစေသည်။

“ဝိညာဉ်ကိုယ် မဟုတ်ဘူးလား”

သခင်အဖြူ မျက်နှာပျက်နေသည့်အချိန်မှာပင် ထိုပုံရိပ်ယောင်အရိပ်က ရုတ်တရက် ထင်ရှားပြတ်သားလာ၏။ ၎င်းကား တကယ်တော့ မန်ဟိုအစစ် ဖြစ်လေသည်။

ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်နှစ်မျိုးလုံးတွင် သူသည် သခင်အဖြူ ယခုလေးတင် သတ်ခဲ့သော လူနှင့် ချွတ်စွပ်တူ၏။ သို့သော် ဤသည်မှာ ဝိညာဉ်ကိုယ်မဟုတ်ဘဲ ချီနှင့်သွေးများစွာ ဆုံးရှုံးခဲ့ရသကဲ့သို့ အတော်လေး ပိန်ကပ်နေသည်မှအပ အပြင်အားကိုယ်အစစ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မသေခင်အခိုက်အတန့်တွင် မန်ဟိုသည် တောင်ပင်လယ်ကျမ်းစာ၏ တာအိုသုံးခုနှင့် မှော်အစွမ်းသုံးခုကို ပြန်မတိုက်ခိုက်နိုင်ကြောင်း ကောင်းကောင်း သိခဲ့၏။ ထို့ကြောင့် သူက မြစိမ်းဧကရာဇ်၏ ထာဝရဂါထာနည်းတူ သက်ရောက်မှုရှိမည့် နောက်နည်းလမ်းတစ်ခုကို သုံးဖို့ ရွေးချယ်ခဲ့သည်။ ထိုနည်းလမ်းကား ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအို မှတစ်ပါး အခြားမဟုတ်ပေ။

သူသည် ... ခန္ဓာကိုယ်အစားထိုးခဲ့ခြင်းလေးသာ ဖြစ်၏။

သေရေးရှင်ရေးအခိုက်အတန့်တွင် သူက ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုနှင့်အတူ သူ၏သွေးနှင့်ချီတချို့ကို အသုံးပြုကာ သူ့နေရာတွင် သူ့ကိုယ်စားနေပေးမည့် ကိုယ်ပွားတစ်ခုကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။

“သေစမ်း” သခင်အဖြူ၏မျက်နှာပျက်သွားပြီး သူ့မှာ သွေးမအန်မိအောင် သူ့ကိုယ်သူ ထိန်းလိုက်ရသည်။ သူ့ရင်ထဲရှိ အမျက်ဒေါသနှင့် ခံပြင်းမှုမှာ ဖော်ပြရန် မဖြစ်နိုင်ပေ။ သူသည် တောင်ပင်လယ်ကျမ်းစာ၏ တာအိုသုံးခုနှင့် မှော်အစွမ်းသုံးခုကို ထုတ်လွှတ်ဖို့ ကြီးမားသောတန်ဖိုးတစ်ခုအား ယခုလေးတင် ပေးခဲ့ရပြီးလေပြီ။ သူ၏သက်တမ်းနှင့် ခန္ဓာကိုယ်အခြေအနေနှစ်ခုလုံးမှာ ကြုံတွေ့ခဲ့ရသည့်အရာကြောင့် ပင်ပန်းနွမ်းနယ်နေ၏။

မန်ဟို သေသွားပြီဟု သူ ယုံကြည်ထားခဲ့၍ သူ၏ဝိညာဉ်နုတ်သံကြိုးရှစ်ချောင်းကိုပင် ထုတ်လွှတ်ခဲ့သည်။ မန်ဟိုက ခန္ဓာကိုယ်အစားထိုးမှော်အစွမ်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ခဲ့မည်နည်း။

ယခုတော့ သူ့မှာ မြစိမ်းဧကရာဇ်ထာဝရဂါထာ၏ အနိုင်ယူခြင်းသာ ခံခဲ့ရသည့် လှံတိုက်ကွက်ကို အသုံးပြုဖို့ မည်သည့်အဖိုးအခကို ပေးရပါစေ မန်ဟို အစွမ်းကုန်ထုတ်ခဲ့တုန်းကလို ခံစားလိုက်ရသည်။

“ဒီကောင်လေး သေကိုသေမှဖြစ်မယ်” သခင်အဖြူက မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း ဟိန်းဟောက်သည်။ သူက အံတင်းတင်းကြိတ်၍ သူ၏လက်နှစ်ဖက်အား ကြယ်တာရာကောင်းကင်ထံ မြှောက်လိုက်ပြီး ထူးဆန်းသောအလင်းရောင်က သူ၏မျက်လုံးများတွင် ပေါ်လာသည်။

“ဝိညာဉ်နုတ်ကြယ်သံကြိုးရှစ်ကြိုး။ ကြယ်တာရာကောင်းကင်ကို ချုပ်နှောင်ပါလော့။ အို ကြီးမြတ်တော်မူတဲ့ အရှင်တောက်ဖန် ကျွန်တော်မျိုးကို ကူညီဖို့ ကိုယ်ယောင်ပြပါလော့ .... အရာခပ်သိမ်းကို ဖျက်စီးပေးပါလော့” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း ကြယ်တာရာကောင်းကင်၏ ပိတ်လှောင်ခံထားရသော အပိုင်းသည် ရုတ်တရက် တုန်ရီလာ၏။ ထို့နောက် အာကာသထဲမှ ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာပြီး ဧရာမအရိပ်ကြီးတစ်ခုသည် သခင်အဖြူ၏နောက်တွင် ဘွားခနဲ ပေါ်လာသည်။

၎င်းသည် ဧရာမတုတ်ကြီးတစ်ချောင်းကို ကိုင်ထားသော ဧရာမမျောက်ကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏မျက်လုံးများက နီရဲနေပြီး ၎င်း လှမ်းကြည့်လိုက်သည်နှင့် မန်ဟို့စိတ်မှာ ချာချာလည်သွားတော့သည်။

ဤပုံရိပ်ကို သူ မြင်ခဲ့ဖူးသည်။

သူ့မျက်နှာမှာ မသာမယာဖြစ်လာတော့သည်။ သူသည် စောစောက သေဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့သော်လည်း ယခုတော့ လက်ဦးမှု ဆုံးရှုံးသွားခဲ့လေပြီ။ သူ့မှာ ဒဏ်ရာအပြင်းအထန် ရထားသည်။ အင်မတန်ပြင်းထန်လွန်းသဖြင့် လှုပ်လိုက်တိုင်း သူ့တစ်ကိုယ်လုံး ပြိုကွဲတော့မတတ် ဖြစ်နေသည်။

ထိုမျောက်၏ပုံရိပ်ကို မြင်လိုက်သည်နှင့် ဘယ်သူမှန်း သူ တန်းသိလိုက်၏ ... တောက်ဖန်။

နတ်မီးတောက်အနှစ်သာရကို ချုပ်နှောင်ခဲ့သော တောက်ဖန်။

သို့သော် တောက်ဖန်၏ပုံရိပ် ပေါ်လာလျှင်ချင်း မန်ဟို့ကိုယ်ထဲရှိ နတ်မီးတောက်အနှစ်သာရသည် ထိန်းမနိုင်သိမ်းမရ သောင်းကျန်းလာ၏။ ၎င်းက သူ့ထံမှ စီးထွက်သွားပြီး သူ့ကို ဗဟိုတွင်ထားလျက် ပတ်ဝန်းကျင်တစ်ခုလုံးအပြည့် ဖြာထွက်သွားကာ မီးတောက်ကမ္ဘာတစ်ခုကို ဖန်ဆင်းလိုက်သည်။

တဖြည်းဖြည်း ထိုမီးပင်လယ်ထဲတွင် တုန်လှုပ်ဖွယ်စိတ်ဆန္ဒတစ်ခု စုဝေးလာ၏။

“တောက်ဖန် သေရမယ်” အသံက အမျက်ဒေါသအပြည့်၊ မုန်းတီးမှုအပြည့်၊ ရူးမိုက်မှုအပြည့်ဖြင့် ဟိန်းဟောက်သည်။ တစ်ချိန်တည်းမှာပင် နတ်မီးတောက်က လူတစ်ယောက်ပုံစံဖြစ်လာသည်။

၎င်းက မီးချပ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် မျောက်ပုံရိပ်ကို ကျိန်ဆဲနေသော သတ်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။

All Chapters