← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 13 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 13 Ch. 241-242

​အခန်း (၂၄၁) - နဂါးနတ်ဘုရား၏ ကြွရောက်လာခြင်း

​ပိန်းပိတ်အောင် မှောင်နေသော ညဉ့်နက်သန်းခေါင်ယံ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထွက်ပေါ်လာသော တံခါးခေါက်သံမှာ ပုံမှန်ထက်ပင် ပို၍ ကျယ်လောင်နေသယောင် ရှိ၏။

​လင်းကျင်း ထိတ်လန့်သွားရသည်။

​ရှောင်ဟော့နှင့် မျောက်ဖြူတို့မှာလည်း အခုမှပင် သတိပြုမိကြ၏။

​အံ့ဩစရာ ကောင်းသည်မှာ ထိုတံခါးခေါက်သံ မကြားရမီအထိ သူတို့ထဲမှ မည်သူမျှ တစ်စုံတစ်ယောက် လာနေသည့် အရိပ်အယောင်ကို မခံစားမိခဲ့ခြင်းပင်။

​ဒါဟာ တကယ့်ကို ထူးဆန်းလှပေသည်။

​လင်းကျင်းသည် ရှောင်ဟော့နှင့် မျောက်ဖြူကို တစ်ချက်ကြည့်ကာ အကဲခတ်လိုက်ပြီးနောက်၊ ခြံဝင်းအတွင်းသို့ ဆင်းကာ တံခါးသွားဖွင့်ပေးလိုက်၏။

​တံခါးဖွင့်နေစဉ်မှာပင် လင်းကျင်းသည် သတိကို အမြင့်ဆုံး အနေအထားသို့ မြှင့်ထားလိုက်သည်။

​တံခါးပွင့်သွားသောအခါ မြင်လိုက်ရသည်မှာ ခံ့ညားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ကျောက်စိမ်းသရဖူ ဆောင်းထားသည့် တည်ကြည်လေးနက်သော အသွင်ရှိသည့် အဘိုးအိုတစ်ဦးပင် ဖြစ်သည်။ ထိုသူမှာ အရပ်နှစ်မီတာထက်မက မြင့်မားလှသဖြင့် လင်းကျင်းမှာ မော့ကြည့်ရုံမှတစ်ပါး အခြားမရှိပေ။

​ထိုအဘိုးအိုက လင်းကျင်းကို ကြည့်ကာ လက်ယှက် နှုတ်ဆက်လိုက်၏။

“မေပယ်မြို့က အကဲဖြတ်မှူးလင်း ဆိုတာ ခင်ဗျားပဲလား”

​သူ့ဆီကို ဧည့်သည် ရောက်လာတာလား။

​လင်းကျင်းကလည်း လက်ယှက်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။

“မှန်ပါတယ်... ကျုပ်ပါပဲ... ဘယ်သူများလဲဆိုတာ သိပါရစေ”

​အဘိုးအိုက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဆို၏။

“ငါ့နာမည်က ယွီဟုန်ပါ”

​ထို့နောက် သူက ဆက်၍ မေးလိုက်သည်။

“အကဲဖြတ်မှူးလင်း... ငါ့ကို အထဲဝင်ဖို့ မဖိတ်ခေါ်တော့ဘူးလား”

​တံခါးဝတွင် ရပ်နေသည်ကို သတိပြုမိသွားသဖြင့် လင်းကျင်းက အထဲသို့ ဖိတ်ခေါ်လိုက်၏။

“အဘိုးယွီ... ဒီဘက်က ကြွပါ”

​ရှောင်ဟော့နှင့် မျောက်ဖြူတို့မှာ ခြံဝင်းအတွင်း အသင့်အနေအထားဖြင့် စောင့်နေကြပြီး၊ လင်းကျင်းမှာလည်း သူ၏ လက်ချောင်းများကြားတွင် ငွေအပ်များကို အဆင်သင့် ပြင်ထားလိုက်သည်။ ဤသူမှာ သာမန်လူ မဟုတ်သလို ကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းလည်း မဟုတ်နိုင်သဖြင့် သူတို့ သတိထားရပေမည်။

​ဆန့်ကျင်ဘက်အနေဖြင့် ‘ယွီဟုန်’ ဟု အမည်ရသော ထိုအဘိုးအိုမှာ မိမိအိမ်မှာကဲ့သို့ အေးဆေးတည်ငြိမ်နေ၏။ သူသည် ရှောင်ဟော့ကို တစ်ချက်မျှသာ ကြည့်သော်လည်း မျောက်ဖြူကြီးကိုမူ ပို၍ အာရုံစိုက်နေပုံရသည်။

​“ဟဲဟဲဟဲ... အကဲဖြတ်မှူးလင်း... မင်းရဲ့ ခြံဝင်းလေးက အတော်လေး တင့်တယ်ပြီး ဆိတ်ငြိမ်တာပဲ”

အဘိုးအိုက ချီးကျူးလိုက်၏။

​လင်းကျင်းက ပြုံးပြလိုက်ရုံမှလွဲ၍ ဘာမျှ ပြန်မပြောပေ။

​မရင်းနှီးသောသူတစ်ဦးက ရုတ်တရက် ရောက်လာပြီး လာရောက် ဖော်ရွေခြင်းမှာ ကောင်းသော နိမိတ် မဟုတ်ပါပေ။ ထို့ပြင် လင်းကျင်းသည် ဤအဘိုးအိုထံမှ ပြင်းထန်သော ‘မိစ္ဆာအငွေ့အသက်’ ကို ခံစားနေရသည်။

​လင်းကျင်းက တိတ်ဆိတ်နေပြီး ဧည့်သည်ကဲ့သို့ ဧည့်ခံလိုသည့် အမူအရာ မရှိသည်ကို မြင်သောအခါ အဘိုးအိုက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဆိုလာ၏။

“ငါ မင်းကို ဒီနေ့လာတွေ့တာက အကြောင်းမဲ့တော့ မဟုတ်ဘူး”

​“အဘိုးယွီ... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”

လင်းကျင်း သတိထားလျက်ပင် ဆိုလိုက်သည်။

​“တော်ဝင်မိသားစုရဲ့ ဆဌမမြောက်မင်းသမီး ကိစ္စမှာ... မင်းအနေနဲ့ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ရင် ကောင်းလိမ့်မယ်”

အဘိုးအိုက ပြုံးလျက် ဆိုလိုက်၏။

​လေထုမှာ ချက်ချင်းပင် တင်းမာသွားရသည်။

​ဤသူက ဤမျှအထိ ပွင့်လင်းလိမ့်မည်ဟု လင်းကျင်း မထင်ထားခဲ့ပေ။ ဒါဟာ ဗြောင်ကျကျ သတိပေးလိုက်ခြင်းပင်။

​အတော်ကို မောက်မာလှပါလား။

​အရင်နှစ်ရက်က လာခဲ့တဲ့ လူသတ်သမားတွေနဲ့ ကျူးကျော်သူတွေတောင် ဒီလို အမူအရာမျိုး မပြခဲ့ဘူး။

​သူတို့တွေက တစ်ဖွဲ့တည်း မဟုတ်ကြဘူးလား။

​တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိလိုက်ရချိန်တွင် လင်းကျင်း စိတ်အေးအေး ထားလိုက်၏။ သူ့တွင် အဆင့် (၄) သားရဲ ရှောင်ဟော့ ရှိသလို၊ ရှောင်ဟော့ထက် မနိမ့်ကျသော မျောက်ဖြူကြီးလည်း ရှိနေပေသည်။ အကယ်၍ တကယ် တိုက်ခိုက်ရမည်ဆိုပါကလည်း လင်းကျင်းက အလွယ်တကူ နောက်ဆုတ်မည့်သူ မဟုတ်ပေ။

​ထို့ကြောင့် သူသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထိုအဘိုးအိုကို သေသေချာချာ စိုက်ကြည့်ကာ မေးလိုက်၏။

“ဒါဆိုရင်... ဒီကိစ္စတွေမှာ အဘိုးယွီက ဘယ်လိုများ ပတ်သက်နေလို့လဲဆိုတာ မေးပါရစေဦး”

​အဘိုးအိုက မောက်မာသော အမူအရာဖြင့် ပြန်ဖြေ၏။

“ဒါက မင်းနဲ့ မဆိုင်တဲ့ ကိစ္စပဲ”

​လင်းကျင်း ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါပြီ... ဒါဆိုရင်လည်း အခုကိစ္စက အဘိုးနဲ့ မဆိုင်တဲ့ ကိစ္စပဲပေါ့”

​အဘိုးအိုမှာ မှင်တက်သွားပြီးမှ လင်းကျင်း ပြောလိုသည့် အဓိပ္ပာယ်ကို နားလည်သွားတော့သည်။

​“မင်းက တော်တော် သတ္တိကောင်းတာပဲ... အကဲဖြတ်မှူးလင်း... ငါက မင်းကို ကောင်းကောင်းမွန်မွန် ပြောနေတာပါ... မင်းမှာ အတတ်ပညာလေး နည်းနည်းပါးပါး ရှိတာကို ငါသိတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့ဦး... နောက်မှ နောင်တရနေရလိမ့်မယ်”

​သူ စကားပြောလိုက်ချိန်တွင် အဘိုးအို၏ ဝတ်စုံများမှာ လေမတိုက်ဘဲ လွင့်ပျံသွားပြီး သူ၏ မုတ်ဆိတ်ရှည်များမှာလည်း လှုပ်ခါသွား၏။ ပြင်းထန်သော ဖိအားတစ်ခုမှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး သူ၏ အသံမှာလည်း မိုးကြိုးသံကဲ့သို့ပင်။

​လင်းကျင်း မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်၏။

“ခင်ဗျားက တော်တော် အကျိုးအကြောင်း မရှိတဲ့ ‘နဂါးအိုကြီး’ ပဲ... ခင်ဗျားကပဲ ဒီကိုလာပြီး ယုတ်မာတဲ့ စကားတွေ လာပြောတယ်၊ အခုကျတော့ ကျုပ်ကို လာပြီး ရန်စနေပြန်ပြီ”

​‘နဂါးအိုကြီး’ ဟူသော စကားလုံးကြောင့် အဘိုးအိုမှာ တုန်လှုပ်သွားရ၏။

​“မင်း ဘယ်လို သိတာလဲ”

အဘိုးအို၏ မျက်နှာထားမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။

​လင်းကျင်းက သူ၏ အဆင့် (၂) သားရဲအကဲဖြတ်မှူး လက်မောင်းတံဆိပ်ကို ညွှန်ပြလိုက်ကာ ပြောလိုက်၏။

“ကျုပ်က တရားဝင် အဆင့် (၂) သားရဲအကဲဖြတ်မှူးလေ... ဒါလောက်တော့ သိတာပေါ့”

​“အလကား စကားတွေ"

အဘိုးအို ဒေါသတကြီးဖြင့် သူ၏ လက်စွပ်ကို ဝေ့ယမ်းလိုက်၏။

“အဆင့် (၂) အကဲဖြတ်မှူး မပြောနဲ့... အဆင့် (၃)၊ အဆင့် (၄) အကဲဖြတ်မှူးတွေတောင် ငါ့ရဲ့ အစစ်အမှန် ရုပ်ခန္ဓာကို မသိနိုင်ဘူး... မင်းနောက်မှာ ပံ့ပိုးပေးနေတဲ့သူ ရှိမှန်း ငါသိတယ်၊ အဲဒီလူကိုပဲ ခေါ်လိုက်စမ်းပါ”

​လင်းကျင်းသည် အဘိုးအိုထံမှ ထွက်ပေါ်လာသော ပြင်းထန်သော ဖိအားများကြောင့် အန္တရာယ်ကို စတင် ခံစားလိုက်ရပြီ ဖြစ်သည်။

​ရှောင်ဟော့မှာ ချက်ချင်းပင် ခန္ဓာကိုယ် ကြီးထွားလာကာ လင်းကျင်း၏ ရှေ့တွင် ကာကွယ်ပေးလိုက်၏။ မျောက်ဖြူကြီးမှာလည်း လင်းကျင်း၏ အမိန့် သို့မဟုတ် တစ်စုံတစ်ရာ ထူးခြားမှုကို စောင့်ရင်း မျက်လုံးချင်း စိုက်ကြည့်နေတော့သည်။

​အမှန်စင်စစ် လင်းကျင်းမှာ စောစောက ခန့်မှန်းကြည့်လိုက်ခြင်းသာ ဖြစ်သည်။ ထိုအဘိုးအိုထံမှ နဂါးတစ်ကောင်၏ အငွေ့အသက်ကို သူ ရနေသောကြောင့်ပင်။ ‘သားရဲပြတိုက်’ထဲတွင် နဂါးတို့၏ အငွေ့အသက်နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရှိပေသည်။ ထို့ပြင် သူ ရရှိထားသည့် နဂါးသွေးဆေးလုံး အသေးစားထံမှလည်း အလားတူ စွမ်းအင်မျိုးကို ရဖူးသဖြင့် လင်းကျင်း ခွဲခြားနိုင်ခဲ့ခြင်း ဖြစ်၏။

​သူ့ရဲ့ ခန့်မှန်းချက်က တကယ့်ကို မှန်သွားတာပဲ။

​ဒီနေ့တစ်နေ့လုံး လင်းကျင်း အလကား နေခဲ့သည် မဟုတ်ပေ။ သူသည် ဟိုဟိုဒီဒီ သွားလာရင်း ကျောက်စိမ်းနဂါးနတ်ကွန်း၏ သမိုင်းကြောင်းများကို စုံစမ်းလေ့လာထားခဲ့သည်။

​သားရဲပြတိုက်အရ ဟယ်ယု၏ ‘သားရဲဝိညာဉ်ကျိန်စာ’ မှာ ကျောက်စိမ်းနဂါးကျိန်စာ ဖြစ်ကြောင်း သိထားသဖြင့် ဤအချက်နှစ်ခုကို ချိတ်ဆက်ရန်မှာ လင်းကျင်းအတွက် မခက်ခဲလှပေ။

​ကျောက်စိမ်းနဂါးနတ်ကွန်းတွင် ‘နဂါးနတ်ဘုရား’ တစ်ပါးကို ကိုးကွယ်ထားကြောင်း သူ သိရှိခဲ့သည်။ ထိုနဂါးမှာ ကျောက်စိမ်းနဂါးနိုင်ငံ စတင်တည်ထောင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်၏ ပထမဆုံးသော ကာကွယ်သူသားရဲကိုလည်း ဤနဂါးနတ်ဘုရားကပင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

​ကျောက်စိမ်းနဂါးနိုင်ငံမှာ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း သုံးရာခန့် ရှိနေပြီဖြစ်ရာ၊ အကယ်၍ နဂါးနတ်ဘုရားသာ တကယ်ရှိမည်ဆိုပါက ထိုသတ္တဝါသည် ဤနိုင်ငံထက်ပင် ပိုမို အသက်ကြီးနေပေလိမ့်မည်။

​လင်းကျင်းအတွက်တော့ ဤနဂါးနတ်ဘုရားဆိုသည်မှာ ကျင့်ကြံခြင်း အလွန်မြင့်မားသော မိစ္ဆာသားရဲတစ်ကောင်သာ ဖြစ်ပေသည်။

​သို့သော်လည်း ဤနဂါးနတ်ဘုရားကို ကျောက်စိမ်းနဂါး တော်ဝင်မိသားစုက ကိုးကွယ်ထားပါလျက်နှင့်၊ အဘယ်ကြောင့် တော်ဝင်မိသားစုဝင် အမျိုးသမီးများကို ကျိန်စာတိုက်ရသနည်း။ လင်းကျင်း ဒါကို နားမလည်နိုင်ပါ။ ထိုကျိန်စာမှာ လူသား၏ အသက်စွမ်းအင်ကို စုပ်ယူရန် အသုံးပြုခြင်းဖြစ်ပြီး၊ အချိန်တန်လျှင် အားလုံးကို တစ်ပြိုင်နက် ဝါးမြိုသွားမည် ဖြစ်သည်။ ထိုအခါ လူသားမှာ သေဆုံးသွားရုံမှတစ်ပါး အခြားမရှိပေ။

​နဂါးအိုကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်များမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လင်းကျင်း၏ ခန့်မှန်းချက်အရဆိုလျှင် ဤသတ္တဝါသည် အဆင့် (၅) သို့မဟုတ် ထို့ထက်မက မြင့်မားနိုင်ပေသည်။

​သူ၏ အာရုံခံစားမှုအရဆိုလျှင် ဤနဂါးအိုကြီးမှာ အဆင့် (၅) ကိုပင် ကျော်လွန်နေဟန် တူ၏။

​အဆင့် (၅) ထက် မြင့်သည်ဆိုပါက အဆင့် (၆) ပင် ဖြစ်သည်။

​အဆင့် (၆) မိစ္ဆာသားရဲ၊ ၎င်းပြင် နဂါးတစ်ကောင်ဆိုသည်မှာ အလွန်အမင်းပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

​အကယ်၍ တိုက်ခိုက်ကြမည်ဆိုပါက ရှောင်ဟော့မှာ ဘယ်လိုမှ အနိုင်ရနိုင်မည် မဟုတ်သလို၊ မျောက်ဖြူကြီး၏ ကူညီမှုမှာလည်း ထူးခြားလာမည် မဟုတ်ပေ။

​လင်းကျင်းမှာ ဤအခြေအနေအတွက် ပြင်ဆင်ထားခြင်း မရှိဘဲ၊ အန္တရာယ်ကြီးမားလှသည်ကို သိလိုက်ရချိန်တွင် သူ အနည်းငယ် ထိတ်လန့်လာမိသည်။

​‘ငါသာ ဒီနဂါးအိုကြီးကို ထိတွေ့နိုင်ရင် ဘယ်လောက်ကောင်းမလဲ’

ယခင်က သူ တွေးခဲ့သမျှမှာ ခန့်မှန်းချက်များသာ ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ရာနှုန်းပြည့် မယုံကြည်နိုင်သဖြင့် သားရဲပြတိုက်ကိုသာ အားကိုးချင်နေမိခြင်းပင်။

​ထိုစဉ်မှာပင် နဂါးအိုကြီးက ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ဆိုလိုက်၏။

“မင်းနောက်ကလူက ထွက်မလာဘူးဆိုရင်လည်း ကောင်းပြီလေ... မင်းကို အရင်ဆုံး ငါ ဖမ်းလိုက်မယ်၊ အဲဒီကျရင် သူ ဆက်ပြီး ပုန်းနေနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

​ပြောပြီးသည်နှင့် သူသည် ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။

​မီးတောက်များ ပေါက်ကွဲထွက်လာပြီး ရှောင်ဟော့မှာလည်း သူ၏ ခန္ဓာကိုယ်ကို မီးတောက်များဖြင့် ဖုံးလွှမ်းကာ ချက်ချင်း ကြီးထွားလာ၏။

​ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်များကို တစ်မြို့လုံးကပင် မြင်တွေ့နိုင်လောက်ပေသည်။

​သို့သော် ထူးဆန်းသည်မှာ ဤနေရာတစ်ခုလုံးမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ဖြစ်နေပြီး ဤဆူညံသံများမှာ မည်သူ့ကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိပေ။ ဒါဟာ နဂါးအိုကြီး၏ လက်ချက်ဖြစ်ကြောင်း လင်းကျင်း သိလိုက်သည်။ သူ၏ ကြီးမားသော စွမ်းအားများဖြင့် နေရာတစ်ခုကို ပိတ်ဆို့ထားရန်မှာ သူ့အတွက် မခက်ခဲလှပေ။

​“သာမန် အဆင့် (၄) မီးဝံပုလွေတစ်ကောင်က ငါ့ကို တားချင်တာလား... ဖယ်စမ်း”

ရှောင်ဟော့က ခုန်အုပ်လိုက်သည်ကို မြင်သောအခါ အဘိုးအိုက ယုတ်မာစွာ ပြုံးလိုက်၏။ သူ၏ လက်ဖြင့် ကုတ်ခြစ်လိုက်သော အမူအရာတစ်ခု လုပ်လိုက်သည်နှင့် နဂါးလက်သည်း၏ အရိပ်တစ်ခုမှာ ရှေ့သို့ ပြေးထွက်သွားပြီး ရှောင်ဟော့၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များကို ချက်ချင်းပင် ငြိမ်းသတ်ပစ်လိုက်ပါတော့သည်။

​အခန်း (၂၄၂) - စွမ်းအားကြီးသူတို့၏ တိုက်ပွဲ

​‘တကယ့်ကို အံ့မခန်းတဲ့ စွမ်းရည်ပဲ'

လင်းကျင်းသည် ကြည့်ရင်းဖြင့်ပင် ကျောချမ်းသွားရ၏။ နဂါးအိုကြီးက ရှောင်ဟော့ကို ဖမ်းဆီးရန် ကြိုးပမ်းနေစဉ်မှာပင် လင်းကျင်းသည် သူ၏ လက်ခုပ်ထဲမှ အပ်များကို ထုတ်လွှတ်လိုက်တော့သည်။

​သူ ဖန်တီးထားသော ရစ်ပတ်အပ်အမြောက်အမြားမှာ လေထဲသို့ ပျံထွက်သွား၏။ တစ်ဝက်မှာ နဂါးလက်သည်းဆီသို့ ဦးတည်ပြီး ကျန်တစ်ဝက်မှာတော့ နဂါးအိုကြီး၏ ခန္ဓာကိုယ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

​ဤထူးခြားလှသော တိုက်ကွက်ကို ရှောင်တိမ်းရန် ခက်ခဲလှသော်လည်း၊ နဂါးအိုကြီး၏ ကျင့်ကြံမှုမှာ အလွန်မြင့်မားလှသဖြင့် သူ၏ ပါးစပ်ကို ဟလိုက်ရုံဖြင့် ပြင်းထန်သော အအေးဓာတ် အငွေ့အသက်များကို မှုတ်ထုတ်ကာ အပ်များကို လွင့်စင်သွားစေ၏။ သို့သော်လည်း အပ်အချို့မှာတော့ နဂါးအိုကြီး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားခဲ့လေပြီ။

​ဤရစ်ပတ်အပ် တိုက်ကွက်၏ ကြောက်စရာအကောင်းဆုံး အချက်မှာ အရေအတွက်ပင် ဖြစ်သည်။ လင်းကျင်းသည် အပ်ပေါင်း တစ်ရာကျော်ကို ပြုလုပ်ထားခြင်း ဖြစ်ရာ၊ ပြိုင်ဘက်က မည်မျှပင် ကျင့်ကြံမှု မြင့်မားပါစေ အားလုံးကို ဖယ်ရှားပစ်ရန်မှာ မဖြစ်နိုင်ပါပေ။

​အပ်များ နဂါး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် လင်းကျင်း၏ စိတ်ထဲရှိ ‘သားရဲပြတိုက်’ ထံမှ သတင်းအချက်အလက်များ ချက်ချင်း ရောက်ရှိလာတော့သည်။

​‘ဒီကောင်ကြီးက သာမန်မဟုတ်ဘူးပဲ'

ပြတိုက်ထဲတွင် မြင်တွေ့လိုက်ရသော ပုံရိပ်ကြောင့် လင်းကျင်း ထိတ်လန့်သွားရ၏။

​ပြတိုက်အတွင်း၌ ရှည်လျားလှသော စိမ်းပြာရောင် နဂါးကြီးတစ်ကောင်မှာ လေထဲတွင် ဝဲပျံနေသည်။ ပေသုံးရာခန့် ရှည်လျားကာ ထုထည်ကြီးမားလှသော နဂါးစစ်စစ် တစ်ကောင်ပင်။ သူ၏ နဂါးမုတ်ဆိတ်များမှာ လေတွင် လွင့်ပျံနေပြီး ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။

​သူ၏ အရည်အချင်းများမှာလည်း အံ့မခန်းပင်။

​“ကျောက်စိမ်းနဂါး... အဆင့် ၅ မိစ္ဆာသားရဲ၊ ဓာတ်သဘာဝ နှစ်မျိုး - လေ နှင့် ရေ။ အဓိက နတ်ဘုရား အဆင့်။ ပူဇော်မှု ခံယူထားသူ။ အသက် ၄၂၀ နှစ်”

​“အခြေအနေ: အားနည်းနေသည်။ ဖျားနာနေသည်။ နဂါးဝိညာဉ် ဆုံးရှုံးနေသည်။”

​“ကုသရန် နည်းလမ်း သုံးမျိုးမှာ...”

​“ကျွမ်းကျင်မှု: မိုးခေါ်ခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ နှင်းမုန်တိုင်း တိုက်ခိုက်ခြင်း။ ရုပ်ဖျက်အတတ်။ နဂါးကိုးပါး အသွင်ပြောင်းခြင်း"

​လင်းကျင်း ဖတ်ရင်းဖြင့်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဒါဟာ တကယ်ပဲ အဆင့် (၅) မိစ္ဆာသားရဲ ဖြစ်နေသည်။ သို့သော် အခြားသော သားရဲများနှင့် မတူသည်မှာ ဤသတ္တဝါသည် လူသားတို့၏ ပူဇော်မှုကို ခံယူစားသုံးထားသဖြင့် နတ်ဘုရားတစ်ပါးနှင့် တူညီသော စွမ်းအားများကို ပိုင်ဆိုင်ထားခြင်းပင်။

​နဂါးနတ်ဘုရား၏ အခြေအနေကို ဖတ်ပြီးနောက်တွင်တော့ ဟယ်ယု​ကို သူ ဘာကြောင့် အတင်းအကျပ် ယဇ်ပူဇော်ခိုင်းနေရသနည်းဆိုသည်ကို လင်းကျင်း သိသွားတော့သည်။ အသက် ၄၀၀ ကျော် ရှိပြီဖြစ်သော ဤနဂါးအိုကြီးမှာ ယခုအခါတွင် အခြေအနေ အလွန်ဆိုးရွားနေချေပြီ။ အားနည်းပြီး ဖျားနာနေရုံတင်မကဘဲ သူ၏ နဂါးဝိညာဉ် ဆုံးရှုံးနေရခြင်းမှာ ပို၍ ဆိုးဝါးလှသည်။ ပြတိုက်၏ အသေးစိတ် ရှင်းလင်းချက်အရဆိုလျှင်၊ ဤနဂါးသည် သူ၏ ခွဲထွက်နေသော ဝိညာဉ်ကို အခြားသော ခန္ဓာကိုယ်တစ်ခုအတွင်း ထည့်သွင်းကာ သူ၏ ကိုယ်ထည်ကို ပြန်လည် အားဖြည့်ရန်နှင့် အသက်ဆက်ရန်အတွက် မန္တန်တစ်ခုကို သုံးထားခြင်း ဖြစ်ရပေမည်။

​အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဆဌမမြောက်မင်းသမီး ဟယ်ယု၏ ခန္ဓာကိုယ်ထဲရှိ သားရဲဝိညာဉ်ကျိန်စာမှာ ဤနဂါး၏ ဝိညာဉ်အစိတ်အပိုင်း တစ်ခုပင် ဖြစ်ရပေမည်။

​လင်းကျင်းအနေဖြင့် မည်သည့် မန္တန်ကို သုံးထားသည်ကို အသေးစိတ် မသိသော်လည်း၊ ပြတိုက်၏ ရှင်းပြချက်အရ အနည်းငယ်တော့ နားလည်လိုက်ပြီ ဖြစ်သည်။ ဒါဟာ သူ့အတွက်တော့ သိပ်ပြီး မထူးခြားလှပါပေ။

​နဂါးအိုကြီးအနေဖြင့် ဤကိစ္စတွင် အဘယ်ကြောင့် အတင်းအကျပ် ပါဝင်နေရသလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဒါဟာ သူ၏ အသက်ရှင်သန်ရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့်ပင်။

​ဟယ်ချန်း၏ ပြောစကားအရဆိုလျှင် ကျောက်စိမ်းနဂါးနိုင်းငံ၏ တော်ဝင်မိသားစုဝင် အမျိုးသမီးလေးဦးမှာ ဤကျိန်စာကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ဤအချက်တစ်ခုတည်းနှင့်တင် ဤနဂါးအိုကြီးမှာ ကြီးလေးသော အပြစ်ကို ကျူးလွန်ထားကြောင်း ဆုံးဖြတ်နိုင်ပေသည်။

​လင်းကျင်း၏ အတွေးများမှာ လျှပ်စီးတမျှ မြန်ဆန်လှ၏။ တစ်ချိန်တည်းမှာပင် နဂါးအိုကြီးမှာလည်း သူ၏ ခန္ဓာကိုယ်ထဲသို့ အပ်များ စိုက်ဝင်သွားသည်ကို ခံစားလိုက်ရသဖြင့် ထိတ်လန့်သွားရသည်။ လင်းကျင်းတွင် ထူးခြားသော စွမ်းရည်များ ရှိနေကြောင်း သတိပြုမိသွားသဖြင့် သူသည် ချက်ချင်း ဟိန်းဟောက်လိုက်ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများကို တင်းခံလိုက်၏။ သူ၏ အရေပြားပေါ်တွင် နဂါးအကြေးခွံများ ပေါ်လာသည်ကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

​ထို့ပြင် ပြင်းထန်သော စွမ်းအားတစ်ခုမှာ အတွင်းထဲမှ တိုးထွက်လာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် စိုက်ဝင်နေသော အပ်အားလုံးကို အပြင်သို့ ပြန်လည် ကန်ထုတ်လိုက်တော့သည်။

​တကယ်ကို အံ့ဩစရာ ကောင်းလှသော စွမ်းရည်ပင်။

​လင်းကျင်းသည် ရစ်ပတ်အပ် အမြောက်အမြား ဆုံးရှုံးသွားခဲ့ရသည်။ သို့သော် ဤကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ယှဉ်ပြိုင်ရာတွင် ထိုမျှလောက် ဆုံးရှုံးမှုမှာ ရှောင်လွှဲ၍ မရနိုင်ပါပေ။

​စောစောက တိုက်ကွက်ကြောင့် နဂါးအိုကြီးမှာ ရှောင်ဟော့ကို ဖမ်းထားရာမှ လွှတ်ပေးလိုက်ရသည်။ သူတို့နှစ်ဦး အခြေအနေချင်း တူညီနေသကဲ့သို့ ထင်ရသော်လည်း၊ လင်းကျင်းကတော့ သူ ရှုံးနိမ့်တော့မည်ကို ကောင်းကောင်း သိနေ၏။

​ရန်သူက တစ်ယောက်တည်း ဖြစ်သော်လည်း စောစောက ရှောင်ဟော့ကို ဖမ်းမိလုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍ ဤအဆင့် (၄) သားရဲသာ ဖမ်းဆီးခံလိုက်ရပါက လင်းကျင်းအနေဖြင့် အနိုင်ရရန် အခွင့်အလမ်းအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

​မျောက်ဖြူကြီးမှာလည်း ခန္ဓာကိုယ်ကို ကြီးထွားစေကာ ရှေ့သို့ ခုန်အုပ်လိုက်၏။

​လင်းကျင်းသည် သက်ပြင်းကို အားပါပါ ချလိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ လေပြင်းများမှာ ပိုးသားကဲ့သို့ ထွက်ပေါ်လာပြီး မျောက်ဖြူကြီးကို ဝန်းရံသွား၏။

​ဒါဟာ သားရဲ၏ အရှိန်အဟုန်ကို မြှင့်တင်ပေးသည့် ‘လေဟုန်ပေါက်ကွဲမှု’စွမ်းရည်ပင် ဖြစ်သည်။

​မျောက်ဖြူကြီးမှာ သတ္တိဗျတ္တိအပြည့်ဖြင့် အရှိန်အဟုန် အပြည့်သုံးကာ သူ၏ ကြီးမားသော လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

​သို့သော် နဂါးအိုကြီးက ပြုံးလိုက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး မျောက်ဖြူ၏ ထိုးနှက်ချက်ကို အသာအယာပင် ဖမ်းဆီးလိုက်၏။ ထို့နောက် သူက ရုတ်တရက် တွန်းထုတ်လိုက်ရာ မျောက်ဖြူကြီးမှာ နောက်သို့ လွင့်စင်သွားရတော့သည်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် မျောက်ဖြူ လွင့်စင်သွားချိန်တွင် ခြံဝင်း၏ တစ်ဝက်ခန့်မှာ ပျက်စီးသွားရ၏။

​လင်းကျင်းမှာ စိတ်အေးလက်အေး နေနိုင်ခြင်း မရှိတော့ဘဲ နဂါးအိုကြီးကို ယှဉ်ပြိုင်ရန်အတွက် မန္တန်များကိုသာ အားကိုးနေရသည်။ သူတို့၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသော အခြေအနေသို့ ရောက်နေပြီ ဖြစ်၏။ နဂါးမှာ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ သိသာလှပြီး၊ လင်းကျင်းတို့ အနေဖြင့်တော့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေရုံသာ ရှိတော့သည်။

​“မီးဝိညာဉ် ပူးကပ်ခြင်း"

​လင်းကျင်းသည် ရှောင်ဟော့၏ စွမ်းအားကို မြှင့်တင်ရန်အတွက် အစွမ်းကုန် ကြိုးစားကာ မန္တန်ကို ရွတ်ဆိုလိုက်၏။

​ချက်ချင်းပင် ရှောင်ဟော့၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များမှာ ပိုမို တောက်ပလာတော့သည်။ သူ ရှေ့သို့ ပြေးထွက်သွားချိန်တွင် သူ ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ မီးလောင်ကျွမ်းကုန်၏။ အမှန်စင်စစ် ဤမန္တန်ကို ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လင်းကျင်း၏ သေးငယ်လှသော အိမ်ကလေးမှာလည်း ပြာကျသွားခဲ့ရချေပြီ။

​အခုတော့ ဤနေရာကို နဂါးအိုကြီး၏ မန္တန်ဖြင့် ပိတ်ဆို့ထားကြောင်း လင်းကျင်း သေချာသွားပြီ ဖြစ်သည်။ သို့မဟုတ်ပါက ဤပြင်းထန်လှသော မီးတောက်များမှာ တစ်မြို့လုံးကို ထိတ်လန့်သွားစေပေလိမ့်မည်။

​ရှောင်ဟော့ တိုက်ပွဲထဲသို့ ဝင်လာသောအခါ နဂါးအိုကြီးမှာ အနည်းငယ် ပို၍ ခက်ခဲသွားပုံရသည်။

​သို့သော် သူသည် အဆင့် (၅) သတ္တဝါတစ်ကောင် ဖြစ်ပေသည်။ အားနည်းနေသည့်တိုင် ဤနဂါးမှာ အလွန်ပင် စွမ်းအားကြီးမားဆဲပင်။ ရှောင်ဟော့နှင့် မျောက်ဖြူတို့ ပူးပေါင်း တိုက်ခိုက်နေသော်လည်း နဂါးအိုကြီးကို ခုခံကာကွယ်နေရုံသာ တတ်နိုင်ကြသေး၏။

​အကယ်၍ အချိန်သာ ဆက်လက် ကြာမြင့်နေမည်ဆိုပါက နဂါးအိုကြီးကသာ အသာစီး ရသွားပေလိမ့်မည်။

​အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း လင်းကျင်း၏ အတွင်းစိတ်မှာတော့ ထိတ်လန့်နေမိသည်။

​မြို့တော်သို့ ရောက်ရှိပြီး တတိယမြောက်နေ့မှာတင် ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နဂါးအိုကြီးမှာ သူ၏ မြင့်မားလှသော ကျင့်ကြံမှုကို သုံးကာ လင်းကျင်းကို တိတ်တဆိတ် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။

​ဒါဟာ တကယ့်ကို အန္တရာယ်ကြီးမားလှသော အခြေအနေပင်။

​ထို့ပြင် နဂါးအိုကြီးသည် လင်းကျင်းကို သူ၏ နောက်ခံဆရာကြီးအား ခေါ်ခိုင်းနေသော်လည်း၊ ပတ်ဝန်းကျင်ကိုတော့ ပိတ်ဆို့ထားဆဲပင်။ ဒါဟာ သူ့ဘက်က စမ်းသပ်နေခြင်းလည်း ဖြစ်နိုင်သည်။

​အကယ်၍ ဤပိတ်ဆို့မှုကို ဖောက်ထွက်နိုင်မည်ဆိုပါက၊ နဂါးအိုကြီးအနေဖြင့် ဤကျူးကျော်သူ၏ အစွမ်းအစကို သိရှိသွားပေလိမ့်မည်။ အကယ်၍ မဖောက်ထွက်နိုင်ပါက လင်းကျင်းမှာ အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

​ဤနဂါးအိုကြီးမှာ လင်းကျင်း၏ နောက်ခံကို အတော်လေး စုံစမ်းထားပုံရ၏။ သူ၏ စကားများအရ လင်းကျင်းနောက်ကွယ်တွင် ကျွမ်းကျင်သူတစ်ဦး ရှိနေကြောင်း သူ သိနေသည်။

​သို့သော် လင်းကျင်းကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေသည်။ ဤနောက်ခံဆရာကြီးဆိုသည်မှာ သူ ကိုယ်တိုင် ဖန်တီးထားသော လုပ်ကြံချက်တစ်ခုသာ ဖြစ်၏။ မည်သူကမျှ လာရောက် ကယ်တင်လိမ့်မည်ဟု မျှော်လင့်ရန် မဖြစ်နိုင်ပါပေ။

​ဘယ်သူမှလည်း လာမှာ မဟုတ်ဘူး၊ မလာနိုင်ကြဘူး။

​မြို့တော်တစ်ခုလုံးတွင် လုဘင်၏ အစွမ်းမှာပင် ဤနဂါးကို ယှဉ်နိုင်ရန် မလွယ်ကူလှပေ။ ထို့ပြင် လုဘင်ကလည်း အခုချိန်မှာ လာရောက် ကယ်တင်နိုင်စရာ မရှိသဖြင့် လင်းကျင်းတွင် အားကိုးစရာ မည်သူမျှ မရှိပေ။

​အကယ်၍ အကူအညီ ရောက်လာလျှင်ပင် ဘာမှ ထူးခြားလာမည် မဟုတ်ပေ။

​အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်မှာ ပူဇော်မှုများကို လက်ခံရရှိထားသဖြင့် နတ်ဘုရားတန်ခိုးများ ရရှိထားသော အဆင့် (၅) မိစ္ဆာသားရဲ ဖြစ်နေသောကြောင့်ပင်။ သားရဲပြတိုက်အရဆိုလျှင် နတ်ဘုရားအဖြစ် ကိုးကွယ်ခံထားရသော မိစ္ဆာသားရဲများသည် ရင်ဆိုင်ရရန် ပို၍ ခက်ခဲလှပေသည်။

​တစ်နည်းအားဖြင့် လင်းကျင်းတွင် ထွက်ပြေးစရာ လမ်းမရှိတော့ပေ။

​ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်နှင့် အနက်ဆုံး ချောက်ထဲသို့ ကျသွားရုံသာ ရှိတော့သည်။

​ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး နှင်းများ စတင် ကျဆင်းလာတော့သည်။

​လင်းကျင်း ချက်ချင်း မော့ကြည့်လိုက်ရာ နဂါးအိုကြီးမှာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်ကို တွေ့လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးနေသော ဤခြံဝင်းလေးအတွင်းရှိ အပူချိန်မှာ အလွန်အမင်း ကျဆင်းသွားတော့သည်။ ရှောင်ဟော့၏ မီးတောက်များကြောင့် လောင်ကျွမ်းနေသော ပတ်ဝန်းကျင်မှာလည်း နှင်းမုန်တိုင်းဒဏ်ကြောင့် ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရ၏။

​ဒါဟာ လင်းကျင်းအနေဖြင့် ဤကဲ့သို့သော မန္တန်မျိုးကို ပထမဆုံး မြင်ဖူးခြင်းပင်။

​အေးစက်လှသော လေပြင်းများက ဖြတ်သန်းတိုက်ခတ်နေပြီး နှင်းများမှာ မြေပြင်ကို ဖုံးလွှမ်းသွား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အရိုးထဲအထိ စိမ့်အောင် အေးစက်လာပြီး ဤနှင်းမုန်တိုင်းကြောင့် သူ၏ ခြေလက်များမှာ ထုံကျဉ်လာတော့သည်။

​အခြေအနေမှာ ပို၍ ဆိုးဝါးလာပြီ ဖြစ်ကြောင်း လင်းကျင်း သိလိုက်သဖြင့်၊ သတိမလွတ်သွားစေရန် သူ၏ လျှာကို ကိုက်ထားလိုက်၏။ သူသည် နဂါးအိုကြီးနှင့် ယှဉ်လျှင် အစစအရာရာ နိမ့်ကျလွန်းလှပေသည်။ ရှောင်ဟော့နှင့် မျောက်ဖြူတို့မှာလည်း အနိုင်နိုင် ခုခံနေရသဖြင့် သူတို့အဖွဲ့၏ အစွမ်းမှာ သိသာလှပေသည်။

​သို့သော် လင်းကျင်းအနေဖြင့် သေမင်းကို ဒီအတိုင်း ထိုင်စောင့်နေမည်လား။ ဘယ်တော့မှ မဖြစ်နိုင်ပါပေ။

​“သွေးကတိကဝတ် ပဉ္စမမြောက်နယ်ပယ်"

​ဤကဲ့သို့သော အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေတွင်၊ လင်းကျင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကန့်သတ်ချက်များ ပွင့်ထွက်သွားသည်ကို ခံစားလိုက်ရ၏။ သူသည် ဤစိုးရိမ်ရသော အခိုက်အတန့်မှာတင် သွေးကတိကဝတ် အဆင့် (၅) သို့ အမှန်တကယ် ရောက်ရှိသွားခဲ့လေပြီ။

All Chapters