အခန်း (၂၄၃-၂၄၄)
Vol. 13 Ch. 243-244
အခန်း (၂၄၃) - ပြတိုက်မှူး၏ အရှိန်အဝါ
သွေးကတိကဝတ် ပဉ္စမမြောက်နယ်ပယ်သို့ ရောက်ရှိသွားချိန်တွင် လင်းကျင်းသည် သူ၏ သားရဲထံမှ စွမ်းအင်များကို ပိုမို ငှားရမ်းအသုံးပြုနိုင်ပြီ ဖြစ်သည်။ ဒါဟာ ဘာမှမရှိတာထက်စာလျှင် အများကြီး ပိုကောင်းလှပေသည်။
အနည်းဆုံးတော့ ရှောင်ဟော့ထံမှ မီးစွမ်းအင်ကို ငှားရမ်းခြင်းဖြင့် ဤရူးသွပ်ဖွယ်ရာ နှင်းမုန်တိုင်းကို သူ တောင့်ခံနိုင်ခဲ့ပြီ ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းကျင်း၏ ခန္ဓာကိုယ်အတွင်း အပူဓာတ်များ စီးဆင်းလာပြီး အအေးဒဏ်ကို မောင်းထုတ်လိုက်သည်။ ဤနှင်းမုန်တိုင်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။ လေတစ်ချက် ဝေ့လိုက်ရုံဖြင့် လူတစ်ယောက်ကို အရိုးထဲအထိ ခဲသွားစေနိုင်သည်အထိ ပြင်းထန်လှပေသည်။ မျောက်ဖြူနှင့် ရှောင်ဟော့တို့မှာ တောင့်ခံနိုင်သေးသော်လည်း၊ လင်းကျင်းမှာမူ စောစောကပင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ သူ၏ ကျင့်ကြံမှုအဆင့် တက်မလာဘဲ မီးစွမ်းအင် ပိုမရခဲ့ပါက၊ လင်းကျင်းတစ်ယောက် အအေးဒဏ်ကြောင့် အသက်ပျောက်သွားလောက်ပြီ ဖြစ်သည်။
တစ်ခြံလုံးမှာလည်း နှင်းများဖြင့် ဖုံးလွှမ်းသွားပြီး ရေခဲပြင် ကန္တာရကြီးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
"ရစ်ပတ်အပ်"
လင်းကျင်း အားအင်အနည်းငယ် ပြန်ရလာသည်နှင့် တစ်ပြိုင်နက် ပြန်လည် တုံ့ပြန်တိုက်ခိုက်လိုက်၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသေကိုယ်သေ တိုက်ရမည်မှတစ်ပါး အခြားမရှိတော့ပေ။ လင်းကျင်းအနေဖြင့် အခြားအရာများကို တွေးတောနေရန် အချိန်မရှိပါ။ သူ ရနိုင်သမျှ အခွင့်အရေးတိုင်းကို အရယူရပေမည်။
နဂါးအိုကြီးမှာ လေနှင့် ရေ ဓာတ်သဘာဝရှိသူ ဖြစ်သည်။ လေနှင့် ရေ ပေါင်းစပ်လိုက်ပါက ရေခဲအဖြစ် ပြောင်းလဲသွားပြီး၊ ၎င်းမှာ မီးကို နှိမ်နင်းရာတွင် အထူးပင် ထိရောက်လှ၏။ သို့သော် ရှောင်ဟော့မှာလည်း ပြိုင်ဘက်အတွက် သဘာဝရန်သူပင် ဖြစ်ပေသည်။ လင်းကျင်း၏ ရည်ရွယ်ချက်ကို သိရှိသွားသော ရှောင်ဟော့သည် ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များကို ပြန်လည် ထွက်ပေါ်စေလိုက်သည်။ ဤနှင်းမုန်တိုင်းကြားမှာပင် ထိုမီးတောက်များမှာ ငြိမ်းသတ်မရဘဲ တောက်လောင်နေပြီး နဂါးအိုကြီး၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့၏။
ဤအခွင့်အရေးကို အသုံးချကာ လင်းကျင်းသည် ရစ်ပတ်အပ်ကို သုံး၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တော့သည်။
ဒါဟာ လင်းကျင်း စဉ်းစားမိသမျှထဲတွင် အနိုင်ရနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
အကယ်၍ လင်းကျင်း၏ ရစ်ပတ်အပ်သာ နဂါးအိုကြီး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားနိုင်ပါက၊ ထိုသတ္တဝါ၏ သွေးကြောများကို ရှုပ်ထွေးသွားအောင် လုပ်နိုင်ပေလိမ့်မည်။ ထို့ထက် ပို၍ ကောင်းသည်မှာ အကယ်၍ နဂါး၏ နှလုံးသားကိုသာ ထိုးဖောက်နိုင်ခဲ့ပါက အောင်ပွဲမှာ သူတို့လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။
လင်းကျင်း၏ နောက်ဆုံးလက်နက်မှာ ရစ်ပတ်အပ်ကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားအောင် လုပ်ဆောင်ရန်ပင် ဖြစ်၏။
နဂါးအိုကြီးသည် ယခုအခါ လူသားအသွင်ကို စွန့်လွှတ်ကာ သူ၏ မူလနဂါးအသွင်သို့ တစ်ဝက်တစ်ပျက် ပြောင်းလဲလျက် ရှောင်ဟော့၊ မျောက်ဖြူတို့နှင့် အကြိတ်အနယ် တိုက်ခိုက်နေသည်။ လင်းကျင်းသည် အခွင့်ကောင်းကို စောင့်ကာ ရစ်ပတ်အပ်ကို ပစ်လွှတ်လိုက်ရာ၊ နဂါးအိုကြီး၏ ချိုင်းအောက်ရှိ အချက်အခြာကျသော အပ်စိုက်မှတ်ဆီသို့ စိုက်ဝင်သွားတော့သည်။
နဂါးအိုကြီးမှာ တုံ့ပြန်မှု အလွန်မြန်လှ၏။ အပ်စိုက်ဝင်သွားသည်နှင့် သူ၏ အတွင်းအားကို သုံးကာ ထိုအပ်ကို အပြင်သို့ ပြန်ကန်ထုတ်ရန် ကြိုးစားတော့သည်။ လင်းကျင်းကလည်း သူ၏ စွမ်းအင်များကို အစွမ်းကုန် သုံးကာ အပ်ကို အတွင်းသို့ ပိုဝင်အောင် တွန်းပို့နေသဖြင့် သူတို့နှစ်ဦးမှာ အင်အားပြိုင်သည့် အခြေအနေသို့ ရောက်သွားရ၏။
လင်းကျင်းသည် သူ၏ အသက်ကို လောင်းကြေးထပ်ကာ စွမ်းအင်များကို ဆက်တိုက် လွှဲပြောင်းပေးနေပြီး၊ နဂါးအိုကြီးနှင့် စွမ်းအင်ပမာဏချင်း ယှဉ်ပြိုင်နေတော့သည်။ ဤအပ်မှာ အလွန်စွမ်းအားကြီးကြောင်း သိရှိသွားသော နဂါးအိုကြီးမှာလည်း အပ်ကို အတွင်းသို့ အဝင်မခံဘဲ အစွမ်းကုန် ခုခံနေ၏။
ယခုအခါ အပ်၏ အစိတ်အပိုင်း အတော်များများမှာ နဂါးအိုကြီး၏ အပ်စိုက်မှတ်ထဲသို့ ဝင်သွားပြီဖြစ်ပြီး၊ အပြင်ဘက်တွင် အနည်းငယ်သာ ကျန်တော့သည်။ သူတို့နှစ်ဦး တင်းမာစွာ အားပြိုင်နေစဉ်မှာပင် နဂါးအိုကြီးက လင်းကျင်းထံသို့ ရေခဲအငွေ့အသက်များကို အကြိမ်ကြိမ် မှုတ်ထုတ်လိုက်၏။ ဤတစ်ကြိမ် တိုက်ခိုက်မှုမှာ ယခင်ကထက် ပို၍ ပြင်းထန်လှပေသည်။ အကယ်၍ တစ်ချက်မျှ ထိမှန်သွားပါက သွေးကြောများနှင့် အသားစများမှာ ချက်ချင်းပင် ခဲသွားမည်ဖြစ်ရာ၊ လင်းကျင်းအနေဖြင့် အနည်းငယ်မျှပင် အထိခံ၍ မရပါပေ။
ရှောင်ဟော့ကလည်း မီးတောက်များကို ပြန်လည် မှုတ်ထုတ်ကာ လင်းကျင်းထံသို့ ကျရောက်လာမည့် အအေးဓာတ်များကို ကာကွယ်ပေးနေ၏။
သို့သော်လည်း လင်းကျင်းမှာ တစ်ကိုယ်လုံး ခဲမတတ် အေးစက်နေပြီး အလွန်ပင် နေရထိုင်ရ ခက်ခဲနေရသည်။
ဤတိုက်ကွက်ကို အသုံးပြုရသည်မှာ ဤမျှအထိ ညှဉ်းပန်းနှိပ်စက်ခံရသလို ခံစားရသည်မှာ ဒါဟာ ပထမဆုံးအကြိမ်ပင်။ သို့သော် ဤအချက်ကပင် ရန်သူ၏ အားနည်းချက်ကို သူ ဆုပ်ကိုင်ထားနိုင်ပြီဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ဤရစ်ပတ်အပ်မှာ နဂါးအိုကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ရပေမည်။ သို့မဟုတ်ပါက သူသည် လင်းကျင်းကို တိုက်ခိုက်ရာတွင် ဤမျှအထိ စိုးရိမ်တကြီး ဖြစ်နေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ဤသို့ တုံ့ပြန်လေလေ၊ လင်းကျင်းက ပို၍ တိုးကာ တိုက်ခိုက်ရလေလေပင် ဖြစ်၏။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ လင်းကျင်း၏ စွမ်းအင်များမှာ ကုန်ခန်းလုနီးပါး ဖြစ်နေပြီး သူ၏ စိတ်ဓာတ်ခိုင်မာမှုဖြင့်သာ တောင့်ခံထားရတော့သည်။ နဂါးအိုကြီးမှာလည်း ဒေါသတကြီး ဟိန်းဟောက်နေ၏။ အပ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ဝင်ရန် လက်မဝက်ခန့်သာ လိုတော့သည်။ သေးငယ်လှသော အပ်ကလေးထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသော အရှိန်အဝါနှင့် ပူပြင်းလှသော အပူရှိန်တို့ကြောင့် သူသည် အန္တရာယ်ကို ခံစားနေရခြင်းပင်။
လင်းကျင်း၏ နဖူးမှ ချွေးစက်ကြီးများမှာ လိမ့်ဆင်းလာပြီး လမ်းခုလတ်မှာတင် ရေခဲစများအဖြစ် ပြောင်းလဲသွား၏။ လင်းကျင်းသည် သူ၏ ခြေထောက်နှစ်ဖက်စလုံးကို အာရုံမရတော့ဘဲ လဲကျတော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ဤတိုက်ပွဲတွင် နဂါးအိုကြီးကို သူ ရှုံးနိမ့်တော့မည် ထင်၏။
မျှော်လင့်ချက် ကင်းမဲ့မှုများက ပို၍ ကြီးထွားလာသည်။ အကယ်၍သာ အပ်ကို အပြင်သို့ ပြန်ကန်ထုတ်ခြင်း ခံလိုက်ရပါက၊ သူတို့အနေဖြင့် အခြေအနေကို ပြောင်းလဲရန် အခွင့်အရေးအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။ အကယ်၍ သူတို့ ရှုံးနိမ့်သွားပါက နဂါးအိုကြီး၏ သတ်ဖြတ်ခြင်းကို ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။
သို့သော် ထိုအခိုက်အတန့်မှာပင် လင်းကျင်းသည် သူ၏ စိတ်ထဲရှိ သားရဲပြတိုက်ထံမှ အသံတစ်သံကို ကြားလိုက်ရ၏။
‘ဧည့်ခန်းမ ပွင့်ပါပြီ'
တိုက်ပွဲအတွင်း အာရုံစိုက်နေရသဖြင့် လင်းကျင်း ဤကိစ္စကို လုံးဝ မေ့လျော့နေခဲ့ခြင်းပင်။ အခုတော့ ဧည့်ခန်းမ ပွင့်သွားပြီ ဖြစ်ရာ၊ သူသည် အချိန်မရွေး ထိုနေရာသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
သူ လွတ်မြောက်သွားနိုင်ပြီ။
သို့သော်လည်း သူ ထွက်သွားပါက ရှောင်ဟော့နှင့် မျောက်ဖြူတို့မှာ အန္တရာယ်ထဲတွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။ နဂါးအိုကြီး ချမှတ်ထားသော မန္တရားပိတ်ဆို့မှုကြောင့် ရှောင်ဟော့နှင့် မျောက်ဖြူတို့မှာ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပါပေ။
ဤအတွေးကြောင့် လင်းကျင်း စိတ်ထိခိုက်သွားရ၏။
‘ရှောင်ဟော့နဲ့ မျောက်ဖြူကို ငါနဲ့အတူ ခေါ်သွားလို့ ရမလား ကြည့်ရသေးတာပေါ့’
သူ့တွင် ကြိုးစားကြည့်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ နဂါးအိုကြီးမှာ အားနည်းနေသည့်တိုင် အလွန်ပင် စွမ်းအားကြီးမားလှပြီး အနိုင်ယူရန် မဖြစ်နိုင်လုနီးပါးပင်။ လင်းကျင်းသည် ဝိညာဉ်ခန်းမနှင့် စိတ်ချင်း ဆက်သွယ်လိုက်ကာ ရှောင်ဟော့နှင့် မျောက်ဖြူတို့ ဝင်ရောက်နိုင်ရန်အတွက် ပိုမိုကြီးမားသော တံခါးပေါက်တစ်ခုကို ဖွင့်ရန် ကြိုးစားလိုက်တော့သည်။
သို့သော် ဒါဟာ လင်းကျင်း၏ စိတ်ကူးယဉ်မှုသာ ဖြစ်ပုံရ၏။ သူ အစွမ်းကုန် ကြိုးစားသော်လည်း၊ သူ၏ စိတ်ထဲတွင် သေးငယ်လှသော အပေါက်ငယ်လေးတစ်ခုကိုသာ ဖွင့်နိုင်ခဲ့သည်။
သို့သော်လည်း လင်းကျင်း ထိုအပေါက်ငယ်လေးကို ဖွင့်လိုက်သည့် ခဏမှာပင် ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ လျှံထွက်လာတော့သည်။
နဂါးအိုကြီးမှာ သိသိသာသာပင် ထိတ်လန့်သွားရ၏။
သူ၏ မျက်လုံးများထဲတွင် ‘ကြောက်ရွံ့မှု’ များ အထင်အသား ပေါ်လာတော့သည်။ သူသည် ချက်ချင်းပင် သူ၏ မူလနဂါးအသွင်သို့ ပြောင်းလဲကာ ထွက်ပြေးရန်အတွက် လေထဲသို့ ပျံတက်သွားပါတော့သည်။
လင်းကျင်းသည် အခွင့်ကောင်းကို အရယူကာ မန္တန်တစ်ခုကိုရွတ်ဆိုပြီး သူ၏ ရစ်ပတ်အပ်ကို ထိန်းချုပ်ကာ နဂါး၏ သွေးကြောအစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးပစ်လိုက်၏။ သို့သော်လည်း အကွာအဝေး ပိုမို ဝေးကွာသွားသောကြောင့် ထိုရစ်ပတ်အပ်ကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။
လင်းကျင်း ခေါင်းခါလိုက်မိသည်။ နဂါးအိုကြီးသည် ဘာကြောင့် သရဲမြင်လိုက်ရသလိုမျိုး ဒဏ်ရာရမှာကိုတောင် ဂရုမစိုက်ဘဲ ထွက်ပြေးသွားရသနည်းဆိုသည်ကို သူ မသိသော်လည်း၊ သူ ထွက်သွားသည်ကပင် လင်းကျင်းအတွက် အကောင်းဆုံး ဖြစ်ပေသည်။
လင်းကျင်းမှာ လောလောဆယ်တွင် တစ်ကိုယ်လုံး ခဲနေသဖြင့် မလှုပ်ရှားနိုင်သေးပေ။ သူ၏ အားအင်များ ပြန်လည် ပြည့်ဝလာအောင်သာ ဖြည်းဖြည်းချင်း စောင့်ဆိုင်းနေရ၏။ မျောက်ဖြူမှာလည်း နဂါး၏ တိုက်ခိုက်မှုဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားသည်။ သို့သော် သူသာ တောင့်ခံမထားပါက ရှောင်ဟော့အနေဖြင့် တိုက်ကွက်အချို့ကို သုံးနိုင်လိမ့်မည် မဟုတ်ပေ။ ရှောင်ဟော့ တစ်ယောက်တည်းသာဆိုပါက သူတို့တွေ ဒီအဆင့်အထိ ရောက်လာနိုင်မည် မဟုတ်ပါပေ။
ပတ်ဝန်းကျင် အနေအထားမှာ ပြောင်းလဲလာတော့သည်။ ရှောင်ဟော့သည် အခြေအနေကို သတိပြုမိသည်နှင့် တစ်နေရာသို့ ပြေးသွားကာ အဝါရောင် အလံငယ်လေးတစ်ခုကို ပါးစပ်ဖြင့် ကိုက်ချီ၍ ပြန်လာ၏။
ထိုအလံပေါ်တွင် ကြယ်တာရာပုံစံများ ထိုးထားသကဲ့သို့ စက်ဝိုင်းပေါင်း တစ်ဆယ်ကျော် ရှိနေပြီး၊ အချို့မှာ ရွှေချည်၊ အချို့မှာ ငွေချည်များဖြင့် ရက်လုပ်ထားကာ တစ်ခုစီမှ အလင်းတန်းများ ထွက်ပေါ်နေသည်။
ဒါဟာ သေချာပေါက် ပညာရှင်တစ်ဦး ဖန်တီးထားသည့် လက်နက်တစ်ခုပင် ဖြစ်၏။ ထူးဆန်းသည်မှာ ပတ်ဝန်းကျင်ရှိ အငွေ့အသက်များမှာ ထိုအလံငယ်လေးဆီသို့ အလျင်အမြန် စုစည်းသွားပြီး အလင်းစက်များကို တောက်ပစေခြင်းပင်။ ပတ်ဝန်းကျင်ကို ကြည့်ရသလောက်ဆိုလျှင်၊ နဂါးအိုကြီး သူတို့ကို ပိတ်လှောင်ရန် အသုံးပြုခဲ့သည့် မန္တန်ပိတ်ဆို့မှုမှာ ဤအလံငယ်လေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။
သို့သော် ထိုနဂါးအိုကြီးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် အလောတကြီး ထွက်ပြေးသွားရသဖြင့် ဤအဖိုးတန် အလံငယ်ကိုပင် ပြန်မယူသွားနိုင်ခဲ့ပေ။ လင်းကျင်းအနေဖြင့်တော့ ရတနာတစ်ခု ရရှိလိုက်ခြင်းပင် ဖြစ်၏။
မန္တန်ပိတ်ဆို့မှု ပျောက်ကွယ်သွားသောအခါ လင်းကျင်းသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ သူ၏ ခြံဝင်း ပျက်စီးသွားသည်မှအပ၊ ကျန်သည့် နေရာများမှာ ဘာမျှ မဖြစ်ခဲ့သကဲ့သို့ပင်။ ဤပိတ်ဆို့မှုမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။ ၎င်းကို အသုံးပြုလိုက်ပါက နေရာတစ်ခုကို ပိတ်ဆို့ထားနိုင်ရုံသာမက၊ အတွင်းထဲမှ အငွေ့အသက်များကိုလည်း အပြင်သို့ မပေါက်ကြားအောင် ဖုံးကွယ်ထားနိုင်ပြီး အတွင်းထဲရှိသူများကိုလည်း လွတ်မြောက်နိုင်ခြင်း မရှိအောင် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။
နဂါးအိုကြီးကို ခြောက်လှန့်လိုက်သည့် အရာမှာ ဘာဖြစ်နိုင်သလဲဆိုသည်ကို လင်းကျင်း ခေတ္တမျှ စဉ်းစားပြီးနောက် ခန့်မှန်းမိလိုက်၏။
၎င်းမှာ ဧည့်ခန်းမအတွင်းရှိ ‘ပြတိုက်မှူး’၏ မျက်နှာဖုံးထံမှ ထွက်ပေါ်လာသော အရှိန်အဝါပင် ဖြစ်ရပေမည်။
သူသည် စိတ်ချင်း ဆက်သွယ်ကာ တံခါးပေါက်ကို ဖွင့်ရန် ကြိုးစားလိုက်ချိန်တွင်၊ ပြတိုက်မှူး၏ မျက်နှာဖုံးထံမှ အရှိန်အဝါများမှာ အပြင်သို့ ယိုစိမ့်ထွက်လာခဲ့ခြင်း ဖြစ်သည်။ မြင့်မားလှသော ကျင့်ကြံမှုရှိသည့် မိစ္ဆာသားရဲဖြစ်သော နဂါးကြီးမှာ အခြားသော သတ္တဝါများထက် အာရုံခံစားမှု ပိုမို ထက်မြက်လှပေသည်။ သူသည် ပြတိုက်မှူး မျက်နှာဖုံး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ထိတ်လန့်တကြား ထွက်ပြေးသွားခြင်းပင် ဖြစ်ရပေမည်။
သို့သော် ယခင်က ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။ ပြတိုက်မှူး၏ အရှိန်အဝါမှာ ပြင်ပကမ္ဘာသို့ မည်သည့်အခါမျှ သက်ရောက်မှု မရှိခဲ့ဖူးပါ။
ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အကြောင်းရင်းမှာ ဤမန္တန်ပိတ်ဆို့မှုကြောင့်ပင် ဖြစ်ရပေမည်။ ဖြစ်နိုင်သည်မှာ ဤပိတ်ဆို့မှုက ပြင်ပကမ္ဘာကို ဖြတ်တောက်ထားသဖြင့်၊ ပြတိုက်မှူး၏ အရှိန်အဝါကို အတွင်းထဲ၌ ယိုစိမ့်ထွက်ပေါ်လာစေရန် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်နိုင်သည်။
ဒါဟာ လင်းကျင်းအတွက် စိတ်ကူးသစ်တစ်ခုကို ပေးလိုက်ခြင်းပင်။
အကယ်၍ သူသာ ကိုယ်တိုင် မန္တန်ပိတ်ဆို့မှုတစ်ခု ဖန်တီးနိုင်မည်ဆိုပါက၊ ထိုနေရာတွင် ပြတိုက်မှူး၏ မျက်နှာဖုံးကို ထုတ်ယူကာ ဝတ်ဆင်နိုင်မည်လား။
အခန်း (၂၄၄) - ပြတိုက်မှူး ဘာလို့ အခုထိ ရောက်မလာသေးတာလဲ
လင်းကျင်းသည် ဖြစ်ပျက်သွားသမျှကို ဖြစ်နိုင်သမျှ ရှုထောင့်မှနေ၍ ပြန်လည်သုံးသပ်နေမိ၏။ သူ၏ ခန့်မှန်းချက်များမှာ လုံးဝ ယုတ္တိမရှိသည်တော့ မဟုတ်ပေ။ သို့သော် ပထမဆုံးအနေဖြင့် သူသည် ဤမန္တန်ပိတ်ဆို့မှုကို သေသေချာချာ သုတေသနပြုလုပ်ရန် လိုအပ်ပေသည်။
ယခုအချိန်တွင်တော့ သူ အများကြီး ဆက်မတွေးနိုင်တော့ပါ။ စွမ်းအင်များ အလွန်အမင်း ကုန်ခန်းသွားရုံတင်မက၊ နဂါးအိုကြီး၏ နှင်းမုန်တိုင်းဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေဆဲပင်။ ပြန်လည် နာလန်ထူရန် အချိန်လိုအပ်ပေသည်။ သူရုံတင်မကဘဲ မျောက်ဖြူကြီးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားပြီး မြေပြင်ပေါ်တွင် လဲလျောင်းလျက် အသက်ကို ပြင်းပြင်းရှူနေရရှာသည်။
ရှောင်ဟော့မှာတော့ အခြေအနေ အနည်းငယ် ပိုကောင်းပြီး လင်းကျင်း၏ ဘေးတွင်ပင် ကပ်၍ စောင့်ရှောက်ပေးနေ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် လင်းကျင်းသည် ဧည့်ခန်းမသို့ ချက်ချင်း မသွားနိုင်သေးပါ။ သူ၏ ခန္ဓာကိုယ် အနည်းငယ် သက်သာလာသည်အထိ စောင့်ရပေမည်။ သူသည် သွေးလည်ပတ်မှု ကောင်းမွန်စေရန်နှင့် ခန္ဓာကိုယ်အတွင်းရှိ အအေးဓာတ်များကို မောင်းထုတ်ရန်အတွက် မိမိကိုယ်ကို အပ်စိုက်ကုသမှုကို စတင်လုပ်ဆောင်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ‘ဧည့်ခန်းမ’ထဲသို့ ဧည့်သည်ခြောက်ဦးစလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်သော ဟယ်ချန်းသည် ယခုအခါတွင်တော့ စိုးရိမ်တကြီးဖြင့် ဒုတိယထပ်ရှိ သံတံခါးကြီးကို စိုက်ကြည့်ရင်း ပြတိုက်မှူးကို စောင့်ဆိုင်းနေ၏။
ဒါဟာ အခြားသော ဧည့်သည်များကိုပါ သိချင်စိတ် ဖြစ်ပေါ်စေတော့သည်။
“ညီမလေး... ဘာဖြစ်လို့လဲ... တစ်ခုခု ဖြစ်လို့လား... အစ်မကို ပြောပြလို့ ရပါတယ်”
ဝိညာဉ်ကလေးငယ်မိခင်က ပြုံးလျက် အနားသို့ ရောက်လာ၏။ ပြတိုက်မှူး၏ ကုသမှုနည်းလမ်းကြောင့် သူမ၏ အခြေအနေမှာ အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင် မရှိတော့ဘဲ၊ အခုဆိုလျှင် ဘယ်သူကြည့်ကြည့် နူးညံ့သိမ်မွေ့ပြီး ဝင်းဝါစိုပြည်နေသော အမျိုးသမီးငယ်လေးတစ်ဦးနှင့်ပင် တူနေချေပြီ။
ဝိညာဉ်ခန်းမထဲတွင် မိန်းကလေးဆို၍ သူတို့နှစ်ဦးသာ ရှိသည်။ အသက်အရွယ် ကွာခြားသော်လည်း သူတို့နှစ်ဦးမှာ အလွန်ပင် ရင်းနှီးကြ၏။
ဟယ်ချန်းသည် သူမ၏ ဝတ်စုံအနားသတ်များကို လက်ဖြင့် တင်းတင်းဆုပ်ထားပြီး အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။
“အစ်မဝိညာဉ်... ညီမ အခက်အခဲတချို့နဲ့ ကြုံနေရတာပါ... ဒါပေမဲ့ ဒါက အစ်မ ကူညီပေးနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး ထင်တယ်”
ဤစကားကို အခြားသူတစ်ယောက်က ပြောလျှင် ဝိညာဉ်ကလေးငယ်မိခင် စိတ်ဆိုးမိနိုင်သော်လည်း၊ ဟယ်ချန်း၏ စရိုက်ကို သိထားသဖြင့် သူမ စိတ်မဆိုးပါ။ ထို့ပြင် အနားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် မေးမြန်းရှာသည်။
သူတို့နှစ်ဦး သီးသန့်စကားပြောနေကြသဖြင့် အခြားသူများမှာလည်း ကြားဖြတ် နားထောင်ရန် မသင့်တော်ဟု ယူဆကြ၏။
ကျီးကန်းနက်က ရယ်ကျဲကျဲဖြင့် ရဲ့ယွီကျိုးနှင့် ကျန်းဇီချီတို့ကို ခေါ်ထုတ်သွားလိုက်သည်။
“အဘိုးကြီးကျန်း... ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားယူလာတဲ့ အသီးတွေက တကယ့်ကို အရသာရှိပြီး ဝိညာဉ်စွမ်းအင်တွေ အပြည့်ပဲ... ဒီတစ်ခေါက်ရော ပါလာသေးလား”
ကျီးကန်းနက်သည် သတ်ဖြတ်ရခြင်းကို ဝါသနာပါသော်လည်း စားရခြင်းကို ပို၍ နှစ်သက်သူ ဖြစ်သည်။ ပြတိုက်မှူးကလည်း ရောက်မလာသေးသဖြင့် သူ စားချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမိခြင်းပင်။
ပြောရင်းဆိုရင်းနှင့် သူသည် ကျန်းဇီချီထံသို့ နှစ်ချို့ဝိုင်အိုးတစ်လုံး ကမ်းပေးလိုက်၏။
ကျန်းဇီချီက ပြုံးလိုက်ပြီး သူ၏ ဘေးရှိ အိတ်ကို ညွှန်ပြလိုက်သည်။ ကျီးကန်းနက်က ချက်ချင်းပင် သဘောပေါက်ကာ လှမ်းယူလိုက်၏။ သေချာပါသည်... ထိုအိတ်ထဲတွင် အမျိုးအစားစုံလင်လှသော အသီးအနှံများဖြင့် ပြည့်နှက်နေချေပြီ။
အဘိုးကြီးထျန်းကလည်း သတ္တိမွေးကာ သူတို့အနားသို့ ရောက်လာပြီး လူကြီးလေးယောက် စကားစမြည် ပြောဖြစ်ကြတော့သည်။
သူတို့သည် အကြောင်းအရာမျိုးစုံကို ပြောဆိုနေကြ၏။
နက်နဲသော ကျင့်ကြံမှုရှိပြီး ကျင့်ကြံသူမျအသင်း၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သော ရဲ့ယွီကျိုးမှာ ဗဟုသုတ ကြွယ်ဝလှသူဖြစ်ပြီး၊ ကျီးကန်းနက်မှာလည်း သတင်းအချက်အလက် စုဆောင်းရာတွင် ထူးချွန်သူ ဖြစ်သည်။ ကျန်းဇီချီမှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကျွမ်းကျင်သော သူခိုးကြီးတစ်ဦး ဖြစ်ခဲ့သဖြင့် သူ မြင်တွေ့ခဲ့ရသော အရာများမှာ ခန့်မှန်းရန်ပင် ခက်ခဲလှ၏။ ဤနေရာတွင် အားအနည်းဆုံးသူမှာ အဘိုးကြီးထျန်း ဖြစ်သော်လည်း၊ သူသည် စိတ်သစ်လူသစ် ဖြစ်လာကတည်းက အမူအရာမှာ ပို၍ တည်ငြိမ်လာခဲ့သည်။ မသိသောအရာရှိလျှင် နည်းနည်းပြောပြီး များများနားထောင်တတ်လာ၏။ သူတို့ကြားထဲတွင် စကားတစ်ခွန်းစ၊ နှစ်ခွန်းစ ဝင်ပြောနိုင်ခြင်းကပင် သူ့အတွက်တော့ အုပ်စုဝင်တစ်ယောက် ဖြစ်သွားပြီဟု ခံစားရသဖြင့် ကျေနပ်နေမိသည်။
စကားပြောရင်းနှင့် သူတို့သည် ‘မြွေနိုင်ငံ’ ကိစ္စသို့ ရောက်ရှိသွားကြသည်။ ကျီးကန်းနက်က လေသံတိုးတိုးဖြင့် မေးလိုက်၏။
“အဘိုးကြီးရဲ့... ပြီးခဲ့တဲ့တစ်ခေါက်က ခင်ဗျားပြောတော့ ပြတိုက်မှူးမှာ ကျောက်စိမ်းနဂါးနိုင်ငံထဲမှာ တပည့်တစ်ယောက် ရှိတယ်ဆို”
ရဲ့ယွီကျိုး ခေါင်းညိတ်လိုက်ကာ ဆိုလိုက်သည်။
“ဒါက အမှန်ပဲ... ငါ ပြင်ပလောကမှာ ပြတိုက်မှူးနဲ့တောင် တွေ့ဖူးတယ်”
“ဒါ... တကယ်လား”
ချက်ချင်းပင် ကျီးကန်းနက်သာမက ကျန်းဇီချီပါ သိချင်စိတ်ဖြင့် လှည့်ကြည့်လာကြပြီး ရဲ့ယွီကျိုး၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေကြတော့သည်။
ရဲ့ယွီကျိုးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး စတင်ပြောပြလိုက်သည်။
“အဲဒီတုန်းက ပြတိုက်မှူးက ထူးဆန်းတဲ့ သစ်ခေါက်မျက်နှာဖုံးကို ဝတ်ထားပြီး တောင်ကုန်းတစ်ခုပေါ်မှာ ရပ်နေတာ... သူ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရုံနဲ့တင် သားရဲတွေ အများကြီးကို နှိမ်နင်းနိုင်ခဲ့တာ... ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားမျိုးက သူတစ်ယောက်တည်းပဲ လုပ်နိုင်တာပါ”
“ဟုတ်တယ်... ပြတိုက်မှူးရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် သူက သားရဲတွေကို အားကိုးစရာမလိုဘဲကို အနှိုင်းမဲ့နေပြီ”
ကျန်းဇီချီက ချက်ချင်း ဝင်ထောက်လိုက်၏။
ထို့နောက် ကျီးကန်းနက်က ဒုတိယထပ်ကို လှမ်းကြည့်ကာ မသိစိတ်ဖြင့် ရေရွတ်မိသည်။
“ပြတိုက်မှူး အခုထိ ရောက်မလာသေးဘူးပဲ”
အားလုံး မှင်တက်သွားကြ၏။
ဟုတ်ပါသည်။ ဒီတစ်ခေါက်တော့ တစ်ခုခု ထူးဆန်းနေသည်။ဧည့်ခန်းမ ပွင့်နေသည်မှာ တစ်နာရီထက်မက ကြာနေပြီဖြစ်ရာ၊ ပုံမှန်ဆိုလျှင် ပြတိုက်မှူးမှာ ရောက်ရှိနေရမည် ဖြစ်သည်။
“တစ်ခုခု... ဖြစ်နေလို့လားမသိဘူး”
အဘိုးကြီးထျန်းက ရုတ်တရက် ဝင်ပြောလိုက်၏။
သို့သော်လည်း မည်သူမျှ သူ၏ ခန့်မှန်းချက်ကို အတည်မယူကြပေ။
“ပြတိုက်မှူးက အနှိုင်းမဲ့တဲ့သူပဲ၊ သူ့ကို ဘာကများ ဒုက္ခပေးနိုင်မှာလဲ”
ကျီးကန်းနက်က ပြန်ပြောလိုက်သည်။
သူသည် ဤဝိညာဉ်ခန်းမသို့ ပထမဆုံး စတင်ရောက်ရှိခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာမိ၏။ ထိုစဉ်က ကျီးကန်းနက်သည် ပြတိုက်မှူးကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ သားရဲမှာ အနှိမ်နင်း ခံလိုက်ရခြင်းပင်။
ထိုပြင်းထန်လှသော ဖိအားကို သူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါပေ။
“ရပါတယ်... ငါတို့မှာ အချိန်ရှိသေးတာပဲ၊ ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့”
ရဲ့ယွီကျိုးက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ဆိုလိုက်၏။
သူသည် လင်းကျင်းတစ်ယောက် လုပင်းနှင့်အတူ မြို့တော်သို့ လိုက်သွားသည်ကို သိသော်လည်း၊ မည်သည့် ရည်ရွယ်ချက်ဖြင့် သွားသည်ကိုတော့ မသိပါ။ သို့သော် လင်းကျင်း မြို့တော်သို့ ရောက်နေသည်ဆိုပါက၊ သူ၏ ဆရာဖြစ်သော ပြတိုက်မှူးသည်လည်း အနီးအနားမှာ ရှိနေနိုင်ပေသည်။
ရဲ့ယွီကျိုး တွေးတောနေစဉ်မှာပင် ဟယ်ချန်းက ရုတ်တရက် ရောက်လာ၏။
“စီနီယာ အဘိုးကြီးရဲ့"
ဟယ်ချန်းက ဦးညွှတ်နှုတ်ဆက်လိုက်သော်လည်း စကားကို ဆက်ပြောရန် တွန့်ဆုတ်နေပုံရသည်။ ရဲ့ယွီကျိုးက သူမတွင် တစ်ခုခု အခက်အခဲရှိနေကြောင်း သိမြင်သွားသဖြင့် သီးသန့်စကားပြောရန်အတွက် ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်တော့သည်။
“ရှင်က မေပယ်မြို့ ကျင့်ကြံသူများအသင်းက စီနီယာ ရဲ့ယွီကျိုး မဟုတ်လား”
ဟယ်ချန်းက တိုက်ရိုက်ပင် မေးလိုက်၏။
ရဲ့ယွီကျိုး အနည်းငယ် ထိတ်လန့်သွားရသည်။
သို့သော် သူသည်လည်း ဟယ်ချန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခပ်ရေးရေး ခန့်မှန်းထားမိပြီးသား ဖြစ်ပေသည်။
သူ ခေါင်းညိတ်လိုက်ပြီးမှ ပြန်မေးလိုက်၏။
“မင်းရဲ့ မျိုးရိုးနာမည်က ‘ဟယ်’ လို့ ပြောတာ ငါ ကြားဖူးပါတယ်... ဒီမျိုးရိုးက ငါတို့ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ တော်ဝင်မျိုးရိုးပဲ... မင်းက တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်ရမယ် ဟုတ်တယ်မလား"
ဟယ်ချန်းကခေါင်းညိတ်လိုက်ကာ ဆိုလိုက်သည်။
“ကျွန်မနာမည် ဟယ်ချန်းပါ"
“သြော်... သတ္တမမြောက်မင်းသမီးကိုး”
ရဲ့ယွီကျိုး လက်ယှက်ကာ နှုတ်ဆက်လိုက်၏။
ဒါဟာ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပင်။ ကျောက်စိမ်းနဂါး တော်ဝင်မိသားစုဝင် တစ်ယောက်က ဤဧည့်ခန်းမထဲတွင် ရှိနေရုံတင်မကဘဲ၊ သူမက ဤနေရာသို့ ပထမဆုံး စတင်ရောက်ရှိခဲ့သူပင် ဖြစ်နေသေးသည်။
ဟယ်ချန်းက ဆိုလိုက်၏
“ကျွန်မ ပြတိုက်မှူးရဲ့ တပည့်နဲ့ တွေ့ပြီးပါပြီ”
ရဲ့ယွီကျိုး၏ စိတ်ထဲတွင် လှုပ်ခတ်သွားရသည်။ ဟယ်ချန်း ပြောနေသည်မှာ လင်းကျင်းအကြောင်း ဖြစ်ကြောင်း သူ သိလိုက်ပြီ ဖြစ်၏။
ဟယ်ချန်းသည် လင်းကျင်း မြို့တော်သို့ ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြောပြတော့သည်။ ဝိညာဉ်ကလေးငယ်မိခင်မှာလည်း သူတို့အနားသို့ ရောက်လာပြီး ဘာမှ ဝင်မပြောဘဲ ဘေးကနေ နားထောင်ပေးနေ၏။
“အဲဒီနေ့က အကဲဖြတ်မှူးလင်းနဲ့ တွေ့ပြီးပြီးချင်းပဲ၊ ကျွန်မ ပြန်ရောက်တဲ့အချိန်မှာ ကိုယ့်ခြံဝင်းထဲမှာပဲ ပိတ်လှောင်ခံလိုက်ရတယ်... အပြင်ဘက်မှာလည်း လူတွေ အများကြီး စောင့်ကြည့်နေကြတာဆိုတော့ တစ်ခုခု ဖြစ်နေပြီဆိုတာ ကျွန်မ သိလိုက်တယ်... ဒါပေမဲ့ ကျွန်မက ဧည့်ခန်းမထဲကို ဝင်နိုင်တယ်ဆိုတာ သူတို့ မသိကြဘူး... ခဏနေလို့ ပြတိုက်မှူး ရောက်လာရင်... အကဲဖြတ်မှူးလင်းကို သတိထားဖို့ သတင်းပါးပေးပါလို့ ကျွန်မ ပြောရမယ်... တစ်စုံတစ်ယောက်က သူ့ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတယ်လို့ ကျွန်မ သံသယရှိတယ်”
ဟယ်ချန်းက စိုးရိမ်တကြီး ရှင်းပြလိုက်၏။
ရဲ့ယွီကျိုးသည် ကျောက်စိမ်းနဂါး တော်ဝင်မိသားစု၏ ကျိန်စာအကြောင်းကို အနည်းငယ် ကြားဖူးသော်လည်း၊ လင်းကျင်း၏ တာဝန်မှာ ဤကဲ့သို့သော ကိစ္စမျိုးကို ဖြေရှင်းရန် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒါဟာ သာမန်ကိစ္စ မဟုတ်ကြောင်း ရဲ့ယွီကျိုး သိလိုက်သည်။ ယခင်ကလည်း တော်ဝင်မိသားစုဝင် အမျိုးသမီး အများအပြား ဤကျိန်စာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရဖူးသည်။ အကယ်၍ ဒါဟာ ဖြေရှင်းရ လွယ်ကူသော ပြဿနာဆိုလျှင် ကျောက်စိမ်းနဂါးနိုင်ငံ၏ စွမ်းဆောင်ရည်နှင့်ဆိုပါက အခုလောက်ဆိုလျှင် ပြီးစီးနေလောက်ပြီ မဟုတ်ပါလား။
ဖြစ်နိုင်သည်မှာ သူတို့၏ ရန်သူက အလွန်အမင်း အစွမ်းထက်နေခြင်း သို့မဟုတ် ရှုပ်ထွေးလှသော အပေးအယူများ ရှိနေခြင်းပင် ဖြစ်ရပေမည်။ အနည်းဆုံးတော့ ဒါဟာ သူတို့၏ ဆန္ဒနှင့် ဆန့်ကျင်နေသည့် ကိစ္စမျိုး ဖြစ်နိုင်သဖြင့်၊ မည်သည့် အကြောင်းရင်းကြောင့်ပင်ဖြစ်စေ ဤတော်ဝင်ကျိန်စာမှာ အလွယ်တကူ ဖြေရှင်းနိုင်မည့် အရာ မဟုတ်ပေ။
ဒါကြောင့်များ ပြတိုက်မှူး နောက်ကျနေရတာလား။
ရဲ့ယွီကျိုး ခန့်မှန်းကြည့်လိုက်၏။
အကယ်၍သာ ထိုသို့ဆိုလျှင်တော့ ကိစ္စက ခက်ခဲသွားပေလိမ့်မည်။ အကယ်၍ ပြတိုက်မှူးကသာ သူ့ကို အကူအညီ တောင်းလာခဲ့မည်ဆိုလျှင်၊ ရဲ့ယွီကျိုးအနေဖြင့် ဤကိစ္စတွင် ပါဝင်သင့်သလား။
ရဲ့ယွီကျိုး စဉ်းစားခန်း ဝင်နေမိတော့သည်။
ထိုအခိုက်အတန့်မှာပင် ဒုတိယထပ်ရှိ တံခါးကြီး ပွင့်သွားပါတော့သည်။