အခန်း (၂၄၇-၂၄၈)
Vol. 13 Ch. 247-248
အခန်း (၂၄၇) - ဧကရာဇ်၏ အကြံအစည်
ဟယ်ရွှမ်သည် ခေါင်းညိတ်လိုက်ပြီး ထိုအတိတ်ကို ပြန်လည်အမှတ်ရကာ နာကျင်သော အမူအရာ ပေါ်လာ၏။
“ဒါက ညှဉ်းပန်းနှိပ်စက်ခံရရုံတင် ဘယ်ကမလဲ... ငရဲကျနေသလိုပါပဲ”
နန်းတွင်းအရာရှိ ယောင်ရှန့်ကလည်း ခေါင်းညိတ်လိုက်သော်လည်း ဘာမှတော့ ဝင်မပြောဝံ့ပါပေ။
“ယောင်ရှန့်... ငါ မင်းကို တစ်ခုမေးမယ်... ဟယ်ယုရဲ့ အခြေအနေက သူမရဲ့ တတိယမြောက် အဒေါ်နဲ့ ယှဉ်ရင် ဘယ်လိုရှိလဲ”
ဟဲချန်က မေးလိုက်၏။
ယောင်ရှန့် လန့်သွားရသည်။
ဒါဟာ ဖြေရလွယ်သော မေးခွန်းမဟုတ်ပါ။ အကယ်၍ သူ တစ်ခုခု မှားပြောမိပါက ဧကရာဇ် စိတ်ဆိုးသွားနိုင်ပေသည်။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ယောင်ရှန့်သည် သတ္တိမွေးကာ ပြန်ဖြေလိုက်၏။
“သတ္တမမြောက်မင်းသမီးရဲ့ အခြေအနေက အများကြီး ပိုကောင်းပါတယ်အရှင်... အနည်းဆုံးတော့ သူမက အဒေါ်ဖြစ်သူလောက် ကြည့်ရမဆိုးပါဘူး”
ဟယ်ရွှမ် ခေါင်းညိတ်လိုက်သည်။
“မင်းလည်း အဲဒီလိုပဲ ထင်တာလား”
ယောင်ရှန့် သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ သူ၏ အဖြေမှာ မှန်ကန်သွားခဲ့ချေပြီ။
“ယောင်ရှန့်... ပြောစမ်းပါဦး၊ ငါ လောင်းကြေးတစ်ခုလောက် ထပ်ထည့်သင့်လား”
ဟယ်ရွှမ်က ရုတ်တရက် ထူးဆန်းသော မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။
ဟယ်ရွှမ်၏ အနားတွင် ဆယ်စုနှစ်ပေါင်းများစွာ ခစားလာခဲ့သော လူအိုကြီးတစ်ယောက်အနေဖြင့် ယောင်ရှန့်သည် ဧကရာဇ် ဘာကြောင့် ဤမေးခွန်းကို မေးရသလဲဆိုသည့် အကြောင်းရင်းကို သိနေ၏။ ဒါဟာ သူ ဖြေလို့ရသည့် မေးခွန်းမျိုး မဟုတ်ပါ။ စောစောကကဲ့သို့ ကံစမ်းပြီး ဖြေရန် သူ မဝံ့ရဲတော့ပေ။
ယောင်ရှန့်သည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဝပ်တွားလိုက်တော့သည်။
“ကျွန်တော်မျိုးက အရှင်မင်းကြီးကို ခစားဖို့ပဲ သိပါတယ်... ဒီလောက် အရေးကြီးတဲ့ ကိစ္စတွေကိုတော့ တကယ်ပဲ မသိပါဘူးအရှင်"
ဤစကားကြောင့် ဟယ်ရွှမ် အားရပါးရ ရယ်မောလိုက်၏။
"ထပါ... ငါက ဒီအတိုင်း မေးကြည့်တာပါ”
ယောင်ရှန့်မှာ တုန်တုန်ရင်ရင်ဖြင့် ပြန်ထလိုက်ရသည်။ သူ၏ ခြေထောက်များပင် သိသိသာသာ တုန်နေချေပြီ။
ထို့နောက်တွင်တော့ တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။
ဟယ်ရွှမ်သည် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသဖြင့် သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကိုပင် သောက်ရန် မေ့နေခဲ့သည်။ လက်ဖက်ရည်များမှာ အေးစက်သွားချေပြီ။
“ယောင်ရှန့်”
“ရှိပါတယ်အရှင်"
“အတွင်းအစောင့်တွေကို လွှတ်ပြီး လင်းကျင်း ဘယ်မှာလဲဆိုတာကို စုံစမ်းခိုင်းလိုက်... တွေ့တာနဲ့ သူ့ကို လူမသိအောင် ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့ရမယ်.. မှတ်ထား... ဒီကိစ္စကို ဘယ်သူမှ မသိစေနဲ့”
ဟယ်ရွှမ်က ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။
ယောင်ရှန့်က ဦးညွှတ်ကာ အမိန့်ကို နာခံပြီး စီစဉ်ရန်အတွက် ထွက်ခွာသွားတော့သည်။
ဤနန်းတွင်းအရာရှိမှာ ဟယ်ရွှမ်၏ ယုံကြည်ရဆုံးသော လူယုံတစ်ဦး ဖြစ်သည်မှာ သေချာလှပေသည်။
နောက်ထပ် နှစ်ရက်တိုင်တိုင် မြို့တော်မှာ အေးအေးချမ်းချမ်း ရှိနေခဲ့သည်။ သို့သော် ဒါဟာ အပေါ်ယံမျှသာ ဖြစ်ပြီး အတွင်းထဲတွင်တော့ အားပြိုင်မှုများ ပြင်းထန်နေ၏။
မြို့တော်၏ တစ်နေရာ၊ လူသူကင်းမဲ့သော အိမ်ဟောင်းပျက်ကြီးတစ်ခုအတွင်းတွင် ရှောင်ဟော့သည် ကောက်ရိုးပုံပေါ်၌ အနားယူနေပြီး သူ၏ ဘေးတွင် မျောက်ဖြူကြီး ရှိနေသည်။
ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိသည်နှင့်အညီ လင်းကျင်း၏ ကုသမှုကြောင့် မျောက်ဖြူကြီးမှာ နှစ်ရက်အတွင်းမှာပင် အတော်လေး ပြန်လည် ကျန်းမာလာခဲ့ပြီ ဖြစ်သည်။ သူ၏ အခြေအနေမှာ အရင်ကကဲ့သို့ မဆိုးတော့ပေ။
ယခုအခါ မျောက်ဖြူကြီးမှာ အလွန်ပင် ပျင်းရိနေသဖြင့် ခြံထဲတွင် လမ်းလျှောက်လိုက်၊ ဟိုကြည့်ဒီကြည့် လုပ်လိုက်ဖြင့် အချိန်ဖြုန်းနေ၏။
ဤလူသူမရှိသော ခြံဝင်းကို ရှောင်ဟော့က မနေ့ညကမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း သူတို့ ပုန်းခိုရာနေရာကို သုံးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ရ၏။ ကံကောင်းသည်မှာ ရှောင်ဟော့နှင့် မျောက်ဖြူကြီး နှစ်ဦးစလုံးမှာ အသွင်ပြောင်းလဲခြင်းအတတ်ကို တတ်မြောက်ထားသဖြင့် သူတို့၏ အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်ကြသည်။ ထို့ကြောင့်ပင် သူတို့ ရှာဖွေခံရခြင်းမှ လွတ်မြောက်နေခြင်း ဖြစ်၏။
နှစ်ရက်ဆက်တိုက် လင်းကျင်း ပေါ်မလာခဲ့ပါ။
ဒါဟာ တစ်ခါမျှ မဖြစ်ဖူးသော ကိစ္စပင်။ လင်းကျင်းသည် မည်သည့် သတင်းအစအနမျှ မပေးဘဲ၊ သူ၏ သားရဲများနှင့် ဤမျှအထိ အချိန်ကြာမြင့်စွာ ခွဲခွာနေလေ့ မရှိပါပေ။
သို့သော်လည်း ရှောင်ဟော့ကတော့ စိုးရိမ်ပူပန်ခြင်း မရှိပါ။ သွေးကတိကဝတ်မှတစ်ဆင့် သူ၏ သခင်မှာ ဘေးကင်းကြောင်း သူ အာရုံခံနိုင်သောကြောင့်ပင်။
မျောက်ဖြူကြီးက အိမ်၏ နောက်ဘက်သို့ လှည့်ပတ်ကြည့်ရှုနေစဉ် မြေပြင်ပေါ်၌ ကြီးမားသော ဇီးသီးတစ်လုံးကို ရုတ်တရက် သတိပြုမိလိုက်၏။
ထိုဇီးသီးမှာ အလွန်ကြီးမားပြီး ချယ်ရီရောင်ကဲ့သို့ နီရဲနေကာ ဆွဲဆောင်မှု ရှိလှပေသည်။ မျောက်ဖြူကြီးက အနားသို့ သွားကာ စစ်ဆေးကြည့်လိုက်၏။ ဘာမှ မထူးခြားကြောင်း သိလိုက်ရသောအခါ သူသည် ၎င်းကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ရှောင်ဟော့ကို သတိရသွားသဖြင့် သူ တွန့်ဆုတ်သွား၏။
သူ တစ်ယောက်တည်း အကုန်စားရမလား၊ ဒါမှမဟုတ် ရှောင်ဟော့ကို တစ်ဝက်ပေးရမလား။
ဒါဟာ မျောက်ဖြူကြီးအတွက်တော့ အတော်လေး စဉ်းစားရခက်သော ကိစ္စကြီးတစ်ခု ဖြစ်နေပုံရသည်။
ရုတ်တရက် ‘ဗုန်း’ ခနဲ အသံနှင့်အတူ နောက်ထပ် ဇီးသီးတစ်လုံး လိမ့်ဝင်လာပြန်သည်။ မျောက်ဖြူကြီးသည် ထိုဇီးသီးကို အပြင်ဘက်မှ တစ်စုံတစ်ယောက်က ခြံထဲသို့ လှမ်းပစ်လိုက်သည်ကို မြင်လိုက်ရ၏။
သူသည် ထက်မြက်သူဖြစ်ရာ တစ်စုံတစ်ယောက်က သူ့ကို မျှားခေါ်နေခြင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်သဖြင့် သတိဝိရိယ ထားလိုက်တော့သည်။
အပြင်ဘက်မှ လူသည် မျောက်ဖြူကြီးကို လှည့်စား၍ မရနိုင်တော့ကြောင်း သိသွားသောအခါ ခေါင်းပြူထွက်လာပြီး လက်လှမ်းပြလိုက်၏။
“အစ်ကိုကြီးမျောက်... ဒီဘက်ကို လာပါဦး”
ရှေ့ခြံထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှောင်ဟော့ နိုးသွားမည်ကို စိုးရိမ်သဖြင့် ထိုသူ၏ အသံမှာ အလွန်ပင် တိုးညှင်းလှပေသည်။
မျောက်ဖြူကြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ခြံပြင်ပက မျောက်မျက်နှာနှင့် လူကို သူ ခပ်ရေးရေး မှတ်မိနေသလို ရှိ၏။
“ရှူး"
ထိုသူက နှုတ်ခမ်းပေါ် လက်တင်ကာ အသံမထွက်ရန် အချက်ပြလိုက်ပြီးနောက်၊ လျင်မြန်သော အမူအရာဖြင့် တံတိုင်းကို ကျော်တက်လာခဲ့သည်။ မျောက်ဖြူကြီးသည် ထိုလူ၏ နောက်ကျောတွင် အမြီးတစ်ခု ပါနေသည်ကို ချက်ချင်း သတိပြုမိလိုက်၏။
မျောက်ဖြူကြီး၏ မျက်လုံးများ တောက်ပသွားသည်။
“အစ်ကိုကြီးမျောက်... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
မျောက်မိစ္ဆာက ရှောင်ဟော့ နိုးသွားမည်ကို ကြောက်သဖြင့် တိုးတိုးလေး တိုက်တွန်းကာ အပြင်ဘက်သို့ ပြန်ခုန်ချသွားတော့သည်။
မျောက်ဖြူကြီး တွန့်ဆုတ်နေမိသည်။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သူ ခံစားလိုက်ရခြင်း သို့မဟုတ် တစ်မျိုးတည်းသော မျောက်မျိုးနွယ် ဖြစ်နေခြင်းကြောင့် သိချင်စိတ်ဖြင့် မျောက်ဖြူကြီးသည်လည်း တံတိုင်းကို ကျော်ကာ မျောက်မိစ္ဆာနောက်သို့ လိုက်သွားခဲ့တော့သည်။
“ဟုတ်တယ်... ဒါပဲပေါ့... အစ်ကိုကြီးမျောက်ကို ကျွန်တော် လိုက်ရှာနေတာ ရက်အတော်ကြာပြီ.. ကျွန်တော်က ကျွန်တော့်သခင်နဲ့ ဒီနားမှာပဲ နားနေတာ... အစ်ကိုကြီးရဲ့ အရှိန်အဝါကို ခံစားမိတာနဲ့ လာကြည့်တာ... တကယ်ပဲ ဒီမှာ ရှိနေတာကိုး”
မျောက်မိစ္ဆာက အားတက်သရော ရှင်းပြလိုက်၏။
မျောက်ဖြူကြီးသည် လောလောဆယ် စကားမပြောနိုင်သေးသော်လည်း လူစကားကို နားလည်သဖြင့် သူ၏ လည်ပင်းကို ညွှန်ပြကာ လက်ခါပြလိုက်သည်။
မျောက်မိစ္ဆာက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။
“ကျွန်တော် သိပါတယ်... အစ်ကိုကြီးမျောက်က လူစကား မသင်ရသေးလို့ မပြောနိုင်သေးတာ မဟုတ်လား... စိတ်မပူပါနဲ့... ကျွန်တော့်နောက်ကို လိုက်ခဲ့ပြီး ကျွန်တော့်သခင်နဲ့ တွေ့လိုက်ပါ... ကျွန်တော်တို့နောက်ကိုသာ လိုက်ခဲ့မယ်ဆိုရင် တစ်နှစ်အတွင်းမှာ အစ်ကိုကြီး စကားပြောနိုင်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်”
မျောက်ဖြူကြီး ရုတ်တရက် ရပ်လိုက်၏။
သူသည် သူ ထွက်လာခဲ့သည့် ခြံဝင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်ကာ တွန့်ဆုတ်နေပုံရသည်။
ကောက်ကျစ်စဉ်းလဲမှုအပိုင်းတွင်တော့ မျောက်မိစ္ဆာက ပို၍ သာလွန်လှပေသည်။ သူက ဆို၏။
“အစ်ကိုကြီးမျောက်... ခင်ဗျားက မျောက်ဝံ.. ကျွန်တော်က မျောက်... ကျွန်တော်တို့က မိသားစုဝင်တွေပဲလေ၊ စိတ်မပူပါနဲ့... ကျွန်တော် ခင်ဗျားကို အန္တရာယ် မပြုပါဘူး... ကျွန်တော့်သခင်နဲ့ ကျွန်တော်က ခင်ဗျားကို ကူညီတောင် ပေးနိုင်သေးတယ်”
ဤစကားကြောင့် မျောက်ဖြူကြီး စိတ်လှုပ်ရှားသွားရသည်။
ယခုအခါ လင်းကျင်းလည်း မရှိသဖြင့် သူနှင့် ရှောင်ဟော့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ လင်းကျင်းက မြို့တော်ထဲတွင် ပုန်းနေပြီး သူ ပြန်လာသည်အထိ စောင့်ရန် မှာကြားခဲ့သော်လည်း၊ ယခုဆိုလျှင် နှစ်ရက်ရှိပြီ ဖြစ်သဖြင့် မျောက်ဖြူကြီး စိတ်ပူနေမိသည်။ ဤမျောက်မိစ္ဆာမှာ အစွမ်းအစ အနည်းငယ်ရှိပုံရပြီး သခင်တစ်ယောက်လည်း ရှိနေသေးသည်။ ထို့ပြင် သူက အန္တရာယ်ပြုမည့်ပုံလည်း မပေါ်သဖြင့်၊ မျောက်ဖြူကြီးက သူတို့ကို မဟာမိတ်အဖြစ် သိမ်းသွင်းနိုင်မလားဟု တွေးလိုက်မိ၏။
ဤအတွေးဖြင့် မျောက်ဖြူကြီး ခေါင်းညိတ်လိုက်တော့သည်။
မျောက်မိစ္ဆာမှာ အလွန်ပင် ဝမ်းသာသွား၏။ သူတို့သည် လမ်းတစ်လျှောက် ပျော်ပျော်ရွှင်ရွှင်နှင့် ဆက်သွားခဲ့ကြသော်လည်း အများအားဖြင့်တော့ မျောက်မိစ္ဆာကသာ စကားပြောနေခြင်း ဖြစ်သည်။ ကံကောင်းသည်မှာ သူတို့ နားခိုရာနေရာမှာ မဝေးလှသဖြင့်၊ တစ်ပတ်ခန့် ပတ်လျှောက်ပြီးနောက် နောက်ထပ် လူသူမရှိသော အိမ်ဟောင်းပျက်တစ်ခုသို့ ရောက်ရှိသွားကြတော့သည်။
ဤနေရာမှာ ပို၍ပင် ပျက်စီးယိုယွင်းနေပုံရ၏။ ခြံထဲတွင် သစ်ပင်တစ်ပင် ရှိနေပြီး ထိုသစ်ပင်အောက်တွင် ဝတ်စုံညစ်ညစ်နှင့် တာအိုဆရာကြီးတစ်ဦး ထိုင်နေသည်။
ထိုတာအိုဆရာကြီး၏ ရှေ့တွင်တော့ ကြက်ကင်နှင့် နှစ်ချို့ဝိုင်များ ရှိနေ၏။ ထိုလူသည် အပူအပင် ကင်းမဲ့နေသည့် ပုံစံဖြင့် ဝိုင်တစ်ခွက်ကို အရသာခံ သောက်သုံးနေသည်။
“ဆရာကြီး"
မျောက်မိစ္ဆာသည် အထဲသို့ ခုန်ဝင်သွား၏။ သူသည် လမ်းလျှောက်ရာတွင် မတ်မတ် မလျှောက်တော့ဘဲ၊ သူ၏ ကျောကို ကွေးညွတ်လိုက်ကာ ဟိုကုတ်ဒီကုတ် လုပ်နေတော့သည်။ ကြည့်ရသည်မှာ သူသည် လူအသွင်ဖြင့် နေရသည်ကို အတော်လေး အောင့်ထားရပုံရ၏။
“မင်း ဒီမျောက်စုတ်လေး... နောက်တစ်ခါ ဒုက္ခရှာဖို့ အပြင်ထွက်ပြန်ပြီ မဟုတ်လား... ကျောက်စိမ်းနဂါးနိုင်ငံမှာ ပညာရှင်တွေ အများကြီး ပုန်းအောင်းနေကြတာမို့လို့ အထူး သတိထားပါလို့ ငါ ဘယ်နှခေါက် ပြောရမလဲ”
တာအိုဆရာကြီးက ဆူပူလိုက်ရင်း သူ၏ ကြက်ကင်နှင့် ဝိုင်အိုးကို ကျောနောက်သို့ အမြန် ဝှက်လိုက်၏။ သူ၏ လှုပ်ရှားမှုမှာ မယုံနိုင်လောက်အောင်ပင် မြန်ဆန်လှပေသည်။
သို့သော်လည်း မျောက်မိစ္ဆာမှာ အနံ့ခံ အလွန်ကောင်းလှသဖြင့် တံတွေးများပင် ကျနေချေပြီ။
“ဆရာကြီး... စားစရာ ရှိနေတာလား... ကျွန်တော် အနံ့ရတယ်နော်... ‘ထျန်’ ဆိုင်က ကြက်ကင်နဲ့ ‘ဖုယွီ’ စားသောက်ဆိုင်က နှစ်ချို့ဝိုင် မဟုတ်လား”
မျောက်မိစ္ဆာက လျှာလေး သပ်ရင်း ပြောလိုက်၏။
“သွားစမ်း... သွားစမ်း... ပြီးခဲ့တဲ့တစ်ခေါက်က ငါ ဝယ်လာတာတွေ အကုန်လုံး မင်း ဗိုက်ထဲ ရောက်သွားတာလေ... ငါ ဂရုမစိုက်ဘူး... ဒီနေ့တော့ ငါ အဝစားပြီးမှ မင်းကို ကျွေးမယ်”
တာအိုဆရာကြီးက ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။
ထို့နောက်တွင်တော့ မျောက်မိစ္ဆာနောက်မှ လိုက်ဝင်လာသော မျောက်ဖြူကြီးကို မြင်လိုက်ရသောအခါ သူ မှင်တက်သွားရတော့၏။
တစ်ချက် ကြည့်လိုက်ရုံဖြင့် တာအိုဆရာကြီး၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပါတော့သည်။
အခန်း (၂၄၈) - တာအိုဆရာကြီး
တံတိုင်းကို ကျော်ဖြတ်ပြီးနောက် မျောက်ဖြူကြီးသည်လည်း တာအိုဆရာကြီးကို သတိပြုမိသွားပြီး သေသေချာချာ အကဲခတ်နေမိ၏။ တစ်ချိန်တည်းမှာပင် တာအိုဆရာကြီးကလည်း သူ့ကို အံ့အားသင့်ဖွယ်ရာ အမူအရာဖြင့် ပြန်လည်စစ်ဆေးနေသည်။
“ဆရာကြီး... ဒါ ကျွန်တော်ပြောခဲ့တဲ့ အစ်ကိုကြီးမျောက်ပဲ... သူက ကျွန်တော့်လိုမျိုးပဲ၊ ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက ကျွန်တော့်ထက် အများကြီး သာလွန်တယ်... ဒါပေမဲ့ သူက ‘အသံအိုးပြုပြင်ခြင်းအတတ်’ကိုလည်း မတတ်သေးဘူး၊ လူစကားလည်း မပြောတတ်သေးဘူး... သူ့ကို သင်ပေးမယ့်သူ မရှိလို့ ဖြစ်ရမယ်... ဒီလောက် အရည်အချင်းရှိတဲ့သူကို ဒီအတိုင်း ပစ်ထားရတာ တကယ့်ကို နှမြောစရာပဲ”
မျောက်မိစ္ဆာက သူ တစ်ခုခု အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့သလို ရယ်ကျဲကျဲဖြင့် ဆိုလိုက်၏။
မျောက်ဖြူကြီးသည် အထဲသို့ ခုန့်ဝင်ခဲ့သော်လည်း အနားသို့ တိုးမသွားပါ။ တစ်ခုခုဖြစ်လျှင် ချက်ချင်း ပြန်ခုန်ထွက်နိုင်ရန် တံတိုင်းအနားတွင်သာ ရပ်နေ၏။
သူသည် စကားမပြောနိုင်သည်မှလွဲ၍ သူ၏ ဉာဏ်ရည်မှာ လျှော့တွက်၍ မရပါပေ။
တာအိုဆရာကြီးကလည်း ထိုအချက်ကို ရိပ်မိပုံရသည်။
မျောက်မိစ္ဆာက တစာစာ ပြောနေဆဲဖြစ်သဖြင့် တာအိုဆရာကြီးက စိတ်အနှောင့်အယှက်ဖြစ်ကာ ချက်ချင်းပင်ငေါက်လိုက်တော့သည်။
“မင်း ဒီမျောက်စုတ်လေး... ဆူညံမနေနဲ့တော့... တိတ်တိတ်နေစမ်း”
မျောက်မိစ္ဆာမှာ ချက်ချင်းပင် ငြိမ်ကျသွား၏။
တာအိုဆရာကြီးက မျောက်ဖြူကြီးကို တစ်ဖန် ပြန်လည် စေ့စေ့ကြည့်လိုက်သည်။ သူ အံ့သြသွားပြီးမှ ပြောလိုက်၏။
“မိစ္ဆာအရှိန်အဝါကို ထိန်းချုပ်ထားနိုင်ပြီး အနှစ်သာရကလည်း အလွန်စင်ကြယ်တာပဲ... မျက်လုံးတွေကလည်း ဇွဲလုံ့လနဲ့ ပြည့်နှက်နေတယ်... အံ့ဩစရာပဲ... ဒါ တကယ်ကို ထူးခြားတယ်... မင်းရဲ့သခင်က ဘယ်သူလဲဆိုတာ ငါ သိပါရစေလား”
ပြောရင်းဆိုရင်းနှင့် တာအိုဆရာကြီးက တစ်စုံတစ်ယောက်ကို သတိထားနေရသကဲ့သို့ ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ဝေ့ဝဲကြည့်လိုက်၏။
တာအိုဆရာကြီးက ဤမျှအထိ ယဉ်ကျေးပျူငှာနေသည်ကို မြင်သောအခါ မျောက်ဖြူကြီးက ရှေ့သို့တိုးကာ လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ သူသည် အဝတ်အစား မဝတ်ထားဘဲ အဖြူရောင် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသော်လည်း၊ သူ၏ အမူအရာမှာ လူတစ်ယောက်နှင့် အလွန်ပင် တူလှပေသည်။
ဤအချက်ကြောင့် ဤမျောက်မိစ္ဆာမှာ တစ်စုံတစ်ယောက်၏ သွန်သင်မှုကို ခံယူထားသူဖြစ်ကြောင်း တာအိုဆရာကြီး ပို၍ ယုံကြည်သွားတော့သည်။
ထို့ပြင် တစ်ဖက်လူ၏ ကျင့်ကြံမှုမှာလည်း သူနှင့် အဆင့်တူလောက် ရှိနိုင်ပေသည်။
တာအိုဆရာကြီးက မျောက်မိစ္ဆာဘက်သို့ ချက်ချင်းလှည့်ကာ တင်းမာသော မျက်နှာဖြင့် ဆိုလိုက်၏။
“မင်း ဒီမျောက်စုတ်လေး... တခြားသူရဲ့ တပည့်ကို ဘယ်လိုများ ခိုးလာရတာလဲ... နေဦး... နောက်မှ မင်းကို ငါ ဘယ်လို အပြစ်ပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်”
မျောက်မိစ္ဆာက ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်၏ဖယ
“ဆရာကြီး... ကျွန်တော် ဘာမှ မှားမလုပ်ပါဘူး... အစ်ကိုကြီးမျောက်က စကားတောင် မပြောတတ်သေးဘူး၊ သူက အရည်အချင်းပဲ ရှိတာပါ... ပြီးတော့ သူ့အနားမှာ လူငယ်လေးတစ်ယောက်ပဲ ရှိတာ... ကျွန်တော် ဘယ်ပညာရှင်ကိုမှ မမြင်မိလို့ နှမြောတာနဲ့...”
တာအိုဆရာကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ဟောက်လိုက်၏။
“မင်းက ဆင်ခြေပေးရဲသေးတယ်ပေါ့လေ"
တာအိုဆရာကြီး တကယ် စိတ်ဆိုးနေပြီဟု သိလိုက်သဖြင့် မျောက်မိစ္ဆာမှာ ဘာမှ ထပ်မပြောဝံ့တော့ပေ။ တာအိုဆရာကြီးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ရုတ်တရက် အသံမြှင့်၍ ပြောလိုက်သည်။
“ထျန့်ဟဲတောင်ရဲ့ တိမ်စိုင်ဂိုဏ်းက ဝူချန်းက နှုတ်ဆက်လိုက်ပါတယ်... မိတ်ဆွေ... ကျုပ် တွေ့ဆုံခွင့် ရမယ်လို့ မျှော်လင့်ပါတယ်"
သူ၏ အသံမှာ ကျယ်လောင်လှသည် မဟုတ်သော်လည်း ဝေးကွာသော နေရာအထိ ပဲ့တင်ထပ်သွား၏။ ထိုလူမှာ အစွမ်းအစ အတော်ရှိကြောင်း ထင်ရှားလှပေသည်။
သို့သော် ဤလုပ်ရပ်က မျောက်မိစ္ဆာနှင့် မျောက်ဖြူကြီးကိုတော့ ဇဝေဇဝါ ဖြစ်သွားစေသည်။
မိစ္ဆာနှစ်ကောင်စလုံးမှာ ကြောင်အမ်းအမ်းဖြင့် တာအိုဆရာကြီးကို ကြည့်နေမိကြ၏။ မျောက်ဖြူကြီးက စကားမပြောနိုင်သလို၊ မျောက်မိစ္ဆာကလည်း ဘာပြောရမှန်း မသိပေ။ သို့သော် လူနှင့်တူသော ဉာဏ်ရည်ရှိကြသည်ဖြစ်ရာ တာအိုဆရာကြီးသည် သူတို့နောက်မှ တစ်စုံတစ်ယောက် လိုက်လာသည်ဟု ထင်နေခြင်း ဖြစ်ကြောင်း သူတို့ ရိပ်မိလိုက်ကြသည်။
သို့သော်လည်း မည်သူမျှ လိုက်မလာခဲ့ပါ။
ခေတ္တမျှ ကြာသည်အထိ ဘာတုံ့ပြန်မှုမှ မရှိပေ။
တာအိုဆရာကြီး အံ့သြသွားပြီး နောက်တစ်ကြိမ် ထပ်ပြောသော်လည်း တုံ့ပြန်မှုကတော့ ဆိတ်သုဉ်းနေဆဲ။ မျောက်မိစ္ဆာက ဆက်မကြည့်နိုင်တော့ဘဲ မေးလိုက်တော့သည်။
“ဆရာကြီး... ဘယ်သူမှ လိုက်မလာပါဘူး... ကျွန်တော်နဲ့ အစ်ကိုကြီးမျောက်ပဲ ရှိတာပါ... ဆရာကြီး ဘယ်သူ့ကို ပြောနေတာလဲ”
“ထူးဆန်းတာပဲ"
တာအိုဆရာကြီးက မျောက်မိစ္ဆာကို ဂရုမစိုက်ဘဲ လက်ချောင်းများဖြင့် တွက်ချက်ကြည့်နေကာ မျက်နှာမှာ ပို၍ တည်ကြည်လာ၏။
“ထားလိုက်ပါတော့... မေ့လိုက်တော့”
သူ နားမလည်နိုင်သဖြင့် ဆက်၍ စုံစမ်းရန် မကြိုးစားတော့ပေ။ တာအိုဆရာကြီးက မျောက်ဖြူကြီးကို လက်ယှက်နှုတ်ဆက်ကာ ဆိုလိုက်၏။
“မင်းရဲ့သခင်က ဒီမှာမရှိဘူးဆိုတော့... မင်း စိတ်ကြိုက် ဆက်သွားနိုင်ပါတယ်”
တာအိုဆရာကြီးသည် တစ်ဖက်လူကို မနှောင့်ယှက်ချင်တော့သည်မှာ ထင်ရှားလှသည်။ ထိုသို့ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများကတော့ မျောက်ဖြူကြီး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေဆဲပင်။
မျောက်ဖြူကြီးသည် တာအိုဆရာကြီး၏ ရည်ရွယ်ချက်ကို သိသော်လည်း၊ စကားမပြောနိုင်သဖြင့် စိတ်ပူနေမိသည်။ ဤတာအိုဆရာကြီးမှာ အစွမ်းအစ ရှိသူဖြစ်ကြောင်း သူ သိမြင်လိုက်၏။ ဆရာကြီးလင်းမှာလည်း ပျောက်ကွယ်နေပြီး၊ ထိုနေ့က သူတို့ကို တိုက်ခိုက်ခဲ့သော နဂါးအိုကြီးမှာလည်း အလွန်အမင်း အစွမ်းထက်လှသည်။ အကယ်၍ ဤလူကြီးသာ သူတို့ကို ကူညီပေးမည်ဆိုပါက အများကြီး အထောက်အကူ ဖြစ်လိမ့်မည်ဟု မျောက်ဖြူကြီးက တွေးတောလိုက်မိ၏။
ထို့ကြောင့် သူသည် ရှေ့သို့ တလှမ်းတိုးလိုက်ကာ စကားပြောရန် ကြိုးစားသည့်အနေဖြင့် အသံအချို့ ပြုလုပ်လိုက်သည်။
တာအိုဆရာကြီးက သူ တစ်ခုခု ပြောချင်နေကြောင်း သိလိုက်၏။ သူသည် မျောက်ဖြူကြီးကို စိတ်ဝင်စားနေပြီးသားဖြစ်ရာ၊ မျောက်ဖြူကြီးကိုယ်တိုင်က အနားသို့ တိုးလာသောအခါ သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ထို့ပြင် ဤမိစ္ဆာ၏ သခင်လည်း မရှိသဖြင့် မျောက်ဖြူကြီးကို လေ့လာရန် ဒါဟာ အခွင့်ကောင်းပင် ဖြစ်သည်။
တာအိုဆရာကြီးက ဆိုလိုက်၏။
“အရင်ဆုံး စိတ်အေးအေးထားပါဦး"
ပြောရင်းဆိုရင်းနှင့် သူသည် မျောက်၏ ခန္ဓာကိုယ်ကို အထက်အောက် စစ်ဆေးလိုက်ပြီး၊ သန်မာလှသော လက်မောင်းများကိုပါ လှမ်း၍ စမ်းသပ်ကြည့်လိုက်သည်။ တာအိုဆရာကြီး ချက်ချင်းပင် မှင်တက်သွားရ၏။
‘ဒါ... ဒါက အသွင်ပြောင်းလဲခြင်းအတတ်ပဲ... အံ့ဩစရာပဲ.. ဒီမိစ္ဆာက အရွယ်ရောက်နေပြီဆိုပေမဲ့ သူရဲ့ မိစ္ဆာအရှိန်အဝါက လုံလောက်အောင် မစင်ကြယ်သေးဘူး.. သူ မိစ္ဆာအဖြစ် ပြောင်းလဲခဲ့တာ မကြာသေးဘူး ထင်တယ်၊ တစ်လတောင် ရှိဦးမှာ မဟုတ်ဘူး... ဘယ်လိုလူမျိုးကများ လအနည်းငယ်အတွင်းမှာ တောရိုင်းမျောက်တစ်ကောင်ကို ဒီအဆင့်အထိ ရောက်အောင် လေ့ကျင့်ပေးနိုင်တာလဲ... တကယ့်ကို မယုံနိုင်စရာပဲ’
တာအိုဆရာကြီးသည် အားကျစိတ် ဖြစ်ပေါ်မိသလို တစ်ပြိုင်နက်တည်းမှာပင် ထိတ်လန့်သွားရသည်။
သူကိုယ်တိုင်လည်း အစွမ်းအစ ရှိသူဖြစ်ရာ မျောက်ဖြူကြီးမှာ အသွင်ပြောင်းလဲထားသော အခြေအနေကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိမြင်လိုက်၏။ ဤမိစ္ဆာ၏ အစစ်အမှန် အရွယ်အစားမှာ ယခု မြင်နေရသည်ထက် အများကြီး ပိုကြီးမားပေလိမ့်မည်။
ထို့ပြင် မျောက်ဖြူကြီးမှာ အခြားသော ထိပ်တန်း ကျင့်စဉ်တစ်ခုကိုလည်း ကျင့်ကြံနေကြောင်း သူ သိလိုက်ရ၏။
ဤခေတ်ကာလတွင် ကျင့်စဉ်များကို ရှာဖွေရန် ခက်ခဲလှပေသည်။ အမှန်တကယ် ကျင့်ကြံနိုင်သော ကျင့်စဉ်မျိုးဆိုလျှင် ပို၍ပင် ရှားပါးလှ၏။ ဥပမာအားဖြင့် သူ၏ တပည့်ဖြစ်သော ဤမျောက်မိစ္ဆာမှာ အဆင့် (၂) သာ ရှိသေးသော်လည်း၊ သူ၏ လက်အောက်တွင် ဆယ်စုနှစ်တစ်ခုကျော် ကျင့်ကြံပြီးမှသာ အခြေခံ မိစ္ဆာအတတ်များကို တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ‘အသံအိုးပြုပြင်ခြင်းအတတ်’ မှာ တာအိုဆရာကြီး၏ အထူးပြုပညာရပ် ဖြစ်သောကြောင့် ဤမျောက်မိစ္ဆာမှာ ယခုကဲ့သို့ စကားပြောနိုင်ခြင်းပင် ဖြစ်သည်။
အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍မူ မျောက်မိစ္ဆာမှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ဤမျှသာ တတ်မြောက်သေး၏။ သူ၏ အမြီးကို ဘယ်လိုမှ ဖျောက်၍ မရသဖြင့် ဝတ်စုံအောက်တွင် ဝှက်ထားရုံသာ တတ်နိုင်ရှာသည်။ သို့သော်လည်း အမြဲတမ်း လူသိသွားမည်ကို ကြောက်လန့်နေရ၏။
တာအိုဆရာကြီး ဆက်လက်လေ့လာလေ ပို၍ အံ့သြလေ ဖြစ်နေတော့သည်။
ဤမျောက်ဖြူကြီး၏ စစ်မှန်သော ပုံစံမှာ ယခု မြင်တွေ့နေရသည်ထက် အများကြီး သာလွန်ပေလိမ့်မည်။ တာအိုဆရာကြီးပင်လျှင် ဤမိစ္ဆာကဲ့သို့ အချိန်အကြာကြီး အသွင်ပြောင်းထားနိုင်ရန် မလွယ်ကူပါပေ။ ထို့ပြင် ဤကဲ့သို့သော မျောက်ဖြူမျိုးကို ‘မြက်ခင်းပြင်တိုက်ကြီး’တွင်သာ တွေ့နိုင်ပြီး၊ သူတို့၏ ကြီးမားလှသော အရွယ်အစားနှင့် ယဉ်ပါးအောင် လုပ်ရန် ခက်ခဲခြင်းတို့ကြောင့် လူသိများလှသည်။
ပို၍ အရေးကြီးသည်မှာ ထိုမျောက်ဖြူကြီးများမှာ ကြီးမားသန်မာကြသော်လည်း ဝိညာဉ်ဉာဏ်ရည်မှာ အလွန်ပင် နည်းပါးလှ၏။ ထို့ကြောင့် ၎င်းတို့ကို မိစ္ဆာများဖြစ်အောင် လေ့ကျင့်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
သို့သော်လည်း ဤမျောက်ဖြူကြီးမှာ ထင်ရှားသော မိစ္ဆာတစ်ကောင် ဖြစ်နေရုံတင်မကဘဲ၊ သူ၏ ဝိညာဉ်ဉာဏ်ရည်မှာလည်း လုံးဝ နည်းပါးပုံမရပေ။
တာအိုဆရာကြီး စိတ်လှုပ်ရှားသွားရ၏။
သူ့အတွက်တော့ သွေးကတိကဝတ် ကျင့်စဉ်ဆိုသည်မှာ ဘာမှ မဟုတ်ပါ။ ၎င်းမှာ သားရဲများထံမှ စွမ်းအားကို ငှားရမ်း၍ မိမိ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်ကို မြှင့်တင်ရုံမျှသာ ဖြစ်သည်။ တာအိုဆရာကြီးက ထိုအရာကို အရေးကြီးသည်ဟု မယူဆပါပေ။ သူ လာခဲ့သော ထျန့်ဟဲတောင်ရှိ ‘တိမ်စိုင်ဂိုဏ်း’ တွင် မိစ္ဆာများအတွက် ကျင့်စဉ်များနှင့် အတွင်းပိုင်း သန့်စင်ခြင်း အတတ်များကို သင်ကြားပေးခဲ့သည်။ သို့သော် ယခုအခါ တိမ်စိုင်ဂိုဏ်းတွင် သူကဲ့သို့သော လူမျိုး နှစ်ယောက် သုံးယောက်ခန့်သာ ကျန်ရှိတော့၏။ သူကဲ့သို့သော ကျင့်ကြံသူများမှာ ယခုအခါ အမည်ခံမျှသာ ကျန်ရှိတော့သည်။
တာအိုဆရာကြီးမှာ လက်လျှော့ရန် ဝန်လေးနေမိ၏။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီး၊ ပညာရှင်များကို ရှာဖွေရန်အတွက် မြေပြင်အနှံ့ ခရီးဆန့်ခဲ့သည်။ သို့သော်လည်း စစ်မှန်သော မသေမျိုး ကျင့်ကြံသူများကို ရှာတွေ့ရန်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလှ၏။
ယခု ဤမျောက်ဖြူကြီးကို မြင်လိုက်ရသောအခါ၊ တာအိုဆရာကြီးသည် ဤမိစ္ဆာ ကျင့်ကြံထားသော ကျင့်စဉ်မှာ စစ်မှန်သော ကျင့်စဉ်ဖြစ်ကြောင်း သိမြင်လိုက်၏။ ဤမိစ္ဆာ၏ သခင်မှာ ထူးကဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။ သို့ဖြစ်ပါက ဤအခွင့်အရေးကို အသုံးချကာ သူနှင့် ရင်းနှီးအောင် လုပ်သင့်သည် မဟုတ်ပါလား။
တာအိုဆရာကြီး ဒါဟာ အခွင့်အလမ်းတစ်ခုဟု ခံစားလိုက်ရသည်။
သူတို့၏ တိမ်စိုင်ဂိုဏ်းမှာ နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်း ရှိခဲ့ပြီ ဖြစ်သည်။ ပျက်သုဉ်းလုနီးပါး ဖြစ်နေသော်လည်း သူတို့တွင် ပေးစရာ တစ်ခုခုတော့ ရှိနေဆဲပင်။ ၎င်းတို့ထဲတွင် တာအိုအမိန့်တော်ပြန်တမ်းများလည်း ပါဝင်ပေသည်။
ထိုအမိန့်တော်များကို အဝါရောင် အဆောင်စာရွက်များပေါ်တွင် ရေးထိုးလိုက်သောအခါ ၎င်းတို့မှာ ရတနာများ ဖြစ်လာကြ၏။
အချိန်ကာလများ ကုန်လွန်သွားခဲ့ပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသောအခါ ထိုအဆောင်လက်ဖွဲ့ အများစုမှာ အသုံးပြုပြီးသား ဖြစ်သွားခဲ့ချေပြီ။ သို့သော်လည်း အချို့မှာ ကျန်ရှိနေသေးပြီး၊ ၎င်းတို့ထဲတွင် တာအိုမန္တန်များကို အသုံးပြုကာ မိစ္ဆာတစ်ကောင်ကို ‘အသံအိုးပြုပြင်ခြင်းအတတ်’ သင်ကြားပေးနိုင်သည့် အမျိုးအစားလည်း ပါဝင်သည်။ ၎င်းသည် ထိုမိစ္ဆာကို စကားပြောတတ်အောင် လုပ်ဆောင်ပေးနိုင်ပေသည်။
ရှေးဟောင်း ဒဏ္ဍာရီများအရ ထိုကဲ့သို့သော အဆောင်များမှာ အဖိုးတန်သည်ဟု မယူဆကြသော်လည်း၊ ယခုအခါတွင်မူ တာအိုဆရာကြီး၏ လက်ထဲတွင် နှစ်ခုသာ ကျန်ရှိတော့သည်။
မျောက်ဖြူကြီးကို ကြည့်ရင်း တာအိုဆရာကြီး စဉ်းစားခန်း ဝင်နေမိ၏။ အကယ်၍ သူသာ ဤမျောက်ဖြူကြီးကို ကူညီပေးမည်ဆိုပါက၊ ၎င်းမှာ ဤမိစ္ဆာ၏ သခင်အပေါ်တွင် ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ထားခဲ့နိုင်မည်မှာ သေချာလှပေသည်။ အကယ်၍ နောင်တွင် သူ လမ်းညွှန်မှု လိုအပ်လာပါက၊ ထိုပုဂ္ဂိုလ်က သူ၏ တောင်းဆိုမှုကို လက်ခံပေးနိုင်ပေလိမ့်မည်။
ဤအတွေးဖြင့် သူ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။