← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 13 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 13 Ch. 249-250

​အခန်း (၂၄၉) - ရှစ်ဘဝစာ ကံဆိုးမိုးမှောင်ကျခြင်း

​တာအိုဆရာကြီးမှာ လူအတစ်ယောက် မဟုတ်ပါ။ မြေပြင်အနှံ့ ခရီးဆန့်ခဲ့ပြီး စွန့်စားခန်းပေါင်းများစွာကို ဖြတ်သန်းခဲ့သူဖြစ်ရာ၊ သူသည် လောကဒဏ်ကို အေးအေးလူလူ ရင်ဆိုင်တတ်သူတစ်ဦး ဖြစ်လာခဲ့သည်။ အကယ်၍ အဆုံးသတ်တွင် သူ ဘာအကျိုးအမြတ်မှ မရရှိလျှင်ပင်၊ ဤမျောက်ဖြူကြီးနှင့် ဆုံတွေ့ရခြင်းမှာ ကံကြမ္မာ၏ စီမံမှုတစ်ခုသာ ဖြစ်ပေသည်။

​ဒါဟာ ရေစက်တစ်ခုဆိုလျှင် တစ်ဖက်လူကို အကျိုးကျေးဇူးအချို့ ပေးလိုက်ခြင်းက ဘာမှားနေလို့လဲ။

​တာအိုဆရာကြီးသည် အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။ ဤအဆောင်မှာ အလွန်ဟောင်းနွမ်းပြီး ပျက်စီးလွယ်လှသဖြင့် သူသည် အလွန်အမင်း ဂရုတစိုက် ကိုင်တွယ်နေရသည်။ မဟုတ်ပါက အဆောင်မှာ စုတ်ပြတ်သွားနိုင်ပေသည်။

​တာအိုဆရာကြီး ဤအဆောင်ကို ရက်ရက်ရောရော ပေးရဲရခြင်းမှာ နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ ဤပစ္စည်းကို အချိန်အကြာကြီး သိမ်းထား၍ မရတော့ပါ။ ယခင်ကလည်း အဆောင်အချို့မှာ အာနိသင်ကုန်သွားခြင်း သို့မဟုတ် ပျက်စီးသွားခြင်းတို့ကြောင့် အလဟဿ ဖြစ်ခဲ့ရဖူးသည်။

​လက်ထဲတွင် ကျန်ရှိနေသော နှစ်ခုမှာလည်း မကြာမီ အာနိသင် ကုန်တော့မည်ဖြစ်ရာ၊ အခွင့်အရေးရခိုက် အသုံးချလိုက်ခြင်းကသာ အကောင်းဆုံးပင်။ အလကား ပစ်လိုက်ရခြင်းထက်စာလျှင် အများကြီး သာလွန်ပေသည်။

​ထို့နောက် တာအိုဆရာကြီးသည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး မျောက်ဖြူကြီးကို ကြည့်ကာဆိုလိုက်၏။

“မျောက်ဖြူလေး... ဒီနေ့ ငါနဲ့ ဆုံရတာ မင်းရဲ့ ကံကောင်းခြင်းပဲ... မင်းရဲ့ ဘဝကို ပြောင်းလဲပေးမယ့် လက်ဆောင်တစ်ခု ငါ ပေးပါရစေ”

​မျောက်ဖြူကြီး ဘာဖြစ်နေမှန်း နားမလည်ခင်မှာပင် တာအိုဆရာကြီးက ကြွေးကြော်လိုက်တော့သည်။

“ကောင်းကင်နဲ့ မြေကြီး၊ နေနဲ့ လိပ်ပြာ... ယင်နဲ့ယန်တို့ ဆုံစည်းရာ၊ သေခြင်းနဲ့ ရှင်ခြင်းတို့ တည်ရှိရာမှာ ကြယ်တာရာတွေ စုဝေးကြပါစေ... အသွင်ပြောင်းခြင်း လမ်းစဉ်မှာ တာအိုဟာ တစ်ခုတည်းသော အရာပဲ... မသေမျိုးတွေ ငါ့ရဲ့ အမိန့်ကို နာခံပြီး တံခါးသုံးချပ်ကို အခုပဲ ဖွင့်လှစ်ပေးကြစမ်း”

​သူ့လက်ထဲမှ အဆောင်စာရွက်မှာ မီးစွဲလောင်သွားပြီး မမြင်နိုင်သော စွမ်းအားတစ်ခုမှာ မျောက်ဖြူကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။

​မျောက်ဖြူကြီးမှာ လန့်သွားသဖြင့် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ပြီး သတိထားကာ ကြည့်နေမိသည်။

​သို့သော်လည်း မကြာမီမှာပင် သူသည် ချောင်းတစ်ချက် အမှတ်မထင် ဆိုးလိုက်ပြီးနောက် “ဟင်” ဟု အသံထွက်လာသဖြင့် သူကိုယ်တိုင်ပင် မှင်တက်သွားရ၏။

​တာအိုဆရာကြီး ဘာလုပ်ပေးလိုက်သည်ကို သိလိုက်သော မျောက်မိစ္ဆာမှာတော့ ပျော်လွန်းသဖြင့် ဟိုခုန်ဒီခုန် လုပ်နေတော့သည်။

​“အစ်ကိုကြီးမျောက်... ခင်ဗျားတော့ ကံကောင်းပြီ... ဆရာကြီးက ခင်ဗျားအတွက် အဆောင်ကို သုံးပေးလိုက်တာဗျ... ဒါက တကယ်ကို အဖိုးဖြတ်လို့ မရတဲ့အရာပဲ”

မျောက်မိစ္ဆာက အပြေးအလွှား လာပြော၏။ မျောက်ဖြူကြီးမှာ ပါးစပ်အဟောင်းသားနှင့် အံ့သြနေမိသည်။ ထို့နောက် သူ ထပ်မံ၍ ချောင်းအကြိမ်ကြိမ် ဆိုးလိုက်ပြန်၏။

​“ငါ... ငါ...”

​မျောက်ဖြူကြီးသည် ယခုအခါ မိမိ၏ ကိုယ်ပိုင်အသံကို မိမိ ပြန်ကြားနေရပြီ ဖြစ်သည်။ သူ မှင်တက်သွားပြီးမှ စကားကို ဖြည်းဖြည်းချင်း ပြောကြည့်လိုက်၏။

“ငါ... ငါ စကားပြောလို့ ရပြီလား”

​သူ၏ အသံနေအသံထားမှာ အနည်းငယ် လွဲချော်နေပြီး ထူးဆန်းနေသော်လည်း၊ မျောက်ဖြူကြီးမှာ စကားပြောနိုင်စွမ်းကို ရရှိသွားခဲ့သည်မှာ အမှန်ပင်။

​သူသည် စကားပြောရသည်ကို ကျင့်သားရအောင် ကြိုးစားကြည့်ရာ မကြာမီမှာပင် ပို၍ ကျွမ်းကျင်လာတော့သည်။ သူ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများမှာလည်း ပို၍ ပြင်းထန်လာ၏။

​“ငါ စကားပြောလို့ ရပြီ! ဟားဟားဟား... ဒါက တကယ့်ကို ကောင်းလိုက်တာ... ငါတို့ ပြန်ရောက်တဲ့အခါ ရှန်းအာတို့၊ ရှောင်ဝူတို့နဲ့ အားလုံးကို ငါ စကားပြောပြမယ်... ဟုတ်သားပဲ... ဆရာကြီးလင်းသာ သိရင်လည်း သေချာပေါက် ဝမ်းသာမှာပဲ”

​မျောက်ဖြူကြီး၏ အသံမှာ အတော်လေး ကြမ်းတမ်းသော်လည်း သူ ဘာပြောနေသည်ကိုတော့ အခုမှပင် သေချာပေါက် နားလည်နိုင်တော့သည်။

​ဤနေရာတွင်တော့ မျောက်ဖြူကြီး ပြောနေသည့် ‘ဆရာကြီးလင်း’ ဆိုသည်မှာ ဤမိစ္ဆာ၏ ဆရာဖြစ်ရမည်ဟု တာအိုဆရာကြီး ရိပ်မိလိုက်၏။

​မျောက်ဖြူကြီးမှာ မိမိ တစ်ခုခု ရရှိလိုက်သည်ကို သေချာပေါက် သိနေသည်။ ဆရာကြီးလင်း ပြောပြချက်အရဆိုလျှင် ရှန်းအာတို့ ရှောင်ဝူတို့လို ‘အသံအိုးပြုပြင်ခြင်းအတတ်’ ကို ကျွမ်းကျင်ရန်အတွက် အနည်းဆုံး နောက်ထပ် တစ်လ သို့မဟုတ် နှစ်လခန့် အချိန်ယူရဦးမည် မဟုတ်ပါလား။

​‘ဆရာကြီးလင်းက သူတစ်ပါးရဲ့ ကျေးဇူးကို ခံယူပြီးရင် ကျေးဇူးတင်တတ်ရမယ်လို့ သင်ထားတယ်’

မျောက်ဖြူကြီး တွေးလိုက်မိ၏။ ထို့ကြောင့် သူ ရှေ့သို့ တိုးကာ တာအိုဆရာကြီးကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။

​ဒါဟာ အလွန်ပင် စနစ်ကျသော ဦးညွှတ်မှု ဖြစ်သော်လည်း မျောက်ဖြူကြီး လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ကြည့်ရသည်မှာ အတော်လေး ရယ်စရာ ကောင်းနေ၏။

​သို့သော် မျောက်ဖြူကြီးကတော့ ထိုသို့ မခံစားရပါ။ သူက ဆိုလိုက်၏။

“တာအိုဆရာကြီးရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျုပ် တကယ်ပဲ ကျေးဇူးတင်ပါတယ်"

​တာအိုဆရာကြီးက ခပ်ဖွဖွ ရယ်မောလိုက်၏။

“ရပါတယ်... ဒါက ဘာမှ မဟုတ်ပါဘူး... မင်းနဲ့ ငါနဲ့ ဆုံရတာ ရေစက်ပဲလေ... ငါတို့ တိမ်စိုင်ဂိုဏ်းက မိစ္ဆာတွေ ကျင့်ကြံတာကို ဘယ်တုန်းကမှ ခွဲခြားဆက်ဆံတာမျိုး မရှိပါဘူး... ငါတို့ ဂိုဏ်းချုပ်ဆိုရင် မိစ္ဆာတွေဆီကနေ ကျေးဇူးတောင် ခံယူဖူးသေးတယ်”

​မျောက်မိစ္ဆာလည်း အနားသို့ ရောက်လာပြီး မျောက်ဖြူကြီးက သူ့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်၏။

​မျောက်မိစ္ဆာ၏ ဂနာမငြိမ်သော စရိုက်နှင့် နှိုင်းယှဉ်လျှင် မျောက်ဖြူကြီးမှာ အများကြီး ပို၍ တည်ငြိမ်လှပေသည်။

​တာအိုဆရာကြီးသည် သူ သိချင်နေသော မေးခွန်းကို နောက်ဆုံးတွင် မေးလိုက်တော့သည်။

​“မျောက်ဖြူကြီး... မင်းရဲ့ ကျင့်ကြံမှု အခြေခံက အလွန်ခိုင်မာတာကို ငါ သတိထားမိတယ်... မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာ ငါ မေးလို့ရမလား”

​ခေတ္တမျှ စဉ်းစားပြီးနောက် မျောက်ဖြူကြီးက ပြန်ဖြေလိုက်၏။

“ကျုပ်ဆရာရဲ့ မျိုးရိုးက ‘လင်း’ ပါ၊ နာမည်က ‘ကျင်း’ လို့ ခေါ်ပါတယ်... ကျုပ် ‘ဇိုရိုကုတောင်’ မှာ တပည့်အဖြစ် ခံယူခဲ့တာပါ”

​ဤစကားကြောင့် တာအိုဆရာကြီးက ပြန်ပြောလိုက်သည်။

“ဪ... ဇိုရိုကုတောင်က လင်းကျင်း ဆိုပါလား”

​သူ၏ စိတ်ထဲတွင်တော့ ဤ ‘ဇိုရိုကုတောင်’ ဆိုသည်မှာ ဘယ်လိုဂိုဏ်းမျိုးလဲ၊ ဘယ်လို သင်ကြားမှုတွေကို လက်ဆင့်ကမ်းပေးနေသလဲဟု တွေးတောနေမိ၏။

​သို့သော်လည်း ထိုစဉ်မှာပင် အနီးနားရှိ နေရာတစ်ခုမှ ဝံပုလွေတစ်ကောင်၏ ဟောင်သံကို ကြားလိုက်ရသည်။

​ထိုအသံမှာ သိပ်မကျယ်သော်လည်း စိုးရိမ်ပူပန်နေပုံရ၏။

​မျောက်ဖြူကြီး၏ နားရွက်များ လှုပ်ခတ်သွားသည်။

“ဒုက္ခပဲ... မီးဝံပုလွေ”

​ဘာမှ ထပ်မပြောတော့ဘဲ မျောက်ဖြူကြီးသည် တံတိုင်းကို ချက်ချင်း ကျော်တက်ကာ ရှောင်ဟော့ ရှိနေခဲ့သည့် ခြံဝင်းဆီသို့ အပြေးအလွှား သွားတော့သည်။

​ထိုစဉ်က ထိုခြံဝင်းအတွင်း၌မူ ရှောင်ဟော့မှာ တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းနေပြီး လူတစ်ယောက်၏ ပေါင်လုံးခန့် အထူရှိသော နဂါးသားရဲတစ်ကောင်က သူ့ကို ရစ်ပတ်ထားလေသည်။ ထိုနဂါးမှာ မြရောင်ရှိပြီး တစ်ကိုယ်လုံးတွင် ရေခဲစိုင်များ ဖုံးလွှမ်းနေပုံရ၏။ ၎င်း၏ အေးစက်လှသော အပူချိန်ကြောင့် ရှောင်ဟော့၏ မီးလျှံများမှာ ငြိမ်းသတ်ခံနေရပြီး၊ ရစ်ပတ်ထားသည့် အားမှာလည်း အလွန်ပြင်းထန်သဖြင့် ရှောင်ဟော့ ရုန်းထွက်၍ မရနိုင်တော့ပေ။

​ဤမြင်ကွင်းကြောင့် မျောက်ဖြူကြီး၏ မျက်လုံးများမှာ ချက်ချင်းပင် နီမြန်းသွားပြီး တိုက်ခိုက်ရန် ရှေ့သို့ ပြေးဝင်သွားတော့သည်။

​သို့သော် ထိုမြရောင်နဂါးမှာ ပါးစပ်ကို ရုတ်တရက် ဟလိုက်ပြီး ရေခဲအသက်ရှုသံတစ်ခုကို မှုတ်ထုတ်လိုက်၏။ ဤရေခဲတိုက်ကွက်၏ ပြင်းအားမှာ နဂါးအိုကြီးနှင့် ယှဉ်လျှင် အများကြီး လျော့နည်းသော်လည်း အလွန်ပင် အေးစက်လှပေသည်။ မျောက်ဖြူကြီးမှာ တည့်တည့် အထိခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ ချက်ချင်းပင် ခဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် စည်ပိုင်းတစ်ခုခန့် ထူပြီး အနည်းဆုံး ပေတစ်ရာခန့် ရှည်လျားသော မြွေကြီးတစ်ကောင်မှာ အခြားတစ်ဖက်မှ တွားသွားလာကာ မျောက်ဖြူကြီးကို ချက်ချင်းပင် ရစ်ပတ်လိုက်တော့၏။

​အနီးနားရှိ ခေါင်မိုးပေါ်တွင်တော့ ထိပ်ပြောင်ပြီး မုတ်ဆိတ်ဗလပွနှင့် ကြွက်သားအမြောင်းမြောင်း ပါဝင်သော လူတစ်ဦးမှာ ပုလွေမှုတ်နေ၏။ ထိုတေးသံမှာ သာယာသော်လည်း မြွေကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိပြီး၊ မျောက်ဖြူကြီး လှုပ်ရှား၍ မရအောင် ပို၍ တင်းတင်းကျပ်ကျပ် ရစ်ပတ်ရန် ညွှန်ကြားနေခြင်း ဖြစ်သည်။

​အရာအားလုံးမှာ အလွန်ပင် မြန်ဆန်လှ၏။

​ထိုထိပ်ပြောင်လူကြီး၏ ဘေးတွင်တော့ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ နောက်ကျောတွင်တော့ နီရဲသော လင်းနို့ကြီးတစ်ကောင် နားနေ၏။ ဤသွေးလင်းနို့မှာ လူတစ်ဝက်ခန့် မြင့်ပြီး အကယ်၍ အတောင်ပံ ဖြန့်လိုက်မည်ဆိုပါက ဆယ်ပေခန့် ရှည်လျားပေလိမ့်မည်။

​“ဟိဟိ... သူတစ်ပါးရဲ့ ပြဿနာကို ဖြေရှင်းပေးရတာ တကယ်ပဲ တန်ပါတယ်နော်... ပိုက်ဆံလည်း ရသလို၊ သတ်လည်း သတ်ရသေးတယ်... ဒီအလုပ်က အကောင်းဆုံးပဲ... ငါတို့ မိစ္ဆာလောကမှာ နာမည်ကြီးတဲ့ အလှလေး ‘သွေးလင်းနို့’ နဲ့ အခုလို အတူတူ အလုပ်လုပ်ရတာ ပိုတောင် ကောင်းသေးတယ်”

ထိပ်ပြောင်လူကြီးက မျှော်လင့်တကြီးဖြင့် ပြောလိုက်၏။

​အမျိုးသမီးက သူ့ကို တစ်ချက် ကြည့်လိုက်သည်။

“နင့်ရဲ့ အိပ်မက်တွေကို ရပ်လိုက်စမ်းပါ ‘မြွေမိစ္ဆာရဟန်း’ ရယ်... အကယ်၍ နင်က အခုထက် အသက်နှစ်ဆယ်လောက် ပိုငယ်မယ်ဆိုရင်တော့ ငါ စဉ်းစားမိဦးမယ်... ဒါပေမဲ့ နင့်လိုလူမျိုးကတော့ နင်နဲ့ မတန်တာကို အိပ်မက်တောင် မမက်တာ အကောင်းဆုံးပဲ”

​ထိပ်ပြောင်လူကြီးက ရယ်မောလိုက်ပြီး ပြောလိုက်၏။

“ဟားဟားဟား... သွေးလင်းနို့ရယ်၊ မင်း ခွင့်ပြုရင်တောင် ငါက မလုပ်ပါဘူး... မင်းက အဆိပ်ပြင်းတဲ့ အလှလေးဆိုတာ ဘယ်သူမသိဘဲ နေမလဲ... အိပ်ရာပေါ်မှာ မင်း ဝါးမျိုလိုက်တဲ့ ယောက်ျားတွေ အနည်းဆုံး တစ်ရာလောက် ရှိမှာပဲ... ငါကတော့ အဲဒီထက် ပိုပြီး အသက်ရှည်ချင်သေးတယ်”

​အမျိုးသမီးက နွဲ့လျစွာ ရယ်မောလိုက်၏။

“တော်စမ်းပါ... အလုပ်ကို မြန်မြန်လက်စသတ်၊ ပိုက်ဆံယူပြီး သွားကြရအောင်... ဒီတစ်ခေါက် အပ်နှံသူက အရမ်းကို ကြောက်ဖို့ကောင်းတယ်... ငါ့စိတ်ထဲမှာ တစ်ခုခုကို မသင်္ကာသလိုပဲ...”

​ပြောရင်းဆိုရင်းနှင့် အမျိုးသမီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး လမ်းကြောင်းတစ်ခုသို့ ညွှန်ပြလိုက်၏။ သူမ၏ သွေးလင်းနို့မှာ ချက်ချင်းပင် ပျံတက်သွားပြီး၊ အနီးရှိ တံတိုင်းထောင့်မှ ချောင်းကြည့်နေသော တာအိုဆရာကြီးနှင့် မျောက်မိစ္ဆာဆီသို့ ဦးတည်သွားတော့သည်။

​“ဒီတာအိုဆရာက ငါတို့ အပ်နှံသူ သတ်ခိုင်းတဲ့သူ မဟုတ်ဘူး ထင်တယ်နော်"

ထိပ်ပြောင်လူကြီးက စေတနာဖြင့် သတိပေးလိုက်၏။

အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်၏။

“ရပါတယ်... တစ်ခုဝယ်ရင် တစ်ခုလက်ဆောင် ပေးလိုက်တာပေါ့.. ပိုပြီး အရေးကြီးတာက ငါ့ရဲ့ သွေးလင်းနို့က ရေငတ်နေပြီ"

​အခြားတစ်ဖက်တွင်မူ တာအိုဆရာကြီးသည် သွေးလင်းနို့ ပျံသန်းလာသည်ကို မြင်သောအခါ တစ်ကိုယ်လုံး တုန်ရင်သွားတော့သည်။

​“သွားပြီ... သွားပြီ... ဒါက ရှစ်ဘဝစာ ကံဆိုးမိုးမှောင်ကျခြင်းပဲ”

​သူသည် သိချင်စိတ်ဖြင့် လာကြည့်မိရာမှ မီးဝံပုလွေနှင့် မျောက်ဖြူကြီးတို့ အဖမ်းခံရသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ ဗဟုသုတ ကြွယ်ဝသူဖြစ်သဖြင့် ဤမျောက်ဖြူကြီးတို့ အဖွဲ့မှာ အစွမ်းထက်သော ရန်သူများကို သွားရောက် ပွတ်တိုက်မိခြင်း ဖြစ်ရမည်ဟု တာအိုဆရာကြီး သိနေ၏။ ထို့ကြောင့် သူ ဝင်ရောက် ကူညီရန် လုံးဝ စိတ်မကူးခဲ့ပါ။

​ဒါဟာ သူ ကြောက်တတ်လို့ မဟုတ်ပါပေ။ အမှန်စင်စစ် တာအိုဆရာကြီးမှာ ထိုမျှအထိ အစွမ်းမရှိသောကြောင့်ပင်။ ကလောက်ဂိုဏ်းမှ လက်ဆင့်ကမ်းလာသည့် ဗဟုသုတအချို့နှင့် အတိတ်က အောင်မြင်မှုအချို့အပေါ် အမှီပြုနေရသူ ဖြစ်ရုံတင်မကဘဲ၊ သူ့မှာ ကိုယ်ပိုင် သားရဲတစ်ကောင်ပင် မရှိပါပေ။

​မျောက်မိစ္ဆာမှာလည်း အဆင့် (၂) သာ ရှိသေးသည်။ သူသည် စကားများသော ကလေးတစ်ယောက်သာ ဖြစ်ပြီး တိုက်ခိုက်ရေးတွင်တော့ အားကိုး၍ မရပါပေ။

​သေချာပါသည်... တာအိုဆရာကြီး လှည့်ကြည့်လိုက်သောအခါ မျောက်မိစ္ဆာမှာ ဘယ်ဆီဘယ်ဝယ် ပြေးသွားမှန်းပင် မသိရတော့ပေ။

​“သစ္စာဖောက်လေး”

​တာအိုဆရာကြီးမှာ ဒေါသထွက်လွန်းသဖြင့် မြေကြီးကို ခြေဖြင့် ဆောင့်လိုက်မိ၏။ သို့သော်လည်း ဘေးအန္တရာယ်မှာ ကျရောက်တော့မည် ဖြစ်ရာ၊ သူ၏ အစွမ်းရှိသမျှ ထုတ်သုံးရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ မဟုတ်ပါက သူ သေရပေလိမ့်မည်။

​သူသည် အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ရွတ်ဆိုလိုက်၏။

“ကိုးပြည်ထောင်ရဲ့ လေပြည်လေညင်း... ငါ့ရဲ့ လည်ချောင်းကို ကောင်းချီးပေးစမ်းပါ၊ အခုပဲ"

​ထို့နောက် သူသည် ထိုအဆောင်ကို ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်ပြီး၊ ပျံသန်းလာသော သွေးလင်းနို့ဆီသို့ လေအသက်ရှုသံ တစ်ချက် မှုတ်ထုတ်လိုက်ပါတော့သည်။

အခန်း (၂၅၀) - တာအိုဆရာကြီး၏ လျှပ်စီးအဆောင်

​တာအိုဆရာကြီး မှုတ်ထုတ်လိုက်သော လေမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပါပေ။

​ချက်ချင်းပင် လေပြင်းမုန်တိုင်းတစ်ခု ဝဲလှည့်လာပြီး သွေးလင်းနို့ကို အလယ်တွင် ပိတ်မိသွားစေသည်။ ထိုလင်းနို့ကြီးမှာ မည်မျှပင် အရွယ်အစား ကြီးမားပါစေ၊ ခေတ္တခဏမျှတော့ ဤလေပြင်းထဲမှ ရုန်းမထွက်နိုင်သေးပေ။

​သူ၏ တိုက်ကွက် အောင်မြင်သွားသည်ကို မြင်သောအခါ တာအိုဆရာကြီးသည် ချက်ချင်းပင် လှည့်ပြေးတော့သည်။

​ဒါဟာ သူက သစ္စာမရှိသော သူငယ်ချင်းဖြစ်နေ၍ မဟုတ်ပါ၊ သူသည် မျောက်ဖြူကြီးနှင့် ထိုမျှအထိ မရင်းနှီးလှသောကြောင့်ပင်။ ထို့ပြင် တာအိုဆရာကြီးမှာ မိမိကိုယ်ပိုင် စွမ်းဆောင်ရည်ကို ကောင်းကောင်းသိသည်။ သာမန်လူများကိုတော့ သူ ယှဉ်နိုင်သော်လည်း ဤသွေးလင်းနို့ကိုတော့ သူ မယှဉ်နိုင်ပါပေ။

​ဆယ်စုနှစ်ပေါင်းများစွာ လောကအနှံ့ ခရီးဆန့်ခဲ့ပြီး အတွေ့အကြုံများစွာ ရှိခဲ့သူဖြစ်ရာ၊ တာအိုဆရာကြီးသည် မိစ္ဆာလောကမှ ပညာရှင်များအကြောင်းကို ကြားဖူးနားဝ ရှိလောက်အောင် ဗဟုသုတ ကြွယ်ဝလှပေသည်။

​မိစ္ဆာလောကတွင်လည်း ၎င်း၏ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများ ရှိကြ၏။ ဤမိစ္ဆာပညာရှင်များကို မြို့ သို့မဟုတ် နိုင်ငံအလိုက် ခွဲခြားခြင်း မပြုဘဲ၊ တစ်တိုက်လုံး အတိုင်းအတာဖြင့် အဆင့်သတ်မှတ်ထားလေ့ ရှိကြသည်။ ဤ ‘သွေးလင်းနို့’ ဆိုသော အမျိုးသမီးမှာ မဟာပေါင်းစည်းခြင်းတိုက်ကြီးတစ်ခုလုံးတွင် ထင်ရှားသော မိစ္ဆာပညာရှင်တစ်ဦး ဖြစ်ပေသည်။

​ထိုမြွေကြီးကို ထိန်းချုပ်နေသော ရဟန်းမှာလည်း ထိုနည်းတူပင် ဖြစ်ပြီး၊ သွေးလင်းနို့ထက်ပင် ပို၍ အစွမ်းထက်နိုင်သေးသည်။

​ထိုလူမှာ ဤကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံးသော မိစ္ဆာပညာရှင် အယောက်နှစ်ဆယ် စာရင်းထဲတွင် ပါဝင်နေသူ ဖြစ်၏။

​တာအိုဆရာကြီးသည် သူတို့ထဲက မည်သူ့ကိုမျှ မပွတ်တိုက်ချင်ပါပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သားရဲများမှာ အဆင့် (၄) များ ဖြစ်ကြသောကြောင့်ပင်။ တာအိုဆရာကြီးတွင် ပညာအချို့ ရှိသော်လည်း၊ သူ့မှာ ကိုယ်ပိုင်သားရဲ မရှိပါ။ သူ လက်ခံထားသော မျောက်မိစ္ဆာ တပည့်မှာလည်း အဆင့် (၂) သာ ရှိသေးသည်။ သူသည် စကားပြောတတ်ပြီး အသွင်ပြောင်းလဲခြင်းအတတ်ကို သိသော်လည်း၊ တိုက်ခိုက်ရေးတွင်တော့ အသုံးမဝင်ပါပေ။

​ထို့ကြောင့် ထွက်ပြေးခြင်းမှာ အကောင်းဆုံးသော နည်းလမ်းပင်။

​သို့သော်လည်း တစ်ဖက်လူက သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပါ။

​သွေးလင်းနို့၏ မျက်နှာမှာ ပို၍ တင်းမာသွားပြီး သူမသည် မန္တရားတစ်ခုကို ရွတ်ဆိုလိုက်၏။ သူမ၏ သားရဲမှာ ချက်ချင်းပင် အရွယ်အစား ကြီးမားလာပြီး ခန္ဓာကိုယ်ပတ်လည်တွင် နီရဲသော အလင်းတန်းများ ဖုံးလွှမ်းသွားတော့သည်။

​၎င်းသည် လေပြင်းမုန်တိုင်းထဲမှ ချက်ချင်း ရုန်းထွက်လိုက်ပြီး အတောင်ပံကို ခတ်လိုက်ရာ၊ ပေတစ်ရာကျော် ဝေးကွာသော နေရာသို့ ပြေးနေသည့် တာအိုဆရာကြီးဆီသို့ လေပြင်းတစ်ခု တိုးဝင်သွားပြီး သူ့ကို မှောက်ခုံ လဲကျသွားစေတော့သည်။

​တာအိုဆရာကြီးမှာ အရှိန်ဖြင့် လဲကျသွားသဖြင့် ခေါင်းနှင့် ဆောင့်မိကာ ပြန်ထရန်ပင် မစွမ်းသာတော့ပေ။ သွေးလင်းနို့ကြီး အနားသို့ တိုးကပ်လာသည်ကို မြင်သောအခါ တာအိုဆရာကြီးက အော်ဟစ်လိုက်မိ၏။

"ငါတော့သေပြီ"

​ရုတ်တရက် ကျောက်ခဲတစ်လုံးမှာ အရှိန်ဖြင့် ပျံလာပြီး သွေးလင်းနို့၏ ခေါင်းကို မှန်ကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။

​ထို့နောက် နောက်ထပ် တစ်လုံး၊ နောက်ထပ် တစ်လုံး...။

​ကျောက်ခဲနှင့် ပစ်ပေါက်နေသူမှာ မျောက်မိစ္ဆာပင် ဖြစ်သည်။

​တာအိုဆရာကြီးက စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

‘မင်း ဒီသစ္စာဖောက်လေး... အနည်းဆုံးတော့ အသိတရား ရှိသေးသားပဲ’

​ဤကိစ္စမှာ ကောင်းကောင်းမွန်မွန် ပြီးဆုံးမည်မဟုတ်ကြောင်း သူ သိနေ၏။ တိုက်ခိုက်သူများမှာ သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိနေကြသည်မှာ ထင်ရှားလှပေသည်။ တာအိုဆရာကြီး သိသလောက်ဆိုလျှင် ဤခြံဝင်းအတွင်းရှိ သတ္တဝါများထဲတွင် အစွမ်းအထက်ဆုံးမှာ တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းနေသော အဆင့် (၄) မီးဝံပုလွေ ဖြစ်သည်။ သို့သော် ထိုသတ္တဝါမှာ ယခုအခါ မြရောင်နဂါး၏ ပိတ်ဆို့မှုကို ခံထားရ၏။

​သေချာပါသည်... ထိုမြရောင်နဂါးမှာလည်း အဆင့် (၄) ဖြစ်ရပေမည်။

​ဒါဟာ ကျောက်စိမ်းနဂါးနိုင်ငံ ဖြစ်သဖြင့် ဤနေရာတွင် မြရောင်နဂါးတစ်ကောင်ကို မြင်ရခြင်းမှာ မထူးဆန်းပါ။ သို့သော် ၎င်းသည် မိစ္ဆာပညာရှင်များနှင့် ပူးပေါင်းနေခြင်းမှာ အဆင့်မြင့် အရာရှိအချို့က ဤမီးဝံပုလွေနှင့် မျောက်ဖြူကြီးကို ရှင်းလင်းရန် ကြိုးစားနေခြင်းပင် ဖြစ်ရပေမည်။

​ဒါဟာ အတော်လေး ရှုပ်ထွေးလှသော အခြေအနေပင်။

​တာအိုဆရာကြီး၏ စရိုက်အရဆိုလျှင် သူသည် မည်သည့်အခါမျှ ဝင်ပါချင်မည် မဟုတ်ပါ။ သို့သော် ယခုအခါတွင်မူ သူ မပါချင်ဘဲ ပါဝင်သွားခဲ့ရပြီဖြစ်ပြီး၊ ထိုသွေးလင်းနို့ကလည်း သူ့ကို လွှတ်ပေးမည့်ပုံ မပေါ်ပေ။

​တာအိုဆရာကြီးမှာ သူတော်စင်တစ်ယောက်တော့ မဟုတ်ပါ။ သူသည် ကောင်းမှုအချို့ လုပ်ခဲ့ဖူးသော်လည်း၊ လုံးဝ အပြစ်ကင်းစင်သူတစ်ယောက်တော့ မဟုတ်ပါပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ၏ အသက်ကို လာတောင်းနေမည်ဆိုပါက၊ သူသည် အသာတကြည်တော့ အသေခံမည် မဟုတ်ပါပေ။

​‘ငါ အခုထိ မသေချင်သေးဘူး'

တာအိုဆရာကြီးသည် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီး တွန့်လိမ်နေသော အဆောင်စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်၏။

​၎င်းမှာ သာမန် အဆောင်တစ်ခုဟု ထင်ရသော်လည်း၊ ၎င်းပေါ်တွင် ရေးထိုးထားသော စာလုံးများမှာ အလွန်ပင် ပြင်းထန်လှပြီး ဖြောင့်မတ်သော အရှိန်အဝါတစ်ခုကို ပေးစွမ်းနေသည်။

​“မိုးကြိုးနဂါး... မင်းရဲ့သခင်ရဲ့ သန့်ရှင်းတဲ့ နာမတော်နဲ့အတူ၊ မီးပွားတွေနဲ့ အသံတွေကို စေလွှတ်စမ်းပါ၊ ငါ့ရဲ့အမိန့်ကို နာခံစမ်း”

​တာအိုဆရာကြီးသည် သွားကို တင်းတင်းကြိတ်ကာ မန္တန်ကို ရွတ်ဆိုလိုက်၏။

​အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဒါဟာ လျှပ်စီးအဆောင်ဖြစ်သောကြောင့်ပင်။

​၎င်းမှာ ကလောက်ဂိုဏ်းမှ ကျန်ရှိနေသည့် နောက်ဆုံးသော အဆောင် ဖြစ်သည်။ အသုံးပြုပြီးလျှင် ကုန်ဆုံးသွားတော့မည်ဖြစ်ရာ တာအိုဆရာကြီးသည် ဤအဆောင်ကို အလွန်အမင်း တန်ဖိုးထားလှ၏။ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရတိုင်း သူသည် ၎င်းကို ထုတ်သုံးရန် ဝန်လေးနေခဲ့သည်။

​သို့သော် ယနေ့တွင်မူ အခြေအနေမှာ အသက်အန္တရာယ်နှင့် နီးကပ်နေပြီဖြစ်ရာ၊ အသုံးမပြုပါက သူ သေရပေလိမ့်မည်။

​သေခြင်းနှင့် ရှင်ခြင်း ကြားတွင် မည်သည့်အရာကို ရွေးချယ်ရမလဲဆိုသည်မှာ စဉ်းစားစရာပင် မလိုပါ။

​ထို့ကြောင့် တာအိုဆရာကြီးသည် သူ၏ ရင်ထဲတွင် နှမြောတသဖြစ်နေသော်လည်း ၎င်းကို အသုံးပြုလိုက်တော့သည်။

​နောက်တစ်ခဏမှာပင် ကောင်းကင်မှ လျှပ်စီးတစ်ခု လက်ခနဲ ဖြစ်သွားပြီး သွေးလင်းနို့ကို ထိမှန်သွားတော့သည်။ အသံမှာ ကျယ်လောင်လှသော်လည်း၊ ဤလျှပ်စီး၏ ပြင်းအားမှာ တာအိုဆရာကြီး တွေးထားသည်ထက် အများကြီး ပို၍ အားနည်းနေ၏။

​သူကတော့ မိုးကြိုးမုန်တိုင်းကြီးများ ကျလာမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

​ဒါဟာ သူ ဤအဆောင်ကို ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းလည်း ဖြစ်၏။ သူ၏ စီနီယာများက ဤအဆောင်အကြောင်း ပြောဖူးသော်လည်း၊ ဤမျှအထိ အားနည်းလိမ့်မည်ဟု မည်သူက သိမှာလဲ။

​သို့သော်လည်း အားနည်းသည်ဆိုစေဦး၊ ၎င်းမှာ လျှပ်စီးတစ်ခုပင် ဖြစ်ပေသေးသည်။

​သွေးလင်းနို့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ ခန္ဓာကိုယ်ထဲတွင် လျှပ်စစ်လှိုင်းများ ဖြတ်စီးနေသဖြင့် တဖျတ်ဖျတ် မြည်သံများ ထွက်ပေါ်နေ၏။ သွေးလင်းနို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာလည်း မီးကျွမ်းသွားခဲ့သည်။ ဤလျှပ်စီးအဆောင်မှာ ထင်သလောက် မပြင်းထန်သော်လည်း၊ သွေးလင်းနို့ကို ခေတ္တမျှ မလှုပ်နိုင်အောင် လုပ်ထားနိုင်ပြီး ညှဉ်းပန်းနှိပ်စက်ရန်အတွက်တော့ လုံလောက်လှပေသည်။

​ခေါင်မိုးပေါ်တွင် ရပ်နေသော အမျိုးသမီးမှာ အံ့အားသင့်သွားရ၏။ ထိုလျှပ်စီးမှာ ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေပြီး၊ ၎င်းမှာ သားရဲတစ်ကောင်ထံမှ လာခြင်းမဟုတ်သည်မှာ ထင်ရှားလှပေသည်။

​ဒါဟာ မန္တန်တစ်ခုကို ဖော်ဆောင်လိုက်ခြင်း ဖြစ်၏။

​စစ်မှန်သော ကျင့်ကြံသူတစ်ဦး၏ မန္တန်တစ်ခု ဖြစ်သည်။

​အမျိုးသမီးမှာ သိစိတ်ထဲမှပင် ထိတ်လန့်သွားမိ၏။ သို့သော်လည်း တာအိုဆရာကြီး၏ အခြေအနေမှာလည်း အတော်လေး ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောအခါ သူမ ပြန်လည် တည်ငြိမ်သွားတော့သည်။ ထိုလူသည် ပြင်ပစွမ်းအားတစ်ခုကို ငှားရမ်းပြီး ထိုမန္တန်ကို သုံးလိုက်ခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူသည် အလွန်အမင်း အစွမ်းထက်သူ မဖြစ်နိုင်ပါပေ။ မဟုတ်ပါက စောစောက လျှပ်စီးမှာ ဤမျှအထိ အားနည်းနေမည် မဟုတ်ပါ။

​“နင်က ငါ့ရဲ့သားရဲကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ.. ဒါအတွက် နင် ပြန်ပေးဆပ်ရမယ်”

အမျိုးသမီးက ဟောက်လိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ ဘယ်ကနေ ရောက်လာမှန်းမသိသော နွားတစ်ကောင်မှာ ပျံသန်းလာသည်။ သွေးလင်းနို့မှာ ချက်ချင်းပင် ထိုနွားဆီသို့ တိုးဝင်ကာ ၎င်း၏ အစွယ်များဖြင့် နွား၏ သွေးများကို ခဏချင်းအတွင်းမှာပင် စုပ်ယူလိုက်တော့သည်။

​သွေးလင်းနို့ပေါ်ရှိ မီးလောင်ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည် သက်သာလာတော့၏။

​တာအိုဆရာကြီးမှာ တုန်ရင်နေမိသည်။ သူ့တွင် အခြားသော အကြံအစည် မရှိတော့ပါ။ သူ၏ လက်နက်တိုက်ထဲမှ အစွမ်းထက်ဆုံး လျှပ်စီးအဆောင်ပင် မထိရောက်ခဲ့သဖြင့်၊ ယခုအခါ ဘာလုပ်ရမှန်း မသိတော့ပေ။

​သူ ပြန်မတိုက်နိုင်သလို၊ ထွက်လည်း မပြေးနိုင်တော့သဖြင့်၊ ကျန်ရှိနေသည့် တစ်ခုတည်းသော လမ်းမှာ အသေခံရန် စောင့်ဆိုင်းနေဖို့သာ ရှိတော့သည်။

​မြို့တော်အတွင်းရှိ လူသိနည်းသော လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်။ ထိုဆိုင်မှာ အရောင်းအဝယ် မသွက်သော်လည်း နှစ်ပေါင်းများစွာ ဖွင့်လှစ်လာခဲ့သဖြင့် နာမည်ဟောင်းတစ်ခုတော့ ရှိပေသည်။

​‘ဟူ’ လက်ဖက်ရည်ဆိုင်။

​​ပိုင်ရှင်၏ မျိုးရိုးမှာ ဟူ ဖြစ်သည်။ သူသည် အေးအေးချမ်းချမ်း နေတတ်သော လူအိုကြီးတစ်ဦးဖြစ်ပြီး၊ အရောင်းအဝယ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ သူ၏ ဆိုင်ကို အမြဲတမ်း ဖွင့်လှစ်လေ့ ရှိသည်။

​ထိုစဉ်မှာပင်...

​အဘိုးကြီးဟူမှာ အနည်းငယ် ကြောက်လန့်နေမိ၏။

​အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ မနေ့ကတည်းက သူ၏ ဆိုင်တွင် ထူးဆန်းသော လူလေးဦး လာရောက် ထိုင်နေသောကြောင့်ပင်။

​သူတို့မှာ ထိုမျှအထိတော့ မထူးဆန်းလှပါပေ။ သူတို့ထဲမှ တစ်ဦးမှာ ပညာရှိတစ်ဦးနှင့် တူပြီး ၎င်းမှာ ပုံမှန်ပင် ဖြစ်၏။ ဟုတ်သားပဲ... ကလေးကို ပွေ့ထားသော အမျိုးသမီးမှာလည်း ထူးဆန်းပုံ မရပါပေ။

​သူမမှာ တကယ့်ကို အလှလေးတစ်ဦး ဖြစ်သည်။ အဘိုးကြီးဟူ မြင်ဖူးသမျှ အမျိုးသမီးတွေထဲမှာ အလှဆုံး တစ်ယောက်ပင် ဖြစ်ရပေမည်။ သူ၏ အိမ်မှ ဇနီးသည်နှင့် ယှဉ်လျှင်တော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

​ကျန်ရှိနေသော နှစ်ဦးမှာမူ တစ်ဦးက မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး၊ နောက်တစ်ဦးမှာတော့ ပို၍ပင် ဆိုးရွားလှပေသည်။ ထိုလူမှာ အရပ်ရှည်ပြီး ဝတ်စုံထူထူများကို ဝတ်ဆင်ထားကာ၊ ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်နေရုံတင်မကဘဲ သူ၏ ဘေးတွင် အခေါင်းတစ်ခုကိုပါ ချထားသေးသည်။

​ဘယ်လို သာမန်လူမျိုးကများ မိမိနှင့်အတူ အခေါင်းတစ်ခုကို သယ်လာမှာလဲ။

​သို့သော်လည်း ဤလူလေးဦးမှာ တစ်ရက်နှင့် တစ်ညလုံး ဤနေရာတွင် ထိုင်နေကြခြင်းမှာ ထူးဆန်းလှပေသည်။ ပညာရှိနှင့် ကလေးပွေ့ထားသော အမျိုးသမီးမှာ သာမန်ဟု ထင်ရသော်လည်း၊ အဘိုးကြီးဟူအတွက်တော့ သူတို့မှာ လုံးဝ သာမန်မဟုတ်တော့ပါ။

​ကံကောင်းသည်မှာ ထိုလေးဦးမှာ မည်သည့် လှုပ်လှုပ်ရှားရှားမျှ မလုပ်ကြခြင်းပင်။ သူတို့သည် ထိုနေရာတွင် ငြိမ်ငြိမ်သက်သက် ထိုင်နေကြ၏။ ပညာရှိက လက်ဖက်ရည် သောက်နေပြီး၊ အလှလေးက သူမ၏ ကလေးကို ချော့နေကာ၊ ကျန်ရှိနေသော နှစ်ဦးမှာတော့ ကျောက်ရုပ်များကဲ့သို့ပင် စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်နေကြသည်။

​အဘိုးကြီးဟူမှာ အလွန်ပင် ဖိအားများနေမိ၏။

​စိတ်သက်သာရာ ရစေသည့် တစ်ခုတည်းသော အချက်မှာ ထိုဖောက်သည် လေးဦးမှာ အလွန်လက်ဖွာခြင်းပင်။ မနေ့က သူတို့ ပေးခဲ့သော ငွေပမာဏမှာ သူ၏ တစ်လစာ အမြတ်နှင့် ညီမျှနေသဖြင့်၊ သူတို့ ထိုင်ချင်သလောက် ထိုင်ပါစေတော့ဟု သူ တွေးလိုက်မိပါတော့သည်။

All Chapters