← Chapters

အခန်း (၂၅၅-၂၅၆)

Vol. 13 Ch. 255-256

အခန်း (၂၅၅-၂၅၆)

Vol. 13 Ch. 255-256

အခန်း (၂၅၅) - စိတ်လှုပ်ရှားနေသော တာအိုဆရာကြီး

​အရှိန်အဟုန်က အလွန်ပြင်းထန်လှသဖြင့် သခင်နှင့် သားရဲ နှစ်ဦးစလုံးမှာ မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လွင့်စဉ်ကျသွားတော့သည်။ သွေးလင်းနို့ကြီးမှာ အတောင်ပံများ ကျိုးပျက်ကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေ၏။ ‘သွေးလင်းနို့’ဟု အမည်တွင်သည့် ထိုအမျိုးသမီးမှာလည်း လည်ပင်းကျိုးသွားကာ ခေါင်းမှာ တစ်ဖက်သို့ စောင်းနေချေပြီ။ သူမမှာ အသက်ထွက်ခါနီးဖြစ်ကာ အသက်ရှူထုတ်ရုံသာ ရှိတော့ပြီး ပြန်မရှူသွင်းနိုင်တော့သည်ကို မြင်နေရ၏။

​သူတို့မှာ တံတိုင်းနှင့် ဆောင့်မိပြီး ထိုနေရာမှာတင် အသက်ပျောက်သွားကြခြင်းပင်။

​အဘယ်ကြောင့်ဆိုသော် သွေးလင်းနို့မှာ အလွန်အမင်း ထိတ်လန့်နေပြီး ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ချင်နေသောကြောင့် ဖြစ်၏။ ထို့ပြင် သူမ၏ သားရဲထံမှ တိုက်စားနိုင်သော သွေးများကို အလွန်အမင်း ယုံကြည်မှုလွန်ကဲခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ အဆုံးသတ်သွားရခြင်းပင် ဖြစ်သည်။

​ယခုအခါ ‘မြွေမိစ္ဆာရဟန်း’တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

​ထိုထွားကြိုင်းလှသော ကတုံးကြီးမှာ တစ်ကိုယ်လုံး တုန်ရင်နေချေပြီ။ သွေးလင်းနို့၏ သွေးပျက်ဖွယ် သေဆုံးမှုကို မြင်လိုက်ရသည့် ခဏမှာပင် သူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။

‘ဒီမိန်းမ... တကယ့်ကို အသုံးမကျတာပဲ’

​သူတို့နှစ်ယောက်စလုံး ရှိနေသေးစဉ်က အခြေအနေမှာ မည်မျှပင် ဆိုးရွားပါစေ၊ အနည်းဆုံးတော့ သူတို့ဘက်မှာ အင်အားအချို့ ရှိနေသေးသည်။ သို့သော် ဤအမျိုးသမီးမှာ စောစောက သူမတစ်ယောက်တည်း ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး၊ နောက်ဆုံးတော့လည်း အသက်ပျောက်သွားခဲ့ရချေပြီ။ ထားလိုက်ပါတော့... သေသွားတာကတော့ သေသွားတာပါပဲ။ သို့သော် ယခုအခါ မြွေမိစ္ဆာရဟန်းမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ သူသည် လက်သည်းများကို သွေးနေကြသည့် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေအုပ်ကြီး၏ အလယ်တွင် ပိတ်မိနေသည့် အားနွဲ့သော သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေတော့၏။

​အသက်ဘေးမှ ချမ်းသာပေးရနမ တောင်းပန်ခြင်းမှတစ်ပါး မြွေမိစ္ဆာရဟန်းအတွက် အခြားရွေးချယ်စရာ မရှိတော့ပါပေ။

​ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့မှာ တိတ်ဆိတ်စွာပင် ပြတိုက်မှူး၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။ လွှတ်ပေးမလား၊ သတ်ပစ်မလား ဆိုသည်မှာ ပြတိုက်မှူး၏ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ပြီး သူတို့ကတော့ ချွင်းချက်မရှိ လိုက်နာကြမည် ဖြစ်သည်။

​လင်းကျင်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလံငယ်လေးမှာ သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာတော့၏။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ နက်ဗျူလာအတားအဆီးမှာလည်း ကွယ်ပျောက်သွားတော့သည်။

​“မင်းရဲ့ သွေးသစ္စာကို ဖျက်ဆီးပြီး ထွက်သွားတော့”

လင်းကျင်းက ပြတ်သားစွာ ဆိုလိုက်၏။

​သူသည် သတ်ဖြတ်ခြင်းကို အလွန်အမင်း ဝါသနာပါသူ မဟုတ်ပါ။ အကယ်၍ ထိုလူက ပြန်လည်ခုခံနေမည်ဆိုလျှင်တော့ တစ်မျိုးဖြစ်နိုင်သော်လည်း၊ ယခုကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသက်ဘေးမှ ကယ်တင်ရန် တောင်းပန်နေသူကို သတ်ပစ်ရန်မှာမူ သူ၏စိတ်ထဲတွင် အလွန်ပင် ရက်စက်ရာ ရောက်နေမည်ဟု ခံစားရသောကြောင့်ပင်။

​ထို့ပြင် သူသည် ဧည့်ခန်းမသို့ လာရောက်သူများကိုလည်း သတ်ဖြတ်ခြင်း မပြုရန် ညွှန်ကြားထားသည် မဟုတ်ပါလား။

​လင်းကျင်းသည် ထိုလူ၏ အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်ထားသော်လည်း၊ ပြစ်ဒဏ်တစ်ခုတော့ ပေးရန် လိုအပ်ပေသည်။

​မိမိ၏ သွေးသစ္စာနှောင်ကြိုးကို မိမိကိုယ်တိုင် ဖျက်ဆီးခိုင်းခြင်းမှာ အပြင်းထန်ဆုံးသော ပြစ်ဒဏ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။

​ဒါဟာ မိမိ၏ သားရဲကို စွန့်လွှတ်ခိုင်းခြင်းပင်။

​ယခုခေတ် ပညာရှင်များအတွက်တော့ မိမိ၏ သားရဲကို စွန့်လွှတ်ခိုင်းခြင်းမှာ သိုင်းသမားတစ်ယောက်ကို သိုင်းပညာ စွန့်လွှတ်ခိုင်းခြင်းနှင့် အတူတူပင် ဖြစ်၏။ အချို့သောအခြေအနေများတွင် ဤရွေးချယ်မှုမှာ သေရတာထက်ပင် ပို၍ ဆိုးရွားလှပေသည်။

​ထို့ကြောင့် မြွေမိစ္ဆာရဟန်းမှာ တစ်ကိုယ်လုံး တုန်ရင်သွားကာ ဇဝေဇဝါ ဖြစ်နေတော့သည်။

​သို့သော်လည်း သူသည် ရွေးချယ်နိုင်သည့် အနေအထားတွင် မရှိကြောင်းကို ကောင်းကောင်း သိနေ၏။

​အကယ်၍ သူ မလိုက်နာပါက သေခြင်းတရားကသာ သူ့ကို စောင့်ကြိုနေပေလိမ့်မည်။

​သာမန်လူတစ်ယောက်အဖြစ် အသက်ရှင်ရခြင်းက သေရတာထက်စာလျှင်တော့ ပို၍ တော်သေးသည် မဟုတ်ပါလား။ မြွေမိစ္ဆာရဟန်းသည် သူ ဘာလုပ်ရမည်ကို ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

​“ပြတိုက်မှူးကြီး... ပြတိုက်မှူးကြီးရဲ့ ဂုဏ်သတင်းက တကယ်ကို ကြီးမြတ်လှပါတယ်... ပြတိုက်မှူးကြီး ပြောတဲ့စကားကို မေ့မှာ မဟုတ်ဘူးလို့လည်း ကျွန်တော် ယုံကြည်ပါတယ်... ကျွန်တော် အပြစ်ကျူးလွန်မိတာ မှန်ပါတယ်၊ ဒီအတွက် ပေးဆပ်ရမယ်ဆိုတာကိုလည်း လက်ခံပါတယ်”

မြွေမိစ္ဆာရဟန်းသည် လက်အုပ်ချီလိုက်ပြီး သူ၏ သွေးသစ္စာကို ဖြတ်တောက်ရန် မန္တန်ကို ရွတ်ဆိုလိုက်တော့၏။

​ဖြောက်... ဖြောက်... ဘုန်း..

​ပေါက်ကွဲသံများနှင့်အတူ မြွေမိစ္ဆာရဟန်း၏ ခန္ဓာကိုယ်မှ သွေးမြူများ ပန်းထွက်လာတော့သည်။ သူသာမက သူ၏ မြွေကြီးမှာလည်း ထိုနည်းတူပင် ခံစားလိုက်ရ၏။

​ဒါဟာ မိမိ၏ သွေးသစ္စာကို မိမိကိုယ်တိုင် ဖျက်ဆီးလိုက်ခြင်း၏ အကျိုးဆက်ပင်။

​ယခုမှစ၍ သူနှင့် သူ၏သားရဲမှာ မည်သည့်နှောင်ကြိုးမျှ မရှိတော့ပါ။

​မြွေကြီးမှာ အခြေအနေကို နားလည်နိုင်လောက်အောင် အသိဉာဏ် ရှိပုံရ၏။ ၎င်းသည် လင်းကျင်းကို ထိတ်လန့်တကြီး တစ်ချက် ကြည့်လိုက်ပြီးနောက် ဦးညွှတ်သကဲ့သို့ ခေါင်းကို ငုံ့လိုက်ကာ မြွေမိစ္ဆာရဟန်းကို ဂရုမစိုက်တော့ဘဲ တရွရွ တွားသွား ထွက်ခွာသွားတော့သည်။

​တစ်ချိန်တည်းမှာပင် မြွေမိစ္ဆာရဟန်းမှာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း သိသိသာသာပင် ထိခိုက်သွားခဲ့ချေပြီ။

​“သွားတော့"

ထိုလူက လိုက်နာသဖြင့် လင်းကျင်းကလည်း ထပ်ပြီး ဒုက္ခမပေးတော့ပါ။ မြွေမိစ္ဆာရဟန်းမှာ ဝမ်းသာအားရဖြင့် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုပြီးနောက် ချက်ချင်းပင် ထွက်ပြေးသွားတော့၏။

​ဤမြင်ကွင်းကို မြင်သောအခါ မိစ္ဆာပညာရှိက ဆိုလိုက်၏။

“အခုဆိုရင် မိစ္ဆာပညာရှင် အဆင့်သတ်မှတ်ချက်ထဲမှာ ပြိုင်ဘက် နှစ်ယောက်တောင် လျော့သွားပြီ... ဟားဟား... ငါ့ရဲ့ အဆင့်ကတော့ အတော်လေး တက်လာပြီပဲ”

​ကျီးကန်းနက်မှာတော့ ဘာမှမတတ်နိုင်သလို ကြည့်နေမိသည်။ ဤမိစ္ဆာပညာရှိမှာ သစ္စာရှိသော သူငယ်ချင်းတစ်ဦး ဖြစ်သော်လည်း စကားပြော အလွန်များသူ ဖြစ်၏။ ပြတိုက်မှူးကြီး ဒီမှာ ရှိနေတာကို သူက ဘာတွေ လျှောက်ပြောနေတာလဲ။

​ထို့ကြောင့် သူသည် သူ၏သူငယ်ချင်းကို သတိပေးသည့်အနေဖြင့် စိုက်ကြည့်လိုက်ရတော့သည်။

​သို့သော် လင်းကျင်းကတော့ မိစ္ဆာပညာရှိ၏ စရိုက်ကို အတော်လေး သဘောကျနေမိ၏။

​“မင်းတို့ရဲ့ မိစ္ဆာပညာရှင် အဆင့်သတ်မှတ်ချက်က ဘယ်လောက်လဲ”

လင်းကျင်းက မေးလိုက်သည်။

​ဤမေးခွန်းမှာ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်၏။ မိစ္ဆာပညာရှိက ပထမဆုံး ဖြေလိုက်သည်။

“ပြတိုက်မှူးကြီး... ကျွန်တော်ကတော့ အရည်အချင်း သိပ်မရှိပါဘူး၊ သားရဲကလည်း သာမန်ပါပဲ... ဒါကြောင့် အဆင့် (၅၄) မှာ ရှိနေတာပါ.. ဒါပေမဲ့ အခု မြွေမိစ္ဆာရဟန်းက သွေးသစ္စာ ပျက်သွားပြီ၊ သွေးလင်းနို့ကလည်း ကိုယ့်ဖာသာကိုယ် ဆောင့်မိပြီး သေသွားပြီဆိုတော့ ကျွန်တော်မျိုး အဆင့် (၅၂) ကို ရောက်သွားလောက်ပြီ... ဟားဟား... မကြာခင်မှာ ထိပ်တန်း အယောက် ၅၀ ထဲကို ဝင်နိုင်တော့မှာပါ”

​ထိုလူမှာ တကယ်ပင် စိတ်လှုပ်ရှားနေပုံရ၏။

​ကျီးကန်းနက်က ဆက်ပြောလိုက်သည်။

“ကျုပ်ကတော့ အဆင့် (၁၇) ပါ”

​လင်းကျင်းသည် ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့ဘက်သို့ လှည့်ကြည့်လိုက်၏။

​ဝိညာဥ်ကလေးငယ်မိခင်က ဖြေလိုက်၏။

“ပြတိုက်မှူးကြီး... ကျွန်မကတော့ အဆင့် (၁၂) ပါ၊ အခေါင်းအိုကြီးကတော့ အဆင့် (၁၅) ပါ"

​မိစ္ဆာပညာရှိမှာ အခြားသူများနှင့် အလှမ်းဝေးနေသည်မှာ သိသာလှပေသည်။ အာဘုရား၊ ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့မှာ ထိပ်တန်း အယောက် ၂၀ အတွင်းမှာ ရှိနေကြသော်လည်း၊ မိစ္ဆာပညာရှိမှာမူ ထိုမျှအထိ အစွမ်းမထက်သေးပါ။ သို့သော်လည်း မိစ္ဆာပညာရှင် အဆင့်သတ်မှတ်ချက်ထဲတွင် ပို၍ အစွမ်းထက်သော ပညာရှင်များ ရှိနေနိုင်ကြောင်း လင်းကျင်း သိလိုက်၏။ ဝိညာဥ်ကလေးငယ်မိခင်မှာ မည်မျှအထိ အစွမ်းထက်ကြောင်း လင်းကျင်း ကောင်းကောင်း သိထားသည် မဟုတ်ပါလား။ ပြတိုက်မှူး၏ အရှိန်အဝါသာ မပါလျှင် လင်းကျင်း၏ စစ်မှန်သော စွမ်းအားတစ်ခုတည်းနှင့်ဆိုပါက ဝိညာဥ်ကလေးငယ်မိခင်ကို ယှဉ်နိုင်မည် မဟုတ်ပါပေ။ နောက်ဆုံးတော့ သူမ၏ ရင်ခွင်ထဲရှိ ပင့်ကူလေးမှာ ယခင်က အဆင့် (၅) သားရဲတစ်ကောင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

​ဤမျှနှင့်ဆိုလျှင် ထိပ်တန်း အယောက် ၁၀ စာရင်းဝင် ပညာရှင်များမှာ မည်မျှအထိ အံ့သြစရာ ကောင်းနေမည်လဲဟု လင်းကျင်း တွေးတောလိုက်မိ၏။

​ထို့နောက် သူ ခေါင်းခါလိုက်သည်။ ယခုကတော့ ဒါတွေကို တွေးနေရမည့် အချိန်မဟုတ်ပါ။

​ဒီတစ်ခေါက်မှာတော့ သူသည် ထိုနဂါးအိုကြီးကို မည်သို့ပင်ဖြစ်စေ အပြတ်ရှင်းရမည်ဖြစ်ရာ၊ ပညာရှင်များလေ ပို၍ ကောင်းလေပင်။

​ယခင်ကတော့ လင်းကျင်းမှာ ထိုမျှအထိ ယုံကြည်ချက် မရှိခဲ့ပါ။ ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ ကူညီမည်ကို သိနေလျှင်ပင် သူ စိုးရိမ်နေမိဆဲ ဖြစ်၏။

​သို့သော် ယခုအခါ ‘နက်ဗျူလာ အတားအဆီး’ ပညာရပ်နှင့် ပြုပြင်ထားသော နက်ဗျူလာအလံကို ပိုင်ဆိုင်ထားပြီဖြစ်ရာ၊ နဂါးအိုကြီးကို အနိုင်ယူရန် သူ၏ ယုံကြည်ချက်မှာ ပို၍ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။

​အမတ်ယွီ သေဆုံးသွားပြီဖြစ်ရာ ကျောက်စိမ်းနဂါးဧကရာဇ်မှာ သူ့ကို ဒုက္ခပေးမည့် နောက်ထပ်လူတစ်ဦး ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ကိစ္စများ မဖြစ်ပွားမီ သူ အမြန်ဆုံး ကိုင်တွယ်ရပေလိမ့်မည်။

​ကံကောင်းသည်မှာ လင်းကျင်းတွင် အစွမ်းထက်သော စစ်ကူများ ရှိနေခြင်းပင်။ ကျီးကန်းနက်နှင့် ဝိညာဥ်ကလေးငယ်မိခင်တို့ကဲ့သို့သော မိစ္ဆာပညာရှင်များ၏ အကူအညီကို ရရှိရုံသာမက၊ သူသည် ယခုအခါ ‘ပြတိုက်မှူး’ အသွင်ကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်သည်။

​ပြဿနာများ ဖြစ်လာလျှင်ပင် ဒါဟာ ‘ပြတိုက်မှူး’ ၏ တာဝန်သာ ဖြစ်ပေလိမ့်မည်။ လင်းကျင်းမှာတော့ လင်းကျင်းသာ ဖြစ်နေပါဦးမည်။

​သို့သော်လည်း ပြတိုက်မှူး၏ တပည့်တစ်ယောက်အနေဖြင့် လင်းကျင်းမှာ လုံးဝ လွတ်ကင်းနိုင်မည်တော့ မဟုတ်ပါပေ။ ဒါကို လုပ်ကို မလုပ်ရမည် ဖြစ်၏။ အဆိုးဆုံး အခြေအနေတွင်တော့ သူသည် ကျောက်စိမ်းနဂါးနိုင်ငံမှ ထွက်ခွာပြီး အခြားတစ်နေရာသို့ သွားရုံသာ ရှိပေသည်။ ယခုကဲ့သို့ အင်အားတောင့်တင်းသော အဖွဲ့ကြီး ရှိနေပြီဖြစ်ရာ ဘာကို ကြောက်နေစရာ လိုဦးမည်လဲ။

​ထိုစဉ် လင်းကျင်းသည် အခြားလူတစ်ယောက် ရှိနေသေးသည်ကို သတိရသွားသဖြင့် လှည့်ကြည့်လိုက်၏။

​သူ၏ အကြည့်မှာ တာအိုဆရာကြီးနှင့် ဆုံသွားတော့သည်။

​တာအိုဆရာကြီးမှာ သိသိသာသာပင် ထိတ်လန့်သွားရ၏။

​သူသည် ဖြစ်ပျက်သမျှ အရာအားလုံးကို မြင်တွေ့ခဲ့ပြီး ဖြစ်ရာ၊ ဤမိစ္ဆာမျက်နှာဖုံးနှင့် လူမှာ အကြွင်းမဲ့ ပညာရှင်တစ်ဦး ဖြစ်ရမည်ဟု သူ သိလိုက်၏။ အခြားအရာများကို ထားလိုက်ပါဦး... ဤအတားအဆီး ပညာရပ်တစ်ခုတည်းနှင့်တင် သာမန်လူတစ်ယောက် မလုပ်နိုင်သည့် အရာဖြစ်ကြောင်း ထင်ရှားလှပေသည်။

​တာအိုဆရာကြီးသည် စိတ်ကို တင်းထားကာ လင်းကျင်းဆီသို့ လာ၍ ဂါရဝပြုလိုက်၏။

​“ကျုပ်ကတော့ ထျန်းဟယ်တောင်က တိမ်စိုင်ဂိုဏ်းက ဝူချန်ပါ... ဂါရဝပြုပါတယ်"

​ဒါဟာ ကျင့်ကြံသူတစ်ဦး၏ ဂါရဝပြုနည်းပင် ဖြစ်၏။

​လင်းကျင်းသည် ဤတာအိုဆရာကြီးကို မသိပါပေ။ သူ စူးစမ်းနေစဉ်မှာပင် မျောက်ဖြူကြီး၏ ဘေးရှိ မျောက်မိစ္ဆာလေးကို သတိပြုမိလိုက်၏။

​သူသည် ဤမျောက်မိစ္ဆာလေးမှာ မြို့တော်လမ်းမပေါ်တွင် သူ ဆုံခဲ့ဖူးသည့် မျောက်လေးဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။ လင်းကျင်း မျက်မှောင်ကြုတ်လိုက်မိသော်လည်း၊ မျောက်ဖြူကြီးမှာ ထိုမျောက်လေးနှင့် ရင်းနှီးနေပုံရ၏။ ထို့ပြင် မျောက်ဖြူကြီး စကားပြောနေသည်ကိုလည်း သူ ကြားလိုက်ရသည်။

​ဒါဟာ လင်းကျင်းကို မှင်တက်သွားစေတော့၏။

​သူသည် မျောက်ဖြူကြီးကို ခေါ်ယူ စစ်မေးလိုက်ရာ၊ တာအိုဆရာကြီးမှာ 'အမိန့်တော်အဆောင်' ကို အသုံးပြုကာ မျောက်ဖြူကြီး၏ စကားပြောအင်္ဂါရပ်ကို ပြုပြင်ပေးခဲ့ကြောင်း သိလိုက်ရတော့သည်။

​မျောက်ဖြူကြီးမှာ မျက်နှာဖုံးနှင့်လူမှာ လင်းကျင်းဖြစ်ကြောင်း မမှတ်မိသေးသဖြင့် ရိုသေစွာပင် ပြန်လည်ဖြေကြားနေ၏။

​မျောက်ဖြူကြီး၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းကျင်းသည် တာအိုဆရာကြီးမှာ ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် ပြန်လည် ဂါရဝပြုလိုက်ပြီး ဆိုလိုက်၏။

“ဒီမျောက်ဖြူကြီးက ငါ့ရဲ့ တပည့် လက်ခံထားတဲ့ အလုပ်သင်တစ်ယောက်ပါ... တာအိုဆရာဝူ... ခင်ဗျားက သူ့ရဲ့ စကားပြောနိုင်စွမ်းကို ပြုပြင်ပေးခဲ့သလို၊ ဒီပြဿနာတွေထဲမှာလည်း ပါဝင်ပတ်သက်ခဲ့ရတယ်... ဒီအတွက် တောင်းပန်တဲ့အနေနဲ့ ငါ့ဆီက ကျင့်စဉ်ကျမ်းစာလေးတစ်စောင်ကို လက်ဆောင်အဖြစ် လက်ခံပေးပါ”

​ထို့နောက် သူသည် ယခင်က ကူးယူထားသော ‘သားရဲစွမ်းအင်ဖွဲ့စည်းခြင်း (အပိုင်း ၁-၃)’ ကျမ်းစာကို ထုတ်ယူကာ တာအိုဆရာကြီး ဝူချန်အား ပေးလိုက်တော့သည်။

​တာအိုဆရာကြီးမှာ အစပိုင်းတွင် ထိုမျှအထိ စိတ်မပါသော်လည်း၊ တစ်ချက်မျှ ကြည့်လိုက်ပြီးနောက်တွင်တော့ တုန်ရင်နေသော လက်များဖြင့် ရိုသေစွာ လက်ခံလိုက်တော့၏။

​သူသည် အဖိုးတန်ပစ္စည်းကို မြင်လျှင် သိတတ်သူ ဖြစ်၏။

​တစ်ချက်မျှ ကြည့်ရုံနှင့်တင် ဒါဟာ ထူးခြားလှသော ကျင့်စဉ်တစ်ခုဖြစ်ကြောင်း သူ သိလိုက်သည်။ ယခုခေတ် ကျင့်ကြံသူများမှာ သူတို့၏ သွေးသစ္စာနှောင်ကြိုးကိုသာ အာရုံစိုက် ကျင့်ကြံနေကြခြင်း ဖြစ်၏။ သို့သော် တာအိုဆရာကြီးအတွက်တော့ ဒါဟာ အခြေခံကို မေ့လျော့နေခြင်းပင်။ ထို့ကြောင့်ပင် သူသည် မည်သည့်အခါမျှ သွေးသစ္စာကျင့်စဉ်ကို မကျင့်ကြံသလို၊ သားရဲတစ်ကောင်ကိုလည်း မပိုင်ဆိုင်လိုခြင်း ဖြစ်သည်။

​ဤ ‘ပြတိုက်မှူး’ မှာ အလွန်ပင် နက်နဲသော ကျင့်ကြံမှုနှင့် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ၊ သူပေးသော လက်ဆောင်မှာ မလွဲမသွေ အဖိုးတန်ပေလိမ့်မည်။

​“ကျုပ်နဲ့ မထိုက်တန်တဲ့ အရာကို လက်ခံရတာ တကယ်ပဲ အားနာလှပါတယ်... တကယ်ပဲ အားနာလှပါတယ်"

တာအိုဆရာကြီးက ထပ်ခါတလဲလဲ ပြောနေသော်လည်း၊ သူ၏လက်များကတော့ ထိုရတနာကို လျင်မြန်စွာ သိမ်းဆည်းလိုက်ချေပြီ။ မျောက်မိစ္ဆာလေးက တစ်ချက်ကြည့်ချင်သော်လည်း တာအိုဆရာကြီးကတော့ လုံးဝ အကြည့်မခံပါပေ။

​အခန်း (၂၅၆) - ဟယ်ရွှမ်၏ ဆုံးဖြတ်ချက်

​တာအိုဆရာကြီးမှာ ဤကျင့်စဉ်ကို ရရှိပြီးနောက် အတိုင်းထက်အလွန် ဝမ်းသာနေတော့သည်။ အမှန်စင်စစ် သူသည် မျောက်ဖြူကြီး၏ စကားပြောအင်္ဂါရပ်ကို ပြုပြင်ပေးရန် အမိန့်တော်စာလွှာကို အသုံးပြုခဲ့ခြင်းမှာ မျောက်ဖြူကြီး၏ နောက်ကွယ်ရှိ ဆရာသခင်နှင့် တွေ့ဆုံခွင့်ရရန် ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်၏။

​ယခုမူ ဤပုဂ္ဂိုလ်မှာ မျောက်ဖြူကြီး၏ ဆရာ၏ ဆရာပင် ဖြစ်နေချေပြီ။ ထိုသူမှာ ဒဏ္ဍာရီလာ မသေမျိုး ပညာရှင်တစ်ဦးပင် ဖြစ်နိုင်ရာ၊ သူပေးအပ်သော ကျင့်စဉ်မှာ အလွန်ပင် တန်ဖိုးကြီးမားလှပေမည်။ တာအိုဆရာကြီးက သူနှင့် မထိုက်တန်ဟု ပြောဆိုခဲ့ခြင်းမှာ တစ်ကြောင်းမှာ ယဉ်ကျေးပျူငှာမှုကြောင့် ဖြစ်ပြီး၊ နောက်တစ်ကြောင်းမှာတော့ သူ၏ စိတ်ရင်းအတိုင်း အားနာမိသောကြောင့်ပင်။

​တာအိုဆရာကြီးမှာ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်သည့်အတိုင်း များစွာသော အကြောင်းအရာတို့ကို သိရှိထား၏။ သူ၏ တစ်သက်တာလုံးတွင် စစ်မှန်သော ကျင့်စဉ်လမ်းကို ရှာဖွေရန် ကြိုးပမ်းခဲ့သော်လည်း၊ နှစ်ပေါင်းငါးဆယ် ကြာသည်အထိ သူ၏ ရည်မှန်းချက်သို့ မရောက်ရှိခဲ့ပါပေ။ မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားပြီး မသေမျိုးခေတ်ကြီး ကုန်ဆုံးသွားချိန်မှစ၍ စစ်မှန်သော ကျင့်စဉ်လမ်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါ ‘နက်ဗျူလာ အတားအဆီး’ ကို ဖန်တီးနိုင်သည့် စစ်မှန်သော ပညာရှင်တစ်ဦးနှင့် ဆုံတွေ့ရချိန်တွင်တော့ တာအိုဆရာကြီးအနေဖြင့် ဤအခွင့်အရေးကို လက်လွတ်မခံဝံ့ပါပေ။

​သို့သော် သူနှင့် မည်သို့ ရင်းနှီးအောင် လုပ်ရမည်နည်း။

​ခဏမျှ စဉ်းစားပြီးနောက် တာအိုဆရာကြီးတွင် အကြံတစ်ခု ရလာတော့သည်။

​“ပြတိုက်မှူးကြီးက အလွန်နက်နဲတဲ့ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသူပါ... ကျုပ်မှာ ပြတိုက်မှူးကြီးဆီကနေ လမ်းညွှန်မှု ခံယူချင်တဲ့ ကိစ္စအချို့ ရှိနေတာမို့၊ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး အကြံဉာဏ်အချို့ ပေးသနားဖို့ မျှော်လင့်မိပါတယ်”

တာအိုဆရာကြီးက ရိုသေစွာ လျှောက်တင်လိုက်၏။

​လင်းကျင်းမှာတော့ နဂါးအိုကြီးကို လက်စားချေရန် အလွန်အမင်း စိတ်လောနေသဖြင့် ပြန်လည်ပြောလိုက်သည်။

“တာအိုဆရာဝူ... ခဏလောက် စောင့်ပေးပါဦး... ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှင်းစရာရှိလို့၊ ပြီးသွားတာနဲ့ ခင်ဗျားဆီကို ကျုပ် လာခဲ့ပါ့မယ်"

​တာအိုဆရာကြီးမှာ ခေါင်းညိတ်ကာ ဘေးသို့ ဆုတ်ခွာပေးလိုက်၏။

​လင်းကျင်းအနေဖြင့် အမြန်ဆုံး လှုပ်ရှားရပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဖန်တီးခဲ့သော ဆူညံသံများမှာ အလွန်ပင် ကြီးမားလှသောကြောင့်ပင်။ နက်ဗျူလာ အတားအဆီး ရှိနေလျှင်ပင် အရာအားလုံးကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပါပေ။

​ကျောက်စိမ်းနဂါးနိုင်ငံမှ လူများမှာလည်း တစ်စုံတစ်ခု ဖြစ်ပျက်နေကြောင်း သိရှိသွားကြပြီ ဖြစ်လိမ့်မည်။

​သူ့တွင် အချိန်သိပ်မကျန်တော့ပါ။ အကယ်၍ ကျောက်စိမ်းနဂါးနိုင်ငံမှ ပညာရှင်များ ရောက်ရှိလာပါက ကိစ္စများမှာ ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။

​“ငါ အခု မိစ္ဆာနဂါးတစ်ကောင်ကို သွားသတ်မလို့... မင်းတို့ ငါနဲ့ လိုက်ချင်ကြသလား”

လင်းကျင်းက မိစ္ဆာပညာရှင်များကို လှည့်ကြည့်ကာ မေးလိုက်၏။ သူတို့ လေးဦးစလုံးမှာ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့မှာ ပြတိုက်မှူး၏ ခေါ်ယူမှုကြောင့် ရောက်ရှိလာကြသူများ မဟုတ်ပါလား။ ထို့ကြောင့် မိစ္ဆာနဂါးကို သတ်ရန် မဆိုထားနှင့်၊ ကျောက်စိမ်းနဂါးနိုင်ငံတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ခိုင်းမည်ဆိုလျှင်ပင် သူတို့မှာ နှစ်ခါစဉ်းစားကြမည် မဟုတ်ပါပေ။

​မိစ္ဆာပညာရှင်များမှာ များသောအားဖြင့် ဘာကိုမျှ ဂရုစိုက်တတ်သူများ မဟုတ်ကြပါ။

​“ကောင်းပြီ”

​အချိန်ဆွဲမနေတော့ဘဲ လင်းကျင်းသည် သူတို့ကို ဦးဆောင်ကာ ကျောက်စိမ်းနဂါးနတ်ကွန်းဆီသို့ ထွက်ခွာခဲ့တော့သည်။

​ထိုနဂါးအိုကြီးမှာ ဤနတ်ကွန်းအတွင်း၌ ပုန်းကွယ်နေရမည် ဖြစ်၏။

​တစ်ချိန်တည်းမှာပင် ဧကရာဇ်ဟယ်ရွှမ်မှာလည်း မြို့တော်အတွင်း ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သိရှိသွားခဲ့ချေပြီ။ နောက်ဆုံးတော့ အဆင့် (၄) သားရဲများ၏ တိုက်ပွဲနှင့် ကြည်လင်နေသော ရာသီဥတုတွင် ရုတ်တရက် ပေါ်ပေါက်လာသည့် လျှပ်စီးသံများမှာ အလွန်ပင် ကြီးမားလှသည်မဟုတ်ပါလား။ နိုင်ငံ၏ အရှင်သခင်ဖြစ်သည့်အတိုင်း သူသည် ဤကိစ္စများကို မည်သို့ သိရှိခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။

​ထိုစဉ်မှာပင် အတွင်းတော်စောင့်တစ်ဦးမှာ နောက်ဆုံးရသတင်းများကို တင်ပြရန် အပြေးအလွှား ရောက်ရှိလာတော့သည်။

​သတင်းကို ဖတ်ရှုပြီးနောက် ဟယ်ရွှမ် မျက်မှောင်ကြုတ်လိုက်မိ၏။

​“အမတ်ယွီ သေသွားပြီလား”

​ဒါဟာ အလွန်ပင် ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ အမတ်ယွီမှာ မြင့်မားသော ရာထူးရှိရုံသာမက ခိုင်မာသော နောက်ခံအင်အားလည်း ရှိသူဖြစ်၏။ ဟယ်ရွှမ်ကိုယ်တိုင်ပင်လျှင် သူ့ကို အလေးထား ဆက်ဆံရပေသည်။

​ပို၍ အရေးကြီးသည်မှာ အမတ်ယွီကိုယ်တိုင်မှာ အဆင့် (၄) မြရောင်နဂါးတစ်ကောင်ကို ပိုင်ဆိုင်ထားသည့် ပညာရှင်တစ်ဦး ဖြစ်ခြင်းပင်။ သူသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ အဓိက ထောက်တိုင်ကြီး တစ်ခုလည်း ဖြစ်၏။

​ယေဘုယျအားဖြင့်ဆိုလျှင် အမတ်ယွီ အသတ်ခံရခြင်းမှာ အလွန်ပင် ကြီးလေးသော ရာဇဝတ်မှုဖြစ်သဖြင့် လူသတ်သမားကို ချက်ချင်း ဖမ်းဆီးကာ လူသိရှင်ကြား ကွပ်မျက်ရမည် ဖြစ်ပေသည်။

​သို့သော်လည်း ဟယ်ရွှမ်မှာ ထိုအမိန့်ကို ချက်ချင်း မထုတ်ပြန်ခဲ့ပါပေ။

​သူက အတွင်းတော်စောင့်ကို မေးလိုက်၏။

“တခြား ဘယ်သူတွေ သိသေးသလဲ”

​အတွင်းတော်စောင့်က ခဏစဉ်းစားပြီးနောက် ဖြေလိုက်၏။

“မကြာခင် လူတိုင်း သိသွားပါလိမ့်မယ်... အမတ်ယွီရဲ့ အလောင်းကို တခြားလူတွေ တွေ့သွားပါပြီ”

​ဟယ်ရွှမ် ခေါင်းညိတ်လိုက်သည်။

“မြို့စောင့်တပ်ကို အမိန့်ပေးလိုက်၊ မြို့တံခါးတွေကို ချက်ချင်းပိတ်ဖို့... အခုကစပြီး ဘယ်သူ့ကိုမှ မြို့ထဲဝင်ခွင့်၊ ထွက်ခွင့် မပေးနဲ့တော့”

​“နားလည်ပါပြီ”

အတွင်းတော်စောင့်မှာ တာဝန်ထမ်းဆောင်ရန် ချက်ချင်း ထွက်ခွာသွားတော့သည်။

​ထို့နောက် ဟယ်ရွှမ်က ခေါ်လိုက်သည်။

“ယောင်ရှန့်"

​“ရှိပါတယ် အရှင်”

မိန်းမစိုးကြီး ယောင်ရှန့်က ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ဦးညွှတ်လိုက်သည်။

​“ဟယ်ချီကို ခေါ်ခဲ့လိုက်”

​ဤညွှန်ကြားချက်ကြောင့် ယောင်ရှန့်၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ခတ်သွားရ၏။ သို့သော် သူသည် ဤတာဝန်ကို တစ်စက္ကန့်မျှပင် မနှောင့်နှေးဝံ့သဖြင့် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

​မကြာမီမှာပင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ဓားတစ်လက် ဆောင်ထားသော လူလတ်ပိုင်း စစ်သည်တော်တစ်ဦး ရောက်ရှိလာ၏။ သူသည် ဟယ်ရွှမ်၏ရှေ့တွင် ဒူးထောက် ဂါရဝပြုလိုက်သည်။

​“ကျောက်စိမ်းနဂါးတပ်မတော်က စစ်သူကြီး ဟယ်ချီ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

​၎င်းမှာ အစွမ်းထက်လှသော စစ်သည်တော်တစ်ဦးနှင့် လိုက်ဖက်သည့် သြဇာညောင်းလှသော အသံပင် ဖြစ်၏။

​"ဟယ်ချီ... မင်းရဲ့ တပ်ဖွဲ့တွေကို ချက်ချင်း စုစည်းလိုက်... ပြီးရင် ဝတ်စုံပြည့် ဝတ်ဆင်ပြီး နန်းတော်ကို ကာကွယ်ဖို့ အသင့်ပြင်ထား” ဟယ်ရွှမ်၏ အမိန့်ကို ဟယ်ချီက ချက်ချင်းပင် နာခံကာ ထွက်ခွာသွားတော့၏။

​သေချာသည်မှာ အတွင်းတော်စောင့်များ၊ မိန်းမစိုးကြီး ယောင်ရှန့် သို့မဟုတ် စစ်သူကြီး ဟယ်ချီတို့မှာ ဟယ်ရွှမ်၏ အယုံကြည်ရဆုံးသော လက်ရုံးများပင် ဖြစ်ကြသည်။

​“ယောင်ရှန့်... ငါ့ကို ဝတ်စုံလဲပေးဦး”

ဟယ်ရွှမ်က ထလိုက်ရာ ယောင်ရှန့်မှာလည်း ချက်ချင်းပင် နောက်က လိုက်ပါသွား၏။ ဧကရာဇ်မှာ အဘယ်ကြောင့် ရုတ်တရက် ဝတ်စုံလဲချင်ရသလဲဆိုသည်ကို သူ ဇဝေဇဝါ ဖြစ်နေမိသည်။

​မကြာမီမှာပင် ယောင်ရှန့်မှာ အဖြေကို သိလိုက်ရတော့၏။

​အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ဝတ်စုံလဲပြီးချိန်တွင် အမတ်များစွာမှာ အရှင်မင်းကြီးနှင့် တွေ့ဆုံရန် ရောက်ရှိလာကြသောကြောင့်ပင်။

​ယောင်ရှန့်သည် နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း၊ သူ၏ မျက်စိနှင့် နားမှာ နေရာအနှံ့တွင် ရှိနေ၏။ ဤရောက်ရှိလာသော အမတ်အများစုမှာ အမတ်ယွီ၏ လူများဖြစ်ကြောင်း သူ သိနေသည်။

​ထို့ပြင် ထိုဝန်ကြီးများမှာ အမတ်ယွီ ရုတ်တရက် သေဆုံးသွားခြင်းကို သိပြီးနောက် ငြိမ်နေကြမည့်သူများ မဟုတ်ပါပေ။ သူတို့မှာ အခြေအနေကို လာရောက် စုံစမ်းခြင်း သို့မဟုတ် ဧကရာဇ်ထံတွင် သစ္စာခံရန် လာရောက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

​ယောင်ရှန့်မှာ နန်းတွင်း အာဏာလုပွဲများကို သိရှိထားသော်လည်း မည်သည့်အခါမျှ ပါဝင်ပတ်သက်လေ့ မရှိပါပေ။

​အကယ်၍ သူသာ ပါဝင်ပတ်သက်မည်ဆိုပါက၊ သူ၏ အသက်မှာ ပို၍ မြန်မြန် ပျောက်ကွယ်သွားမည် မဟုတ်ပါလား။

​ယောင်ရှန့်သည် ဟယ်ရွှမ်နောက်မှ လိုက်ပါ၍ စာကြည့်ဆောင်သို့ ရောက်ရှိချိန်တွင် အမတ် တစ်ဒါဇင်ခန့်မှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ လက်နက်များ မပါသော်လည်း ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် စစ်သည်တော်များလည်း ရှိနေ၏။

​ဟယ်ရွှမ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ နန်းတော်အတွင်းသို့ လက်နက် ဆောင်ယူခွင့် မရှိပါပေ။

​“အရှင်မင်းကြီး”

​ဟယ်ရွှမ်ကို မြင်သောအခါ လူတိုင်း ဒူးထောက် ဦးညွှတ်လိုက်ကြသည်။

​စစ်သည်တော်တစ်ဦးက ရှေ့သို့ တိုးလာကာ ဆိုလိုက်၏။

“အရှင်မင်းကြီး... ရိုင်းစိုင်းတဲ့ ရာဇဝတ်သားတွေက ကျောက်စိမ်းနဂါးမြို့တော်ထဲကို ကျူးကျော်ဝင်ရောက်လာပြီး အမတ်ယွီကို နေ့ခင်းကြောင်တောင် သတ်ပစ်လိုက်ကြပါတယ်.. အဲဒီလူတွေကို ဖမ်းဆီးဖို့ အမိန့်ပေးပါ"

​ထိုစစ်သည်တော် ပြောပြီးနောက် အမတ်အများစုမှာလည်း အတူတူ ဒူးထောက်လိုက်ကြသည်။

​အမတ်ယွီ၏ လူများမှာ ဟယ်ရွှမ်အနေဖြင့် လူသတ်သမားကို ဖမ်းဆီးရန် ချက်ချင်း အမိန့်မထုတ်ပြန်သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့မှာ ဟယ်ရွှမ်ကို အတင်းအကျပ် အမိန့်ထုတ်ပြန်ခိုင်းရန် တွေ့ဆုံခွင့် တောင်းခံကြခြင်းပင်။

​သို့သော်လည်း အချို့သော အမတ်များမှာတော့ မလှုပ်မယှက် ရှိနေကြ၏။ သူတို့မှာ အခြေအနေကို စောင့်ကြည့်နေပြီး မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများ ဖြစ်ပေလိမ့်မည်။

​အမတ်အများစုမှာ အမတ်ယွီ၏ နောက်ခံအင်အား မည်မျှအထိ ကြီးမားကြောင်း သိရှိထားကြသည်။ ကျောက်စိမ်းနဂါးနိုင်ငံ၏ ပြည်သူများက ဘုရင်တွင် အကြွင်းမဲ့ အာဏာရှိသည်ဟု ထင်မှတ်ထားကြသော်လည်း၊ တကယ့် အဖြစ်မှန်မှာ ထိုသို့မဟုတ်ပါပေ။

​အဘယ်ကြောင့် ကျောက်စိမ်းနဂါးနိုင်ငံကို ‘ကျောက်စိမ်းနဂါး’ ဟု အမည်ပေးခဲ့ရသနည်း။

​နွေဦးနှင့် ဆောင်းဦး အခါသမယတိုင်းတွင် ကျောက်စိမ်းနဂါးနတ်ကွန်း၌ ပြုလုပ်သော ပွဲတော်များသို့ အမတ်တိုင်းမပျက်မကွက် တက်ရောက်ကြရသည်ကို လူတိုင်း သိထားကြသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်သူမှာ ဧကရာဇ်မဟုတ်ဘဲ နတ်ကွန်းအတွင်းရှိ ကျောက်စိမ်းနဂါးနတ်မင်း ဖြစ်ကြောင်း သူတို့ သိထားကြသောကြောင့်ပင်။

​အမတ်ယွီမှာ ထိုကျောက်စိမ်းနဂါးနတ်ကွန်း၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပေသည်။

​“ငါ့ရဲ့ ချစ်လှစွာသော အမတ်တို့... ငါလည်း အမတ်ယွီရဲ့ သေဆုံးမှုအတွက် အလွန် စိတ်မကောင်းဖြစ်ရတယ်... မြို့စောင့်တပ်ကို မြို့ကို ပိတ်ဆို့ဖို့နဲ့ ရာဇဝတ်သားကို ဖမ်းဆီးဖို့ ငါ အမိန့်ပေးထားပြီးသားပါ... အခြေအနေတွေက အန္တရာယ်ရှိလာနိုင်တာကြောင့် ငါ့ရဲ့ အမတ်တွေ ဘေးကင်းဖို့အတွက် တပ်ဖွဲ့တွေ လွှတ်ပေးမလို့ပါပဲ၊ ဒါပေမဲ့ အခု မင်းတို့အားလုံး ဒီမှာ စုဝေးနေကြပြီဆိုတော့ ခဏလောက် ဒီမှာပဲ နေလိုက်ကြပါဦး... စိတ်မပူပါနဲ့... ဒီနန်းတော်ထဲမှာ မင်းတို့ရဲ့ ဘေးကင်းရေးကို ငါ အသေအချာ တာဝန်ယူနိုင်ပါတယ်”

​ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားတော့၏။

​ချက်ချင်းပင် ထိုအမတ်အုပ်စုမှာ မှင်တက်ကျန်ရစ်ခဲ့တော့သည်။

​ဒါဟာ သူတို့ ထင်ထားသည်နှင့် အလွန်ပင် ကွဲပြားနေ၏။ သူတို့သည် အခြေအနေကို ရှင်းလင်းရန် ဘုရင်နောက်သို့ လိုက်သွားရန် ပြင်လိုက်သော်လည်း၊ မိန်းမစိုးကြီး ယောင်ရှန့်က တားဆီးလိုက်သည်။

​“အမတ်မင်းတို့... အရှင်မင်းကြီးက အားလုံးကို ဒီမှာပဲ အေးအေးဆေးဆေး နေဖို့ အမိန့်ပေးထားပါတယ်... အပြင်မှာ အန္တရာယ်ရှိတာမို့ အပြင်မထွက်ကြဖို့ မေတ္တာရပ်ခံပါတယ်”

​ထို့နောက် သူသည်လည်း ထွက်ခွာသွားတော့၏။ မကြာမီမှာပင် အစောင့် တစ်ရာကျော်မှာ ထိုစာကြည့်ဆောင်ကို ဝိုင်းရံထားလိုက်တော့သည်။ ထိုအမတ်များမှာ လူအများ မဟုတ်ကြသဖြင့် သူတို့မှာ အကျဉ်းချခံထားရခြင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြတော့၏။

​ပါးနပ်သော အချို့သူများကတော့ ယနေ့တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်တော့မည်ကို ရိပ်မိလိုက်ကြချေပြီ။

​အပြင်ရောက်သောအခါ ဟယ်ရွှမ်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို အတွင်းတော်စောင့်ထံမှ သတင်းလက်ခံရရှိလိုက်၏။

​“ဘုရင့်အမိန့်တော်ကို ထုတ်ပြန်လိုက်... နတ်ကွန်းကို ကာကွယ်နေတဲ့ မြို့စောင့်တပ်တွေကို ချက်ချင်း ဆုတ်ခွာခိုင်းလိုက်ပါ... အမိန့်ကို မလိုက်နာတဲ့သူကိုတော့ အဲဒီနေရာမှာတင် သတ်ပစ်လိုက်ပါ”

ဟယ်ရွှမ်က အတွင်းတော်စောင့်ကို အမိန့်ပေးလိုက်ပါတော့သည်။

​အတွင်းတော်စောင့်မှာ ထိုအမိန့်ကို ချက်ချင်းပင် နာခံကာ ထွက်ခွာသွားတော့၏။

All Chapters