← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 13 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 13 Ch. 259-260

​အခန်း (၂၅၉) - သွေးသစ်လောင်းခြင်းနှင့် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း

​လင်းကျင်းသည် ဤကဲ့သို့သော ရှားပါးလှသည့် အခွင့်အရေးကို မည်သည့်အခါမျှ လက်လွတ်ခံမည် မဟုတ်ပါပေ။ ရှောင်ဟော့မှာ သာမန်သားရဲတစ်ကောင်သာ ဖြစ်ပြီး ရှားပါးမျိုးနွယ် မဟုတ်ပါပေ။ လင်းကျင်းသည် ဆေးလုံးများ၊ အပ်စိုက်ကုသမှုများနှင့် ပြည့်စုံသော နောက်ကွယ်မှ ဆင့်ကဲပြောင်းလဲမှု နှစ်ကြိမ်ကို အသုံးပြုကာ ရှောင်ဟော့၏ ခန္ဓာကိုယ်အတွင်းရှိ မီးစွမ်းအင်များကို ပြုစုပျိုးထောင်ပေးခဲ့ရခြင်း ဖြစ်သည်။ ထို့နောက်မှသာ ရှောင်ဟော့၏ ရိုးတွင်းခြင်ဆီကို ဆေးကြောသန့်စင်ပြီး ယခုကဲ့သို့ ရလဒ်များကို ရရှိခဲ့ခြင်းပင်။

​သို့သော်လည်း ရှောင်ဟော့မှာ အဆင့် (၄) တွင် သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပို၍ မြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ရန်အတွက် သူသည် ‘ရုပ်သွင်ပြောင်းလဲခြင်း’အဆင့်ကို ဖြတ်ကျော်ရပေမည်။

​ဒါဟာ လင်းကျင်းအနေဖြင့် ရှောင်ဟော့အတွက် နဂါးသွေးလုံးကို ရအောင်ယူပေးခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်၏။ သို့သော်လည်း ယခင်ကတော့ ရှောင်ဟော့၏ သွေးကြောများကို ပြုပြင်ပေးရန်နှင့် ဤရုပ်သွင်ပြောင်းလဲမှုအတွက် ကူညီပေးရန် အခွင့်အရေး မရရှိခဲ့ပါပေ။

​ယခုမူ ဒါဟာ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ချေပြီ။

​ရှောင်ဟော့က နဂါးအိုကြီး၏ သွေးများကို သောက်သုံးနေစဉ်မှာပင် လင်းကျင်းသည် အနားသို့ ချဉ်းကပ်သွား၏။ သူသည် အဆင့်နိမ့် နဂါးသွေးလုံးကို ထုတ်ယူလိုက်ပြီး၊ ခွဲစိတ်ဓားငယ်ဖြင့် ရှောင်ဟော့၏ ကျောကုန်းပေါ်တွင် အနည်းငယ် ခွဲလိုက်ကာ ထိုဆေးလုံးကို ထည့်သွင်းလိုက်တော့သည်။ ထို့နောက် ရစ်ပတ်အပ်ကို အသုံးပြုကာ အရေပြားကို ပြန်လည် ချုပ်ပေးလိုက်၏။

​ထို့နောက်တွင်တော့ ရှောင်ဟော့၏ သွေးသစ်လောင်းခြင်း လုပ်ငန်းစဉ်ကို ကူညီရန်အတွက် သူ၏ ခန္ဓာကိုယ်အနှံ့တွင် အပ်ပေါင်း တစ်ရာကျော်ကို စိုက်လိုက်ပါတော့သည်။

​ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြရ၏။ ကျီးကန်းနက်၊ မိစ္ဆာပညာရှိ သို့မဟုတ် ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့ပင်လျှင် ဤကဲ့သို့သော လုပ်ဆောင်မှုမျိုးကို တစ်ခါမျှ မမြင်ဖူးကြပါပေ။

​မည်သည့် သာမန်လူကများ မိမိ၏ သားရဲသွေးများကို အပ်စိုက်ကုသမှုမှတစ်ဆင့် အကုန်လုံး စီးထွက်သွားစေရန် လုပ်ဝံ့ပါမည်နည်း။

​သတ္တဝါတစ်ကောင်မှာ မည်မျှပင် သန်မာပါစေ၊ သွေးများ အားလုံး ကုန်ခမ်းသွားပါက သေဆုံးခြင်းသို့သာ ဦးတည်ပေလိမ့်မည်။ သို့သော်လည်း ရှောင်ဟော့၏ ခန္ဓာကိုယ်မှ ပန်းထွက်လာသော သွေးများမှာ မြေပြင်သို့ ရောက်သည်နှင့် တပြိုင်နက် မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​လင်းကျင်းသည် ရစ်ပတ်အပ်ကို အသုံးပြုကာ ရှောင်ဟော့၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို ထောက်ပံ့ပေးထားသဖြင့်၊ မီးဝံပုလွေမှာ သွေးကုန်ခမ်းမှုကြောင့် သေဆုံးသွားခြင်း မရှိပါပေ။

​နောက်တစ်ဆင့်မှာတော့ သွေးသစ်ရရှိရန်နှင့် ရိုးတွင်းခြင်ဆီကို ဆေးကြောရန် ဖြစ်၏။

​နဂါးအိုကြီး၏ လည်ပင်းတစ်ဝက်မှာ ရှောင်ဟော့၏ အစွယ်များကြောင့် ပျက်စီးနေပြီဖြစ်သလို၊ ခန္ဓာကိုယ်ထဲရှိ သွေးများမှာလည်း အကုန်အစင် စုပ်ယူခံလိုက်ရချေပြီ။ သို့သော်လည်း နဂါးအိုကြီးမှာ နောက်ဆုံးထွက်သက်ကို မထွက်သေးပါပေ။

​နောက်ဆုံးတော့ သူသည် နှစ်ပေါင်း လေးရာကျော် အသက်ရှင်ခဲ့သည့် သတ္တဝါတစ်ကောင် မဟုတ်ပါလား။ သူ၏ အသက်ရှင်လိုစိတ် ပြင်းပြပုံမှာ ချီးကျူးစရာ ကောင်းလှသော်လည်း၊ သူသည် မကြာမီ သေဆုံးတော့မည်မှာတော့ ထင်ရှားလှပေသည်။ သူသည် တစ်ဝက်သေ အခြေအနေသို့ ရောက်ရှိနေချေပြီ။

​သို့သော်လည်း မကြာမီမှာပင်...

​“ဒါ... ဒါက သွေးသစ်လောင်းခြင်းနဲ့ ရိုးတွင်းခြင်ဆီ ဆေးကြောတဲ့ အတတ်ပညာပဲ... အို... မဟာဆရာကြီး... ကျုပ် အမှားကို သိပါပြီ... ကျင့်ကြံရတာ တကယ့်ကို ခက်ခဲလှတာမို့ ကျုပ်ကို ကယ်တင်ပေးပါဦး...”

နဂါးအိုကြီးသည် အံ့မခန်း တစ်ခုခုကို သတိပြုမိသွားသည့်အလား သူ၏ အသံမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ သို့သော် သူ၏ စကားမဆုံးခင်မှာပင် သူသည် နောက်ဆုံးထွက်သက်ကို ထွက်သွားပါတော့သည်။

​ခဏချင်းမှာပင် သူ၏ ခေါင်းမှာ ငိုက်ကျသွားကာ သေဆုံးသွားခဲ့ချေပြီ။

​သူ သေဆုံးသွားသည့် ထိုခဏမှာပင်၊ နန်းတော်အတွင်းရှိ ဘုရင်ဟယ်ရွှမ်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ မျက်စိသူငယ်အိမ်များ ပြူးကျယ်သွားပြီး၊ သူ၏ အဆင့် (၄) မြရောင်နဂါး သားရဲကို သွေးစာချုပ်မှတစ်ဆင့် အမြန်ဆုံး ထိန်းချုပ်လိုက်ရသည်။

​ထိုသို့ လုပ်ဆောင်နေစဉ်အတွင်းမှာပင် သူသည် တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရ၏။

​“ဟယ်ရွှမ်... မင်း ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ”

​ထိုဒေါသတကြီး ဟိန်းဟောက်သံမှာ နာကြည်းမှုနှင့် မကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသဖြင့်၊ လူတစ်ကိုယ်လုံးကို စိမ့်တက်သွားစေကာ ချွေးစေးများ ထွက်လာစေတော့သည်။

​ကံကောင်းသည်မှာ ထိုအသံမှာ မကြာမီမှာပင် ပျောက်ကွယ်သွားပြီး၊ တစ်ခါမျှ မရှိခဲ့သကဲ့သို့ ဖြစ်သွားခြင်းပင်။

​ဝန်ကြီးများထဲတွင် အဆင့် (၃) မြရောင်နဂါး သားရဲများကို ပိုင်ဆိုင်ထားကြသူများမှာလည်း မိမိတို့၏ သားရဲများ ထိတ်လန့်တုန်လှုပ်နေသည်ကို ခံစားလိုက်ရသဖြင့် အတင်းအဓမ္မ ထိန်းချုပ်နေကြရ၏။ သွေးစာချုပ် ကျင့်ကြံမှု အဆင့်နိမ့်သော သူများမှာမူ သူတို့၏ သားရဲများကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါပေ။

​မျက်စိတစ်မှိတ်အတွင်းမှာပင် အမတ်များ၏ အိမ်တော်များစွာတွင် ဆူညံပွက်လောရိုက်မှုများ ဖြစ်ပေါ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

​အချို့နေရာများတွင် လူသေဆုံးမှုများပင် ရှိခဲ့၏။

​ဆဋ္ဌမမင်းသမီး၏ အိမ်တော်တွင်လည်း၊ အစေခံမိန်းကလေးများမှာ သူမကို တစ်နေ့လုံး တစ်ညလုံး မနားတမ်း ပြုစုနေကြရပြီး နန်းတွင်းသမားတော်ကြီးများမှာလည်း အပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေကြရသည်။ ယခုအချိန်အထိတော့ သူတို့သည် မည်သည့်မတော်တဆမှုမျှ မဖြစ်စေရန် အထူးဂရုစိုက်နေခဲ့ကြခြင်း ဖြစ်၏။

​သို့သော်လည်း ရုတ်တရက်ဆိုသလိုပင် အေးချမ်းစွာ အိပ်ပျော်နေသော သမီးတော်၏ မျက်နှာတွင် နာကျင်သော အမူအရာများ ပေါ်လာတော့သည်။ သူမ၏ ကျောမှာ ကော့တက်သွားပြီး၊ သူမ၏ ဝမ်းဗိုက်ပတ်လည်တွင် အေးစက်သော အငွေ့အသက်များ စုစည်းလာကာ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။

​သို့သော်လည်း ထိုအေးစက်သော အငွေ့အသက်များမှာ ခဏချင်းမှာပင် မည်သည့်ခြေရာလက်ရာမျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

​အစေခံမိန်းကလေးများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ အခန်းအတွင်း၌ ပြင်းထန်သော လေမုန်တိုင်းတစ်ခု ဝဲလှည့်သွားခဲ့ပြီး၊ ထိုမှောင်မိုက်သော မြူခိုးများကြားတွင် နဂါးတစ်ကောင် ပျံသန်းသွားသည့် အရိပ်အယောင်ကို မြင်လိုက်ကြရခြင်းပင်။ သတ္တိရှိသူများမှာတော့ ဒီအတိုင်း မြေပြင်ပေါ်သို့ ပျော့ခွေကျသွားကြသော်လည်း၊ စိတ်ငယ်သော မိန်းကလေးများမှာမူ အော်ဟစ်ကာ သတိလစ်သွားကြတော့သည်။

​ဤဖြစ်ရပ်ကို ဘုရင်ဟယ်ရွှမ်ထံသို့ ချက်ချင်း တင်ပြလိုက်ကြ၏။

​ဟယ်ရွှမ်မှာ ချက်ချင်းပင် ရောက်ရှိလာတော့သည်။

​“အရှင်မင်းကြီး... စောစောက...”

အစေခံတစ်ဦးက ဒူးထောက်တင်ပြရန် ပြင်လိုက်သော်လည်း ဟယ်ရွှမ်က လက်ဝှေ့ယမ်းကာ တားလိုက်၏။

“ရပြီ... ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောကြနဲ့... မှတ်ထား... တစ်စုံတစ်ယောက်က ဒီအကြောင်းကို ပြောတာနဲ့ ကွပ်မျက်ပစ်မယ်”

​“မှန်လှပါ... မှန်လှပါ အရှင်”

​“အားလုံး ထွက်သွားကြတော့”

​ဟယ်ရွှမ်၏ အမိန့်ကြောင့် လူတိုင်း ဆုတ်ခွာသွားကြ၏။

​ဟယ်ယုမှာ သတိမရသေးသော်လည်း၊ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် သူမ၏ မျက်နှာမှာ အလွန်ပင် ကြည့်ကောင်းလာခဲ့ချေပြီ။

​ဟယ်ရွှမ်သည် သမားတော်များကို ခေါ်မနေတော့ပါပေ။ သူသည် သေချာစွာ လေ့လာပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

​“ပျောက်သွားပြီ... တကယ်ပဲ ပျောက်ကွယ်သွားပြီ”

​ယခုအချိန်အထိတော့ ဟယ်ရွှမ်အနေဖြင့် သူ၏ တွေးထင်မှုများကို လုံးဝ စိတ်မချနိုင်သေးသဖြင့်၊ မိန်းမစိုးကြီး ယောင်ရှန့်ကို ခေါ်ကာ စုံစမ်းခိုင်းလိုက်တော့သည်။

​မကြာမီမှာပင် သတင်းများ ပြန်လည်ရောက်ရှိလာ၏။

​“ကျောက်စိမ်းနဂါးနတ်ကွန်းကို အတားအဆီးတစ်ခုနဲ့ ပိတ်ဆို့ထားဆဲပါ အရှင်... ဘယ်သူမှ ဝင်တာ၊ ထွက်တာ မရှိပါဘူး”

ယောင်ရှန့်က တင်ပြလိုက်သည်။

​ဟယ်ရွှမ် ခေါင်းညိတ်လိုက်၏။

​ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ညွှန်ကြားလိုက်ပြန်သည်။

“သွား... ချန်းအာကို လွှတ်ပေးဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်စမ်း”

​“သတ္တမမင်းသမီးကိုလား အရှင်”

ယောင်ရှန့်မှာ ဤညွှန်ကြားချက်ကို ကြားသောအခါ ဇဝေဇဝါ ဖြစ်သွားရ၏။

“အရှင်မင်းကြီး... သတ္တမသမီးတော်က လွန်ခဲ့တဲ့ ရက်တွေတုန်းက အတော်လေး ဆူပူနေခဲ့တာမို့၊ ကျွန်တော်မျိုး စိုးရိမ်မိပါတယ်...”

​“ရပါတယ်... ချန်းအာက ဖြူစင်ရိုးသားတဲ့ စိတ်ရှိတဲ့သူပါ... သူမရဲ့ သားရဲ ဆင့်ကဲပြောင်းလဲဖို့အတွက် ပညာရှင်တစ်ယောက်က ကူညီပေးခဲ့တယ်ဆိုတာ ငါ သိပြီးသားပါ... ပြီးတော့ သူမဆီကနေ ‘ပြတိုက်မှူး’ ဆိုတဲ့ စကားလုံးကိုလည်း အကြိမ်ကြိမ် ကြားခဲ့ရတယ်... သူမနဲ့ ဆုံခဲ့တဲ့ ပညာရှင်က ဒီပြတိုက်မှူးပဲ ဖြစ်ရမယ်... အခုတော့ အရာအားလုံး ပြီးဆုံးသွားပြီဆိုတော့၊ သူမကို လွှတ်ပေးလိုက်တာက ငါတို့အတွက် ပိုကောင်းလိမ့်မယ်... တကယ်လို့ အကာအကွယ်ပေးတတ်တဲ့ အဲဒီပြတိုက်မှူးက ငါ့ဆီလာပြီး သူမကို လွှတ်ပေးဖို့ တောင်းဆိုလာရင် ငါ ဘာလုပ်ရမလဲဆိုတာ မင်း စဉ်းစားကြည့်ဖူးသလား”

​ဟယ်ရွှမ် ပြောလိုက်သည်နှင့် ယောင်ရှန့်မှာ နာခံရန်အတွက် အမြန်ဆုံး ထွက်ခွာသွားတော့သည်။

​သွားနေရင်းနှင့်ပင် ယောင်ရှန့်သည် အရာအားလုံးမှာ အရှင်မင်းကြီး၏ စီမံကိန်းအတိုင်း ဖြစ်ပျက်နေသည်ကို တွေးကာ အံ့သြနေမိ၏။ ဤဖြစ်ရပ်တစ်ခုလုံးတွင် အရှင်မင်းကြီးမှာ တကယ့် အစစ်အမှန် အနိုင်ရရှိသူဟု ပြောနိုင်ပေသည်။

​ဘုရင်တစ်ယောက်ပီသပေသည်။ ယခုတော့ ယောင်ရှန့်အနေဖြင့် ခိုင်းသည့်အတိုင်းသာ လုပ်ရန် ရှိတော့၏။

​သူသည် မလိုအပ်သော မေးခွန်းများကို မမေးသင့်ပါပေ။

​ဟယ်ချန်းသည် လွတ်လပ်ခွင့် ရသည်နှင့်တပြိုင်နက် ဟယ်ယု၏ အဆောင်ဆောင်ဆီသို့ အပြေးအလွှား သွားခဲ့၏။ ဟယ်ရွှမ်ကို မြင်သောအခါ သူမသည် စိတ်မပါစွာဖြင့် ဂါရဝပြုလိုက်ပြီး၊ သူမ၏ အစ်မဖြစ်သူ ဘေးနားသို့ အပြေးအလွှား သွားကြည့်လိုက်သည်။

​“ချန်းအာ... စိတ်မပူပါနဲ့... မင်းရဲ့ အစ်မ အခု အဆင်ပြေသွားပါပြီ”

​ဟယ်ရွှမ်မှာ ပြုံးလျက် ရှိနေ၏။

​ဘုရင်တစ်ယောက်အနေဖြင့် ဟယ်ရွှမ်မှာ ပြုံးခဲလှပေသည်။ အနည်းဆုံးတော့ ဟယ်ချန်းအနေဖြင့် သူ ပြုံးနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပါပေ။

​သူသည် အမြဲတမ်း တည်ကြည်အေးစက်နေတတ်သူ ဖြစ်သော်လည်း၊ ယခုအခါ သူမ၏ ခမည်းတော်မှာ အလွန်ပင် ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်ပျက်နေသည့်အလား ပြုံးရွှင်နေခဲ့ခြင်း ဖြစ်၏။

​ဟယ်ချန်းမှာ အသေးစိတ်ကို မသိသလို၊ သူမ၏ ခမည်းတော်ကိုလည်း အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်သဖြင့် ဘာမှ မမေးမြန်းဝံ့ပါပေ။

​သို့သော်လည်း ဟယ်ယု အဆင်ပြေသွားပြီဆိုသည်ကိုတော့ သူမ ယုံကြည်လိုက်သည်။

​အဘယ်ကြောင့်ဆိုသော် ပြတိုက်မှူးက သူမကို ကတိပေးထားခဲ့သောကြောင့်ပင်။ ပြတိုက်မှူး၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ဒါကို သေချာပေါက် လုပ်နိုင်မည်ဖြစ်ရာ၊ ဟယ်ချန်းမှာ သူ့ကို တစ်စက္ကန့်မျှပင် သံသယ မရှိခဲ့ပါပေ။

​နတ်ကွန်းအတွင်း၌...

​လင်းကျင်းသည် နက်ဗျူလာ အတားအဆီးကို မဖယ်ရှားသေးပါပေ။ သူသည် ရှောင်ဟော့၏ သွေးသစ်လောင်းခြင်းနှင့် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းကို ဤမျှအထိ မြန်မြန်ဆန်ဆန် လုပ်ရန် မရည်ရွယ်ခဲ့သော်လည်း၊ ဤအခွင့်အရေးနှင့် ကြုံကြိုက်သွားသဖြင့် ယခုပင် လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။

​အခြားသူများမှာမူ မည်သည့်သဘောထားကွဲလွဲမှုမျှ မရှိကြပါပေ။ ထို့ပြင် ဤကဲ့သို့သော အံ့မခန်းလှသည့် လုပ်ငန်းစဉ်ကို မြင်တွေ့ခွင့်ရသဖြင့် သူတို့မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြရ၏။ လူတိုင်းမှာ အသက်ရှူပင် မဝဝံ့ဘဲ ရင်ခုန်စွာဖြင့် စောင့်ကြည့်နေကြသည်။

​“ကျွန်တော် သွေးသစ်လောင်းခြင်းနဲ့ ရိုးတွင်းခြင်ဆီ ဆေးကြောတဲ့ အတတ်အကြောင်းကို ကြားဖူးပါတယ်... ဒဏ္ဍာရီတွေအရတော့ မသေမျိုးခေတ်ကြီး ထွန်းကားခဲ့စဉ်တုန်းက ကျင့်ကြံသူတွေအတွက် ဒီလို လုပ်ဆောင်ပေးခဲ့တာပါ... အခု သားရဲခေတ်မှာတော့ ဒီလို အံ့မခန်း လုပ်ဆောင်မှုမျိုးဟာ သားရဲရဲ့ အရည်အသွေးကို ပိုပြီး ကောင်းမွန်စေမှာပဲ... ပြတိုက်မှူးကြီးက ဒါကိုတောင် သိထားတာလား... အံ့သြဖို့ ကောင်းလိုက်တာ”

မိစ္ဆာပညာရှိက ပြောလိုက်၏။ သူသည် စာအုပ်များစွာ ဖတ်ဖူးသူ ဖြစ်သည့်အတိုင်း၊ သူသည် အားမသန်သော်လည်း အလွန်ပင် ဉာဏ်ကောင်းလှပေသည်။

​သူ၏ ရှင်းပြမှုကြောင့် အခြားသူများမှာလည်း ဘာဖြစ်နေသလဲဆိုတာကို သဘောပေါက်သွားကြ၏။

​“ရှူး... တိုးတိုးနေကြစမ်း... ပြတိုက်မှူးကြီးကို အနှောင့်အယှက် မပေးနဲ့”

ကျီးကန်းနက်က သတိပေးလိုက်သည်။

​ရှောင်ဟော့၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများမှာ ယခုအခါ ငြိမ်သက်သွားချေပြီ။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင် အမွေးအမှင်များမှာ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာကာ အနည်းငယ် ပြောင်းလဲသွားဟန်ရ၏။ ၎င်းမှာ အနီရောင်နှင့် အပြာရောင် ရောယှက်နေသော အရောင်တစ်မျိုးပင် ဖြစ်သည်။

​ဝိညာဥ်ကလေးငယ်မိခင်မှာတော့ ဇဝေဇဝါ ဖြစ်နေပုံရ၏။ ခဏမျှ စဉ်းစားပြီးနောက် သူမက ပြောလိုက်၏။

“ဒီကျောက်စိမ်းနဂါးရဲ့ ဓာတ်က မီးဝံပုလွေရဲ့ ဓာတ်နဲ့ မကိုက်ညီဘူးလေ... ယေဘုယျအားဖြင့်ဆိုရင် သွေးလဲမယ်ဆိုရင် ဓာတ်တူတဲ့ သားရဲရဲ့ သွေးကိုပဲ သုံးရတာပါ... မဟုတ်ရင်တော့...”

​သူမ စကားကို မဆုံးသော်လည်း အခြားသူများမှာ သူမ၏ အဓိပ္ပာယ်ကို နားလည်ကြ၏။

​ဤကျောက်စိမ်းနဂါး၏ ဓာတ်မှာ လေနှင့် ရေ ဖြစ်သည်။ ထိုနှစ်ခု ပေါင်းစပ်လိုက်ပါက ‘ရေခဲ’ ဓာတ် ဖြစ်ပေါ်လာပေလိမ့်မည်။ မီးဝံပုလွေမှာမူ အမည်အတိုင်းပင် မီးဓာတ်ရှိသူ ဖြစ်၏။ သူ၌ အခြားဓာတ်များ ရှိလျှင်ပင် သစ်သား သို့မဟုတ် ရွှေဓာတ်သာ ရှိနိုင်ပေသည်။ ရေနှင့် မီးကဲ့သို့သော ဆန့်ကျင်ဘက် ဓာတ်များမှာ မည်သည့်အခါမျှ ရောယှက်၍ မရနိုင်ပါပေ။

​အကယ်၍ ဂရုမစိုက်ပါက မိမိ၏ သားရဲမှာ ဒီအတိုင်းပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။

အခန်း (၂၆၀) - ရေခဲနှင့် မီးလျှံတို့၏ အားပြိုင်မှု

​ရေခဲနှင့် မီးကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်သော ဂုဏ်သတ္တိများကို ပေါင်းစပ်ခြင်းသည် အလွန်ပင် အန္တရာယ်များလှသော ကစားပွဲတစ်ခုပင်။ မည်သို့သော အခြေအနေမျိုးမှာမဆို ရေခဲနှင့် မီးသည် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်ခြင်း မရှိပါပေ။ အကွာအဝေးတစ်ခု ခြားထားလျှင် လက်ခံနိုင်စရာ ရှိသော်လည်း၊ ခန္ဓာကိုယ်တစ်ခုတည်းအတွင်း၌ အတူတကွ တည်ရှိနေရန်မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်။

​ဤနေရာတွင် ရှိနေကြသူများမှာ မိစ္ဆာလောက၏ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့်အတိုင်း ဗဟုသုတ အလွန်ကြွယ်ဝကြသူများ ဖြစ်၏။ သို့သော်လည်း ဆန့်ကျင်ဘက် ဓာတ်နှစ်ခုကို သားရဲတစ်ကောင်တည်းအတွင်းသို့ အတင်းအဓမ္မ ထည့်သွင်းပေါင်းစပ်သည်ကိုတော့ သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပါပေ။

​အမှန်စင်စစ် ဆန့်ကျင်ဘက် ဓာတ်များ ပိုင်ဆိုင်ထားသည့် သားရဲများမှာ ရှိတော့ ရှိတတ်ပါ၏။

​သို့သော်လည်း ၎င်းတို့မှာ မွေးရာပါ ပါလာသည့် ထူးခြားသော ပါရမီကြောင့်သာ ဖြစ်ပြီး၊ ထိုသို့သော ဓာတ်နှစ်မျိုး ပေါင်းစပ်မှုကို လက်ခံနိုင်စရာ ရှိပေသည်။ သို့သော်လည်း ထိုကဲ့သို့သော သားရဲများမှာ များသောအားဖြင့် တန်ဖိုးမရှိကြပါပေ။ မည်သူမျှ သူတို့နှင့် သွေးစာချုပ် မချုပ်ဆိုကြသလို၊ သူတို့ကို ပြုစုပျိုးထောင်ရန်လည်း အချိန်ကုန်ခံမည် မဟုတ်ပါ။

​ထို့ပြင် လူဖြစ်စေ၊ သားရဲဖြစ်စေ ထိုကဲ့သို့သော ဆန့်ကျင်ဘက် ဓာတ်များ ပိုင်ဆိုင်ထားသူများသည် များသောအားဖြင့် ဘေးဒုက္ခများနှင့် ကြုံတွေ့ရလေ့ရှိပြီး အသက်တိုတတ်ကြပေသည်။

​ယခုအဖြစ်အပျက် မတိုင်ခင်ကသာ တစ်စုံတစ်ယောက်က လူသားတစ်ဦးအနေဖြင့် သားရဲတစ်ကောင်အတွင်းသို့ ဆန့်ကျင်ဘက် ဓာတ်တစ်ခုကို အတင်းအဓမ္မ ထည့်သွင်းနိုင်သည်ဟု ပြောလာပါက၊ သူတို့ လေးဦးစလုံးမှာ ယုံကြည်ကြမည် မဟုတ်ပါပေ။ ထိုကဲ့သို့သော ကောလာဟလများ ရှိခဲ့လျှင်ပင် ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့် စိတ်ကူးယဉ် အိမ်မက်တစ်ခုဟုသာ သူတို့ သတ်မှတ်ကြပေလိမ့်မည်။

​သို့သော် ယခုမူ သူတို့သည် မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရချေပြီ။

​“တကယ်လို့ ဒီလုပ်ငန်းစဉ်သာ အောင်မြင်သွားမယ်ဆိုရင်၊ ပြတိုက်မှူးကြီးက သဘာဝတရားကိုတောင် ဖန်တီးနိုင်တဲ့သူလို့ ပြောရမှာပဲ”

ကျီးကန်းနက်က ရုတ်တရက် ရေရွတ်လိုက်၏။ ဒါဟာ ချဲ့ကားပြောဆိုခြင်းဟု ထင်ရသော်လည်း၊ သူ၏ စိတ်ထဲတွင် ပြတိုက်မှူးအပေါ် မည်မျှအထိ အထင်ကြီးနေသလဲဆိုတာကို ဖော်ပြနေခြင်းပင်။

​လင်းကျင်းဘက်သို့ ပြန်ကြည့်လျှင်တော့... သူသည် နဂါးအိုကြီး၏ ဓာတ်အကြောင်းကို သိထားပြီးသား ဖြစ်၏။ သူသည် လွန်ခဲ့သော တိုက်ပွဲတွင်လည်းကောင်း၊ သားရဲပြတိုက်၏ အချက်အလက်များအရလည်းကောင်း ထိုသတ္တဝါနှင့် ပတ်သက်သမျှ အသေးစိတ်ကို သိရှိထားသည်။

​နဂါးအိုကြီး၏ ဓာတ်မှာ ရှောင်ဟော့နှင့် မကိုက်ညီကြောင်း လင်းကျင်း ကောင်းကောင်း သိထား၏။ သူတို့မှာ လုံးဝ ဆန့်ကျင်ဘက်များ ဖြစ်ကြရာ၊ သွေးသစ်လောင်းခြင်းနှင့် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းအတွက်ဆိုလျှင် ကိုက်ညီသော ဓာတ်ရှိသည့် သွေးကိုသာ ရွေးချယ်ရမည် ဖြစ်ပေသည်။

​သို့သော်လည်း လင်းကျင်းကတော့ ဒါကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့၏။

​အဘယ်ကြောင့်ဆိုသော် သားရဲပြတိုက်က ဤပြဿနာအတွက် ဖြေရှင်းနည်းကို သူ့အား ပေးအပ်ထားပြီး ဖြစ်သောကြောင့်ပင်။

​တစ်နည်းအားဖြင့် ပြောရလျှင် သူ့တွင် လမ်းညွှန်ချက် အပြည့်အစုံ ရှိနေချေပြီ။ သူ လုပ်ရမည့်အရာမှာ ဘာကိုမျှ အပိုမစဉ်းစားဘဲ ထိုလမ်းညွှန်ချက်အတိုင်း လိုက်နာရန်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ ပြတိုက်သည် မှားယွင်းသော အချက်အလက်များကို မည်သည့်အခါမျှ မပေးခဲ့ဖူးသောကြောင့်ပင်။

​ထို့ပြင် လင်းကျင်းကိုယ်တိုင်၏ စွမ်းဆောင်ရည်မှာလည်း ယခုအခါ အတော်လေး မြင့်မားနေပြီ ဖြစ်သည်။ သူသည် ပြတိုက်အပေါ်မှာချည်း အပြည့်အဝ မှီခိုနေခြင်း မဟုတ်ဘဲ၊ သူ၏ ကျွမ်းကျင်မှုနှင့် ဗဟုသုတများကိုလည်း အဆက်မပြတ် လေ့ကျင့်ပျိုးထောင်နေခဲ့သူ ဖြစ်၏။

​ထိုဖြေရှင်းနည်းမှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု သူ ယူဆသဖြင့် ဝေခွဲမနေတော့ဘဲ ဆုံးဖြတ်ချက် ချလိုက်ခြင်းပင်။

​ရေခဲနှင့် မီးကို မည်သို့ ပေါင်းစပ်မည်နည်း ဆိုသည်မှာ သဘာဝတရားအရ မဖြစ်နိုင်ဟု ထင်ရသော်လည်း၊ ဤလောကရှိ အရာအားလုံးမှာ ယင်နှင့် ယန် ပေါင်းစပ်မှုအပေါ်တွင် အခြေခံထားသည် မဟုတ်ပါလား။

​ပြတိုက်၏ လမ်းညွှန်ချက်မှာ ရစ်ပတ်အပ်ကို အသုံးပြုကာ ရှောင်ဟော့၏ အတွင်းကလီစာများကို နဂါးသွေးဖြင့် ပြုစုပျိုးထောင်ရန် ဖြစ်၏။ ယင်နှင့် ယန်ကို ခွဲခြားပြီးနောက် ‘ယင်ယန်ထိုက်ကျိ’ ပုံရိပ်အတိုင်း ပြန်လည် ပေါင်းစပ်လိုက်ပါက၊ ထိုဓာတ်နှစ်ခု ပေါင်းစပ်မှုမှာ အောင်မြင်သွားပေလိမ့်မည်။

​ဒါဟာ ပြောရလျှင် လွယ်ကူသော်လည်း၊ နားမလည်သူ သို့မဟုတ် မလုပ်တတ်သူများအတွက်မူ လုံးဝ မဖြစ်နိုင်သော အိမ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

​ဒါကို အောင်မြင်ရန်အတွက် ‘သွေးကြောရှာဖွေခြင်း အတတ်’ မှာ မရှိမဖြစ် လိုအပ်သလို၊ ‘မီးနဂါးသွေးဆေးလုံး’လည်း လိုအပ်ပေသည်။

​တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းကျင်းတွင် ထိုနှစ်ခုစလုံး ရှိနေခဲ့၏။ တပည့်များ ပြိုင်ပွဲတွင် သူ ရရှိခဲ့သော အဆင့်နိမ့် နဂါးသွေးဆေးလုံးမှာ မီးဓာတ်ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤအရာများဖြင့် ရှောင်ဟော့၏ ယင်နှင့်ယန်ကို ပေါင်းစပ်ပေးရန်မှာ ဖြစ်နိုင်ခြေ ရှိလာခဲ့ချေပြီ။

​“ရှောင်ဟော့... ဒါက မင်းအတွက်တော့ အကြီးမားဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ်... ရေခဲနဲ့ မီးက ယင်ယန်ထိုက်ကျိ ပုံစံမျိုးနဲ့ ပေါင်းစပ်တဲ့အခါ အတော်လေး နာကျင်လိမ့်မယ်၊ ဒါကြောင့် ခဏလောက်တော့ အောင့်ထားပေးဦး”

လင်းကျင်းက ရှောင်ဟော့၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်၏။

​ရှောင်ဟော့က တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။

​“ကောင်းပြီ”

လင်းကျင်းသည် အပ်များကို အသင့်ပြင်လိုက်ပြီး၊ အပ်ပေါင်း တစ်ရာကျော်ကို ရှောင်ဟော့၏ ခန္ဓာကိုယ်ထဲသို့ တစ်ပြိုင်နက်တည်း စိုက်လိုက်ပါတော့သည်။ အပ်စိုက်မှတ်များမှတစ်ဆင့် ဝိညာဉ်စီးကြောင်းအတွင်းသို့ ဝင်ရောက်ကာ၊ လင်းကျင်းသည် ယင်နှင့် ယန်ကို စတင် ခွဲခြားလိုက်၏။ ဤလုပ်ငန်းစဉ်မှာ မိနစ်သုံးဆယ်ပင် မကြာခဲ့သော်လည်း၊ ရှောင်ဟော့မှာတော့ ပြင်းထန်လှသော နာကျင်မှုများကို ခံစားခဲ့ရရှာသည်။

​သို့သော်လည်း သူသည် သွားကို ကျစ်ကျစ်ပါအောင် စိထားပြီး မည်သည့်အသံမျှ မထွက်ဘဲ အားတင်း၍ ကျော်ဖြတ်နေခဲ့၏။

​“ယင်နဲ့ ယန်... ပေါင်းစပ်စမ်း"

လင်းကျင်းက အသံထွက်၍ ဆိုလိုက်ပြီး၊ လက်ညှိုးကို ရှေ့သို့ ညွှန်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ဟော့၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကွဲထွက်သွားတော့၏။ ထိုမြင်ကွင်းကြောင့် ကျီးနက်နှင့် အခြားသူများမှာ ထိတ်လန့်သွားကြပြီး၊ အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိကြသည်။

​‘ကျရှုံးသွားတာလား’

​‘မဖြစ်နိုင်ဘူး... ဒါဆိုရင်တော့ သွားပါပြီ... ဆန့်ကျင်ဘက် ဓာတ်တွေကို ပေါင်းစပ်ဖို့ဆိုတာ တကယ်ပဲ ခက်ခဲလွန်းတာကိုး’

​‘ပြတိုက်မှူးကြီးတောင်မှ တစ်ခါတလေ ကျရှုံးတတ်တာပဲလား’

​သူတို့ တစ်ဦးချင်းစီတွင် မတူညီသော အတွေးကိုယ်စီ ရှိနေကြပြီး စိုးရိမ်ပူပန်နေကြ၏။ သို့သော်လည်း မကြာမီမှာပင် သူတို့မှာ အံ့သြသွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ကွဲထွက်သွားသော မီးဝံပုလွေ၏ အပိုင်းအစများမှာ ပုံရိပ်နှစ်ခုအဖြစ် ကွဲထွက်သွားသောကြောင့်ပင်။ ပုံရိပ်တစ်ခုမှာ တောက်ပသော မီးလျှံများ တောက်လောင်နေပြီး၊ အခြားတစ်ခုမှာမူ အေးစက်လှသော နှင်းမြူများ ထွက်ပေါ်နေခဲ့သည်။

​ထိုစဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားသည့်အလား အခေါင်းလူသား၏ ခန္ဓာကိုယ်မှာ တုန်ယင်လာတော့၏။

​“ဝိညာဥ်ကလေးငယ်မိခင်... ဒါ... ဒါက ဓမ္မကိုယ်ထည်ပဲ”

​အခေါင်းလူသား၏ အသံမှာ တုန်ယင်နေပြီး သိသိသာသာကို စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်၏။ အခေါင်းလူသားကဲ့သို့သော အေးစက်သူတစ်ဦးက ဤကဲ့သို့ ပြောဆိုလာလိမ့်မည်ဟု ခန့်မှန်းရန် ခက်ခဲလှပေသည်။ ဒါဟာ တကယ့်ကို တုန်လှုပ်စရာကောင်းသော တွေ့ရှိမှုတစ်ခုပင်။

​‘ဓမ္မကိုယ်ထည်’ ဆိုသော စကားလုံးကို ကြားလိုက်ရချိန်တွင် ဝိညာဥ်ကလေးငယ်မိခင်မှာလည်း တုန်လှုပ်သွားရ၏။ သူမသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး သေချာစွာ အကဲခတ်ကြည့်လိုက်ရာ၊ ခေါင်းညိတ်လိုက်၏။

“ဝိညာဉ်က အသွေးအသားထဲ ရောက်တယ်၊ မန္တန်က သွေးထဲ စီးဝင်တယ်၊ ပြီးတော့ ဝိညာဉ်က ရုပ်မပေါ်တဲ့ နေရာကို ရောက်သွားတယ်... ဒါက ဓမ္မကိုယ်ထည်ပဲ... ငါတို့ လင်နန်နတ်ဘုရားတွေ တစ်သက်လုံး မနားတမ်း ရှာဖွေခဲ့ရတဲ့ ဓမ္မကိုယ်ထည်ကို ဒီနေရာမှာ မျက်မြင်ကိုယ်တွေ့ မြင်ရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ”

​ယခုအခါ ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့သာမက၊ သူတို့၏ သားရဲများပါ စိတ်လှုပ်ရှားလာကြချေပြီ။

​ဝိညာဥ်ကလေးငယ်မိခင်၏ ပုခက်ထဲမှ ပင့်ကူမှာ ထူးဆန်းသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသော အော်ဟစ်သံတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်၏။ အခေါင်းလူသား၏ အခေါင်းထဲရှိ ဖုတ်ကောင်သားရဲမှာလည်း အခေါင်းနံရံကို ဒုန်းဒုန်းထအောင် ခေါက်ရင်း ရုန်းကန်နေတော့သည်။

​ကျီးကန်းနက်နှင့် မိစ္ဆာပညာရှိတို့မှာမူ ဤဓမ္မကိုယ်ထည်၏ အံ့ဖွယ်များကို မသိကြသဖြင့် ဇဝေဇဝါ ဖြစ်နေကြရ၏။ သို့သော်လည်း သူတို့သည် ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့၏ အနားတွင် ရှိနေသဖြင့် သူတို့၏ စကားများကို ကြားလိုက်ရရာ၊ ဒါဟာ တကယ့်ကို အံ့မခန်းစရာ တစ်ခုခုဖြစ်မှန်း သိလိုက်ကြသည်။

​သိလိုစိတ် ပြင်းပြလှသဖြင့် သူတို့နှစ်ဦးက တိုးညှင်းစွာ မေးမြန်းလိုက်ရာ၊ ဝိညာဥ်ကလေးငယ်မိခင်နှင့် အခေါင်းလူသားတို့က သူတို့ကို ရှင်းပြလိုက်ကြတော့သည်။

​ဓမ္မကိုယ်ထည်၏ အံ့ဖွယ်များကို သိရှိသွားပြီးနောက်၊ ကျီးကန်းနက်နှင့် မိစ္ဆာပညာရှိတို့မှာလည်း အားကျတောင့်တသော အကြည့်များဖြင့် ကြည့်နေမိကြတော့၏။

​“ရှေးခေတ်တုန်းကဆိုရင် ဓမ္မကိုယ်ထည်ဆိုတာ မသေမျိုးလမ်းစဉ်ကို သွားတဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ အဆင့်တစ်ခုပဲ... မန္တန်တွေကို စကားလုံးနဲ့တင် အမိန့်ပေးနိုင်သလို၊ ဓာတ်ကြီးငါးပါးကိုလည်း စိတ်အလိုရှိသလို ထိန်းချုပ်နိုင်တယ်လေ... အဲဒီလိုဆိုရင်တော့ သူတို့ဟာ မသေမျိုး ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ မဟုတ်လား”

မိစ္ဆာပညာရှိက ရေရွတ်လိုက်၏။

​အခေါင်းလူသားမှာ စကားနည်းသူဖြစ်သော်လည်း၊ သူ စိတ်ဝင်စားသော အကြောင်းအရာနှင့် တွေ့ချိန်တွင်တော့ အားတက်သရော ရှင်းပြတတ်သူ ဖြစ်၏။ ဝိညာဥ်ကလေးငယ်မိခင် မပြောခင်မှာပင် သူက ရှေ့ဦးစွာ ရှင်းပြလိုက်သည်။

“ပထမဆုံး သိထားရမှာက ဓမ္မကိုယ်ထည်ဆိုတာ မသေမျိုးဖြစ်ခြင်း မဟုတ်ဘူး၊ ဒါပေမဲ့ မသေမျိုးတိုင်းမှာတော့ ဓမ္မကိုယ်ထည် ရှိကြတယ်... အခုခေတ်မှာ မသေမျိုးလမ်းစဉ် ပျက်စီးသွားပြီဆိုတော့၊ ဒီကမ္ဘာမှာ မသေမျိုးတွေ မကျန်တော့ဘူးလို့ပဲ ပြောရမှာပဲ... အဲဒီအစား သားရဲတွေကို ပြုစုပျိုးထောင်တဲ့ လမ်းစဉ်က နေရာယူလာခဲ့တာပေါ့... ရှေးဟောင်းမှတ်တမ်းတွေအရတော့ အရင်တုန်းက သားရဲတွေကို ပြုစုပျိုးထောင်တာက အရေးမပါခဲ့ပေမဲ့၊ အခုတော့ အဓိက လမ်းစဉ် ဖြစ်လာခဲ့ပြီလေ... သားရဲတွေလည်း ဓမ္မကိုယ်ထည်ကို ကျင့်ကြံနိုင်တယ်၊ ဒါပေမဲ့ ခက်ခဲမှု အဆင့်ကတော့ အများကြီး ပိုမြင့်မားတယ်... ငါတို့ လင်နန်နတ်ဘုရားတွေဟာ ငါတို့ရဲ့ သားရဲတွေအတွက် ဓမ္မကိုယ်ထည် ရရှိဖို့ အခွင့်အရေးကို နေရာအနှံ့မှာ ရှာဖွေခဲ့ကြပေမဲ့ ဘာမှ မတွေ့ခဲ့ရဘူး... အခု ပြတိုက်မှူးကြီးက အဲဒီမီးဝံပုလွေအတွက် ဓမ္မကိုယ်ထည်ကို ကျင့်ကြံပေးနေတာကို မြင်ရတဲ့အတွက် ငါတို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာပေါ့... ပြတိုက်မှူးကြီးဟာ တကယ့်ကို စစ်မှန်တဲ့ မသေမျိုး ပညာရှင်တစ်ဦး ဖြစ်ရမယ်”

​အခေါင်းလူသား၏ ပြတိုက်မှူးအပေါ် အထင်ကြီး လေးစားမှုမှာ အလွန်ပင် ထင်ရှားလှပေသည်။

​သူ့အပြင် အခြားသူများမှာလည်း ထိုနည်းတူပင် ခံစားနေကြရ၏။ သူတို့၏ သားရဲများပင်လျှင် မီးဝံပုလွေကို အားကျစွာ စိုက်ကြည့်နေကြသည်။

​စစ်မှန်သော မသေမျိုးတစ်ဦးက သူ့အတွက် ဓမ္မကိုယ်ထည်ကို ကျင့်ကြံပေးနေခြင်းမှာ မည်မျှအထိ အံ့သြစရာကောင်းပြီး ကံကောင်းလိုက်သနည်း။ အဘယ်ကြောင့် ဤအခွင့်အရေးကြီးမှာ သူတို့ဆီကို ရောက်မလာခဲ့ရတာလဲ။

​သို့သော်လည်း ယခုအချိန်တွင် သူတို့ဆီကို ရောက်မလာသေးသော်လည်း၊ နောင်တွင်လည်း ရောက်မလာနိုင်တော့ဘူးဟု မဆိုလိုပါပေ။ အကယ်၍ သူတို့သာ ကံကောင်းမည်ဆိုပါက၊ တစ်နေ့တွင် ပြတိုက်မှူးကြီးက သူတို့အတွက်လည်း ဓမ္မကိုယ်ထည်ကို ကျင့်ကြံပေးကောင်း ပေးနိုင်ပေသည်။ ဤဖြစ်နိုင်ခြေကို တွေးလိုက်ရုံနှင့်တင် သူတို့အားလုံးမှာ ရင်ခုန်စိတ်လှုပ်ရှားနေကြရ၏။

​ထိုခဏမှာပင် လင်းကျင်းသည် သူ၏ အပ်များအားလုံးကို ပြန်လည် နုတ်ယူလိုက်ပြီး လက်အင်္ကျီအတွင်းသို့ ထည့်လိုက်တော့သည်။ လက်ရှိ အခြေအနေမှာတော့ ‘သွေးကြောရှာဖွေခြင်း အတတ်’ ကို ဆက်လက် အသုံးပြုရန် မလိုအပ်တော့ပါပေ။

All Chapters