← Chapters

အခွင့်အရေး ရောက်လာခဲ့လေပြီ

Vol. 21 Ch. 295

အခွင့်အရေး ရောက်လာခဲ့လေပြီ

Vol. 21 Ch. 295

သင်္ချိုင်းတူးရန်မှာ လွယ်ကူရိုးရှင်းသည့်အလုပ် မဟုတ်ချေ။ အထူးသဖြင့် တူးဖော်မည့် သင်္ချိုင်းမှာ ပျက်ပြယ်ခြင်းအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်၏ သင်္ချိုင်းဖြစ်နေလျှင် ဖြစ်သည်။

သင်္ချိုင်းရှိမည့်နေရာကို ဦးဆုံးသိရှိရန် ကြိုးပမ်းရမည်။

ဆောင်းနဂါးသင်္ချိုင်းမြေပုံမှာ ရှေးဟောင်းပစ္စည်းဆိုင်မှ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းမှာ ကံကြမ္မာအရဟုလည်း ဆိုနိုင်သည်။

အန်လင်းသည် ထိုပြဿနာအား အချိန်အတော်ကြာ ကိုယ်တိုင်ကိုယ်ကျ စဉ်းစားပြီးသည့်နောက်တွင် ဖိအားပေးကာ ကြိုးစားလုပ်ဆောင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။ သင်္ချိုင်းတူးခြင်းမှု သူ၏ကိုယ်ပိုင် အစွမ်းအစဖြင့် အဆင့်တက်ရန် ကြိုးစားခြင်းနည်းတူ ခက်ခဲလှပေသည်။

လက်ရှိအခြေအနေတွင် သူ့အနေဖြင့် လေ့လာသင်ယူရင်း ကျင့်ကြံနေခြင်းသာ အကောင်းဆုံးဖြစ်လေသည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် လဝက်ခန့် ကုန်ဆုံးသွားလေသည်။

တပိုင်သည် စုရှောင်လန်ပေးခဲ့သည့် နတ်ဘုရားစွမ်းအင်သိပ်သည်းခြင်းဆေးလုံးကို သုံးစွဲပြီးနောက် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

အချိန်အတော်ကြာ လေ့လာပြီးသည့်နောက်တွင် ရှောင်ချိုးသည်လည်း အန်လင်းပေးထားသော ရှေးဟောင်းနတ်ဆေးလုံးအကူအညီဖြင့် အဆင့်တက်ရန် ကြိုးစားခဲ့ပြီးနောက် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထိုနေ့တွင် လပြည့်ဝန်းတောင်ထိပ်ရှိ ကောင်းကင်တစ်ခုလုံးမှာ အနက်ရောင်တိမ်တိုက်များ စုဝေးနေပြီး လေပြင်းများတိုက်ခတ်ကာ မိုးကြိုးများ ပစ်ခတ်နေလေသည်။

ထိုကဲ့သို့ ကြီးမားစွာ ရုတ်ရုတ်သဲသဲဖြစ်မှုသည် ကျောင်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များကိုပင်လျှင် ထိုမြင်ကွင်းအား လာရောက်ကြည်ရှုရန် ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော်လည်း အန်လင်း၏ သားရဲဖြစ်သူ အဆင့်တက်နေခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည့်အခါတွင်မူ သူတို့အားလုံး စိတ်ပျက်မှုများဖြင့် ထွက်ခွာသွားကြလေသည်။

“သောက်ကျိုးနည်းလိုက်တာ။ ငါတို့ကျောင်းက ဒဏ္ဍာရီပုဂ္ဂိုလ်ရဲ့ သားရဲ့ အဆင့်တက်နေတာလား။ ဘယ်လိုတောင် ကသိကအောက် ဖြစ်စရာပါလိမ့်နော်။”

“ကျောင်းသားအန်လင်းရဲ့ သားရဲတောင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားပြီ။ ကျောင်းသားတစ်ယောက်မှ မရောက်သေးဘူး။ အတော်လေး ရှက်ဖို့ကောင်းလွန်းတယ်။”

“လျှိုချင်ဟွမ်က ဂိမ်းတွေကိုပဲ စွဲလမ်းနေတာကြောင့် မဟုတ်ဘူးဆိုရင် ဝမ်ရွှမ်ကျန့်နဲ့ မရှေးမနှောင်းမှာ အဆင့်တက်သွားခဲ့မှာ။”

“ဟူးးး ဆရာတစ်ယောက်ဖြစ်ရတာ ခက်လိုက်တာ။”

ကျောင်းတော်၏ အဆင့်မြင့်ပုဂ္ဂိုလ်များသာ ဖိအားကြီးကြီးမားမား ခံစားနေရခြင်း မဟုတ်ဘဲ ရှောင်ချိုး၏ ပိုင်ရှင်ဖြစ်သူ အန်လင်းမှာလည်း ဖိအားသက်ရောက်နေလေသည်။

အန်လင်း စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ “ရှောင်ချိုးရေ.. ဘာလို့များ ငါ့ကို မစောင့်ရတာတုန်းကွာ။ သဘာစဉ်ကို မင်းချိုးဖောက်ချင်နေတာလား။”

“မစိုးရိမ်ပါနဲ့ အန်ကောရဲ့။ ကျွန်တော် ကာကွယ်ပေးမယ်။” ရှောင်ချိုး ကျိန်ဆိုလိုက်သည်။

ရှောင်ချိုး၏ စကားများမှာ မရည်ရွယ်ဘဲနှင့် အန်လင်း၏နှလုံးသားအား နာကျင်စေလေသည်။ သူ့အနေဖြင့် သူ၏သားရဲ၏ အကာအကွယ်ပေးမှုကို လိုအပ်သူတစ်ဦး ဖြစ်နေခဲ့လေပြီလား။

မဟုတ်ချေ။ အနှေးနှင့်အမြန် လိုက်မီအောင် ကြိုးစားရမည်။

နောက်ထပ် လဝက်ခန့် ကုန်ဆုံးသွားပြီးသည့်နောက်တွင် ရှောင်းဟုန်သည် နေရောင်ခြည်စုပ်ယူနေရင်းဖြင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းသွားလေသည်။

အန်လင်း : “…”

“သခင်လည်း နေလောင်ခံသင့်တယ်နော်။ မဟုတ်ရင် သခင့်ရဲ့ ကျင့်ကြံခြင်းအခြေခံက ရပ်တံ့သွားလိမ့်မယ်။” ရှောင်းဟုန် ချိုသာသည့်အသံလေးဖြင့် အကြံပြုလေသည်။

“ငါ့ကို နင်နဲ့ လာမယှဉ်စမ်းနဲ့။ ငါ့အနေနဲ့ ဘယ်လောက်ပြ နေလောင်ခံခံ ဘာမှမထူးခြားဘူးကွ။” အန်လင်းမှာ မျက်ရည်များစီးကျကာဖြင့် ပြန်ဖြေလိုက်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အတားအဆီးသို့ ရောက်ရှိနေပြီးဖြစ်သည်။ ဤသည်ကြောင့် တစ်လခန့် ကြိုးစား၍ ကျင့်ကြံခဲ့သော်ငြား မည်သည့်တိုးတက်ပြောင်းလဲမှုမျှ မရှိခဲ့ချေ။ ယခင်က သူ၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာခြင်း မရှိစေကာမူ သူ၏ ကျင့်ကြံမှုမှတဆင့် ပို၍သန်မာလာနေသည်ဟု ခံစားမိခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်၌မူ သူ၏ အမြုတေလုံးအား ထိန်းချုပ်ရန် မည်မျှကြိုးစားသည်ဖြစ်စေ သို့တည်းမဟုတ် သူ၏ ခန္ဓာကိုယ်အား မည်မျှသန့်စင်သည်ဖြစ်စေ မည်သည့်ပြောင်းလဲမှုမျှ မခံစားမိပေ။

အဓိကအချက်မှာ ဉာဏ်အလင်းရရှိပြီး သူ၏ကိုယ်ပိုင်နယ်ပယ်ကို ဖန်တီးနိုင်ရန်ဖြစ်သည်။

ယင်းမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်မှ ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ပိုင်း အဆင့်သို့ တက်လှမ်းရာတွင် အရေးအကြီးဆုံးသော အဆင့်လည်းဖြစ်သည်။

အန်လင်းခံစားမိသည်မှာ သူသည် ကောင်းမွန်သည့် ပါရမီရှိသည်။ ယခင်က သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် အဆင့်တက်လှမ်းနိုင်ရန် ကြိုးပမ်းခဲ့ဖူးခြင်း မရှိခဲ့ချေ။

သူ၏ ကျင့်ကြံမှုနှုန်းမှာ တဖြည်းဖြည်းချင်း လုံးဝရပ်တန့်သွားခဲ့ပြီး ပြန်လည်တိုးမြှင့်လာစေနိုင်ရန် ဆန္ဒရှိသည်။

သို့သော်လည်း သူ၏ သားရဲ့အဖွဲ့သည်ပင်လျှင် နှိုင်းယှဉ်မရနိုင်သည့် ကျင့်ကြံခြင်းပါရမီများ ပါရှိနေလေရာ ထိုသည်က သူ့အပေါ်သို့ ဖိအားကြီးစွာ ဖြစ်စေသည့်အပြင် ဖုန်မှုန့်တစ်စကဲ့သို့ ခံစားနေမိသည်။

သူ၏ သားရဲများ၏ ကျင့်ကြံခြင်းအခြေခံများမှာ သူ့ထက်မြင့်မားနေလျှင်ပင် ဘာအကြောင်းနည်း။

သူ့အား ကပ်ပါးရပ်ပါးဟူ၍ ခေါ်ကြမည်လား။

ထို့ထက်ပို၍ ဆိုးဝါးသည်မှာ ထိုကပ်ပါးရပ်ပါးသည် သူ၏သားရဲအပေါ် မှီခိုနေရခြင်းပင်။

အားးးးးးးး ကြီးမြတ်လှသည့် ဓားအင်မော်တယ် အန်လင်းသည် မည်သည်ကြောင့် ဤကဲ့သို့ လှောင်ရယ်ခံဘဝဖြင့် နေထိုင်နိုင်မည်နည်း။

သို့သော်လည်း များမကြာမီမှာပင် အရာအားလုံး ပြောင်းလဲသွားလေသည်။

အန်လင်း၏ အတန်းပိုင်ဆရာဖြစ်သည် ဓားအင်မော်တယ်လင်းရှောင်သည် ရုတ်တရက်ဆိုသလို စိတ်ဝင်စားဖွယ် သတင်းတစ်ခုအား ကြေညာခဲ့သည်။

“ကမ္ဘာပေါ်ကလာတဲ့ သတင်းအရတော့ ချန်ပိုင်တောင်ပေါ်မှာရှိတဲ့ ကောင်းကင်အင်မော်တယ် ရှောက်ယန်ရဲ့ သင်္ချိုင်းက အခြေအနေတွေ ပြောင်းလဲနေတာမို့ ၁၀ ရက်အတွင်း နိုးထလာမယ့်လို့ ယူဆရတယ်တဲ့။ ကောင်းကင်ဘုံပိုင်နက်ရဲ့ အထူးကျောက်စိမ်းအစီအရင်ကို ပိုင်ဆိုင်ထားကြတဲ့ ပျက်ပြယ်ခြင်းအဆင့် အောက်မှာရှိတဲ့ ကျင့်ကြံသူအားလုံး သင်္ချိုင်းထဲကို ဝင်ခွင့်ရမှာဖြစ်ပြီး အမွေအနှစ်တွေကို ရှာဖွေခွင့်ရမှာဖြစ်တယ်။”

“ကောင်းကင်အင်မော်တယ်ရှောက်ယန်က ကောင်းကင်ဘုံပိုင်နက်ကို သူ့ရဲ့သေဆုံးမှုအတွက် ဦးစားပေးပါမယ်လို့ ကတိပြုထားခဲ့တာကြောင့်ပဲ။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အောက်မှာရှိတဲ့ ကောင်းကင်ဘုံပိုင်နက်က ပါရမီရှင်တွေက သေဆုံးပြီး နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ ရှောက်ယန်သင်္ချိုင်းကိုသွားပြီး သူ့ရဲ့အမွေအနှစ်တွေကို ရရှိဖို့အတွက် တိုက်ခိုက်ကြရမှာဖြစ်တယ်။ ဖော်ပြခဲ့တဲ့ နှစ်တစ်ထောင်ကာလက အခုပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်။”

“စုစုပေါင်း ကျောက်စိမ်းအစီအရင် ၁၀ ခုပဲရှိတယ်။ နှစ်ခုက ကမ္ဘာမြေမှာ ဖြစ်တာကြောင့် စုစည်းညီညွတ် ကျင့်ကြံခြင်းကျောင်းတော်အတွက် ၈ ခုပဲ ကျန်ရှိတယ်။ ကမ္ဘာမြေကို သွားရောက်ချင်တဲ့သူတွေက ငါ့ကို စာရင်းလာပေးနိုင်တယ်။ အဆုံးမှာ ကျောင်းသားတွေရဲ့ မဲနဲ့ပဲ ကမ္ဘာကိုဆင်းသက်ရမယ့် ကျောင်းသား ၈ ယောက်ကို ပြန်ရွေးချယ်မှာဖြစ်တယ်။”

“နောက်ထပ် အရေးကြီးတဲ့အရာက ရှောက်ယန်သင်္ချိုင်းတွင်းအခြေအနေကို ငါတို့မသိဘူး ဆိုတာပဲ။”

“သူ့ရဲ့သင်္ချိုင်းကို ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ တည်ဆောက်ရတာလဲ ဆိုတာကိုတောင် ငါတို့မသိကြဘူး။”

“အရာအားလုံးက လျှို့ဝှက်ဆန်းကြယ်တဲ့အတွက် ကောင်းကင်ဘုံပိုင်နက်က သင်္ချိုင်းက ဘယ်လောက်တောင် အန္တရာယ်များမယ်ဆိုတာကို မခန့်မှန်းနိုင်ဘူး။ အသက်ကိုခြိမ်းခြောက်နိုင်တဲ့ ဘေးအန္တရာယ်တွေ ရှိနေနိုင်တယ်။ အဲဒါကြောင့် မင်းတို့အနေနဲ့ သွားဖို့ဆန္ဒရှိတယ်ဆိုရင် အခုကစပြီး စာရင်းပေးနိုင်ပြီ။”

ကောင်းကင်အင်မော်တယ်တစ်ဦး၏ သင်္ချိုင်း။ ဤကဲ့သို့သော အခွင့်အရေးအား အရူးမှသာ ငြင်းပယ်ပေလိမ့်မည်။

ယင်းမှာ အန်လင်းစောင့်မျှော်နေခဲ့ရသော အခွင့်အရေးဖြစ်သည်။ ဤအခွင့်အရေးမှာ ရုတ်ချည်းဆိုသလို ကိုယ်ထင်ပြလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ထို့ကြောင့် တစ်စက္ကန့်မျှ တုံ့ဆိုင်းခြင်းမရှိဘဲနှင့် စာရင်းပေးသွင်းရန် ဆုံးဖြတ်လိုက်သည်။

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်မှ စာရင်းပေးသွင်းသူပေါင်း ၆၀၀ ကျော် ရှိသည်။ အင်မော်တယ်အဆင့်ဇယားတွင် ပါဝင်သည့် အယောက် ၁၀၀ သော ကျင့်ကြံသူနီးပါး စာရင်းပေးသွင်းကြလေသည်။

နောက်တစ်နေ့၌ ကျောင်းသားမဲခွဲပွဲ ကျင်းပသည့်အခါ အန်လင်းမှာ ပြိုင်ဘက်မရှိ အနိုင်ရလသည်။

ကျန်ရှိသည့် ကျောင်းသား ၇ ဦးမှာမူ လျှိုချင်ဟွမ်၊ တန်ရှီမန်၊ စုချန်းရန်၊ ရွှမ်ယွမ်ချန်၊ စုရှောင်လန်၊ ယောင်မင်စီနှင့် ဟူကွမ်တို့ဖြစ်ကြသည်။

လျှိုချင်ဟွမ်၊ တန်ရှီမန်၊ စုချန်းရန်၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့မှာ အင်မော်တယ်အဆင့်ဇယားတွင် ပါဝင်သော ထိပ်တန်းကျင့်ကြံသူ ၅ ဦး ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ အစွမ်းနှင့် လူသိများမှုတို့အား အငြင်းပွားဖွယ်ရာ မရှိပေ။ ယောင်မင်စီနှင့် ဟူကွမ်မှာ ဒုတိယနှစ်နှင့် တတိယနှစ် ကိုယ်စားပြုများ ဖြစ်ကြသည်။ သူတို့၏ သက်ဆိုင်ရာ နှစ်အလိုက် အစွမ်းအထက်ဆုံးသောသူများ ဖြစ်ကြသည့်အတွက် နောက်ဆုံးနှစ်ရာအား သေချာပေါက် ရရှိခဲ့ကြခြင်း ဖြစ်သည်။

အခြားတစ်ချက်မှာ ယောင်မင်စီအပြင် ဟူကွမ်သည်လည်း အန်လင်း၏ အရူးအမူး ပရိသတ်ဖြစ်လေသည်။

ထို့ကြောင့် အန်လင်းမှာ သက်ပြင်းချရုံသာလျှင် တက်နိုင်လေသည်။ ကျောင်းဝန်းအတွင်း၌ ပျံ့နှံ့လျက်ရှိသည့် ဇာတ်ကြောင်းပေါင်းများစွာကြောင့် ဤကဲ့သို့ ဖြစ်ရခြင်းပင်။

စာရင်းအတည်ပြုပြီးသည့်နောက်တွင် အန်လင်းမှာ နောက်ထပ်တစ်ဖန် ခေါင်းဆောင်တာဝန်ကျလေသည်။

လျှိုချင်ဟွမ်အား ခေါင်းဆောင်အဖြစ် မရွေးချယ်ရခြင်းမှာ သူမ၏ ယခင်မှတ်တမ်းဟောင်းကြောင့် ဖြစ်သည်။

ခရီးစဉ်အတွက် ပြင်ဆင်ရန် အချိန်တစ်ရက်ခန့် ရလေသည်။ ပထမဆုံးအနေဖြင့် အန်လင်းသည် တုန်ရွှာနန်းတာ်သို့ သွားရောက်ကာဖြင့် သူ၏ဖခင်အတွက် သင့်လျှော်မည့် စိတ်ဝိညာဉ်ဆေးလုံး နှစ်ဒါဇင်ခန့်နှင့် ယင်-ယန်စွမ်းအင် အင်မော်တယ်ဆေးလုံး တစ်လုံးတို့ကို ဖော်စပ်ခိုင်းလေသည်။

ယင်-ယန်စွမ်းအင် အင်မော်တယ်ဆေးလုံးမှာ အဆင့် ၇ အင်မော်တယ်ဆေးလုံးဖြစ်ပြီး အန်လင်းသည် သူ၏နောက်ဆုံးသော အင်မော်တယ်ဆေးလုံးကူပွန်အား အသုံးပြုကာဖြင့် ပေးချေခဲ့သည်။

ပြင်ဆင်မှုပြီးဆုံးပြီးနောက်တွင် သူ၏ သားရဲများအား စုဝေးလိုက်သည်။

“သေမျိုးကမ္ဘာကို ဆင်းသက်ဖို့ အခွင့်အရေးတစ်ခုရှိတယ်။ ဘယ်သူလိုက်ချင်လဲ။”

ရှောင်းဟုန်သည် သူမ၏ နီရဲရဲဦးခေါင်းလေးအား လှုပ်ယမ်းကာဖြင့် ချိုသာသည့် အသံလေးဖြင့် ပြောလေသည်။ “ရှောင်းဟုန်လေးက သေမျိုးကမ္ဘာမှာ ရာစုနှစ်တစ်ခုကျော်ကျော်လောက် နေရောင်ခြည်စုပ်ယူခဲ့ရတာ။ အဲဒါကြောင့် မလိုက်ချင်ပါဘူးနော်။”

ရှောင်ချိုးသည်လည်း ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က လတ်တလောမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တက်ထားတာဆိုတော့ ဒီမှာပဲနေခဲ့တာ ကောင်းလိမ့်မယ်။ လပြည့်ဝန်းတောင်တစ်ဝိုက်က ချီစွမ်းအင်ကို စုပ်ယူပြီးတော့ ကျင့်ကြံခြင်းအခြေခံမာအောင် ပြုလုပ်ရဦးမယ်။”

အန်လင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ကျောင်းတော်ထက် ပိုမိုကောင်းမွန်သော ကျင့်ကြံသည့်နေရာ မရှိသည့်အတွက် ရှောင်ချိုး၏ ဆုံးဖြတ်ချက်အား နားလည်ပေသည်။

ထိုအခွင့်အရေးကြောင့် တပိုင်၏မျက်လုံးများ တလက်လက်တောက်ပလာသည်။ “ကမ္ဘာပေါ်က စကီလေးတွေက ကိုးပြည်ထောင်နိုင်ငံတော်ထက် ပိုလန်းလား။ ဝုတ်”

“ကိုးပြည်ထောင်နိုင်ငံတော်က ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ အရည်အသေါးအားဖြင့်တော့ သာတာပေါ့။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ မင်းကို မိတ်ဆက်ပေးလို့ရတဲ့ အမျိုးသမီးကျင့်ကြံသူတွေ အများကြီးရှိတယ်နော်။” အန်လင်း ရယ်မောကာဖြင့် တပိုင်၏ စိတ်ဝင်စားမှုအား ရရှိနိုင်ရန် ကြိုးပမ်းလိုက်သည်။

ခွေးပျံစီးနင်းကာဖြင့် ကမ္ဘာပေါ်ရှိ လူများအား ကြွားဝါနိုင်မည့် အခွင့်အရေးအား စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တပိုင် နေခဲ့ရန် ခွင့်မပြုနိုင်ချေ။

တပိုင်မှာ စိတ်ဝင်စားမိသော်လည်း ဆုံးဖြတ်ချက်မချနိုင်ဘဲ ရှိနေလေသည်။ ထို့ကြောင့် အန်လင်းသည် သူ၏ နောက်ဆုံးသော ကျည်ဆန်အား ပစ်လွှတ်လိုက်လေသည်။ “သောက်ရမ်းလှတဲ့ စကီလေးတွေရဲ့ လုံးတီးပုံတွေ ပြမှာနော်။”

“ကျွန်တော်သွားမယ် အန်ကော။ ဝုတ်”

တပိုင်မှာ သူ၏ စကားများအောက် ကျရှုံးသွားခဲ့ရပြီး ချက်ချင်းဆိုသလို သဘောတူလေသည်။

အန်လင်းမှာ ကျေနပ်ပီတိဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ရိုက်ခတ်နေလေသည်။

နှစ်နှစ်ကြာပြီးသည့်နောက်တွင် အိမ်ပြန်နိုင်တော့မည် ဖြစ်သည်။

အဖေ့ရဲ့ ကျင့်ကြံခြင်းအခြေအနေ ဘယ်လိုရှိလဲ။

ကမ္ဘာပေါ်က ကျင့်ကြံသူ ဘော်ဒါတွေကော အဆင်ပြေကြရဲ့လား။

မနက်ဖြန်မှာ ဓားအင်မော်တယ် အန်လင်းက မင်းတို့ဆီကို လာလည်တော့မယ်။

***

All Chapters