ရွက်လှေက အရာရာကို မကာကွယ်နိုင်၊ ဆုဝမ်၏ အမှား
Vol. 8 Ch. 106
လူတိုင်းက ရှောင်းယီသည် ဤပစ္စည်းအားလုံးကို ရိက္ခာသေတ္တာများထဲမှ ရရှိထားသည်ဟုသာ ထင်မှတ်ထားကြခဲ့၏။
နေ့စဉ် လက်မှတ်ထိုးဝင်ခြင်းစနစ်သည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး မည်သူ့ကိုမျှ သူပြောပြမည်မဟုတ်ပေ။
ခရီးစဉ်ကို အလောတကြီး ထွက်ခွာခဲ့ရသောကြောင့် သူသည် ရွက်သင်္ဘောအကြောင်းကိုလည်း မပြောပြဖြစ်ခဲ့ပေ။
ထို့ကြောင့် ရှောင်းယီသည် တစ်ရက်တည်းနှင့် ကီလိုမီတာ သုံးထောင်ခရီးကို မည်သို့ အသွားအပြန် လုပ်နိုင်သည်ဆိုသည်ကို မည်သူမျှ စဉ်းစား၍မရနိုင်ဘဲ ဖြစ်နေခဲ့ကြသည်။
“တကယ်လို့ ရှောင်းယီမှာ အဲ့ဒီလောက် မြန်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ် ရှိနေတယ်ဆိုရင် အဘိုးယွမ်...ကျုပ်အထင်တော့ အခြေအနေကို ခဏစောင့်ကြည့်တာ ပိုကောင်းမယ်ထင်တယ်။”
ကျန်းယွင်ထျန်းက အကြံပြုလိုက်၏။ယွမ်နွန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ... ငါတို့ စောင့်ကြည့်ကြတာပေါ့။”
ပင်လယ်ပြင်ထက်တွင် ရွက်သင်္ဘောသည် အရှိန်ပြင်းစွာဖြင့် ပြေးလွှားနေပြီး အတွင်းခန်းထဲ၌ ရှောင်းယီသည် သူ၏ လွန်ခဲ့သော ရက်အနည်းငယ်က စွန့်စားခန်းများနှင့် သူငယ်ချင်းများအကြောင်းကို အန်းရန်အား ပြောပြနေခဲ့သည်။
“နင့်ရဲ့ အထက်လူကြီးဟောင်းနဲ့တောင် ဆုံခဲ့သေးတာလား။”
အန်းရန်က အံ့ဩတကြီး မေးလိုက်သည်။
“ငါလည်း အဲ့တုန်းက အံ့ဩသွားတာပဲ။ ပထမဆုံး အရောင်းအဝယ် လုပ်ဖြစ်တာက ငါသိတဲ့သူ ဖြစ်နေမယ်လို့ မထင်ထားမိခဲ့ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူမက ငါ့ကို အများကြီး ကူညီပေးခဲ့ဖူးတယ်။”
အန်းရန်က ခေါင်းငြိမ့်လိုက်ရင်း “သူမက လှလား” ဟု မေးလိုက်သည်။
“မဆိုးပါဘူး။”
ရှောင်းယီက ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်မိ၏။ ထိုစဉ် သူ့စကား လွန်သွားသည်ကို သတိထားမိသွားသောအခါမှ ချက်ချင်းပင် ထပ်ပြောလိုက်ရသည်။
“ဒါပေမဲ့ မင်းနဲ့တော့ မယှဉ်နိုင်ပါဘူး။ မင်းက ကမ္ဘာပေါ်မှာ အလှဆုံးပဲ။”
“ဟွန့်... လူလည်။”
အန်းရန်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။ ထိုစဥ် ရှောင်းယီသည် သူမကို လေးလေးအးနက်နက် ကြည့်လိုက်၏။
“အန်းရန် ငါ တောင်းပန်ပါတယ်။ အရင်က ငါ အရမ်း ခေါင်းမာခဲ့မိတယ်။ ဦးလေးအန်းက အဲ့ဒီရက်တွေမှာ မင်း ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ ငါ့ကို ပြောပြခဲ့တယ်။ ဒီနေ့ကစပြီး မင်းကို ဘယ်တော့မှ ထပ်ပြီး စိတ်မဆင်းရဲစေရဘူးလို့ ငါ ကတိပေးပါတယ်။”
ထိုအခါ အန်းရန်က သူ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“နင်နဲ့ အတူရှိနေရသရွေ့ အဲ့ဒါတွေက အရေးမကြီးပါဘူး။”
သူလည်း သူမကို ပြန်လည်ဖက်ထားရင်း မနေနိုင်ဘဲ ငုံ့၍ နမ်းလိုက်မိသည်။ ထိုစဉ်...
ဘုန်း!
ရွက်သင်္ဘောကြီးသည် ဝေဟင်သို့ မြောက်တက်သွားပြီး ရေပြင်ပေါ်သို့ ပြန်ကျလာခဲ့၏။
နှစ်ယောက်သား ယိုင်နဲ့သွားပြီး ကြည်နူးစရာ အခိုက်အတန့်လေးမှာ ရုတ်ခြည်း ပျက်စီးသွားတော့သည်။
“တောက် ဘာဖြစ်တာလဲကွ...။”
ရှောင်းယီ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
“ရွက်သင်္ဘောက သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။”
ရှောင်ယောက် ချက်ချင်း အစီရင်ခံလာခဲ့သည်။
“ပျက်စီးသွားတာရှိလား။”
ရှောင်းယီက မေးလိုက်သည်။
“မရှိပါဘူး...။ ဒါပေမဲ့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျုပ်တို့တွေ ဘောလုံးပုတ်သလို အပုတ်ခံနေရလိမ့်မယ်။”
ရှောင်ယောက်က ပြန်ဖြေလိုက်သည်။ သူ၏စကားမဆုံးမီမှာပင် ရွက်သင်္ဘောသည် ဘေးတိုက် ထပ်မံ ဝှေ့ယမ်းခံလိုက်ရပြန်သည်။ ရှောင်းယီ၏ သန်မာမှုကြောင့်သာ သူနှင့် အန်းရန်တို့ နံရံနှင့် မဆောင့်မိသွားခဲ့ခြင်း ဖြစ်သည်။
“ရှောင်ယောက် အမြန်ဆုံး မောင်းထွက်တော့။”
ရှောင်းယီက အမိန့်ပေးလိုက်၏။ ထို့နောက် ထိုသတ္တဝါကြီးသည် တစ်နာရီ ကီလိုမီတာ ၆၀၀ နှုန်းဖြင့် ပြေးနိုင်သော ရွက်သင်္ဘောကြီးကို အမီမလိုက်နိုင်တော့ဘဲ နောက်တွင် ကျန်ရစ်ခဲ့တော့သည်။
“အကာအကွယ်တွေ ကောင်းပေမဲ့ ရွက်သင်္ဘောက တကယ်ပြိုင်ဘက်ကင်းနေတာမျိုး မဟုတ်သေးဘူးပဲ။”
ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါတောင်မှ အရမ်း အံ့ဩဖို့ ကောင်းနေပါပြီ။ ဒီရွက်သင်္ဘောပေါ်မှာ ငါတို့ ပိုပြီး သန်မာလာအောင် လုပ်လို့ရတာပဲ။”
အန်းရန်က ဆိုသည်။
“မဟုတ်ဘူး။ ငါတို့ရဲ့ အဓိက အခြေစိုက်စခန်းက ကျွန်းပဲ။ ရွက်သင်္ဘောက အပျော်စီးဖို့အတွက်သက်သက်ပဲ။”
ရှောင်းယီက လက်ကာပြရင်း ပြောသည်။
“ဒီလောက် ကောင်းတဲ့ ရွက်သင်္ဘောကြီးကို အလဟဿ ထားထားမလို့လား။ နှမြောစရာကြီး...။”
အန်းရန်သည် ရှောင်းယီ၏ ကျွန်းက မည်သို့ရှိသည်ကို မသိသေးပေ။ သူမ၏ စိတ်ထဲတွင် လူတိုင်းသည် တဲအိမ်လေးများဖြင့်သာ နေထိုင်နေကြရသည်ဟု ထင်နေဆဲပင်။
ထိုအခါ ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြုံးလိုက်သည်။
“ကျွန်းကို ပြန်ရောက်ရင် မင်း သိပါလိမ့်မယ်။”
တစ်ဖက်တွင်မူ ဆုဝမ်သည် သူမ၏ ကျွန်းပေါ်သို့ ရိက္ခာသေတ္တာတစ်လုံးကို ဆွဲတင်နေခဲ့၏။
ကမ်းခြေသို့ ဆွဲတင်ပြီးသည်နှင့် သူမသည် ရွက်လှေတစ်စင်း သူမထံ ဦးတည်လာနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါ သူမသည် ဝမ်းသာအားရဖြင့် ကမ်းခြေမှ လှမ်းအော်လိုက်သည်။
“အဘိုးယွမ်....ဒီမှာ။”
သူမသာ ရှောင်းယီကဲ့သို့ အသိပေးစနစ် ရှိပါက ဤလှေသည် ယွမ်နွန်၏ လှေမဟုတ်ကြောင်း ချက်ချင်း သိခဲ့မည်ဖြစ်သည်။ ၎င်းသည် အလတ်စား ရွက်လှေမဟုတ်ဘဲ အသေးစား ရွက်လှေတစ်စင်းသာ ဖြစ်သည်။
လှေကို မောင်းနှင်လာသူ ကျိုးရွှမ်းဝူသည် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသောအခါ မျက်ခုံးပင့်လိုက်မိသည်။
“ကံကောင်းတာပဲ...မိန်းကလေးတစ်ယောက် ရှိနေတဲ့ ကျွန်းပဲ။ သူက ငါ့ကို တစ်ခြားလူနဲ့ မှားနေပုံရတယ်။ အကွက်ဆိုက်တာပဲ။”
သူသည် ကမ်းခြေသို့ ရောက်သည်နှင့် လှေပေါ်မှ ခုန်ဆင်းလိုက်၏။
ဆုဝမ် သတိမထားမိခင်မှာပင် သူ၏ ဓားမြှောင်သည် သူမ၏ လည်ပင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ရှင် ဘယ်သူလဲ။”
သူမက မေးလိုက်သည်။ သူမ လူမှားသွားပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းထားလိုက်၏။
“အလှလေးပဲ။”
ကျိုးရွှမ်းဝူက ပြုံးလိုက်သည်။
“ငါက တိလင်းအင်ပါယာက ကျိုးရွှမ်းဝူပဲ။ မင်းသာ ငါ့နောက် လိုက်ခဲ့မယ်ဆိုရင် ငါ မင်းကို ဘုရင်မတစ်ပါးလို ထားပေးမယ်။ ဘယ်လိုလဲ....။”
“နေ့တိုင်း အဆင့်မြင့် အစားအစာတွေ ကျွေးမှာလား။”
ဆုဝမ်က အချိန်ဆွဲရန် မေးလိုက်သည်။ ရှောင်းယီသာ သူမ အဖမ်းခံရသည်ကို သိလျှင် သူမကို လာကယ်မည်လားဟု သူမ တွေးနေမိ၏။
ကျိုးရွှမ်းဝူက နှာခေါင်းရှုံ့လိုက်သည်။
“အိပ်မက်မက်မနေနဲ့။ အဆင့်မြင့် အစားအစာဆိုတာ အံ့ဩစရာ ကံကောင်းမှ ရတာမျိုးကွ။”
သူကိုယ်တိုင်ပင် အဆင့်သတ်မှတ်ချက်ရှိသော အစားအစာများကို တစ်ခါမျှ မစားဖူးချေ။
“ဒါဆို ရှင်ပြောတဲ့ ကောင်းမွန်တဲ့ ဘဝဆိုတာ ဘာလဲ။”
ဆုဝမ်က ပြန်ပက်လိုက်သည်။
“စကားများမနေနဲ့...။ မင်း ခုနက ခေါ်လိုက်တဲ့ အဘိုးယွမ်ဆိုတာ ဘယ်သူလဲ ပြောစမ်း။”
ကျိုးရွှမ်းဝူက ခြိမ်းခြောက်လိုက်၏။ ဆုဝမ်က သူ့ကို အေးစက်စွာသာ ပြန်ကြည့်ပြီး ဘာမှမပြောဘဲ နေလိုက်သည်။
‘အဲ့ဒီအဘိုးယွမ်ဆိုတဲ့လူ ရောက်လာတဲ့အထိ ငါ စောင့်ကြည့်ရဦးမယ့်ပုံပဲ။’
ကျိုးရွှမ်းဝူက တွေးလိုက်သည်။