← Chapters

ရွှမ်းဝူက အခြေအနေကို ထိန်းချုပ်ထားပြီး ယွမ်နွန်က ခုခံမှုကို လက်လျှော့လိုက်တယ်

Vol. 8 Ch. 107

ရွှမ်းဝူက အခြေအနေကို ထိန်းချုပ်ထားပြီး ယွမ်နွန်က ခုခံမှုကို လက်လျှော့လိုက်တယ်

Vol. 8 Ch. 107

အဘိုးယွမ်ဟု ခေါ်သောကြောင့် ကျိုးရွှမ်းဝူသည် တစ်ဖက်လူမှာ သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။ သူကိုယ်တိုင်က ငယ်ရွယ်သန်စွမ်းသူဖြစ်ရာ ထိုလူကို နှိမ်နင်းရန်မှာ ပြဿနာမရှိနိုင်ဟု ယူဆလိုက်သည်။

ထို့ကြောင့် ကျိုးရွှမ်းဝူသည် ဆုဝမ်၏ လက်နှင့်ခြေထောက်များကို ကြိုးတုတ်ကာ သူမကို တဲအတွင်းသို့ တွန်းပို့လိုက်၏။ အပြင်ဘက်တွင် တစ်စုံတစ်ယောက် အချိန်မရွေး ရောက်လာနိုင်သောကြောင့် ကျိုးရွှမ်းဝူသည် အာရုံမပျံ့လွင့်သွားစေရန် ဂရုစိုက်နေလိုက်သည်။

အနီးအနား၌ အိမ်သာသုံးစက္ကူများကို တွေ့သောအခါ သူသည် ချက်ချင်းပင် လုံးထွေးပြီး ဆုဝမ်၏ပါးစပ်ထဲသို့ အသံမထွက်နိုင်စေရန် ထိုးထည့်ထားလိုက်သည်။

“မင်း ရိက္ခာသေတ္တာထဲကနေ အိမ်သာသုံးစက္ကူ ရလိမ့်လာမယ်လို့ ငါမထင်ထားမိဘူး။ တော်တော်ကံကောင်းတာပဲ။ ဒါပေမဲ့ ဒါက သိပ်တော့ အသုံးမဝင်ဘူး။”

ကျိုးရွှမ်းဝူက ထိုသို့ပြောရင်း အပြင်ဘက်ကို သတိဖြင့် အကဲခတ်နေလိုက်သည်။

ဆုဝမ်ကမူ စိတ်ထဲမှ နှာခေါင်းရှုံ့ကာ ကျိန်ဆဲနေမိ၏။

“အသုံးမဝင်ဘူး ဟုတ်လား။ ဒီအိမ်သာသုံးစက္ကူက နတ်ဘုရားလက်နက်ဟဲ့။”

တစ်ချိန်တည်းမှာပင် သူမသည် ရောက်ရှိလာတော့မည့် ယွမ်နွန်အား မည်သို့ သတိပေးရမည်နည်းဟု စဉ်းစားနေမိသည်။ သို့သော် ရန်သူ့လက်ထဲတွင် လက်နက်ရှိနေပြီး သူမ၏ သံလှံမှာလည်း တဲအပြင်ဘက်တွင်သာ ရှိနေခဲ့လေသည်။

ယွမ်နွန် ကျွန်းမှားမသွားစေရန်အတွက် သူတို့နှစ်ဦးသည် ကြိုတင်သဘောတူညီချက်တစ်ခု လုပ်ထားခဲ့ကြသည်။ ၎င်းမှာ သူမ၏ တဲပေါ်တွင် သံလှံကို မတ်မတ်စိုက်ထားပြီး လှံဖျားတွင် အိမ်သာသုံးစက္ကူတစ်ချပ်ကို ထိုးစိုက်ထားရန် ဖြစ်သည်။

ဤကမ္ဘာတွင် အိမ်သာသုံးစက္ကူသည် ရှောင်းယီထံတွင်သာ ရှိပြီး အခြားမည်သည့်နေရာမျှမှ မရနိုင်ပေ။ ထို့အပြင် ၎င်း၏ အဆင့်မြင့်မားမှုကြောင့် ရှောင်းယီသည် သူတို့အဖွဲ့ဝင်များမှလွဲ၍ အခြားသူများကို ရောင်းချခြင်းမရှိပေ။ ထို့ကြောင့် အိမ်သာသုံးစက္ကူရှိနေခြင်းက ဆုဝမ်၏ ကျွန်းဖြစ်ကြောင်း အသေအချာ အတည်ပြုနိုင်ခြင်းပင်။

မွန်းလွဲ ၁၂:၁၅ နာရီတွင် ယွမ်နွန်သည် ဆုဝမ်၏ကျွန်းသို့ နောက်ဆုံး၌ ဆိုက်ရောက်လာခဲ့လေသည်။ အဝေးမှ ကြည့်လိုက်လျှင် သမုဒ္ဒရာပြင်ကျယ်ကြီးထဲတွင် တဲတစ်လုံးရှိသော ကျွန်းငယ်လေးကို မြင်နေရပြီဖြစ်သည်။ တဲအပေါ်တွင် သံလှံတစ်ချောင်းကို မတ်မတ်စိုက်ထားပြီး အိမ်သာသုံးစက္ကူတစ်ချပ်မှာ လေထဲ၌ ဝေ့ယမ်းနေခဲ့သည်။

“ဒီကျွန်းပဲ ဖြစ်ရမယ်။”

ယွမ်နွန်သည် သူ၏ရွက်လှေကို ကျွန်းဆီသို့ ချက်ချင်းပင် ဦးတည်မောင်းနှင်လိုက်တော့သည်။

သို့သော် နီးလာသောအခါ ဆုဝမ်၏ကျွန်းဘေးတွင် အခြားအသေးစားရွက်လှေတစ်စင်း ရှိနေသည်ကို ယွမ်နွန် ရုတ်တရက် တွေ့ရှိသွားခဲ့သည်။

“ဆုဝမ်က ရွက်လှေထုတ်လုပ်မှုပုံစံ ရထားတာလား။ ငါ့ကို ပြောတာလည်း မကြားမိပါလား။”

ယွမ်နွန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“သူမက ငါတို့ကို အံ့ဩအောင် လုပ်ချင်နေတာလား။”

ယခုအချိန်အထိ ယွမ်နွန်သည် ဆုဝမ်၏ကျွန်းပေါ်သို့ တစ်စုံတစ်ယောက် အရင်ရောက်နေလိမ့်မည်ဟု မစဉ်းစားမိသေးပေ။ ကျွန်းသို့ ဆိုက်ကပ်လာသောအခါ လူသူမတွေ့ရသဖြင့် သူက တဲဆီသို့ လှမ်းအော်လိုက်သည်။

“ဆုဝမ် ငါရောက်ပြီ... ငါ ယွမ်နွန်။”

ပြောပြောဆိုဆိုနှင့်ပင် ယွမ်နွန်သည် လှေပေါ်မှ ဆင်းကာ ကျွန်းပေါ်သို့ ခြေချလိုက်၏။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ငါ စောင့်နေရတာ တစ်မနက်ခင်းလုံးပဲ။”

တဲအတွင်းမှ အမျိုးသားတစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“သွားပြီ..။”

ယွမ်နွန် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။

“ထပ်မလှုပ်နဲ့...။ လှုပ်ရင် ဒီမိန်းမကို သတ်ပစ်လိုက်မယ်။”

ကျိုးရွှမ်းဝူသည် ဆုဝမ်ကို အရှေ့သို့ တွန်းထုတ်ရင်း ထွက်လာခဲ့သည်။ သူမ၏ လည်ပင်းတွင် ဓားတစ်ချောင်းကို ထောက်ထားဆဲပင်။

ယွမ်နွန်က ချက်ချင်းပင် ပြောလိုက်သည်။

“စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့။ ငါ မလှုပ်တော့ဘူး။”

ကျိုးရွှမ်းဝူ၏ မျက်လုံးများသည် ယွမ်နွန်၏ လှေဆီသို့ ရောက်ရှိသွားခဲ့ပြီး အလင်းရောင်များ တောက်ပသွားခဲ့သည်။ ထိုလှေက သူ၏ အသေးစားလှေထက်ပင် ပိုကြီးနေသည်မဟုတ်ပါလား။ လှေငယ်လေးက သူ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားခြင်း ဖြစ်သည်။ အကယ်၍ သူ့တွင် ဤကဲ့သို့ လှေကြီးတစ်စင်းသာ ရှိလျှင် သူသည် ပိုမိုကြီးထွားလာနိုင်ပြီး ဒဏ္ဍာရီလာ ပင်လယ်ဓားပြဘုရင်ပင် ဖြစ်လာနိုင်ပေသည်။

“အရင်ဆုံး ခင်ဗျားကိုယ်ခင်ဗျား အရင်ကြိုးတုတ်လိုက်။”

ကျိုးရွှမ်းဝူက အနီးရှိ ငါးဖမ်းပိုက်ကို ညွှန်ပြကာ အမိန့်ပေးလိုက်သည်။

ယွမ်နွန်က ခေါင်းငြိမ့်ပြပြီး သူခိုင်းသည့်အတိုင်း သူ၏ ခြေထောက်များကို အရင်ဆုံး ချည်နှောင်လိုက်၏။

“ဒါပေမဲ့ ငါ့လက်တွေကိုတော့ မင်းကိုယ်တိုင် လာချည်မှရလိမ့်မယ်။”

ယွမ်နွန်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။

“ဟမ့် ကောက်ကျစ်ဖို့ စဉ်းစားမနေနဲ့။”

ကျိုးရွှမ်းဝူက အေးစက်စွာ ပြောလိုက်၏။

“အဲဒီနေရာမှာပဲ ငြိမ်ငြိမ်နေ။”

ယွမ်နွန်က သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပေးထားပြီး ကျိုးရွှမ်းဝူက ဆုဝမ်ကို ဓားဖြင့်ထောက်ထားရင်း ယွမ်နွန်ဆီသို့ လျှောက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ဆုဝမ်၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချိန်မတော် အသံမြည်လာခဲ့သည်။

ကျိုးရွှမ်းဝူ ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ယွမ်နွန်ကမူ စိတ်ထဲမှ သက်ပြင်းချလိုက်မိလေသည်။ အကယ်၍ ထိုလူသာ အနားသို့ နီးနီးကပ်ကပ် ရောက်လာပါက သူသည် တစ်ဖက်လူကို ဖမ်းဆီးနိုင်မည့် အခွင့်အရေး ရှိနေသည်ဟု ယုံကြည်နေသောကြောင့်ပင်။ ယွမ်နွန်သည် သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုအပေါ် အလွန်ယုံကြည်ချက် ရှိပေသည်။

“မလှုပ်နဲ့...။”

ကျိုးရွှမ်းဝူသည် ဆုဝမ်ကို တဲဆီသို့ ပြန်လည်တွန်းပို့လိုက်ပြီး တဲကို ဓားဖြင့် ခွဲလိုက်ရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ကျောက်တိုင်ပေါ်ရှိ စာတိုကို မြင်သောအခါ ကျိုးရွှမ်းဝူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့၏။

“ဆုဝမ် အဘိုးယွမ် မင်းရဲ့ကျွန်းကို ရောက်ပြီလား။”

ကျန်းယွင်ထျန်းက ဂရုချက်ထဲတွင် မေးထားခြင်း ဖြစ်သည်။

ထိုအခါ ကျိုးရွှမ်းဝူက အနည်းငယ်စဉ်းစားပြီး မေးလိုက်သည်။

“မင်းတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်မှာရှိလဲဆိုတာ သိနေကြတာလား။”

ဆုဝမ်နှင့် ယွမ်နွန်တို့ နှစ်ဦးစလုံးသည် ခေါင်း တစ်ဖက်လွှဲထားလိုက်ကြပြီး ဘာမှ ပြန်မဖြေကြပေ။ ထိုအခါ ကျိုးရွှမ်းဝူသည် ကျောက်တိုင်အနားသို့ တိုးသွားပြီး မြေပုံစာမျက်နှာသို့ ပြောင်းရန် ကြိုးစားလိုက်၏။

သူတို့ တစ်ဦးနှင့်တစ်ဦး တည်နေရာကို သိနေကြပါက မြေပုံမှတစ်ဆင့်သာ ဖြစ်ရပေလိမ့်မည်။ အခြား မည်သည့် အဆင့်မြင့်ကိရိယာကိုမှ သူတို့ထံတွင် မတွေ့ရပေ။

ကျိုးရွှမ်းဝူသည် မြေပုံခလုတ်ကို နှိပ်လိုက်သော်လည်း သူကိုယ်တိုင် အသုံးပြု၍ မရသည်ကို တွေ့လိုက်ရာ အံ့ဩသွားခဲ့၏။ အနည်းငယ်စဉ်းစားပြီးနောက် သူ အကြောင်းရင်းကို နားလည်သွားခဲ့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပိုင်ရှင်ကသာ အသုံးပြုနိုင်ပြီး အခြားသူများကမူ ကြည့်ရုံသာ ကြည့်နိုင်မည်ဖြစ်သည်။

ထိုအခါ ကျိုးရွှမ်းဝူသည် ဆုဝမ်ကို ဓားဖြင့် ဖိအားပေးကာ ခိုင်းလိုက်သည်။

“မြေပုံကို ဖွင့်လိုက်စမ်း။”

သို့သော် ဆုဝမ်က မလှုပ်မယှက် ရပ်နေခဲ့၏။ ထိုအခါ ယွမ်နွန်က ဝင်ပြောလိုက်သည်။

“သူခိုင်းတဲ့အတိုင်း လုပ်လိုက်ပါ။ အသက်ရှင်နေမှ မျှော်လင့်ချက် ရှိလိမ့်မယ်။”

သူတို့အနေဖြင့် ရှောင်းယီတို့ တစ်ခုခု မှားယွင်းနေပြီဆိုသည်ကို သိရှိစေရန် အချိန်ဆွဲထားရမည် ဖြစ်သည်။

“မင်း တွေ့လား...။ လူကြီးတွေက ပိုပြီး အမြင်ကျယ်တယ်။ မြန်မြန်လုပ်စမ်း။”

ကျိုးရွှမ်းဝူက ဆိုလိုက်သည်။

ဆုဝမ်က အနည်းငယ်စဉ်းစားပြီးနောက် မြေပုံကို နှိပ်လိုက်တော့လေသည်။ ကျိုးရွှမ်းဝူသည် မြေပုံပေါ်တွင် အလင်းစက် သုံးစက်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားတော့သည်။

ထိုအထဲတွင် ရှောင်းယီနှင့် အန်းရန်တို့၏ အလင်းစက်၊ ဆုဝမ်နှင့် ယွမ်နွန်တို့၏ အလင်းစက်များမှည တစ်စုတစ်ဝေးတည်း ဖြစ်နေကြလေသည်။ မြေပုံကို ချဲ့မကြည့်ပါက အလင်းစက် သုံးစက်သာ ရှိသည်ဟု ထင်ရမည် ဖြစ်သည်။

“ဒါကို ဘယ်လိုလုပ်ထားတာလဲ။”

ကျိုးရွှမ်းဝူက မေးလိုက်ပြီး ဓားကို ဆုဝမ်၏လည်ပင်းသို့ ပိုမိုဖိကပ်လိုက်၏။

“ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်နော်။”

ထိုအခါ ယွမ်နွန်က ချက်ချင်း ဝင်ပြောလိုက်သည်။

“ငါတို့ တည်နေရာပြ ကိရိယာတစ်ခု ရခဲ့တယ်။ အဲ့ဒါကို သုံးလိုက်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေထဲကို ရောက်သွားတာပါ။”

“အဲဒီလို ပစ္စည်းမျိုး ရှိလို့လား။”

ကျိုးရွှမ်းဝူက မျက်ခုံးပင့်ကာ မယုံသင်္ကာဖြင့် မေစလိုက်သည်။

“ရှိတာပေါ့။ မရှိရင် ငါတို့ တစ်ယောက်ရဲ့တည်နေရာကို တစ်ယောက် ဘယ်လိုလုပ် သိနိုင်မှာလဲ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

ကျိုးရွှမ်းဝူက မြေပုံပေါ်ရှိ အလင်းစက်များကို ကြည့်ကာ အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်သည်။

“ခင်ဗျားတို့တို့ထဲမှာ ဘယ်သူက အဖွံ့ဖြိုးဆုံးလဲ။”

“ဒီတစ်ယောက်ပေါ့။ ကြည့်လေ...ငါတို့ ကျွန်းတွေမှာ ဘာမှမရှိဘူး။ အားလုံးက လူတစ်ယောက်တည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထောက်ပံ့ပေးထားတာပဲ။ သူက ငါတို့ကို နေ့တိုင်း အစားအစာနဲ့ ရေ ပို့ပေးတယ်။”

ယွမ်နွန်က အလင်းစက်တစ်ခုကို ကျပန်းညွှန်ပြကာ အမှန်နှင့်အမှား ရောနှော၍ ပြောလိုက်သည်။

ကျိုးရွှမ်းဝူ ဆုဝမ်၏ ကျွန်းကို ဝေ့ကြည့်လိုက်၏။ ယွမ်နွန် ပြောသကဲ့သို့ အရင်းအမြစ်များမှာ မရှိသလောက်ပင်။ ဆုဝမ်နှင့် အခြားသူများသည် သူတို့ မလိုအပ်သော အရင်းအမြစ်များ အားလုံးကို ရှောင်းယီထံသို့ ပို့ထားပြီးဖြစ်သဖြင့် ဤနေရာတွင် ဘာမှ မကျန်တော့ပေ။

သို့သော် ရှောင်းယီ မနက်က ပို့ပေးထားသော ပင်လယ်ငါးနှင့် သောက်ရေအချို့တော့ ကျန်ရှိနေသေးသည်။

“ဒီနေရာကနေ အဲ့ဒီကျွန်းကို ဘယ်လောက် ဝေးလဲ။”

ကျိုးရွှမ်းဝူက ယွမ်နုံ ညွှန်ပြသော ကျွန်းဆီသို့ကြည့်ကာ မေးလိုက်သည်။

“ကီလိုမီတာ ရှစ်ရာလောက် ဝေးပါတယ်။”

ယွမ်နွန်သည် ခုခံမှုကို လုံးဝ လက်လျှော့လိုက်သည့်ဟန်ဖြင့် ပွင့်ပွင့်လင်းလင်းပင် ဖြေကြားလိုက်လေသည်။

All Chapters