ရှောင်းယီ ပြန်ရောက်လာခြင်းနှင့် ကယ်ဆယ်ရေးခရီးစဉ် ပြန်လည်စတင်ခြင်း
Vol. 8 Ch. 108
အခြေခံအချက်အလက်အချို့ကို သိရှိပြီးနောက် ကျိုးရွှမ်းဝူသည် ဆုဝမ်ကို သူ၏ အသေးစားရွက်လှေဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ လှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ရောက်သောအခါ သူသည် တိလင်းအင်ပါယာ အဖွဲ့ခေါင်းဆောင်ထံသို့ အစီရင်ခံစာ ပို့လိုက်တော့လေသည်။
“ဥက္ကဌ ကျုပ် အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ရရှိထားပါတယ်။ ကျွန်းတစ်ကျွန်း တွေ့ခဲ့တယ်။”
ကျိုးရွှမ်းဝူက ပြောလိုက်သည်။
“မင်း ရှာနေတာ တော်တော်ကြာပြီပဲလေ။ တစ်ခုခုတော့ တွေ့သင့်တာပေါ့။ ကျွန်းပေါ်က လူတွေကိုရော ရှင်းပြီးပြီလား။”
တိလင်းထျန်းရှားက အေးစက်စွာ မေးလိုက်သည်။
“အားလုံးကို ကျုပ်လက်အောက် ရောက်အောင် လုပ်ထားပြီးပါပြီ။”
ကျိုးရွှမ်းဝူက ဆက်ပြောလိုက်သည်။
“သူတို့ဆီမှာ တည်နေရာပြ ကိရိယာလိုမျိုး ပစ္စည်းတစ်ခု တကယ်ရှိနေတယ်။”
“ဘာ!”
ဥက္ကဌ၏ တည်ငြိမ်နေသော လေသံမှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး စိုးရိမ်တကြီးဖြင့် ပြောလာခဲ့သည်။
“မြန်မြန် လဲလှယ်လုပ်ပြီး ငါ့ဆီ ပို့လိုက်စမ်း...။ ငါ ကြည့်ချင်တယ်။”
သို့သော် ကျိုးရွှမ်းဝူက သက်ပြင်းချရင်း ပြန်ဖြေလိုက်လေသည်။
“သူတို့ပြောတာတော့ အဲဒါက တစ်ကြိမ် သုံးပစ္စည်းဖြစ်ပြီး သုံးပြီးတာနဲ့ သူတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထဲကို ပေါင်းစပ်သွားခဲ့တယ်တဲ့။”
“ဖြစ်နိုင်ပါတယ်...ဒီလိုပစ္စည်းမျိုးက စွမ်းအားအရမ်းကြီးတာပဲ။”
ဥက္ကဌမှာ အနည်းငယ် စိတ်ပျက်သွားပြီး ထိုသို့ဆိုကာ သူ့ဘာသာသူ ပြန်လည်နှစ်သိမ့်လိုက်သည်။
“ဒါပေမဲ့ သူတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုတော့ သိမ်းထားလိုက်။ အနာဂတ်မှာ အများကြီး အသုံးဝင်လိမ့်မယ်။”
ဥက္ကဌက အမိန့်ပေးသည်။
“နားလည်ပါပြီ။ နောက်မှ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားပြီး ဒီကျောက်တိုင် နှစ်ခုလုံးကို ကျုပ်နဲ့အတူ ယူလာခဲ့ပါ့မယ်။”
အနားတွင် ရပ်နေသော ဆုဝမ်သည် သူတို့၏ စကားပြောဆိုမှုကို မြင်သောအခါ နှုတ်ခမ်းထောင့်၌ အပြုံးရိပ်လေး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ယွမ်နွန် ပေးခဲ့သော သတင်းအမှားကို သူတို့ အမှန်တကယ် ယုံကြည်သွားပုံပင်။
ကျွန်းပေါ်တွင် လူနှစ်ယောက် ရှိသည်ဟု ကြားသောအခါ ဥက္ကဌသည် ကျိုးရွှမ်းဝူကို ကူညီရန် လူလွှတ်ပေးချင်သော်လည်း ကျိုးရွှမ်းဝူ ဘယ်နေရာမှာ ရှိသည်ကို သူ လုံးဝမသိသဖြင့် လက်လျှော့လိုက်ရ၏။
ကျိုးရွှမ်းဝူသည် ဆုဝမ်ကို ယွမ်နွန်၏ လှေပေါ်သို့ ပြန်ခေါ်လာခဲ့သည်။ ယွမ်နွန်၏ လှေခန်းထဲသို့ ရောက်သောအခါ ကျိုးရွှမ်းဝူသည် ယွမ်နွန်၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြင်လိုက်ရလေသည်။ သူက စိတ်ဝင်တစားဖြင့် သွားရောက် ထိတွေ့လိုက်ရာ...
“ကျေးဇူးပြု၍ ကျောက်တိုင်ကို ဖျက်ဆီးမလား သို့မဟုတ် လက်အောက်ခံ ကျောက်တိုင်အဖြစ် သိမ်းဆည်းမလား ရွေးချယ်ပါ။”
ဟူသော စာတိုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကျိုးရွှမ်းဝူ အံ့ဩသွားခဲ့သည်။ သို့သော် နောက်အခိုက်တွင် သူ အလွန်ဝမ်းသာသွားပြီး “လက်အောက်ခံ ကျောက်တိုင်အဖြစ် သိမ်းဆည်းမည်” ကို ရွေးချယ်လိုက်တော့သည်။
သူ ရွေးချယ်လိုက်သည်နှင့် ယွမ်နွန်၏ ကျောက်တိုင်ပေါ်ရှိ သူငယ်ချင်းစာရင်းနှင့် စာတိုများ အားလုံး ပျောက်ကွယ်သွားခဲ့တော့လေသည်။ ယခုအခါ ကျိုးရွှမ်းဝူသည် ဤကျောပ်တိုင်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။
တစ်ဖက်တွင်မူ ရှောင်းယီ၏ ကျွန်း၌ အန်းယွဲ့သည် ယွမ်နွန်၏ အမည်မှာ သူငယ်ချင်းစာရင်းမှ ပျောက်ကွယ်သွားသည်ကို ချက်ချင်း သတိပြုမိလိုက်၏။ သူက ဂရုထဲတွင် အခြေအနေကို ပြောပြပြီး ရှောင်းယီနှင့် အန်းရန်တို့ထံသို့ သီးသန့်စာတိုများ ပေးပို့လိုက်လေသည်။
ကျန်းယွင်ထျန်းသည်လည်း အခြေအနေမှာ မကောင်းကြောင်း သိလိုက်ပြီဖြစ်သည်။
“ဆုဝမ်နဲ့ အဘိုးယွမ်တို့ ကျုပ်ပို့တဲ့ စာကို ပြန်မဖြေကြဘူး။ တစ်ခုခု ပြဿနာရှိနေပြီ။ ရှောင်းယီကို ဆက်သွယ်လို့ ရပြီလား။”
အန်းယွဲ့က ခေါင်းခါပြလိုက်သည်။
“သူ့ဆီ စာပို့ထားပေမဲ့ ပြန်မဖြေသေးဘူး။”
“ရှောင်းယီ မြန်မြန်ပြန်လာနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်။”
ကျန်းယွင်ထျန်းက သက်ပြင်းချရင်း ပြောလိုက်သည်။ ရှောင်းယီ၏ ကျွန်းနှင့် ဆုဝမ်၏ ကျွန်းမှာ ကီလိုမီတာ ၈၀၀ ကျော် ဝေးသဖြင့် ရိုးရိုးရွက်လှေဖြင့် သွားပါက နာရီ ၃၀ ကျော် ကြာမည် ဖြစ်သည်။
ထိုအချိန်တွင် အရှေ့ဘက် ပင်လယ်ပြင်၌ အပြာရောင် အစင်းကြောင်းတစ်ခု ရေပြင်ကို ဖြတ်သန်းကာ အရှိန်ပြင်းစွာ လာနေသည်ကို ကျန်းယွင်ထျန်း မြင်လိုက်ရလေသည်။
“အဲ့ဒါ အပျော်စီးရွက်သင်္ဘောလား။ မဟုတ်ဘူး...ရွက်သင်္ဘောက အဲ့ဒီလောက် မမြန်နိုင်ဘူး။”
ကျန်းယွင်ထျန်း အံ့ဩတကြီး ရေရွတ်လိုက်သည်။ ထိုစဉ် ရှောင်းယီသည်လည်း သူ၏ ကျွန်းဘေးတွင် ဆိုက်ကပ်ထားသော လှေနှင့် ကုန်းပတ်ပေါ်မှ ကျန်းယွင်ထျန်းကို မြင်လိုက်ရပြီဖြစ်သည်။
“အစ်ကိုကျန်း...။”
ရှောင်းယီက ရွက်သင်္ဘော၏ကုန်းပတ်ပေါ်မှနေ၍ ကျန်းယွင်ထျန်းကို ဝမ်းသာအားရ လက်ပြလိုက်၏။ ထိုအခါ ကျန်းယွင်ထျန်းက ရှောင်းယီကို ကြည့်ကာ မေးလိုက်သည်။
“မင်း ဒီလောက် မြန်တဲ့ ရွက်သင်္ဘောကိုဘယ်တုန်းက ရလိုက်တာလဲ။”
“အဲ့ဒါက အရေးမကြီးပါဘူး။ အရင်ဆုံး ကုန်းပေါ်တက်ကြရအောင်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ သို့သော် ကျန်းယွင်ထျန်းက စိုးရိမ်တကြီးဖြင့် “အဘိုးယွမ်နဲ့ ဆုဝမ်တို့ တစ်ခုခု ဖြစ်နေပြီ” ဟု ပြောလိုက်ရာ ရှောင်းယီ၏ အပြုံးများ ပျောက်ကွယ်သွားတော့သည်။
အခြေအနေကို ကြားလိုက်ရပြီးနောက် ရှောင်းယီက တွန့်ဆုတ်မနေဘဲ ဆုံးဖြတ်လိုက်၏။
“အချိန်မဖြုန်းတော့ဘူး။ အခုချက်ချင်း ပြန်ထွက်ကြမယ်။”
ရှောင်းယီသည် ကျန်းယွင်ထျန်း၏ ကျွန်းအထိမ်းအမှတ်ကျောင်တိုင်ကို သူ၏ လက်အောက်ခံအဖြစ် ပြောင်းလဲရန် စီစဉ်ထားခဲ့သည်။ သို့သော် ကျန်းယွင်ထျန်း လှေပေါ်ရှိစဉ် ကျောက်တိုင်ကို ထိတွေ့လိုက်သော်လည်း ဘာမှ ထူးခြားမလာခဲ့ပေ။
“ဟင်... ဘာဖြစ်တာလဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့လိုက်မိ၏။
“အစ်ကိုကျန်း ခဏလောက် လှေပေါ်က ဆင်းပေးပါဦး။”
ပိုင်ရှင်ဖြစ်သူ ကျန်းယွင်ထျန်း လှေပေါ်မှ ဆင်းသွားသောအခါမှသာ ကျောက်တိုင်ကို သိမ်းဆည်းရန် အမိန့်စာသား ပေါ်လာတော့လေသည်။ ရှောင်းယီသည် ပိုင်ရှင်ဖြစ်သူ အနားတွင် မရှိမှသာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ် သိမ်းဆည်းနိုင်ခြင်းဖြစ်မည်ဟု တွေးတောမိလိုက်လေသည်။