← Chapters

အန်းရန်၏ အံ့အားသင့်မှုနှင့် ရွှမ်းဝူ၏ ဆုံးဖြတ်ချက်

Vol. 8 Ch. 109

အန်းရန်၏ အံ့အားသင့်မှုနှင့် ရွှမ်းဝူ၏ ဆုံးဖြတ်ချက်

Vol. 8 Ch. 109

“ဝုတ်... ဝုတ်... ဝုတ်...”

ဝမ်ချိုင်သည် လှေပေါ်မှ ဆင်းရန် ပြင်နေသော ကျန်းယွင်ထျန်းနှင့် အခြားတစ်ယောက်ကို ကြည့်ကာ ဟောင်နေတော့သည်။ ထိုအခါ ရှောင်းယီက အပြင်သို့ ထွက်လာပြီး လှမ်းအော်လိုက်ရသည်။

“ဝမ်ချိုင် တိတ်တိတ်နေစမ်း။ သူတို့က ငါတို့နဲ့အတူ နေမယ့်သူတွေပဲ။ သူတို့က သူငယ်ချင်းတွေပဲ..မင်းနားလည်လား။”

ထိုအခါ ဝမ်ချိုင်သည် နှစ်ချက်မျှ ထပ်ဟောင်လိုက်ပြီးနောက် ထိုနေရာတွင်ပင် ငြိမ်သက်စွာ ထိုင်ချလိုက်တော့သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ကျွင်းကျွင်းကို ချီ၍ လှေပေါ်မှ ဆင်းသွားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ထိတွေ့လိုက်ရာ အမိန့်စာသား ပေါ်လာခဲ့လေသည်။

“ကျောက်တိုင်ကို ဖျက်ဆီးမလား (သို့မဟုတ်) လက်အောက်ခံ ကျွန်းအဖြစ် လက်ခံမလား ရွေးချယ်ပါ။”

ရှောင်းယီသည် လက်အောက်ခံအဖြစ် လက်ခံရန် ရွေးချယ်လိုက်ပြီးနောက် ထိုကျောက်တိုင်ကို အန်းရန် အသုံးပြုနိုင်ရန် စနစ်အတွင်းမှ တာဝန်ပေးအပ်လိုက်လေသည်။ ဤနည်းဖြင့် အန်းရန်သည် ဤကျောက်တိုင်ကို ထိန်းချုပ်နိုင်သွားမည် ဖြစ်သည်။

“အန်းရန် အရင်ဆုံး ငါတို့ကျွန်းကို လိုက်ကြည့်ထားလိုက်ဦး။ တစ်နာရီကြာရင် ဒီကျောက်တိုင်ဆီ ပြန်လာခဲ့။ ငါတို့ မင်းကို အချိန်မရွေး ဆက်သွယ်ရနိုင်တယ်။”

ရှောင်းယီက မှာလိုက်၏။ ထို့နောက် ရှောင်းယီသည် ဝမ်ချိုင်၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

“အန်းရန်နဲ့ ကျွင်းကျွင်းကို သေချာစောင့်ရှောက်ထား။”

“ကျွင်းကျွင်း...အန်တီ့စကားကို နားထောင်နော်။”

ကျန်းယွင်ထျန်းကလည်း မှာလိုက်သည်။

“ကောင်းပြီ...ငါတို့ အခုချက်ချင်း ထွက်ကြမယ်။”

ရှောင်းယီသည် ကျန်းယွင်ထျန်းကို ခေါ်ဆောင်ကာ နှစ်ယောက်သား ရွက်သင်္ဘောပေါ်သို့ တက်လိုက်ကြ၏။

ရွက်သင်္ဘော၏ အတွင်းပိုင်းပြင်ဆင်မှုကို မြင်သောအခါ ကျန်းယွင်ထျန်းမှာ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

“အရင်ကမ္ဘာမှာဆိုရင်တောင် ဒီရွက်သင်္ဘောက သန်း ၁၀၀ ကျော် တန်လိမ့်မယ်။ မင်း ဒါကို ဘယ်လိုရလာလဲဆိုတာ တကယ်ကို အံ့ဩစရာပဲ။”

“ရှောင်ယောက် ငါသတ်မှတ်ထားတဲ့ နေရာကို အရှိန်အကုန်တင်ပြီး မောင်း။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။ ထို့နောက် အီလက်ထရွန်နစ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့...။ နောက် ၁ နာရီနဲ့ မိနစ် ၂၀ မှာ ရောက်ပါမယ်။”

ကျန်းယွင်ထျန်းမှာ ဤကဲ့သို့ အလိုအလျောက် မောင်းနှင်သည့်စနစ်ကို မြင်ကာ ထပ်မံ အံ့ဩသွားရပြန်သည်။

“ဒါက အလိုအလျောက် မောင်းနှင်တာပဲ။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်...။ ဒီရွက်သင်္ဘောရှိနေတာ ကံကောင်းတယ်။ မဟုတ်ရင် အခု အခြေအနေက တော်တော် ဒုက္ခရောက်လိမ့်မယ်။”

ရှောင်းယီတို့ ထွက်ခွာသွားပြီးနောက် အန်းရန်သည် ရှောင်းယီ၏ ကျွန်းကို သေချာကြည့်ရှုခွင့် ရတော့သည်။

“ဒါက တကယ်ပဲ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ရဲ့ ကျွန်းလား။”

အန်းရန်၏ မျက်လုံး ပြူးကျယ်သွား၏။

တောင်တန်းများ၊ တောအုပ်များနှင့် ခွေးလိမ္မာတစ်ကောင်။

သူမသည် ဝမ်ချိုင်နောက်မှ လိုက်ရင်း ကျွန်းအတွင်းပိုင်းသို့ ဝင်လာခဲ့လိုက်သည်။

ခြံစည်းရိုးခတ်ထားသော နေရာထဲတွင် စိုက်ခင်းကြီး ငါးခုရှိပြီး သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးထားသည်ကို တွေ့လိုက်ရလေသည်။ ဘေးနားရှိ နွားတင်းကပ်ထဲမှ နွားလေးကောင်၏ အော်သံကိုလည်း ကြားရလိုက်သည်။

ဝမ်ချိုင်က အနားရှိ မြက်ခင်းပြင်ဆီသို့ ပြေးသွားကာ အမြီးနန့်ပြလိုက်၏။ အန်းရန်က ဤမြက်များသည် နွားများအတွက် ဖြစ်မည်ဟု ယူဆကာ ဝမ်ချိုင်ကို မေးလိုက်သည်။

“ဝမ်ချိုင် ရှောင်းယီက မြက်တွေကို ဘာနဲ့ ရိတ်လဲ မင်းသိလား။”

ထိုအခါ ဝမ်ချိုင်က အနားရှိ သစ်သားစက်ရုံထဲသို့ ပြေးဝင်သွားပြီး လွှစက်တစ်ခုကို ဆွဲထုတ်လာခဲ့သည်။

“သူက မြက်ရိတ်ဖို့ လွှစက် သုံးတာလား။”

ရှောင်းယီ၏ ထူးခြားသော အရည်အချင်းကို အန်းရန် သဘောကျသွားခဲ့၏။ သူမသည် မြက်အချို့ကို ရိတ်ကာ နွားများကို ကျွေးလိုက်သည်။

ထို့နောက် အဝေးမှ ကြက်တွန်သံများကို ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်ရာ အိမ်တစ်လုံးကို တွေ့ရလေသည်။ ၎င်းသည် သစ်သားအိမ်မဟုတ်ဘဲ အရင်ကမ္ဘာမှ ကွန်ကရစ်အိမ်များနှင့် ဆင်တူလှသည်။

“ရှောင်းယီ ပြောတာ မမှားဘူး။ ဒီလို အခြေအနေမျိုးရှိမှတော့ ဘယ်သူက လှေပေါ်မှာ နေချင်မှာလဲ။”

အန်းရန် ရေရွတ်လိုက်မိသည်။

ဆုဝမ်၏ ကျွန်းပေါ်တွင်မူ ယွမ်နွန် အချိန်ဆွဲနေသော်လည်း နောက်ဆုံးတွင် ငါးကင်မှာ ကျက်သွားခဲ့လေပြီ။

“ငါးကင်ကို အဲ့ဒီမှာ ထားခဲ့ပြီး သုံးမီတာလောက် နောက်ဆုတ်လိုက်။”

ကျိုးရွှမ်းဝူက အမိန့်ပေးလိုက်သည်။

ယွမ်နွန်သည် သူ့ကို နောက်ဆုတ်ပေးလိုက်ရပြီး ကျိုးရွှမ်းဝူက ငါးကင်ကို ယူကာ စားလိုက်တော့လေသည်။ ထိုလူမှာ အလွန်ပါးနပ်လှ၏။ ငါးကင်စားနေစဉ်မှာပင် ဓားမြှောင်မှာ ဆုဝမ်၏ လည်ပင်းမှ မခွာခဲ့ပေ။

မကြာမီမှာပင် ကျိုးရွှမ်းဝူသည် သူ၏ လှေဆီသို့ ပြန်သွားလိုက်သည်။ ထို့နောက် သူသည် သူ၏ ခေါင်းဆောင်ထံ စာပို့လိုက်၏။

“ဥက္ကဌ သူတို့ အဖော်တွေ တစ်ခုခု ရိပ်မိသွားပြီထင်တယ်။ အန္တရာယ် မရှိအောင် ကျုပ်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဖျက်ဆီးပြီး ဒီကျွန်းက ကျောက်တိုင်ကို ကျုပ်ရဲ့လှေပေါ် တင်သွားလိုက်တော့မယ်။”

“ကောင်းပြီ...အဲ့ဒီလိုပဲ လုပ်လိုက်။”

ဥက္ကဌက ပြန်ဖြေလိုက်သည်။

ထို့နောက် ကျိုးရွှမ်းဝူသည် သူ၏ ကိုယ်ပိုင်ကျောက်တိုင်ကို ဖျက်ဆီးလိုက်ရာ ယွမ်နွန်ထံမှ သိမ်းဆည်းထားသော လက်အောက်ခံ ကျွန်အထိမ်းအမှတ်ကျောက်တိုင်မှာ ယခုအခါ သူ၏အဓိကကျောက်တိုင် ဖြစ်သွားတော့လေသည်။

ကျိုးရွှမ်းဝူသည် ဆုဝမ်ကို ကျွန်းပေါ်သို့ ပြန်ခေါ်လာခဲ့၏။ တကယ်တမ်းတွင် သူသည် ဆုဝမ်နှင့် ယွမ်နွန်ကို သတ်ပစ်လိုက်လျှင် ပို၍ အန္တရာယ်ကင်းမည်ကို သိပေသည်။ သို့သော် ဆုဝမ်ကဲ့သို့ လှပသော အမျိုးသမီးကို သူ မသတ်ရက်ပေ။ တစ်ယောက်တည်း နေရသည်ကို သူ ငြီးငွေ့နေပြီ ဖြစ်သည်။

“ခင်ဗျားကိုယ်ခင်ဗျား ကြိုးပြန်တုတ်ထားလိုက်။”

ကျိုးရွှမ်းဝူက ယွမ်နွန်ကို ကြည့်ကာ ပြောလိုက်သည်။

ယွမ်နွန်သည် သူ၏ ခြေထောက်များကို ကြိုးတုတ်ပြီး လက်များကိုလည်း ငါးဖမ်းပိုက်ဖြင့် ပတ်ထားလိုက်ရ၏။

“ဒါက ငါ လုပ်နိုင်သမျှ အကုန်ပဲ။ ပိုပြီး တင်းတင်ကျပ်ကျပ်ချင်လုပ်ရင်တော့ မင်းကိုယ်တိုင် လာလုပ်မှ ရလိမ့်မယ်။”

ယွမ်နွန်က ဆိုလိုက်လေသည်။

All Chapters