← Chapters

အချိန်မီရောက်ရှိလာခြင်းနှင့် ရွှမ်းဝူ၏ နိဂုံး

Vol. 8 Ch. 110

အချိန်မီရောက်ရှိလာခြင်းနှင့် ရွှမ်းဝူ၏ နိဂုံး

Vol. 8 Ch. 110

ကျိုးရွှမ်းဝူက ယွမ်နွန်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဘာလှည့်ကွက်မှ သုံးဖို့မစဥ်းစားနဲ့။ မဟုတ်ရင် ခင်ဗျားကို ယမမင်းဆီ ခုချက်ချင်း ပို့ပစ်လိုက်မယ်။”

ယွမ်နွန်က ပုခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

“ငါက ကိုယ့်ကိုယ်ကိုယ် ကြိုးတုတ်ထားရတဲ့ အဘိုးကြီးတစ်ယောက်ပါ။ ဘာလှည့်ကွက် သုံးနိုင်မှာမို့လို့လဲ။”

ကျိုးရွှမ်းဝူသည် ဆုဝမ်ကို ဓားဖြင့်ထောက်ကာ ယွမ်နွန်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့၏။ ယွမ်နွန်သည်လည်း အေးအေးဆေးဆေးပင် ရပ်နေခဲ့သည်။

“ငြိမ်ငြိမ်နေစမ်း။”

ကျိုးရွှမ်းဝူက ဆုဝမ်ကို ဓားဖြင့် ထောက်ကာ ယွမ်နွန်အား ပိုမိုတင်းကျပ်စွာ ချည်နှောင်ရန် ပြင်လိုက်သည်။

သူ၏ ဓားမြှောင် ဆုဝမ်၏ လည်ပင်းမှ ခွာလိုက်သည့် အခိုက်မှာပင် ယွမ်နွန်သည် သူ၏ ပုခုံးကို နိမ့်ချကာ ကျိုးရွှမ်းဝူကို အားကုန်သုံး၍ ဝင်တိုက်လိုက်တော့၏။

ကျိုးရွှမ်းဝူ မည်မျှပင် ဂရုစိုက်သည်ဆိုစေဦးတော့ ယွမ်နွန်ကို သာမန်အဘိုးကြီးတစ်ဦးဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယွမ်နွန်၏ အရှိန်အဟုန်မှာ သူထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ အငိုက်မိသွားသော ကျိုးရွှမ်းဝူမှာ သုံးလေးလှမ်းခန့် နောက်သို့ လွင့်ထွက်သွားခဲ့ရလေသည်။

ယွမ်နွန်သည် သူ၏ လက်တွင် ပတ်ထားသော ငါးဖမ်းပိုက်ကို ချက်ချင်း ခါချလိုက်ပြီး နောက်သို့ နှစ်လှမ်းဆုတ်ကာ ဆုဝမ်ကို ကာကွယ်လိုက်သည်။ အစောပိုင်းက ကျိုးရွှမ်းဝူ ယုံကြည်သွားစေရန် သူ၏ ခြေထောက်များကို အသေအချာ တုတ်ထားခဲ့သဖြင့် ယခုအခါ ထိုကြိုးများကို အမြန်ဖြည်နေရလေသည်။

ကျိုးရွှမ်းဝူသည် အောင့်သွားသော သူ၏ရင်ဘတ်ကို ပွတ်ရင်း မဲမှောင်နေသောမျက်နှာပျက်ဖြင့် ပြောလိုက်သည်။

“ခင်ဗျားလို အဘိုးကြီးတစ်ယောက်က ဒီလောက်ထိ အားတွေရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါဆိုရင်လည်း ငါ့ရဲ့ ပညာကို ပြရတာပေါ့။”

ထို့နောက် သူသည် ချက်ချင်းပင် ဓားဖြင့် ပြေးဝင်ကာ ခုတ်တော့သည်။ အကယ်၍ ယွမ်နွန်သာ မရှောင်တိမ်းနိုင်ပါက အသက်အန္တရာယ် ရှိနိုင်ပေသည်။

“အဘိုးယွမ် သတိထား...။”

ဆုဝမ်က အော်ဟစ်လိုက်၏။

ယွမ်နွန်သည် သူ၏ခြေထောက်မှ ကြိုးများကို ဖြည်နေဆဲဖြစ်သော်လည်း ဆုဝမ်၏ အော်သံကြောင့် ကြိုးကို လွှတ်ကာ ဘေးသို့ လှိမ့်ကာရှောင်တိမ်းလိုက်သည်။

ဖျစ်...

ဓားမြှောင်မှာ သဲပြင်ထဲသို့ အရှိန်ဖြင့် စိုက်ဝင်သွားခဲ့သည်။ ကျိုးရွှမ်းဝူ၏ ခွန်အားမှာ မသေးလှပေ။ ဆုဝမ်၏ ကျွန်းမှာ ၁၂ စတုရန်းမီတာသာ ရှိသဖြင့် ထိုသို့ လှိမ့်ကာရှောင်တိမ်းလိုက်ခြင်းက ယွမ်နွန်အား ကျွန်းအစွန်းသို့ ရောက်သွားစေခဲ့သည်။

ဘုန်း

ထိုအချိန်တွင် ဆုဝမ်က နောက်မှ အားဖြင့် ဝင်တိုက်လိုက်ရာ ကျိုးရွှမ်းဝူမှာ အရှိန်မထိန်းနိုင်ဘဲ ပင်လယ်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

“တောက် သောက်ကောင်မ....အရင်ဆုံး ဒီအဘိုးကြီးကို သတ်ပြီးမှ မင်းကို ငါ အလှပြင်ပေးမယ်ကွ။”

ကျိုးရွှမ်းဝူက ဆဲဆိုကာ ဆုဝမ်ကို ကန်ထုတ်လိုက်သည်။

ဆက်တိုက် တိုက်ခိုက်ခံရသဖြင့် ကျိုးရွှမ်းဝူမှာ အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်သည်။ သူသည် ဓားကို မြှောက်ကာ ယွမ်နွန်ဆီသို့ တစ်ဖန် ပြေးဝင်ပြန်၏။ ထိုအချိန်တွင်...

ရွှတ်... ဘုန်း

မြှားတစ်စင်းသည် လေထုကို ထိုးခွဲကာ ရောက်ရှိလာခဲ့ပြီး ဓားကိုင်ထားသော ကျိုးရွှမ်းဝူ၏ ညာဘက်လက်ကို တိကျစွာ မှန်သွားခဲ့သည်။

ချလွင်

ကျိုးရွှမ်းဝူသည် နာကျင်မှုကြောင့် ဓားကို လွှတ်ချလိုက်ရပြီး နောက်ဆုတ်သွားခဲ့ရလေသည်။ ထို့နောက် ပင်လယ်ပြင်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော ရွက်သင်္ဘောကြီးကို မြင်လိုက်ရပြီး မှင်တက်သွားတော့သည်။

“ဒီမှာ အပျော်စီးရွက်သင်္ဘောကြီးလိုဟာမျိုး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။”

ကျိုးရွှမ်းဝူ၏ ဦးနှောက်က လက်ခံနိုင်စွမ်း မရှိတော့ပေ။

သို့သော် နောက်အခိုက်တွင် သူ သတိပြန်ဝင်လာခဲ့သည်။ သူသည် လွှတ်ကျသွားသော ဓားကို ဘယ်လက်ဖြင့် ကောက်ကိုင်ကာ ဆုဝမ်ဆီသို့ ပြေးဝင်သွားလိုက်၏။ ရွက်သင်္ဘောပေါ်မှ လူများမှည ရန်သူ့ဘက်တော်သားများ ဖြစ်ရပေမည်။ ထို့ကြောင့် သူ့အတွက် ဓားစာခံ လိုအပ်သည်။

ဆုဝမ်မှာ လဲကျနေရာမှ ပြန်ထရန် ကြိုးစားနေသော်လည်း ကျိုးရွှမ်းဝူက အနားသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ရွက်လှေကုန်းပတ်ပေါ်တွင် ရပ်နေသော ရှောင်းယီသည် ကျိုးရွှမ်းဝူ၏ လှုပ်ရှားမှုကို မြင်သောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရွက်လှေပေါ်မှ တိုက်ရိုက် ခုန်ချလိုက်တော့သည်။

“သတိထား!”

မြှားကို အသင့်ပြင်ထားသော ကျန်းယွင်ထျန်းက သတိပေးလိုက်၏။ တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော် မောင်းနှင်နေသော ရွက်သင်္ဘောပေါ်မှ ခုန်ချခြင်းမှာ အလွန်အန္တရာယ် များလှသည်။

သို့သော် ရှောင်းယီသည် ဆုဝမ်နှင့် ကျိုးရွှမ်းဝူတို့ ကြားထဲရှိ ကျွန်းမြေပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့သည်။

ကျိုးရွှမ်းဝူသည် ခြေလှမ်းများ ရပ်တန့်သွားပြီး ရှောင်းယီကို ကြည့်ကာ ညှိနှိုင်းရန် ကြိုးစားလိုက်လေသည်။

“ငါက တိလင်းအင်ပါယာရဲ့ ရွှမ်းဝူခန်းမ သခင် ကျိုးရွှမ်းဝူပဲ။ ငါ ဒီကျွန်းကို အရင်တွေ့တာ။ ‘အရင်တွေ့သူ အရင်ပိုင်ရမယ်’ ဆိုတဲ့ စည်းမျဉ်း ရှိတယ် မဟုတ်လား “

သို့သော် ရှောင်းယီက သူ့ကို လုံးဝ ဂရုမစိုက်ပေ။ သူသည် သူ၏လက်ထဲမှ ထန်ဓားဖြင့် ဆုဝမ်၏ လက်ကောက်ဝတ်ရှိ ကြိုးများကို ဖြတ်ပေးလိုက်သည်။

ရှောင်းယီကို မြင်သောအခါမှ ယွမ်နွန်သည်လည်း သက်ပြင်းချနိုင်တော့လေသည်။

“မင်း အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့။”

ရွက်သင်္ဘောကြီး ရပ်တန့်သွားပြီးနောက် ကျန်းယွင်ထျန်းသည်လည်း ကုန်းပေါ်သို့ ဆင်းလာခဲ့သည်။ သန်မာထွားကြိုင်းသော ကျန်းယွင်ထျန်းကို မြင်သောအခါ ကျိုးရွှမ်းဝူသည် သူ ယနေ့ လွတ်မြောက်ရန် ခက်ခဲတော့မည်ကို သိလိုက်တော့လေသည်။

“အားလုံးပဲ... ငါ့မှာရှိတဲ့ အရင်းအမြစ်တွေ အကုန်ပေးပါ့မယ်။ ငါ့ကို သွားခွင့်ပြုနိုင်မလား။”

ကျိုးရွှမ်းဝူက အကြံပြုလိုက်၏။

“စိတ်မဝင်စားဘူး။”

ရှောင်းယီက အေးစက်စွာ ပြောလိုက်သည်။

“သူတစ်ပါးပစ္စည်းကို လုချင်တယ်ဆိုရင် ကိုယ်တိုင်လည်း အလုခံ၊ အသတ်ခံရမှာကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ အစ်ကိုကျန်း... သူ့ကို အစ်ကိုပဲ ကိုင်တွယ်လိုက်ပါ။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ ကျိုးရွှမ်းဝူဆီသို့ လျှောက်သွားလိုက်သည်။ ကျိုးရွှမ်းဝူသည် ထိုအခြေအနေကို ကြည့်ကာ စိတ်ကို တင်းလိုက်ပြီး ရှောင်းယီဆီသို့ ဦးတည် ပြေးဝင်သွားတော့သည်။ ကျန်းယွင်ထျန်းမှာ တိုက်ခိုက်ရေးသမား ဖြစ်ပုံရသဖြင့် သူသည် ပိန်ပိန်ပါးပါး ရှောင်းယီကို ဓားစာခံလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ရှောင်းယီ သတိထား...။”

ကျန်းယွင်ထျန်းက အော်ဟစ်ကာ ရှေ့သို့ ပြေးလာခဲ့သည်။ ထိုစဉ်...

ဘုန်း

လူရိပ်တစ်ခုသည် ကျန်းယွင်ထျန်း၏ ဘေးမှ ဝှစ်ခနဲ လွင့်ထွက်သွားခဲ့သည်။

ဗွမ်း

ထိုလူရိပ်မှာ ပင်လယ်ထဲသို့ ကျသွားပြီး ငြိမ်သက်သွားတော့သည်။ ကျန်းယွင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။ ပင်လယ်ထဲတွင် ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်ကာ သေဆုံးနေသော ကျိုးရွှမ်းဝူကို သူ တွေ့လိုက်ရ၏။

ရှောင်းယီ မည်သို့ ကန်လိုက်သည်ကိုပင် ကျန်းယွင်ထျန်း မမြင်လိုက်ရချေ။ လူတစ်ယောက်ကို တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ကန်နိုင်သည်ဆိုလျှင် ရှောင်းယီ၏ ခွန်အားမှာ မည်မျှ ရှိမည်နည်း။

“ဒီကောင်က တိုက်ရမယ့်လူကို တကယ် မှားရွေးမိတာပဲ။”

ကျန်းယွင်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“မင်း ငါ့အသက်ကို တစ်ခါ ထပ်ကယ်လိုက်ပြန်ပြီ။”

ယွမ်နွန်က ပြုံးကာ ပြောလိုက်သည်။

“ကျုပ်တို့ကြားမှာ အားနာစရာ မလိုပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဘိုးယွမ်... အရင်ဆုံး ဟိုရွက်လှေပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သွားသိမ်းလိုက်ပါဦး။”

ယွမ်နွန်သည် ရှောင်းယီ ခိုင်းသည့်အတိုင်း ကျိုးရွှမ်းဝူ၏ လှေပေါ်မှ ကျောက်တိုင်ကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း အလတ်စားရွက်လှေနှင့် ကျိုးရွှမ်းဝူ၏ အသေးစားရွက်လှေတို့ကို အန်းရန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

“ငါ့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုရော ဘာလုပ်ရမလဲ။ ဖျက်ဆီးလိုက်ရမလား။”

ဆုဝမ်က မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။

“မဟုတ်ဘူး... အဲ့ဒါကို အပျော်စီးရွက်သင်္ဘောပေါ်ကို ပြောင်းလိုက်မယ်။”

“ဟင်...နင် ဆိုလိုတာက... ဒီရွက်သင်္ဘောကြီးကို ငါ့ကို သုံးခိုင်းမလို့လား။”

ဆုဝမ်မှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ပေ။

All Chapters