လမ်းကြုံ၍ အန်းယွဲ့ကို ဝင်ခေါ်ခြင်း၊ အန်းရန် ဂျယ်လီငါးနှင့် တိုးခြင်း
Vol. 8 Ch. 111
“မင်း အဆင်ပြေတဲ့အချိန်တိုင်း သုံးလို့ရပါတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီရွက်သင်္ဘောက ကယ်ဆယ်ရေးလုပ်ဖို့အတွက် အကောင်းဆုံးယာဥ်တစ်စီးပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုပဲ လိုနေတာ။”
ဆုဝမ်က ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲတွင် အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားခဲ့သည်။ ရှောင်းယီက သူမကို ရွက်သင်္ဘောကြီး လက်ဆောင်ပေးတော့မည်ဟု ထင်မှတ်ကာ အပျော်လွန်သွားခဲ့ခြင်း ဖြစ်၏။
သို့သော် ဆုဝမ်သည် သူမ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြောင်းရွှေ့ရန် ကြိုးစားသောအခါ ပြဿနာတစ်ခု တက်လာခဲ့ပြန်သည်။ ရွက်သင်္ဘောသည် သူမပိုင်ဆိုင်သည့် ပစ္စည်းမဟုတ်သေးသဖြင့် ကျောက်တိုင်ကို ပြောင်းရွှေ့၍ မရခြင်းပင်။
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“မင်းရဲ့ ကျောက်တိုင်ကို ငါ့ရဲ့ လက်အောက်ခံ ကျောက်တိုင်အဖြစ်ပဲ လုပ်လိုက်ရအောင်။ အဲဒါက ပိုပြီး အဆင်ပြေလိမ့်မယ်။”
ထို့နောက် ရှောင်းယီ စမ်းသပ်ကြည့်လိုက်ရာ ဆုဝမ်သည် သူမ၏ ကျွန်းပေါ်တွင် ရှိနေသရွေ့ သူမ၏ ကျောက်တိုင်ကို လက်အောက်ခံအဖြစ် ပြောင်းလဲ၍ မရပေ။ ထို့ကြောင့် ဆုဝမ်ကို ရွက်သင်္ဘောပေါ်သို့ တက်ခိုင်းလိုက်ပြီးနောက်မှသာ ရှောင်းယီသည် ဆုဝမ်၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။
ထိုအချိန်၌ ကျောက်တိုင်မှ အသိပေးချက် ထွက်ပေါ်လာခဲ့သည်။
“လွတ်လပ်နေသော ရေယာဉ်တစ်စင်းကို တွေ့ရှိရပါသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ထိုရေယာဉ်ပေါ်သို့ ပြောင်းရွှေ့လိုပါသလား။”
ကျောက်တိုင်ပေါ်ရှိ ညွှန်းဆိုချက်များအရ ထိုလွတ်လပ်နေသော ရေယာဉ်မှာ ဤရွက်သင်္ဘောကြီးပင် ဖြစ်သည်။
“ပြောင်းရွှေ့မယ်။”
ရှောင်းယီက ရွေးချယ်လိုက်သည်။
“ပြောင်းရွှေ့ခြင်း လုပ်ဆောင်နေပါသည်။ ရရှိသော အရင်းအမြစ်- အုတ်မြစ်ကျောက် ၁၂ ။”
“ဤကျွန်းသည် နောက် ၁၀ မိနစ်အတွင်း ရေအောက်သို့ နစ်မြုပ်တော့မည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ ချက်ချင်း ထွက်ခွာပေးကြပါ။”
ထိုသတိပေးချက်ကို ကြားရသောအခါ ရှောင်းယီသည် ယွမ်နွန်နှင့် ကျန်းယွင်ထန်းတို့ကို ခေါ်ကာ ရွက်သင်္ဘောပေါ်သို့ အလိင်အမြန် တက်သွားလိုက်ကြ၏။
ထို့နောက် ရွက်သင်္ဘော၏ မောင်းနှင်ခန်းထဲတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ထွကိပေါ်လာခဲ့သည်။ ရှောင်းယီက ရှေ့သို့ တိုးသွားကာ သီးသန့်ချန်နယ်မှတစ်ဆင့် အန်းရန်ထံသို့ စာပို့လိုက်သည်။
“အန်းရန် မင်းဆီက တည်နေရာပြ ကိရိယာလေးကို ဦးလေးအန်းဆီ ပို့ပေးလိုက်ဦး။ ငါတို့ လမ်းကြုံတုန်း ဦးလေးအန်းကိုပါ တစ်ခါတည်း ဝင်ခေါ်သွလာခဲ့မယ်။”
ရှောင်းယီက ဆိုသည်။
အန်းယွဲ့သည် ရှောင်းယီတို့ ယွမ်နွန်တို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး သူ့ကိုပါ လာခေါ်တော့မည် ဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်ဝမ်းသာသွားခဲ့သည်။ မိမိ၏ သမီးဖြစ်သူနှင့် ဤမျှ မြန်မြန်ဆန်ဆန် ပြန်ဆုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ရှောင်ယောက် ကျောက်တိုင်ပေါ်မှာ မှတ်သားထားတဲ့ အလင်းစက်အတိုင်း ထွက်ခွာတော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“အကွာအဝေး ၁၃၈၀ ကီလိုမီတာ ရှိပါတယ်။ ရောက်ရှိဖို့အတွက် ၂ နာရီနဲ့ မိနစ် ၂၀ ခန့် ကြာမြင့်ပါမယ်။”
ရှောင်ယောက်က ပြန်ဖြေလာခဲ့သည်။
လှေပေါ်သို့ အခုမှ ရောက်လာကြသည့် ဆုဝမ်နှင့် ယွမ်နွန်တို့မှာ ကြက်သေသေသွားကြတော့သည်။ ယခင်ကမ္ဘာတွင်ပင် အလိုအလျောက် မောင်းနှင်သည့်စနစ်မှာ လူတိုင်းသုံးနိုင်သည့် အနေအထား မဟုတ်သေးချေ။ ရှောင်းယီသည် ဤမျှ အဆင့်မြင့်သော နည်းပညာကို မည်သို့ ရရှိထားသနည်း။ ထို့အပြင် ရွက်သင်္ဘောအတွင်းပိုင်း၏ ခမ်းနားထည်ဝါမှုကလည်း သူတို့ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့လေသည်။
မကြာမီမှာပင် ဆုဝမ်သည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ စတင်ချက်ပြုတ်တော့သည်။ မွှေးကြိုင်လှသော ဟင်းနံ့များမှာ မောင်းနှင်ခန်းထဲအထိ ပျံ့လွင့်လာခဲ့သည်။
“အရမ်းမွှေးတာပဲ။ ဆုဝမ်ရဲ့ ဟင်းချက်လက်ရာ ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး။”
ရှောင်းယီက ချီးကျူးလိုက်သည်။
ဟင်းပွဲများမှာ ရိုးရှင်းသော်လည်း ဆုဝမ်၏ လက်ရာကြောင့် အရောင်၊ အနံ့၊ အရသာ အားလုံး ပြည့်စုံနေသဖြင့် လူတိုင်း အားရပါးရ စားလိုက်ကြလေသည်။ စားသောက်ပြီးနောက် ရှောင်းယီက ရယ်မောကာ ပြောလိုက်၏။
“ဒီအတိုင်းသာ ဆက်စားနေရင် ငါတော့ မကြာခင် ဝလာတော့မှာပဲ။”
ထိုစဉ်...
ဘုန်း
ရုတ်တရက် ပြင်းထန်သော တိုက်မိသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရွက်သင်္ဘောကြီးတစ်ခုလုံး သိသိသာသာ တုန်ခါသွားခဲ့သည်။
“ရှောင်ယောက် ဘာဖြစ်တာလဲ။”
ရှောင်းယီက တည်ငြိမ်စွာ မေးလိုက်သည်။
“ကြီးမားတဲ့ ပင်လယ်သတ္တဝါတစ်ကောင်နဲ့ တိုက်မိတာပါ။”
ရှောင်ယောက်က ဖြေလိုက်သည်။ ထိုအခါ ယွမ်နွန်က စိုးရိမ်တကြီးဖြင့် ပြောလာခဲ့သည်။
“အန်းရန်ဆီက ငါးမောင်းထုတ်စက်ကို ပြန်တောင်းလိုက်ရင် ကောင်းမလား။ ဒီရွက်သင်္ဘောက အဲ့ဒီ သတ္တဝါကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ပါ့မလား။”
ရှောင်းယီက လက်ကာပြလိုက်သည်။
“စိတ်မပူပါနဲ့။ အားလုံး လက်ရန်းကိုပဲ မြဲမြဲကိုင်ထားကြပါ။ ရှောင်ယောက် နောက်တစ်ခါ တိုက်မိတော့မယ်ဆိုရင် ကြိုပြီး သတိပေး။”
ထို့နောက် ရှောင်းယီသည် ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ဆက်နေနေသဖြင့် ကျန်းယွင်ထန်းက မေးလိုက်သည်။
“ရှောင်းယီ ငါတို့ သွားစစ်ဆေးကြည့်စရာ မလိုဘူးလား။”
“မလိုပါဘူး။ ဒီရွက်သင်္ဘောကို အရမ်းမာကျောတဲ့ သတ္တုတစ်မျိုးနဲ့ လုပ်ထားတာ။ ပင်လယ်သတ္တဝါတွေမှာ ဒီသတ္တုကို ပျက်စီးအောင် လုပ်နိုင်တဲ့ စွမ်းအား မရှိသေးဘူး။ ဒါပေမဲ့ ဧရာမသတ္တဝါကြီးတွေက ငါတို့သင်္ဘောကို ဘောလုံးလို ပုတ်ဆော့မယ်ဆိုရင်တော့ ငါတို့တွေ ခွက်ထဲက အန်စာတုံးတွေလို ခါယမ်းခံရပြီး သေသွားနိုင်တယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
တစ်ဖက်တွင်မူ ရှောင်းယီ၏ ကျွန်းပေါ်၌ ဝမ်ချိုင်သည် အန်းရန်ကို ကြည့်ကာ ဟောင်နေပြီး တစ်နေရာသို့ ဦးတည်ကာ ပြေးထွက်သွားခဲ့သည်။ အန်းရန်သည်လည်း ဝမ်ချိုင်နောက်မှ လိုက်သွားကြည့်လိုက်ရာ ကျွန်း၏ အနောက်တောင်ဘက် ကမ်းခြေသို့ ရောက်လာခဲ့သည်။
အန်းရန် သေချာကြည့်လိုက်သောအခါ အချင်း သုံးမီတာခန့်ရှိသေ ဖောက်ထွင်းမြင်ရသော ကြီးမားသည့်ဂျယ်လီငါးကြီးတစ်ကောင်က အုတ်မြစ်ကျောက်အား တိုက်ခိုက်နေသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယီ၏ မှာကြားချက်အတိုင်း အန်းရန်သည် သံလှံတစ်ချောင်းအား အမြဲဆောင်ထားခဲ့၏။ သူမသည် ဂျယ်လီငါးကို ချိန်ရွယ်ကာ ရေထဲသို့ လှံဖြင့် ထိုးချလိုက်လေသည်။
သို့သော် ဂျယ်လီငါးသည် လှံကို မြင်ပုံရပြီး ရှောင်တိမ်းသွားခဲ့၏။ ထို့နောက် ၎င်းသည် ၎င်း၏ လက်တံများကို ရေပေါ်သို့ မြှောက်လိုက်သည်။ ထို့နောက်...
ရွှတ်...
လက်တံများမှတစ်ဆင့် ရေပန်းလေးများကို အန်းရန်၏ မျက်နှာဆီသို့ အရှိန်ဖြင့် ပန်းထုတ်လိုက်တော့သည်။ ဂျယ်လီငါးက ကုန်းပေါ်ရှိ လူကို တိုက်ခိုက်နိုင်လိမ့်မည်ဟု အန်းရန် တစ်ခါမျှ မတွေးထားခဲ့သဖြင့် ခဏမျှ မှင်တက်သွားခဲ့သည်။