← Chapters

ဝမ်ချိုင် လူကယ်ခြင်း၊ အလိုရှိစာရင်းထုတ်ပြန်ခံရခြင်းနှင့် စစ်ကြေညာခြင်း၊ အပြေးအလွှား ပြန်လာခြင်း

Vol. 8 Ch. 112

ဝမ်ချိုင် လူကယ်ခြင်း၊ အလိုရှိစာရင်းထုတ်ပြန်ခံရခြင်းနှင့် စစ်ကြေညာခြင်း၊ အပြေးအလွှား ပြန်လာခြင်း

Vol. 8 Ch. 112

အန်းရန် ကြောင်အသွားစဉ်မှာပင် သူမ၏ နောက်ကျောဘက်မှ ကြီးမားသော ဆွဲအားတစ်ခု ရုတ်တရက် ထွက်ပေါက်လာ၏။

ရွှပ်!

အန်းရန် နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆွဲခေါ်ခံလိုက်ရပြီး သူမ၏ ဂါဝန်မှာ ဆုတ်ပြဲသွားခဲ့သည်။

၎င်းမှာ ဝမ်ချိုင်ပင်။

ဝမ်ချိုင်၏ ဤဆွဲယူမှုကြောင့်သာ အန်းရန်သည် ထိုထက်မြက်လှသော ရေစင်းကြောင်းအချို့ကို ရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထဲမှ တစ်ခုသည် သူမ၏ ဂါဝန်အနားသတ်ပေါ်သို့ ကျရောက်သွားရာ တရှူးရှူးအသံမြည်ကာ အရည်ပျော်သွားတော့သည်။

အန်းရန် တုန်လှုပ်သွားပြီး နောက်သို့ အမြန်ဆုတ်လိုက်၏။

ဝမ်ချိုင်ကမူ ပင်လယ်ထဲရှိ ဂျယ်လီငါးကို ကြည့်ကာ ဟောင်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ထိုဂျယ်လီငါးသည် အန်းရန်ကို ပြန်လည်တိုက်ခိုက်ပြီးနောက် အခြားခြိမ်းခြောက်မှု မရှိတော့သဖြင့် အုတ်မြစ်ကျောက်ကို ဆက်လက်ဖျက်ဆီးနေသောကြောင့်ဖြစ်သည်။

“မဖြစ်ဘူး...သူ့ကို ဒီအတိုင်း သောင်းကျန်းပြီး အုတ်မြစ်ကျောက်ကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး။”

အန်းရန်သည် သူမ၏ သံလှံကို တင်းတင်းဆုပ်ကိုင်ကာ ဂျယ်လီငါး၏ ဖျက်ဆီးမှုကို နှောင့်ယှက်ရန် ရှေ့သို့ တစ်ဖန်တိုးသွားလိုက်ပြန်သည်။

ဂျယ်လီငါးသည် အန်းရန်၏ တိုက်ခိုက်မှုများကို ထပ်ခါတလဲလဲ ရှောင်တိမ်းနေရပြီး နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်လာခဲ့သည်။

ပထမအကြိမ် အတွေ့အကြုံကြောင့် အန်းရန်သည် ဂျယ်လီငါး ပြန်လည်တိုက်ခိုက်တိုင်း စောစောစီးစီး နောက်ဆုတ်နိုင်ခဲ့၏။

အန်းရန်သည် ယခုအချိန်မှသာ “ရန်သူတက်လာလျှင် ငါတို့ဆုတ်၊ ရန်သူစခန်းချလျှင် ငါတို့နှောင့်ယှက်” ဟူသည့် ပြောက်ကျားစစ်၏ အနှစ်သာရကို အပြည့်အဝ နားလည်သွားခဲ့တော့လေသည်။

သူမသည် ဂျယ်လီငါးကို မသတ်နိုင်သော်လည်း ၎င်းကို နှောင့်ယှက်နိုင်သဖြင့် အုတ်မြစ်ကျောက်ကို ဆက်မဖျက်စီးအောင် တားဆီးထားနိုင်ခဲ့သည်။

ရွက်သင်္ဘောအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ရှောင်းယီသည် သူတစ်နေ့လုံး ကျွန်းပေါ်တွင် မရှိခဲ့သည်ကို ရုတ်တရက် သတိရသွားခဲ့၏။

ပင်လယ်သတ္တဝါတွေက သူ့ကျွန်းရဲ့ အုတ်မြစ်ကျောက်ကို မတိုက်ခိုက်ကြဘူးလား။

“အစ်ကိုကျန်း မင်း ငါ့ကို စောင့်နေတုန်းက ပင်လယ်သတ္တဝါတွေ ငါ့ကျွန်းကို တိုက်ခိုက်တာမျိုး ရှိလား။”

ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

“အင်း ဝမ်ချိုင်က ငါ့ကိုလာခေါ်လို့ သွားကိုင်တွယ်ပေးခဲ့ရသေးတယ်။ စုစုပေါင်း သုံးကြိမ်ပဲ။ အဲဒီပင်လယ်သတ္တဝါတွေက ကိုင်တွယ်ရ သိပ်မခက်ဘူးလို့ ထင်တာပဲ။”

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“တစ်နေ့ကို လေးကြိမ် တိုက်ခိုက်တဲ့အထဲမှာ တစ်ကြိမ်ပဲ အဆင့်ရှိတဲ့ ပင်လယ်သတ္တဝါ ပါတတ်တယ်။ အခုထိ တွေ့ဖူးသမျှ အမြင့်ဆုံးက B အဆင့်ပဲ။”

“ဟမ်...မင်းပြောပုံအရဆိုရင် နောက်ထပ်တစ်ကြိမ် ကျန်သေးတယ်ပေါ့။ အဲ့ဒါကလည်း အဆင့်မြင့်တဲ့ ပင်လယ်သတ္တဝါ ဖြစ်ဖို့ များတယ်။”

ကျန်းယွင်ထျန်းက အံ့သြတကြီး ပြောလိုက်သည်။

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လှေဦးခန်းသို့ သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အန်းရန်ထံသို့ စာပို့လိုက်သည်။

“အန်းရန် ပင်လယ်သတ္တဝါတွေ ကျွန်းရဲ့အုတ်မြစ်ကျောက်ကို တိုက်ခိုက်လာရင် ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပါ။”

အန်းရန်သည် သာမန်လူတစ်ဦးသာ ဖြစ်သဖြင့် အဆင့်မြင့် ပင်လယ်သတ္တဝါနှင့် တွေ့ပါက အန္တရာယ်ရှိနိုင်ပေသည်။

သို့သော် စာပို့ပြီးနောက် အချိန်အတော်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

“သူ တစ်ခုခုနဲ့ တွေ့နေပြီ ထင်တယ်။”

ရှောင်းယီက ခပ်အုပ်အုပ်လေသံဖြင့် ပြောလိုက်သည်။

သူသည် သူမကို ရွက်လှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် နံဘေးတွင်သာ နေရန် မှာကြားထားခဲ့ခြင်း ဖြစ်သည်။ အန်းရန် ထိုနေရာမှ ထွက်သွားသည်ဆိုလျှင် အကြောင်းရင်း တစ်ခုခုတော့ ရှိရပေလိမ့်မည်။

“ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်။”

သို့သော် ရွက်သင်္ဘောမှာ အမြင့်ဆုံးအရှိန်ဖြင့် ရှေ့သို့ ပြေးလွှားနေပြီးသား ဖြစ်သည်။

ဤအတောအတွင်း အများသုံးချန်နယ်တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေပြီ ဖြစ်သည်။

ဆူညံရခြင်း အကြောင်းရင်းမှာ တိလင်းထျန်းရှားက သတင်းစကားတစ်ခု ပို့လိုက်သောကြောင့်ပင်။

“တိလင်းအင်ပါယာက ရွှမ်းဝူ ကျဆုံးသွားပြီ။ ရှောင်းယီ၊ ကျန်းယွင်ထျန်း၊ အန်းယွဲ့၊ ယွမ်နွန်၊ ဆုဝမ်... မင်းတို့ ငါးယောက်စလုံးကို ငါတို့ရဲ့ တိလင်းအင်ပါယာရဲ့ အနက်ရောင်စာရင်းထဲ ထည့်လိုက်ပြီ။ နောင်တစ်ချိန်မှာ မင်းတို့ကို ဘယ်နေရာမှာပဲတွေ့တွေ့ အသတ်ခံရမယ်။”

ကျိုးရွှမ်းဝူ ထိုစဉ်က သတင်းပို့ခဲ့စဉ်က ဤအမည်ငါးခုလုံးကို အတူတူ ပို့ခဲ့ခြင်း ဖြစ်သည်။

စောစောက ရှောင်းယီ ကျိုးရွှမ်းဝူကို ကန်သတ်လိုက်သဖြင့် ကျိုးရွှမ်းဝူ၏ အမည်မှာ တိလင်းထျန်းရှား၏ မိတ်‌ဆွေစာရင်းထဲမှ ပျောက်ကွယ်သွားခဲ့ရလေသည်။

ဤနေရာတွင် အမည်တစ်ခု ပျောက်ကွယ်သွားခြင်းမှာ ထိုသူသေဆုံးသွားခြင်း သို့မဟုတ် လက်နက်ချ၍ သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်ဖက်လူက သိမ်းပိုက်လိုက်ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် တိလင်းထျန်းရှားသည် အများသုံးချန်နယ်တွင် စစ်ကြေညာစာနှင့် အလိုရှိစာရင်းကို ချက်ချင်း တင်လိုက်ခြင်း ဖြစ်လေသည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ ဆွံ့အသွားခဲ့ကြ၏။

“ဒါ ဘယ်လို အခြေအနေကြီးလဲ။ တိလင်အင်ပါယာရဲ့ ခန်းမသခင်တစ်ယောက် အသတ်ခံလိုက်ရတာလား။”

“ဒါပေမဲ့ တိလင်းထျန်းရှားက ဘယ်လိုလုပ် ဒီလောက်ထိ ရှင်းရှင်းလင်းလင်း သိသွားပြီး နာမည်တွေအကုန် တင်လိုက်တာလဲ။”

“ဒီလူစုက တော်တော်လက်ရဲဇက်ရဲ ရှိတာပဲ။ တိလင်အင်ပါယာက လူကိုတောင် သတ်ရဲတယ်လား။”

“ဟမ့်...သူတို့က ငါ့ကို လာအနိုင်ကျင့်ရင် ငါက ဘာလို့ မသတ်ရဲရမှာလဲ။ ကျွန်းပေါ်မှာ လှဲနေပြီး သူတို့သတ်တာကိုပဲ ထိုင်စောင့်နေရမှာလား။”

“ဒါလည်း ဟုတ်တာပဲ။ ကျိုးရွှမ်းဝူက အရင်သွားစလို့ပဲ ဖြစ်မယ်။”

“အဲ့ဒီကျိုးရွှမ်ဝူက ဆန်ဒါ (Sanda) လေ့ကျင့်ထားတယ်လို့ ကြားဖူးတယ်။ အဲ့လိုလူတောင် အတွယ်ခံလိုက်ရတာလား။”

“ဆန်ဒါက ဘာမှမဟုတ်ပါဘူး။ ဟိုမှာက ငါးယောက်တောင်လေ။ ငါးယောက် တစ်ယောက်ဆို မင်းက အထူးတပ်ဖွဲ့ဝင်တို့၊ ကြေးစားဘုရင် မဟုတ်ရင် သေဖို့ရာခိုင်နှုန်း များတာပဲ။”

“နေဦး...နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်။ သူတို့ငါးယောက်က ကျွန်းတစ်ကျွန်းထဲကို ဘယ်လိုရောက်နေကြတာလဲ။”

“အဲ့ဒါပဲ...။ ငါ ပင်လယ်ထဲမှာ မျောနေတာ သုံးရက်ရှိပြီ။ ကျွန်းတစ်ကျွန်းတောင် မတွေ့ရသေးဘူး။ ပင်လယ်သတ္တဝါတွေပဲ တွေ့နေရတယ်။”

“ဒီအထီးကျန်တဲ့ အချိန်တွေကို ငါနဲ့အတူ ဖြတ်သန်းပေးမယ့်သူ ရှိရင် သိပ်ကောင်းမှာပဲ။”

နှစ်နာရီကြာပြီးနောက် ရှောင်းယီတို့အဖွဲ့မှာ အန်းယွဲ့၏ ကျွန်းသို့ ရောက်ရှိလာခဲ့ကြဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ မည်သည့်မတော်တဆမှုမျှ မရှိခဲ့ပေ။

မူလအစီအစဉ်အရ ရှောင်းယီသည် အန်းယွဲ့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ် ရယူရန် ပြင်ဆင်ထားခဲ့သော်လည်း ယခုအခါ အန်းရန်မှာ ကျောက်တိုင်နံဘေးတွင် မရှိသဖြင့် ကျိုးရွှမ်းဝူ၏ ရွက်လှေငယ်နှင့် လဲလှယ်ရန် နည်းလမ်းမရှိတော့ပေ။

ထို့ပြင် ရှောင်းယီသည်လည်း စိတ်ပူနေပြီဖြစ်သည်။ အန်းရန်သည် သူ၏ကျွန်းတွင် မည်သည့်ပင်လယ်သတ္တဝါနှင့် ရင်ဆိုင်နေရသည်ကို သူမသိနိုင်ပေ။

ထို့ကြောင့် သူသည် အန်းယွဲ့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြတ်ပြတ်သားသားပင် ဖျက်ဆီးပစ်လိုက်သည်။

“ရရှိသော အရင်းအမြစ်များ - [အုတ်မြစ်ကျောက်] ၃။”

“သတိပေးချက် - ဤကျွန်းသည် ၁၀ မိနစ်အတွင်း ရေနစ်မြုပ်ပါတော့မည်။ ကျေးဇူးပြု၍ အမြန်ဆုံး ထွက်ခွာပါ။”

ရှောင်းယီသည် ရွက်သင်္ဘောပေါ်သို့ ပြန်တက်လာကာ အန်းယွဲ့ကို ပြောလိုက်သည်။

“ကျုပ် အန်းရန်ကို စိတ်ပူနေလို့ ဦးလေးရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မသိမ်းထားတော့ဘူး။”

“အင်း...ရပါတယ်။ အရင်ပြန်ကြတာပေါ့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ရှောင်ယောက် အိမ်ပြန်မယ်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့...။ ကြာမြင့်ချိန် ခန့်မှန်းခြေ ၁ နာရီ ၁၀ မိနစ် ဖြစ်ပါတယ်။”

ထို့နောက် အပြာရောင် ရွက်သင်္ဘောကြီးသည် ဦးတည်ချက်ကို ပြင်ဆင်လိုက်ပြီး အရှေ့ဘက်သို့ အရှိန်ပြင်းစွာဖြင့် မောင်းနှင်သွားတော့သည်။

“ရှောင်းယီ အများသုံးချန်နယ်က သတင်းကို မင်းသတိထားမိလား။”

အန်းယွဲ့က မေးလိုက်သည်။

All Chapters