အမျိုးသမီးနှစ်ဦး မဟာမိတ်ဖွဲ့ခြင်းနှင့် နွားမကြီး သားလွယ်ထားရခြင်း
Vol. 8 Ch. 114
ရွက်သင်္ဘောပေါ်တွင် ရှိစဉ်ကပင် လူတိုင်းသည် လျှပ်စစ်မီး၏ အရသာကို မြည်းစမ်းခဲ့ဖူးကြသော်လည်း ရှောင်းယီ၏ တိုက်ခန်းတွင်လည်း မီးရလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
လူတိုင်းသိကြသည့်အတိုင်း မော်တော်ကားနှင့် သင်္ဘောများသည် ရွေ့လျားနေစဉ်အတွင်း ကိုယ်ပိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သဖြင့် ရွက်သင်္ဘောပေါ်တွင် မီးရခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော် တိုက်ခန်းတစ်ခန်းသည်မူ လုံးဝ ကွဲပြားခြားနားသည်။ ၎င်းသည် 220-volt AC (ပင်မလျှပ်စစ်ဓာတ်အား) လိုအပ်ပြီး မီးစက်ရှိလျှင်ပင် ထွက်လာသော လျှပ်စစ်မှာ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးရပေဦးမည်။
ဂျောက်...
ရှောင်းယီက မီးခလုတ်ကို ရိုးရိုးရှင်းရှင်းပင် နှိပ်လိုက်ရာ ဧည့်ခန်းတစ်ခုလုံး ချက်ချင်းပင် လင်းထိန်သွားတော့၏။ လူတိုင်း၏ သံသယများမှာလည်း ထိုခဏ၌ပင် ပျောက်ကွယ်သွားတော့သည်။ ဤတိုက်ခန်းတွင် အမှန်တကယ် လျှပ်စစ်မီး ရနေချေပြီ။
“ရှောင်းယီ ငါတို့ဆီကရတဲ့ မီးစက်က ဒီတိုက်ခန်းရဲ့ သုံးစွဲမှုကို တောင့်ခံနိုင်ပါ့မလား။”
ဆူဝမ် မမေးဘဲ မနေနိုင်တော့ပေ။ စောစောပိုင်းက သူမသည် မီးစက်ထုတ်လုပ်နည်း ထုတ်လုပ်မှုပုံစံတစ်ခု ရရှိခဲ့ပြီး သူ့ကို ပေးခဲ့ဖူးပေသည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“အဲဒါနဲ့တော့ မရဘူး။ အဲ့ဟာက ထွက်တဲ့ဓာတ်အားက သိပ်မတည်ငြိမ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ စူပါဘက်ထရီကို အားသွင်းဖို့တော့ သုံးလို့ရသေးတယ်။ အခုက စူပါဘက်ထရီထဲမှာ သိုလှောင်ထားတဲ့ လျှပ်စစ်ကို သုံးနေတာဆိုတော့ အချိန်အတော်ကြာတဲ့အထိ မီးအတွက် စိတ်ပူစရာမလိုပါဘူး။ စိတ်ကြိုက်သာ သုံးကြပါ။”
ကဲ... နောက်ထပ် နည်းပညာမြင့်ပစ္စည်းတစ်ခု ထပ်ပေါ်လာပြန်ပြီ ‘စူပါဘက်ထရီ’ တဲ့။
လူတိုင်းမှာ အံ့သြရလွန်း၍ ထုံထိုင်းနေကြပြီ ဖြစ်သည်။ နောက်အခိုက်မှာ ရှောင်းယီက အာကာသယာဉ်တစ်စီး ထုတ်ပြလျှင်ပင် သူတို့ မျက်တောင်ခတ်မိကြတော့မည် မဟုတ်ပေ။
တိုက်ခန်း၏ အပူချိန်ထိန်းစနစ်ကို ၂၆ ဒီဂရီစင်တီဂရိတ်တွင် သတ်မှတ်ထားသဖြင့် လူတိုင်း အနွေးထည်များကို ချွတ်လိုက်ကြ၏။ ထိုအခါ ချဉ်စုတ်စုတ်နှင့် စူးရှသောအနံ့ဆိုးများ အခန်းထဲတွင် ချက်ချင်း ပြည့်နှက်သွားတော့၏။
ဒီမနက်မှ ရေချိုးထားသည့် ရှောင်းယီနှင့် အန်းရန်တို့မှလွဲ၍ ကျန်သူများမှာ ရက်ပေါင်းများစွာ ရေမချိုးရသေးပေ။ အထူးသဖြင့် အန်းယွဲ့ပင် ဖြစ်သည်။
“အရင်ဆုံး တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ကြရအောင်။ အားလုံး ရေချိုးခန်းထဲသွားပြီး ရေနွေးနဲ့ ရေချိုးလိုက်ကြပါ။ အဝတ်တွေကိုလည်း တစ်ခါတည်း လျှော်၊ ဆံပင်အခြောက်ခံစက်နဲ့ အမြန် အခြောက်ခံပြီးမှ ပြန်ထွက်လာခဲ့ကြ။”
ရှောင်းယီက ပြောလိုက်သည်။ လူတိုင်း ခေါင်းငြိမ့်ကြ၏။ အနံ့ဆိုးများမှာ တကယ်ကို မခံမရပ်နိုင်စရာပင်။ အန်းယွဲ့က အရင်ဆုံး ဝင်သွားခဲ့လေသည်။ သူ ရေမချိုးရသည်မှာ လဝက်ကျော်နေပြီ ဖြစ်သည်။
ဒုတိယပတ်အတွင်းက ရှောင်းယီသည် တခြားသူများကို ရေခဏချိုးခွင့် ပေးခဲ့သေးသဖြင့် သူတို့မှာ ချွေးနံ့ အနည်းငယ် ရှိသော်လည်း အန်းယွဲ့ထက်စာလျှင် အများကြီး တော်သေးသည်။
ရှောင်းယီ၏ ကျွန်းပေါ် ရောက်ကတည်းက ဆုဝမ်သည် အန်းရန်အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
“သူက တကယ် လှတာပဲ။”
ဆုဝမ်က တွေးရင်း စိတ်ပိုင်းဖြတ်လိုက်သည်။
“ဒါပေမဲ့ ငါလည်း အရှုံးပေးမှာမဟုတ်ဘူး။”
ဆုဝမ်တစ်ယောက် စိတ်တင်းထားစဉ်မှာပင် အန်းရန်က သူမထံသို့ ဦးစွာ ချဉ်းကပ်လာခဲ့သည်။
“ဟိုင်း...ငါ့ နာမည် အန်းရန်ပါ။”
“အာ... ငါက ဆုဝမ်ပါ။ တွေ့ရတာ ဝမ်းသာပါတယ် ”
ဆုဝမ် အနည်းငယ် အံ့သြသွားသော်လည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ငါတို့တွေ ညစာ အတူတူ သွားပြင်ကြရအောင်။”
အန်းရန်က ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။ ဆုဝမ် ခေါင်းညိတ်လိုက်၏။ ထို့နောက် အန်းရန်သည် အိမ်ရှင်မတစ်ဦးကဲ့သို့ ရေခဲသေတ္တာထဲမှ ဝက်သား၊ ကြက်ဥနှင့် လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ထုတ်ယူလိုက်သည်။
“ဒီနေ့ နည်းနည်း ပိုချက်လိုက်ဦး။ အားလုံး အစားအသောက် ဆင်းရဲနေကြတာ ကြာပြီ။”
ရှောင်းယီက အမျိုးသမီးနှစ်ဦးကို လှမ်းသတိပေးလိုက်သည်။
“အင်း”
အန်းရန်က တုံ့ပြန်လိုက်သည်။
“ယွမ်လောင် သူတို့ ရေချိုးပြီးတာ စောင့်ရဦးမှာဆိုတော့ ကျုပ်တို့ နွားနို့သွားညှစ်ရအောင်။”
ရှောင်းယီက ခေါ်လိုက်သည်။
“ကောင်းပြီလေ။”
ထို့နောက် ယွမ်နွန်က ပုံးကလေးတစ်လုံးကို ဆွဲကာ နွားတင်းကုပ်ဆီသို့ သူ့နောက်မှ လိုက်သွားလိုက်၏။
အပြင်ဘက် မီးဖိုအနားတွင် အန်းရန်နှင့် ဆုဝမ်တို့မှာ စကားတပြောပြောဖြင့် ဟင်းချက်နေကြသည်။
“အရင်က နင်က ရှောင်းယီရဲ့ အထက်လူကြီးလား။”
အန်းရန်က သူမနှင့် အလှချင်းပြိုင်နိုင်သည့် အမျိုးသမီးကို ကြည့်ရင်း မေးလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ အခုတော့ အသက်ရှင်ဖို့အတွက် ရှောင်းယီကိုပဲ အားကိုးနေရပါပြီ။”
ဆုဝမ်က ခပ်နွမ်းနွမ်း အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ အန်းရန် ခေါင်းငြိမ့်ပြီး ထပ်မေးပြန်သည်။
“နင့်မှာ အိမ်ထောင်ရှိလား။”
“ဟင်...။”
ထိုမေးခွန်းကြောင့် ဆုဝမ် လန့်သွားခဲ့ပြီးမှ ပြန်ဖြေလိုက်သည်။
“ငါက အလုပ်ကိုပဲ ဖိလုပ်ခဲ့တာ။ ရည်းစားတောင် မထားဖူးပါဘူး။”
သူမသာ အလုပ်ကိုပဲ အာရုံမစိုက်ခဲ့လျှင် ရှောင်းယီထက် အသက်သိပ်မကြီးဘဲနှင့် သူ၏အထက်လူကြီး ဘယ်ဖြစ်နိုင်ပါ့မလဲ။
အန်းရန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါဆိုရင်တော့ ရှောင်းယီအတွက် မနစ်နာတော့ဘူး။”
“ဟင်...။”
ဆူဝမ် မှင်တက်သွား၏။
ရှောင်းယီအတွက် မနစ်နာဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။
ဆုဝမ် ကြောင်အသွားသည်ကို မြင်သောအခါ အန်းရန်က အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်။
“ဒီကမ္ဘာက ကမ္ဘာဟောင်းနဲ့ လုံးဝ မတူတော့ဘူး။ နင်လည်း မြင်တဲ့အတိုင်းပဲ။ ရှောင်းယီက လူစွမ်းကောင်းတစ်ယောက်လို ဖြစ်နေပြီ။”
ဆုဝမ် ခေါင်းငြိမ့်လိုက်မိသည်။ သူမကို လာကယ်စဉ်က သူသည် အရှိန်ပြင်းပြင်းဖြင့် သွားနေသော ရွက်သင်္ဘောပေါ်မှ ဘာဒဏ်ရာမှမရဘဲ ခုန်ဆင်းခဲ့သလို ကျိုးရွှမ်းးဝူကိုလည်း မီတာအတော်ဝေးဝေးအထိ လွင့်ထွက်သွားအောင် ကန်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထိုအရာနှစ်ခုလုံးမှာ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာများ မဟုတ်ပေ။
“ကျွန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ရှောင်းယီက ပိုပိုပြီး သန်မာလာလိမ့်မယ်။ ပြီးတော့ လူတွေ အများကြီးနဲ့လည်း ဆုံရဦးမှာပဲ။ အဲ့ဒါကြောင့် ငါတို့နှစ်ယောက် မဟာမိတ်ဖွဲ့ကြရအောင်။ အပြင်လူတွေကို အရင် တားဆီးထားပြီးမှ ငါတို့အချင်းချင်း ယှဉ်ပြိုင်ကြတာပေါ့။ နင် သဘောတူလား။”
အန်းရန်က ဆက်ပြောလိုက်သည်။
ဆုဝမ် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သူမက မိုက်မဲသူ မဟုတ်သဖြင့် “အပြင်လူတွေကို တားဆီးထားတယ်” ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်လေသည်။
“နင်...”
ဆုဝမ် ဘယ်လိုတုံ့ပြန်ရမှန်းပင် မသိတော့ပေ။
“ဒါပေမဲ့ နင် ရှောင်းယီကို စိတ်မဝင်စားဘူးဆိုရင်တော့ ငါပြောတာတွေကို မေ့လိုက်ပါ။”
အန်းရန်က ဖြည့်ပြောလိုက်၏။
“ကောင်းပြီလေ။”
ဆုဝမ်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။ လဝက်ခန့် အပြန်အလှန် အကူအညီပေးပြီး ထိတွေ့ခဲ့ရပြီးနောက် သူမသည် သူ့အပေါ် မှီခိုအားထားမိသလို သံယောဇဉ်လည်း တွယ်နေမိပြီဖြစ်သည်။ တရားမျှတစွာ ယှဉ်ပြိုင်ရမည်ဆိုလျှင် သူမ မည်သူ့ကိုမှ မကြောက်ပေ။
ထိုစဉ် အန်းရန်က ရှေ့သို့ တိုးလာပြီး သူမကို ဖက်လိုက်၏။
“ဒီသဘောတူညီချက်က ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက ညီအစ်မကောင်းတွေအဖြစ် ဆက်ရှိနေကြမယ်။ ယောကျ်ားတစ်ယောက်ကြောင့် ငါတို့ရဲ့ခင်မင်မှုကို အပျက်စီးမခံနိုင်ဘူးနော်။”
“အင်း”
ဆုဝမ်က သဘောတူလိုက်သည်။
ထိုအချိန်တွင် ရှောင်းယီနှင့် ယွမ်နွန်တို့သည်လည်း နွားတင်းကုပ်သို့ ရောက်ရှိလာကြပြီဖြစ်သည်။ ယွမ်နွန်သည် နွား ၄ ကောင်ကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေသည်။
“နွားတွေကို တကယ် ကောင်းကောင်း ကျွေးမွေးထားတာပဲ။”
“ကောင်းကောင်းကျွေးမွေးထားတာ မဟုတ်ပါဘူး။ S အဆင့် ရေသန့်တွေ တိုက်ထားရုံပါ။ ကျုပ်မှာ နွားမွေးမြူရေး ပညာမှ မရှိတာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နောက်ဆိုရင် ဦးလေးကိုပဲ အားကိုးရတော့မှာ။”
“ဒါက ငါ့အလုပ်ပဲလေ။ မင်း စိတ်ချထားလိုက်ပါ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။ ထိုအချိန်တွင် ရှောင်းယီ နွားနို့ညှစ်ရန် ကြိုးစားလိုက်သော်လည်း ဤနွားမကြီးမှာ ပုံမှန်ထက် နို့ထွက်နည်းနေသည်ကို သတိပြုမိသွားခဲ့သည်။
“လောင်ယွမ် ဒီနွားမက ဘာလို့ နို့သိပ်မထွက်တာလဲ။”
သူက ဇဝေဇဝါဖြစ်သွားကာ မေးလိုက်သည်။ ထိုအခါ ယွမ်နွန်က အနားသို့ ရောက်လာကာ သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
“အဆင်ပြေပါတယ် သူက နွားကလေး လွယ်ထားရလို့ပါ။”
“ဦးလေးရှိနေလို့ တော်သေးတာပေါ့။”
ရှောင်းယီသည်လည်း ထပ်တူ ဝမ်းသာသွားခဲ့၏။
“မဟုတ်ရင် နွားပေါက်ကလေး မွေးတော့မယ့်အချိန်ကျမှ ဦးလေးဆီကနေ ဗီဒီယိုကောနဲ့ နည်းလမ်းတွေ မေးနေရဦးမှာ။”
“မင်းက သူတို့က ကိုယ်ဝန်ရမယ့်အချိန်ကို တကယ် ကွက်တိချိန်ထားတာပဲ။”
ယွမ်နွန်က ရယ်မောကာ ပြောလိုက်သည်။နွားမကြီးမှာ ကိုယ်ဝန်ရှိနေသဖြင့် ရှောင်းယီ နို့ညှစ်ခြင်းကို ရပ်လိုက်၏။ ထို့နောက် S အဆင့် စိုက်ပျိုးရေးစည်ပိုင်းထဲမှ မြက်များကို ရိတ်သိမ်းကာ ၉၀ ရာခိုင်နှုန်းကို ကိုယ်ဝန်ဆောင် နွားမကြီးအား ကျွေးလိုက်ပြီး ကျန်နွားများကိုမူ သူတို့၏ အဆင့် မကျသွားရုံသာ ကျွေးလိုက်သည်။
ရှောင်းယီနှင့် ယွမ်နွန်တို့ ပြန်ရောက်လာချိန်တွင် အန်းယွဲ့၊ ကျန်းယွင်ထျန်းနှင့် ကျွင်းကျွင်းတို့သည်လည်း ရေချိုးပြီးနေပြီ ဖြစ်သည်။ သူတို့၏ အဝတ်များကိုလည်း တစ်ခါတည်း လျှော်ဖွပ်ထားကြရာ ဆပ်ပြာမရှိသော်လည်း အရင်ကထက် အများကြီး ပို၍ သန့်ရှင်းသွားခဲ့သည်။
ရှောင်းယီသည် လတ်လတ်ဆတ်ဆတ် ညှစ်လာသော နွားနို့များကို မီးဖိုဆီသို့ ယူသွားလိုက်သည်။
“ဒီနို့တွေကို ကျိုပြီးမှ သောက်ရမယ်နော်။”
သူက သတိပေးလိုက်သည်။
“ကောင်းပါပြီ။”
အန်းရန်က အသားကင်ရင်း ပြန်ဖြေလိုက်သည်။ ဆုဝမ်ကတော့ ဟင်းသီးဟင်းရွက်များကို ကြော်နေဆဲပင်။
မကြာမီ ညစာ အဆင်သင့်ဖြစ်သွားခဲ့သည်။ ယနေ့အတွက် ညစာမှာ ဝက်သားကင်၊ ပြောင်းဖူးပြုတ်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ သခွားသီးသုပ်၊ ခရမ်းသီးနှပ်နှင့် ငါးစွပ်ပြုတ် အိုးကြီးတစ်လုံးပင်ဖြစ်လေသည်။